← Chapters

မင်းအတွက် တိုက်ပွဲ

Vol. 26 Ch. 386

မင်းအတွက် တိုက်ပွဲ

Vol. 26 Ch. 386

တဲအိမ်ထဲရှိ ချန်လွေ့နှင့် ဂျို့ရှ်တို့၏ တိုက်ပွဲမှာ တိုတောင်းသော်လည်း သူတို့၏ လှုပ်ရှားမှုများက အနီးအနားမှ အစောင့်များကို သတိထားမိစေခဲ့သည်။ အစောင့်များ ပြေးဝင်လာပြီး ဂျို့ရှ်အရှေ့တွင် ကာထားလိုက်ကြသည်။ မနီးမဝေးမှ ရုစ်လည်း အလျင်အမြန် ‌ရောက်ရှိလာသည်။

ချန်လွေ့၏လုပ်ကြံမှု မအောင်မြင်ခဲ့ပေ။ မည်သည်မှ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း မြင်သည့်အခါ သူ စိတ်မကောင်း ဖြစ်သွားသည်။ သူသည် စိတ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် ခါနီတာကို ထိန်းချုပ်ကာ အော်‌ခိုင်းလိုက်သည်။ “ကယ်ကြပါ။ လုပ်ကြံသူတစ်ယောက် ရှိနေတယ်။”

သူ၏အော်သံသည် စစ်သည် အမြောက်အမြားကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။ ချန်လွေ့လည်း အားပါးတရ ရယ်ရင်း လေထဲသို့ မြောက်တက်သွားသည်။ သူ လက်နှစ်ဖက် ဝှေ့ရမ်းလိုက်ရာ အလင်းလုံး အများအပြား ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ပေါက်ကွဲထွက်သွားစေသည်။ ရုတ်တရက် မြေပြင် တုန်ခါသွားပြီး အဆက်မပြတ် ပေါက်ကွဲသံများ ထွက်လာ၏။ အနီးအနားရှိ စစ်သည်များတွင် အချို့သေကုန်ကြပြီး အချို့ ဒဏ်ရာ ရကုန်ကြကာ ရုတ်တရက်ကြီး ဖရိုဖရဲ ဖြစ်သွားတော့သည်။

ချန်လွေ့ အောက်ပြန်မဆင်းခင်မှာပင် ကြောက်မက်ဖွယ်ရာ ဖျက်‌‌ဆီးခြင်းစွမ်းအား ပါဝင်သော အနက်ရောင်မီးနောက်တစ်ခုက သူ၏ဘေးဖက်သို့ ပျံသန်းလာသည်။ ၎င်းမှာ ရုစ် ပစ်လွှတ်လိုက်သော [ မီးတောက်နက် ] ပင် ဖြစ်လေသည်။ ချန်လွေ့ မရှောင်ခဲ့ပေ။ သူ၏လက်ထဲ၌ ကြယ်အလင်းတစ်ခု တောက်ပသွား၏။ ထို့နောက် [ မီးတောက်နက် ] သည် သူ့ဆီသို့ ချီတက်လာနေသော စစ်သည်များထံ ပျံသန်းသွားသည်။ မီးတောက် ဖြတ်သန်းသွားသည့်နေရာတိုင်း စစ်သည်များအားလုံး ပြာကျသွားကြ၏။

ရုစ်လည်း ကြောက်ရွံ့ထိတ်လန့်သွားသည်။ လူစီဖာ တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားရှိသည့် သွေးမျိုးဆက် ပါရမီအစွမ်းကို တစ်စုံတစ်ယောက် ဖြေရှင်းနိုင်သည်မှာ ပထမ‌ဆုံးအကြိမ် ဖြစ်သည်။ ၎င်းမှာ ချန်လွေ့၏ အစွမ်းအသစ်ဖြစ်သော [ ကြယ်တာရာလမ်းလွှဲ ] ပင် ဖြစ်၏။

သို့သော် ချန်လွေ့၏ မူလရည်ရွယ်ချက်မှာ [ မီးတောက်နက် ] အား ဂျို့ရှ်ဆီသို့ ဦးတည်ပေးရန် ဖြစ်သည်။ သို့သော်လည်း သူသည် ထိုအစွမ်းကို ကောင်းကောင်း ထိန်းနိုင်ပုံမရပေ။ ထို့ကြောင့် စစ်သည်များထံသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအကွက်သည် ရုစ်ကို ကြက်သေသေသွားစေ၏။ ရုစ်၏လက်ထဲ၌ မဟာဓားတစ်လက် ထွက်ပေါ်လာပြီး သူ၏မျက်နှာ လေးနက်နေသည်။

ချန်လွေ့က စစ်သည်များ ပို၍ပို၍ ပြေးဝင်လာသည်ကို မြင်သော်လည်း မတိုက်ခိုက်ချင်တော့ပေ။ သူက ခြေထောက်ကို တော့ပြီးနောက် လေထဲသို့ ပျံဝဲလိုက်သည်။ ခါနီတာ၏ အမိန့်ကြောင့် စစ်သည်အားလုံး လေးတင်လိုက်ကြပြီး ပစ်လွှတ်ရန် ပြင်လိုက်စဉ် ပေါက်ကွဲမှုအသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ ဝေဝါးနေသော အမြင်များ ကြားထဲ၌ ပျံဝဲနေသော ပုံရိပ်သည် ရုတ်တရက်ပင် ကောင်းကင်ပေါ်သို့ အမြောက်ဆန်သဖွယ် မယုံနိုင်စရာ အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားတော့သည်။

ဂျို့ရှ်နှင့် ရုစ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့အချင်းချင်း၏ မျက်လုံးထဲ၌ ထိတ်လန့်မှုများကို မြင်နေရသည်။ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ လျို့ဝှက်ပညာရပ်ဖြင့် ခါနီတာကို ထိန်းချုပ်ခြင်း၊ စစ်တပ်ခေါင်းဆောင်ကို လုပ်ကြံခြင်း၊ ထို့နောက် နတ်‌ဆိုးဧကရာဇ်အဆင့် နှစ်ယောက်နှင့် စစ်သည်ထောင်ချီအရှေ့တွင် ထွက်ပြေးနိုင်ခဲ့ခြင်း။

အမှောင်လမှာ ဘယ်တုန်းက ဒီလိုမျိုး ကြောက်စရာ ကောင်းတဲ့သူတစ်ယောက် ရှိသွားတာလဲ။

ရှုံးဆုံးမှုများကို ရေတွက်ပြီးနောက် ဂျို့ရှ်၏ မျက်လုံးထဲ၌ အောင်နိုင်မှု အလင်းရောင် လက်ခနဲ ဖြစ်သွားသည်။ သူက စစ်တပ်ကို ချက်ချင်း ထွက်ခွာပြီး လီရိုမြို့သို့ ဦးတည်သွားစေသည်။ စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခုလက်ရှိ ကြီးကြီးမားမား ထိခိုက်သွားပြီ။ ငါ အခု တိုက်ခိုက်တာကို ရှောင်ရှားမယ်ဆိုရင် ပိုဆိုးသွားမှာ စိုးရတယ်။ အမှောင်လရဲ့ အဓိက အင်အားစုကို ငါ အနိုင်ရမယ်ဆိုရင် အဲဒီ လျို့ဝှက်ဆန်းကြယ်တဲ့ လုပ်ကြံသူ ဘယ်‌လောက်ပဲ အစွမ်းထက်ထက် အခြေအနေတစ်ခုလုံးကို ‌‌ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။

ထို့ပြင် ခရိုဘဲလက်စ်သည် အဝေးသို့ ရောက်နေ၏။ သို့မဟုတ်ပါက သူသည် ထိုလုပ်ကြံသူကို သေချာပေါက် ဖမ်းမိနိုင်သည်။ သူသည် သိပ်ပြီး ကြောက်စရာ ကောင်းလှသည် မဟုတ်ပေ။

ယခုတွင် ခရိုဘဲလက်စ်သည် ရေကန်ပြာ တောင်ခြေသို့ အလောတကြီး အပြေးသွားနေ၏။ ရတနာသိုက်၏ “ဝင်ပေါက်အစစ်အမှန်”ကို မပိတ်ခင် ရောက်ရှိရန် နဂါးအသွင်ပြောင်းကာ ပျံသန်းသွားခဲ့သည်။

မြနဂါးသည် အဆိပ်နှင့် ရေဒြပ်စင်စွမ်းအား၌ တော်သည်။ သူသည် နဂါးများအကြား၌ အစွမ်းအထက်ဆုံးခန္ဓာကိုယ် မရှိသော်လည်း အပျံစွမ်းရည်မှာ ဝိုင်ဗန်ထက် များစွာသာလွန်၏။ အကယ်၍ ဝိုင်ဗန်သည် အစွမ်းထက်ဆုံး လေတိုက်စစ်ဆိုလျှင် နဂါးများသည် စစ်မှန်သော လေ အိုဗာလော့ဒ်များသာ ဖြစ်ပေသည်။ ခရိုဘဲလက်စ်၏ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားဖြင့် ရေကန်ပြာတောင်ခြေသို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။

ချန်လွေ့သည် ၎င်းကိုလည်း ယခင်က စဉ်းစားခဲ့သည်။ ပါ့ဂ်လီအို၏ စွမ်းအား ပြန်မရသေးသည့်အတွက် ဂျို့ရ်ှကို ရင်‌ဆိုင်လျှင် တစ်ချက်တည်း မသတ်နိုင်မည်မှာ သေချာသည်။ ခရိုဘဲလက်စ်သာ လှည့်စားခံရသည်ကို သိသွားလျှင် လိပ်ပြာနီစစ်တပ်သို့ အမြန်ပြင်လာမည် ဖြစ်သည်။ သူ၏စွမ်းရည်ဖြင့် အသွားအပြန်ခရီးမှာ သိပ်ပြီး ကြာလှမည် မဟုတ်ပေ။ ထို့ကြောင့် အဆိပ်နဂါး၏ တာဝန်မှာ ခရိုဘဲလက်စ်ကို အချိန်ဆွဲရန် ဖြစ်သည်။ မြေဒြပ်စင်ဘုရင် မရောက်ခင်အချိန်အထိ မစောင့်နိုင်လျှင် စစ်ပွဲပြီးသည်အထိ အချိန်ဆွဲရပေမည်။ ၎င်းမှာ စစ်ပွဲတစ်ခုလုံးကို ပြောင်းလဲနိုင်သော နတ်ဆိုးအရှင်သခင်အဆင့် မြနဂါးက အရေးကြီးသော အခိုက်အတန့်၌ မပေါ်ထွက်လာစေရန်ပင် ဖြစ်သည်။

ရေကန်ပြာတောင်ခြေ အဝသို့ ခရိုဘဲလက်စ် ခြေချပြီးနောက် လူသားအသွင် ပြောင်းလိုက်သည်။ “ရတနာမြေပုံ”ကို ကိုင်ထားရင်း သူသည် “ရတနာသိုက်” ဝင်ပေါက်သို့ တစ်လှမ်းချင်း လမ်းလျှောက်လာသည်။

“ဝင်ပေါက်က ရှေ့မှာပဲ။ ဒါပေမဲ့ ဒီထွင်းစာတွေက တော်တော်လေး ဒုက္ခပေးတယ်...။ ငါ ဘယ်လို ဝင်ရမှာလဲ။”

“ဟူး။ ငါ ဒါကိုသာ စောစောသိခဲ့ရင် နဂါးထွင်းစာ အတန်းတုန်းက စာသေချာ လုပ်ခဲ့ပါတယ်.....”

“အဟင့်..ငါ့ရဲ့ ရတနာလေး။ ငါ ဂရုမစိုက်တော့ဘူး။ ငါ အတင်းဝင်ရမယ် ဆိုရင်တောင်၊ ငါ့ရဲ့ အသစ်စက်စက် ဝယ်ထားတဲ့ အဝတ်အစားတွေ စုတ်ပြဲမယ် ဆိုရင်တောင် ဒီနေ့ ရတနာတွေကို ငါရမှဖြစ်မယ်။”

မစ်-မြနဂါးက ရင်ထုမနာဖြစ်နေရင်း နဂါးထွင်းစာများကို ဖယ်ရှားရန် ကြိုးစားနေခဲ့သည်။ ရေဘူးနှင့် ဖိနပ်မပါ နွေအခါမှသိ ဆိုသလိုမျိုးပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လိပ်ပြာနီစစ်တပ် လီရိုမြို့ ဆင်ခြေဖုံးသို့ ရောက်ရှိသွားခဲ့သည်။ သူတို့သည် အပြေးရောက်လာကြသော လိပ်ပြာနီ စစ်တပ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသွားခဲ့ကြသည်။

စစ်တပ်နှစ်ခုက အကွာအဝေးတစ်ခုအတွင်း မျက်နှာချင်းဆိုင် လိုက်ကြသည်။ ယခုတွင် အမှောင်လ စစ်သည်အားလုံးနီးပါးကို တပ်ဖြန့်ထားပြီ ဖြစ်သည်။ သန်းခေါင်နေအရှင် ဆက်ခံထားသော သွေးနီ တော်ဝင်အလံ အောက်တွင် ရှီရာ ကိုယ်တိုင်က ထုချွန်ပုံစံ အင်ပါယာအစောင့် အခင်းအကျင်းကို ဦးဆောင်လာသည်။ သူသည် ‌ငွေဖြူရောင် ချပ်ကာတစ်ခု ဝတ်ဆင်ထားပြီး ခါး၌ ဓားရှည်တစ်ချောင်း ရှိသည်။ သူသည် အဖြူရောင် နတ်ဆိုးမြင်းတစ်ကောင်ကို စီးထားသည်။ သူ၏ ရှည်လျားသော ရွှေရောင်ဆံနွယ်များက လေထဲ အသာအယာ တလှပ်လှပ်ဖြစ်နေပြီး အလွန်ပင် သူရသတ္တိ ရှိနေဟန်တူသည်။

တစ်ဖက်တစ်ချပ်၌ အရတ်စ်နှင့် ဖို့ဒ်တို့ အသီးသီး ဦးဆောင်လာသော မြို့စောင့်တပ်သားများ ရှိကြသည်။ အခင်းအကျင်း တစ်ခုလုံးသည် မြားတစ်စင်းကဲ့သို့ ဖြစ်နေ၏။

သို့သော် အမှောင်လတွင် အင်ပါယာ အစောင့်များနှင့် မြို့စောင့်တပ်သားများသာ ရှိသည်။ အနောက်ပိုင်းလမ်း စစ်တပ်ကို မမြင်ရသေးပေ။ စစ်တပ်နှစ်ခု၏ စုစုပေါင်း အရေအတွက်မှာ ၄သောင်းနီးပါး ရှိပြီး စက်ဝိုင်းခြင်း အခင်းအကျင်း သုံးခုထဲ၌ လိပ်ပြာနီစစ်တပ်၏ အရေအတွက် အတိအကျမှာ ၈၃၀၀၀ ဖြစ်သည်။ ၎င်းတို့ထဲတွင် အဆိပ်ငွေ့နှင့် ဖရိုဖရဲ ဖြစ်မှုကြောင့် ဒဏ်ရာရပြီး ကျန်နေခဲ့သော စစ်သည်များ မပါဝင်ပေ။

လူနည်းစု၏ အဟုန်ကို တစ်ချက်ကြည့်ရုံဖြင့် သေသေချာချာ မြင်နိုင်ပေသည်။

အမှောင်လ၏ အခင်းအကျင်းသည် ဂျို့ရှ်ကို တိတ်တဆိတ် မျက်မှောင်ကြုတ်သွားစေသည်။ အမှောင်လရဲ့ တော်ဝင်မင်းသမီးက တည်ငြိမ် ပါးနပ်ပြီးတော့ သန်းခေါင်နေအရှင်ရဲ့ အမူအကျင့် ရှိတယ်လို့ သူတို့ပြောခဲ့တယ် မဟုတ်လား။ သူက ဘာလို့ ရောက်ရောက်ချင်းပဲ ‌ဒီလိုမျိုး ချီတက်မယ့် အခင်းအကျင်းမျိုး ပြင်ဆင်လိုက်တာလဲ။ သူက ဒီနေ့ ဒီနေရာမှာ အဆုံးအထိ တိုက်ခိုက်ဖို့ တကယ် စီစဉ်ထားတာလား။

ရက်စက်သူများက ကြံရာမရသူများကို ကြောက်ရွံ့သည်ဟူသော စကားအတိုင်းပင် ဖြစ်သည်။ အကယ်၍ ရှီရာသည် အမှန်တကယ် အတူတူ ပျောက်ကွယ်သွားရန် စီစဉ်ထားခဲ့လျှင် လိပ်ပြာနီနယ်မြေ၏ ဆုံးရှုံးမှုများမှာ ဂျို့ရှ် ထင်ထားသည်ထက် ပိုများပေလိမ့်မည်။

“လိပ်ပြာနီ စစ်သည်တို့။ သနားစရာ အမှောင်လ စစ်တပ်ကို ကြည့်လိုက်ကြဦး။ သူတို့ရဲ့ ချပ်ကာတွေက စုတ်ပြတ်နေတယ်။ သူတို့ရဲ့ ဓားတွေက ကွေးနေတယ်။ သူတို့ရဲ့ လှံတွေက စောင်းနေတယ်။ အရေအတွက်ကလည်း သနားစရာပဲ။ သူတို့ရဲ့မျက်နှာတွေက လုံးဝကို အကြောက်တရား ပြည့်နေတယ်။ ပြီးတော့လည်း သူတို့ရဲ့တပ်မှူးက စစ်ပညာအကြောင်း ဘာမှ မသိဘူး။ အခလက်ရှိ စစ်တပ်အင်အားကို ယှဉ်ကြည့်မယ်ဆိုရင် င‌ကြောက်အမှောင်လက ခုခံမယ်ဆိုရင်တော့ ငါတို့ကို နည်းနည်းတော့ အတားအဆီး ဖြစ်စေမှာပဲ။ ဒါပေမဲ့ သူတို့က အခု ငါတို့ကို တိုက်ခိုက်ဖို့ ဦးဆောင်နေကြတယ်။ ငါတို့ကို လာသတ်တဲ့ ပုရွက်ဆိတ်တွေကို ဘာလုပ်သင့်လဲ။”

“သတ်။သတ်ပစ်။သတ်ပစ်။” လိပ်ပြာနီစစ်တပ်က လက်နက်များဖြင့် မြေပြင်ကို ထုထောင်းလိုက်ကြသည်။ သပ်ရပ်လှသော အသံက တောနက်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။ အရေအတွက်ပိုများပြီး စိတ်အားတက်ကြွ‌နေသော ရန်သူတပ်ဖွဲ့များနှင့် ရင်ဆိုင်ရသည့်အခါ အမှောင်လစစ်တပ်က ပို၍ပင် ကြောက်လန့်သွားဟန်တူသည်။ အချို့မြင်းများက နောက်သို့ စတင်ဆုတ်ခွာလာကြသည်။

စစ်ကြိုအားပေးစကားမှာ တပ်မှူးတိုင်း ပြုလုပ်သော အရာတစ်ခု ဖြစ်သည်။ ဂျိုးဆက်ပ်သည် သူ၏စစ်တပ်ကို နားလည်သော လော့ဒ်တစ်ယောက် ဖြစ်ထိုက်ပေသည်။ သူ၏ စကားလုံးအနည်းငယ်သည် စစ်သည်များ၏ စိတ်ဓာတ်ရေးရာကို လှုံ့ဆော်ပေးခဲ့သည်။ ၎င်းသည် ယခင် အဆိပ်မိခြင်းနှင့် အစားအစာ မီးရှို့ခံရခြင်းတို့၏ သက်ရောက်မှုများကို ကြီးကြီးမားမား လျှော့ချနိုင်သွားဟန်တူသည်။

ထိုအချိန်၌ ရှီရာ၏ ခိုင်မာသောအသံ ထွက်လာ၏။ “အမှောင်လ စစ်သည်တို့။ ဒါက ငါတို့ ကြီးပြင်းလာခဲ့ရတဲ့မြေ၊ ငါတို့ရဲ့ အဖိုးတန်ဆုံးအိမ်ပဲ။ လိပ်ပြာနီလော့ဒ် ဂျို့ရှ်က သူ့သားကို မကောင်းတာတွေ လုပ်ခိုင်းပြီတော့ အကြီးအကဲတွေကို ဆန့်ကျင်ပြီး ပုန်ကန်ခဲ့တယ်။ သူက ငါတို့ရဲ့အိမ်ကို အရှက်မရှိ ကျုးကျော်လာတယ်။ ငါတို့ နောက်ဆုတ်မယ်ဆိုရင် ငါတို့ ခက်ခက်ခဲခဲ စုဆောင်းခဲ့ရတဲ့ အကျိုးအမြတ်တွေအားလုံး လုယက်ခံရမယ်။ ငါတို့ရဲ့ ဆွေမျိုးတွေ အနိုင်ကျင့်ခံရပြီး အသတ်ခံရမယ်။ ငါတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့တဲ့အိမ် ဖျက်ဆီးခံရပြီးတော့ သုတ်သင်ခံရမယ်။ ငါတို့ နောက်ဆုတ်လို့ရလား။”

“မရပါဘူး။” အမှောင်လ စစ်သည်များက တစ်ပြိုင်နက်တည်း ပြန်ဖြေကြ‌သည်။ သို့သော် အရှိန်အဟုန် အနည်းငယ် နိမ့်ကျလှသည်။ ရန်သူအရေအတွက်မှာလည်း သူတို့ထက် များပြားနေခြင်းကြောင့်လည်း ဖြစ်သည်။

“ငါ့ခေါင်းပေါ်မှာရှိတဲ့ တော်ဝင်အလံက သန်းခေါင်နေအရှင်ရဲ့ သွေးနီမီးတောက် အလံပဲ။ တစ်ခါတုန်းက ဒီအလံဟာ နတ်‌ဆိုးဘုံရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီးတော့ အားလုံးရဲ့ လေးစားအားကျမှုကို ခံခဲ့ရတယ်။ သူ့ရဲ့ ကြီးကျယ်ခန့်ညားမှုကို ဘယ်သူမှ မယိမ်းယိုင်နိုင်ခဲ့ဘူး။ မှော်ဆရာခံတပ် စစ်ပွဲမှာ မှတ်မိကြလား။ သန်းခေါင်နေအရှင်က စစ်သည် ၇ထောင်တည်းနဲ့ သွေးရောင်အင်ပါယာရဲ့ စစ်သည် ၃သောင်းကို ချေမှုန်းခဲ့တယ်။ ဒီနေ့တော့ တော်ဝင်အလံရဲ့ လမ်းညွှန်မှုအောက်မှာ အထက်မြက်ဆုံး ဓားနဲ့အတူ ရန်သူရဲ့ လည်မျိုကို ထွင်းဖောက်ပြီးတော့ သန်းခေါင်နေအရှင်ရဲ့ ဂုဏ်ကျက်သရေကို ပြန်ပြီးတော့ အသက်သွင်းရမယ်။”

ရှီရာ၏အသံသည် စစ်တပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ “ရှီရာလူစီဖာဆိုတဲ့ နာမည်နဲ့၊ သန်းခေါင်နေအရှင်ရဲ့ မြေးနာမည်နဲ့အတူ “သွေးနီ”ဆိုတဲ့ ဂုဏ်ပုဒ်ကို အင်ပါယာ အစောင့်တွေဆီ ငါ အခု အပ်နှင်းတယ်။ “မီးတောက်” ဆိုတဲ့ ဂုဏ်ပုဒ်ကို မြို့စောင့်တပ်ဆီ အပ်နှင်းတယ်။ နတ်ဆိုးဘုံမှာ သွေးနီမီးတောက် အလံရဲ့ ဂုဏ်ကျက်သရေ ပြန်ပြီးတော့ ပေါ်ထွက်လာရမယ်။”

အမှောင်လ စစ်တပ်သည် ရုတ်တရက် စိတ်အားတက်ကြွပြီး မြူးကြွသွားသည်။ သူတို့သည် ယခင်က နတ်ဆိုးဘုံစစ်တပ်၏ သန်းခေါင်နေအရှင်၏ ကြွေးကြော်သံကို အော်ဟစ်လိုက်ကြသည်။ “‌တိုက်ပွဲတိုင်း အောင်ပန်းဆွတ်တဲ့ သွေးနီမီးတောက်။”

သန်းခေါင်နေအရှင် သေဆုံးသွားသည်မှာ နှစ်ပေါင်း ၄၀၀ကျော်ခန့်ရှိပြီ ဖြစ်သော်လည်း နတ်ဆိုးဘုံ၏ ထိပ်တန်း စစ်နတ်ဘုရား ဂုဏ်ဩဇာမှာ နတ်ဆိုးတိုင်း၌ နှလုံးသားထဲ၌ အမြစ်တွယ်နေဆဲ ဖြစ်သည်။ လိပ်ပြာနီစစ်တပ်သည်ပင် ကြောက်ရွံ့မိသွားသည်။ ဂျို့ရှ်သည် သန်းခေါင်နေအရှင်၏ မျိုးဆက်ဖြစ်သော မင်းသမီးရှီရာ၏ နယ်မြေကို အနိုင်ယူရန် ဦးဆောင်ခဲ့သည်။ မြို့တော်၏ အထူးခွင့်ပြုချက် ရှိသည့်တိုင် သူသည် အထက်လူကြီးများကို ဆန့်ကျင်သည့် သူပုန်ဟူသော ဂုဏ်သတင်းကို ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။

သူ့စစ်တပ်၏ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရကြောင်း ခံစားလိုက်မိပြီး ဂျို့ရှ် စိတ်ပြောင်းကာ နောက်ထပ် နည်းလမ်းတစ်ခု အသုံးပြုသည်။

လိပ်ပြာနီစစ်တပ်မှ မြင်းစီးသူတစ်ယောက် ရှေ့ထွက်လာပြီး စကားပြောသည်။ “အမှောင်လက ညီအစ်ကိုတို့။ ကျုပ်က မယ်လွန်မိသားစုရဲ့ ယန္တရားဆရာသခင် ကာလ် ပါ။ ကျုပ်က အခု ဆာ-ဂျို့ရှ်ဆီမှာ အလုပ်အကျွေးပြုနေပါတယ်။ အခုလက်ရှိမှာ မယ်လွန်မိသားစုရဲ့ အကြီးအကဲ ရှူခ်က အမှောင်လမြို့ကို ထိန်းချုပ်ပြီးသွားပြီ။ ခင်ဗျားတို့ရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေက ဆာ-ဂျို့ရှိ လက်အောက်ထဲကို ရောက်နေပြီ။ ခင်ဗျားတို့တွေ လက်နက်ချပြီး အညံ့ခံမယ်ဆိုရင် ခင်ဗျားတို့ကိုရော၊ ခင်ဗျားတို့ရဲ့ အချစ်ရဆုံး သူတွေကိုပါ အသက်ချမ်းသာပေးမယ်။”

နောက်ဆုတ်မည့် လမ်းကြောင်းကို ဖြတ်တောက်ခြင်းသည် စစ်သည်များအတွက် မလုပ်အပ်သောအရာ ဖြစ်သည်။ ထိုစကားများ ထွက်လာသည်နှင့် အမှောင်လစစ်တပ်က ရုတ်တရက် ဆူပူထကြွသွားသည်။ ကံကောင်းစွာပင် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာ၏။ “ရှူခ်မယ်လွန်က ပုန်ကန်ပြီးတော့ အမှောင်လမြို့ကို ဖရိုဖရဲ ဖြစ်စေခဲ့တယ်။ ပြီးတော့ သူ့ကို ကျုပ် ဖို့ဒ်စိုင်ဖူက သတ်ပစ်ခဲ့တယ်။ မယ်လွန်မိသားစုရဲ့ စစ်တပ် တစ်ခုလုံးကိုလည်း ရှင်းပစ်လိုက်ပြီ။ သူတို့ တစ်မိသားစုလုံးကိုလည်း သုတ်သင်လိုက်ပြီ။ တော်ဝင်မင်းသမီးက မယ်လွန်မိသားစုရဲ့ မိသားစုနာမည်ကို ပိတ်ပင်ဖြို အမိန့်ပေးခဲ့တယ်။ ဒီမှာ ရှူခ်ရဲ့ခေါင်း။”

လူတစ်‌ယောက်၏ ဦးခေါင်းကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ အမြင်စူးရှသော အမှောင်လ စစ်သည်အချို့က ၎င်းသည် ရှူခ်၏ခေါင်းမှန်း မှတ်မိကြသည်။ မျက်နှာချင်းဆိုင်မှ ကာလ်မယ်လွန်သည် သူ၏ တစ်မိသားစုလုံး သုတ်သင်ခံခဲ့ရကြောင်း ကြားသည့်အခါ ဒေါသထွက်လွန်ပြီး အမှန်တကယ်ပင် သတိလစ်သွားခဲ့သည်။

ရှီရာသည် သူ့ဘေးမှ ဂါ့စ်၏ အရိပ်အမြွက်ကို လက်ခံရရှိခဲ့သည်။ သူက စိတ်အား တက်ကြွနေသည်ကို အခွင့်ကောင်းယူပြီး ဓားရှည်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ကာ ရန်သူကို ချိန်လိုက်သည်။ တပ်ဖွဲ့အရှေ့၌ သံချပ်ကာ ယန္တရားတပ်သားများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာ၏။ သူတို့သည် ချီတက်ရန် အသင့်ဖြစ်နေလေပြီ။

စစ်မြေပြင်၌ ရှီရာ၏ ပထမဆုံးအကြိမ် ဖြစ်ပြီး သူ၏လက်ဝါးများ ချွေးပြန်နေကာ နှလုံးခုန် မြန်နေသော်လည်း သူသည် တည်ငြိမ်ပြီး စိတ်ဓာတ်ခိုင်မာနေဆဲပင် ဖြစ်သည်။ မိမိသည် အမှောင်လစစ်တပ်၏ အချက်အချာဖြစ်ကြောင်း ရှီရာ သိသည်။ သူသာ ပထမဆုံး ကြောက်ရွံ့မှုကို ပြသခဲ့လျှင် စစ်တပ်တစ်ခုလုံးသည် မတိုက်ခိုက်ရဘဲနှင့် ရှုံးနိမ့်သွားပေလိမ့်မည်။

အဲဒီလူက....အဲလစ်နဲ့အတူ ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားလောက်ပြီ....

ဒါက တကယ်ပဲ ငါ့ရဲ့နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်လောက်တယ်။

ကျွန်မကို ‌ကောင်းချီးပေးပါ။ ခမည်းတော်။ သန်းခေါင်နေအရှင်။

တစ်ဖက်က ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ဂျို့ရှ် မထင်ထားခဲ့ပေ။ သူ၏ လုပ်ရပ်မှာ အမှန်တကယ်ပင် ကိုယ့်တပ် ကိုယ်ပြန်နင်းသော လုပ်ရပ်မျိုး ဖြစ်နေသည်။ သူ၏လက်ထဲရှိ အလံကို ဝှေ့ရမ်းရင်း ရှေ့တန်း စစ်တပ်သည် လှံများကို မြှောက်လိုက်ကြသည်။ သူတို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။

“အမှောင်လ စစ်တပ်အရာရှိနဲ့ စစ်သည်အပေါင်းတို့။” ဂျို့ရှ်၏ ပုံရိပ် တဖြည်းဖြည်း လွင့်ပျံသွားသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်ကို ထူးဆန်းသော သင်္ကေတအချို့ ဝိုင်းရံနေပြီး စွမ်းအားကြီး အရှိန်အဝါတစ်ခု ပျံ့နှံ့နေ၏။ “ကျုပ် ဂျို့ရှ်အယ်ဗင်ကို ရီဂျန့်က ခင်ဗျားတို့အားလုံးကို မဖျက်‌ဆီးခင် နောက်ဆုံး အသက်ရှင်ဖို့အတွက် လမ်းတစ်ခုပေးဖို့ အမိန့်တစ်ခု ပေးထားတယ်။ အညံ့ခံမယ့် စစ်တပ်အရာရှိတွေရဲ့ တရားဝင်ရာထူး ပြောင်းလဲမှာ မဟုတ်ဘူး။ ဆုလာဒ်တွေလည်း ရမယ်။ အညံ့ခံတဲ့ စစ်သည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အသက်ချမ်းသာပေးမယ်။ ခေါင်းမာမယ်‌ဆိုရင်တော့ အမှောင်လ တစ်ခုလုံးကို သွေးနဲ့ဆေးပစ်မယ်။ ဖို့ဒ်။ စိုင်ဖူ။ ခင်ဗျားတို့ အခု ထွက်လာပြီးတော့ အညံ့ခံမယ်ဆိုရင် မယ်လွန် မိသားစုကို ဖျက်ဆီးတဲ့ ခင်ဗျားတို့ကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ကတိပေးတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့သား တင်မ်ကို ကျုပ် ဆက်ပြီး အသုံးပြုမယ်။ ပြီးတော့....အဲဒီလူသား ဘဏ္ဍာရေး အရာရှိ ချန်လွေ့။ သူလည်း ပါရမီတွေ အကောင်းဆုံး အသုံးချဖို့ ကျုပ်ရဲ့ လိပ်ပြာနီနယ်မြေ စီးပွားရေးကို တာဝန်ယူပြီးတော့ ဘဏ္ဍာရေးအရာရှိ ဆက်လုပ်လို့ရတယ်....

အမှောင်လသည် နဂိုက တိုက်ခိုက်ရန် အသင့် ဖြစ်နေသော်လည်း ဂျို့ရှ်က ရုတ်တရက် ထိုသို့ ပြုလုပ်လိုက်ရာ အခေါ်ခံရသူများ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။ အကြီးအကဲ ဖို့ဒ်က ဦးဆောင်ပြီး အော်ပြောသည်။ “ဒီအလိမ်အညာကို အာရုံနောက်ခံမနေနဲ့။”

ထိုအချိန်၌ မြင်းစီးထားသော ပုံရိပ်တစ်ခုက အဖွဲ့ထဲမှ ထွက်လာသည်။

ရှီရာသည် သံချပ်ကာ ယန္တရားတပ်ကို ချီတက်ရန် တရားဝင် အမိန့်မပေးရသေးပေ။ သို့သော်လည်း ထိုလူက ဦးဆောင်ပြီး ရှေ့တက်လာခဲ့သည်။ သေချာသည်မှာ သူသည် ဂျို့ရှ်၏ “ခေါ်သံ”ကို ကြားပြီးနောက် ပထမဆုံး အညံ့ခံချင်နေပေသည်။

ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်၌ အမှန်တကယ်ပင် သစ္စာဖောက်တစ်ယောက် အရင်ဦးစွာ ‌ထွက်ပေါ်လာခဲ့လေသည်။

သိပ်ကောင်းတယ်။ ဂျို့ရှ် စိတ်ထဲ၌ ပျော်ရွှင်သွားပြီး လက်အမူအရာ ပြသလိုက်သည်။ သံတော်ဆင့်က ဂျို့ရှ် ဆိုလိုသည်ကို သဘောပေါက်ပြီး ရှေ့တန်း စစ်တပ်ကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်ရန် ချက်ချင်း အမိန့်ပေးသည်။ အမှောင်လ စစ်တပ်၏ စိတ်ပိုင်းဆိုင်ရာ အယိမ်းယိုင်ဆုံး အချိန်၌ သူတို့တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။

ထိုပုံရိပ်ကို မြင်သည့်အခါ ရှီရာ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ချန်လွေ့ပဲ။

သူက အသီနာ၊ အဲလစ်နဲ့ တခြားသူတွေနဲ့ ထွက်သွားရမှာ မဟုတ်လား။

သူက ဘာလို့ ဒီကိုရောက်နေတာလဲ။

အမှောင်လ စစ်တပ်ထဲ၌ ပွတ်လောရိုက်သွား၏။ တော်ဝင်မင်းသမီးရဲ့ အယုံကြည်ရဆုံး ဘဏ္ဍာရေး အရာရှိက တကယ်ကြီး ရန်သူဆီမှာ အညံ့ခံဖို့ ပြင်နေတလား။ စစ်သည်အချို့က ချန်လွေ့ကို မြားဖြင့်ချိန်ထားနေကြပြီး သစ္စာဖောက်ကို ပစ်သတ်ရန် တော်ဝင်မင်းသမီး အမိန့်ပေးမည်ကို စောင့်ဆိုင်းနေကြသည်။

ချန်လွေ့က မြင်းဖြင့် ရှေ့သို့ တစ်လှမ်းနှစ်လမ်း သွားပြီး ရပ်တန့်လိုက်သည်။ ထို့နောက် ရုတ်တရက် သူ လှည့်ကြည့်သည်။

သူသည် ထိုလေးနှင့်မြားတို့ကို ကြည့်နေခြင်း မဟုတ်ဘဲ သွေးနီမီးတောက် အလံအောက်မှ ရှီရာကို ကြည့်နေခြင်း ဖြစ်သည်။

ထိုလှပသော မင်းသမီးသည် အဖြူရောင်ချပ်ကာ ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်များ တလှပ်လှပ် ဖြစ်နေ၏။

၎င်းမှာ သူ့ကို နောက်ဆုံး “အမိန့်”ပေးခဲ့သော အမျိုးသမီးပင် ဖြစ်လေသည်။

၎င်းသည် အကြည့်တစ်ချက်သာ ဖြစ်သော်လည်း ၎င်းထံမှ ရှီရာ အများအပြား ခံစားမိသည်။ အချို့ကို သူ တစ်ခါမျှ မခံစားဖူးပေ။ ၎င်းသည် အပြန်အလှန် နားလည်မှုမျိုး ဖြစ်နိုင်ပေသည်။

ချန်လွေ့က ရှီရာကို အသာလေး ပြုံးပြပြီးနောက် လိပ်ပြာနီစစ်တပ်ဘက်သို့ ခေါင်းလှည့်သည်။ သူက ဓားကိုဆွဲထုတ်ပြီး လိပ်ပြာနီစစ်တပ်ဘက်ကို ချိန်လိုက်သည်။ ၎င်းသည် အညံ့ခံမည့် လူတစ်ယောက် လုပ်သင့်သည့်အရာ မဟုတ်ပေ။ အမှောင်လစစ်တပ်မှ တစ်ယောက်ပြီးတစ်ယောက် စိတ်အေးသွားကြသည်။ လူသားမှာ အလွန်ပင် အားနည်းလှသည်။ သူသည် ဓားကို လက်တစ်ဖက်တည်းဖြင့် ခက်ခက်ခဲခဲ ကိုင်ထားနေရသော်လည်း မည်သူကမှ မရယ်ကြပေ။

“တော်ဝင်မင်းသမီးအတွက်။”

လူသား၏ အသံမှာ မကျယ်လှသော်လည်း ပြတ်သားပြီး အားကောင်းလှသည်။ သူက မြင်းစီးပြီး ရှေ့သို့အရင်ဦးစွာ ချီတက်သွားခဲ့သည်။

တစ်သိန်းနီးပါးရှိသော ရန်သူစစ်တပ်ကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်းပင်။

ချက်ချင်းပင် အမှောင်လမှ သံချပ်ကာ ယန္တရားတပ်နှင့် လူတိုင်း၏ စိတ်ဝိညာဉ်များ တဟုန်ထိုး တိုးတက်ကုန်၏။ အားနည်းတဲ့ လူသားတစ်ယောက်က တကယ်ကြီး ရှေ့ကနေ ဦးဆောင်ခဲ့တယ်။

ရှီရာ၏ မျက်လုံးများမှ မျက်ရည်များ ထိန်းမရဘဲ ကျလာသည်။ သူသည် လက်ထဲရှိ ဓားရှည်ထံမှ မကြုံစဖူး လုံခြုံမှုတစ်ခု ခံစားလိုက်ရသည်။ ထိုတိုက်ပွဲ၌ သူ့တွင် သေရေးရှင်ရေးအတွက် နောင်တမရှိတော့ပေ။

ရှီရာ ဓားဝှေ့ရမ်းလိုက်သည်ကိုမြင်ရင်း ဂါ့စ်က ချက်ချင်း အော်ပြောသည်။ “တော်ဝင်မင်းသမီးအတွက်။”

ထိုအသံသည် ချက်ချင်းပင် ပို၍ ကျယ်လောင်သွားခဲ့သည်။ အမှောင်လမှ စစ်သည်တိုင်း အော်ဟစ်လိုက်ကြသည်။ လှိုင်းကဲ့သို့ ဟိန်းသံများသည် စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွား၏။ သူတို့၏ အားကောင်းလှသော အဟုန်သည် အရေအတွက် လုံးဝ အသာစီးရနေသော လိပ်ပြာနီစစ်တပ်ကိုပင် ကျော်လွန်သွားတော့သည်။

စစ်ချီခရာသံအကြား၌ လူသား၏ “ညံ့ဖျင်းသော” မြင်းစီးစွမ်းရည်ကို လှိမ့်တက်လာသော သူ၏ရဲဘော်ရဲဖက်များက လွှမ်းမိုးသွားသည်။ အမှောင်လ၏ သံချပ်ကာ ယန္တရားတပ်သားများက လိပ်ပြာနီစစ်တပ်ဆီသို့ ရပ်တန့်၍မရသော ဒီရေသဖွယ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချီတက်လာကြတော့သည်။

အမှောင်လမှာ တကယ်ကြီး ဒီလိုမျိုး သံချပ်ကာယန္တရားတပ်ကြီး ရှိနေတာပဲ။

အမှောင်လ သံချပ်ကာယန္တရားတပ်ကြီး၏ အားကောင်းသော အဟုန်နှင့် ချီတက်လာခြင်းကို ရင်‌ဆိုင်နေရသည့်အတွက် ဂျို့ရှ်က မိမိ၏ နောက်ဆုံး လှည့်ကွက်သည် အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် ချက်ချင်းပင် အမုန်းတရားများနှင့် အံကြိတ်လိုက်သည်။ ယခုတွင် သူတို့၏ အဟုန်ကို ရန်သူဖြစ်သူက လွှမ်းမိုးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ရန်သူကို ရင်ဆိုင်ရန်အတွက် ဂျို့ရှ်က စစ်သည်များကို အလျင်အမြန်စုစည်းရန် အမိန့်ပေးရတော့သည်။

All Chapters