စုရှောင်းယွီ၏ ဝန်ခံချက်
Vol. 30 Ch. 446
ညအချိန်တွင်...
လရောင်သဲ့သဲ့ ထွန်းလင်းနေပြီး လေပြည်အေးများ တိုက်ခတ်သွားသည်။ ရာသီဥတုက အနည်းငယ် အေးစက်နေပါသည်။
ဒုတိယထပ် လသာဆောင်တွင် လင်းဖန်၏ ပခုံးပေါ် ရှားဝမ်ချွေ့ခေါင်းလေးမှီကာ လေပြည်လေညှင်းများကို ခံစားနေသည်။
"လင်းဖန် နောက်ကို နင်အလုပ်ကြိုးစားရတော့မယ်နော် ~" ရှားဝမ်ချွေ့က သူမ၏ မျက်လုံးလှလှလေးများကို ပင့်ကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။ သူမ သရုပ်မဆောင်ရတာတောင် အတော်ကြာခဲ့လေပြီ။
"အင်း ငါတို့ ကျားရှင်းဖျော်ဖြေရေးကို ပြန်ရောက်တဲ့အခါကျရင် ငွေတွေ အများကြီး ရှာကြမယ်။ ငွေများများ မရှာနိုင်ရင် ငါ့မိန်းမအတွက် အဝတ်အစား ဝယ်ပေးဖို့ ပိုက်ဆံရှိမှာ မဟုတ်ဘူး" လင်းဖန် ပြုံးလိုက်သည်။
ရှားဝမ်ချွေ့ တခစ်ခစ် ရယ်မောကာ ပြောလိုက်ပါသည်။ "နင်က အရမ်းတော်တာပဲ။ အိမ်တွေလည်း အများကြီး ရှိတယ်။ ဒီတိုင်း အိမ်ငှားခ လိုက်ကောက်ပြီး ထိုင်စားနေလို့တောင် ရတယ်။ အဝတ်အစား ဝယ်စရာ မရှိဘဲ နေပါ့မလား"
လင်းဖန်က ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကိုဖက်ကာ အနီရောင်နှုတ်ခမ်းဖူးလေးများကို သိမ်သိမ်မွေ့မွေ့ နမ်းရှိုက်လိုက်သည်။ သူ့ရင်ခွင်ထဲက နူးညံ့မှုကို ခံစားမိကာ ဘာစကားမှ မပြောခဲ့ပါ။
ဒီမြင်ကွင်းက အလွန်လှပပါသည်။
"ရှားဝမ်ချွေ့ နင့်အိပ်မက်က ဘာလဲ" ရှားဝမ်ချွေ့ကို လင်းဖန် အတည်ပေါက်ကြည့်လိုက်ပါသည်။
လင်းဖန်၏ လက်မောင်းပေါ် ရှားဝမ်ချွေ့မှီကာ ကောင်းကင်ပေါ်ရှိ ကြယ်ပွင့်လေးများအား လက်ညှိုးထိုးပြလိုက်သည်။ "လင်းဖန် အထက်တန်းကျောင်းမှာတုန်းက အဲ့လိုမေးခွန်းမျိုးပဲ ငါ့ကိုမေးခဲ့တာ မှတ်မိသေးတယ်။ အဲ့တုန်းက ငါကြယ်ပွင့်တစ်ပွင့်ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်~ အခု ငါ့အိပ်မက်က... ရုပ်သံဒရမ်မာကောင်းတွေ၊ ရုပ်ရှင်ကောင်းတွေ အများကြီး ရိုက်ကူးပြီး ပရိတ်သတ်ပေါင်းများစွာ ငါ့ကိုသဘောကျလာအောင် လုပ်ဖို့ပဲ။ စတိတ်စင်ပေါ်မှာ တောက်ပနေချင်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းချင်တယ်"
ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်သည်။ သူမမှာလည်း အိပ်မက်တွေ ရှိပါသည်။
လင်းဖန်ခေါင်းငြိမ့်လိုက်၏။ "အင်း ငါနားလည်ပါတယ်။ နင့်အိပ်မက်အတွက် ကျားရှင်းဖျော်ဖြေရေးကလည်း ဆက်ကြိုးစားပြီး နင့်ကို ကာကွယ်ပေးလိမ့်မယ်"
ခေတ္တတိတ်ဆိတ်သွားပြီးနောက် ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "လင်းဖန် ကျေးဇူးတင်ပါတယ်"
ထို့နောက် သိမ်မွေ့စွာ ခြေဖျားထောက်လိုက်ပြီး လင်းဖန်ကို ထပ်နမ်းလိုက်ပါသည်။
အချိန်အတော်ကြာမှ သူတို့ ပြန်ခွာလိုက်ကြသည်။
ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။ သူမအတွက် လုပ်ပေးခဲ့တာမှန်သမျှ တန်ပါသည်။
ရှားဝမ်ချွေ့၏ အသံက အလွန်နွေးထွေးလာသည်။ "တကယ်တော့ နောက်ထပ် အိပ်မက်တစ်ခု ရှိသေးတယ်။ နင်နဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်နေဖို့လေ"
ထိုသို့ပြောပြီးနောက် ရှားဝမ်ချွေ့ ကြောင်လေးတစ်ကောင်လို လင်းဖန်၏ ရင်ခွင်ထဲ တိုးဝှေ့ဝင်လိုက်သည်။ "ငါ အများကြီး ပြောလိုက်မိပြီ။ ငါ့အိပ်မက်တွေက များလွန်းတယ်လို့ ထင်လားဟင်"
လင်းဖန် ပြုံးကာ ပြောလိုက်၏။ "အိပ်မက်က ၂ ခုပဲ ရှိတာကို။ နင့်အိပ်မက်က ဘာပဲဖြစ်ဖြစ် နင့်အတွက် ငါ ဖြည့်ဆည်းပေးမယ်။ ဘာအိပ်မက်ပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးဖို့ ငါ အကောင်းဆုံး ကြိုးစားပေးမယ်"
ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "လင်းဖန် ငါ့မှာ နောက်ထပ် အိပ်မက်တစ်ခု ရှိသေးတယ်။ ဒီအိပ်မက်ကို အတည်ပြောတာနော်"
လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ပြီး ပြောဖို့ လက်ဟန်ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "လင်းဖန် တကယ်တော့လေ... အနာဂတ်မှာ ငါ ရှောင်းယွီနဲ့ အတူတူနေလို့ရပါတယ်။ သူနင့်ကို တကယ်သဘောကျမှန်းငါပြောနိုင်တယ်။ သူ့ကို တစ်သက်လုံး အထီးကျန်မသွားစေချင်ဘူး။ ဖြစ်နိုင်ရင် သူ့ကို လက်ခံလိုက်ပါလား။ ငါ... စိတ်မဆိုးပါဘူး"
"လက်ထပ်စာချုပ် မရှိရင်တောင် သူအရမ်းပျော်မှာပါ" ရှားဝမ်ချွေ့က လင်းဖန်၏ လက်မောင်းကို ကိုင်ထားပြီး သူ့အမြင်ကို တောင်းပန်နေပါသည်။
ဘယ်လိုမိန်းကလေးမျိုးကမှ တခြားမိန်းကလေးကို လိုလိုလားလား လက်မခံပါ။ သို့သော်လည်း ရှားဝမ်ချွေ့ကတော့ လင်းဖန်ကို ဒီလိုပြောလိုက်ပါသည်။
ရှားဝမ်ချွေ့စကားကိုကြားသောအခခါ လင်းဖန် တွန့်ဆုတ်မနေပါ။ "မရဘူး။ ငါလက်မခံနိုင်ဘူး"
ရှားဝမ်ချွေ့ မေးလိုက်သည်။ "ဘာလို့လဲ"
လင်းဖန်ပြန်ဖြေလိုက်သည်။ "ရှားဝမ်ချွေ့ ငါကောင်မလေးက နင်လေ။ ငါ့အမြင်မှာ စုရှောင်းယွီက အရမ်းတော်တဲ့ ကောင်မလေးပါ။ ပိုကောင်းတဲ့ အနာဂတ်နဲ့ ဘဝတစ်ခုကို ထိုက်တန်ပါတယ်"
"အဲ့တာကြောင့် ဘာတွေပဲဖြစ်ဖြစ် ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘူး။ နင့်အတွက်ကော စုရှောင်းယွီအတွက်ကော မမျှတဘူး" လင်းဖန် ဆိုလိုက်သည်။
"ဖြစ်နိုင်ရင် စုရှောင်းယွီကို ငါ့မိသားစုဝင်တစ်ယောက်အဖြစ် ဆက်ဆံပေးလို့ ရတယ်။ ဒါပေမယ့် ငါ့ကောင်မလေးလို သဘောထားလို့တော့ မရဘူး။ သူက အရမ်းလှပါတယ် ဒါပေမယ့်... ငါတာဝန်မယူနိုင်တဲ့လူမျိုး မဖြစ်ချင်ဘူး" လင်းဖန် ပြောလိုက်သည်။
လင်းဖန်ပြောတာကို ကြားသောအခါ ရှားဝမ်ချွေ့၏ မျက်လုံးလှလှလေးများတွင် ဝမ်းနည်းမှုနဲ့ နွေးထွေးမှုတို့ ထင်ဟပ်သွားသည်။
လင်းဖန်သာ သူမဘေးမှာ ရှိနေလျှင် သူမတကယ်ပျော်ပါသည်။
သို့သော်...
နောက်တစ်နေ့။
လင်းဖန် ကျားရှင်းဖျော်ဖြေရေးကို ပြန်ဖို့ စီစဉ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် သူ ကျားရှင်းဖျော်ဖြေရေးကို မေ့ထားမိခဲ့တာ အတော်ကြာလေပြီ။
ဒီနေ့ စုရှောင်းယွီထံမှ လင်းဖန် ဖုန်းတစ်ကော ရရှိခဲ့သည်။
စုရှောင်းယွီက ဖုန်းထဲတွင် မြေခွေးမလေးတစ်ကောင်လို ပြုံးလိုက်ပါသည်။ "ဆရာ ဂွတ်မောနင်း~"
ရင်းနှီးပြီးသားအသံကို ကြားလိုက်ရတော့ လင်းဖန် သိမ်မွေ့စွာ ပြုံးလိုက်ပါသည်။ "ဘာဖြစ်လို့လဲ။ သြော် ဟုတ်သား။ ငါတို့ ရှန်ဟိုင်းကို ပြန်ရမယ့်အချိန်နော်။ အတူတူ ပြန်ကြစို့"
စုရှောင်းယွီ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ "ဆရာ ငါ အခု လောင်ဟဲပန်းခြံမှာ ရှိတယ်။ ပန်းခြံထဲမှာ ဘယ်သူမှ မရှိဘူး။ လာခဲ့ပါလား"
လောင်ဟဲပန်းခြံကိုရောက်တော့ စုရှောင်းယွီကို မတွေ့မိပါ။
"သူ ဘယ်မှာလဲ" လင်းဖန် ပတ်ကြည့်လိုက်သည်။
ကောင်မလေးက လောင်ဟဲပန်းခြံဝင်ပေါက်မှ ထွက်လာခဲ့သည်။ သူမက အဖြူရောင် ပခုံးပြတ်အင်္ကျီနဲ့ ခပ်တိုတို ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ပိန်ပါးပြီး သိမ်မွေ့သည့် ကောင်မလေးက လင်းဖန်နောက်မှာ ရပ်လိုက်ပြီး ချစ်စရာ မျက်နှာလေး လုပ်ပြလိုက်ပါသည်။ "ဆရာ တကယ်ရောက်လာတာပဲ~"
လင်းဖန် ပြုံးလိုက်သည်။ သူ့ဘေးက တက်ကြွပြီး ချစ်စရာကောင်းသည့် စုရှောင်းယွီကိုကြည့်ကာ မနေ့က ရှားဝမ်ချွေ့ ပြောခဲ့သည့် စကားများကို ပြန်တွေးမိသွားသည်။ သူ့ရင်ထဲမှာ ခံစားချက်တွေ ရောထွေးသွားပါသည်။
"ငါ့ကိုခေါ်တာ တစ်ခုခုဖြစ်လို့လား" လင်းဖန်ပြုံးလိုက်သည်။
စုရှောင်းယွီ တောက်ပစွာ ပြုံးလိုက်ပါသည်။ "ဆရာ့ကို သတိရလို့လေ။ တွေ့လို့ မရဘူးလား"
စုရှောင်းယွီကို လင်းဖန် ခေါင်းခေါက်လိုက်ပါသည်။ "ရပါတယ်။ ရှန်ဟိုင်းကို အရင်ပြန်ကြမယ်လေ"
လင်းဖန်က စုရှောင်းယွီ၏ လက်ကို ဆွဲခေါ်သွားချင်သည်။ သို့သော် ဒီနေ့ စုရှောင်းယွီ အနည်းငယ် ခြားနားနေသလို သူခံစားမိပါသည်။
စုရှောင်းယွီက လင်းဖန်ကို ကြည်လင်နေသည့်မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဆရာ ငါရှန်ဟိုင်းမြို့ကို မပြန်နိုင်လောက်တော့ဘူး။ အဖေ့ကျန်းမာရေးက မကောင်းတော့ ငါ့ကို ကုမ္ပဏီကိစ္စတွေ တာဝန်ယူခိုင်းထားလို့။ အဲ့တာကြောင့်... ငါ အမေရိကကို သွားရတော့မယ်"
"ငါ စိတ်မကောင်းပါဘူး ဆရာ။ ကျားရှင်းဖျော်ဖြေရေးမှာ ငါ အလုပ်ဆက်မလုပ်နိုင်တော့ဘူးထင်တယ်" စုရှောင်းယွီ ခေါင်းငုံ့ပြီး နူးညံ့စွာ ပြုံးလိုက်ပါသည်။ သူမ အနည်းငယ် ဝမ်းနည်းနေပြီး တွန့်ဆုတ်နေပါသည်။ သို့သော် ရွေးချယ်စရာ မရှိပေ။
"ဒါဆို နင်သွားတော့မှာလား" လင်းဖန် သူမစကားကိုကြားတော့ နောက်လှည့်ပြီး စုရှောင်းယွီကို ကြည့်လိုက်ပါသည်။
"အွန်း..." စုရှောင်းယွီ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါတယ်။ နင်က စီးပွားရေးလောကမှာ ပါရမီပါတယ်။ နင့်အဖေက နေမကောင်းဘူးဟုတ်လား။ သူ့ကျန်းမာရေး ဘယ်လိုနေလဲ။ သူ့ကို သွားကူညီလိုက်ပါ။ အလုပ်က ပိုအရေးကြီးတယ်" လင်းဖန် ပြုံးကာ ပြောလိုက်သည်။
"ဆရာက ငါ့ကို ဆွဲတောင်ဆွဲမထားဘူး" စုရှောင်းယွီက ဝမ်းနည်းသွားသည့် အမူအရာလေး လုပ်ပြလိုက်သည်။
စုရှောင်းယွီကို လင်းဖန် ခေါင်းထပ်ခေါက်လိုက်ပါသည်။ "နင့်အဖေအလုပ်က ပိုအရေးကြီးတယ်လေ။ နင့်အဖေက ကမ္ဘာ့အချမ်းသာဆုံးလူ မဟုတ်ဘူးလား။ သူ နာမကျန်းဖြစ်ရင် အလုပ်တွေ လုပ်ပေးဖို့ နင်ပဲရှိတာလေ။ နင့်အဖေ ပြန်ကောင်းသွားမှ နင်ပြန်လာလည်း နောက်မကျသေးပါဘူး။ ကျားရှင်းဖျော်ဖြေရေးက နင့်အတွက် တံခါးတွေ အမြဲတမ်း ဖွင့်ပေးထားတယ်"
စုရှောင်းယွီ ချစ်စရာမျက်နှာလေး လုပ်ပြလိုက်သည်။ "ဆရာ နာတယ်။ ဒီနေ့ ဘာလို့ခေါ်လိုက်လဲသိလားဟင်။ နင့်ကို လူချင်းတွေ့ပြီး ပြောချင်တဲ့ကိစ္စတချို့ရှိလို့ပါ"
လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "အင်း နင်ပြောစရာရှိရင် ပြောမှာသာပြောလိုက်။ ဘာမှ တွေးမနေနဲ့။ နင်ဖြေရှင်းနိုင်အောင် ငါကူညီပေးမယ်"
လင်းဖန်ကိုကြည့်ပြီး စုရှောင်းယွီ ရယ်မောလိုက်ပါသည်။
သူမ တောက်ပစွာ ပြုံးလျက် လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ငါမပြောရင်... ဒီတစ်သက်ပြောခွင့်ထပ်ရတော့မှာ မဟုတ်ဘူးလို့ခံစားမိတယ်။ နင့်ကို အနာဂတ်မှာ ထပ်မတွေ့ရလောက်တော့ပေမယ့် ငါအကြာကြီးစဉ်းစားခဲ့ပြီး နင့်ကို ပြောချင်နေတုန်းပဲ"
"လင်းဖန် ငါနင့်ကို သဘောကျတယ်"