ပထမ ခေါင်းဆောင်မင်းသမီးနဲ့ ဒုတိယ ခေါင်းဆောင်မင်းသမီး နှစ်ယောက်စလုံးက အလှအပလေးတွေ ဖြစ်နေခဲ့ရင်
Vol. 31 Ch. 463
"လခွမ်း လင်းဖန်က ငါတို့ကို တကယ်ကြီး ငွေတွေ အများကြီး ပေးထားတာပဲ"
"ကျားရှင်းဖျော်ဖြေရေးက အရမ်းသဘောကောင်းလွန်းပါတယ်ကွာ။ တစ်နည်းအားဖြင့် ကျားရှင်းဖျော်ဖြေရေးရဲ့ ဖြတ်လျှောက် သရုပ်ဆောင်တစ်ယောက်ဖြစ်လာမယ်ဆိုရင် အဲ့မှာ ၄ လကြာ အလုပ်လုပ်ခွင့်ရမယ်။ နေ့တိုင်း ရိုက်ကူးရေးမှာ မပါရရင်တောင် ယွမ် ၃၀၀ ပုံမှန်ရနေမယ်။ တစ်လဆို ယွမ် ၉,၀၀၀၊ တစ်နှစ်ဆို ယွမ် ၃၆,၀၀၀ ပဲ ဒါတောင် အနိမ့်ဆုံး လစာနော် ရိုက်ကူးရေးမှာ ပါရမယ်ဆို ၄ လအတွင် ယွမ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ ရနိုင်လိမ့်မယ်။"
"လခွမ်း အဲ့လောက်တောင် များတာလား။ ငါက ဒီတိုင်း ဖြတ်လျှောက်သရုပ်ဆောင်လေ... အဲ့လောက်မြင့်တဲ့ ဝင်ငွေမျိုး ဘယ်က ရနိုင်မှာလဲ။ ဟားဟားဟားဟား။ တစ်လကို ယွမ် ၁၀,၀၀၀ ကျော်တောင် ရနိုင်တယ်"
"မင်းတို့ သိပြီးပြီလား။ ကျားရှင်းဖျော်ဖြေရေးမှာ ဖြတ်လျှောက်အနေနဲ့ သရုပ်ဆောင်ကောင်းရင် ကျားရှင်းဖျော်ဖြေရေးကနေ စာချုပ်ချုပ်ပေးပြီး အနုပညာရှင်အဖြစ် ခေါ်ယူခံရနိုင်ခြေ ရှိတယ်တဲ့"
"ကျားရှင်းဖျော်ဖြေေးကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တွေကလည်း အရမ်းကောင်းတယ်လို့ ကြားထားတယ်။ ကျားရှင်းဖျော်ဖြေရေးမှာ ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေ ရှိမယ်လို့ ထင်မထားဘူး။ ဖြတ်လျှောက် အယောက် ၁,၀၀၀ တောင် အလုပ်ပေးခဲ့သေးတတယ်။ ကျားရှင်းဖျော်ဖြေရေး ဘယ်လိုအကွက်ကြီးကြီးရွှေ့ဖို့ ကြံနေတာပါလိမ့်"
"ဘာပဲဖြစ်ဖြစ် ငါလင်းဖန်ကို ချစ်သွားပြီ။ လင်းဖန်က ငါ့အိုင်ဒေါပဲ လင်းဖန်က ဖြတ်လျှောက် သရုပ်ဆောင်တွေကိုတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်"
"ကြိုက်တယ် ကြိုက်တယ်။ ငါ ဂရုမစိုက်တော့ဘူး။ ငါ အင်တာဗျူး သွားဖြေတော့မယ်။ ငါ့ကို လာမပြိုင်နဲ့နော်။ ကျားရှင်းဖျော်ဖြေရေးက စားသောက်စရိတ်တွေကလည်း အရမ်းကောင်းတာပဲ"
"ဖြတ်လျှောက်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အဲ့လောက် ကောင်းတဲ့ အစားအသောက်တွေ မမြင်ဖူးပါဘူးကွာ။ ကျားရှင်းဖျော်ဖြေရေးရေ ငါတို့ လာပြီဟေ့။"
ဟန်းသျန်မြို့တွင် လူတန်းရှည်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လူရွေးပွဲတွင် ဝင်ပါပြီး ငွေရှာချင်သည့် သရုပ်ဆောင်တွေ များပြားလွန်းပါသည်။
ဖြတ်လျှောက်အများစုက တစ်ရက်ကို ယွမ် ၇၀ - ၈၀ သာ ရရှိသည်။ ကံကောင်းပါက တစ်ရက်ကို ယွမ် ၁၀၀ - ၂၀၀ ပင် ရရှိနိုင်ပါသည်။ ဒါက ရိုက်ကူးရေး လုပ်ရမည့် အခြေအနေအောက်မှာ ဖြစ်သည်။
ထို့အပြင် ဖြတ်လျှောက်သရုပ်ဆောင်တွေအတွက် ပိုခက်ခဲနိုင်သည်။
ပိုခက်ခဲမည့် ဖြတ်လျှောက်သရုပ်ဆောင်တွေလည်း ပါမည်။ တချို့ ဖြတ်လျှောက်သရုပ်ဆောင်တွေ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများက အန္တရာယ်များတာတွေ ပါဝင်ပါသည်။
ပင်ပန်းရသော်လည်း ထိုဖြတ်လျှောက်သရုပ်ဆောင်တွေက တန်သည်ဟု ခံစားမိကြသည်။
အဘယ့်ကြောင့်ဆိုသော် ကျားရှင်းဖျော်ဖြေရေးက သူတို့ကို ငွေလုံလုံလောက်လောက် ပေးထားတာကြောင့် ဖြစ်ပါသည်။
အားလုံံးက ကျားရှင်းဖျော်ဖြေရေး၏ ဘော့စ်ဖြစ်သူ လင်းဖန်ကျေးဇူးတွေကြောင့်သာ ဖြစ်သည်။
လင်းဖန်ကြောင့်သာမဟုတ်ပါက ဖြတ်လျှောက်သရုပ်ဆောင်ပေါင်းများစွာ ဒီလို အခွင့်အရေးကောင်းမျိုး ရလာမှာ မဟုတ်ပါ။
သူတို့ ချမ်းသာသွားတာတော့ မဟုတ်သော်လည်း တစ်လကို ယွမ် ၁၀,၀၀၀ ကျော် ရနိုင်ခြင်းက ဂုဏ်ယူစရာ ဖြစ်ပါသည်။
လုပ်ငန်းအဆင်ပြေချောမွေ့မှုကို တိုးမြှင့်ဖို့အတွက် ကျားရှင်းဖျော်ဖြေရေးက အင်တာဗျူးနေရာတချို့ကို ဖွင့်လှစ်ခဲ့သည်။
မကြာမီ ဖြတ်လျှောက် အယောက် ၁,၀၀၀ ကို ခေါ်ယူနိုင်ခဲ့ပါသည်။ အရည်အသွေးများကလည်း မဆိုးလှပေ။
ဖြတ်လျှောက်သရုပ်ဆောင်လုံလုံလောက်လောက် ခေါ်ယူပြီးနောက် ရိုက်ကူးရေးအဖွဲ့သားများ၊ ဒါရိုက်တာအဖွဲ့များ၊ ဓာတ်ပုံအဖွဲ့များ၊ တခြား ဝန်ထမ်းများအတွက် ပြင်ဆင်မှုလုပ်ငန်းတချို့လည်း ရှိပါသေးသည်။
ယနေ့ ရိုက်ကူးရေး တရားဝင် စတင်ပါပြီ။
'သိမ်းငှက်သူရဲကောင်း'နဲ့ 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'တို့ကို တစ်ပြိုင်တည်း စတင်ရိုက်ကူးခဲ့သည်။
ထို့နောက် ၂ လ တာ ရိုက်ကူးရေးလုပ်ဖို့ အချိန်ကျပါပြီ။
ထို ၂ လတာအတွင်း အတော်လေး အလုပ်များလှသည်။
လင်းဖန်က ခေါင်းဆောင်မင်းသားဖြစ်နေရင်တောင် တစ်ရက်ကို ၁၀ နာရီကျော် အလုပ်လုပ်ရသည်။
ထိုဖြတ်လျှောက်သရုပ်ဆောင်တွေကလည်း ပိုခက်ခဲကြပါသည်။
တစ်ခါတလေ တောင်တွေပေါ်တက်ပြီး ရိုက်ကူးရေးလုပ်ရသလို တစ်ခါတလေ မြစ်တွေထဲမှာ ရိုက်ကူးရေး လုပ်ရပါသည်။
တစ်ခါတလေ လေထန် မိုးသည်းသည့်အချိန်တွင် ရိုက်ကူးရေးလုပ်ရသည်။
တစ်ခါတလေ ခြင်တွေေတောင် ကိုက်ခံရသည်။
ဆောင်းဦးရာသီဖြစ်သော်လည်း တောင်ကြားတွေမှာ ခြင်တွေပေါများလျက် ရှိသေးသည်။
ကံကောင်းစွာဖြင့် ထို ၂ လအတွင်း ပြဿနာ ကြီးကြီးမားမားတော့ မတွေ့ခဲ့ကြပါ။
ရုပ်သံဒရမ်မာ ၂ ခု၏ ရိုက်ကူးရေးက အတော်လေး မြန်ဆန်သည်ဟု ဆိုရမည်။
ဒီလို ပြင်းထန်လှသည့် ရိုက်ကူးရေးများအောက်တွင် ကျားရှင်းဖျော်ဖြေရေး၏ ရုပ်သံဒရမ်မာ ၂ ခု ရိုက်ကူးရေး ပြီးဆုံးသွားခဲ့ပါပြီ။
'သိမ်းငှက်သူရဲကောင်း' ရိုက်ကူးရေး နေရာတွင်...
တကယ့် အလှအပဆိုတာ ဘာလဲ လင်းဖန် မြင်လိုက်ရပါသည်။
ဟွမ်းရုံ၏ အရှိန်အဝါက ကောင်းမွန်သည်။ ဉာဏ်ထက်မြက်သည်။ တက်ကြွသည်။ ချစ်ဖို့ကောင်းသည်။ သို့သော်လည်း ရှားဝမ်ချွေ့တစ်ယောက် ဟွမ်းရုံနေရာမှ သရုပ်ဆောင်သောအခါ အားလုံး မှင်သက်သွားရသည်။
ရှားဝမ်ချွေ့က... အလွန်လှပလွန်းပါသည်။
သူမ၏ ပုံရိပ်က ဟွမ်းရုံနဲ့ လုံးဝ ယှဉ်နိုင်ပါသည်။
ရှားဝမ်ချွေ့၏ ထူးချွန်သော သရုပ်ဆောင်စွမ်းရည်ကြောင့် စူပါစတားတစ်ယောက်ဆိုတာ ဘာမှန်း လင်းဖန် သိလိုက်ရသည်။
ရှားဝမ်ချွေ့ ဘာပဲဝတ်ထားဝတ်ထား၊ ဘယ်လို ခေါင်းဆောင်မင်းသမီးနေရာကနေပဲ ပါဝင်ပါစေ သဘောကျဖို့ ကောင်းပါသည်။
"အား ရှားဝမ်ချွေ့ရဲ့ အဝတ်အစားတွေက အရမ်းလှတာပဲ"
"ငိုချင်နေပါပြီ။ ရှားဝမ်ချွေ့က တကယ့်ကောင်းကင်ပေါ်က နတ်သမီးလေးပဲ။ ရုံအာနေရာကနေ သူသရုပ်ဆောင်တော့ သူ့အကြောင်း ငါနားလည်ထားတာတွေ အလှအပအကြောင်း ငါနားလည်ထားတာတွေ အကုန်ပြန်ဆန်းသစ်သွားပြီ"
"ရုံအာ ဇာတ်ကောင်ကို ရှားဝမ်ချွေ့ထက် ပိုကောင်းအောင် သရုပ်ဆောင်နိုင်တဲ့လူရှိမှာ မဟုတ်ဘူး။ အခုသူက ရုံအာ ဖြစ်သွားပြီ။ ရုံအာနဲ့ သူက တစ်ထပ်တည်း ကျတယ်"
"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း အရမ်းကောင်းတယ်။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ ဒီလောက်ကောင်းလိမ့်မယ်လို့ထင်မထားဘူး။ ကော်ကျင်းက ခပ်တုံးတုံး ဇာတ်ကောင်လေ။ ဘော့စ်လင်းက ဉာဏ်အရမ်းကောင်းတာ။ ဒါပေမယ့် ဘော့စ်လင်းက ဒီဇာတ်ကောင်ကို အသက်ဝင်အောင် သရုပ်ဆောင်နိုင်တယ်"
ကျားရှင်းဖျော်ဖြေရေး၏ ဒါရိုက်တာအဖွဲ့ကလည်း ချီးကျူးပါသည်။
ဒါရိုက်တာအဖွဲ့၊ ရိုက်ကူးရေးဝန်ထမ်းများ၊ ဆယ်လီပေါင်းများစွာတို့က လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ သရုပ်ဆောင်တာကို လာကြည့်ကြပါသည်။
ဇာတ်ဝင်ခန်းတိုင်း၊ အကြည့်တိုင်း၊ အသေးစား လှုပ်ရှားမှုတိုင်းက လူတိုင်း၏ နှလုံးသားတွေကို ဆွဲခါသွားနိုင်သည်။
လုပမ်ခိုင်းက သက်ပြင်းချလိုက်သည်။ "ဘော့စ်လင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတာပဲ။ ရှားဝမ်ချွေ့ ရုံအာနေရာမှာ သရုပ်ဆောင်တာလည်း အရမ်းကောင်းတယ်။ နတ်သမီးလေးတစ်ပါး လူ့ပြည်ကို ဆင်းလာသလိုပဲ။ သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဒရမ်မာက ကျိန်းသေပေါက် ရေပန်းစားမှာပဲ"
လျို့မောင်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "အမှန်ပဲ။ ဘော့စ်လင်းနဲ့ ရှားဝမ်ချွေ့တို့အကြားက ဆက်ဆံရေးက အားကျဖို့ကောင်းတယ်။ ဒါပေမယ့် ကော်ကျင်းနဲ့ ခွန်းကျင်းတို့က အချင်းချင်း ခံစားချက်တွေ ရှိနေကြတုန်းပဲ။ ဘော့စ်လင်းနဲ့ စုရှောင်းယွီတို့ အတူတူ ဘယ်လိုသရုပ်ဆောင်ကြမလဲမသိဘူး"
လုပမ်ခိုင်း ခေါင်းခါလိုက်သည်။ "ခွန်းကျင်းနေရာမှာ စုရှောင်းယွီသရုပ်ဆောင်တာကို ငါမကြည့်ရသေးဘူး။ ဒီတစ်ခေါက်တော့ သေချာကြည့်ရမယ်။ ဒီရုပ်သံဒရမ်မာမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်ပဲ ပါတာ နှမြောစရာပဲ"
နောက်တစ်နေ့... လင်းဖန်နဲ့ စုရှောင်းယွီတို့၏ ဇာတ်ဝင်ခန်းကို ရိုက်ကူးရမည့်အချိန်ရောက်လာခဲ့သည်။
ခွန်းကျင်းအဖြစ် စုရှောင်းယွီသရုပ်ဆောင်တာကို မြင်သောအခါ အားလုံး မှင်သက်သွားကြသည်။
လင်းဖန်တောင် ကြက်သေသေသွားပြီး အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လာခဲ့ပါသည်။
မိန်းမလှလေးမျိုးစုံကို လင်းဖန် မြင်ဖူးပါသည်။
သို့သော်လည်း စုရှောင်းယွီလို ရှေးခေတ်အဝတ်အစားများဖြင့် ဒီလောက်ကြည့်ကောင်းသည့် လူမျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပါသည်။
ဒီလိုပဲဖြစ်သင့်ပါသည်။
သူမ စကားတစ်ခွန်းမှ မပြောရသေးသော်လည်း မူရင်းဝတ္ထုထဲက ခွန်းကျင်း၏ အရှိန်အဝါထက် ပိုမို ကျော်လွန်သွားပြီ ဖြစ်သည်။
ထို့နောက် ရိုက်ကူးရေးတရားဝင်စတင်ခဲ့ပါသည်။
လင်းဖန်နဲ့ စုရှောင်းယွီတို့၏ ဇာတ်ဝင်ခန်းမှာ ပြစ်ချက်ကင်းပါသည်။ ပြန်ရိုက်ကူးစရာတောင် တစ်ချက်မှ မလိုခဲ့ပေ။
လုပမ်ခိုင်း တံတွေးမျိုချလိုက်မိ၏။ "ခွန်းကျင်းနေရာမှာ စုရှောင်းယွီ သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ။ ဒီရုပ်သံဒရမ်မာကို ခေါင်းဆောင်မင်းသမီး ၂ ယောက်ပါအောင် ရုတ်တရက် ပြောင်းချင်လာပြီ။ လင်းဖန်နဲ့ စုရှောင်းယွီတို့လည်း အတူတူ ပေါင်းစည်းသွားနိုင်ရင် ကောင်းမှာပဲ"
လျို့မောင်ကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ကျုပ်လည်း ခွန်းကျင်းရဲ့ Role ကို မခွဲနိုင်တော့ဘူး။ အစကတော့ သူ့ပုံစံက ရုံအာနဲ့ အကွာာကြီးကွာတယ်။ ဒါပေမယ့် စုရှောင်းယွီရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ခွန်းကျင်းရဲ့ ပုံစံက လုံးဝ လယ်ဗယ်အသစ်တစ်ခုကို ရောက်သွားတယ်"
လုပမ်ခိုင်းနဲ့ လျို့မိုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါသည်။
ဥပမာအားဖြင့် တစ်ခါတလေ ရုပ်သံဒရမ်မာတစ်ခု၏ ပထမခေါင်းဆောင်မင်းသမီးနဲ့ ဒုတိယခေါင်းဆောင်မင်းသမီးတို့အကြား ကွာခြားချက် တစ်ခု ရှိလိမ့်မည်။ အနည်းဆုံးတော့ ပုံပန်းသဏ္ဌာန်အရ ပထမခေါင်းဆောင်မင်းသမီးကိုသာ ပရိတ်သတ်တွေ ပိုသဘောကျလေ့ရှိကြသည်။
သို့သော် ဒီရုပ်သံဒရမ်မာမှာတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နှစ်ယောက်စလုံး လှပလွန်းပါသည်။
ပထမခေါင်းဆောင်မင်းသမီးကော ဒုတိယခေါင်းဆောင်မင်းသမီးကော နှစ်ယောက်စလုံးက အလှအပများ ဖြစ်နေကကြပြီး ခေါင်းဆောင်မင်းသားကို သဘောကျနေကြသည်။ သူတို့ ဘာဆက်လုပ်ကြမှာလဲ။