စုရှောင်းယွီပြန်လာပြီ
Vol. 31 Ch. 460
နောက်တစ်နေ့...
ကုမ္ပဏီအစည်းအဝေးပွဲတစ်ခုကို ကျင်းပနေသည်။
'သိမ်းငှက်သူရဲကောင်း'က လင်းဖန်၏ ရုပ်သံဒရမ်မာဖြစ်တာကြောင့် အလွန်အရေးကြီးပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်က ယခု အနုပညာလောကထဲမှာ ရွှေဆိုင်းဘုတ်ကြီးတစ်ခုနဲ့ တူညီနေပြီ ဖြစ်တာကြောင့်ပင်။
လင်းဖန်၏ ရုပ်သံဒရမ်မာအားလုံးက ခြွင်းချက်မရှိ ရေပန်းစားခဲ့သည်။
ထို့ကြောင့် ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းအားလုံးက အရေးစိုက်ထားကြသည်။
'သိမ်းငှက်သူရဲကောင်း'အပြင် 'တစ်ကျော့ပြန် သိမ်းငှက်သူရဲကောင်း'လည်း ရှိသေးသည်။
လင်းဖန်၏ ပထမဆုံး ရုပ်ရှင်ဖြစ်သည့် 'Kung Fu Hustle' ကလည်း အရေးကြီးပါသည်။ ကျားရှင်းဖျော်ဖြေရေး၏ ပထမဆုံး ရုပ်ရှင်ဖြစ်ကာ ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေးမှ မျှော်လင့်ချက်မြင့်မြင့်ထားထားသော ရုပ်ရှင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်၏ ပထမဆုံးရုပ်ရှင်က အရမ်းကြီးဆိုးရွားလို့မရပါ။ မဟုတ်ပါက ကျားရှင်းဖျော်ဖြေရေး၏ ဂုဏ်သတင်းကို ထိခိုက်စေပါလိမ့်မည်။
လင်းဖန် ရောက်လာတော့ ဒါရိုက်တာအဖွဲ့က နေရာယူထားပြီးသားဖြစ်သည်။ သရုပ်ဆောင်များစွာနဲ့ ဝန်ထမ်း များစွာလည်း ရှိနေသည်။
လုပမ်ခိုင်းက လင်းဖန်ကို ကြည့်ကာ တလေးတစားပြုံးပြလိုက်ပါသည်။ "ဘော့စ်လင်း။ ကျွန်တော်တို့ ရုပ်သံဒရမ်မာ ၂ ခုရဲ့ Role အများစုကို ဆုံးဖြတ်ပြီးသွားပါပြီ။ ကျေးဇူးပြုပြီး စစ်ကြည့်လိုက်ပါဦး။ ခေါင်းဆောင်သရုပ်ဆောင်တွေကိုတော့ ဘော့စ်လင်း ကိုယ်တိုင် ရွေးချယ်လို့ရတယ်"
လင်းဖန် စာရင်းကို ယူကြည့်လိုက်ပြီး ကျေနပ်သွားပါသည်။
ဒီရုပ်သံဒရမ်မာ ၂ ခုတွင် ပါဝင်သရုပ်ဆောင်မည့် ဇာတ်ကောင်တွေက သရုပ်ဆောင်စွမ်းရည်ကောင်းကြသည်။
နာမည်ကျော်သရုပ်ဆောင်တွေကို သရုပ်ဆောင်စွမ်းရည်မကောင်းပါက လင်းဖန် အသုံးပြုမှာမဟုတ်ပါ။ သူတို့ကို စာရင်းထဲမှ ထုတ်ပယ်ပါမည်။
"ဟုတ်ပါပြီ။ ကျားရှင်းဖျော်ဖြေရေးက အနုပညာရှင်တွေအကုန်လုံး ရှိရဲ့လား" လင်းဖန် မေးလိုက်သည်။
"ဟုတ်ကဲ့ အားလုံးရှိကြပါတယ်" လုပမ်ခိုင်းက ခေါင်းငြိမ့်လိုက်ပါသည်။
"ကောင်းပါပြီ။ ဒါဆို 'သိမ်းငှက်သူရဲကောင်း'ရဲ့ ခေါင်းဆောင်သရုပ်ဆောင်တွေကို ကြေညာပေးပါ့မယ်"
"ခေါင်းဆောင်မင်းသား: လင်းဖန်။ ခေါင်းဆောင်မင်းသမီး: ရှားဝမ်ချွေ့"
"တခြား Role တွေအဖြစ် ယန်ခန်းသရုပ်ဆောင်: ရှုယန်၊ မုနျမ်ချီသရုပ်ဆောင်: လင်းခဲ့ရှင်း၊ ခွန်ကျင်းသရုပ်ဆောင်: ရွေးချယ်နေဆဲ"
"တခြား Role တွေကို ဒါရိုက်တာလုပမ်ခိုင်းကပဲ ကိုင်တွယ်ပြီး အင်တာဗျူးပေးပါ။" လင်းဖန် ပြုံးကာ ပြောလိုက်သည်။
လင်းဖန် ပြောပြီးသွားတာနဲ့ အားလုံး တိတ်ဆိတ်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော်... လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ရိုက်ကူးကြဦးမည်။
သူတို့နှစ်ယောက်က အစကတည်းက စုံတွဲများ ဖြစ်ကြသည်။ ဒီတစ်ခေါက် အတူတူ အလုပ်လုပ်ကြပြီး နောက်ထပ် ရုပ်သံဒရမ်မာတစ်ခုကို ထပ်မံရိုက်ကူးကြပါတော့မည်။ အွန်လိုင်းပေါ်မှာ ဘယ်လောက်တောင် လှိုင်းထသွားမလဲ မသိနိုင်ပါ။
ကျားရှင်းဖျော်ဖြေရေး၏ ကြယ်ပွင့် ရှုယန်တောင် ပါဝင်သရုပ်ဆောင်မှာ ဖြစ်သည်။ ကြယ်ပွင့် လင်းခဲ့ရှင်းလည်း ပါသေးသည်။ သူတို့အားလုံးက တရုတ်အနုပညာလောကမှာ ရေပန်းအစားဆုံးလူတွေချည်းသာ ဖြစ်သည်။
လင်းခဲ့ရှင်း၏ ရေပန်းစားမှုက ရှားဝမ်ချွေ့ထက်တောင် ပိုများပါသည်။
ရှားဝမ်ချွေ့၏ ရေပန်းစားမှုက ပထမအဆင့်ရောက်နေချိန်တွင် လင်းခဲ့ရှင်း၏ ရေပန်းစားမှုက ဒုတိယနေရာကို ရောက်နေပြီ ဖြစ်သည်။
ဒီရုပ်သံဒရမ်မာက အားကောင်းသည့် မဟာမိတ် တစ်ခု ဖြစ်ပါသည်။
လင်းကျင်းကျင်းက ရှုယန်၏ ကောင်မလေးဖြစ်သော်လည်း ဒီ Role ကို လင်းကျင်းကျင်းအား မပေးပါ။
လင်းကျင်းကျင်းကို လင်းဖန် ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။ "ကျင်းကျင်း အချိန်တန်ရင် နင် အသံသရုပ်ဆောင်အဖြစ် ကြိုးစားရမယ်နော်"
လင်းကျင်းကျင်း ချိုမြိန်စွာ ပြုံးလိုက်သည်။ "နားလည်ပါပြီ"
ခွန်းကျင်းဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်ရွေးဖို့ လင်းဖန် ခေါင်းကိုက်နေပါသည်။
'သိမ်းငှက်သူရဲကောင်းတွင်' ခွန်းကျင်းနဲ့ ကော်ကျင်းတို့က ငယ်ကျွမ်းဆွေများဖြစ်ကြသည်။ ခွန်းကျင်းက ရေပန်းအစားဆုံး ဇာတ်ကောင်တွေထဲက တစ်ကောင်ဟုလည်း ဆိုနိုင်သည်။ ဒီ Role ကို ကောင်းကောင်း သရုပ်ဆောင်နိုင်ဖို့က အလွန်ခက်ခဲပါသည်။
ခွန်းကျင်းနေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ လိုက်ဖက်သည့် လူမျိုး လင်းဖန် ရှာမတွေ့နိုင်ပါ။
ထို့ကြောင့် ဒီအရေးကြီးသည့် Role ကို ခဏချန်ထားဖို့သာ ရှိသည်။
လင်းဖန် ဆက်ပြောလိုက်၏။ "တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်းရဲ့ ခေါင်းဆောင်မင်းသား: လင်းဖန်။ ခေါင်းဆောင်မင်းသမီး: စုမူချင်း။ ကော်ရှန့်သရုပ်ဆောင်: လင်းခဲ့ရှင်း"
လင်းဖန် ဆက်ပြောလိုက်သည်။ " 'Kung Fu Hustle' ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသားက ရှုယန်ဖြစ်ပြီး ခေါင်းဆောင်မင်းသမီးက စုမူချင်းဆိုတာပါ ကြေညာပေးချင်တယ်"
"ပြီးတော့ 'Kung Fu Hustle' ရုပ်ရှင်ကို ငါကိုယ်တိုင် ရိုက်ကူးမယ်။ ကျားရှင်းဖျော်ဖြရေးက လူတိုင်းကို မှင်သက်သွားစေရမယ်"
ထိုအချိန်တွင် လင်းဖန်ဆီသို့ Keep Running ၏ ဒါရိုက်တာထံမှ ဖုန်းဝင်လာခဲ့ပါသည်။
Variety Show တစ်ခုဖြစ်သည့် Keep Running တွင် ကြည့်ရှုသူ ပရိတ်သတ်များစွာ ရှိပါသည်။
"ဘော့စ်လင်း ကျွန်တော်ပြောစရာရှိလို့။ Keep Running က ရာသက်ပန် မိန်းကလေးဧည့်သည် ၂ ယောက် လိုနေတယ်။ သူတို့ ခဏလောက်နေရင် လာရိုက်ကူးရမယ်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ရာသက်ပန် မိန်းကလေး ဧည့်သည်တော်အဖြစ် ပါဝင်ခွင့်ပေးလို့ ရမလား" ဒါရိုက်တာကြီးက မေးလိုက်ပါသည်။
စုရှောင်းယွီ၏ အမည်ကို ကြားလိုက်ရသောအခါ လင်းဖန် ကြက်သေသေသွားပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ဧည့်သည်တော်အဖြစ် ပါဝင်လို့ရရင် ကောင်းပါသည်။
သို့သော်လည်း... စုရှောင်းယွီက မရှိတော့ပေ။
လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ သဘောထားမေးလိုက်ပါသည်။
ရှားဝမ်ချွေ့က သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်သည်။ "အင်း~ ငါသွားမယ်လေ"
လင်းဖန်ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒါရိုက်တာလင်း စုရှောင်းယွီတော့ မရှိဘူး။ အဲ့တာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူး။ ရှားဝမ်ချွေ့ပဲ ပါဝင်နိုင်လိမ့်မယ်။ ဒါပေမယ့် တောင်းဆိုစရာတော့ ရှိတယ်။ ရှားဝမ်ချွေ့ကို ဂရုစိုက်ပြီး ဒဏ်ရာမရပါစေနဲ့"
ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဒဏ်ရာမရနိုင်ပါဘူး~ ငါဂရုစိုက်ပါ့မယ်"
Keep Running ၏ ဒါရိုက်တာ ထိုစကားကိုကြားသောအခါ ပြောလိုက်ပါသည်။ "ရပါတယ်။ စိတ်မပူပါနဲ့ ဘော့စ်လင်း။ ကျွန်တော်တို့ ကျိန်းသေပေါက် ရှားဝမ်ချွေ့ ဘေးကင်းအောင် ကာကွယ်ပေးမှာပါ။ စုရှောင်းယွီက မလာနိုင်ဘူးဆိုတော့ မိန်းကလေးဧည့်သည်တစ်ယောက် လိုနေတုန်းပဲ။ လင်းခဲ့ရှင်းကို ပါဝင်ခွင့်ပေးလို့ရမလား"
လင်းဖန် ပြုံးလိုက်သည်။ "ရပါတယ်"
လင်းခဲ့ရှင်းကလည်း ငွေလိုနေချိန်ဖြစ်သည်။ သူမသာ Variety Show တွေမှာ ပါဝင်ပါက လူသိများလာပြီး ငွေတွေ အများကြီး ရနိုင်ပါလိမ့်မည်။
အလုပ်ပြီးသောအခါ အစည်းအဝေးပွဲလည်း ပြီးဆုံးသွားပါပြီ။
သို့သော် အတည်မပြုရသေးသည့် Role တစ်ခုရှိသေးသည်။ ထို့ကြောင့် နောက်တစ်ဆင့်မတက်နိုင်သေးပါ။
ခွန်းကျင်းနေရာမှာ ဘယ်သူသရုပ်ဆောင်နိုင်မလဲ။
လင်းဖန် အကြာကြီးစဉ်းစားလိုက်ပြီး ခေါင်းခါလိုက်ပါသည်။ သူဘယ်သူ့ကိုမှ မစဉ်းစားနိုင်ပါ။
လင်းကျင်းကျင်းလား။ မဖြစ်သေးပါ။ ဒီလို စတိုင်မျိုးကို သူမ ကိုင်တွယ်နိုင်မှာ မဟုတ်ပေ။
စုမူချင်းလား။ ဒါလည်း အဆင်မပြေလောက်ပါ။
ခွန်းကျင်း Role က အလွန်လှပပြီး ရှားဝမ်ချွေ့လိုပုံစံမျိုး ဖြစ်နေရမည်။ မဟုတ်ပါက သရုပ်ဆောင်မှုတွင် သက်ရောက်မှု ရှိလာနိုင်သည်။
ဥပမာအားဖြင့် ခေါင်းဆောင်မင်းသား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမျိုးနဲ့ကြုံသောအခါ ပထမခေါင်းဆောင် မင်းသမီးနဲ့ ဒုတိယ ခေါင်းဆောင်မင်းသမီးတို့နှစ်ယောက်စလုံး အလွန် လှပနေမှ ပရိတ်သတ်က ဘက်ရွေးလို့ မရတော့မှာ ဖြစ်သည်။
ပထမခေါင်းဆောင်မင်းသမီးက အလွန်လှပပြီး ဒုတိယခေါင်းဆောင်မင်းသမီးက ချောင်းပိုင်လျို့ဖြစ်နေပါက ရွေးစရာ လိုပါဦးမလား။ ဇာတ်လိုက်မင်းသားကို အရူးဟုပင် ဝေဖန်လာကြနိုင်သည်။
မိန်းကလေးနှစ်ယောက်စလုံး အလွန်လှပနေမှ ဝေခွဲရခက်တာတွေဖြစ်လာနိုင်ပြီး ပရီတ်သတ်၏ စိတ်ဝင်စားမှုကို တိုးမြှင့်နိုင်မှာဖြစ်သည်။
ထိုအချိန်တွင် အဖြူရောင်ဆွယ်တာလေးတစ်ထည် ဝတ်ထားပြီး လေထဲတွင် တဖျပ်ဖျပ်ခါနေသော ဆံနွယ်ရှည်များရှိသည့် ကောင်မလေးတစ်ယောက်က ခရီးဆောင်အိတ်တစ်လုံးကို ဆွဲပြီး ရှန်ဟိုင်းမြို့လေဆိပ်မှ ထွက်လာခဲ့ပါသည်။
ထိုကောင်မလေးက နေကာမျက်မှန်တပ်ထားပြီး Mask တစ်ခုကို တပ်ထားသည်။ သို့သော်လည်း ထိုကောင်မလေးမျက်နှာ၏ အံ့အားသင့်ဖွယ်ကောင်းမှုကို ခံစားရနိုင်သည်။
ကောင်မလေးသာ Mask နဲ့ နေကာမျက်မှန်တို့ကို ချွတ်လိုက်ပါက ဘယ်လောက်တောင် လှပလိုက်မလဲ။
ကောင်မလေးက ဖုန်းကိုင်လျက် လင်းဖန်၏ ဖုန်းနံပါတ်ကို ရှာဖွေလိုက်သည်။ သူမ ပြုံးလိုက်သည်။
သူမ ဖုန်းဆက်ဖို့ ခလုတ်ကို မနှိပ်သေးပါ။ သူမ ကားထဲဝင်ပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ပါသည်။
Tomson Riviera ဝင်ပေါက်တွင်...
လင်းဖန် Role အတွက် စဉ်းစားနေစဉ် တံခါးခေါက်သံထွက်ပေါ်လာသည်။
ဒေါက် ဒေါက် ဒေါက်>
လင်းဖန် အနည်းငယ် စိတ်ရှုပ်သွားရ၏။
ယခု ရှားဝမ်ချွေ့ အိမ်ပြန်မလာသေးပါ။ သူမ အလုပ်များနေဆဲဖြစ်သည်။
ဒီအချိန်ဘယ်သူ အိမ်ကိုလာနိုင်မှာလဲ။
လင်းဖန် စိတ်မရှည်စွာဖြင့် တံခါးဖွင့်လိုက်ပါသည်။
တံခါးကို ဖွင့်လိုက်တာနဲ့ တံခါးပေါက်မှာ နတ်သမီးလေးလို ကောင်မလေးတစ်ယောက် ရပ်နေတာကို မြင်လိုက်ရပါသည်။
ထိုကောင်မလေး၏ မျက်လုံးများက ကြည်လင်တောက်ပနေပြီး လေပြည်လေညှင်းလေးများက သူမ၏ ဆံနွယ်ရှည်များကို ပွတ်တိုက်သွားကာ တောက်ပသည့် အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။ သူမ ခြေဖျားထောက်ကာ စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းစူလိုက်သည်။ "အီးဟီးဟီး ငါ့ကို ဆရာက မကြိုဆိုသေးဘူး"