ယုံကြည်မှု
Vol. 26 Ch. 382
ယခင်ရှည်ကြာလှသော အကြိတ်အနယ် တိုက်ပွဲနှင့်ယှဉ်လျှင် ယခုတွင် ချန်လွေ့နှင့် ဇိုလာတို့၏ အချိန်မှာ ပို၍တိုတောင်းလှသည်။ သို့သော်လည်း ထိုခံစားချက်သည် ယခင်က အသိစိတ်မဲ့နေသော အခြေအနေနှင့် ယှဉ်၍မရပေ။
ချန်လွေ့အပေါ် ဇိုလာ၏အကြည့်လည်း ယခင်နှင့် မတူတော့ပေ။ ရှားရှားပါးပါး ကြင်နာမှုများပြည့်နှက်နေပြီး ..... အမှန်တကယ်ပင် နူးညံ့နေ၏။
တစ်ချိန်က ငရဲနှင့်တူသော သက်တန့်တောင်ကြားသည် နူးညံ့သိမ်မွေ့သော အိမ်တစ်လုံး ဖြစ်လာသည်။
ပုံမှန်ဆိုလျှင် ချန်လွေ့သည် ဇိုလာနှင့် ဆက်နေမည်မှာ သေချာသည်။ သို့သော် ယခုတွင် အမှောင်လမြို့ အခြေအနေမှာ အလွန်ပင် အရေးကြီးနေသည့်အတွက် သူ ဆက်ပြီးနေ၍ မရနိုင်တော့ပေ။
“တောင်းပန်ပါတယ်။ ဇိုလာ။ အနည်းဆုံး တစ်လ။ အများဆုံး ၃လပါပဲ။ ကိုယ် သေချာပေါက် ပြန်လာမှာပါ။ အဲဒီအချိန်ကျရင် ကိုယ်မင်းကို ကိစ္စတွေ အများကြီး ပြောပြမယ်။ ကိုယ်ပြန်လာမှာကို စောင့်နေပေးပါ။ ဟုတ်ပြီလား။”
ဇိုလာသည် ခေါင်းညိတ်ရန်ပင် အားမရှိတော့ပေ။ သို့သော်လည်း ချန်လွေ့သည် သူ၏မျက်လုံးထဲမှ အဖြေကို ဖတ်နိုင်သည်။ ချန်လွေ့ ကျေနပ်စွာြဖင့် ခေါင်းညိတ်ပြီး ဇိုလာ၏ နဖူးကို အကြင်နာပေးလိုက်သည်။ ထို့နောက် ဇိုလာအား အိပ်ယာပေါ်သို့ ချီသွားကာ ဂွမ်းစောင်ဖြင့် ဖုံးပေးပြီး သက်တန့်တောင်ကြားမှ ထွက်သွားတော့သည်။
( ဒီကောင်စုတ်က တကယ်ကြီး ထွက်သွားတာပဲ....။ ဒါပေမဲ့ ငါ့နှလုံးသားက အေးချမ်းနေတယ်။ တစ်ခုခု ငါ့ကို ထောက်ပံ့ပေးနေသလိုမျိုးပဲ။ )
( နည်းနည်းတော့ ထူးဆန်းတယ်။ ဒြပ်စင်တွေနဲ့ အချိတ်အဆက်က ပိုပြီးတော့ သန့်စင်သွားသလိုပဲ။ ဒီလိုကိစ္စမျိုးတွေကို လုပ်တာက ငါ့ရဲ့စွမ်းအားကို တိုးစေနိုင်တာ များလား။ ဒီကိစ္စကို သေသေချာချာ သုတေသန လုပ်ရမယ့်ပုံပဲ။ ပြီးတော့ အဲဒီ ကျောက်ပြားတွေကိုလည်း နောက်ဆုံးတော့ အားလုံး ရခဲ့ပြီ...... )
( အာ...ဒီအကြောင်းတွေ နောက်မှ စဉ်းစားတာပေါ့။ ငါအခု ပင်ပန်းနေပြီ။ အိပ်ပဲ အိပ်ချင်တော့တယ်..... )
( တစ်လနော်။ နင် မလိမ်ရင်ကောင်းမယ်။ မဟုတ်ရင် ပင်လယ်သေ အဆုံးအထိ လိုက်ရှာရရင်တောင် ငါနင့်ကို အမိဖမ်းပစ်မယ်။ )
သက်တန့်တောင်ကြားမှ ချန်လွေ့ ထွက်လာခဲ့သည်။ အသစ်ရရှိထားသော အစွမ်းထက်အားအင်ကြောင့် သူသည် မပင်ပန်းနေဘဲ စွမ်းအင်အပြည့် ဖြစ်နေသည်။
အမှန်တကယ်တွင် သူ၏နဂိုအကြံအစည်မှာ ဇိုလာအား ညင်သာသော နည်းလမ်းများဖြင့် တည်ငြိမ်အောင် ပြုလုပ်ရန် ဖြစ်သည်။ သို့မဟုတ်ပါက ထိုမယုံရသော နဂါးမ ပေါက်ကွဲပြီး အမှောင်လနယ်မြေတစ်ခုလုံး ပြောင်းပြန် ဖြစ်သွားနိုင်ပေသည်။ မြေဒြပ်စင်ဘုရင်နှင့် ပါ့ဂ်လီအိုတို့ပြင် နောက်ဆုံး၌ မြေမြှုပ်ခံလိုက်ရပေမည်။ လက်ရှိ အခြေအနေအရ ဝံပုလွေချော နည်းဗျူဟာ...လူချော နည်းဗျူဟာက အောင်မြင်နေတုန်းပဲ။
ဒါကြောင့် ဆာ-ဖရော့ထ်ရဲ့ ဒီလိုမျိုး နာမည်ကျော် စကားတစ်ခွန်းကို ပြောခဲ့တာကိုး။ လိင်ပိုင်းဆိုင်ရာ အာသီသက လူသားတွေ အောင်မြင်မှုအားလုံးရဲ့ အရင်းအမြစ်ပဲ။
ဒါပေမဲ့ ငါမှတ်မိသလောက်ဆို အဲဒီလူက ပါးစပ်ကင်ဆာနဲ့ ဆုံးသွားခဲ့တာ။
(...)
ဒါနဲ့ အစ်မ ကျန်းအိုင်လင်လည်း ပြောထားသလားလို့။ မိန်းမတစ်ယောက်ရဲ့ နှလုံးသားဆီ သွားတဲ့လမ်းက ချစ်တင်းနှောခြင်းက တစ်ဆင့်တဲ့....
၎င်းသည် လိုက်ဖက်ရန် လိုအပ်သော စွမ်းအားကြီး စကားတစ်ခွန်း ဖြစ်သည်မှာ သေချာသည်။ သို့သော်လည်း ခုနက သူတို့နှစ်ယောက်သည် လုံးဝ ပေါင်းစပ်နေခဲ့သည်။ ချန်လွေ့သည် ဇိုလာ၏နှလုံးသားကို ခံစားမိသည်။ ၎င်းသည် ကွယ်ဝှက်ထားပြီး စိတ်ဓာတ်ကျနေ၏။ သူ့ကိုယ်တိုင်အတွက်သာမက ချန်လွေ့အတွက်လည်း ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာကြာအောင် ဇိုလာသည် တစ်ကိုယ်တည်း ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ရူးမိုက်သော စမ်းသပ်ချက်များသည် အထီးကျန်မှုကို ခံစားသည့် အလေ့အကျင့်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
မရည်ရွယ်ဘဲ ဖော်ပြလိုက်မိသော ထူးထူးခြားခြား ကြင်နာမှုသည် လူအများကို ယစ်မူးစေခဲ့သည်။ ဝိုင်အရက် ပိုပြင်းပြင်းလေလေ၊ အရသာ ပိုချိုလေလေပင် ဖြစ်သည်။
( ဟန်ဆောင် ငေးငိုင်တာပဲဖြစ်ဖြစ်၊ စိတ်နှလုံးမကောင်းတာပဲဖြစ်ဖြစ်၊ မယုံကြည် ရတာပဲဖြစ်ဖြစ်၊ သူက မိန်းမတစ်ယောက်ပဲ။ ငါ့မိန်းမပေါ့။ နောက်ပိုင်းမှာ ဒီဝိုင်ပုလင်းကို မြည်းဖို့အတွက် ငါ့မှာ အချိန်တွေ အများကြီး ရှိသေးတယ်။ အခု ပထမဆုံး ဦးစားပေးက ငါ့ရဲ့ သဘောအကျဆုံး မိန်းမတွေနဲ့ အယုံကြည်ရဆုံး မိတ်ဆွေတွေရှိတဲ့ အမှောင်လနယ်မြေကို အမြန်သွားဖို့ပဲ။)
ချန်လွေ့သည် ဂရစ်ဖင်းတစ်ကောင်ကို ရှာတွေ့သွားသည်။ သူသည် အမှောင်လ နယ်မြေဘက်သို့ အရှိန်ကုန် ပျံသန်းသွားလိုက်သည်။
လမ်းတစ်လျှောက်၌ သူသည် စိတ်အေးအေးထားရန် အချိန်ရခဲ့ပြီး စူပါစနစ်ထဲ ဝင်ရောက်ကာ “ပွပေါက်”များကို စစ်ဆေးကြည့်ရှုလိုက်သည်။
စူပါစနစ်ထဲ၌ ကြယ်စင်စုထဲရှိ ထူးဆန်းသော မြူခိုးများ ပျောက်ကွယ်သွားပြီး ယခင်ကဲ့သို့ ငြိမ်းချမ်းနေသည်။ သို့သော် စူပါစနစ်ပိုင်ရှင်နှင့် ကြယ်စင်စုတစ်ခုလုံးကို ထိန်းချုပ်သူတစ်ယောက် ဖြစ်သည့်အလျောက် ချန်လွေ့သည် ထိုကြယ်စင်စုမှာ ယခင်နှင့် မတူတော့ကြောင်း ခံစားနေရသည်။
သူ၏အကြည့်သည် အလင်းရောင်များ တလက်လက် တောက်ပခဲ့သော ဂြိုလ်ပြာသို့ ရောက်ရှိသွားသည်။ သူ၏အသိစိတ်က ချက်ချင်းပင် ပင်လယ်၊တောင်တန်း၊ မြစ်၊ သစ်တောများ စသည်တို့အပါအဝင် ဂြိုလ်တစ်ခုလုံးကို လွှမ်းမိုးလိုက်သည်။ အိုး.. အဲဒါတွေက တိရစ္ဆာန်တွေပဲ။ လူ....လူသားတွေတောင် ရှိနေတာလား။
လူသားတို့သည် မြေကမ္ဘာမှနှင့် ချွတ်စွပ်ပင် ဖြစ်သည်။ သို့သော် လူမှုအဖွဲ့အစည်းမှာ သိပ်ပြီး မတိုးတက်လှသေးပေ။
ချန်လွေ့ အံ့အားသင့်သွားသည်။ လေဟာနယ် ဟင်းလင်းပြင်ကနေ အထီးကျန်တဲ့ နေအဖွဲ့အစည်း၊ အဲဒါကနေ ပင်လယ်တွေနဲ့ အပင်တွေရဲ့ ဆင့်ကဲပြောင်းလဲတာ။ ဒီစူပါစနစ်က အခုဆိုရင် တိရစ္ဆာန်နဲ့ လူသားတွေလိုမျိုး အဆင့်မြင့်သတ္တဝါတွေကိုတောင် အတုခိုးနိုင်နေပြီ။ ဒါက အတုအပ မဟုတ်ဘူး။ ဒီခံစားချက်.....ဒါက တကယ့် သက်ရှိပဲ။
ကိုယ်ပိုင်အတွေးနဲ့ အမှီအခိုကင်းတဲ့ အသိစိတ်ရှိတဲ့ ဘဝတစ်ခုပဲ။ ထိန်းချုပ်ခံရတဲ့ လမ်းလျှောက်အလောင်းကောင်တွေ မဟုတ်ဘူး။
၎င်းသည် မည်သည်ကို ဆိုလိုကြောင်း ချန်လွေ့ မသိပေ။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ အဆင့်မြင့်သက်ရှိများ ပေါ်ထွက်လာခြင်းသည် အရည်အသွေးအရ ပြောင်းလဲသွားကြောင်း ကိုယ်စားပြုပေမည်။ တစ်နည်းပြောရလျှင် ကြယ်အဆင့် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။
ချန်လွေ့၏ အသိစိတ်သည် ကြယ်စင်စု နတ်ဘုရားကျောင်းထဲသို့ ပြန်ရောက်သွား၏။ အခြေအနေပြ ဇယား၏ အလင်းမျက်နှာပြင်၌ သုံးဖက်မြင် လူသား ခန္ဓာကိုယ်ထဲမှ အလင်းလုံးသည် ၅လုံး ဖြစ်သွားသည်။ နဂို အဖြူရောင် “အယ်ခိတ်”၊ အဝါရောင် “မိုင်ဇာ”၊ အပြာရောင် “အလီယော့သ်”၊ အနီရောင် “မယ်ဂရီဇ်” အပြင် နောက်ထပ် ခရမ်းရောင် “ဖက်ဒါ” ရှိနေသည်။
ဖက်ဒါ။
ဂုဏ်ပုဒ် - ကြယ်တာရာအရှင်သခင်။
ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ် ၅ ပွင့်။
အတွေ့အကြုံတန်ဖိုး - သုည% ။
အရှိန်အဝါ တန်ဖိုး - ၁၅၄.၉ သန်း။
စွမ်းအားအကဲဖြတ်မှု - [ A+ ]
ချန်လွေ့ ငိုချမိလုမတတ် ဖြစ်သွားခဲ့သည်။ ဒါက တော်တော် မလွယ်ဘူး။ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ချိန်တွေကိုပါကို တွက်မယ်ဆိုရင် ကြယ်၄ပွင့်ကို ဆင့်ကဲပြောင်းလဲပြီးတာ အခန်း(၁၀၀) ကျော်သွားပြီ။ အဲ.... အနှစ်၁၀၀ ကျော်ပြီပြောတာ။
ဒီ မယ်ဂရီဇ်အခြေအနေက တကယ့်ကို လှည့်ဖြားတတ်တာပဲ။ အချိန်တော်တော် ကြာကြာ နားလည်အောင် လုပ်ပြီးတဲ့နောက်မှာ ငါက အသူရာရဲ့စွမ်းအားတွေ အားလုံးနဲ့ ပိုင်နက်ရယ်၊ ဖျက်ဆီးခြင်းရယ်ကို သင်ယူနိုင်ခဲ့တယ်။ အဆုံးမှာ ငါ “လိင်ဆက်ဆံ”ရင်း အဆင့်တက်သွားတယ်။ နောက်ဆုံး တစ်ခါတည်းနဲ့ ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို ရောက်သွားခဲ့တယ်။
ဒီကြီးမားတဲ့ အကျိုးရလာဒ်က တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။ အဆင့်တက်သွားတဲ့ အကြောင်းရင်းက ရှေးမှော်စာထဲက လျို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားအချို့ရဲ့ လှုံ့ဆော်မှု ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခြေခံစည်းမျဉ်းကို သဘောပေါက်တဲ့ အတွက်ကြောင်းလည်း ဖြစ်နိုင်တယ်။ ဇိုလာ၏ ခန္ဓာအမျိုးအစားကြောင်းလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လိင်ဆက်ဆံနေတုန်း စိတ်အခြေအနေနဲ့ သက်ဆိုင်တာလည်း ဖြစ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နောက်ဆုံးတော့ ငါ “အဆင့်တက်” သွားခဲ့ပြီ။
ချန်လွေ့သည် အကျင့်အတိုင်း ကြယ်၅ပွင့် အစွမ်းသစ်ပင်ကို အရင်စစ်ဆေးသည်။
ယခုတစ်ခေါက်တွင် နောက်ထပ် အစွမ်း(၄)မျိုး ရှိနေသည်။
[ နှစ်သွယ်လေ့ကျင့်ရေး ] (အလိုအလျောက်အစွမ်း) - ဝိညာဉ်နှင့် အသက် နှစ်ခုစလုံးကို လေ့ကျင့်ခြင်း။ ကိုယ်နှင့်စိတ် လေ့ကျင့်ရေး ထပ်တိုးမြှင့်။ စွမ်းအားထပ်တိုး။ ထပ်တိုး သက်ရောက်များမှာ အဆင့်နှင့်အချိုးကျသည်။ နောက်ထပ် မှတ်ချက်တစ်ခုက အချိန် တစ်ခုခု၌ အထူးသက်ရောက်မှုများ ရှိလာမည့်အကြောင်း ဖြစ်သည်။
ပထမတစ်ခေါက် ကြည့်သည့်အခါ [ နှစ်သွယ်လေ့ကျင့်ရေး ] သည် “တုံရွှမ်ကျိ” နှင့် “အင်ပါယာ ကောင်မလေး” ကဲ့သို့သော “လိင်ပိုင်းဆိုင်ရာ”အစွမ်းတစ်ခုနှင့် တူပုံရသည်။ ၎င်းမှာ တရုတ်တို့၏ တာအိုဝါဒမှ နီတန်ကျင့်စဉ်ရှိ ဝိညာဉ်နှင့်အသက် နှစ်သွယ် လေ့ကျင့်ခြင်းနှင့် တူနေခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောမည်ဆိုလျှင် အထွတ်အထိပ်သို့ စွမ်းအားနီးကပ်လာလေလေ တိုးတက်ရန် ခက်ခဲလာလေလေပင် ဖြစ်သည်။ ၎င်းသည် လေ့ကျင့်ရေးသက်ရောက်မှုကို မြန်ဆန်စေပြီး စွမ်းအားကို တိုးတက်စေသည်။ ၎င်းသည် အတော်လေး ကောင်းမွန်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။
[ ကြယ်တာရာလမ်းလွှဲ ] (အသုံးချအစွမ်း) - ရန်သူ၏ တိုက်ခိုက်ရေးအစွမ်း အားလုံးကို လမ်းကြောင်းပြောင်းပေးနိုင်။ အသုံးပြုနိုင်ချိန်မှာ ၁၀စက္ကန့် ဖြစ်သည်။ တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရမည်။ တစ်ခါသုံးလျှင် အရှိန်အဝါ ၁၀၀၀ ကုန်ဆုံးမည်။
ထိုအစွမ်းသည် ကျင်းယုံ၏ သိုင်းဝတ္ထုများထဲရှိ မုရုံမိသားစု၏ “ကြယ်ရွှေ့ပြောင်း” သိုင်းကို သတိရစေသည်။ သို့သော်လည်း ၎င်းသည် တိုက်ခိုက်မှုကို ရန်သူထံသို့ ပြန်ပြောင်းခြင်း ဖြစ်သည်။ [ ကြယ်တာရာလမ်းလွှဲ ] ၏ အစွမ်းမှာ ကုလုံရေးသော “အစားထိုး”သိုင်းနှင့် အတော်လေး နီးစပ်လှသည်။ ၁၀စက္ကန့်သာ ဖြစ်သော်လည်း အလွန် ကြီးမားသော တိုက်ကွက်များ၌ မမျှော်လင့်ထားသော အံ့သြဖွယ်ရာများ ဖြစ်လာမည်မှာ သေချာပေသည်။
[ ပျံသန်းခြင်း ] (အသုံးချအစွမ်း) - ပျံသန်းအစွမ်း။ လေထဲ၌ လှုပ်ရှားမှုနှင့် အရှိန်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်။ တစ်မိနစ်လျှင် အရှိန်အဝါ ၁၀ယူနစ်။ “အသံဗုံး”စတန့် တစ်ခုလည်း ရှိ။ ချက်ချင်း အရှိန်ပြင်းပြင်း ပျံသန်းနိုင်။ အရှိန်အဝါ ၃၀၀၀ ကုန်ကျ။ တစ်နာရီလျှင် ၂ကြိမ်သာ အသုံးပြု၍ရ။
[ တော်ဝင်ကြယ်တရာ အသွင်ပြောင်းခြင်း ] (အသုံးချအစွမ်း) - အချိန်အတိုင်းအတာ တစ်ခုအထိ အစွမ်းထက်သော တိုက်ခိုက်အရေးအသွင်သို့ ပြောင်းလဲနိုင်။ အသေးစိတ် အသွင်ကိုမူ မသိရသေး။ အရှိန်အဝါ တစ်သိန်းနှင့် ယုံကြည်မှုသလင်းကျောက် ၁၀၀၀ ကို အသုံးပြုရန်လိုအပ်။
အသွင်ပြောင်းတာလား။ အသေးစိတ် အသွင်ကိုတော့ မသိရသေးဘူး။ ဧကန္တ အာထရာမင်းများလား။ မိတ်ဆက်ကို ကြည့်ရတာတော့ ဒါက ကြယ်၅ပွင့် ကြယ်တာရာ အရှင်သခင်ရဲ့ အစွမ်းအထက်ဆုံး တိုက်ပွဲအစွမ်း ဖြစ်မယ်။
အရှိန်အဝါ သုံးစွဲခြင်း တန်ဖိုးအပြင် “ယုံကြည်မှုသလင်းကျောက်”လည်း ရှိနေသည်ကို ချန်လွေ့ သတိထားမိသွားသည်။
ရုတ်တရက် ချန်လွေ့ သတိရလိုက်သည်။ နတ်ဘုရားအဆင့် ပိုင်နက်က နတ်ဆိုးအရှင်သခင်အဆင့်၊ နတ်ဆိုးဧကရာဇ်အဆင့်တွေနဲ့ မတူဘူးလို့ ဇိုလာပြောခဲ့တယ်။ သူတို့က မြင်ကွင်းတွေကို တည်ဆောက်ဖို့အတွက် သဘာဝစွမ်းအားကိုလည်း အသုံးချသလို အသက်တည်ရှိမှုကိုလည်း အသုံးချတယ်။ အဲဒါကို [နတ်ဘုရားတိုင်းပြည်] လို့ ခေါ်တယ်။
နတ်ဆိုးဘုံနှင့် လူသားလောကမှ ယုံကြည်သူများ၏ ကိုးကွယ်မှုစွမ်းအားနှင့် ယှဉ်လျှင် [ နတ်ဘုရားတိုင်းပြည် ] မှ ယုံကြည်မှုစွမ်းအားသည် နတ်ဘုရားများအတွက် အခြေခံအကျဆုံး စွမ်းအားအရင်းအမြစ်ပင် ဖြစ်သည်။ သို့မဟုတ်ပါက အပြင်လောက၌ ကိုးကွယ်မှုစွမ်းအား ကုန်ဆုံးသွားလျှင် သူ၏စွမ်းအား ဆုံးရှုံးသွားပြီး သာမန်လူသား တစ်ယောက် ဖြစ်သွားမည် မဟုတ်ပါလား။
ယုံကြည်မှု သလင်းကျောက်.....ဒါက ယုံကြည်မှုစွမ်းအားနဲ့ သက်ဆိုင်နေနိုင်တယ်။
ဒါဆို ဒီသီဝရီအတိုင်းဆိုရင် ဂြိုလ်တွေ ...... သက်ရှိတွေနဲ့.... စူပါစနစ် တစ်ခုလုံးက နတ်ဘုရားတိုင်းပြည် ဖြစ်မနေဘူးလား။ ဒါဆို ငါက နတ်ဘုရားတိုင်ပြည်ရဲ့ .... နတ်ဘုရားလား။
ချန်လွေ့ ခေါင်းခါသည်။ မဖြစ်နိုင်ဘူး။ ငါက နတ်ဘုရားစွမ်းအားနဲ့ အလင်းနှစ်လောက် ဝေးကွာနေသေးတယ်။ ပြီးတော့ ဒါက နိုင်ငံလိုမျိုး ပိုင်နက်မဟုတ်ဘူး။ တကယ့် ကြယ်စင်စု စနစ်တစ်ခုပဲ။ လှည့်ဖြားတတ်တဲ့စနစ်....အဲ...စူပါစနစ်က တခြား လောကတစ်ခုဆီ ငါ့ကို ခေါ်သွားခဲ့တာ။ ဒါက နဂိုကတည်းက လျို့ဝှက်ဆန်းကြယ်ပြီး ထူးခြားတဲ့ ဆင့်ကဲပြောင်းလဲခြင်း စနစ်တစ်ခုပဲ။ ဒီလောကရဲ့ အယူအဆကို ငါ အသုံးချလို့ မရလောက်ဘူး။
ဒါပေမဲ “ယုံကြည်မှုသလင်းကျောက်” က တကယ့်ကို စိတ်ဝင်စားစရာပဲ။
အသစ်ရရှိထားသော အစွမ်း၄ခုအပြင် မူရင်း “သရုပ်ခွဲမျက်လုံး” သည်လည်း [အစစ်အမှန် သရုပ်ခွဲမျက်လုံး] အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားသည်။
ဂရစ်ဖင်းကို [ သရုပ်ခွဲမျက်လုံး ] ဖြင့် ကြည့်သောအခါ ဤသို့ ပြသသည်။
မျိုးနွယ် - ဂရစ်ဖင်း။
စွမ်းအားအကဲဖြတ်မှု - E+ (E+)
ခန္ဓာအမျိုးအစား - E
ခွန်အား - E
စိတ်ဝိညာဉ် - E-
မြန်ဆန်မှု - E+
စိစစ်ချက် - လေဂုဏ်သတ္တိများ။
[ E+ ] မှာ လက်ရှိစွမ်းအားအဆင့် ဖြစ်သည်။ အမှန်အတကယ် စွမ်းအား အစစ်အမှန်ကို ဝိုက်ကွင်းထဲ၌ ခန့်မှန်ထား၏။ နောက်ဆုံး လေဂုဏ်သတ္တိမှာ [ အစစ်အမှန် သရုပ်ခွဲမျက်လုံး ] သည် ထပ်တိုးစိစစ်ချက်များ ပါဝင်လာကြောင်း ပြသနေသည်။ ၎င်းသည် တစ်ဖက်လူ၏ စွမ်းအား အစစ်အမှန်ကို တိတိကျကျ သိနိုင်သည်။ ၎င်းသည် [သရုပ်ခွဲမျက်လုံး]၏ နောက်ဆုံးအဆင့် ဖြစ်ပေသည်။
[ အရှိန်အဝါဓားသွား ] သည်လည်း “စစ်မှန်သောစနစ်”၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
[ အစစ်အမှန် အရှိန်အဝါဓားသွား ] - ကြယ်စွမ်းအား တိုက်ခိုက်မှုအစွမ်း။ လက်ဝါးသည် ထက်မြက်လှသော ဓားသွားကဲ့သို့ ဖြစ်သွားပြီး အသုံးပြုသည့်အခါ တစ်ဖက်လူ၏ ခုခံမှုစွမ်းအားကို အားနည်းစေပြီး လစ်လျူရှုနိုင်သော “အရှိန်အဝါ အားနည်းခြင်း”ကို ထုတ်သုံးနိုင်မည့် အခွင့်အရေးတစ်ခု ရှိသည်။ ဝိညာဉ် အခြေအနေကို တိုက်ရိုက် တိုက်ခိုက်နိုင်သည်။ တစ်မိနစ်လျှင် အရှိန်အဝါ ၁၀၀၀ ကုန်ကျမည်။ အချိန် အကန့်အသတ် မရှိပေ။
နေရာပြန့်အစွမ်းဖြစ်သော [ အစစ်အမှန် အရှိန်အဝါဖျက်ဆီးခြင်း တိုက်ကွက် ] လည်း ရှိသည်။ မီတာ ၃၀ပတ်လည်ရှိ ရန်လိုသော သက်ရှိများအားလုံးသည် မြန်နှုန်းမြင့် ဓားချီများဖြင့် ချက်ချင်း ပိုင်းဖြတ်ခံရမည်။ အရှိန်အဝါ တစ်ထောင် လိုအပ်။ ပစ်မှတ်တစ်ခုကို ရှင်းပစ်ရန် ရွေးချယ်နိုင်။ တစ်ခါနာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရ။
ခုခံမှုကို လျစ်လျူရှုနိုင်သော [ အစစ်အမှန် အရှိန်အဝါဓားသွား ] သည် ဝိညာဉ်နှင့် နာမ်သဏ္ဌာန်တို့ကို သေစေနိုင်သည်။ ထို့ပြင် အချိန်အကန့်အသတ်လည်း မရှိတော့ပေ။ [ ဖျက်ဆီးဖြင်း အရှိန်အဝါတိုက်ကွက်] သည်လည်း အဆင့်တက်သွားကာ အကျယ်အဝန်းပါ ကြီးကြီးမားမား တိုးပွားသွားခဲ့သည်။ ထို့ပြင် ထိခိုက်စေချင်သော ပစ်မှတ်ကိုလည်း ရွေးချယ်နိုင်သည်။ ၎င်းသည် အတော်လေး ကောင်းမွန်လှ၏။
ဆင့်ကဲပြောင်းလဲသွားသော အနှိုင်းမဲ့အစွမ်း နှစ်ခုအပြင် အခြားအစွမ်းများလည်း အဆင့်တက်ကာ တိုးတက်သွားသည်။ [ ကြယ်တာရာဂိတ် ] ၏ ကြယ်အမှတ်သည် နှစ်မှတ်သို့ တိုးသွားသည်။ ကြယ်အမှတ်၏ သက်ရောက်မှုရှိသော အချိန်သည်လည်း ၃လသို့ တိုးသွားခဲ့သည်။
[ မီးသင့်နဂါး ဝင်စီးခြင်း ] ကို အသုံးပြုပီး ပြန်ကောင်းချိန်မှာလည်း ၆နာရီအထိ လျော့နည်းသွားသည်။ ထို့ပြင် ထိုအချိန်အတောအတွင်း အစွမ်းအားကိုလည်း သုံးနိုင်ပြီ ဖြစ်သည်။ ယခင်က ကန့်သတ်မှုများထက် ပိုကောင်းလှသည်။
[ ကြယ်စင်စုပိုင်နက် ] သည် [ အစစ်အမှန် ကြယ်စင်စုပိုင်နက် ] အဖြစ် ဆင့်ကဲ မပြောင်းလဲသွားသော်လည်း ကိုယ့်ကိုယ်ကိုယ် အားတိုးစေပြီး ရန်သူကို အားနည်းစေသော သက်ရောက်မှုမှာ ၅၀% အထိ တိုးသွားခဲ့သည်။ ထိုအထူးပိုင်နက်အစွမ်းကို ရန်သူ၏ ပိုင်နက်ကန့်သတ်မှုအတွင်း၌လည်း အသုံးပြုနိုင်သည်။ ထို့ပြင် [ မီးသင့်နဂါး ဝင်စီးခြင်း ] မှာ စွမ်းအားပိုမြင့်သူများနှင့် တိုက်ခိုက်ရာ၌ ချန်လွေ့အတွက် အကြီးမားဆုံး အားထားရာ တစ်ခုပင် ဖြစ်သည်။
[ ကြယ်စင်စုပိုင်နက် ] အပြင် နတ်ဘုရား-တစ်ပိုင်းအဆင့် နေရာလွတ်ထဲ၌ [ ဆောင်းဦးပိုင်နက် ] အပေါ် ချန်လွေ့၏ နားလည် သဘောပေါက်မှုများမှာ ပြီးပြည့်စုံသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။ ၎င်း၏စွမ်းအားမှာ ယခင်နှင့် လုံးဝ မတူတော့ပေ။
ချန်လွေ့သည် ဘရော့ခ်နှင့် တိုက်ခိုက်နေစဉ်အတွင်း နိဗ္ဗာန်စွမ်းအားကို အသုံးချကာ အစ်ဇဘယ်လာအား ကုသပြီး ခွန်အားတိုးစေခဲ့ခြင်းကို ဉာဏ်ကွန့်မြူးပြီး တိုးမြှင်ပိုင်နက် တစ်ခုကို နားလည်သဘောပေါက်ရန် အမြင်တစ်ခု ရခဲ့သည်။ သို့သော် အချိန်မရှိသည့် အတွက် အမြင်တစ်ခုသာ ရခဲ့သည်။
မယ်ဂရီဇ် အခြေအနေကို ဖက်ဒါသို့ အဆင့်မြှင့်ပြီးနောက် အစွမ်းများ၏ အရှိန်အဝါ သုံးစွဲနှုန်းမှာ ယခင်ကထက် ၁၀ဆခန့် တိုးလာခဲ့သည်။ ယခင်ကဆိုလျှင် ၎င်းသည် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယခုတွင် ချန်လွေ့၌ ကြယ်စင်စုဥယျာဉ်နှင့် အရှိန်အဝါ မျှော်စင်က ထောက်ပံ့ပေးသော အရှိန်အဝါများ ရှိနေပြီဖြစ်သည်။ သူ၏ အရှိန်အဝါ တန်ဖိုးမှာ သန်းပေါင်း ရာနှင့်ချီ ရှိနေလေပြီ။ ၎င်းမှာ ကြယ်၅ပွင့်သို့ အဆင့်တက်ရန် သုံးစွဲခဲ့ရသော အရှိန်အဝါ သန်း၁၀၀ မပါသေးပေ။ ထိုအစွမ်း သုံးနှုန်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။
[ အရှိန်အဝါ ကူးပြောင်းခြင်း ] ကို အခြားအံ့သြဖွယ်ရာ သက်ရောက်မှုများအတွက် မကြာခဏ ပို၍အသုံးချနိုင်ပေသည်။ ဥပမာ နတ်ဆိုးအရှင်သခင် အဆင့်များကို အကျဉ်းချနိုင်သော အကျဉ်းခန်း၁၃ လက်ထိပ်များကို ပျောက်ကွယ်သွားစေခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့သည် အစွမ်းသစ်ပင်မှ ထွက်သွားလိုက်သည်။ သူ၏ အသစိတ်သည် အဆောက်အဦး အလင်းမျက်နှာပြင်သို့ ဝင်ရောက်လာသည်။ ထိုထဲတွင် မျှော်စင် အသစ်ပုံစံ တစ်ခု ထပ်ပေါင်းထည့်ထားသည်။
-ယုံကြည်မှုမျှော်စင် -
အသက်သွင်းရန် သတ်မှတ်ချက် - အရှိန်အဝါ ၁၀၀၀၀။
လုပ်ဆောင်ချက် - သက်ရှိများ၏ ယုံကြည်မှုများနှင့် ကိုးကွယ်မှုများကို ယုံကြည်မှု စုဆောင်းပြီး သလင်းကျောက်များအတွက် စုဆောင်းပေးသည်။ နယ်မြေတစ်ခုအတွင်း ယုံကြည်မှုစွမ်းအား လိုအပ်ချက် ကိုက်ညီသွားလျှင် ယုံကြည်မှုကျောက်တိုင်ကို အလိုလို တည်ဆောက်ပေးသည်။ ယုံကြည်မှုတန်ဖိုးလည်း နှစ်ဆတိုးသွားမည် ဖြစ်သည်။
ချန်လွေ့သည် မစဉ်းစားဘဲ အဆောက်အဦး ဆောက်လုပ်ရန် ချက်ချင်း အတည်ပြု လိုက်သည်။ ကြယ်စင်စုနတ်ဘုရားကျောင်းထဲ၌ အလွန်ကြီးမားသော မျှော်စင်ပုံစံ အဆောက်အအုံတစ်ခု ထွက်ပေါ်လာသည်။ ထိုထဲသို့ ချန်လွေ့၏စိတ် ရွှေ့ပြောင်းလိုက်ရာ အသိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
လက်ရှိတွင် ယုံကြည်မှုမျှော်စင်မှ တစ်နေ့လျှင် သလင်းကျောက်တစ်တုံး အလိုအလျောက် ထုတ်လုပ်ပေးမည်။ ယုံကြည်မှုအဆင့် တိုးလာသည်နှင့်အမျှ ပမာဏလည်း တိုးလာမည် ဖြစ်သည်။
လက်ရှိ ယုံကြည်မှုစွမ်းအား - သုည။
လက်ရှိ ယုံကြည်မှုသလင်းကျောက် - သုည။
( ယုံကြည်မှုစွမ်းအား ၁ယူနစ်ကို သလင်းကျောက်(၁)တုံးအဖြစ် ပြောင်းလဲ၍ ရသည်။ )
ယုံကြည်မှုအရင်းအမြစ် - မဝင်ရောက်ရသေး။
ယုံကြည်မှုသလင်းကျောက် -- လက်ရှိအရေအတွက် - သုည။
ယုံကြည်မှုကျောက်တိုင် - အဝန်းအဝိုင်းတစ်ခုအတွင်းရှိ သက်ရှိများအားလုံး၏ ယုံကြည်မှုစွမ်းအားကိုး တိုးမြင့်ပြီး စုစည်းကာ ယုံကြည်မှုသလင်းကျောက် အဖြစ် အသွင်ပြောင်းနိုင်သည်။ သတ်မှတ်ချက်များ ပြည့်စုံသည့်အခါ အလိုအလျောက် တည်ဆောက်နိုင်သည်။
လက်ရှိအရေအတွက် - သုည။
ယုံကြည်မှုစွမ်းအားကို စုစည်းရန်အတွက် ယုံကြည်မှုကျောက်တိုင်ကို လိုအပ်သည်။ ၎င်းသည် အလိုအလျောက် တည်ဆောက်နိုင်သော်လည်း အခြေခံအဖြစ် ပထမဆုံးကျောက်တိုင် ရှိရပေမည်။ ချန်လွေ့ အချိန်အတော်ကြာ ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သို့တည်ဆောက်ရမည်ကို ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူသည် ယုံကြည်မှု အရင်းအမြစ်သို့ အာရုံပြောင်းလိုက်ပြန်သည်။ ယုံကြည်မှုဆိုသည်မှာ ပဏ္ဍိတများ၏ အတွေးအမြင်များနှင့် ဩဝါဒများ၊ နတ်ဘုရားများအား ယုံကြည်လေးစားခြင်း၊ သရဲတစ္ဆေများ၊ နတ်ဆိုးများနှင့် သဘာဝလွန်ဖြစ်ရပ်များကို ကြောက်လန့်ခြင်းတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ယုံကြည်မှုအရင်းအမြစ်မှာ လောကရှုမြင်သုံးသပ်ချက်၊ တန်ဖိုးများနှင့် ဘဝအပေါ် ရှုမြင်သုံးသပ်ချက်များနှင့် ညီမျှပေသည်။ ယုံကြည်မှုကြောင့်သာ လမ်းလျှောက် အလောင်းကောင်များ ဖြစ်မလာဘဲ အမှန်တကယ် အတွေးအခေါ်ရှိပြီး အသိစိတ် ရှိသော “လူသား” များ ဖြစ်လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူ၏နှလုံးသားထဲ၌ တစ်သံတစ်သံ ထွက်ပေါ်လာ၏။ “ယုံကြည်မှုအရင်းအမြစ်ကို သတ်ဖြတ်ခြင်း၊ တဏှာနဲ့ အကြောက်တရားထဲကို ဝင်ရောက်ရမယ်။ လူ့သဘာဝရဲ့ အမှောင်ခြမ်းက အဆုံးမရှိ ချဲ့ကားလို့ရတယ်။ မင်းမှာ မရေတွက်နိုင်တဲ့ စိတ်ကူးယဉ်တွေ အများကြီး ရှိတယ်။ တစ်ချိန်တည်းမှာပင် မင်းက ယုံကြည်မှု စွမ်းအားတွေ အများကြီး ရလာလိမ့်မယ်။”
ဒါ အသူရာပဲ။
ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲပြီးသွားသော်လည်း အသူရာ မပျောက်ကွယ် သွားသေးပေ။ ချန်လွေ့ကို ထပ်မံ ဆွဲဆောင်နေဆဲပင် ဖြစ်သည်။ ဂြိုလ်ပြာမှ လက်ရှိ လူမှုအဖွဲ့အစည်းမှာ အလွန်အမင်း နိမ့်ကျနေ၏။ စာရွက်လွတ် တစ်ရွက်လိုမျိုးပင် ဖြစ်သည်။ ထိုသို့ ချန်လွေ့ အမှန်တကယ် ပြုလုပ်လိုက်သည်နှင့် ဂြိုလ်ပြာသည် အမှောင်ထုနှင့် စိတ်ဆန္ဒများ ပြည့်နှက်နေသော [ စိတ်သန့်စင်ခြင်း ] ပုံရိပ်ယောင် အခြေအနေတစ်ခု ဖြစ်သွားပေလိမ့်မည်။
သို့သော် အသူရာပြောသည်မှာ မှန်သည်။ သူ လိုအပ်နေသည်မှာ ယုံကြည်မှု သလင်းကျောက်များ ဖြစ်သည်။ အခြားသူများအား ကောင်းမှုများပြုလုပ်ရန် ဖျောင်းဖျခြင်းထက် မကောင်းမှုများ ပြုလုပ်ခိုင်းခြင်းက ပိုမိုလွယ်ကူ ပေသည်။ အကြောင်းမှာ ကောင်းမှုသည် ကိုယ့်ကိုယ်ကိုယ် ပို၍ချုပ်တည်းရခြင်းကြောင့်ပင် ဖြစ်လေသည်။
“အမှောင်ထုကို မငြင်းဆန်နဲ့။ မင်းလည်း ဒီလိုမျိုးပဲ မဟုတ်လား။ မင်းကိုယ်မင်း ကြည့်လိုက်ဦး။ မင်းက မိန်းမလှ လောဘကြီးတယ်။ ကောက်ကျစ်တယ်။ ဉာဏ်များတယ်။ သွေးဆာတယ်။ ရက်စက်တယ်။ အခုအထိ အသက်ဆက်ရှင်ပြီး ဒီလိုစွမ်းအားတွေ ရဖို့အတွက် အဲဒီ အတုအယောင် ကောင်းမှုတွေကို မင်း မှီခိုခဲ့လား။ သူ့သဘာဝက တစ်ကိုယ်ကောင်းဆန်တယ်။ တကယ်လို့ မင်းက အခု သူတော်ကောင်းယောင်ဆောင်ပြီး အသုံးမဝင်တဲ့ စေတနာကိုပေးရင်တောင် သူတို့က တစ်နေ့မှာ ရက်စက်ပြီး သွေးအေးတဲ့ အရောင် အစစ်အမှန်တွေကို ပြသမှာပဲ။ သူတို့ကို စစ်မှန်တဲ့ လောကတစ်ခု ပေးလိုက်ပါလား။”
[ စိတ်သန့်စင်ခြင်း ] အတွင်း အသူရာသည် ချန်လွေ့အား မူရင်းလောကရှိ အမှောင်ထုနှင့် အကျည်းတန်ပုံကို ပြသခဲ့သည်။ ၎င်းတို့အားလုံး၏ အရင်းအမြစ်မှာ လူသားတို့၏ တစ်ကိုယ်ကောင်းစိတ်ကြောင့်သာ ဖြစ်သည်။
ချန်လွေ့ လေးလေးနက်နက် စဉ်းစားသည်။ အသူရာ ပြောသည်မှာ အချက်ကျကြောင်း သူ ဝန်ခံရပေမည်။
ချန်လွေ့၏ လက်များသည်လည်း သွေးများ စွန်းနေခဲ့ပြီ ဖြစ်သည်။ လျို့ဝှက်ကြံစည်မှုများစွာ ရှိခဲ့သည်။ “မိန်းမလှအတွက် လောဘကြီးခြင်း” ကိုမူ ပြောစရာပင် မလိုပေ။ အသီနာ၊ ခီရာ၊ ကတ်သရင်း၊ ရှီရာနှင့် ယခုတွင် ဇိုလာပင် ရှိနေလေပြီ။ စွမ်းအား တိုးလာသည်နှင့် သူ၏ လိုအင်ဆန္ဒလည်း ပိုတိုးလာသည်။ သူ စိတ်မထိန်းနိုင်တော့သည့်အခါ တကယ့် နတ်ဆိုးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
ငါကိုယ်တိုင်က ဒီလိုမျိုး ဖြစ်နေတယ်ဆိုရင် တခြားသူတွေရဲ့ ယုံကြည်မှုတွေကို ငါဘာလို့ လွှမ်းမိုးရမှာလဲ။
ရုတ်တရက် ချန်လွေ့သည် စိတ်ကူးယဉ်ဇာတ်လမ်း “လက်စွပ်ရာဇာ” ထဲရှိ “ရှင်ဘုရင် ပြန်အလာ”မှ ဂန္ဓဝင်စကားများကို သတိရလိုက်သည်။
မြောက်မြားလှစွာသော မော်ဒိုစစ်တပ်ကို ရင်ဆိုင်ရာ၌ အာရာဂွန်က ဤကဲ့သို့ ပြောခဲ့သည်။ ဂွန်ဒေါ်ရဲ့ သားတော်တွေ။ ရိုဟန်ရဲ့ သားတော်တွေ။ ငါ့ရဲ့ ညီအစ်ကိုတွေ။
မင်းတို့ရဲ့ မျက်လုံးထဲမှာ ငါ့ရဲ့နှလုံးသားကို ကွဲကြေစေနိုင်တဲ့ အကြောက်တရားတွေကို မြင်နေရတယ်။
ယောက်ျားတွေရဲ့ သတ္တိတွေ ကျရှုံးတဲ့နေ့၊ ငါတို့ရဲ့ မိတ်ဆွေတွေကို စွန့်ပစ်တဲ့နေ့၊ ခင်မင်မှု သံယောစဉ်တွေ အားလုံးကို ဖြတ်တောက်တဲ့နေ့ ရှိလာမှာပဲ။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး။
ယောက်ျားတွေရဲ့ခေတ် ပြိုလဲတဲ့တစ်နေ့၊ ဝံပုလွေတစ်အုပ်နဲ့ ကျိုးပဲ့နေတဲ့ ဒိုင်းကာတွေ ရှိလာမှာပဲ။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး။
ဒီနေ့ ငါတို့ တိုက်ခိုက်မယ်။ ဒီမြေကြီးပေါ်မှာ မင်းတို့မြတ်နိုးတဲ့ အရာတွေအတွက်။ မင်းတို့တွေ မတ်မတ်ရပ်နေကြဖို့ ငါအမိန့်ပေးတယ်။ အနောက်ဘက်က ယောက်ျားတို့။
ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ ယောက်ျားတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ မျိုးဆက်တွေက အာဏာတွေ၊ ငွေကြေးတွေကို ကိုးကွယ်ပြီးတော့ ပျက်စီးကြတဲ့ တစ်နေ့ ရှိလာလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး။
တစ်နေ့ကျရင် လူတွေက ပိုပိုပြီးသွေးအေးလာမယ်။ အခြေအနေတွေ၊ လွှမ်းမိုးမှုတွေကြောင့် အချစ်တွေ၊ ကျင့်ဝတ်တွေ ပျက်စီးလာကြမယ်။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး။
ကြီးမြတ်တဲ့လူ လုပ်တဲ့အရာတချို့ ရှိသလို ဘယ်တော့မှ မလုပ်တဲ့ အရာတွေလည်း ရှိတယ်။
လက်တွေ့ဘဝက ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ လူသားတွေက စိတ်ထဲမှာ အမြဲတမ်း ကြံ့ကြံ့ခံထားသင့်တယ်။
ဒီလိုမျိုး ကြံ့ကြံ့ခံမယ်ဆိုရင် စိတ်ပျက်စရာတွေ ပြည့်နှက်နေတဲ့ အမှောင်ထုထဲ မှာတောင် အလင်းရောင်ကို မော့ကြည့်နိုင်ဦးမှာပဲ။
ဒီလိုမျိုး ကြံ့ကြံ့ခံတာ မရှိဘူးဆိုရင် နေရောင်အောက်မှာတောင် မျက်လုံးထဲမှာ မှုန်ဝါးဝါး ဖြစ်နေမှာပ။
လူ့သဘောသဘာဝက တစ်ကိုယ်ကောင်းဆန်တယ်။
ဒါပေမဲ့ ဒါကို လွှမ်းမိုးခံလိုက်လို့ မရဘူး။
အမှောင်ဘက်ခြမ်းကို ငြင်းဆန်လို့မရဘူး။ အလင်းလည်း ဒီလိုမျိုးပဲ။
အတုအယောင် ကောင်းမှုတွေကြောင့် မဟုတ်ဘူး။ ငါလဲကျပြီး အမှောင်ထဲမှာ ပြိုလဲမတတ် ဖြစ်နေတုန်းက ငါ့မှာရှိခဲ့တဲ့ စိတ်နှစ်မှုလေးအတွက် “တစ်ကိုယ်ကောင်းဆန်” ခဲ့လိုပဲ။
တစ်နည်းပြောရရင် ဒါက ယုံကြည်မှုပဲ။
ချန်လွေ့၏အကြည့် ပို၍ပင် လေးနက်သွားသည်။ အသူရာ၏ ဆွဲဆောင်သောအသံသည် တဖြည်းဖြည်း တိုးလာသည်ဟု သူခံစားလိုက်ရသည်။ ၎င်းသည် နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့၏ လက်ထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာကာ ယုံကြည်မှုမျှော်စင်သို့ လက်လှမ်းလိုက်သည်။