← Chapters

ကပ်ဘေး။ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်နေရာလွတ်

Vol. 26 Ch. 379

ကပ်ဘေး။ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်နေရာလွတ်

Vol. 26 Ch. 379

သက်တန့်တောင်ကြား စမ်းသပ်ခန်း၌ -

တစ်ခါတစ်ရံ ထူးဆန်းသော အသံများ ကြားရတတ်သည်။ အချို့မှာ ဟိန်းသံများနှင့် အချို့မှာ တုန်ခါခြင်းတို့ ဖြစ်သည်။ ရှေးမှော်စာများနှင့် နဂါးထွင်းစာများတို့ဖြင့်သာ အားဖြည့်ထားသော အထူးစမ်းသပ်ခန်း မဟုတ်လျှင် ပြိုလဲသွားမည်မှာ ကြာလေပြီ။

အမှောင်လ၏ အရေးပေါ် အခြေအနေကြောင့် ချန်လွေ့သည် ထိုအချန်၌ စိတ်ပိုင်းဖြတ်ထားခဲ့သည်။ အန္တရာယ်များနှင့် အသိပညာများကို ဖုံးကွယ်ရန် မစဉ်းစားတော့ဘဲ မှော်စာများကို စွမ်းအားရှိသမျှ စတင်ခွဲထုတ်တော့သည်။

အမှန်တကယ်၌ ချန်လွေ့တွင် ယခုလက်ရှိ ရှေးမှော်စာ အသိပညာများမှာ နတ်မိမယ်နဂါးအား မပေးရသေးသော ကျောက်ပြား၄ခုမှ အများစု ဖြစ်သည်။ သို့သော် သူသည် နတ်မိမယ်နဂါးကဲ့သို့ ကျောက်ပြား၄ခု၏ သင်္ကေတများအားလုံးကို အသက်မသွင်း နိုင်သေးပေ။ ထို့ကြောင့် သူ၏ လေ့လာမှုမှာ အကန့်အသတ်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ဇိုလာအတွက် အကူအညီဖြစ်စေပြီး ဉာဏ်အလင်းပင် ရနိုင်စေသည်။

မစ်-နတ်မိမယ်နဂါး ကိုယ်တိုင်ကပင် “ရစ်ချတ်”သည် သူ၏နံဘေးရှိ စစ်မှန်သော မရှိမဖြစ် လက်ထောက်တစ်ယောက် ဖြစ်လာသည်ကို ဝန်ခံရလေသည်။

ချန်လွေ့သည် ကျောက်စင်မြင့်ဗဟိုရှိ တလက်လက် တောက်နေသော သင်္ကေတများ အတန်းလိုက်ကို လက်ညှိုးထိုးပြသည်။ [ အထူးစိစစ်မှု ] ၏ တွက်ချက်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို အမှီပြုပြီး ချန်လွေ့သည် ထူးဆန်းသော အမူအရာတစ်ခုနှင့်အတူ ၎င်းထံမှ စာပုဒ်တစ်ခုအား အောင်အောင်မြင်မြင် ခွဲထုတ်နိုင်သွားသည်။ ထိုအချိန်အတွင်း သူသည် လုံးဝပေါ့လျော့၍ မရပေ။ အကယ်၍ သူသာ အမှားလုပ်မိသွားလျှင် မမျှော်မှန်း ထားနိုင်သော အကျိုးဆက်များကို ဖြစ်လာနိုင်စေသည်။ တင်းတင်းကြပ်ကြပ် ကာကွယ်ထားသော ဤစမ်းသပ်ခန်းနှင့် သက်တန့်တောင်ကြားသည်ပင် နတ်ဆိုးဘုံမှ လုံးဝ ကွယ်ပျောက်သွားနိုင်ပေသည်။

ထိုမှော်စာပိုဒ် အပြည့်အစုံမှ အောင်အောင်မြင်မြင် ခွဲထုတ်ပြီးသည့်အခါ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ မှော်စာသင်္ကေတများ ပြန့်ကျဲသွားပြီး အလင်းရောင်များ ဖရိုဖရဲ ပန်းထွက်လာကာ လေဆာအမြောက်တစ်ခု ထိန်းချုပ်မှု ကင်းလွတ်နေသကဲ့သို့ ဖြစ်နေသည်။

တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ချန်လွေ့ အာရုံရသွားသည်။ ချက်ချင်းပင် သူသည် အကာအကွယ်ဒိုင်းကို အသက်သွင်းသည်။ သို့သော်လည်း ထိုအလင်း၏ ဖျက်ဆီးမှု စွမ်းအားသည် ပြင်းထန်လွန်းလှပြီး အကာအကွယ်ဒိုင်းကို ချက်ချင်း ပျက်စီးသွားစေသည်။ ထိုနေရာတွင် ဇိုလာလည်း ရှိနေသည်။ သူက လက်ဝှေ့ရမ်းလိုက်ရာ သူတို့ ပတ်လည်တွင် အလွန်ကြီးမားသော ဖောက်ထွင်းမြင်ရသည့် သုံးမြှောင့်ဖန်တုံးများ ပေါ်ထွက်လာသည်။ သောင်းကြမ်းနေသော အလင်းများက ထိုသုံးမြှောင့်ဖန်တုံးကို ထိသွားသည့်အခါ အချို့မှာ အလင်းပြန်သွားကြပြီး အချို့က အလင်းယိုင်သွားကြသည်။ သုံးမြှောင့်ဖန်တုံး၏ တည်ဆောက်ပုံမှာ လေးနက်ပြီး ထူးခြားလှသည်။ ယိုင်သွားသော အလင်းအချို့သည် အားနည်းသွားကာ အချို့မှာ ဂုဏ်သတ္တိပြောင်းလဲသွားကြသည်။ သို့သော်လည်း ဖောက်ထွင်းထောင့်များကြောင့် သုံးမြှောင့်ဖန်တုံးနောက်မှ လူနှစ်ယောက်ကိုထိရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

ဇိုလာ၏ မှော်အစွမ်းများမှာ ...... အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သည်။

သို့သော်လည်း ထိုအလင်း၏ ဖောက်ထွင်းစွမ်းအားမှာ မယုံနိုင်စရာကောင်းလှသည့် အတွက် သုံးမြှောင့်ဖန်တုံး တဖြည်းဖြည်း အက်ကွဲလာသည်။ ကံကောင်းစွာပင် “လေဆာအမြောက်” ပစ်ပြီးနောက် ခဏအကြာတွင် ၎င်းသည် တဖြည်းဖြည်း အားနည်းသွားသည်။ နောက်ဆုံး၌ ၎င်းသည် ရပ်တန့်သွားခဲ့ပြီး သုံးမြှောင့်ဖန်တုံးလည်း ပြိုလဲသွားတော့သည်။ ၎င်းသည် ကျောက်စင်မြင့်‌ပေါ်သို့ ပျံသွားပြီး ယခင်နှင့်မတူဘဲ အပြာရောင် တောက်ပသည့် စာသားများအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ၎င်းသည် အတော်လေး ငြိမ်သက်ပြီး လှပကာ အန္တရာယ်လုံးဝ မရှိနေသကဲ့သို့ပင် ဖြစ်နေသည်။

ချန်လွေ့ ..... ချွေးသုတ်ပြီး ပြောသည်။ “ဒီစာပိုဒ်ရဲ့ အဓိက စကားလုံးက ဖျက်ဆီးခြင်းရောင်ခြည် ဖြစ်မယ်။”

“ဖောက်ထွင်းခြင်းနဲ့ ဖျက်ဆီး၍ မရနိုင်ခြင်းကိုလည်း ထပ်ထည့်သင့်တယ်။” ဇိုလာက ဆက်ပြောသည်။ သူသည် အလျင်အမြန်ပင် ၎င်းတို့ကို မှော်ဟောစာထဲ၌ ရေးမှတ်ထားလိုက်သည်။ ၎င်းတို့သည် ပဏာမ အဓိပ္ပာယ် သတ်မှတ်ချက်များသာ ဖြစ်သည်။ ထိုမှော်စာ၏စွမ်းအားကို အမှန်ကတယ် အဖြေရှာပြီး ကျွမ်းကျင်ရန်အတွက် စမ်းသပ်မှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ပေသည်။

ချန်လွေ့က ဇိုလာ မှတ်တမ်းတင်နေသည်ကို စောင့်ဆိုင်းရင်း ပင့်သက်ရှိုက်ကာ ပြောသည်။ “ဒါဆို .... ဆက်လုပ်ကြတာပေါ့။”

ဇိုလာ ခေတ္တ တုံ့ဆိုင်းသွား၏။ ထို့နောက် သူက ချန်လွေ့၏ ပင်ပန်းနေသော မျက်နှာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “နင်....ခဏလောက် နားဖို့ မလိုဘူးလား။ ဒီ၂ရက်မှာ နင် နည်းနည်းမှ အနားမယူရသေးဘူး။”

ချန်လွေ့က အပြာရောင် မပြောင်းသေးသော နောက်ဆုံး စာ၃ကြောင်းကို ကြည့်ပြီး ခေါင်းခါသည်။ “မလိုပါဘူး။”

ဇိုလာက မျက်မှန်ကို ကိုင်ပြီး.....နှုတ်ခမ်းကို အသာလေး ကိုက်လိုက်သည်။ ရုတ်တရက် သူသည် လေထဲ၌ အံ့သြဖွယ်ရာ လမ်းကြောင်းတစ်ခုကို ရေးဆွဲသည်။ ချန်လွေ့သည် မိမိ၏ ခန္ဓာကိုယ်ထဲ၌ တစ်ခုခု တုန်ခါနေသည်ကို ခံစားလိုက်ရပြီးနောက် .... ၎င်းသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရသည်။

“နင့်ကိုယ်ပေါ်က အမှတ်အသားတွေကို အခုချက်ချင်း ဖယ်ရှားဖို့ခက်တယ်။ အချိန် အများကြီးကုန်မှာ။ ဒါပေမဲ့ အဲဒါကို ငါက နံပတ်စဉ်‌ရေတွက်တဲ့ ပုံစံအဖြစ် ပြောင်းလိုက်ပြီ။ အချိန်ကြာလာတာနဲ့ အလိုလို အားနည်းပြီးတော့ ပျောက်ကွယ်သွားလိမ့်မယ်။”

ချန်လွေ၏မျက်လုံးများ အရောင်တောက်သွား၏။ ငါ နားကြားမှားတာလား။ ခုနက ထင်ယောင်ထင်မှား ဖြစ်တာလား။ ဒီလိုဆိုရင် မလိုအပ်တဲ့ ပြဿနာတွေကို စိုးရိမ်နေစရာ မလိုတော့ဘူး။

မစ်-နတ်မိမယ်နဂါးရဲ့ ကိုယ့်ကျင့်တရား အရဆိုရင်တော့ ဒါက လုံးဝကို ပြောင်းပြန် ဖြစ်သွားတာပဲ။ မဟုတ်ဘူး။ သူက အသိတရား ဝင်သွားတာ ဖြစ်မယ်။

မူလက ချန်လွေ့သည် မစ်-ဟန်ဆောင်ငေးငိုင်၏ “အဆုံးမဲ့ နောက်ဆုံးအကြိမ်” အတွက် ပြင်ဆင်ထားခဲ့သည်။ သို့သော် ယခုတွင် ၎င်းကို စိုးရိမ်စရာ လိုတော့ပုံမရချေ။

အမှန်တကယ်၌ ချန်လွေ့လည်း ခံစားမိသည်။ အချိန်တချို့၌ စမ်းသပ်ပစ္စည်းနှင့် တောက်တိုမည်ရသမားအတွက် ဆက်ဆံပုံများသည် မသိမသာ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် သက်တန့်တောင်ကြားသို့ ချန်လွေ့ ပထမဆုံး ရောက်လာစဉ်ကနှင့် အခြေခံ အားဖြင့် မတူတော့ပေ။ ယခင်တစ်ခေါက် မြို့တော်မှ သူပြန်လာစဉ်က နတ်မိမယ်နဂါး မကျေမနပ်ဖြစ်နေသည့်အချိန်မှာပင် ထိုခံစားချက်သည် ပို၍ပြင်းထန်လာခဲ့သည်။

“မစ်-ဇိုလာ။ ခင်ဗျားက တကယ့်ကို စိတ်ကောင်းပြီးတော့ စာနာတတ်တဲ့ မိန်းမ တစ်ယောက်ပဲ။” ချန်လွေ့က ပထမဆုံးအကြိမ်အဖြစ် ဇိုလာကို စိတ်ရင်းနှင့် ချီးမွမ်းလိုက်သည်။

“ဘာပြောတယ်။” ဇိုလာက ငေးငိုင်လျက် မေးသည်။

“ဒါဆိုလည်း ...... ဆက်လုပ်ကြတာပေါ့။” ( ဒီခံစားချက်က ငါ့ကို စိတ်ကူးယဉ် အကြောက်တရားတွေနဲ့ တုန်လှုပ်စေတယ်။ ထားလိုက်တော့။ အခြေအနေကို ပိုပြီးတော့ ရှုပ်ထွေးအောင် မလုပ်တာ ပိုကောင်းမယ်။ )

“ အိုး ” ( ဟမ့်။ ငါ့ကိုထပ်ပြီး ချီးမွမ်းရင် သေမှာမို့လို့လား။ )

တစ်နာရီကြာပြီးနောက်

“မစ်-ဇိုလာ။ နောက်ဆုံးစာပိုဒ်က အဆင့်မြင့် ကွင်းဆက်မှော်စာ ထင်တယ်။”

မူလက ဇိုလာသည် မှတ်တမ်းတင်ပြီး ခွဲခြမ်းလေ့လာနေခဲ့သည်။ ချန်လွေ့ ပြောသည်ကို ကြားသည့်အခါ သူ တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူ အနီးကပ် ကြည့်လိုက်ရာ အံ့အားသင့်သွားပုံရသည်။ “ဒါက တကယ် အဆင့်မြင့် ကွင်းဆက်မှော်စာပဲ။ ၁၆ယွမ်နဲ့အထက် မှော်စာပိုဒ်‌တွေမှာပဲ အဆင့်မြင့်ကွင်းဆက် ဂုဏ်သတ္တိပါတာ။ ဒါဆိုရင် ဒီစာပိုဒ်က ငါတို့ နဂိုသတ်မှတ်ထားတဲ့ ၁၄ယွမ် အမျိုးအစားထက်ကို ကျော်လွန်နေတာပဲ။”

“အနည်းဆုံး ၁၆ယွမ်ပဲ။ ဒါဆို အန္တရာယ်လည်း တော်တော်များမှာ....” ချန်လွေ့ ခေတ္တ တုံ့ဆိုင်းသွားသည်။ “ဆက်ပြီး ခွဲထုတ်ချင်သေးလား။”

“ဒါပေါ့။ စိတ်မပူနဲ့။” ဇိုလာက ချန်လွေ့၏ရင်ဘက်ကို ပုတ်မိလုနီးပါးဖြစ်သွားပြီး အာမခံလိုက်သည်။ “နင့်ဘေးမှာ ငါတစ်ယောက်လုံး ရှိနေတာပဲ။ အန္တရာယ်တစ်ခုခု ဖြစ်မယ်ဆိုရင် ငါနင့်ကို သေချာပေါက် ကာကွယ်ပေးမှာပါ။”

ဒါပြီးရင် အမှောင်လကို ငါပြန်လို့ရပြီ။ ချန်လွေ့ ခဏတုံ့ဆိုင်းသွားနောက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာပြီး နောက်ဆုံး၌ ထိုအဆင့်မြင့် ကွင်းဆက်မှော်စာကို ဆွဲထုတ်နိုင်ခဲ့သည်။

ချက်ချင်းပင် ချန်လွေ့သည် မိမိ၏ဝိညာဉ် တုန်လှုပ်နေကြာင်း ခံစားလိုက်မိသည်။ အပြောကျယ်ပြီး နက်နဲသော အငွေ့အသက်တစ်ခု သူ၏မျက်နှာကို ရိုက်ခတ်သွားသည်။ ချက်ချင်းပင် ချန်လွေ့သည် ဖုန်မှုန့်ကဲ့သို့ သေးငယ်သွားသဖွယ် ခံစားမိသွားသည်။ သူ၏ လက်ရှိစွမ်းအားဖြင့် နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ကို ရင်ဆိုင်ရာ၌ ထိုကဲ့သို့ သေးသိမ်သည့် ခံစားချက်မျိုးပင် မခံစားခဲ့ရဖူးပေ။

ဇိုလာ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှု ရောင်ခြည်များ ပြည့်နှက်နေသည်။ သူ အလျင်အမြန် မှတ်တမ်းတင်လိုက်သည်။ “ဒါက.... ဒီထဲမှာ နတ်ဘုရား-တစ်ပိုင်းအဆင့် ပိုင်နက်ရဲ့ အငွေ့အသက် ပါနေတဲ့ပုံပဲ။”

ဇိုလာပြောသည်ကို ကြားသည့်အခါ ချန်လွေ့ အံ့အားသင့်သွားသည်။ နတ်ဘုရား-တစ်ပိုင်းအဆင့်ပိုင်နက်ရဲ့ အငွေ့အသက်တဲ့လား။ စွမ်းလှချည်လား။ ဒါက ကူးယူထားတဲ့ မှော်စာတစ်ခုပဲလေ။ ကြယ်ကြွေတမန်ဓားပေါ်မှ နဂိုချိပ်ပိတ်တောင် မဟုတ်ဘူး။

ဒါဆိုရင် ကြယ်ကြွေတမန်ဓားကို တကယ်ပဲ နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိလ်က ချိပ်ပိတ်ထားခဲ့တာလား။

တကယ်လို့ ငါသာ ရှေးမှော်စာတွေရဲ့ လျို့ဝှက်ချက်တွေကို နားလည်ပြီးတော့ ကျွမ်းကျင်သွားမယ်ဆိုရင် နတ်ဆိုးအရှင်သခင်အဆင့် အထက်မှာရှိတဲ့ နတ်ဘုရား-တစ်ပိုင်းအဆင့် နယ်ပယ်နဲ့ နတ်ဘုရားအဆင့်ကိုတောင် ရောက်နိုင်မှာလား။

ချန်လွေ့သည် တားမြစ်ပိုင်နက်တစ်ခုကို ထိမိလိုက်သကဲ့သို့ ခံစားမိသွားသည်။ ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် “သိပ္ပံပညာ”ကလည်း တားမြစ်ပိုင်နက်ကို စူးစမ်း လေ့လာတာပါပဲလေ။

ဒါက နောက်ပိုင်းမှာ ထိပ်ဆုံးကို ကျော်လွှားနိုင်မယ့် နည်းလမ်းများလား။

“ဒီကွင်းဆက်စာပိုဒ်အဆင့်က သေချာပေါက်ကို ၁၆ယွမ်ထက်ကျော်တယ်။ ၂၀ယွမ် လောက် ဖြစ်နိုင်တယ်။” စွမ်းအားကို ခံစားမိနေသကဲ့သို့ပင် ဇိုလာ၏မျက်လုံးများ အ‌ရောင်လက်သွား၏။

၂၀ယွမ်တောင်လား။ ဒါက သာမန် အန္တရာယ် မဟုတ်တော့ဘူး။ ချန်လွေ့ တုန်လှုပ်သွားသည်။ “မစ်-ဇိုလာ။ အခု ရပ်လိုက်ကြရအောင်။”

“မရပ်ဘူး။ ဒါက ပိုင်နက်စွမ်းအားရဲ့ အရိပ်အယောင်တစ်ခုပဲ။ ပြီးတော့ ငါလည်း ဒီမှာရှိတယ်။ ပြဿနာ မရှိပါဘူး။” ဇိုလာက ကြယ်များကဲ့သို့ပင် ရစ်ဝဲပြီး လှိုင်းထနေသော သင်္ကေတများကို ငေးကြည့်နေသည်။ “ပြီးတော့လည်း ငါအခု ရပ်တန့်လို့မရဘူး.....”

ဇိုလာ စကားပြောပြီးသည်နှင့် ကောင်းကင်တစ်ခွင်လုံးတွင် ခရမ်းရောင် လျှပ်စီး အလင်းရောင်များ လင်းလက်သွားသည်။ သူ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူ၏ဘေး၌ စက်ဝိုင်းခြမ်းပုံစံ လျှပ်စစ်ကွန်ရက်တစ်ခု ထွက်ပေါ်လာနှင့် သူနှင့်ချန်လွေ့ကို ကာကွယ် ပေးလိုက်သည်။ ခရမ်းရောင်လျှပ်စီး တစ်ခုပြီးတစ်ခုက လျှပ်စစ်ကွန်ရက်ကို ထိနေသည်။ ၎င်းသည် အဆက်မပြတ် တအိအိလှုပ်နေပြီး လျှပ်စီးစွမ်းအားကို စုပ်ယူကာ လှုံ့ဆော်နေ သကဲ့သို့ပင် ယိုယွင်းလာသည်။ လျှပ်စီးစွမ်းအားမှာ ကြီးမားလွန်းလှသည့်အတွက် ကွန်ရက်၏ စုပ်ယူနှုန်းသည် မလိုက်နိုင်တော့ပေ။ အချိန်မရွေး စုတ်ဖြဲနိုင်သော အန္တရာယ် ရှိနေသည်။ ဇိုလာသည် ဘောပင်ကိုင်ထားသော လက်ကို ဝှေ့ရမ်းလိုက်ရာ ကွန်ရက်ထဲသို့ အပြာရောင်အလင်းတစ်ခု ပေါင်းစပ်သွားသည်။ ကွန်ရက်၏ စုပ်ယူနိုင်စွမ်းကို ကြီးကြီးမားမား တိုးမြှင့်ပေးရန်အတွက် ရေဒြပ်စင်စွမ်းအားကို ပေါင်းထည့်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌ ၎င်းသည် တည်ငြိမ်သွားခဲ့သည်။

ချန်လွေ့သည် ဦးရေပြား၌ ထုံကျင်သလို ခံစားသွားရသည်။ ဒါက ပုံမှန်စမ်းသပ်မှုနဲ့ မတူဘူး။ အဲဒီလျှပ်စီးတွေ ငါ့ကို ထိသွားခဲ့ရင် ငါ့မှာ အထူးခန္ဓာအမျိုးအစား ရှိရင်တောင် သေချာ‌ပေါက် မီးသွေးတုံး ဖြစ်သွားလိမ့်မယ်။

စွမ်းအားကွန်ရက်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ဇိုလာက မှတ်တမ်းတင် တော့သည်။ “သုတ်သင်ခြင်းလျှပ်စီးပဲ။ အဆက်မပြတ် ကြိမ်နှုန်းရှိတဲ့ ၁၈ယွမ် စွမ်းအားလို့ ပဏာမ ယူဆရမယ်.....”

သောင်းကြမ်းနေသာ လျှပ်စီးများ တဖြည်းဖြည်း စုစည်းသွား၏။ ထို့နောက်တွင် အန္တရာယ်များ ရှိနေသေးသည်။ ဇိုလာ ကိုယ်တိုင်သည်ပင် အမှားလုပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ ချန်လွေ့သည် အဆက်မပြတ် ချွေးများပြန်နေ၏။ နှလုံးခုန်နှုန်းကို ဖရိုဖရဲဖြစ်စေသော မရဏကစားပွဲတစ်ခု ကစားနေရသကဲ့သို့ပင် ဖြစ်နေသည်။

ဇိုလာသည် အမှန်တကယ်ပင် အနည်းငယ် ကြောက်လန့်နေ၏။ သို့သော်လည်း ချန်လွေ့၏ စိုးရိမ်နေသာ အမူအရာကို မြင်သည့်အခါ အတော်လေး စိတ်အေးသွားသည်။ သူ ထပ်ပြောလိုက်သည်။ “နင် ဘာတွေ ဒီလောက် စိုးရိမ်နေတာလဲ။ ငါနင့်ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခု နင် ဘောပင်ကိုင်ပြီးတော့ ငါ့ကို မှတ်ထားပေး....”

ဇိုလာ စကားပြောပြီးသည်နှင့် ထူးခြားသော ပြောင်းလဲမှုများ ရုတ်တရက် ဖြစ်လာသည်။ စမ်းသပ်ခန်းတစ်ခုလုံး ထူးဆန်းသောနေရာတစ်ခု ဖြစ်သွား၏။ ပတ်ဝန်းကျင် နေရာများ၌လည်း အက်ကြောင်းများနှင့် ယိုယွင်းမှုများ ဖြစ်လာသည်။ လူနှစ်ယောက်အရှေ့၌ ဇိုလာ ကြိုတင်ထားထားခဲ့သော အကာအကွယ်ဒိုင်းများ တဖြည်းဖြည်း ပါးလာပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားသည်။ ဇိုလာ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး လွတ်ခနဲ ပြောလိုက်မိသည်။ “၂၀ယွမ်-အဆင့် ဒြပ်စင်ဝါးမျိုခြင်းလား။ အိုး...မဟုတ်ဘူး။ စိတ်ဝိညာဉ်စွမ်းအား ချုပ်တည်းခြင်းလည်း ပါသေးတယ်။”

ချက်ချင်းပင် ချန်လွေ့က စူပါစနစ်နှင့် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု ခံစားလိုက်ရသည်။ စူပါစနစ် ပျက်ယွင်းသွားခြင်း မဟုတ်ဘဲ ချန်လွေ့၏ စိတ်ဝိညာဉ် စွမ်းအားကို ထူးဆန်းသော စည်းမျဉ်းတစ်ခုက ချုပ်တည်းလိုက်ခြင်း ဖြစ်သည်။ သူ၏ စိတ်နှင့် ဆက်သွယ်ခြင်းကိုပင် တားဆီးခံလိုက်ရသည်။ ချန်လွေ့သည် စူပါစနစ်နှင့် မဆက်သွယ်နိုင်တော့ပေ။ သူ့တွင် အခြေခံဖြစ်သော ခန္ဓာကိုယ် စွမ်းအားသာ ကျန်တော့သည်။

နတ်မိမယ်နဂါးသည် သဘာဝ မှော်ပညာရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းလှသည်။ ဒြပ်စင်ဝါးမျိုခြင်းနှင့် စိတ်ဝိညာဉ် ချုပ်တည်းခြင်းတို့မှာ မှော်-ပိတ်ပင် ပိုင်နက်တစ်ခုနှင့် ညီမျှပေသည်။ နတ်မိမယ်နဂါး၏ အစွမ်းအထက်ဆုံး လက်နက်ကို ယူသွားလိုက်ခြင်းကဲ့သို့ပင် ဖြစ်သည်။

ထို့နောက် ချက်ချင်းပင် နေရာလွတ် ပျက်ယွင်းမှုများ ပြင်းထန်လာသည်။ ပြိုလဲခြင်းနှင့် မူမမှန် ပြတ်ရွေ့ကြောင်းများပင် ထွက်ပေါ်လာသည်။ ချန်လွေ့သည် ချက်ချင်းပင် ဇိုလာကို ပွေ့ဖက်ပြီး ‌ဘေးမှ ပြတ်ရွေ့ကြောင်းကို ရှောင်တိမ်းလိုက်သည်။

ဇိုလာသည် မျက်နှာပေါ်သို့ ပြေးဝင်လာသော အားကောင်းသည့် ဖိုဆန်သော အငွေ့အသက်ကိုသာ ခံစားလိုက်ရသည်။ သူ သတိထားမိသည့်အခါ သူ၏ခန္ဓာကိုယ်မှာ သယ်ဆောင်ခြင်း ခံနေရပြီး လေထဲသို့ တက်နေပြီ ဖြစ်သည်။

ငါ သတိမလစ်ဘဲနဲ့ နင်ကငါ့ကို ဖက်ရဲတယ်ပေါ့။

( ဒါနဲ့ အရင်တစ်ခေါက် ငါ့ကိုသူဖက်တုန်းက ငါ သတိလစ်နေဟန်ဆောင်ခဲ့တာပဲ... )

ချန်လွေ့သည် အကြိမ်များစွာ အထက်အောက် ရွေ့လျားနေခဲ့သည်။ နောက်ဆုံး၌ သူသည် အန္တရာယ်ကို ရှောင်တိမ်းနိုင်သွားသည်။ ဇိုလာက ချန်လွေ့၏ လက်ထဲမှ ရုန်းကန်ပြီး အပြစ်တင်ရန် ပြင်လိုက်စဉ် ချန်လွေ့၏ ပုခုံးကို ဖျပ်ခနဲ မြင်လိုက်မိသည်။ သွေးစက်များ ကျယ်ပြန့်လာနေ၏။ ခုနက ပြတ်ရွေ့ကြောင်းနေရာမှာ ကြောက်စရာကောင်းတဲ့ နေရာလွတ်ပိုင်းဖြတ်စွမ်းအားတွေ အပြည့်ပဲ။ သူသာ ငါ့ကို မခေါ်ထုတ်သွားခဲ့ရင် ငါ အပိုင်းပိုင်း ဖြစ်သွားမှာ စိုးရတယ်......

သူ ဒဏ်ရာတောင် ရခဲ့တယ်.....

ဇိုလာက မိမိ၏နှလုံးသား နူးညံ့သွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ဒီလူရဲ့ ရင်ခွင်က ‌တော်တော်လေး နွေးထွေးတာပဲ။ အရင်တစ်ခေါက်က ငါဘာလို့ သတိမထား မိခဲ့တာလဲ......

( အား။ ငါ ဒီအဆင့်မြင့် ကွင်းဆက်မှော်စာအကြောင်း စဉ်းစားနေရမှာ။ စိတ်ဝိညာဉ် ချုပ်တည်းခြင်း၊ ဒြပ်စင်ဝါမျိုခြင်းနဲ့ ဖျက်ဆီးခြင်းနေရာလွတ်ပိုင်နက် ..... )

ချန်လွေ့သည် ထိုအကြောင်းများကို ရှာဖွေရန် စိတ်ပင် မဝင်စား‌တော့ပေ။ ပတ်ဝန်းကျင် နေရာလွတ်သည် သိသိသာသာ ပြောင်းလဲလာနေသည်။ ပြိုလဲမှုများ၊ အက်ကြောင်းများနှင့် ဝဲကတော့များ ဆက်လက် ထွက်ပေါ်လာသည်။ နေရာတိုင်း၌ ကြောက်မက်ဖွယ်ရာ မရဏထောင်‌ခြောက်များ ရှိနေသည်။ ချန်လွေ့သည် မိုင်းနယ်မြေ တစ်ခုကို ဖြတ်သွားနေသော လက်နက်မဲ့စစ်သည် တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ သူသာ သတိမထားလျှင် လုံးဝသုတ်သင်ခံရပေမည်။

ဒါက စမ်းသပ်မှုတစ်ခုပဲ မဟုတ်လား။ ဘာလို့ ဒီလောက်တောင် အဖြစ်ဆိုးနေ ရတာလဲ။

မိန်းကလေးတစ်ယောက်က ငါ့ကိုကာကွယ်ပေးမယ်လို့ ခုနက အာမခံခဲ့သလိုပဲ။ အခုတော့ ဒီမိန်းကလေး အခု ငါ ကာကွယ်ပေးရတော့မယ်။

ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ။

အိုဆိုင်ဒန်နဲ့ ဘရော့ခ်ကို တိုက်ခိုက်ပြီးကတည်းက ငါ ကံဆိုးနေခဲ့တယ်။ ပထမဆုံး မြို့တော်မှာ ငါ့ကို ဇိုလာ ဖမ်းမိသွားခဲ့တယ်။ နောက်တော့ အမှောင်လက စစ်ပွဲကပ်ဘေး တစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်လို့ သတင်းဆိုးကြားခဲ့ရတယ်။ နောက်ဆုံးတော့ ငါ ဇိုလာကို နားချနိုင်ခဲ့တယ်။ နောက်ဆုံးစာပိုဒ်ကို ငါအပြီးသတ်ပြီးရင် ထွက်သွားလို့ရပြီ။ ဒါ‌ပေမဲ့ ဒီလို ချီးထုပ်အခြေအနေက ဖြစ်လာပြန်ပြီ။

အခုတော့ ငါက စူပါစနစ်ရဲ့အစွမ်းတွေ၊ တယ်လီပို့ခုန်တာ၊ အကာအကွယ်ဒိုင်း နဲ့ [ကြယ်တာရာဂိတ်] ကိုလည်း သုံးလို့မရတော့ဘူး။ ဒီကပ်ဘေးကနေ ငါ မလွတ်နိုင်တော့ဘူး ထင်တယ်။

မဟုတ်ဘူး။ ငါ ဒီမှာ သေလို့မရဘူး။

အမှောင်နယ်မြေက အခု ကပ်ဘေးအကြီးကြီးနဲ့ ရင်ဆိုင်နေရတယ်။ ပြီးတော့ အသီနာနဲ့ တခြားသူတွေလည်း အဲဒီမှာ ရှိနေကြတယ်။ ငါ အဲဒီကို အမြန်ဆုံး ပြန်မှဖြစ်မယ်။

ဒီ၂၀ယွမ် အဆင့်မြင့် ကွင်းဆက်မှော်စာမှာ နတ်ဆိုး-တစ်ပိုင်းအဆင့် ပိုင်နက်စွမ်းအား ရှိနေပေမဲ့ နောက်ဆုံးမှာ အားလျော့သွားမှာပဲ။ ဒီအချိန်အတောအတွင်း ငါ ကြံ့ကြံ့ခံနိုင်မယ်ဆိုရင် ဒါကို ဖြတ်ကျော်နိုင်မှာ သေချာတယ်။

စိတ်ပိုင်းဖြတ်ပြီးနောက် ချန်လွေ့သည် အနှောင့်အယှက်များကို ဘေးဖယ်ထားကာ ဖျက်ဆီးခြင်း အငွေ့အသက်များ အပြည့်ဖြစ်နေသော နေရာလွတ်ကို အပြည့်အဝ စိတ်နှစ်ထားလိုက်တော့သည်။

ရှောင်တိမ်းရင်း ရွေ့လျားပြီးနောက် ချန်လွေ့သည် အင်အားကို အဆုံးစွန်အထိ ထုတ်လိုက်ရသည်။ သူသည် ဇိုလာကို ပွေ့ဖက်ထားရင်း အန္တရာယ်များကို ထပ်ကာထပ်ကာ ရှောင်တိမ်းခဲ့သည်။ သို့‌သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ ပိုပို၍ တိုးလာနေသည်။

“ငါ့ကို အောက်ချပေး။” နောက်ဆုံး၌ ဇိုလာ မနေနိုင်တော့ဘဲ နှုတ်ခမ်းကိုက်ကာ ထပ်ပြောသည်။ ၎င်းမှာ လေးကြိမ်မြောက် ရှိပြီဖြစ်သည်။

သူသာ ဝန်ထုတ်ဝန်ပိုးမဖြစ်လျှင် ချန်လွေ့ တစ်ယောက်တည်း အသက်ရှင် နိုင်ချေမှာ ပိုများနိုင်သည်။ သူသည် ချုပ်တည်းနေသော နေရာလွတ်၏ သက်ရောက်မှု အချိန်မှ ဘေးကင်းကင်းနှင့် အသက်ရှင်နိုင်သည်။

“စကားပြောမနေနဲ့တော့။” ချန်လွေ့ အော်ပြောပြီး ခြေကိုဆောင့်ကန်ကာ နောက်ထပ် အန္တရာယ်ကို ရှောင်တိမ်းလိုက်ပြန်သည်။

နင်ကများ ငါ့ကို ဒီလိုမျိုး အော်ရဲတယ်ပေါ့။ ဇိုလာ တိတ်တဆိတ် အံကြိတ်လိုက်၏။ ထို့နောက် သူက ချန်လွေ့အား တမင်တကာမဟုတ်ဘဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

အချိန်တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ သို့သော်လည်း ထိုပိုင်နက်သည် အားလျော့သည့် လက္ခဏာများ လုံးဝ မပြသသေးပေ။ ပိုပို၍သာ အစွမ်းထက်လာသည်။ ထိုထဲ၌ အရာအားလုံး ပျက်သုဉ်းနေသည့် လက္ခဏာများသာ ရှိနေပုံရသည်။

ထိုကဲ့သို့ ပြင်းအားမြင့်မားသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားကြောင့် ချန်လွေ့၏ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးလာသည်။ ခန္ဓာကိုယ်မှ အလိုအလျောက် အစွမ်းသတ္တိများကြောင့်သာ မဟုတ်လျှင် သူသည် အမော့ဆို့ပြီး လဲကျသွားလောက်လေပြီ။

ပြိုလဲလုနီးပါး ဖြစ်နေချိန်၌ ချန်လွေ့၏ စိတ်အခြေအနေသည် ထူးဆန်းပြီး သိမ်မွေ့သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပုံရသည်။ ပထမဆုံးအကြိမ်အဖြစ် စူပါစနစ်၊ အထူးစိစစ်မှု နှင့် နေအဖွဲ့အစည်းတို့မှ အကူအညီ မရှိတော့ပေ။ သူ့ထံမှ လုံးဝဆင်းသက်လာသော နားလည်သဘောပေါက်မှု တစ်ခုသာ ရှိနေသည်။

ထိုနေရာလွတ်သည် ချုပ်တည်းခြင်းအားတစ်ခုသာ ဖြစ်ရုံသာမက သေစေနိုင်သော ဖျက်ဆီးခြင်းလည်း ဖြစ်သည်။ ၎င်းမှာ အလွန်သန့်စင်သော ဖျက်ဆီးမှုတစ်ခု ဖြစ်သည်။

ထိုကဲ့သို့ “ဖျက်ဆီးမှု”မျိုးကို ချန်လွေ့သည် တစ်နေရာရာ၌ ရေးရေးလေး ခံစားခဲ့ဖူးကြောင်း သတိရသွားသည်။ ဟုတ်တယ်။ ငွေသေတ္တာနဲ့ အသူရာ တို့ပဲ။

မဟုတ်ဘူး။ သိပ်ပြီးမမှန်သေးဘူး။ အဲဒီဖျက်ဆီးမှုစွမ်းအားက ပင်လယ်ဆိုရင် ငါ့အရှေ့က နေရာလွတ်အငွေ့အသက်က မြစ်တစ်စင်းသာသာပဲ။

ထာဝရရှင်သန်နိုင်တဲ့ ဘယ်တည်ရှိမှုကမှ ဖျက်ဆီးခြင်း စည်းမျဉ်းကနေ မလွတ်မြောက်နိုင်ဘူး။

သေခြင်းနဲ့ရှင်ခြင်းဟာ နဂိုကတည်းက စကြဝဋ္ဌာထဲမှာ အရိုးရှင်းဆုံးနဲ့ အခမ်းနားဆုံး အမှန်တရားပဲ။

ရုတ်တရက် ချန်လွေ့သည် ဉာဏ်အလင်း ရသွားခဲ့သည်။ သူ၏လက်ထဲရှိ နတ်မမယ် နဂါးသည် စွမ်းအားဆုံးရှုံးသွားခဲ့သော်လည်း နတ်ဆိုးအရှင်သခင်ဆင့် အမြင်များ ရှိနေသေးသည်။ သူသည် ချက်ချင်းပင် ချန်လွေ့၌ ပြောင်းလဲမှုများ ဖြစ်လာနေသည်ကို ချက်ချင်း သတိထားမိသွားသည်။

ဒီနေရာလွတ်ထဲက ဖျက်ဆီးခြင်းစွမ်းအားက တဖြည်းဖြည်း အားကောင်းလာတယ်။ တကယ်လို့ အဲဒီအန္တရာယ်များတဲ့ နေရာတွေကို သူမသွားရင်တောင် ကြောက်စရာ ဖျက်ဆီးခြင်း အငွေ့အသက်က အထဲမှာ ရှိတဲ့ သက်ရှိတွေကို ဖျက်ဆီးနိုင်သေးတယ်။

သို့သော်လည်း နတ်မိမယ်နဂါးက သူနှင့်ချန်လွေ့တို့သည် ယခင်ကဲ့သို့ ရှောင်တိမ်း နေသည်ထက် ပို၍အန္တရာယ်ကင်းနေကြောင်း “စိတ်ထင်” နေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက နတ်ဘုရား-တစ်ပိုင်းအဆင့် ပိုင်နက်ရဲ့ အငွေ့အသက်တစ်ခုပဲ ဖြစ်ပေမဲ့ နတ်ဘုရား-တစ်ပိုင်းအဆင့်တွေပဲ နားလည်နိုင်တဲ့ စည်းမျဉ်းတစ်ခု ရှိနေသေးတယ်။ ဒီကောင်က နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ သူက ဘယ်လိုလုပ်ပြီးတော့ နတ်ဘုရား-တစ်ပိုင်းအဆင့် စည်းမျဉ်းကို သည်းခံပြီးတော့ အဲဒါကိုတောင် ဘယ်လိုလုပ်‌ ကျော်လွန်နိုင်ရတာလဲ။

ထိုခံစားချက်သည် တဖြည်းဖြည်း အားပိုကောင်းလာသည်။ နေရာလွတ်ထဲ၌ ဖရိုဖရဲ ဖြစ်နေသော်လည်း သူတို့နှစ်ယောက်မှာ ဘေးမှကြည့်နေသကဲ့သို့ပင် ဖြစ်နေပြီး ပျက်ဆီးခြင်းနှင့် သေဆုံးခြင်းကို “အပြင်ဘက်မှ” မျက်မြင်တွေ့နေရသည်။

တုန်ခါနေပြီး ပျက်ဆီးနေသော နေရာလွတ် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် မြင်ကွင်းများမှာ စမ်းသပ်ခန်းအဖြစ်သို့ ပြန်လည် ဖြစ်ပေါ်လာသည်။ ချန်လွေ့သည် စိတ်ဝိညာဉ်နှင့် ရုပ်ပိုင်းဆိုင်ရာအင်အား အလွန်ပင် ကုန်ခမ်းသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ဟန်ချက်မညီတော့ဘဲ ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ထိုင်ချလိုက်တော့သည်။

All Chapters