ရှုံးနိမ့်သွားသော ဂျိုးဆက်ပ်
Vol. 26 Ch. 376
အမှောင်လမြို့၌ -
ရှေးပြိုင်ကွင်းသို့ လာရောက်ကြသူ အရေအတွက် စံချိန်ကျိုးသွားပြန်ပြီ ဖြစ်သည်။
တစ်ခုံတည်း နှစ်ယောက် ထိုင်နေကြသည်များလည်း အများအပြား ရှိနေသည်။ တံတိုင်းပေါ်တွင်ထိုင်ပြီး ကြည့်နေသူ အများပြားပင် ရှိသည်။ မကြာခင် စတင်တော့မည့် တိုက်ပွဲဘောလုံး ကစားပွဲသည် အခမဲ့ ဖြစ်ရုံသာမက အမှောင်လနယ်မြေ၏ အနာဂတ် နှင့်လည်း သက်ဆိုင်နေ၍ပင် ဖြစ်သည်။
ယှဉ်ပြိုင်သူ နှစ်ဖွဲ့မှာ တော်ဝင်မင်းသမီး ရှီရာ၏ အမှောင်လ လက်ရွေးစင် အဖွဲ့နှင့် ဂျိုးဆက်ပ်၏ ဝတ်ရုံနီအဖွဲ့တို့ ဖြစ်ကြသည်။ အနိုင်ရရှိသူမှာ တစ်ဖက်၏ ပိုင်ဆိုင်မှု အသီးသီးကို ရရှိမည်ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံး အနိုင်ရရှိသူသည် အမှောင်လ၏ စီးပွားရေး အခြေအနေကို လုံးဝထိန်းချုပ်နိုင်ပေမည်။
လက်ရှိ၌ အင်ပါယာအစောင့်များနှင့် မြို့စောင့်တပ်သားများ၏ တိုက်ခိုက်ရေး ထိရောက်မှုများမှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ကိစ္စများကို တော်ဝင်မင်းသမီး ရှီရာက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား၏။ ရှီရာသည် သူ အပတ်တကုတ် ကြိုးစားထားခဲ့သော စီးပွားရေးကိုလည်း ၆၀% မှ ၇၀% အထိ ထိန်းချုပ်ထားခဲ့သည်။ ဝတ်ရုံဂိုဏ်း၏ ဘက်ပြောင်းမှုကြောင့်သာ ဂျိုးဆက်ပ်၏ အချိုးနှုန်း အတော်လေး တိုးမြင့်သွားခြင်း ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အချိုးမှာ ၆:၄ ဖြစ်သည်။ ဂျိုးဆက်ပ်၏ လောင်းကြေးမှာ မလုံလောက်သည့်အတွက် ဘဏ္ဍာရေးအရာရှိ ရာထူးကိုပါ လောင်းကြေးထပ်ထားခဲ့သည်။
ယခင်နေ့ရက်များ၌ ဂျိုးဆက်ပ်၏ ဘေးကျပ်နံကျပ် ဖြစ်နေမှုများကို လူအများ သိပြီးကြပြီ ဖြစ်သည်။ လိပ်ပြာနီလော့ဒ်၏ သားအကြီးဆုံးသည် လိပ်ပြာနီနယ်မြေ၌ အခြေအနေ မကောင်းပေ။ သူသည် ဖခင်ဖြစ်သူ လော့ဒ်ဂျို့ရှ်၏ အရေးယူခြင်းကို ခံရပြီး မျက်နှာသာ မပေးခံရတော့ပေ။ ယခုပြိုင်ပွဲအား သူ အနိုင်ရရှိသည်နှင့် အမှောင်လ၏ လက်ရှိစီးပွားရေးအင်အားဖြင့်ဆိုလျှင် တစ်ဖန် ပြန်ထလာရန် ပြဿနာ မဟုတ်ပေ။ လိပ်ပြာနီနယ်မှေ သူထွက်သွားရသည့်တိုင် တစ်ယောက်တည်း ရပ်တည်နိုင်မည် ဖြစ်သည်။
နှစ်ဖက်စလုံးအတွက် ထိုပြိုင်ပွဲသည် အနိုင်ရရှိမှ ဖြစ်ပေမည်။
အရေးကြီးပုဂ္ဂိုလ် ခုံတန်းများ၌ အမှောင်လမြို့၌ ခေါင်းဆောင်ပုဂ္ဂိုလ်အားလုံးနီပါး ရောက်နေကြပြီ ဖြစ်သည်။ အမှောင်လ လက်ရွေးစင်အသင်း၏ ခေါင်းဆောင်လည်းဖြစ်၊ နည်းပြလည်းဖြစ်သော အသီနာသည် နည်းပြခုံတန်း၌ ပေါ်ထွက်လာသည်။ အဲလစ်နှင့် ခီရာတို့နှင့် သူနှင့်အတူ ရှိနေသည်။ လူသားအရာရှိမှုမှာမူ “ရောဂါ” ပြန်ထလာသည့် အတွက် အားပြန်ဖြည့်ရန် နေအိမ်၌ နေရစ်ခဲ့ရသည်။
နှစ်ဖက်လုံးမှ ကစားသမားများက ကွင်းထဲသို့ ရောက်ရှိလာ၏။ ကွင်းထဲရှိ အခြေအနေ ရုတ်တရက် ပြင်းထန်သွားတော့သည်။
အမှောင်လ လက်ရွေးစင်အသင်းမှာ မြို့စောင့်တပ်ဖွဲ့နှင့် အင်ပါယာအစောင့် အဖွဲ့ထဲ၌ အတော်ဆုံး ဖြစ်သည်။ သူတို့သည် လက်ရှိ တိုက်ပွဲဘောလုံး၏ အဆင့်အမြင့်ဆုံး အသင်းကို ကိုယ်စားပြုသည်။ “နာမည်ကြီး ကစားသမား”များကို တိုက်ပွဲဘောလုံး နှစ်ခြိုက်ကြသူများက ကောင်းကောင်း သိနေကြပြီ ဖြစ်သည်။ သူတို့ ထွက်ပေါ်လာသည့် အခါ ပရိတ်သတ် အုပ်လိုက်ကြီးက အော်ဟစ် အားပေးကြတော့သည်။
ဝတ်ရုံနီအသင်းကိုမူ မသိကြပေ။ ကစားသမား တစ်ယောက်စီက မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားကြသည်။ ၎င်းသည် ဝတ်ရုံဂိုဏ်း၏ ပုံစံပင် ဖြစ်၏။ ၎င်းသည် ဂျိုးဆက်ပ်၏ “ကြံရာပါ” အက်ဂ်ယော တိတ်တဆိတ် ပြင်ဆင်ထားသည့် အသင်းတစ်သင်း ဖြစ်သည်ဟု ပြော၍ရနိုင်ပေသည်။ လေ့ကျင့်ရေးကိုပင် လျို့ဝှက်လုပ်ဆောင်ကြသည်။ ၎င်းကို မည်သူမှ မတွေ့ဖူးကြပေ။ အလွန်ပင် လျို့ဝှက်ဆန်းကြယ်ပုံရသည်။
စကားပွဲမစမီ အသင်းနှစ်သင်းလုံး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် တင်းကြပ်သော စစ်ဆေးမှုကို ကျော်ဖြတ်ရသည်။ သူတို့အားလုံးမှာ အလယ်ဆင့်နတ်ဆိုးများဖြစ်ကြောင်း ဆုံးဖြတ်နိုင်သွား၏။
ဒိုင်လူကြီးမှ ဝီစီမှုတ်သံနှင့်အတူ ကစားပွဲ စတင်တော့သည်။
ဝတ်ရုံနီအသင်း၏ ပထမကစားကွက်မှာ ကွင်းလယ်မှ လူပေးပြီး ဂိုးထဲသို့ တိုက်ရိုက် ကန်သွင်းခြင်း ဖြစ်သည်။ ၎င်းသည် အထူးဘောလုံး ဖြစ်၏။ စွမ်းအားကို စုပ်ယူသည်။ ထို့ပြင် ပြိုင်ကွင်းကိုလည်း မြေဆွဲအားများ ထပ်တိုးထားသည်။ သို့သော် ထိုကန်ချက်၏ အားနှင့် တိကျမှုမှာ အတော်လေး မယုံနိုင်စရာ ကောင်းလှသည်။ တိုက်ပွဲဘောလုံးသည် မှော်သလင်းကျောက် အမြောက်ဆန်ကဲ့သို့ပင် လွင့်ထွက်သွား၏။ ၎င်းသည် အတော်လေး လှလှပပ ကွေ့ဝိုက်သွားကာ ဂိုးပေါက်ထဲသို့ တန်းတန်းမတ်မတ် သွားနေသည်။
အမှောင်လ လက်ရွေးစင်အသင်းမှ ဂိုးသမား ထိတ်လန့်သွား၏။ ကံကောင်းစွာပင် သူသည် အတော်လေး အတွေ့အကြုံ ရှိလှသည်။ ထို့ကြောင့် ခုန်ပြီး ဘောလုံးကို ကာကွယ်လိုက်သည်။ ပြင်းအားကြောင့် သူ၏လက် အနည်းငယ် ထုံသွား၏။
ဝတ်ရုံနီအသင်းမှ ပထမဆုံး ကန်ချက်သည် ပရိသတ်များကို တုန်လှုပ်သွားစေသည်။ အမှောင်လ လက်ရွေးစင်အသင်းမှာလည်း အတွေ့အကြုံများသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် စိတ်ကြီးဝင်နေမှုများကို ချက်ချင်း ဖယ်ရှားပြီး စကားပွဲထဲသို့ လုံးဝ စိတ်နှစ်ထားလိုက်ကြသည်။
ဂျိုးဆက်ပ်၏ မျက်လုံးများမှာ သေချာမှုများဖြင့် အရောင်လက်သွားသည်။ သူတို့က တကယ့်ကို ဂျိုးဆက်ပ်ရဲ့ “လျို့ဝှက်လက်နက်”ပဲ။ အရင်က ငါမြင်ဖူးတဲ့ အတိုင်းဆိုရင် ဒီတိုက်ပွဲက လုံးဝကို အနိုင်ပဲ။
ဘောလုံးကို ရရှိပြီးနောက် အမှောင်လ လက်ရွေးစင်အသင်းကလည်း တန်ပြန် တိုက်စစ်ဆင်ကြသည်။ သို့သော်လည်း ပြိုင်ဘက်၏ ခံစစ်မှာ စုစည်းပြီး တစ်ခုချင်း ထူးခြားကောင်းမွန်လှသည်။ ကြီးမားသော ခန္ဓာကိုယ်နှင့် တိကျသော ဘောလုံး ဝင်လုခြင်း များကြောင့် အမှောင်လ လက်ရွေးစင်အသင်း၏ တိုက်စစ်ကို ပျက်သွားစေပြီး ခဏအကြာမှာပင် ဘောလုံး ပြန်ပေးလိုက်ရသည်။
ဝတ်ရုံနီအသင်းက ဘောလုံးကို လုယူပြီးနောက် အလျင်အမြန်ပင် တန်ပြန်တိုက်စစ် ဆင်တော့သည်။ တိုတိုတုတ်တုတ်နှင့် ထိထိရောက်ရောက် လူပေးပြီးနောက် သူတို့သည် အမှောင်လ လက်ရွေးစင်အသင်း၏ ဧရိယာထဲသို့ ရောက်ရှိလာကာ အသင်းသား တစ်ဦး၏ ပေးပို့မှုမှတစ်ဆင့် ကွင်းလယ်တိုက်စစ်မှူးက အမြင့်ခုန်ပြီး ခေါင်းတိုက်သည်။ ဘောလုံးသည် ဂိုးတိုင်ကိုထိသွားပြီး ကွင်းပြင်ထွက်သွား၏။ မဂိုးခဲ့သော်လည်း အမှောင်လ လက်ရွေးစင်အသင်းကို ထိတ်လန့်သွားစေသည်။ ထောက်ခံ အားပေးနေကြသော ပရိသတ်များပင် ချွေးပြန်သွား၏။ အရေးကြီးပုဂ္ဂိုလ်ထိုင်ခံမှ အဲလစ်သည်ပင် အထိတ်တလန့်နှင့် ပါးစပ်ပိတ်ထားလိုက်ရသည်။ လော့ဒ် ရှီရာသည်ပင် ပုံမှန်အတိုင်း ဖြစ်နေသည်။ မည်သည့်အရာကမျှ ရေခဲတုံး မင်းသမီးကို ခံစားမှု မဖြစ်စေနိုင်သကဲ့သို့ပင် ဖြစ်သည်။
တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပြီးနောက် ပထမပိုင်း ပြီးဆုံးသွားသည်။ ရလာဒ်မှာ ၀:၀ သာ ဖြစ်သည်။
နားချိန်ပြီးနောက် ဒုတိယပိုင်း စတင်သည်။
ပထမပိုင်း၌ မည်သူမှ ဂိုးမသွင်းကြသော်လည်း တိုက်စစ်ပြင်းအားနှင့် နည်းဗျူဟာ အဆင့်တို့မှာ ပရိသတ် မျှော်မှန်းနိုင်သည်ထက် ကျော်လွန်နေသည်။ ဝတ်ရုံနီအသင်းက အမှောင်လ လက်ရွေးစင်အသင်းကို ဖိပြီး ကွင်းကို ထိန်းချုပ်ထားသည်။
ထိုကဲ့သို့ အခြေအနေမျိုးကို မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ တိုက်ပွဲဘောလုံးသည် မြို့စောင့်တပ်သားများကြားထဲ၌ ပထမဦးစွာ ပေါ်ထွက်လာခဲ့ပြီး အင်ပါယာအစောင့်များသို့ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် လက်ရှိ၌ စစ်တပ်အဆင့်မှာ ယခင်ထက် အများကြီး ပိုသာနေ၏။ ဂျိုးဆက်ပ် (အက်ဂ်ယော)က ဒီလို အရည်အချင်းရှိတဲ့ အသင်းမျိုးကို ဘယ်က ရှာလာတာလဲ။
အမှောင်လ လက်ရွေးစင်အသင်းသည် အကောင်းဆုံး ကြိုးစားနေသော်လည်း ခန္ဓာကိုယ် ပင်ပန်းလာကြသည်ကို ဂျိုးဆက်ပ် မြင်နေရသည်။ တစ်ဖက်တွင် ဝတ်ရုံနီ အသင်းကု ပို၍ အခြေအနေ ကောင်းနေသည်။ ခန္ဓာကိုယ် အထောက်အပံ့ မရှိလျှင် မည်မျှ ကျွမ်းကျင်နေစေကာမူ အသုံးဝင်မည် မဟုတ်ပေ။ ထိုအချက် တစ်ခုတည်းကပင် ဝတ်ရုံနီ အသင်းသည် ပြိုင်ဘက်ကို အလဲထိုးနိုင်ပေသည်။
သို့သော် သိသိသာသာ အနိုင်ရရှိနိုင်ချေ ရှိသည့်တိုင် ဂျိုးဆက်ပ်သည် ဝှက်ဖဲတစ်ခုကို ချန်ထားသေးသည်။ သူသည် ကျရှုံးခဲ့လျှင် အရာအာလုံးကို ဖျက်ဆီးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ယခင်နေ့ရက်များ၌ သူသည် အမှောင်လမြို့ နေရာအနှံ့၌ အလွန်ကြီးမားသော ဖောက်ခွဲမှော်ထောင်ခြောက်များနှင့် လောင်ကျွမ်း မှော်ထောင်ခြောက်များကို ထောင်ရန် ရွိုင့်အား ညွှန်ကြားထားခဲ့သည်။ သူ၏ လုပ်ငန်းများသာမက မင်းသမီး လက်လီစတိုးနှင့် အကျိုးတူ ကုန်သည်ကြီးမားအသင်း အနီး၌လည်း ထောင်ထား၏။ သူ ရှုံးနိမ့်သွားခဲ့လျှင် ထိုမှော်ထောင်ခြောက်များကို အသက်သွင်းပြီး လိပ်ပြာနီနယ်မြေ သို့မဟုတ် မြို့တော်သို့ ထွက်ပြေးပေမည်။ သူသည် ပြန်မလာခင်အထိ သိုသိုသိပ်သိပ် နေမည်ဖြစ်သည်။
ဒါပေမဲ့ ဒါတွေကို ကြိုတင်ပြင်ဆင်ထားတာတွေပဲ။ ရှီရာမှာလည်း ရှုံးနိမ့်တဲ့အခါ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိမှာပဲ။ ငါ အနိုင်ရရင် အဲဒီဆိုင်တွေနဲ့ လုပ်ငန်းတွေကို သိမ်းပိုက်တဲ့အခါ အတားအဆီးတွေ အများကြီး ကြုံတွေ့ရမှာပဲ။ အဲဒီကို ဖြေရှင်းဖို့ ငါ စဉ်းစားထားသင့်တယ်။
ဂျိုးဆက်ပ် စဉ်းစားနေစဉ် လူအုပ်ကြီးက ရုတ်တရက် အသံကျယ်ကျယ်နှင့် အော်ဟစ်ကြတော့သည်။ အမှောင်လ လက်ရွေးစင်အသင်းက ကစားကွက် ရုတ်တရက် ပြောင်းလိုက်ခြင်း ဖြစ်သည်။ သူတို့သည် ခံစစ်ကိုအသုံးချပြီး တန်ပြန်တိုက်စစ် ဆင်ကြသည်။ နောက်ဆုံး၌ သူတို့ကို ဝတ်ရုံနီအသင်းက ဖိနေစဉ် တန်ပြန်တိုက်စစ်ဆင်ပြီး တစ်ခုတည်းသော ကန်ချက်က ဝတ်ရုံနီအသင်း၏ ဂိုးထဲသို့ ဝင်ရောက်သွားတော့သည်။
ထိုပထမဂိုးသည် အမှောင်လ လက်ရွေးစင်အသင်း၏ စိတ်ဓာတ်ကို တိုးမြှင့် ပေးခဲ့သည်။ အသီနာ၏ အသံကျယ်ကျယ် ဆူပူမှုများကြောင့် သူတို့ စိတ်တည်ငြိမ် သွားကြပြီး ခံစစ်ကို အသားပေးကာ တစ်ဖန် ကစားပြန်တော့သည်။ ထို့ကြောင့် ဝတ်ရုံနီ အသင်းကလည်း အနိုင်ရရှိရန် မစွမ်းဆာင်နိုင်ပေ။ ခဏအကြာ၌ အမှောင်လ လက်ရွေးစင် အသင်း၏ တန်ပြန်တိုက်ခိုက်မှုမှာ ယခင်အတိုင်း အောင်မြန်သွားပြန်သည်။
၂:၀...
ပရိသတ်အများစုက တော်ဝင်မင်းသမီးကို အနိုင်ရရှိစေချင်ကြသည်။ ၎င်းသည် ဝယ်ယူခဲ့သော လောင်းကြေးများကိုလည်း ကိုယ်စားပြုပေသည်။ ယခုရလာဒ်ကြောင့် ပရိသတ်များက အောင်ပွဲခံလျက် အော်ဟစ်လိုက်ကြသည်။ ခီရာဘေးမှ အဲလစ်သည် အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ သူက လက်သီးကို ဝှေ့ရမ်းပြီး အော်လိုက်သည်။ သို့သော်လည်း သူ၏အသံကို ပရိသတ်များ၏ အားပေးသံများကို လွှမ်းမိုးသွားခဲ့သည်။
ဂျိုးဆက်ပ်၏ နဖူးပေါ်၌ ချွေးများပြန်လာသည်။ သူ ငြိမ်ငြိမ် မထိုင်နိုင်တော့ပေ။ သူသည် မနီးမဝေးမှ ဝတ်ရုံနှင့် “အက်ဂ်ယော”ကို ကြည့်လိုက်ုသည့်အခါ “အက်ဂ်ယော”က မလှုပ်မလျက်နှင့် ကွင်းကို ကြည့်နေသည်။ သူ့မှာ အရှုံးကို အနိုင်ပြောင်းနိုင်မယ့် အနှိုင်းမဲ့ နည်းဗျူဟာတွေ ရှိနေတာများလား။
ကစားပွဲ ရှေ့ဆက်နေပြီး အချိန်ကုန်နေပြီ ဖြစ်သည်။ “အက်ဂ်ယော” အလွန် တည်ငြိမ်နေ၏။ ဂျိုးဆက်ပ်သည် မည်သည့် တန်ပြန်နည်းဗျူဟာကိုမျှ မမြင်ရသေးပေ။ သူ၏မျက်နှာ ဖြူဖျော့သွား၏။ ငါ တကယ်ပဲ ရှုံးနိမ့်တော့မှာလား။
ဒါက အနိုင်ရရမယ့် ကစားပွဲပဲ။
ဧကန္တ....အက်ဂ်ယောက....တမင်....
ဘာလို့လဲ။
ဘယ်ဇီဘတ် တော်ဝင်မိသားစုက ဒီငမွဲ.... ရှီရာဆီမှာ ခိုလှုံလိုက်တာလား....
မဖြစ်နိုင်ဘူး။
ဂျိုးဆက်ပ်၏ မျက်လုံးထဲ၌ အေးစက်သောအလင်းရောင် လက်ခနဲ ဖြစ်သွားသည်။ သူသည် ရှုံးနိမ့်မှု၏ အဆုံးသတ်ကို မမြင်ချင်သည့်အတွက် ရုတ်တရက်ထပြီး လှည့်ထွက် သွားလိုက်သည်။
နည်းပြခုံပေါ်၌ ထိုင်နေသော အဲလစ်သည် ကစားပွဲကို ပျော်ရွှင်စွာ ကြည့်နေစဉ် တစ်စုံတစ်ယောက်က သူ့ဘေးသို့ ရောက်လာပြီး စာတစ်စောင် ကမ်းပေးသည်။ ခီရာက အဲလစ်အရှေ့၌ ရပ်လိုက်ပြီး စာကိုယူကာ ဖတ်လိုက်သည်။ ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သေချာစဉ်းစားကာ အဲလစ်ကို ကမ်းပေးသည်။
ထိုစာကို အဲလစ် ဖတ်ပြီးသည့်အခါ အံ့အားသင့်သွားပြီး ပျော်ရွှင်သွားပုံရသည်။ သူသည် ကွင်းထဲသို့ တွန့်ဆုတ်လျက် ကြည့်ပြီး နောက်ဆုံး၌ ထကာ လမ်းဆီသို့ လမ်းလျှောက်သွားသည်။ အသီနာသည် ကစားပွဲကိုသာ လုံးဝအာရုံစိုက်နေသည်။ ထို့ကြောင့် ၎င်းကို သတိမထားမိခဲ့ပေ။ သို့သော်လည်း ခီရာက အဲလစ်နောက်သို့ ထက်ကြပ်မကွာ လိုက်သွားသည်။
အဲလစ်သည် ခီရာကို ဆူညံနေသော ပြိုင်ကွင်းထဲမှ ခေါ်ထုတ်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် အရှေ့ပိုင်းဘလော့ရှိ လူမရှိသော အိမ်တစ်လုံးဆီကို ရောက်လာ၏။
“ထူးဆန်းတယ်။ တစ်ကို ချန်လွေ့က ငါ့ကို ဒီမှာစောင့်နေဖို့ ပြောခဲ့တယ် မဟုတ်လား။” အဲလစ်က နှုတ်ခမ်းစူကာ ပြောသည်။ ထို့နောက် စာကို ပြန်ကြည့်သည်။ “ဟုတ်တယ်မလား။ ခီရာ။ အစ်ကို ဘယ်တုန်းက ပြန်ရောက်တာလဲ။”
ခီရာ ခေါင်းခါပြီး ဘာမျှမပြောပေ။ ချန်လွေ့က အပြင်ရောက်နေတာ အတော်ကြာပြီ။ သူက သိပ်မကြာခင် ပြန်ရောက်လာရမှာ။ ဒါပေမဲ့ ဒီစာထဲမှာက အပြင်ကနေ ပြန်ရောက်တာကို ပြောဖို့ထက် ပိုပြီးအရေးကြီးတာတွေ ရှိနေတယ်။ တစ်ခုခု လွဲနေပြီလို့ ငါစိုးရိမ်မိတယ်။
ပြီးတော့လည်း အမှောင်လမြို့ကို ချန်လွေ့ ပြန်ရောက်ရင်တောင် အဲလစ်ကို အရင်တွေ့မှာ မဟုတ်ဘူး။ ဒီလိုနေရာမျိုးကိုလည်း သူရွေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ပါ့ဂ်လီအိုနဲ့ ဒေလီယာတို့က အမှောင်လမြို့မှာ ရှိနေကြတယ်။ တစ်ခုခုဖြစ်ရင် ပါ့ဂ်လီအို ပေးထားတဲ့ မှော်နဂါးကြေးခွံတွေကို ငါခြေလိုက်တာနဲ့ အဆိပ်နဂါး ချက်ချင်း ရောက်လာမှာပဲ။
အပြင်ဘက်၌ ခြေသံများ ထွက်လာသည်။ အဲလစ်က ပျော်ရွှင်စွာဖြင့် ပြေးထွက် သွားပြီးနောက် သူ၏လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ထိုသူသည် ချန်လွေ့ မဟုတ်ဘဲ ဂျိုးဆက်ပ် ဖြစ်နေလေသည်။
ဂျိုးဆက်ပ် ပုံမှန် ပြုံးနေကျမျက်နှာ မရှိတော့ပေ။ သူ၏မျက်နှာ အေးစက်နေ၏။ “မင်းသမီးလေး။ အကြာကြီး စောင့်ခိုင်းထားမိတဲ့အတွက် တောင်းပန်ပါတယ်။”
“ရှင် ဘာလုပ်မလို့လဲ။” အဲလစ်က သတိဖြင့်မေးလိုက်ပြီး ခီရာထံသို့ တဖြည်းဖြည်း ဆုတ်သွားသည်။
“ဘာမှမဟုတ်ပါဘူး။ ငါက မင်းကို ခေါ်သွားချင်ရုံပါ။ တကယ်တော့ ငါက တော်ဝင်မင်းသမီးလေးကို သဘောကျနေတာ တော်တော်ကြာပြီ။ အခုမှတော့ ဒါကို ဖြည့်ဆည်းနိုင်တော့တယ်။”
ခီရာက အဲလစ်ကို ကာကွယ်ပြီး အော်ပြောလိုက်သည်။ “ဂျိုးဆက်ပ်။ ရှင် အတင့်ရဲလှချည်လား။ တော်ဝင်မင်းသမီးကိုတောင် ဒီလိုမျိုး ရွံစရာစကား ဆိုရဲတယ်။”
ဂျိုးဆက်ပ်၏ မျက်နှာ ပျက်ယွင်းသွားပြီး ထူးထူးခြားခြား ရုပ်ဆိုးသွားသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီကစားပွဲ ပြီးသွားတာနဲ့ ဘာမှမရှိတော့ဘူး။ မင်းသမီးလေး အဲလစ်။ ငါ့ရဲ့ ကလေးလေး။ မကြောက်ပါနဲ့။ ဒီနေ့ကစပြီးတော့ မင်းကို နေ့တိုင်း သက်တောင့် သက်သာ ဖြစ်အောင် လုပ်ပေးမှာပါ။”
အဲလစ်က အံကြိတ်ပြီး ပြောသည်။ “တော်လောက်ပြီ။ အခု ထွက်သွားတော့။ မဟုတ်ရင် ကျွန်မရဲ့အစ်မ ရောက်လာတာနဲ့ ရှင် သေပြီသာမှတ်။”
“ရှီရာ တကယ်နိုင်မယ်လို့ မင်းထင်တာလား။ သူရမှာက မင်းပျောက်သွားတာရယ်၊ အမှောင်လမြို့ အပျက်အစီးရယ်ပဲ။” ဂျိုးဆက်ပ် အော်ပြောလိုက်သည်။ “အမှောင်လမြို့မှာ မြှုပ်နှံထားတဲ့ မှော်ထောင်ခြောက်တွေအားလုံးကို အသက်သွင်းဖို့ ရွိုင့်စ်ကို ငါ အချက်ပြ ထားပြီးပြီ။ မင်းသမီး လက်လီစတိုးဖြစ်ဖြစ် ညစျေးဖြစ်ဖြစ်၊ အားလုံး ပြာကျသွားလိမ့်မယ်။ မင်း သဘောကျတဲ့ အမှိုက်လူသားကို နှုတ်ဆက်ဖို့ ငါ လူလွှတ်ထားပြီးပြီ။ သူ့ရဲ့ နှိပ်စက်ခံထားရတဲ့ အလောင်းကို မင်း မကြာခင် တွေ့ရလိမ့်မယ်။”
အပေါ်ယံ၌ ဂျိုးဆက်ပ်သည် ရှီရာရန် ပိုးပန်းရန် ကြိုးစားနေသည်။ သို့သော် အမှန်တကယ်တွင် သူသည် အဲလစ်ကို အမြဲပင် တပ်မက်နေခဲ့သည်။ သူသည် လူသားအရာရှိအပေါ် အဲလစ်၏ ခံစားချက်များကိုပင် သတိထားမိသည်။
ငါ ဘာလုပ်သင့်လဲ။ ဒီကောင်စုတ်က တော်တော်လေး ရက်စက်တယ်။ ငါသေရင်တောင် သူ့လက်ထဲကို မရောက်ချင်ဘူး။ အဲလစ်က နှုတ်ခမ်းကိုက်ပြီး မငိုမိရန် ထိန်းထားလိုက်သည်။ ခီရာက အေးအေးဆေးဆေး မေးသည်။ “ရှင် ရွိုင့်ကို အကြောင်းကြားပြီးပြီဆိုတာ သေချာလား။ ငြိမ်ဝပ်ပိပြားရေးအရာရှိ နေအိမ်ကို တစ်ယောက်ယောက် လွှတ်ပြီးသွားတာ သေချာလား။”
သူက ရွိုင့်စ်ကို အသက်သွင်းခိုင်းလိုက်တာ ဆိုရင်တော့ စိုးရိမ်စရာ မရှိဘူး။ ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်ကို လွှတ်လိုက်တဲ့ လုပ်ကြံသူကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်မှာပဲ။
“ဟမ့်။ ကောင်မစုတ်။ အချိန်ဆွဲဖို့ ကြိုးစားမနေနဲ့။ ငါက မင်းလိုမိန်းမမျိုးကို သဘောမကျပေမဲ့ မင်းကို ငါ့ရဲ့ လက်အောက်ခံတွေအတွက် ဆုလာဒ်အနေနဲ့ ပေးချင်ပေးမှာ။” ဂျိုးဆက်ပ် လက်လှမ်းပြီး အဲလစ်ကို ဖမ်းဆွဲလိုက်သည်။ အဲလစ်သည် အလယ်ဆင့်နတ်ဆိုးသာ ဖြစ်၏။ ခီရာမှာမူ ညှို့ငင်သည့်အစွမ်း အနည်းငယ်မှလွဲ၍ တိုက်ခိုက်ရေးစွမ်းအား လုံးဝမရှိပေ။ ဂျိုးဆက်ပ်၏ စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို အလွယ်တကူ ဖမ်းနိုင်မည် ဖြစ်သည်။
ရုတ်တရက် ဂျိုးဆက်ပ်သည် စိတ်ထဲ၌ အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် တိုက်ခိုက်ရေးစွမ်းအား လုံးဝမရှိသော ကဝေမ အစေခံထံမှ ဖြစ်နေသည်။ သူ အဲလစ်ကို မချဉ်းကပ်နိုင်ခင်မှာပင် ရှေ့မှအရာအားလုံး နီရဲသွားသည်။ သူသည် မီးတောက်များဖြင့် လုံးဝ ဝိုင်းရံခံလိုက်ရသည်။ ထိုမီးတောက်သည် စိတ်ကူးနိုင်သည်ထက် လွန်ကဲနေ၏။ ဒါက.....နတ်ဆိုးဘုရင်အဆင့်...မဟုတ်ဘူး။ ဒီစွမ်းအားက နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းလောက် ဖြစ်နိုင်ဘူး။
လက်စသတ်တော့ ဒီသိုသိုသိပ်သိပ် နေနေတဲ့ ခီရာက နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်နေတာကိုး။ သူက အသီနာ၊ ခါဂူရွန်နဲ့ ဂါ့စ်တို့ထက်တောင် ပိုပြီးတော့ အစွမ်းထက်နေတယ်။ (ဂျိုးဆက်ပ်က အသီနာသည် မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်နေပြီ ဖြစ်ကြောင်း မသိခဲ့ပေ။)
ဂျိုးဆက်ပ်က စိတ်ထဲ၌ တွေးလိုက်သည်။ ဒီလိုဆိုမှတေ့ ငါ စွန့်စားရုံပဲ ရှိတော့တယ်။ ငါ့မှာ ဒီလိုခပ်ညစ်ညစ် အတွေးတွေ မရှိရင်တောင် အဲလစ်ကို ဖမ်းပြီးတော့ ရှီရာကို အကြပ်ကိုင်ရဦးမှာပဲ။ ဂျိုးဆက်ပ်က ချက်ချင်းပင် အော်ဟစ်ကာ တိုက်ခိုက်ရေးအသွင် ပြောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ မီးတောက်များ လောင်ကျွမ်းနေပြီး သူသည် ကောက်ရိတ်ဓားတစ်လက်ကို ကိုင်ထား၏။ ၎င်းထံမှ ပြင်းထန်သော လေစီးကြောင်းများ ထွက်လာနေပြီး မီးတောက်ကို ဖြတ်တောက်သွားသည်။
မီးတောက်ကို ဖြတ်တောက်ပြီးသည့်အခါ ဂျိုးဆက်ပ်က ထက်မြက်လှသော ချီစွမ်းအား တစ်ခု သူ့ထံ ချဉ်းကပ်လာသည်ကို ခံစားလိုက်မိသည်။ သူ ပြင်းပြင်းထန်ထန် ရှောင်တိမ်းခဲ့သော်လည်း ပုခုံးကို ထက်မြက်လှသော ဓားတစ်လက်ဖြင့် ထိသွားသကဲ့သို့ပင် သွေးများ ထွက်လာသည်။ ထို့နောက် ချက်ချင်းပင် လေထဲ၌ ထက်သောချီများ ပြည့်နှက်သွားသည်။ လေဓားတွေပဲ။ ပြီးတော့ အများကြီး။ သူက လေနဲ့မီးဒြပ်စင် မှော်ပညာရှင်ပဲ။
ဂျိုးဆက်ပ်က ဒိုင်းကာတစ်ခုကို ထုတ်ပြီး အဓိကနေရာများကို ကာကွယ်လိုက်ပြီး ရှေ့သို့ ဆက်သွားသည်။ သူသည် အဆက်မပြတ် ဖြတ်တောက်သံများကိုသာ ကြားနေရသည်။ သူ၏ ဒိုင်းကာ စုတ်ပြတ်သွားခဲ့သည်။ သို့သော်လည်း သူသည် ခီရာအနီးသို့ ရောက်နေပြီ ဖြစ်သည်။ မှော်ပညာရှင်တွေ အကြောက်ဆုံးက အနားကပ် လာမှာကိုပဲ။ ငါတစ်ခုခု ပေးဆပ်ရရင်တောင် ဒီအန္တရာယ်များတဲ့မိန်းမကို သတ်ရမယ်။
သို့သော် ခီရာ၏ မှော်အသုံးပြုခြင်း အမြန်နှုန်းသည် ဂျိုးဆက်ပ် ထင်ထားသည်ထက် ကျော်လွန်နေသည်။ သူ အနားမကပ်နိုင်ခင်မှာပင် အလွန်ကြီးမားသော မီးတောက်တစ်ခုက ပြေးဝင်လာသည်။ ဂျိုးဆက်ပ် ၎င်းကို မရှောင်နိုင်တော့ပေ။ သူ အားကုန်သုံပြီး ခုတ်ပိုင်းလိုက်သည့်အခါ သူ၏ ကောက်ရိတ်ဓားသည် ထက်မြက်သော ရောင်ခြည်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ သူသည် ခီရာထံမှ မီးစက်လုံးကို နှစ်ပိုင်းပိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မီးစက်လုံးကို ကောက်ရိတ်ဓား ထိသွားသည့်အခါ ရုတ်တရက် မြောက်မြားလှစွာသော လျှပ်စီးအကွေးများအဖြစ် ပြောင်းလဲသွားသည်။ ဂျိုးဆက်ပ် တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ၏လှုပ်ရှားမှုများ တောင့်တင်းသွား၏။ မီးစက်လုံး ပေါက်ကွဲသွားသည့်အခါ ဂျိုးဆက်ပ်၏ ခန္ဓာကိုယ်သည် ကြီးမားလှသော ပြင်းအားကြောင့် လွင့်ထွက်သွား၏။ သူ တစ်ပတ်လည်သွားကာ အဝေးတစ်နေရာသို့ ပြုတ်ကျသွားသည်။
ယခုတွင် သူသည် ပြင်းပြင်ထန်ထန် ဒဏ်ရာ ရခဲ့လေပြီ။ သူ မထနိုင်ခင်မှာပင် ခီရာ၏ [ အဆက်မပြတ်မီးစက်လုံး ] များ ရောက်ရှိလာပြန်သည်။ အဆက်မပြတ် ပေါက်ကွဲမှုနှင့် တုန်ခါမှုများကြားတွင် ဂျိုးဆက်ပ် လုံးဝ ရှုံးနိမ့်သွားခဲ့သည်။ သူသည် ဒဏ်ရာအပြည့်နှင့် မြေပြင်ပေါ်သို့ လဲကျသွားကာ ထမနိုင်တော့ပေ။
လေနဲ့မီး ဒြပ်ပေါင်း မှော်ညာပဲ။
ဒီမှော်ဒြပ်စင်နှစ်ခုက မလိုက်ဖက်ဘူး။ ပေါင်းစပ်ဖို့ မဖြစ်နိုင်လုနီးပါးပဲ။ ငါ့အဖေ ဂျို့ရှ်တောင် ဒီလိုမျိုး မလုပ်နိုင်ဘူး။ ဒါပေမဲ့ ခီရာက ဒီလိုမျိုး စည်းမျဉ်းကို ဆန့်ကျင်ပြီးတော့ အသုံးပြုနိုင်နေတယ် ....
ဒါနဲ့ ရွိုင့်က အဆက်ပြကို ရထားတာ ကြာပြီ။ ဘာလို့ အသက်မသွင်းသေးတာလဲ။
သေခါနီး ဖြစ်၍ ဖြစ်ပေမည်။ ဂျိုးဆက်ပ်သည် ရုတ်တရက် ခေါင်းထဲ၌ ရှင်းလင်း သွားခဲ့သည်။ ချက်ချင်းပင် သူသည် ကိစ္စ အတော်များများကို သဘောပေါက်သွားပုံ ရသည်။ ဧကန္တ ရွိုင့်လည်းပဲ .....
လက်စသတ်တော့ ဒါက အစကတည်းက ထောင်ခြောက်ကိုး။ ငါက အားပါးတရ ဝင်သွားခဲ့သေးတယ်။ ပြီးတော့ ငါ့ရဲ့ ပြေးလမ်းကိုတောင် ပိတ်ထားခဲ့တယ် ....
အက်ဂ်ယောက ဘာလို့ ...
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ..... ငါ တကယ်ကို ရှုံးနိမ့်သွားပြီ။ လုံးဝကို ရှုံးနိမ့်သွားပြီ။
ထိတ်လန့်မှုနှင့် ကြံရာမရဖြစ်နေရင်း ဂျိုးဆက်ပ်၏ အမြင်များ ဝေဝါးသွားတော့သည်။