← Chapters

ငါတောင်းပန်ပါတယ်

Vol. 30 Ch. 447

ငါတောင်းပန်ပါတယ်

Vol. 30 Ch. 447

"လင်းဖန် ငါနင့်ကိုသဘောကျတယ်"

စုရှောင်းယွီ၏ အသံက လင်းဖန်၏ နားထဲ တိုးဝင်လာခဲ့သည်။

သူမ၏ မျက်လုံးတွေ ဝိုင်းစက်နေပြီး လင်းဖန်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။

စုရှောင်းယွီ လင်းဖန်ရှေ့မှာ မတ်တပ်ရပ်ကာ သူမလက်တွေ တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး အဖြေကို စောင့်ဆိုင်းနေသည်။

မနက်ခင်း နေရောင်ခြည်က ပန်းခြံပေါ်သို့ ကျရောက်လာပြီဖြစ်သည်။ ထိုအချိန်တွင် စုရှောင်းယွီက အလွန့်အလွန် လှပလွန်းပါသည်။

သူမက အချစ်ဦးကို ဖွင့်ပြောနေသည့် ကောင်မလေးတစ်ယောက်လိုပင်။

"နင်အတည်ပြောနေတာလား" လင်းဖန် မေးလိုက်သည်။ အရင်ကလို သူ မစနောက်တော့ပါ။ ယခု စုရှောင်းယွီက အရင်ကနဲ့ ခြားနားနေမှန်း သူ သိပါသည်။

"အွန်း အတည်ပြောတာ" စုရှောင်းယွီ မျက်တောင်ခတ်ပြီး လင်းဖန်ကို ရီဝေစွာ ကြည့်လိုက်သည်။

"ဒါပေမယ့်..." လင်းဖန် ပြောလိုက်သည်။

သူ ဘာမှမပြောနိုင်ခင်မှာပင် စုရှောင်းယွီက ဖြတ်ပြောလိုက်ပါသည်။

စုရှောင်းယွီ ချိုမြိန်စွာ ပြုံးကာ ပြောလိုက်သည်။ "ဆရာ ဒါပေမယ့်တွေ အများကြီး မပြောပါနဲ့။ ငါမသွားခင် တခြားကောင်မလေးတွေကို ရှုပ်မလား စမ်းသပ်ကြည့်တာပါ။ နင့်ပုံစံကို ကြည့်ရသလောက်တော့ ငါစိတ်အေးပါတယ်။ အစ်မဝမ်ချွေ့ကို မတိုင်တော့ဘူး"

လင်းဖန် စုရှောင်းယွီကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

ထိုအချိန်တွင် စုရှောင်းယွီဘေးသို့ အနက်ရောင်ကားတစ်စီး ရောက်လာခဲ့ပါသည်။

"မစ္စ အချိန်ကျပါပြီ" ဒရိုင်ဘာ၏ အသံထွက်လာခဲ့သည်။

"အင်း နားလည်ပါပြီ" စုရှောင်းယွီ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမ လက်ပတ်နာရီကို ကြည့်လိုက်သည်။ အချိန်ကျပါတော့မည်။

"လင်းဖန် ငါ တောင်းဆိုစရာ သေးသေးလေး တစ် ခုရှိတယ်" စုရှောင်းယွီ လင်းဖန်ကိုကြည့်လိုက်သည်။ "ဒီတစ်ခေါက်တော့ အတည်ပေါက် ပြောမှာနော်~"

"ငါ့ကို... ဖက်ပေးလို့ ရမလား" စုရှောင်းယွီ နူးညံ့စွာ ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်မှာ မိန်းကလေးတစ်ယောက်၏ ရှက်သွေးဖြာမှုမျိုး ပေါ်လွင်လာပါသည်။

စုရှောင်းယွီ၏ မျက်နှာကို လေပြည်လေညှင်းလေးတစ်ခုက တိုးဝှေ့သွားခဲ့သည်။ သူမ၏ ပုံပန်းသဏ္ဌာန်လေးကို ပို၍ပင် သေးငယ်သွားစေသည်။ လင်းဖန်ရှေ့မှာ လိမ်လိမ်မာမာ ရပ်နေပြီး သန့်စင်သည့် နတ်သမီးလေးတစ်ပါးလို လင်းဖန် ပွေ့ဖက်မှာကို စောင့်နေပါသည်။

လင်းဖန်သာ... သူမကို တကယ်ပွေ့ဖက်လိုက်ပါက သူမ ထွက်သွားချင်စိတ် ရှိတော့မှာ မဟုတ်ပါ။

လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်သည်။

သူ သိမ်မွေ့စွာ ပြောလိုက်သည်။ "ငါ တောင်းပန်ပါတယ်"

ထိုစကားလုံးများက စုရှောင်းယွီ၏ နှလုံးသားကို မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားသွားရစေသည်။

စုရှောင်းယွီ တုန်လှုပ်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။

အနက်ရောင်ကား၏ နောက်ခန်းတံခါး ပွင့်သွားပြီး စုရှောင်းယွီ ဖြည်းညင်းစွာ လျှောက်သွားလေသည်။ လင်းဖန်ကို သူမ ပြန်လှည့်မကြည့်တော့ပါ။

နေရောင်ခြည်က သူမ၏ နောက်ကျောပေါ်မှာ တောက်ပနေသည်။

၅ စက္ကန့်...

သူမ ရပ်တန့်သွားသည်။

စုရှောင်းယွီ လက်ဖဝါးနှစ်ဖက်ကို ပူးထားလိုက်သည်။ လင်းဖန်သာ သူမကို လာပွေ့ဖက်လျှင် သူမ ထွက်သွားမှာ မဟုတ်ပါ။ တကယ် ထွက်မသွားတော့ပါ။

စုရှောင်းယွီ ရင်ထဲမှာ ရေတွက်လိုက်သည်။ "၅... ၄... ၃... ၂... ၁..."

၅ စက္ကန့် ကျော်လွန်သွားသည်။

လင်းဖန်ကအဝေးမှ ရပ်ကြည့်နေဆဲ ဖြစ်သည်။

စုရှောင်းယွီ နောက်လှည့်ကာ လင်းဖန်ကို တာ့တာပြလိုက်သည်။ "ဆရာ ငါသွားတော့မယ်~"

လင်းဖန် "အင်း"

အနက်ရောင်ကား၏ အင်ဂျင်သံ ထွက်ပေါ်လာသည်။

အနက်ရောင်ကား ထွက်ခွာသွားပါပြီ။

ကားထဲတွင် စုရှောင်းယွီက အနောက်ခန်းထောင့်မှာ ထိုင်နေပါသည်။ သူမ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရှန်ဟိုင်းမြို့ကြီးကို ကြည့်လိုက်သည်။ ဒီက ပန်းပွင့်တွေ၊ သစ်ပင်တွေ၊ အဆောက်အဦးကြီးတွေ၊ မုန့်ဆိုင်တွေ၊ ရှော့ပင်းမောတွေတိုင်းကို သူမ ငေးကြည့်လိုက်သည်။

ကြည့်နေရင်း မျက်ရည်တွေလည်း ထိန်းချုပ်မရနိုင်အောင် စီးကျလာပါသည်။

'ဆရာ... ဆရာ... ငါတကယ်သွားတော့မှာ"

"ဟွန်း နောင်တရတဲ့သူက ခွေးပေါက်လေးပဲ~"

ထိုအချိန်တွင် လင်းဖန်၏ စနစ်၌ မက်ဆေ့တစ်ခု ပေါ်လာခဲ့သည်။

[အမည်: စုရှောင်းယွီ]

ရုပ်ရည်: ၉၈

ခန္ဓာကိုယ်: ၉၈

စီးပွားရေးစွမ်းရည်: ၁၆,၃၈၉

ပိုင်ရှင်အား သဘောကျမှု: ၁၀၀ --> ၉၁

စနစ်၏သုံးသပ်ချက်: ရူးလိုက်တဲ့ကောင်မလေး၊ အငြင်းခံလိုက်ရတော့ သဘောကျမှု ၉၁ ပဲ ရှိတော့တယ်။

စုရှောင်းယွီ၏ စီးပွားရေးစွမ်းရည်ကို လင်းဖန် မြင်လိုက်သည်။ ၄,၀၀၀ မှ ၁၆,၃၈၉ အထိ ထိုးမြင့်သွားခဲ့ပါသည်။ ၄ ဆ နီးပါး တိုးမြင့်သွားခြင်း ဖြစ်သည်။

သူမနဲ့ သက်ဆိုင်သည့် နေရာကို သူမ ပြန်သွားတော့မည်။

အမေရိကက သူမ တကယ် ယှဉ်ပြိုင်နိုင်မည့် နေရာ တစ်ခု ဖြစ်သည်။

ထိုနေရာတွေ စီးပွားရေးလောက အကျော်အမော်ကြီးများစွာ၊ စီးပွားရေးလုပ်ငန်းပေါင်းများစွာ ရှိသည်။

သူမ အနုပညာလောကမှ စီးပွားရေးလောကထဲသို့ ပြန်ရောက်သွားပြီဖြစ်ကာ သူမ၏ စီးပွားရေးစွမ်းရည်အဆင့် လုံးဝ ပြည့်မှီသွားပါပြီ။

၂ ရက်ခန့် ကြာပြီးနောက်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ Tomson Riviera ဗီလာကြီးဆီသို့ ပြန်ရောက်လာခဲ့ကြသည်။

စုမူချင်း၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်၊ လင်းကျင်းကျင်းတို့ကဲ့သို့ စူပါစတားတွေလည်း တခြား ဗီလာတစ်လုံးတွင် နေထိုင်နေကြသည်။

စုရှောင်းယွီ မရှိတော့ အရင်ကလောက် နားမငြီးတော့ပါ။

ဗီလာထဲတွင် ဒရမ်မာတွေ ကြည့်ပြီး အာလူးကြော်တွေ စားမည့် ကောင်မလေးလည်း မရှိတော့ပါ။ လင်းဖန်ကို အရသာရှိတာတွေ ချက်ပြုတ်ပေးဖို့ နားပူနားဆာလုပ်မည့် ကောင်မလေးလည်း မရှိတော့ပါ။ အိမ်က သခွားသီးတွေကို စားမည့် ကောင်မလေးလည်း မရှိတော့ပါ။

လင်းဖန် ဗီလာဝင်ပေါက်တွင် မတ်တပ်ရပ်နေသည်။ တစ်ခုခု လိုအပ်နေသလို တကယ်ခံစားနေရပါသည်။

တစ်ချိန်တည်းမှာပင် လင်းဖန်က အလိုအလျောက် ကားမောင်းနည်းပညာကို ပြင်ဆင်နေတာ ဖြစ်သည်။ ကုမ္ပဏီကို တည်ထောင်ဖို့နဲ့ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာ၊ ပရောဂျက်များအတွက် ၇ ဘီလီယံယွမ်ကို သုံးထားသည်။

ကုန်ကျစရိတ်များစွာ ကုန်ဆုံးပြီးနောက် လင်းဖန်၏ အကောင့်ထဲ ၁ ဘီလီယံနီးပါး ကျန်ရှိနေပါသေးသည်။

ထိုအချိန်တွင် လင်းဖန်ဆီသို့ စုရှောင်းယွီ၏ WeChat မက်ဆေ့ တစ်စောင် ရောက်လာပါသည်။

စုရှောင်းယွီလည်း အမေရိကကို ပြန်ရောက်ပြီဖြစ်ကာ ကုမ္ပဏီလုပ်ငန်းများကို ဦးဆောင်နေပါပြီ။

စုရှောင်းယွီ "ဆရာ ငါနေကောင်းတယ်သိလား"

လင်းဖန် "ကောင်းတာပေါ့"

စုရှောင်းယွီ "ဆရာ နောက်ပိုင်းကျရင်လေ.... ငါဗီလာကြီးဆီပြန်လာပြီး အစ်မဝမ်ချွေ့နဲ့ အတူနေချင်ရင် ငါ့ကို မောင်းထုတ်မှာလား"

လင်းဖန် "မထုတ်ပါဘူး။ ငါ့အိမ်တံခါးက နင့်အတွက် အမြဲတမ်း ဖွင့်ပေးထားတယ်"

စုရှောင်းယွီ "အွန်း~~ နောက်ပိုင်း အလုပ်အားရင် ပြန်လာခဲ့မယ်~ ဆရာလည်း ကြိုးစား။ နောက်ပိုင်းကျရင် နင်ရိုက်တဲ့ ရုပ်သံဒရမ်မာတိုင်းအတွက် နံပါတ် ၁ ပရိတ်သတ် လုပ်ပေးမယ်"

လင်းဖန် "ဟားဟား ဟုတ်ပါပြီ"

စုရှောင်းယွီ "နင် ငါ့ကို တကယ်မကြိုက်ဘူးလား"

လင်းဖန် "အမှန်တိုင်း သိချင်တာလား"

စုရှောင်းယွီ "အင်း~"

လင်းဖန် "ငါ့မှာ ကောင်မလေးတစ်ယောက် ရှိပြီးသားလေ။ သူ့ကို တာဝန်ယူရမယ်။ အဲ့တာကြောင့် ငါတို့နှစ်ယောက်က မဖြစ်နိုင်ပါဘူး"

ထိုအဖြေက ထုတ်ပြောစရာ မလိုသည့် နားလည်မှု တစ်ခု ဖြစ်သည်။

ထိုအဖြေကို မြင်ရပြီးနောက် အမေရိကတွင် ရှိနေသည့် စုရှောင်းယွီက သူမဖုန်းနဲ့ အတူ ကုတင်ပေါ်လှဲလိုက်ကာ တခစ်ခစ် ရယ်မောလိုက်ပါသည်။

အဲ့လိုကိုး။

လင်းဖန်ရင်ထဲမှာ သူမအတွက် နေရာတစ်ခု ရှိပါသည်။

လင်းဖန်က သူမကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကာ စုရှောင်းယွီ လက်လျှော့သွားလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

ထင်မထားစွာဖြင့် စုရှောင်းယွီက ချစ်စရာ အီမိုဂျီလေးတစ်ခုကို ပို့လိုက်ပါသည်။

စုရှောင်းယွီ "ဒါပေမယ့် ငါကတော့ နင့်ကို အရမ်းသဘောကျတယ်။ ဟီးဟီး... ငါ့ကို ငြင်းလည်း ဘာမှ မဖြစ်ဘူး။ ငါ့ကို ငြင်းတာ တကယ်ဝမ်းသာတယ်။ နင့်ရဲ့ တိတ်တခိုးချစ်သူလည်း မဖြစ်ချင်ပါဘူး။ အစ်မဝမ်ချွေ့ စိတ်ဆိုးလိမ့်မယ်"

"နင့်ကို စောစောသာ တွေ့ခဲ့ရရင် ငါ့ကောင်လေးက နင်ဖြစ်သွားမှာ" စုရှောင်းယွီ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

လင်းဖန် "ကောင်လေးအသစ်တစ်ယောက်ရှာဖို့ စဉ်းစားလို့ရတာပဲ"

စုရှောင်းယွီ "ငါ ကောင်လေး မရှာပါဘူး~ ကောင်မလေးတွေက နောက်ဆုံးအချိန်ထိ သစ္စာရှိသွားရတယ်။ ဆရာ ငါအလုပ်လုပ်တော့မယ်။ ဆရာ တိတ်တခိုးကောင်မလေးတစ်ယောက်လိုချင်လည်း ရတယ်။ မိန်းကလေးတွေက ဣန္ဒြေရှိရတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဆရာ့ရှေ့မှာ ငါ ဣန္ဒြေ မရှိနိုင်ရင် ဘယ်လိုလုပ်ရမလဲ"

သူမ ဖွင့်ပြောလိုက်ပြီဖြစ်သဖြင့် စုရှောင်းယွီ၏ စကားတွေက ပိုပြီး ပွင့်လင်းလာခဲ့ပါသည်။

ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ။

လင်းဖန် "ဟုတ်ပါပြီ။ အလုပ်သွားလုပ်တော့"

စုရှောင်းယွီ "ဆရာ့အမိန့်ကို နာခံပါ့မယ်~ ဒါပေမယ့် ကုမ္ပဏီကိစ္စတွေက အရမ်းလွယ်တာပဲ။ ခဏလေးနဲ့ လုပ်ပြီးသွားရင် ဘယ်လိုလုပ်မလဲ"

လင်းဖန် "..."

သူ့စီးပွားရေးစွမ်းရည် ၁,၀၀၀ ကျော်ရောက်တာတောင် အလွန်မြင့်မားနေပြီဟု လင်းဖန် ထင်မိပါသည်။ စုရှောင်းယွီ၏ စီးပွားရေး စွမ်းရည်က ၁၆,၃၈၉ တောင် ရှိနေလိမ့်မည်ဟု မထင်ခဲ့မိပါ။ ဘယ်သူက ဒါမျိုးကို ယှဉ်နိုင်မှာလဲ။

All Chapters