အစီအစဉ်
Vol. 47 Ch. 700
နေ့လည်စာ စားပြီးနောက် ပါမောက္ခဝမ်သည် ဗစ်တာ ဘာမှ မပြောခင် ဖဲဆက်ဆော့ရန် အကြံပေးလိုက်သည်။ ဗစ်တာ၏ စိတ်ထဲတွင် ဤသို့ တွေးထားသော်လည်း သူ့အနေဖြင့် ပြောရမည်ကို ရှက်နေပေသည်။
ပါမောက္ခဝမ်သည် ငွေအနည်းငယ် ပြန်ရချင်နေသည်။ နံနက်ခင်းတွင် ကံမကောင်းသော်လည်း နေ့လည်ဘက်တွင် ကံကောင်းမှုများ တိုးလာနိုင်ပေသည်။ သို့ရာတွင် နံနက်ခင်းတွင် ကတ်ကောင်းကောင်း မရခဲ့သည်မှာ ထူးဆန်း လွန်းနေပေသည်။ သူ့တွင် (၂၀)ရနေလျှင်ပင် (၂၁)ဖြင့် အစားခံခဲ့ရသည်။
ဗစ်တာသည် နံနက်ပိုင်း အောင်နိုင်သူဖြစ်ပြီး သူ့လက်ထောက်သည်လည်း အနည်းငယ် အနိုင်ရလိုက်သည်။
ပါမောက္ခဝမ်နှင့် ကျန်လူများမှာ ကန်ဒေါ်လာ (၁)သိန်းကျော် ရှုံးသွားသည့်အခါ ဖုန်းယွီအနေဖြင့် လုံလောက်ပြီ၏ ခံစားမိလိုက်သည်။ လေယာဉ်ပေါ်တွင်လည်း ဖဲထုပ် အသစ်များ မရှိတော့ချေ။
“အားလုံး ပင်ပန်းနေကြတော့ အနားယူလိုက်ရအောင်.. လက်ဆွဲကွန်ပျူတာနဲ့ ဂျမ်းဆော့တာ.. တီဗွီကြည့်တာ ဒါမှမဟုတ် အိမ်ကြတာပေါ့..”
ဗစ်တာလည်း သဘောတူလိုက်သည်။ သူ့အနေဖြင့် ငွေကြေးအလုံအလောက် အနိုင်ရပြီးဖြစ်၍ မကစားချင် တော့ချေ။ ဤမျှ အနိုင်ရပြီးနောက် ပြန်ရှုံးသွားမည်ကို ကြောက်နေမိသည်။ ဗစ်တာ၏ လက်ထောက်မှာ သူ့လောက် ကံမကောင်းသော်လည်း ကန်ဒေါ်လာ (၁၀၀၀၀)ကျော်နိုင်လိုက်သည်။ ဗစ်တာသည် ကန်ဒေါ်လာ (၃)သိန်းကျော် နိုင်ခဲ့သည်။
ကစားပွဲ တစ်ပွဲလျှင် ကန်ဒေါ်လာ(၄၀၀)လောင်းကြေးမှ ဤမျှ အနိုင်ရရှိခြင်းသည် ဗစ်တာမည်မျှ ကံကောင်း နေသည်ကို သက်သေပြနေပေသည်။
သို့ရာတွင် ဗစ်တာ အမှန်တကယ် ကံကောင်းခဲ့သည်လော။ ထိုအရာအားလုံးမှာ ဒိုင်ကြောင့်သာလျှင်ပင်။
အရာအားလုံး လုပ်ဇာတ်တစ်ခုသာပင်။ ဗစ်တာအတွက် ထောင်ချောက်တစ်ခု ဖြစ်ပေသည်။
ဗစ်တာသည် လီနိုဗို၏ နောက်ဆုံးထွက် လက်ဆွဲကွန်ပျူတာဖြင့် ရုပ်ရှင်တစ်ကားကို ပျော်ရွှင်စွာ ကြည့်နေပေသည်။ ဤသည်က တရုတ်မှ ထုတ်လုပ်သည့် လက်ဆွဲကွန်ပျူတာလော။ မည်သည့်အချိန်မှစ၍ တရုတ်ပြည်သည် ဤမျှ အဆင့်မြင့်လာခဲ့သနည်း။ ဗစ်တာမှာ ဤသည်ကို IBM လက်ဆွဲကွန်ပျူတာ ထင်နေဆဲပင်။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာချေပြီ။
ပါမောက္ခဝမ်၏ မျက်နှာမှာမူ တုန်ယင်နေပေသည်။ နေ့လည်ပိုင်းတွင်လည်း သူ့ကံမှာ ဤမျှဆိုးနေလိမ့်မည်ဟု ထင်မထားချေ။ ဖုန်းယွီမှ သူ့ကို ပြန်ပေးစရာမလိုဟု ပြောထားသော်လည်း အနိုင်ရရှိပါက ကိုယ်ပိုင် သိမ်းထားနိုင် မည်ဖြစ်သည်။ မည်သည့်အတွက် ဤမျှ ကံမကောင်းရသနည်း။ ယခု ဖဲကစားနည်းသည် ဖြစ်နိုင်ခြေနှင့် ကံကောင်းခြင်း ကစားနည်းဖြစ်နိုင်ပေသည်။ သူ့အနေဖြင့် ဓာတုဗေဒ ဘာသာရပ်ကို လေ့လာသင်ကြား ခဲ့သော်လည်း သင်္ချာပညာတွင်မူ သာမာန်လူများထက် သာလွန်နေသေးသည်။
ဗစ်တာ အားလုံးကို စောင့်ကြည့်နေပေသည်။ ဖုန်းယွီ အနားဝန်းကျင်မှ လူများသည် ငွေကြိုက်ပုံရပေသည်။
သို့ရာတွင် ဖုန်းယွီ သူတို့ကို ကောင်းကောင်း ဆက်ဆံပေသည်။ ဖုန်းယွီ၏ လေသံကြောင့် သူ့ထံမှ နိုင်ငွေများ ပြန်ပေးရန် မည်သူမှ လာမတောင်းကြချေ။ သို့ရာတွင် သူတို့အားလုံး ဖုန်းယွီကို ကျေးဇူးဆပ်ရပေလိမ့်မည်။ ၎င်းတို့ တစ်ဦးစီသည် ကန်ဒေါ်လာ (၁)သိန်းကျော် ရှုံးခဲ့ပေသည်။ နည်းသည့် ပမာဏ မဟုတ်ချေ။
ဖုန်းယွီလိုချင်သည်ကို သိနိုင်ရန် ဤသည်ကို အသုံးချနိုင်ပေသည်။
ဗစ်တာ ပြုံးလိုက်သည်.
ညစာ စားပြီးနောက် လူအားလုံး အနားယူရန် ထိုင်ခုံသို့ ပြန်ထိုင်လိုက်ကြည်။ လေယာဉ်မဆင်းမှီ လေယာဉ်မယ်မှ အားလုံးကို နှိုးလိုက်သည်။
လေဆိပ်မှ ထွက်ခွာသည့်အချိန်တွင် သန်းခေါင်ယံပင် ရောက်ပေပြီ။ ဖုန်းယွီတွင် နယူယောက်၌ မည်သည့် ကုမ္ပဏီမှ မရှီသော်လည်း ဖူမိသားစုတွင် ရှိပေသည်။ ထို့ကြောင့် လာကြိုသူများ ရှိနေ၏။ နယူးယောက်ရှိ ဝန်ထမ်းများသည် ဖုန်းယွီ၏ လိုအပ်ချက်များအားလုံး စီစဉ်ပေးကြသည်။ ဖုန်းယွီသည်လည်း အကောင်းဆုံးအနေအထား လိုချင်ပေသည်။
ဖုန်းယွီသည် အမေရိကန်ရှိ မာဖီးယားဂိုဏ်းများဖြင့်ပင် အဆက်အစပ်ရှိနေသည်ဟု ဗစ်တာ ထင်လာသည်။ လေဆိပ်တွင် လာရောက်ကြိုဆိုသူ အလွန်များပေသည်။ ပစ်ဇာ၏ CEO ပင်လျှင် ထိုသို့သော ကြိုဆိုမှုမျိုး မခံရဘူးချေ။
“ကျုပ် မနက်ဖြန်နေ့လည် ဟစ်တန် ဟိုတယ်မှာ မင်းရဲ့ သုတေသန တာဝန်ခံနဲ့ တွေ့ရဖို့ မျှော်လင့်ပါတယ်..”
ဖုန်းယွီ ဗစ်တာအား မှာလိုက်သည်။
“ကိစ္စမရှိဘူး.. ငါတို့ CEO အပြင်မထွက်ဖြစ်ရင် နက်ဖြန်မနက် မင်းနဲ့ သေချာပေါက် တွေ့ဖြစ်လိမ့်မယ်..”
CEO သည် နိုင်ငံခြားတွင် မဟုတ်ချေ။ ဖုန်းယွီနှင့် တွေ့ရန် မလိုအပ်ဟု သူခံစားလိုက်ရသည်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီအား လှည့်စားရန် ကြံစည်နေခြင်းပင်။
အရာအားလုံး သူ့လူများမှ ကိုင်တွယ်ကာ ပြဿနာ တစ်ခုခု ဖြစ်ပါက သူ့လူများကို အပြစ်ပေးနိုင်ပေသည်။ သို့ရာတွင် CEO သည် ဖုန်းယွီနှင့် တွေ့လိုက်ပါက အရာအားလုံး မတူတော့ချေ။ ရှယ်ယာဈေးများ ကျဆင်းကာ ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိခိုက်သွားပေတော့မည်။
ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဖော်ဆပ်နည်း ဝယ်ရ်ပင်။ တခြားအရာများ အရေးမကြီးချေ။ ဖော်ဆပ်နည်း ရသရွေ့ အောင်မြင်ပေသည်။ အားလုံးကို ဆုချပေမည်။ သို့ရာတွင် ဖော်ဆပ်နည်း မရပါက ဖုန်းယွီ ဒေါသထွက်သွားပေ လိမ့်မည်။ အချိန်များ ဖြုန်းတီးသလို ဖြစ်သွားမည် မဟုတ်ပေလော။
၎င်းတို့အားလုံးမှလည်း ဖုန်းယွီအား အစွမ်းကုန် ကူညီမည်ဟု ပြောခဲ့ကြသည်။ သို့ရာတွင် ဖုန်းယွီသည် ၎င်းတို့အား ပြင်ဆင်ထားရန် မည်သည့်အတွက် စေခိုင်းကြောင်း နားမလည်ကြချေ။ ဖုန်းယွီသည် သူတို့ထံ လာဘ်ထိုးရန် တစ်ယောက်ယောက် ဆက်သွယ်လာနိုင်သည်ဟု ပြောထားပေသည်။ လာဘ်ပေးလာဘ်ယူကိစ္စ လက်ခံ၍ အကြောင်းကြားရန်သာ မှာထားသည်။ ဖုန်းယွီသည် သူတို့အတွက် နောက်ထပ် ညွှန်ကြားရန် ရှိနေပေလိမ့်မည်။
မည်သည့်အတွက် လာဘ်ထိုးချင်ကြသည်ကို တစ်ချို့မှ အကြောင်းပြချက်သိနေပြီး အချို့က မသိချေ။ တစ်ယောက်ယောက်သည် မည်သည့်အတွက် လာဘ်ထိုးမည်ဆိုသည်ကို နားမလည်နိုင်သူမှာ ပါမောက္ခဝမ်သာ ဖြစ်ပေသည်။
*******
နံနက် (၈)နာရီ၌ ဗစ်တာသည် CEO နှင့်တွေ့ရန် သူ့ကုမ္ပဏီသို့ သွားလိုက်သည်။ သူ့မိန်းမနှင့်ပင် ကောင်းကောင်း မတွေ့ရသေးချေ။
အကယ်၍ ဤသဘောတူညီချက်သာ အောင်မြင်ပါက သူ့ဇနီးနှင့် အေးအေးဆေးဆေး တွေ့ရန် အမချိန်များစွာ ရပေလိမ့်မည်။
ပမာဏ များစွာ ပါဝင်သည့် သဘောတူညီချက်ဆိုသည်မှာ ပုံမှန်မဟုတ်ချေ။ သာမာန်အားဖြင့် အဖွဲ့ဝင် အနည်းဆုံး (၄)ယောက်၊ (၅)ယောက်ထိ ညှိနှိုင်းရေးအဖွဲ့တစ်ခု လိုအပ်ပေသည်။ ဤသည်ကို မစ္စတာဖုန်းကိုယ်တိုင် ညှိနှိုင်းချင် နေသည်လော။
“ဒီခရီးစဉ်မှာ ကျုပ်တို့ ဖော်စပ်နည်းတွေထဲက ဝယ်ဖြစ်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ..”
ဂျော့ဂျ် မေးလိုက်သည်။
“တော်တော်များတယ်.. သူ လေယာဉ်စင်းလုံးငှားပြီး လူတွေ အများကြီးခေါ်လာတာဆိုတော့ ဝယ်ချင်စိတ် ရှိလို့မှ မဟုတ်ရင် နယူးယောက်ကို လာဖို့အတွက် သက်သက် အချိန်ဖြုန်းမှာ မဟုတ်ဘူးလို့ ကျုပ်ယုံတယ်..”
ဗစ်တာ ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ မင်းညွှန်ကြားချက်အတိုင်း လုပ်ဖို့ ငါ့လူတွေကို ပြောလိုက်မယ်.. ဒါပေမယ့် ငါတို့ဘက်က မအောင်မြင်တဲ့ ထုတ်ကုန်တွေ တခြားလူကို ရောင်းလိုက်တယ်ဆိုတော့ ငါတို့ ဂုဏ်သိက္ခာ ထိခိုက်မှာတော့ သေချာတယ်..”
ဂျော့ဂျ် ထပ်ပြောလိုက်သည်.
ဖုန်းယွီ အမှန်တရား သိခဲ့ပါက ထိုအပြစ်သည် သူ့အပေါ်ကျလာမည်ကို ဗစ်တာသိနေပေသည်။ သို့ရာတွင် မည်သူမှ ရှာဖွေတွေ့ရှိမည် မဟုတ်နိုင်ကြောင်း သေချာသိနေပေသည်။ ဖော်ဆပ်နည်းများကို ရောင်းချပြီးသည်နှင့် အကျိုးကျေးဇူးများ ပိုမိုရရှိလာမည် ဖြစ်သည်။
ဗစ်တာသည် ယခုအချိန်၌ မည်သည့်အမှားမျိုးမှ မပြုလုပ်ရန်သာလိုပြီး ဖုန်းယွီသည် သုတေသန အချက်အလက်နှင့် ဖော်ဆပ်နည်းများကို တရုတ်သို့ ပြန်ပို့လိုက်သည်နှင့် ပစ်ဇာသည် မည်သည့်ကိစ္စကိုမှ ဝန်မခံဘဲ ငြင်းဆိုနိုင်ပေသည်။ မိမိတို့၏ အချက်အလက်မှ ၎င်းတို့ထုတ်လုပ်သည့် ဆေးဝါးသည် အသုံးမကျပါက ၎င်းတို့ ပြဿနာသာ ဖြစ်သည်။ ဤဖော်ဆပ်နည်း ရောင်းစဉ်က ၎င်းတို့အားလုံးသည် တစ်ဝက်နီးပါး ကုန်ချောထုတ်ကုန်များ ဖြစ်ကြောင်း အသိပေး ထားပြီး ဖြစ်ပေသည်။
“စိတ်သာချ .. မစ္စတာဂျော့ဂျ်.. ဒီသဘောတူညီချက် ချောချောမွေ့မွေ့နဲ့ ပြီးသွားမှာပါ..”
ဗစ်တာသည် ပါမောက္ခဝမ်၏ အကြည့်နှင့် လေယာဉ်ပေါ်တွင် ငွေများ ရှုံးသွားသည့် ကျန်လူများကို သတိရလိုက်သည်။ အခြားကိစ္စများ အဆင်မပြေပါက ၎င်းတို့အထဲမှ တစ်ယောက်၊ နှစ်ယောက်ကို လာဘ်ထိုး နိုင်ပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)