ဘယ်သူပိုချမ်းသာလဲ ကြည့်ရအောင်
Vol. 30 Ch. 438
ထို့နောက် ဒုတိယပစ္စည်းလေလံတင်ဖို့ အချိန်ကို ကျရောက်လာပါသည်။
"အားလုံးပဲ ဒါက ဒီနေ့အတွက် ဒုတိယ လေလံပစ္စည်းပါ။ ကျောက်စိမ်းရောင်နဂါးပန်းအိုးလို့ခေါ်ပါတယ်"
"ဒီကျောက်စိမ်းရောင်နဂါးပန်းအိုးမှာ မိုးပြာနဂါးတစ်ကောင်ရဲ့ လက်ရာမြောက်သေသပ်တဲ့ ရုပ်လုံးပါဝင်တယ်။ ဒီနဂါးရဲ့ မျက်လုံံးတွေက အရမ်း ကြည်လင်ပြီး အနားတွေကလည်း ထင်ရှားတယ်။ လှလှပပ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပြီး ခမ်းနားတဲ့ တိမ်တိုက်ကြီးတွေကို ဖြတ်သန်းသွားတယ်။ ဒီနဂါးပေါက်လေးက ရေထဲကနေထွက်လာပြီး လှိုင်းလုံးတွေအကြားမှာ ခန္ဓာကိုယ်ကို ကွေးထားတယ်။ အောက်ခြေမှာ စာကြောင်း သုံးကြောင်းနဲ့ ချင်းမင်းဆက် ချမ့်လုံခေတ်က ထုတ်လုပ်ထားတဲ့ တံဆိပ်စာလုံး ၆ လုံး ပါဝင်တယ်"
"ဒါက တရုတ်ကြွေထည်ပစ္စည်းတွေရဲ့ အထွတ်အထိပ်လို့ ပြောလို့ရပြီး တရုတ်သမိုင်းကြောင်းထဲက ရတနာတစ်ပါးလည်း ဖြစ်ပါတယ်။ အဖွင့်ဈေးက သန်း ၁၃၀ ပါ"
ဒုတိယပစ္စည်းကို ထုတ်လိုက်တော့ အားလုံး မှင်သက်သွားကြပါသည်။
ဒီလေလံပစ္စည်းက အဖိုးမဖြတ်နိုင်လောက်အောင် ရှိသည်။
ချမ့်လုံခေတ်ကပစ္စည်းဖြစ်သည်။ ဒီပစ္စည်းက ဘယ်လောက်တန်ဖိုးကြီးပြီး ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေ ဘယ်လောက်အကြိုက်တွေ့လိမ့်မလဲ ခန့်မှန်းကြည့်လို့ ရပါသည်။
အရေးအကြီးဆုံးက ကမ္ဘာပေါ်မှာ ဒီလိုကြွေထည်မျိုး တစ်လုံးသာ ရှိသည်။
ထို့ကြောင့်လည်း ဒီကြွေထည်ကို ဒီလိုစျေးနှုန်းမျိုးနဲ့ လေလံပစ်နိုင်တာ ဖြစ်ပါသည်။ စုဆောင်းလို့ကောင်းပြီး ရှားပါးတာကြောင့်ဖြစ်သည်။ သမိုင်းကြောင်း အရှိန်အဝါနဲ့ ရှေးခေတ်လူတွေ၏ ရိုးရာယဉ်ကျေးမှု ဉာဏ်ပညာများကို သယ်ဆောင်ထားသည့် အနုပညာလက်ရာတစ်ခု ဖြစ်သည်။
လင်းဖန်လည်း ကြည့်လိုက်သည်။ သူက ကြွေထည်တွေကို စိတ်မဝင်စားသဖြင့် မဝယ်ခဲ့ပါ။
ယွင်ရှစ်အာလည်း လေလံမဆွဲပေ။ ကြွေထည်တွေကို သူမ စိတ်မဝင်စားတာ သိသာပါသည်။
သို့သော်လည်း သန်းကြွယ်သူဌေးအများစုက ရှေးဟောင်းပစ္စည်းစုဆောင်းသူများဖြစ်ကြသည်။ ထို့ကြောင့် ဒီလေလံပစ္စည်းကို သန်း ၂၆၀ နဲ့ ရောင်းချနိုင်ခဲ့ပါသည်။
"ဒါဆို တတိယလေလံပစ္စည်းဆီ သွားလိုက်ကြရအောင်လားရှင်။ တတိယပစ္စည်းကတော့ စာအုပ်နဲ့ စာလုံးမိတ်ဖက် ကာရန်ပန်းချီကားပဲ ဖြစ်ပါတယ်"
"ဒီလက်ရာကို ၁၉၄၆ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။ ချီပိုင်ရှစ်ရဲ့ အကြီးမားဆုံး ပန်းချီကားဖြစ်တာကြောင့် ဒီပန်းချီကားက အလျား ၂၆၆ စင်တီမီတာနဲ့ အနံ ၁၀၀ စင်တီမီတာရီပါတယ်။ ကာရန်စာသားကတော့ 'ကမ္ဘာကြီး သက်ရှည် ငြိမ်းချမ်းပါစေ' ဖြစ်ပါတယ်"
"ရှုခင်းက အရမ်းတင့်တယ်လှပပြီး သူရဲကောင်းတွေကို ကျောက်ပန်းပင်တွေ ဝန်းရံထားတဲ့ ခံစားချက်မျိုး ပေးစွမ်းနေတယ်။ ကာရန် ၄ ခုက လိုက်ဖက်ပါတယ်။ ထူထပ်တယ်။ သဘာဝကျတယ်၊ ကျက်သရေရှိပြီး လှပတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အေးချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ္ဘာကြီးကို ပျော်ရွှင်စေဖို့အတွက် ဆုတောင်းပေးထားတာပါ"
"အဖွင့်စျေးက သန်း ၂၈၀ပါ"
လင်းဖန် ထိုပန်းချီကားကိုကြည့်လိုက်သည်။ တကယ်ပဲ အလွန်လှပါသည်။ ဘာပဲဖြစ်ဖြစ် ချီပိုင်ရှစ်၏ ပန်းချီစွမ်းရည်နဲ့ အရေးအသားတို့က အလွန်ကောင်းမွန်သည်။ ဒါက သူ့၏ မူရင်း ပန်းချီကားတစ်ချပ်လည်း ဖြစ်ပါသည်။
သို့သော်လည်း လင်းဖန်က စိတ်မဝင်စားပါ။ လေလံဆွဲမှုအလယ်တွင် သူလေလံဆွဲခဲ့ပါသေးသည်။ အဘိုးကြီးကို လက်ဆောင်ပေးလို့ရသည်။ သို့သော် တစ်ယောက်ယောက် စျေးမြင့်မြင့် ပိုပေးသွားသည်။ ထို့ကြောင့် လင်းဖန် ဒီပန်းချီကားကို မရခဲ့ပါ။
နောက်ဆုံးမှာတော့ ပန်းချီကားကို သန်း ၃၆၀ နဲ့ ရောင်းထွက်သွားခဲ့ပါသည်။
လင်းဖန် စိတ်ဝင်စားသွားတာက ယွင်ရှစ်အာ တစ်ခေါက်တောင် လေလံမဆွဲသေးခြင်း ဖြစ်သည်။ သူမ မျက်လုံးမှိတ်ပြီး တိုးတိုးတိတ်တိတ် စောင့်နေပါသည်။
ထို့နောက် ၄ ခုမြောက်၊ ၅ ခုမြောက်နဲ့ ၆ ခုမြောက် လေလံပစ္စည်းတွေ ရောက်လာခဲ့ပါသည်။
လေလံပစ္စည်းတိုင်းက ထူးကဲသည်။ လင်းဖန်လည်း တစ်ခေါက်ပဲ လေလံဆွဲလိုက်ပြီး ကျန်တာတွေကို ဂရုမစိုက်ပါ။
၇ ခုမြောက် လေလံပစ္စည်းကို ရောက်လာချိန်မှာတော့ လင်းဖန် စိတ်ဝင်စားမှုမြင့်တက်သွားပါသည်။
"၇ ခုမြောက် ပစ္စည်းက လင်ပိုအိမ်ရာက ဗီလာ ၁ ပါ။ လင်ပိုအိမ်ရာမှာ အကောင်းဆုံးဗီလာလည်း ဖြစ်တယ်"
"ဗီလာကြီးတစ်ခုလုံးမှာ စုစုပေါင်း ၄ ထပ်ရှိပါတယ်။ အပြင်အဆင်တွေက တန်ဖိုးကြီးမားတယ်။ ပြီးတော့ လင်ပိုအိမ်ရာမှာ အကောင်းဆုံးဗီလာကြီးဖြစ်ပါတယ်။ ညဘက်မှာ မြစ်တွေနဲ့ ကြယ်တွေ တောက်ပနေတဲ့ ကောင်းကင်ကြီးကို မြင်ရတယ်။ မိသားစုနဲ့လည်း ပါတီကျင်းပနိုင်တယ်။ သူငယ်ချင်းတွေနဲ့လည်း အတူတူကစားလို့ရတယ်။ စီးပွားရေးအကြောင်းတွေလည်း ဆွေးနွေးလို့ ရပါတယ်"
"ဒီဗီလာကြီးမှာ အရမ်းကို အဆင့်မြင့်တဲ့ ခံစားမှုမျိုး ခံစားရမှာပါ။ ဗီလာ ၁ မှာ ၂,၆၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ အဖွင့်စျေးက သန်း ၂၆၀ ပါ"
လေလံပစ်သူက စျေးဖွင့်ပေးလိုက်တော့ လင်းဖန် မျက်လုံးတွေ တောက်ပသွားရပါသည်။
ကျန်းမြို့တော်မှာ သူ ဗီလာဝယ်ချင်နေတာကြာပြီ ဖြစ်သည်။ သို့သော်လည်း သင့်တော်တာ တစ်ခုမှ မတွေ့ခဲ့ရပါ။
သူ့အတွက် ဒီဗီလာကြီးက အသင့်တော််ဆုံးဖြစ်မှန်း သိသာပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒီဗီလာကြီး၏ အပြင်အဆင်နဲ့ ဒီဇိုင်းတွေက သူ့စတိုင်နဲ့ ကိုက်ညီမှုရှိတာကြောင့်ဖြစ်သည်။
အရေးအကြီးဆုံးက ဒီဗီလာကြီးမှာ အတော်လေး ကျယ်ဝန်းပါသည်။
ဗီလာကြီးထဲကို ဝင်ပြီးနောက် အေးအေးဆေးဆေး အပန်းဖြေလို့ရသည်။
ဗီလာကြီး၏ အပြင်ဘက်မှာ ဥယျာဉ်တစ်ခုတောင် ရှိပါသည်။ မြက်ခင်းပြင်များ၊ ပတ်ဝန်းကျင်များနဲ့ အသွင်အပြင် အနေအထား အားလုံးက အတော်လေး ကောင်းမွန်လှသည်။
အနားမှာ တိရိစ္ဆာန်ငယ်လေးများ တချို့ပင် ရှိသေးပြီး ဒီနေရာကြီးတစ်ခုလုံးကို ပိုမိုသက်ဝင်လာစေပါသည်။
လင်းဖန် လေလံပစ်ဖို့ ပြင်လိုက်စဉ်မှာပင် ယွင်ရှစ်အာက ပထမဆုံး လေလံစျေးပေးလိုက်သည်။
"သန်း ၃၀၀" ယွင်ရှစ်အာ ပြောလိုက်သည်။
ဒီလေလံပွဲမှာ သူမ ပထမဆုံး လေလံဆွဲလိုက်ခြင်း ဖြစ်ပါသည်။
ချက်ချင်းပဲ စျေးကို သန်း ၂၀ တိုးပေးလိုက်၏။
ဒီကလူတွေအများစုက ချမ်းသာကြသော်လည်း သန်း ၃၀၀ တန် ဗီလာကြီးကိုတော့ ဝယ်ဖို့ မလိုကြပေ။
ဘော့စ်ကြီးတစ်ယောက်ဖြစ်နေရင်တောင် ငွေသား သန်း ၃၀၀ ကို အလွယ်တကူ မထုတ်နိုင်ပါ။
သန်းကြွယ်သန်းဌေးအများစုက လေလံမဆွဲကြပေ။
အချိန်ခဏလောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါသည်။
ထို့အပြင် ဒါက ယွင်ရှစ်အာ၏ ပထမဆုံး လေလံဆွဲမှု ဖြစ်တာကြောင့် အားလုံး သူမကို မျက်နှာသာ ပေးချင်ပါသည်။
"VIP နံပါတ် ၁ က သန်း ၃၀၀ ပေးပါတယ်။ ပိုပေးမယ့်သူ ရှိပါသေးသလား" လေလံံပစ်သူက ဘေးပတ်လည်ကိုကြည့်လိုက်သည်။
ထိုအချိန်တွင် လင်းဖန်က သူ့လက်ထဲရှိ နံပါတ် ၇ ကို မြောက်ပြလိုက်ပါသည်။
"ဘုရားရေ VIP နံပါတ် ၇ က သန်း ၃၁၀ ပေးပါတယ်"လေလံပစ်သူ ပြောလိုက်သည်။
ယွင်ရှစ်အာက လင်းဖန်ကို လှည့်ကြည့်ပြီး သူမ လက်ထဲက နံပါတ်ပြားကို ထပ်မြောက်ပြလိုက်သည်။
"VIP နံပါတ် ၁ က... သန်း ၄၀၀ ပေးပါတယ်" လေလံပစ်သူလည်း ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။
တခြားသန်းကြွယ်သူဌေးတွေလည်း တုန်လှုပ်သွားကသည်။ ယွင်ရှစ်အာက စျေးကို သန်း ၁၀၀ တောင် တန်းတိုးပေးခဲ့သည်။
လင်းဖန်ကလည်း ဘာမှ မဖြစ်သလိုမျိုး သူ့နံပါတ်ပြားကို ထပ်မြှောက်လိုက်ပါသည်။
"ဘုရားသခင် VIP နံပါတ် ၇ က ထပ်လေလံဆွဲလိုက်ပြီး သန်း ၄၁၀ ပေးပါတယ်"
"ဟာ VIP နံပါတ် ၁ ကလည်း သန်း ၄၃၀ ပေးပါတယ်"
"VIP နံပါတ် ၇ က သန်း ၄၆၀ ထပ်ပေးပါတယ်"
"VIP နံပါတ် ၁ ကလည်း လေလံစျေးကို ထပ်မြှင့်လိုက်ပါပြီ သန်း ၄၇၀ ပါ"
"..."
ဘေးကလူတွေတောင် မကြည့်ရဲကြတော့ပါ။
ဒီဗီလာကြီး၏ စျေးနှုန်းက သန်း ၄၇၀ အထိ မြင့်တက်သွားပြီဖြစ်သည်။
ချက်ချင်းပဲ လင်းဖန်ကို အားလုံးအာရုံစိုက်လာကြသည်။ သူနဲ့ ယွင်ရှစ်အာတို့၏ ဗီလာတိုက်ပွဲက ဒီအဆင့်ထိတောင် ရောက်လာခဲ့ပါပြီ။
ဒီဗီလာကြီးက ကျန်းမြို့တော်ထဲရှိ အကောင်းဆုံး ဗီလာကြီးဟု ဆိုနိုင်ပါသည်။
ဂုဏ်သိက္ခာ၊ အဆင့်အတန်းနဲ့ သရုပ်တို့ကို ကိုယ်စားပြုသည်။
"လခွမ်း ယွင်ရှစ်အာနဲ့ အဲ့လို လေလံပြိုင်ဆွဲရဲတာ ဘယ်သူလဲ။ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးကြဘူး"
"ကောင်းလိုက်တာ။ ဒီဗီလာကြီးက သန်း ၄၇၀ တောင်တန်သွားပြီ။ VIP နံပါတ် ၇ က ဘယ်သူလဲမသိဘူး"
"VIP နံပါတ် ၇ က နည်းနည်းကြမ်းလွန်းတယ်။ သူ ဝေးနေတာ ဆိုးတာပဲ။ သူ့ကိုသေချာမမြင်ရဘူး။ ဒါပေမယ့် အရမ်းတော်တဲ့လူတစ်ယောက်ဆိုတာ သေချာပါတယ်။ သူ သန်း ၅၀၀ အထိ တိုးပေးမှာလား"
"ယွင်ရှစ်အာကိုတောင် ပြိုင်ရဲတာ ဒီအစ်ကိုက နည်းနည်းကြမ်းတာပဲ"
လင်းဖန် စိတ်မရှည်တော့ပါ။
သူက ကျန်းမြို့တော်၏ အကောင်းဆုံးဗီလာကိုသာ လိုချင်ရုံဖြစ်သည်။ အချိန်တန်ရင် ကုမ္ပဏီဝန်ထမ်းများကို ကျန်းမြို့တော်ဆီ အလည်ခေါ်လာပြီး ရှုခင်းများကို ခံစားနိုင်သည်။ တစ်ချိန်တည်းမှာပင် ဗီလာကြီးတစ်ခုထဲမှာလည်း နေထိုင်နိုင်သည်။ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
အစကတော့ လင်းဖန်စီစဉ်ထားတာ အဆင်ပြေပါသည်။ သို့သော် ယွင်ရှစ်အာက ရုတ်တရက်ကြီး သူ့ကို ယှဉ်ပြိုင်ကာ လေလံဆွဲနေပါသည်။
ငွေပဲလိုတာ မဟုတ်လား။ လင်းဖန်မှာ ငွေတွေ အများကြီးရှိပါသည်။ သူ့နံပါတ် ၇ ကို ထပ်မြောက်လိုက်သည်။
ထိုအချိန်တွင် အခမ်းအနားတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ယွင်ရှစ်အာတောင် ကြက်သေ သေသွားခဲ့ပါသည်။
လေလံပစ်သူက လေလံစင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေပြီး မျက်လုံးတွေက တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပါသည်။
"VIP နံပါတ် ၇... နံပါတ် ၇ က နောက်ထပ် လေလံစျေးပေးလိုက်ပြန်ပါပြီ"
"VIP နံပါတ် ၇ က သန်း ၅၀၀ ပေးပါတယ်"
"ပိုပေးချင်တဲ့သူ ရှိပါသေးသလား။ သန်း ၅၀၀ တောင် ရှိသွားပါပြီ"
"သန်း ၅၀၀ တစ်ကြိမ်..."
"သန်း ၅၀၀ နှစ်ကြိမ်..."
"နောက်ဆုံးအခွင့်အရေးနော်။ စျေးကို တိုးပေးချင်ပါသေးသလား။ မတိုးပေးရင် ဒီဗီလာကြီးကို VIP နံပါတ် ၇ ပိုင်ဆိုင်သွားတော့မှာပါ"