← Chapters

ဂျင်း (၂)

Vol. 47 Ch. 703

ဂျင်း (၂)

Vol. 47 Ch. 703

“မစ္စတာဖုန်း.. ဒါက သုတေသနအတွက် အချက်အလက်တွေပါ.. အနည်းဆုံးတော့ ကန်ဒေါ်လာ (၈)သန်းလောက် တန်ကြေးရှိတဲ့အပြင် ဒီဟာက သုတေသနနဲ့ မကင်းကွာသေးလို့သာ … မဟုတ်ရင် ကန်ဒေါ်လာ (၁၀)သန်းနဲ့တောင် ရောင်းနိုင်မှာ မဟုတ်ဘူး..”

ကန်ဒေါ်လာ (၈)သန်းလော။ မိမိအား လူမိုက် ထင်နေသည်လော။ ဘဏ်အား ဓါးပြသွားတိုက်လျှင်ပင် ဤမျှ ရမည် မထင်ချေ။

“မစ္စတာ ဗစ်တာ.. မင်းတို့တွေ ဒီ သုတေသနအတွက် မတိုးတက်သေးဘူးလို့ ပြောထားတယ်လေ.. အချက်အလက်က အရမ်းနည်းလွန်းတယ်.. ဘယ်လိုလုပ် (၈)သန်း တန်နိုင်မလဲ..”

“ဒီစီမံကိန်းက အလားအလာကောင်းတယ်.. ဒီဆေးသာ အောင်အောင်မြင်မြင်နဲ့ တီထွင်နိုင်သွားရင် မင်းတို့တွေ အကျိုးအမြတ် မြင့်မြင့်ရလိမ့်မယ်..”

“ဒီစီမံချက်က အရမ်းကောင်းရင် ဘာလို့ ပြန်ရောင်းမှာတဲ့လဲ… သုတေသနတွေ ဆက်လုပ်ဖို့ ရန်ပုံငွေ တော်တော်ကို လိုမှာ.. ဒါမှမဟုတ် သုတေသနနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိလို့ ဖြစ်လိမ့်မယ်.. ဘာပဲဖြစ်ဖြစ်ပါ.. ဒီစီမံကိန်းရဲ့ အလားအလာက မင်းပြောသလောက်လဲ မကောင်းပါဘူး..”

လျိုမီချယ် ဝင်ပြောလိုက်သည်။

ဗစ်တာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုစကားပြန်သည် ဖုန်းယွီ၏ ညှိနှိုင်းရေးမှူး ဖြစ်နေသည်။ သူ့စကားများထဲ၌ ချို့ယွင်းချက်များ ရှာတွေ့နိုင်ပေသည်။ ထိုစကားပြန်ကြောင့်သာ မဟုတ်ပါက ဖုန်းယွီသည် သူပြောသည့် ဈေးနှုန်းအတိုင်း သဘောတူပြီးသား ဖြစ်နိုင်ပေသည်။

ဗစ်တာ ပြန်မဖြေနိုင်မှီ လျိုမီချယ်မှ..

“မင်းတို့တွေ ဒီသုတေသန အားလုံးကို တစ်ခုတစ်စည်းတည်း ပေါင်းပြီး အကုန်လုံး ရောင်းမပေးရင်….”

ဆက်မပြောသေးဘဲ ရပ်ထားလိုက်သည်။

ဗစ်တာ အံ့ဩသွားမိသည်။ အားလုံး ပေါင်း၍ ရောင်းရမည်လော။ ထိုဆေးများ၏ အာနိသင် ဆင်တူသော်လည်း ပေါင်းစပ်လိုက်ပါက အဆိပ်ဖြစ်သွားနိုင်ပေသည်။ ထိုလူများ ဘာလုပ်နေသည်ကို သိကြပါ၏လော။

ထိုသူများ မသိလျှင်ပင် ပါမောက္ခဝမ် သိလောက်ပေသည်။

တရုတ်များအားလုံး ထိုသို့သာပင်။ သူတို့၏ တရုတ် တိုင်းရင်းဆေးများသည်လည်း ဆေးဖက်ဝင် အပင်မျိုးစုံကို ရောစပ်ကာ ရောဂါများအား ကုသနိုင်သည်ဟု ဆိုကြပေသည်။ သူတို့တွင် စံချိန်စံညွှန်းသတ်မှတ်ထားသည့် ဆေးဝါး ဟူ၍ မရှိချေ။ ဆေးဖော်မြူလာများ အားလုံးကို သူတို့ ဆရာဝန်များ စဉ်းစားကြပေလိမ့်မည်။ တရုတ်များ ဤမျှ ကြာရှည်စွာ ရှန်သန်ကြသည်ပင် အလွန်အံ့ဩစရာ ကောင်းနေပေသည်။

“မစ္စတာဖုန်း.. မင်း အဲ့လို လုပ်ချင်နေတာလား..”

ဗစ်တာ ဖုန်းယွီဘက် လှည့်လိုက်သည်။

“ဒါပေါ့.. ဘာဖြစ်လို့လဲ.. ပြီးအောင် မလုပ်ရသေးဘူးမို့လား.. ဒီသုတေသနက တစ်ဝက်လောက် ပြီးပြီမို့လား.. မင်းတို့ တွေ ဒီစီမံကိန်းတွေမှာ အများကြီး အသုံးမချသင့်ဘူး.. ဒီဆေးတွေရဲ့ အာနိသင် ထိပ်တိုက်တွေ့မှာ စိုးရိမ် နေတာလား.. အဲ့အထဲမှာ တားဆီးနိုင်တဲ့ ဆေးနည်းနည်း ထည့်လို့ရတယ်.. အဲ့ပြဿနာတွေအားလုံး ငါတို့ ဖြေရှင်းနိုင်မှာပါ..”

ဖုန်းယွီ ‘ငါတို့လဲ ကျွမ်းကျင်ပါတယ်.. လာပြီး ဂျင်းထည့်မနေနဲ့’ ဟူသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

ဖုန်းယွီမှာ ဟန့်တားသူဖြစ်ကြောင်း သိရသဖြင့် ဗစ်တာ အံ့ဩသွားသည်။

ဟန့်တား ထိန်းချုပ်ခြင်းသည် ဒြပ်ဝတ္ထုများအကြား ဓာတုတုံ့ပြန်မှုများ၏ သက်ရောက်မှုကို ရပ်တန့်ရန် သို့တည်း မဟုတ် လျှော့ချရန် သုံးနိုင်ပေသည်။ ၎င်းမှာ အနှုတ် လက္ခဏာဆောင်သည့် ဓာတ်ကူပစ္စည်း ဖြစ်သည်။

သို့ရာတွင် ဟန့်တားထိန်းချုပ်မှု ထည့်သွင်းလျှင်ပင် ထိုဆေးဝါးများ၏ ဓာတုတုံ့ပြန်မှုကို လုံးဝရပ်တန့်နိုင်မည် မဟုတ်ချေ။ ပညာမတတ်သူသည် ကြောက်စရာမဟုတ်ချေ။ အမှန်တကယ် ကြောက်စရာကောင်းသည်မှာ အရာရာ သိသည်ဟု ထင်နေသူတစ်ယောက်သာပင်။

ဗစ်တာ၏ မျက်လုံးများတွင် ဖုန်းယွီသည် ထိုသို့သော လူမျိုးဖြစ်သည်။ သို့ရာတွင် ထိုလူမျိုးများတွင် ကောင်းကွက် တစ်ခုရှိပေသည်။ ဤသည်မှာ သူနားမလည်သည့် ဗန်းစကား အနည်းငယ်သုံး၍ အလွယ်တကူ ဂျင်းထည့်၍ ရပေသည်။

လျိုမီချယ်မှ..

“ပစ်ဇာမှာ ဟန့်တားထိန်းချုပ် ထုတ်ကုန်တွေ အများကြီး ရှိလောက်မှာပါ.. မင်းတို့တွေ ငါတို့ကို အဲ့ဆေးတွေ ရောင်းပါလား.. ငါတို့ ဝယ်ချင်တယ်..”

၎င်းတို့သည် ဟန့်တားထိန်းချုပ်မှု ကို ဝယ်ချင်နေသည်လော။ ပစ်ဇာတွင် ၎င်းတို့၏ ဆေးများတွင် ထည့်သွင်းသည့် ဟန့်တားထိန်းချုပ်ဆေး(ဓာတုပစ္စည်း/ဓာတုဆေး) အများအပြား ရှိပေသည်။ သို့ရာတွင် ထိုဆေးများကို ရောင်းချမည် ဆိုပါက ၎င်းကို အနည်းဆုံး စမ်းသပ်လေ့လာရေး အဆင့်တွင်သာ သုံး၍ ရနိုင်ပေသည်။

“မစ္စတာဖုန်း.. ငါ ကုမ္ပဏီကို ပြောလိုက်မယ်.. ကျန်တဲ့ သုတေသနအတွက် ဈေးနှုန်း ဆွေးနွေးကြတော့မလား..”

ဗစ်တာ မေးလိုက်သည်။

ဖုန်းယွီ လက်ခါပြရင်း..

“အဲ့ဆေးအားလုံးရဲ့ ဈေးနှုန်း ဆွေးနွေးကြတာပေါ့.. အရမ်းထိရောက်တဲ့ ဆေးတစ်မျိုး ဖန်တီးဖို့အတွက် ဒါတွေ အားလုံး ပေါင်းပစ်ချင်တယ်.. ဈေးနှုန်းကို ဘယ်လိုဆွေးနွေးမလဲ..”

သစ်သီးထည့် လင်ပန်း ပြုလုပ်သည်များ ထင်နေကြသည်လော။ ထိုဆေးအားလုံး ရောစပ်၍ အလွန်ထိရောက်သည့် ဆေးတစ်မျိုး ဖန်တီးနိုင်မည် မဟုတ်ချေ။ အလွန် အဆိပ်ပြင်းသွားပေလိမ့်မည်။

ဖုန်းယွီသည် ဗစ်တာအား စည်းရုံးရန် အခွင့်အရေး မပေးဘဲ ဟိုတယ်သို့ ချက်ချင်း ပြန်သွားလိုက်သည်။

ဗစ်တာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဖုန်းယွီသည် ယနေ့ အနည်းဆုံး စွန့်ပစ်ထားသည့် သုတေသန (၂)ခု ဝယ်လိမ့်မည်ဟု ထင်ထားကာ သူ့ပစ်မှတ်မှာ ကန်ဒေါ်လာ (၁၀)သန်းအထိ အလွယ်တကူ အကောင်အထည် ဖော်နိုင်မည် တွေးထားမိသည်။

အကယ်၍ ဗစ်တာသည် ဤသုတေသနကို (၁၀)သန်းထက် ဈေးပိုကာ ရောင်းချနိုင်ပါက သူ့အတွက် အထူးဆု ရနိုင်ပေသေးသည်။ သို့ရာတွင် ထိုလူများ မည်သည်ကို တွေးနေကြသနည်း။ သုတေသန အချက်အလက်များ ပိုမိုရယူကာ ထိုအရာအားလုံးကို ပေါင်းစပ်လိုက်ပါက ဆေးဝါးအသစ်များ ရရှိလာလိမ့်မည်ဟု အမှန်တကယ် ယုံကြည် နေကြသည်လော။

ဗစ်တာသည် ဂျော့ဂျ်အား သတင်းပို့ပြီးနောက် ဂျော့ဂျ် လည်း တုံ့ဆိုင်းနေမိသည်။ ဖုန်းယွီကို ရောင်းမည်ဆိုပါက ဟန့်တားဆေးသည် ထိရောက်မှု ရှိရပေမည်။ ဖုန်းယွီကို ဟန့်တားဆေးအတွက် လှည့်စားရန် နည်းလမ်း မရှိချေ။ သို့ရာတွင် ဟန့်တားဆေးများကို ၎င်းတို့မှ တီထွင်ခဲ့ပြီး ရန်ပုံငွေ များစွာ သုံးခဲ့ရသည်။ ထိုဆေးအား ရောင်းချရန် မည်သည့်အခါတွင်မှ မစဉ်းစားခဲ့ကြချေ။

သို့ရာတွင် ၎င်းတို့သည် အခြားသော သုတေသနများနှင့်အတူ ဟန့်တားဆေးများ ပေါင်းထည့်လိုက်ပါက ၎င်းတို့၏ အသုံးမကျသည့် သုတေသန အချက်အလက်များကို ရောင်းချနိုင်ပြီး ကန်ဒေါ်လာ (၁၀)သန်းကျော် ရရှိမည် ဖြစ်သည်။ ဤသည်က ကောင်းကင်မှ ကျလာသည့် ငွေကဲ့သို့သာပင်။

“မစ္စတာဂျော့ဂျ်.. ဟန့်တားဆေးရောဆိုရင် သူတို့တွေ ကျုပ်တို့ ထုတ်ကုန်တွေကို သေချာပေါက် ဝယ်ကြလိမ့်မယ်.. ကျုပ်တို့အတွက် ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်မယ်လို့ ယုံတယ်.. ဒေါ်လာ(၁၀)သန်း မကမှာ သေချာတယ်..”

“မဟုတ်သေးဘူး.. ဟန့်တားဆေးတွေ တီထွင်ဖို့ အများကြီး သုံးခဲ့ရတာ.. (၁၀)သန်းလောက်နဲ့ မဖြစ်ဘူး.. အနည်းဆုံး သန်း(၂၀)လောက်မှ ဖြစ်မှာ.. မင်း လုပ်နိုင်ပါ့မလား..”

ဂျော့ဂျ် ဆုံးဖြတ်ချက်ချလိုက်သည်။

ဗစ်တာလည်း အံကြိတ်ကာ..

“ရတယ်.. မင်းသာ သူတို့လိုချင်တဲ့ ဟန့်တားဆေးရွေးဖို့ မာ့ခ်ကို ပြောပေးထားရင် အဆင်ပြေတယ်..”

“ကိစ္စမရှိဘူး.. ငါ မင်းကို ယုံတယ်.. မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်.. အဲ့သဘောတူညီချက် အောင်မြင်ရင် မင်းကို ဘယ်တော့မှ မမေ့ဘူး.. ဒါပေမယ့် .. မင်း မအောင်မြင်ရင်တော့ အာဖရိကကို ပြောင်းရမယ်..”

အာဖရိကလော။ ဗစ်တာ အာဖရိကသို့ လုံးဝ မသွားချင်ချေ။

ဗစ်တာ ဤစာချုပ်ကို အမြတ်ဆုံး အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။ နည်းလမ်းနည်းနည်း အသုံးချရပေလိမ့်မည်။

“မစ္စတာဂျော့ဂျ်.. သူတို့ကို ဧည့်ခံဖို့ ငါငွေတော်တော်လိုတယ်..”

“ဘယ်လောက်လဲ…..”

“ဒေါ်လာ(၁)သန်း.. သုတေသန အချက်အလက်ကို (၂၁)သန်းကျော်နဲ့ ရောင်းနိုင်ရမယ်လို့ ကတိပေးတယ်.. ဒီ ဧည့်ခံ ကုန်ကျစရိတ်တွေ ငါတို့ ပြန်ရမှာပါ.. တရုတ်နိုင်ငံမှာ တရုတ်လူမျိုးတွေက လက်ဆောင် လက်ခံရတာ အရမ်းကြိုက်တယ်..”

ဂျော့ဂျ်သည် ဗစ်တာအား ခေတ္တကြည့်ပြီးနောက် ဘဏ္ဍာရေးဌာနသို့ ဖုန်းဆက်ရန် စားပွဲပေါ်မှ ဖုန်းကို ကောက်ကိုင် လိုက်၍..

“ဗစ်တာအတွက် ဧည့်ခံစရိတ် ဒေါ်လာ(၁)သန်း ပြင်ထားလိုက်..”

ဗစ်တာသည် ဂျော့ဂျ်အား ကျေးဇူးတင်ကြောင်းပြောကာ ထွက်သွားသည်။ သူအောင်မြင်မည်ဟု ယုံကြည်နေပေသည်။

နေ့လည်ဘက်တွင် ဖုန်းယွီထံသို့ ဗစ်တာထံမှ ဖုန်းဝင်လာသည်။ ကုမ္ပဏီသည် ဟန့်တားဆေး ရောင်းချရန် အတည်ပြုခဲ့ကြောင်း ဗစ်တာ လှမ်းပြောခြင်းပင်။ ဖုန်းယွီမှာ သူတို့လိုချင်သည့် ဟန့်တားဆေးများ ကြည့်ရန် ပစ်ဇာဓာတ်ခွဲခန်းသို့ သွားခိုင်းခြင်းပင်။

ဖုန်းယွီမှ ပင်ပန်းနေပြီဖြစ်ကြောင်းသာ ပြောလိုက်သည်။ ပါမောက္ခဝမ်နှင့် စကားပြန်တို့သည် သူ့ကိုယ်စား သွားမည် ဖြစ်သည်။

ဗစ်တာသည် ဤမျှ ချောချောမွေ့မွေ့ ဖြစ်မည်ဟု မျှော်လင့်မထားချေ။ ဖုန်းယွီ အနီးအနားတွင် ရှိမည် မဟုတ်ချေ။ သူလာဘ်ထိုးချင်သူ (၂)ယောက် ဓာတ်ခွဲခန်းသို့ လာမည်ဖြစ်သည်။

ပါမောက္ခဝမ်သည် ပစ်ဇာမှ ဟန့်တားဆေးများ ထုတ်လုပ်မှု နည်းပညာများကို ရှာဖွေနေပေသည်။ ဖုန်းယွီ ရှာဖွေ နေသည့် သုတေသန အချက်အလက်ကိုလည်း သူတွေ့လိုက်ရသည်။

“ပါမောက္ခဝမ်.. မင်း အမေရိကန်ရောက်တာ ကြာသွားပြီ.. မိသားစုအတွက် အမှတ်တရ လက်ဆောင်တွေ ဝယ်အုံး မှာလား..”

“ဝယ်ရမှာပေါ့ဗျာ..”

“ပါမောက္ခဝမ်.. ဒါခင်ဗျားအတွက် လက်ဆောင်လေးပါ.. ခင်ဗျားလဲ အဲ့ဒါကို တရုတ်ပြည်အတွက် လက်ဆောင် ဝယ်ပြန်လို့ရတာပေါ့..”

ဗစ်တာသည် ပါမောက္ခဝမ်အား သွေးတိုးစမ်း ကြည့်လိုက်သည်။ လေယာဉ်ပေါ်တွင် ဖဲကစားစဉ်က ပါမောက္ခဝမ် ငွေကြိုက်ကြောင်း ဗစ်တာသိနေပေသည်။

ပါမောက္ခဝမ် မျက်လုံးများ မှိတ်ထားလိုက်သည်။ ကန်ဒေါ်လာ (၁)သိန်းလော။ ထိုဗစ်တာ လာဘ်ထိုးချင်နေခြင်းပင်။

“မစ္စတာဗစ်တာ.. ဒီလက်ဆောင် လက်မခံနိုင်ပါဘူး..”

“မဟုတ်ပါဘူး.. ဒါက ခင်ဗျားအတွက် သီးသန့်ပါ.. ခင်ဗျားလဲ လိုနေတယ် မထင်ဘူးလား.. ဒီကိစ္စ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး.. တရုတ်ကို ပြန်သွားပြီးရင် ကျုပ်လဲ တစ်ပြားမှ ပေးနိုင်မှာ မဟုတ်တော့ဘူး..”

“ကျုပ်ဆီက ဘာလိုချင်တာလဲ..”

ပါမောက္ခဝမ် ပြန်မေးလိုက်သည်။

“ဖုန်းယွီ ဘယ်သုတေသန အချက်အလက် လိုချင်နေတာလဲ.. သူဘယ်လောက် ပေးမယ်ဆိုတာပဲ သိချင်တာပါ..”

“သူလိုချင်တဲ့ သုတေသနတော့ ငါသိတယ်.. အဲ့အတွက် ဘယ်လောက်ပေးမယ်ဆိုတာတော့ ငါမသိဘူး.. စကားပြန် လျို သိလောက်တယ်..”

“ကျေးဇူးတင်ပါတယ်.. သူလိုချင်တဲ့ သုတေသန သိရရင်ပဲ လုံလောက်ပါပြီ..”

“ဒေါ်လာ(၁)သိန်းက နည်းတယ် မထင်ဘူးလား..”

ပါမောက္ခဝမ် ရုတ်တရက် ပြောလိုက်သည်။

ဗစ်တာ ရယ်နေပေသည်။ ပါမောက္ခဝမ် ပိုလိုချင်နေသည်ကို သူမကြောက်ချေ။ ပါမောက္ခဝမ် လက်မခံမည်ကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။

“အချက်အလက်တွေ ရပြီးရင် နောက်ထပ် ဒေါ်လာ(၂)သိန်း ထပ်ပေးမယ်..”

“ဒေါ်လာ (၃)သိန်း..”

“ဟား.. ဟား.. ဟား.. ပါမောက္ခဝမ်.. ခင်ဗျား အရမ်းတည့်တိုးဆန်တယ်.. ကောင်းပြီ ဒေါ်လာ(၃)သိန်း ထပ်ပေးမယ်.. ခင်ဗျားနဲ့ လက်တွဲလုပ်ရဖို့ စောင့်နေပါတယ်..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters