လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းတာလဲ
Vol. 29 Ch. 434
အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးထဲ ဝင်လာပြီးနောက် ကောင်မလေးတွေ ချက်ချင်းပဲ သူ့ကို ဝန်းရံလာကြပါသည်။
အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတွေမှာ လူအများစုက အရောင်းဝန်ထမ်းများ ဖြစ်ကြသည်။
ဒီနေ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးက စည်ကားနေပြီး လူတွေလည်း အများကြီး ရှိနေပါသည်။
ကတ်စတမ်မာတွေ အများကြီး ရှိသဖြင့် လင်းဖန်နဲ့ စုရှောင်းယွီတို့ကို ဘယ်သူမှ လာမကြိုကြပေ။
သို့သော်လည်း လင်းဖန်နဲ့ စုရှောင်းယွီတို့ကို တခြား ဖြတ်သွားဖြတ်လာများက မသိကြသော်လည်း တံခါးပေါက်ရှိ လုံခြုံရေးအစောင့်က သိပါသည်။
လုံခြုံရေးအစောင့်တချို့က လင်းဖန်နဲ့ စုရှောင်းယွီတို့မှာ ဆယ်လီကြီးတွေ ဖြစ်မှန်း မသိရင်တောင် Rolls-Royce Cullinan တစ်စီးက ဘယ်လောက် စျေးကြီးမှန်းတော့ သိကြပါသည်။
သန်းချီတန်သည့် ဇိမ်ခံကားကို စီးနိုင်သူ ဖြစ်သဖြင့် သန်းချီတန်တဲ့ အိမ်ကို မဝယ်နိုင်စရာ အကြောင်း ရှိပါ့မလား။
အရောင်းဝန်ထမ်းမလေးက အပြုံးဖြင့် သူ့ဆီ လျှောက်လာခဲ့သည်။ "မစ္စလင်းနဲ့ မိန်းကလေးစုတို့ ကြိုဆိုပါတယ်ရှင်။ ကျွန်မကို ထျန်ထျန်လို့ ခေါ်လို့ရပါတယ်။ လိုအပ်တာရှိရင် ကျွန်မကို ပြောပြလို့ ရပါတယ်"
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ အရောင်းဝန်ထမ်းမလေး၏ ပုံပန်းသဏ္ဌာန်က ၈၅ မှတ်လောက် ရနိုင်ပါသည်။ သို့သော်လည်း သူ့ဘေးက ကောင်မလေးလောက်တော့ မလှသေးပေ။
လင်းဖန်ပြုံးကာ မေးလိုက်၏။ "ဟယ်လို။ ဒီအိမ်တွေက ဘယ်လောက် တန်ကြေး ရှိလဲ"
အရောင်းဝန်ထမ်းမလေးက ပြုံးကာ ပြောလိုက်ပါသည်။ "မစ္စတာလင်း အိမ်ရာတွေကို ကြည့်လိုက်ပါ။ မတူတဲ့နေရာက အိမ်တွေက စျေးလည်းမတူကြဘူး။ ဒီက အိမ်မော်ဒယ်ကိုကြည့်လိုက်။ ၂၃,၀၀၀ စတုရန်းမီတာလောာက် ကျယ်တယ်။ ဒီအိမ်မော်ဒယ်မျိုးက နည်းနည်း ပိုစျေးကြီးတယ်။ ၁ စတုရန်းမီတာကို ၃၆,၀၀၀ ယွမ်ပါ။ စျေးတွေအားလုံးက သက်သာပါတယ်။ အိမ်တစ်လုံးကို ၂ သန်း ၃ သန်းလောက်ပဲ"
"ဟုတ်တာပေါ့ မစ္စတာလင်းက ကြယ်ပွင့်တစ်ယောက်ဆိုတော့ ဒီလိုအိမ်တွေကို ညွှန်းမပေးချင်ပါဘူး။ ဒီတစ်ခုက အဆင့်မြင့်အိမ်ရာပါ။ အဲ့မှာ ကြယ်ပွင့်တွေ နေတာ များတယ်။ ဗီလာတွေရဲ့ အနိမ့်ဆုံးစျေးက ခန့်မှန်းခြေ ၁၃ သန်းလောက် ရှိမယ်။ အမြင့်ဆုံးစျေးက သန်း ၁၃၀။ လင်းပိုအိမ်ရာမှာ လေလံတင်မယ့် ထိပ်တန်းဗီလာကြီးတချို့လည်း ရှိတယ်။ တကယ့်သူဌေးတွေပဲ အဲ့ကအိမ်တွေကို တတ်နိုင်ကြမှာ" မစ္စထျန်ထျန်က လင်းဖန်ကို တစ်ပြိုင်တည်း ရှင်းပြလိုက်ပါသည်။
လင်းဖန် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "အင်း ဒါဆိုရင် ဒီအိမ်တွေက စျေးသိပ်မကြီးဘူးပေါ့။ ၂ သန်း ၃ သန်းနဲ့ ဝယ်လို့ရတယ်။ စရံငွေက ၆၀၀,၀၀၀ - ၇၀၀,၀၀၀ လောက်ရှိရမယ်။ ပြီးတော့ မြေအနေအထားကလည်း မဆိုးဘူး။ ဗီလာစျေးကလည်း မဆိုးပါဘူး။ လင်းပိုအိမ်ရာက ဗီလာတွေကလည်း မဆိုးဘူး။ အဲ့ကဗီလာတွေကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။ လေလံတင်မယ်ဆိုရင် အနိမ့်ဆုံးစျေးက သန်း ၁၀၀ ကျော်လောက် ရှိမယ် မဟုတ်လား"
မစ္စထျန်ထျန်က ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း~ အဲ့ကဗီလာတွေအကုန်လုံးက စျေးကြီးကြတယ်။ မစ္စတာလင်း စိတ်ဝင်စားတယ်ဆိုရင် ဒီနေ့ည လေလံပွဲကို တက်ရောက်လို့ရပါတယ်။ ရှင်လိုချင်တဲ့ ဗီလာကို ရဖို့ ဆုတောင်းပေးပါတယ်။ ဒါပေမယ့် လင်းပိုအိမ်ရာက ဗီလာကြီးတွေက ကျွန်မတို့ တာဝန်ယူထားတာ မဟုတ်လို့ မိတ်ဆက်ပေးလို့တော့ မရပါဘူး"
လင်းဖန် နားလည်ပါသည်။ "ရပါတယ်။ ဒီနေ့ အဲ့ဒီ ၂ သန်း ၃ သန်းတန် အိမ်တွေကို ကြည့်ဖို့ပဲ လာခဲ့တာပါ။ အဲ့လိုအိမ်မျိုးတွေ ဒီအိမ်ရာထဲမှာ ဘယ်နှလုံးလောက် ရှိလဲ"
ထျန်ထျန် ပြန်ပြောလိုက်သည်။ "မစ္စတာလင်း ကျွန်မတို့အိမ်ရာထဲမှာ အဲ့လို အဆောက်အဦးမျိုး စုစုပေါင်း ၃၆ လုံး ရှိပါတယ်။ တစ်ထပ်ကို လူ ၂၀၀ လောက် နေလို့ ရပြီး အိမ်ခြေက ၇,၂၀၀ လောက် ရှိပါတယ်"
လင်းဖန်"..."
"တစ်နည်းအားဖြင့် အိမ်တစ်လုံးစီရဲ့ စုစုပေါင်း တန်ဖိုးကို ပေါင်းလိုက်ရင် ဘယ်လောက်ဖြစ်နိုင်မလဲ။ ဂဏန်းပေါင်းစက် ရှိလား"
လင်းဖန် ဖုန်းကို ထုတ်ပြီး မတွက်ချက်ခင်မှာပင် စုရှောင်းယွီက အဖြေပေးလိုက်ပါသည်။ "၁၄.၄ ဘီလီယံပါ~"
လင်းဖန် မျက်လုံးပြူးသွားရသည်။ ၁၄.၄ ဘီလီယံတောင် ဖြစ်ပါသည်။
၁၄.၄ ဘီလီယံကို အသာထား သူ့မှာ သန်း ၁၀၀ တောင် မရှိပါ။
ဒါတင်မကသေးဘဲ လင်းဖန်က ဘဏ်ကို ၁၀ ဘီလီယံလည်း အကြွေးတင်နေသေးသည်။ စုရှောင်းယွီကိုလည်း ၂၀ ဘီလီယံ အကြွေးတင်နေသေးသည်။
စုရှောင်းယွီကတော့ ပြန်ဆပ်ဖို့ မလိုဘူးဟုပြောသော်လည်း လင်းဖန်က ပြန်မဆပ်ဖို့ စိတ်ကူး မရှိပါ။
ကမ္ဘာအချမ်းသာဆုံးလူတောင် ငွေသား ၂၀ ဘီလီယံကို ထုတ်မပေးနိုင်ပေ။ အတော်လေး များပြားသည့် ပမာဏ ဖြစ်သည်။
ဘဏ်တွေကသာ ဒီလောက် ငွေ အများကြီးကို ထုတ်ပေးနိုင်ပါလိမ့်မည်။
စုရှောင်းယွီက ခေါင်းစောင်းပြီး ပြုံးလိုက်သည်။ "အဲ့တာတောင် ၂ သန်းနဲ့ တွက်ထားတာမလား။ ၄ သန်းသာဆို ၂၈.၈ ဘီလီယံယွမ် ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အိမ်ခြံမြေလုပ်ငန်းတွေရဲ့ တန်ဖိုးကလည်း အခုချိန်မှာ ဆက်တိုက် တက်နေတာ။ အထူးသဖြင့် ကျန်းမြို့မှာပေါ့။ ၂ နှစ်အတွင်း ၂ ဆလောက် တက်သွားနိုင်တယ်။ ဆရာ အိမ်မှာ အေးဆေးနေပြီး ငွေတွေ အများကြီး ထိုင်စားနေလို့ ရပြီ"
လင်းဖန် အသက်ရှူသံတွေ မြန်ဆန်လာပါသည်။
အိမ်ခြံမြေစျေးကွက်တွေက အလွန် အတက်မြန်မှန်း သူ သိပါသည်။ သို့သော်လည်း ဒီလောက် မြန်မြန်တက်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
တစ်နည်းအားဖြင့် အိမ်မှာ လှဲနေပြီး ငပျင်းတစ်ယောက်လို အသက်ဆက်ရင်တောင် နောက်ပိုင်း ငွေတွေ အလိုလို ဝင်လာပါတော့မည်။
ဒီအရာတွေနဲ့ ကမ္ဘာ့အချမ်းသာဆုံးအဆင့်ကို မရောက်နိုင်သော်လည်း A အဆင့် သန်းကြွယ်သူဌေးတစ်ယောက်တော့ ဖြစ်လာနိုင်ပါသေးသည်။
ရှန်ဟိုင်းနဲ့ ပေကျင်းမြို့တွေမှာပါ အိမ်ခြံမြေလုပ်ငန်းကို တိုးချဲ့လိုက်ပါက သူ ငွေတွေ ဘယ်လောက်တောင် ရလာမလဲ မပြောနိုင်ပေ။
ပြီးပြည့်စုံလွန်းပါသည်။
အရေးအကြီးဆုံးက ကျန်းမြို့တော်ရှိ အိမ်ခြံမြေလုပ်ငန်း အများစုကို လင်းဖန် ပိုင်ဆိုင်ထားပြီးပြီ ဖြစ်သည်။
ယခု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကြီးကို အိမ်လာဝယ်နေသည့် ကတ်စတမ်မာ အများကြီး ရှိပါသည်။ တစ်ယောက်ယောက်က အိမ်တစ်လုံး ဝယ်လိုက်တာနဲ့ ပိုက်ဆံတွေက လင်းဖန်၏ အကောင့်ထဲကို ရောက်လာတော့မှာ ဖြစ်သည်။
နေ့တိုင်း ကုမ္ပဏီက အမြတ်အစွန်း အကြီးကြီး ရနိုင်သည်ဟုပင် ဆိုနိုင်ပါသည်။ ထိုအမြတ်အစွန်းအားလုံးက လင်းဖန် ပိုင်သည့် ငွေတွေ ဖြစ်လာမှာပဲ ဖြစ်သည်။
ကျန်းမြို့တော်ရှိ အိမ်ခြံမြေလုပ်ငန်း တစ်ဝက်ကျော်လောက်ကို လင်းဖန် သိမ်းပိုက်ပြီးနောက် တခြားကုမ္ပဏီတွေကို မဆိုဦးနဲ့ ကျန်းမြို့တော်ရှိ အိမ်ခြံမြေလုပ်ငန်း တစ်ခုတည်းနဲ့တင် လင်းဖန်ကို ၁၀၀ ဘီလီယံလောက် ရှာဖွေပေးနိုင်ပါသည်။
အိမ်စျေးတွေတက်လာသည့်အခါ လင်းဖန်၏ ပိုင်ဆိုင်မှုလည်း တိုးမြင့်သွားလိမ့်မည်။
လင်းဖန်က စုရှောင်းယွီကိုခေါ်ပြီး အလည်သက်သက် လာခဲ့တာ မဟုတ်ပေ။ ကုမ္ပဏီအခြေအနေကို စစ်ဆေးဖို့ ဘော့စ်တစ်ယောက်အနေဖြင့် လာခဲ့တာ ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် သူက ဒီကုမ္ပဏီကို အခုမှ လွှဲပြောင်းယူခဲ့တာဖြစ်ပြီး နားမလည်သေးတာတွေ အများကြီး ရှိပါသည်။
လင်းဖန်နဲ့ စုရှောင်းယွီတို့၏ စကားကိုကြားသောအခါ ထျန်ထျန် အနည်းငယ် မှင်သက်သွားရသည်။
လင်းဖန်ကို အိမ်ဝယ်မည့် လူတစ်ယောက်ဟု သူမ ထင်ထားခဲ့ပါသည်။ လင်းဖန်နဲ့ စုရှောင်းယွီတို့က ဘီလီယံ ဆယ်ချီသည့် အကြောင်းတွေ ပြောလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ဘီလီယံဆယ်ချီတဲ့ငွေတွေ... ဒါ သာမန်လူတွေ စိတ်ကူးယဉ်နိုင်တဲ့ အရာလား။
ထိုအချိန်တွင် သူ့ဘေး၌ လူဝကြီးတစ်ယောက် ရှိနေပါသည်။ ရွှေဆွဲကြိုးကြီး ဝတ်ထားပြီး Lawston နာရီကို ဝတ်ထားသည်။ ဘရန်းဒက်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး သူ့ဘေးမှာလည်း လှလှပပ ဝတ်စားထားသည့် အမျိုးသမီးတစ်ယောက် ရှိနေပါသည်။
"အဲ့ဒီ လူဆင်းရဲတွေရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ နားထောင်မနေနဲ့။ ဆင်းရဲတဲ့လူတွေနဲ့ ချမ်းသာတဲ့လူတွေအကြားက အတွေးအခေါ် မတူတာ ဒါပဲ။ ဆင်းရဲတဲ့လူတွေက ဘီလီယံတွေဆယ်နဲ့ချီပြီး လက်တွေ့မကျတဲ့ အိပ်မက်တွေ မက်ကြတယ်။ ငါတို့လို ချမ်းသာတဲ့လူတွေကတော့ ဒီကိုလာရင် ဘယ်အိမ်ဖြစ်ဖြစ် ဝယ်ဖို့ ပြဿနာ မရှိဘူး။ ထျန်ထျန် ငါတို့အိမ်ဝယ်ဖို့ စာချုပ်စာတမ်း ပြင်ထားစမ်း။ ဒီ ၂၀၀ စတုရန်းမီတာ အိမ်ကို ငွေအပြည့်ချေမယ်။ ငါ့ကတ်သာ ဖြတ်လိုက်" ဝတုတ်ကြီးက လင်းဖန်ကို လှောင်ပြောင်စွာ ကြည့်ပြီး သူ့ဘေးက အမျိုးသမီး၏ ခါးကို ဖက်လိုက်ပါသည်။
ထိုအမျိုးသမီးကလည်း လေးစားအားကျသည့် မျက်နှာထားမျိုးဖြင့် ပြောလိုက်၏။ "ဝိုး ရှင်က အိမ်တစ်လုံးကိုတောင် ချက်ချင်း ဝယ်နိုင်တယ်နော်။ တော်လိုက်တာ။ တချို့လူတွေက အိမ်ဝယ်ရင် မေးခွန်းတွေ အရမ်း မေးကြပြီး တကယ်တမ်းကျမှ မဝယ်ကြတာ များတယ်။ ဒါပေမယ့် စီအီးအိုဝမ်လို လူမျိုးအတွက်ကတော့ အိမ်ဝယ်ရတာ လွယ်တာပေါ့။ ဒါ ဆင်းရဲတဲ့လူတွေနဲ့ ချမ်းသာတဲ့လူတွေအကြားက ခြားနားချက်ပဲဖြစ်မယ်"
ထိုအမျိုးသားနဲ့ အမျိုးသမီးတို့၏ လှောင်ပြောင်မှုကို ခံလိုက်ရပြီးနောက် လင်းဖန် စိတ်မဆိုးခဲ့ပေ။
တစ်ဖက်မှာတော့ စုရှောင်းယွီက အနည်းငယ် ဒေါသထွက်နေသည်။ လင်းဖန်က စုရှောင်းယွီ၏ လက်မောင်းကို ဆွဲထားသည်။ သို့သော်လည်း သူမ စိတ်တိုနေဆဲပင်။
သူမလည်း လင်းဖန်၏ လက်မောင်းကို တွဲကာ ရင်းနှီးစွာ ပြုမူပြလိုက်သည်။ ထို့ကြောင့် ဝတုတ်ကြီးလည်း အံကြိတ်သွားရသည်။
"တခြား ဘယ်သူရှိလို့လဲ။ ငါ့ကို ရောင်းမှာလား မရောင်းဘူးလား" ဝတုတ်ကြီးက ပြောလိုက်သည်။
ထျန်ထျန်က လင်းဖန်ကို အားနာစွာဖြင့် ကြည့်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် မကြာခင် အိမ်ရောင်းထွက်တော့မှာ ဖြစ်သည်။ ဝတုတ်ကြီးနဲ့ စာချုပ်ချုပ်လိုက်ပါက သူမ ကော်မစ်ရှင်ခတွေ အများကြီး ရပါလိမ့်မည်။
သို့သော်လည်း တစ်ဖက်မှာ လင်းဖန်ကိုလည်း မစော်ကားရဲပါ။ လင်းဖန်က သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်သည်။
လင်းဖန်က ထျန်ထျန်ကို ဝတုတ်ကြီးရဲ့ တောင်းဆိုချက်အတိုင်း လုပ်ပေးလိုက်ဖို့ လက်ဟန်ပြလိုက်ပါသည်။ ထိုအခါမှ သူမ ကျေးဇူးတင်စွာဖြင့် အလုပ်စလုပ်တော့သည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က အိမ်ဝယ်ဖို့လာတာ မဟုတ်ပေ။ သူမအလုပ်ကို ဝင်မရှုပ်ချင်ပါ။
စာချုပ်ချုပ်ပြီးနောက် ဝတုတ်ကြီးက သူ့ဘဏ်ကတ်နဲ့ အိမ်အဝယ်စာချုပ်တို့ကို လင်းဖန်ရှေ့မှာ ရမ်းပြလိုက်သည်။
သူဌေးတွေရဲ့ ဘဝက ဒါမျိုးဆိုတာ လင်းဖန်ကို ပြသနေခြင်း ဖြစ်သည်။
သူဌေးနဲ့ သူဆင်းရဲတွေရဲ့ ခြားနားချက်က ဒါမျိုးဖြစ်သည်ဟု ပြသနေခြင်း ဖြစ်ပါသည်။
လင်းဖန်လို သူဆင်းရဲတစ်ယောက်က နှိုင်းယှဉ်လို့ မရသည့် ခြားနားချက် ဖြစ်သည်။
အမျိုးသမီးကလည်း တခစ်ခစ် ရယ်မောရင်း ထိုဝတုတ်ကြီးကို လေးစားစွာ ကြည့်နေပါသည်။
ထိုအချိန်တွင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ မန်နေဂျာ ရောက်လာခဲ့သည်။
မန်နေဂျာက လင်းဖန်ဆီကို အမြန်လျှောက်လာပြီး ၉၀ ဒီဂရီလောက် ဦးညွှတ်လိုက်ပါသည်။ "ဘော့စ်လင်း ကုမ္ပဏီကို စစ်ဆေးဖို့ လာမယ်ဆိုတာ ဘာဖြစ်လို့ အသိမပေးတာလဲ။ ကျွန်တော်လည်း နောက်ကျသွားတယ်။ ပြီးတော့ ထျန်ထျန် နင် ဘာလို့ ဘော့စ်လင်းကို ကောင်းကောင်း မဧည့်ခံထားတာလဲ"
ထျန်ထျန် "???"
ဝတုတ်ကြီးနဲ့ သူ့အမျိုးသမီးလည်း ကြက်သေ သေသွားရသည်။
လင်းဖန်က ကုမ္ပဏီကို စစ်ဆေးဖို့ လာခဲ့တာ ဟုတ်လား။
ဒါ ဟာသလား။
ထျန်ထျန်က မန်နေဂျာဘက်ကို လှည့်ကာ မေးလိုက်ပါသည်။ "မန်နေဂျာကြီး မစ္စတာလင်းက..."
မန်နေဂျာက ခက်ထန်စွာဖြင့် ပြောလိုက်သည်။ "ထျန်ထျန် သေချာမှတ်ထား။ ဒါ ဘော့စ်လင်းပဲ။ ငါတို့ကုမ္ပဏီရဲ့ လက်ရှိဘော့စ်။ ငါတို့ကုမ္ပဏီလက်အောက်က ထောင်ချီတဲ့ အိမ်ခြံမြေတွေ အကုန်လုံးကို ဘော့စ်လင်း ပိုင်တယ်"
ထျန်ထျန် တုန်လှုပ်စွာဖြင့် ကြက်သေ သေသွားခဲ့ပါသည်။
ထောင်ချီတဲ့အိမ်တွေအကုန်လုံးကို လင်းဖန်က ပိုင်တယ် ဟုတ်လား...
လင်းဖန် ဘယ်လောက်တောင် ချမ်းသာတာလဲ။
ထို့ကြောင့်လည်း လင်းဖန်က ခုနတုန်းက သူမကို ဝတုတ်ကြီး၏ အလုပ်ကိစ္စကို ရှင်းပေးလိုက်ဖို့ ပြောခဲ့တာ ဖြစ်သည်။ ထိုကိစ္စပြီးပါက ထိုငွေတွေမှာ လင်းဖန်အပိုင် ဖြစ်သွားမှာ ဖြစ်သည်။
အိမ်တစ်လုံးကို ရောင်းချပြီးနောက် အမြတ်အစွန်း အများစုကို လင်းဖန် ပိုင်ဆိုင်မှာ ဖြစ်သည်။
ဒါက အလွန် များပြားလွန်းပါသည်။
ဝတုတ်ကြီးနဲ့ အမျိုးသမီးတို့လည်း ပိုပြီး ကြောင်စီစီဖြစ်သွားခဲ့ကြသည်။
သူတို့ လင်းဖန်ကို ဆင်းရဲသားတစ်ယောက်ဟု ထင်ခဲ့ကြ၏။
လင်းဖန်ကမှ တကယ့်သန်းကြွယ်သူဌေးဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပါ။
လင်းဖန်၏ လက်အောက်မှာ အိမ်တွေ ထောင်နဲ့ချီပြီး ရှိပါသည်။
လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ရှိနေတာလဲ။
ဝတုတ်ကြီးနဲ့ သူ့အမျိုးသမီးတို့ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူတို့ရှေ့က လင်းဖန်က သူတို့ စော်ကားလို့ မဖြစ်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပါ။
သူတို့ ဘယ်လောက်ပဲ ချမ်းသာပါစေ အိမ် တစ်လုံး နှစ်လုံးသာ ဝယ်နိုင်ပါသည်။
လင်းဖန်ကတော့ တကယ့်သူဌေးတစ်ယောက်ဖြစ်သည်။