လေလံပွဲ
Vol. 29 Ch. 435
ဝတုတ်ကြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပါသည်။ "လခွမ်း... သူ့မှာ အိမ်တွေ ထောင်ချီပြီး ပိုင်တယ်တဲ့။ အဲ့လောက်တောင် ချမ်းသာတာလား..."
အမျိုးသမီး၏ မျက်လုံးတွေလည်း ပြူးကျယ်သွားရသည်။ "ဒါဆို သူက ဒီက ဘော့စ်ပေါ့။ တကယ့်သူဌေးပါလား။ အဲ့တာကြောင့် မြင်ဖူးပါတယ်လို့ စဉ်းစားနေတာ။ အခုမှ မှတ်မိတယ်။ သူက Rolls-Royce Cullinan စီးလာတဲ့ တစ်ယောက်ပဲ"
ဝတုတ်ကြီးလည်း တုန်လှုပ်သွားခဲ့ရသည်။ "Rolls-Royce Cullinan ဟုတ်လား။ အဲ့ဒီကားက သန်းချီပြီးတန်တာ မဟုတ်ဘူးလား။ အနည်းဆုံး ၆ သန်းလောက် ရှိမယ် ထင်တယ်။ အိမ် ၂ လုံး ဝယ်ဖို့ လုံလောက်တဲ့ ပမာဏပဲ"
ဝတုတ်ကြီး သူ့အမျိုးသမီးနဲ့ ခပ်မြန်မြန် ထွက်သွားပါသည်။
ခုနက လင်းဖန်ကို သူတို့ အထင်သေးခဲ့ကြသည်။ အခုတော့ ဘယ်သူက ဘော့စ်အစစ်အမှန် ဖြစ်မှန်း မြင်လိုက်ရလေပြီ။
လင်းဖန်က သူတို့ မတတ်နိုင်သည့် ကားကို စီးလာသည်။
Rolls-Royce Cullinan လို ကားမျိုးကို သူ့တစ်သက် ဝယ်နိုင်မှာ မဟုတ်ဘူးဟု ဝတုတ်ကြီး ခံစားမိပါသည်။
တကယ့်အောင်မြင်သည့်ပုဂ္ဂိုတ်တွေသာ ၎င်းတို့၏ အဆင့်အတန်းနဲ့ လိုက်ဖက်မည့် ဒီလို ဇိမ်ခံကားကြီးများကို ဝယ်နိုင်ပါလိမ့်မည်။
ထျန်ထျန်လည်း တုန်လှုပ်သွားပါသည်။ "ဘော့စ်လင်းက ကျွန်မတို့ဘော့စ်ကိုး။ အရင်က ကျွန်မ သိပ်မသိခဲ့ဘူး။ အားလုံး ကျွန်မအပြစ်တွေပါ။ ကျွန်မကို ခွင့်လွှတ်ပေးပါ ဘော့စ်လင်း။ ဒီကို လုပ်ငန်းစစ်ဆေးဖို့အတွက် ရောက်လာခဲ့တာကိုး"
လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်။ အကောင်းဆုံး ကြိုးစားပါ။ ဒီမှာ တခြား ဘာမှ လုပ်စရာ မရှိပါဘူး။ ကိုယ့်အလုပ် ကိုယ် ဆက်လုပ်ကြပါ"
မန်နေဂျာနဲ့ ထျန်ထျန်တို့ လင်းဖန်ကို တလေးတစား ပြုံးပြလိုက်ပါသည်။
လင်းဖန် မပြန်ခင် တစ်ခုခု တွေးမိသွားပြီး မေးလိုက်သည်။ "လင်းပိုအိမ်ရာက ဗီလာတွေ အကြောင်း သိလား"
မန်နေဂျာ ခေါင်းငြိမ့်လိုက်သည်။ "ဘော့စ်လင်း။ လင်းပိုအိမ်ရာက ဗီလာတွေက ကျန်းမြို့တော်ထဲ အကောင်းဆုံး ဗီလာကြီးတွေပါပဲ။ လင်းပိုအိမ်ရာက ဗီလာကြီးတွေကို တခြားအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီကြီးတွေလည်း ထိန်းချုပ်ထားကြတယ်။ အဲ့ဒီဗီလာကြီးတွေက တကယ့်ထိပ်တန်းသူဌေးတွေအတွက်ပဲ။ အဲ့က ဗီလာတွေကို သဘောကျရင် ဒီနေ့ည လေလံပွဲ တက်ရောက်လို့ ရပါတယ်။ ဒီမှာ လိပ်စာပါ..."
လင်းဖန် စဉ်းစားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း နားလည်ပါပြီ။ ကျန်းမြို့မှာ ဗီလာ ဝယ်ထားတာ မဆိုးပါဘူး"
စုရှောင်းယွီက မျက်တောင် တဖျပ်ဖျပ်ခတ်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဆရာ့မှာ အခု ပိုက်ဆံ များများစားစား မရှိဘူးလေ။ ဘဏ်ကိုတောင် အကြွေးဆပ်ရဦးမယ်"
လင်းဖန်က စုရှောင်းယွီကို ခေါင်းခေါက်ပြီး ခေါင်းခါလိုက်ပါသည်။
ပိုက်ဆံ မရှိရင်တောင် တခြား နည်းလမ်း တစ်ခုခု စဉ်းစားနိုင်သည်။ ကျန်းမြို့တော်က အကောင်းဆုံး ဗီလာကြီးတွေကို ဝယ်ထားသင့်ပါသည်။
လင်းဖန်က မန်နေဂျာကိုကြည့်ပြီး မေးလိုက်ပါသည်။ "ဘာတွေလေလံတင်မှာလဲ သိလား"
မန်နေဂျာ ပြောလိုက်၏။ "လေလံပွဲမှာ ရှေးဟောင်းပစ္စည်းနဲ့ စုဆောင်းစရာ ပစ္စည်း တချို့ လေလံတင်ပါလိမ့်မယ်။ ဗီလာကြီးတွေ အများကြီးကိုလည်း လေလံတင်လိမ့်မယ်။ ဒါပေါ့။ အရေးအကြီးဆုံးက ကျန်းမြို့တော် အနောက်ဘက်မှာ မဖွံ့ဖြိုးသေးတဲ့ မြေတစ်ခု ရှိတယ်။ ၁၃,၀၀၀ ဧကလောက် ရှိပါတယ်။ အဲ့ဒီမြေကို ဝယ်ပြီး အောင်အောင်မြင်မြင် ပျိုးထောင်နိုင်မယ်ဆိုရင် ငွေတွေ အများကြီး ရလိမ့်မယ်"
"အဲ့ဒီမြေကို ကြိုက်တဲ့လူ သိပ်မရှိဘူး။ နေထိုင်သူတွေ အများကြီး ရှိပေမယ့် အဲ့ဒီမြေကို ကိုင်တွယ်ချင်တဲ့လူက များများစားစား မရှိဘူး။ အဲ့ဒီမြေအတွက် ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံလိုက်ပြီး မအောင်မြင်ရင် ပွဲသိမ်းပြီပဲ" မန်နေဂျာ ပြောလိုက်သည်။
လင်းဖန်လည်း နားလည်ပါသည်။ ဒီခေတ်မှာ အိမ်ခြံမြေတွေက တန်ဖိုးတက်သွားဖို့ပဲရှိမှန်း အားလုံး သိကြသည်။ ရှန်ဟိုင်းနဲ့ ပေကျင်းမြို့မှ အိမ်ခြံမြေစျေးများက အလွန်စျေးကြီးသော်လည်း ကျန်းမြို့တော်ရှိ အိမ်စျေးများကလည်း မနိမ့်လှပေ။
သို့သော် အခုတော့ အိမ်စျေးတွေ မတက်သေးပါ။
လင်းဖန်၏ လက်ရှိ စီးပွားရေးစွမ်းရည်က ၁,၀၀၀ ကျော် ဖြစ်သည်။ သူ့ဘေးမှာလည်း စုရှောင်းယွီနဲ့ စုမူချင်းတို့ကဲ့သို့ ဉာဏ်ကြီးရှင်လည်းများ ရှိကြသည်။ ထို့ကြောင့် အိမ်ခြေမြေလောက၏ အရေးပါမှုကို သူ နားလည်ပါသည်။
အိမ်ခြံမြေလုပ်ငန်းက အလွန် ကောင်းမွန်မှန်း ကောင်းရုန်လည်း သိပါသည်။ ဒါ့ကြောင့် ကောင်းကော်ပိုရေးရှင်းက အလွန် နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။ ယခုကျန်းမြို့တော်၊ ရှန်ဟိုင်း၊ ပေကျင်းနဲ့ တခြားမြို့တော်တွေမှာ အိမ်ခြံမြေလုပ်ငန်းက မတွင်ကျယ်သေးပါ။
လေလံပွဲက အခွင့်အရေးကောင်း တစ်ခု ဖြစ်ပါသည်။
ဒီမြေကို အနိမ့်ဆုံးစျေးနဲ့ ဝယ်ယူနိုင်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်အောင် လုပ်နိုပ်ပါက ငွေတွေ ဘယ်လောက်တောင် ရနိုင်မလဲ မသိနိုင်ပေ။
ထိုအချိန်ကျလျှင် စျေးတန်းများ၊ ဟိုတယ်များ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်ပဲသရေစာလမ်းများ၊ ရုပ်ရှင်ရုံများ၊ ကားပါကင်များ စသည်တို့ တည်ဆောက်နိုင်သည်။ ငွေများများ ရနိုင်သည့် ဖျော်ဖြေမှုနယ်ပယ်တစ်ခုကို တည်ဆောက်နိုင်သည်။
ထိုအခါ လုပ်ငန်းတိုင်းမှ ထုတ်လုပ်ပေးနိုင်သည့် တန်ဖိုးက စည်းစိမ်တွေ အများကြီးကို ရရှိစေလိမ့်မည်။
အမှန်ပင်။ စီးပွားရေးလမ်းတစ်ခုကို တည်ဆောက်ဖို့က အလွန် အချိန်ယူရပါသည်။ လင်းဖန်က ငယ်သေးသည်။ လုပ်ငန်းအောင်မြင်ဖို့ ၁ နှစ် ၂ နှစ်လောက်တော့ စောင့်နိုင်ပါသေးသည်။
ထို့နောက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ထွက်လာသောအခါ လင်းဖန် စုမူချင်းကို ဖုန်းဆက်လိုက်ပါသည်။
"ဘော့စ်လင်း" စုမူချင်း၏ တည်ငြိမ်သည့် အသံ ထွက်ပေါ်လာခဲ့သည်။
"ကျားရှင်းဖျော်ဖြေရေးမှာ ငွေ ဘယ်လောက်ရှိလဲ" လင်းဖန်မေးလိုက်သည်။
"ဘဏ္ဍာရေးဌာနမှာ ငွေအများကြီးတော့ မရှိတေ့ဘူး။ သန်း ၂၀ လောက်ပဲ ရှိတယ်။ ကျွန်မတို့ နောက်ထပ် ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင် အနုပညာကြေးတွေ မတတ်နိုင်လောက်တော့ဘူး။ ရုပ်သံဒရမ်မာတွေ ထပ်မရိုက်ခင် ကျွန်မတို့ ရင်းနှီးမြှုပ်နှံသူတွေ ရှာမှ ဖြစ်မယ်" စုမူချင်း ပြောလိုက်သည်။
လင်းဖန် ခေါင်းငြိမ့်လိုက်၏။ သန်း ၂၀ ကျော်က တကယ်ပဲ နည်းပါးလွန်းပါသည်။
မောင်းသူမဲ့နည်းပညာကုမ္ပဏီအတွက် တည်နေရာ ရွေးချယ်နေဆဲ ဖြစ်သည်။ ထို့နောက် သူတို့ကလည်း ငွေတွေ အများကြီး လိုအပ်လာမည်။ ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းတွေလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
လင်းဖန် ဘာမှ မပြောခဲ့ပေ။ သို့သော်လည်း စုမူချင်းက အရင်ပြောလိုက်ပါသည်။ "ဘော့စ်လင်း။ အဓိကက ကုမ္ပဏီမှာ ဝန်ထမ်းတွေ အရမ်းနည်းပါသေးတယ်။ ကုမ္ပဏီရဲ့ ဆယ်လီကြီးတွေကလည်း ဒရမ်မာတွေ ထွက်ရိုက်တာ ရှားတယ်။ လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့လို ဆယ်လီကြီးတွေကလည်း တခြား ဇာတ်ညွှန်းတွေ လက်မခံဘဲ အန်ဒိုစာ တချို့ပဲ ရိုက်ကူးကြတယ်။ ဆယ်လီတွေ နည်းလွန်းပြီး ကုမ္ပဏီအကျိုးခံစားခွင့်တွေက များလွန်းနေတယ်။ ဒီတိုင်းသာ ဆက်သွားရင် ကျွန်မတို့ အရှုံးပေါ်လိမ့်မယ်။ အခု ဘော့စ်လင်း ပြန်လာပြီး ရုပ်သံဒရမ်မာတွေအတွက် ခြေလှမ်း ထပ်မလှမ်းရင် ကုမ္ပဏီမှာ ငွေရှိတော့မှာ မဟုတ်ဘူး"
"ဘော့စ်လင်း ကျွန်မ အကြံပေးစရာ ရှိတယ်။ ကုမ္ပဏီက အနုပညာရှင်သစ်တွေကို ပျိုးထောင်ပေးပြီး အလားအလာရှိတဲ့ အနုပညာရှင် တချို့ကို ကုမ္ပဏီဆီ ခေါ်လိုက်မယ်။ အဲ့တာဆို ကျွန်မတို့ ငွေတွေ အများကြီး ရလိမ့်မယ်" စုမူချင်း နူးညံ့စွာ ပြုံးလိုက်သည်။
လင်းဖန် ခေါင်းငြိမ့်လိုက်၏။ "အင်း နားလည်ပါပြီ။ အဲ့ကိစ္စကို အခု စိတ်မပူသေးဘူး။ အဓိကပြဿနာက အခု ကျန်းမြို့တော်မှာ ပျိုးထောင်လို့ ရမယ့် မြေတစ်ခု ရှိတယ်။ ငါ ငွေလိုနေလို့"
စုမူချင်း ခေတ္တ စဉ်းစားလိုက်ပြီး သူမ ဖုန်းထဲက လက်ကျန်ငွေကို ကြည့်လိုက်သည်။ "ဘော့စ်လင်း ကျွန်မ ဘဏ်ကတ်ထဲမှာ ၁၀ သန်းကျော် ရှိသေးတယ်..."
လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "အဲ့ဒီငွေကို နင့်ဖာသာ နင် စုထားပါ။ ငါ တခြား နည်းလမ်း တစ်ခုခု ရှာလိုက်မယ်"
ဖုန်းချပြီးနောက် စုရှောင်းယွီကို လင်းဖန် ကြည့်လိုက်သည်။
စုရှောင်းယွီက ဝမ်းနည်းစွာ ပြောလိုက်ပါသည်။ "ဆရာ ငါ့မှာလည်း ပိုက်ဆံ မရှိတော့ဘူး..."
လင်းဖန် ခေတ္တ စဉ်းစားပြီး ပြောလိုက်သည်။ "နင့်ကို ပိုက်ဆံမချေးပါဘူး။ ကျန်းမြို့တော်က အိမ်ခြံမြေလုပ်ငန်းကို ပိုင်ဆိုင်ဖို့ နင်ကူညီပေးခဲ့တာပဲ။ ကုမ္ပဏီက ဘယ်လောက်ပဲ ချမ်းသာပါစေ အချိန်တော့ ယူရမှာပဲ။ ငါ အခုလိုနေတာ အချိန်ပဲ"
လောလောဆယ် လင်းဖန် ငွေလိုအပ်နေသည်ဟု ဆိုနိုင်ပါသည်။ သူ့မှာ ပုံသေပိုင်ဆိုင်မှုတွေများစွာ ရှိသော်လည်း ပုံသေပိုင်ဆိုင်မှုများကို ပိုက်ဆံအဖြစ် ပြောင်းလဲဖို့ကတော့ အချိန်ကြာမြင့်ပါလိမ့်မည်။
လင်းဖန် ကောင်းရုန်ကို ဖုန်းထပ်ဆက်လိုက်ပါသည်။ ကျန်းမြို့တော် အနောက်ဘက်ရှိ မြေကွက်က ဖွံ့ဖြိုးနေဆဲ ဖြစ်မှန်း အတည်ပြုလိုက်ပြီးနောက် လင်းဖန် ပိုဝယ်ချင်လာပါသည်။
ဘဏ်က ချေးငွေယူရတာ မလွယ်ပါ။ လင်းဖန် ၁၀ ဘီလီယံကျော် ချေးထားသေးသည်။
သူ ချေးငွေ ရနိုင်ရင်တောင် ဘဏ်က ငွေလွှဲဖို့ အချိန်ယူရမည်။
လေလံပွဲက ဒီနေ့ညဖြစ်သဖြင့် နောက်ကျသွားနိုင်ပါသည်။
ဘော့စ်မာဆီက ပိုက်ဆံချေးရမှာလည်း လင်းဖန် ရှက်ပါသည်။ တခြားသူတွေဆီက ပိုက်ဆံချေးလိုက်တိုင်း ကျေးဇူးကြွေးတင်သွားသလိုပင်။
ဒီလိုသာဆို နည်းလမ်း တစ်ခုတည်းသာ ကျန်ပါတောာ့သည်။