← Chapters

နည်းလွန်းသည်

Vol. 47 Ch. 701

နည်းလွန်းသည်

Vol. 47 Ch. 701

“မစ္စတာဖုန်း.. ဒါ ကျုပ်တို့ ဓာတ်ခွဲခန်း တာဝန်ခံ ပါမောက္ခ မာ့ခ်ပါ.. ဒါ တရုတ်ပြည်က မစ္စတာဖုန်းပါ..”

“မစ္စတာဖုန်း.. ဒါကျုပ်တို့ ပစ်ဇာရဲ့ အကြီးဆုံး ဆေးဘက်ဆိုင်ရာ သုတေသန ဓာတ်ခွဲခန်း ဖြစ်တဲ့အပြင် ကျုပ်တို့မှာ သုတေသန ဓာတ်ခွဲခန်း တစ်ခုပဲ ရှိပါတယ်.. ကျုပ်တို့မှာ ဆေးဝါးအသစ်တွေ တီထွင်ဖန်တီးတဲ့အနေရာမှာ အများကြီး ရင်းနှီးမြုပ်နှံထားတာပါ..”

ဖုန်းယွီ ထိုသူကို မြင်လိုက်သည်နှင့် ထိတ်လန့်ဟန် ဆောင်လိုက်သည်။ ပစ်ဇာ၏ ကြယ်ပွင့်ကို သဘောကျသည့် အမူအရာအပြည့် ဖော်ပြလိုက်သည်။ ဆေးသုတေသန ပညာရှင် ပါမောက္ခဝမ်သည် သုတေသန ဓာတ်ခွဲခန်းအား မနာလိုစိတ်ဖြင့် ကြည့်လိုက်မိသည်။ ဗစ်တာနှင့် မာ့ခ်တို့မှာမူ ဂုဏ်ယူဝံ့ကြွားနေပေသည်။

ပစ်ဇာ၏ ဓာတ်ခွဲခန်းသို့ ရောက်လာကြသူတိုင်းသည် ထိုသို့ အမူအရာ ဖြစ်သွားပုံကို သဘောကျတတ်ကြသည်။ ပစ်ဇာ၏ အောင်မြင်မှုသည် ဤသုတေသန ဓာတ်ခွဲခန်းကြောင့် ဖြစ်သည်။

“ကျုပ်တို့ ဝင်ကြည့်လို့ရမလား..”

ဖုန်းယွီ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်သည်။

ဗစ်တာ မာ့ခ်ကို ကြည့်လိုက်စဉ် မာ့ခ်မှ ခေါင်းညိတ်ပြလိုက်သည်။ မာ့ခ်သည် ဖုန်းယွီနှင့် အဖွဲ့ သုတေသန အဆောက်အုံအတွင်းသို့ အလည်ရောက်လာသည့် ဧည့်သည်များအတါက် သွားလာရန် အဆင်မပြေသဖြင့် မာ့ခ် စိတ်မဝင်စားချေ။ ထို့အပြင် အရေးကြီး အချက်အလက်အားလုံးကို ချိတ်ပိတ်ထားပေသည်။

အကယ်၍ ပါမောက္ခဝမ်သည် ၎င်းတို့၏ ဖော်ဆပ်နည်းကို အနည်းငယ်ကြည့်ယုံမျှဖြင့် သိနိုင်ပါက ဖုန်းယွီသည် သူတို့ထံမှ ဖော်ဆပ်နည်းများ ဝယ်ယူရန် မလိုအပ်ချေ။

ဖုန်းယွီသည် ဓာတ်ခွဲခန်းအတွင်း ဗစ်တာ၏ ရှင်းပြမှုများကို နားထောင်ရင်း လှည့်ပတ် ကြည့်ရှုခဲ့သည်။ ခဏအကြာတွင် မာခ်သည် ဗစ်တာအစား ရှင်းပြမှုများ ထပ်ပြောပေးနေသည်။ ဖုန်းယွီမှလည်း သုတေသန ဌာနကို စိတ်ဝင်စားကြောင်း အမူအရာ ပြလိုက်သည်။

ဓာတ်ခွဲခန်းအား လှည့်လည်ကြည့်ရှုပြီးနောက် ဗစ်တာ မေးလိုက်သည်..

“မစ္စတာဖုန်း.. ကျုပ်တို့ဆီက ဖန်တီးထားတဲ့ ဘယ်လို ဆေးဝါးအသစ်တွေ စိတ်ဝင်စားလဲ..”

ဖုန်းယွီသည် ပါမောက္ခဝမ်အားကြည့်၍ ခေါင်းခါပြပြီး သူတို့ သုတေသန ပြုလုပ်မနေကြောင်း အချက်ပြလုက်သည်။ သို့ရာတွင် ဤဓာတ်ခွဲခန်းတွင်ရှိသည့် ပစ္စည်းများအားလုံး လက်ရာမြောက်လှပေသည်။ ပါမောက္ခဝမ်သည် ထိုကဲ့သို့သော သုတေသန ဓာတ်ခွဲခန်း ပိုင်ဆိုင်ရန် သို့တည်းမဟုတ် ထိုသို့သော နေရာတွင် အလုပ်လုပ်ချင်နေပေသည်။

“ကျုပ်စိတ်ဝင်စားတာက.. နှလုံးသွေးကြောနဲ့ သွေးတိုးကျဆေးတွေ… ဒီမှာ စာရင်းလုပ်ထားတဲ့ ဆေးဝါး ဘယ်လောက်ရှိလဲ..”

ဖုန်းယွီ မေးလိုက်သည်။

မာ့ခိကို တစ်ချက်ကြည့်ပြီးနောက် ဗစ်တာ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အမူအရာများ ပေါ်လာသည်။

“ကျုပ်တို့မှာ သုတေသန လုပ်ထားတာ (၅)မျိုးရှိတယ်.. ဒါပေမယ့် ကျုပ်တို့ ဆေးဝါးအသစ်တွေနဲ့ဆိုတော့ သုတေသန လုပ်ထားတဲ့အထဲက (၂)ခုပဲ ရောင်းပေးလို့ရမယ်..”

မာ့ခ် မျက်မှောင်ကြုတ်လိုက်သည်။ ဤစာရင်းတွင် ဖော်ပြထားသည်မှာ မအောင်မြင်သော ထုတ်ကုန်များသာ ဖြစ်သည်။ ရောင်းချ၍ ရပါက မည်သည့်အတွက် အားလုံး မရောင်းရမည်နည်း။ မည်သည့်အတွက် (၂)ခုသာ ရောင်းနေသနည်း။

မာ့ခ်အနေဖြင့် လုပ်ငန်း ညှိနှိုင်း ဆွေးနွေးမှုအကြောင်း မသိချေ။ အကယ်၍ ဗစ်တာသည် ပစ်ဇာမှ ၎င်းတို့၏ သုတေသန အားလုံးကို ရောင်းချချင်ကြောင်း ဖုန်းယွီကို ပြောလိုက်ပါက သံသယဝင်ကာ ဈေးနှုန်း မြင့်မြင့်မားမား ပေးမည် မဟုတ်ချေ။ ယခု ဗစ်တာသည် ဖုန်းယွီအား သုတေသန (၂)မျိုးသာ ရောင်းနိုင်သည်ဟု ပြောခဲ့သဖြင့် ထိုသုတေသန(၂)ခု၏ ဈေးနှုန်းသည် မအောင်မြင်သော ထုတ်ကုန် (၅)ခုစလုံး၏ ကုန်ကျစရိတ်ထက် ပိုများလိမ့်မည် ဟု ယုံကြည်ထားပေသည်။

ဖုန်းယွီ၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အမူအရာဖြင့်ကြည့်ကာ..

“ငါတို့ အခြေခံ သုတေသန အချက်အလက်ကို ကြည့်ပြီး လိုချင်တာ ရွေးလို့ရမလား..”

ဗစ်တာ မာ့ကို ကြည့်လိုက်စဉ် ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာအားလုံး မအောင်မြင်သည့် ထုတ်ကုန်များ ဖြစ်သော်လည်း သုတေသန စတင်ချိန်တွင် အရာအားလုံး ကောင်းမွန်နေပြီး ပြဿနာမရှိချေ။ သို့မဟုတ်ပါက သုတေသန ဆက်လုပ်နေမည် မဟုတ်ချေ။

“ရပါတယ်.. ဘယ်သုတေသနကို ကြည့်ချင်လဲ..”

“ဒီသုတေသနက ဆက်လုပ်ရင် အကျိုးရှိနိုင်လား.. ဘေးထွက်ဆိုးကျိုးတွေ ဘာတွေ ဖြစ်နိုင်လားဆိုတာ အကုန်ကြည့်ဖို့ လိုလိမ့်မယ်..”

“ပြဿနာမရှိဘူး.. မင်းလိုချင်တဲ့ အချက်အလက်တွေ ပြင်ဆင်ထားဖို့ ကျုပ်လူတွေကို ပြောလိုက်မယ်.. ဒါပေမယ့် ကျုပ်တို့ကို တစ်ခုတော့ ခွင့်လွှတ်ပေးပါ.. ကျုပ်တို့က ဒီလုပ်ငန်းမှာ ကျွမ်းကျင်သူတွေရဲ့ အချက်အလက်တွေ သက်သေပြနိုင်တယ်.. ကျုပ်တို့ ဓာတ်ခွဲခန်းထဲက စာရွက်စာတမ်းတွေအားလုံးကိုတော့ မင်းတို့ကို ခွင့်မပြုနိုင်ဘူး..”

“ပြဿနာမရှိဘူး.. အဲ့ သုတေသန အချက်အလက်အကုန်လဲ စိတ်မဝင်စားဘူး.. စာရင်း အချက်အလက်ထဲမှာ ရင်းနှီးပြီးသား စကားလုံးဖြစ်ဖြစ် ဆေးနာမည်ဖြစ်ဖြစ် ရှိမရှိပဲ ကြည့်ချင်တာ.. မရှိဘူးဆိုရင် သုတေသန တစ်ခုမှ ဝယ်မှာ မဟုတ်ဘူး.. အချက်အလက်တွေမှာ စကားလုံးတွေ.. နာမည်တွေ တွေ့ရင် အဲ့ဒါတွေ ဝယ်ဖို့ ဒေါ်လာ သန်းဆယ်ချီလဲ စိတ်ထဲထားမှာ မဟုတ်ဘူး..”

သိပ်မကြာမှီ မာ့ခ်သည် သုတေသနနှင့် ပတ်သက်သည့် အချက်ခံ အချက်အလက် (၅)စုံဖြင့် ပြန်ရောက်လာသည်။

ပါမောက္ခဝမ်သည် ထိုနေရာတွင်ပင် ထိုင်ချကာ အချက်အလက်များကို ကြည့်နေပြီး ဖုန်းယွီသည် သူ့နားတွင် ကော်ဖီသောက်ရင်း ထိုင်စောင့်နေသည်။

ပထမဆုံး ဖိုင်တွဲ ဖတ်ပြီးနောက် ပါမောက္ခဝမ် ခေါင်းညိတ်လိုက်သည်။ ဤသုတေသနည် မှန်ကန်သော ဦးတည်ချက် အတိုင်း ဖြစ်နေပြီး သီအိုရီအရ ဖြစ်နိုင်ချေ ရှိလောက်ပေသည်။ သုတေသန တိုးတက်မှုသည် လက်တွေ့ စမ်းသပ်မှု အဆင့်သို့ ရောက်လုနီးပါး ဖြစ်ပေသည်။

ပါမောက္ခဝမ်သည် ဒုတိယ သုတေသနကို မြင်ရသည့်အခါ အံ့ဩသွားသည်။ ထိုဆေးကို အောင်အောင်မြင်မြင် တီထွင်နိုင်ပါက ကမ္ဘာကြီးပေါ်တွင် မုန်တိုင်းထန်သွားပေလိမ့်မည်။

ပါမောက္ခဝမ်သည် အချက်အလက် (၅)တွဲစလုံး ဖတ်ပြီးနောက် များစွာလည်း သင်ယူခဲ့ရသည်ဟု ခံစားလိုက်ရသည်။

ပါမောက္ခဝမ်သည် သုတေသနတွင် ဖော်ပြထားသော သီအိုရီများကို နားလည်သဘောပေါက်သော်လည်း တရုတ်နိုင်ငံတွင် ထိုကဲ့သို့ သုတေသန ဆိုင်ရာ ပစ္စည်းများရှိသည့် ဓာတ်ခွဲခန်းမျိုး မရှိချေ။ အဆောက်အဦးများ မရှိပါက သုတေသန ဆက်လုပ်နိုင်မည် မဟုတ်ချေ။

ပါမောက္ခဝမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည်ကို မြင်ရသည့်အခါ ဖုန်းယွီ၏ စိတ်ထဲတွင် သက်ပြင်းချလိုက် မိတော့သည်။ ဤကဲ့သို့သော လူစားမျိုးသည် စီးပွားရေး လောကထဲတွင် မည်သို့မှ အကြံအစည် အတွေ့အကြုံ မရှိချေ။ ဖုန်းယွီသည် ထိုအချက်အလက်များနှင့် ပတ်သက်၍ ပြဿနာမရှိကြောင်း သေချာသိပေသည်။ သို့ရာတွင် လက်တွေ့၌ ထိုသုတေသနများ အားလုံး ပြဿနာများ ရှိနေပေသည်။

“မစ္စတာ ဗစ်တာ.. ပါမောက္ခ မာ့ခ်.. ကျုပ်တို့ ဆွေးနွေးဖို့ အချိန်ခနပေးလို့ရမလား..”

ဖုန်းယွီ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်သည်။

“ရတာပေါ့.. တစ်ခုခု လိုအပ်ရင် ကျုပ်ကို အကြောင်းကြားလိုက်..”

ဗစ်တာနှင့် မာ့ခ် အကြည့်ချင်း ဖလှယ်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် ဖုန်းယွီသည် အချက်အလက် (၅)စုံစလုံး ပြီးအောင် ဖတ်ခဲ့သော်လည်း ရင်းနှီးသော စကားလုံးများ ရှာမတွေ့ချေ။ Sildenafil နှင့် ပတ်သက်သည့် တစ်စိတ်တစ်ပိုင်းမှ မမှတ်မိချေ။ စာလုံးပေါင်းကိုသာ မှတ်မိနေပေသည်။ သို့ရာတွင် Sildenafil ဟူသော စကားလုံးသည် ဤစာရွက်များထဲတွင် ပါမနေချေ။

ပါမောက္ခဝမ်သည် ထိုသုတေသနများအားလုံး ကောင်းသည်ဟု ပြောချင်သော်လည်း ရုတ်တရက် ရပ်သွားသည်။ ခေတ္တမျှ စဉ်းစားပြီးမှ…

“အချက်အလက်တွေ မလုံလောက်ဘူး.. ရလဒ်တွေ ခန့်မှန်းရခက်တယ်..”

“အင်း.. နောက်မှ ပြောပြမယ်..”

“မစ္စတာဖုန်း.. မင်းတို့တွေ ဘယ်သုတေသနကို စိတ်ဝင်စားပြီး ဈေးနှုန်းသိချင်လဲ..”

ဗစ်တာ ရယ်ရင်း မေးလိုက်သည်။ မစ္စတာ ဂျော့ဂျ်သည် သူ့နောက်ကျောအား လက်ဖြင့်ပုတ်နေသည်ကို မြင်ယောင် နေကာ သူအတွက် အလုပ်ကောင်းတစ်ခု လုပ်ပြီးဖြစ်သကဲ့သို့ ပြောလိုက်သည်။ ထို့နောက် အမေရိကန် ဈေးကွက် တာဝန်ခံအဖြစ် ရာထူးတိုးခံရပေလိမ့်မည်။

ပါမောက္ခဝမ် ရုတ်တရက် ပါးစပ်ဟလိုက်ပြီး..

“ဒီအချက်အလက်တွေက ရိုးရှင်းလွန်းတယ်.. သုတေသနရဲ့ အသေးစိတ် အချက်အလက်တွေ မမြင်ရရင် ကျုပ်တို့ ဆုံးဖြတ်ချက်ချဖို့ အရမ်းခက်တယ်..”

“ဒါတော့ ကျုပ်တို့ မလိုက်လျောနိုင်ဘူး.. ဒါပေမယ့် ခင်ဗျားတို့ ဘယ်သုတေသနကို ဝယ်ချင်တယ်ဆိုတာ အတည်ပြု နိုင်ရင်တော့ ကျုပ်တို့ ညှိနှိုင်းလို့ရပါတယ်..”

ဗစ်တာ ရယ်ရင်း ပြောလိုက်သည်။

ဖုန်းယွီ သူ့လက်ကို ဝှေ့ရမ်းကာ..

“မစ္စတာ ဗစ်တာ.. ပစ်ဇာမှာ ဒီသုတေသန နည်းနည်းပဲ ရှိတာတော့ မဟုတ်လောက်ပါဘူး.. သုတေသနကို စိတ်ဝင်စားရင် ပိုက်ဆံက ပြဿနာ မဟုတ်ဘူးနော်..”

ဗစ်တာနှင့် မာ့ခ်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ နည်းလွန်းနေသည်လော။ ဆိုလိုသည်မှာ ဖုန်းယွီသည် သူတို့ထံမှ သုတေသန အများအပြား ဝယ်ချင်နေသည်လော။

အလွန်ကြောက်စရာ ကောင်းလွန်းပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters