← Chapters

စကားသုံးလုံး

Vol. 26 Ch. 387

စကားသုံးလုံး

Vol. 26 Ch. 387

ဂျို့ရှ် ထိတ်လန့်သွားသော်လည်း ကြောက်မနေပေ။ သံချပ်ကာယန္တရားတပ်၏ ရွှေ့လျားနိုင်မှုနှင့် သက်ရောက်မှုတို့ကို တောနက်ထဲ၌ အပြည့်အဝ အသုံးချနိုင်သည်။ သို့သော် ယခု သံချပ်ကာ ယန္တရားတပ်မှာ အများဆုံး ၃၀၀၀ ခန့်သာ ရှိသည်။ ထို့ကြောင့် ခြိမ်းခြောက်နိုင်မှုမှာ အကန့်အသတ် ရှိသည်။ ထို့ပြင် လိပ်ပြာနီ၌လည်း သံချပ်ကာ ယန္တရားတပ် ရှိသည်။ ဂျို့ရှ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ “မှော်ပညာရှင်တွေ။ မှော်အစွမ်း ပြင်ဆင်ထား။ မြားသမားတွေ။ ပစ်‌တော့။”

မြားသမား အတန်းများက လေးရှည်များကို ဆွဲကိုင်ကာ ကောင်းကင်ပေါ်သို့ မြားများ ပစ်ကြသည်။ သို့သော်လည်း အမှောင်လဘက်မှ သံချပ်ကာယန္တရားတပ်၏ ဆုံးရှုံးမှုများမှာ မပြင်းထန်လှပေ။ သူတို့အားလုံးသည် တောက်ပနေသော ငွေရောင် ချပ်ကာများနှင့် ဒိုင်းကာများ ရှိနေသည်။ အစွမ်းထက် ပဲ့ကိုင်နိုင်စွမ်းနှင့် ထိ‌ရောက်သော ခုခံမှုပစ္စည်းများကြောင်း မြားများ၏ သေစေနိုင်စွမ်းကို ကြီးကြီးမားမား လျှော့ချနိုင်ခဲ့သည်။ ထိုအချိန်၌ ရှေ့တန်းသို့ပြေးလာသော ခါဂူလီ အော်ဟစ်လိုက်သည်။ သံချပ်ကာယန္တရား တပ်သားများအားလုံးက ထူးဆန်းသော လေးတစ်မျိုးကို ထုတ်လိုက်သည်။ အတိအကျ ပြောရလျှင် ၎င်းမှာ ဒူးလေး ဖြစ်သည်။ သူတို့သည် ၎င်းတို့ဖြင့် လိပ်ပြာနီစစ်တပ်ဘက် ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ကြသည်။

လိပ်ပြာနီစစ်တပ်က အထင်သေးလျက် ဟားတိုက်ကြသည်။ ဒူးလေး၏ အကွာအ‌ဝေးမှာ လေးများထက် တိုတောင်းပြီး မြားပြန်ထည့်ရ ခက်ခဲသည်။ ဒီလို အကွာအဝေးမှာ ကောင်းကင်ထဲ မြားပစ်တော့ ဘာလုပ်လို့ရမှာလဲ။

ထိုအချိန်၌ နိမ့်ဆင့်လာသော ဒူးလေးမြားတို့က ကောင်းကင်ထဲ၌ ရုတ်တရက် ပေါက်ကွဲထွက်ကာ ဒုတိယအဆင့် မီးမြားများကဲ့သို့ပင် မြောက်မြားလှစွာသော မြားအသေးများ လွင့်စင်ကုန်သည်။ သူတို့သည် လိပ်ပြာနီစစ်တပ်၏ ရှေ့တန်းကို ပစ်ခတ်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုနှင့်အတူ လိပ်ပြာနီ၏ ရှေ့တန်းစစ်တပ်သည် ဒိုင်းကာများကို မြှောက်ရန်ပင် အချန်မရှိသလောက် ခဲယဉ်းသွား၏။ ပို၍ကြောက်မက်ဖွယ်ရာ ‌ကောင်းသည်မှာ ထိုမြားအသေးများ ပေါက်ကွဲနိုင်ခြင်းပင် ဖြစ်သည်။ သူတို့သည် အသေးစား မှော်ကျည်ဆန်နှင့်ညီမျှသော်လည်း တိုက်ခိုက်မှု အဝန်းအဝိုင်း ကျယ်ဝန်းလှသည်။ အဆက်မပြတ် ပေါက်ကွဲမှုများအကြား၌ ကြီးမားလှသော အသေအပျောက်များနှင့်အတူ ရုတ်တရက်ကြီး ဖရိုဖရဲ ဖြစ်သွားတော့သည်။

ဂျို့ရှ်၏မျက်နှာ ဖြူဖျော့သွား၏။ ဒီလောက် အကွာအဝေးမှာ ဒူးလေးက လေးထက်ကို တကယ်တမ်း ပိုကောင်းနေတာပဲ။ ဒါက အဝေးပစ် စစ်ဆင်ရေးရဲ့ သမားရိုးကျဥပဒေကို တွန်းလှန်ဖြိုဖျက်နေတာပဲ။ အဲဒီလို လက်နက်မျိုးက နတ်ဆိုးဘုံမှာ ဘယ်တုန်းက ထွက်ပေါ်လာခဲ့တာလဲ။

ရှေ့တန်း ဖရိုဖရဲဖြစ်နေစဉ် သံချပ်ကာယန္တရားတပ်သည် အကွာအဝေးကို ကျဉ်းမြောင်းနိုင်ခဲ့သည်။ ယခုတွင်လိပ်ပြာနီဘက်မှ သံချပ်ကာယန္တရားတပ်ဖြန့်မည် ဆိုလျှင် ပြိုင်ဘက်ဖြစ်သူ၏ ရှေ့တက်မှုကို နှောင့်နှေးအောင် ပြုလုပ်နိုင်‌သေးသည်။ သို့သော်လည်း မှော်ပညာရှင်များက ပြင်ဆင်မှု ပြီးသွားသည့်အတွက် ဂျို့ရှ်က ထိုသို့ မပြုလုပ်ခဲ့ပေ။ သိပ်သည်းလှသော မှော်ဗုံးကြဲတိုက်ခိုက်ခြင်းသည် ထိုကဲ့သို့ ထူးဆန်းသည့် သံချပ်ကာယန္တရားတပ်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေမည်။

ရုတ်တရက် လေဓားသွားများ၊ မီးလျှံလုံးများ၊ ရေခဲဆူးချွန်များ နှင့် မိုးကြိုးတို့သည် မိုးရွာသကဲ့သို့ ဆင်းသက်လာကြ၏။ ၎င်းတို့ ယှက်နွှယ်သွားကြပြီး ကြီးကျယ်ခမ်းနားပြီး အရောင်စုံသော မရဏပင့်ကူအိမ်တစ်ခု ဖြစ်လာသည်။

ခါဂူလီ၏ ဦးဆောင်မှုအောက်တွင် အမှောင်လ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ချက်ချင်း လူစုခွဲလိုက်ကြသည်။ သို့သော်လည်း အများအပြား ထိခိုက်သွားကြသည်။ ဒုန်းစိုင်း ပြေးနေကြသောပုံရိပ်များက မှော်အလင်းရောင်ထဲ၌ ပျောက်ကွယ်သွားကြသည်။

“သံချပ်ကာယန္တရားတပ်မဟာ။ တပ်ဖြန့်။” ဂျို့ရှ်က အခွင့်အရေးကို တွေ့သွားပြီး အမိန့်ပေးလိုက်သည်။ လိပ်ပြာနီဘက်မှ လက်ရွေးစင် သံချပ်ကာယန္တရားတပ်မဟာက ပုံစံတစ်ခု ခင်းကျင်းပြီး အမှောင်လမှ လက်ကျန်စစ်သည်များကို အဆုံးသတ်ရန် ကြိုးစားကြတော့သည်။ သို့သော်လည်း အမှောင်လဘက်မှ သံချပ်ကာယန္တရားတပ်သည် အလိုလိုသိနေ၏။ သူတို့သည် ထိပ်တိုက် မရင်ဆိုင်ခဲ့ပေ။ တစ်ဖက်က မချဉ်းကပ်လာခင် သူတို့ နောက်လှည့်ပြီး ထွက်သွားကြသည်။ သို့သော်လည်း နောက်ပြန်ပြေးနေရင်း သူတို့သည် ဒူးလေးမြားတို့ကို နောက်ပြန် ပစ်နေကြသေးသည်။

၎င်းမှာ ပေါက်ကွဲထွက်သော ထူးဆန်းသည့် ဒူးလေးမြားသာ ဖြစ်သည်။ ၎င်းသည် ထိခိုက်မှု အဝန်းအဝိုင်းကျယ်သည်။ ပေါက်ကွဲမှု အသံများ ကြားထဲ၌ လိပ်ပြာနီဘက်မှ သံချပ်ကာယန္တရားတပ်သည် မြင်းပေါ်မှ ပြုတ်ကျသွားကြသည်။ သေချာသည်မှာ အမှောင်လ သံချပ်ကာယန္တရားတပ်သည် ခုနက လေးမတင်ကြပေ။ ထိုဒူးလေးသည် တစ်ကြိမ် ပိုပစ်၍ ရနေပုံရသည်။

သူတို့၏ အပေါင်းအဖော်များ တစ်ယောက်ပြီးတစ်ယောက် လဲကျနေသည်ကို မြင်သည့်အခါ လိပ်ပြာနီဘက်က ဒေါသတကြီးနှင့် လိုက်တော့သည်။ သူတို့သည် ရန်သူကို အမီလိုက်ပြီး အပိုင်းပိုင်း လုပ်ပစ်ချင်ကြသည်။ သို့သော်လည်း အမှောင်လ၏ တိုက်ခိုက်ရေး ပုံစံမှာ သိသာလှသည်။ သူတို့သည် အဝေးမှသာ တိုက်ခိုက်ပေမည်။ ထို့ကြောင့် ရန်သူကို အနားကပ်ခွင့် ပေးမည် မဟုတ်ပေ။

အတွက်အချက်မှားသွားခြင်းကြောင့် ဂျို့ရှ်၏ နှလုံးသားမှ သွေးများ ယိုစီးလာသည်။ ထိုသံချပ်ကာယန္တရားတပ်များမှာ လိပ်ပြာနီ၏ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့ကို သလင်းကျောက်နက်ဒင်္ဂါး အမြောက်အမြားဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယခုတွင် အင်အားပိုနည်းနေသော အမှောင်လစစ်တပ်ကို ရင်ဆိုင်ရာ၌ အမှန်တကယ်ပင် အများအပြား ဆုံးရှုံးခဲ့ရသည်။

ဂျို့ရှ်လည်း ကြံရာမရတော့ဘဲ နောက်ဆုတ်ရန် အမိန့်ပေးလိုက်ရသည်။ သံချပ်ကာ ယန္တရားတပ်က ဒေါသထွက်နေကြသော်လည်း သစ္စာရှိစွာဖြင့် အမိန့်ကို နာခံကြသည်။ ငါတို့မှာ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ငါတို့တွေ သူ့ကို လိုက်လို့လည်း မရဘူး။ တိုက်ခိုက်လို့လည်း မရဘူး။ တိုက်ခိုက်တာကိုပဲ ခံနေရတယ်။ ပြန်ဖို့ကလွဲပြီးတော့ ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။

ထိုအချိန်၌ အမှောင်လ၏ သံချပ်ကာ ယန္တရားတပ် မုန်းစရာကောင်းလောက်အောင် နောက်ဆုတ် နေကြသည်။ သူတို့သည် အမှန်တကယ်ပင် လိပ်ပြာနီစစ်တပ်ကို စတင်တိုက်ခိုက်ပြန်သည်။ ၎င်းသည် ထိုဒူးလေးမြားပင် ဖြစ်ပြန်၏။ သူတို့သည် အခင်းအကျင်းကို ဖြန့်ကျက်ပြီးနောက် အများအပြား တိုးတက်သွားခဲ့သည်။ မှော်ပညာရှင်များသည်ပင် ထိုကဲ့သို့ အစုလိုက် ဖျက်ဆီးခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲလှသည်။

လိပ်ပြာနီမှ နောက်ထပ် သံချပ်ကာယန္တရားတပ်သားများ မြင်းပေါ်မှ ပြုတ်ကျကုန်သည်။ စစ်သည်များသာ ဒေါသထွက်နေရုံမက ဂျို့ရှ် ကိုယ်တိုင်သည်ပင် အော်မိလုမတတ် ဖြစ်သွားသည်။ ဒါက တော်တော် လွန်သွားပြီ။

ထိုမှော်ဒူးလေးများသည် ဆရာသခင်တာတာ၏ လမ်းညွှန်မှုအောက်ရှိ ဝတ်ရုံဂိုဏ်းမှ တွန့်ခ် သုသေတန ပြုလုပ်ထားသော ရလာဒ်တစ်ခု ဖြစ်သည်။ တစ်ခုလျှင် ၅ကြိမ် ပစ်နိုင်သည်။ အမှောင်လ သံချပ်ကာယန္တရားတပ်သားတိုင်းတွင် ထိုဒူးလေး ၂လက်စီ ရှီကြသည်။ သို့သော်လည်း ကုန်ကျစရိတ် မြင့်မားပြီး အ‌ရေအတွက် နည်းပါးသည့်အတွက် လက်ရှိတွင် သံချပ်ကာယန္တရားတပ်ကိုသာ ဆင်ပေးနိုင်သေးသည်။

“ဆာ-ဂျို့ရှ်။” ရုစ် မျက်မှောင်ကြုတ်လိုက်သည်။ “ရန်သူက ဉာဏ်များလွန်းတယ်။ စစ်တပ်တစ်ခုလုံးကို ချီတက်ခိုင်းလိုက်ရအောင်။ စွမ်းအားသက်သက် အရှေ့မှာ လှည့်ကွက်တွေ အားလုံးက ပုံရိပ်ယောင်တွေပဲ။”

ဂျို့ရှ် အံကြိတ်ပြီး ခေါင်းညိတ်သည်။ သူသည် တိတ်တဆိတ် နောင်တ ရသွား၏။ ငါ့ရဲ့စွမ်းအားကိုသာ ထိမ်ချန်ဖို့ မစီစဉ်ထားခဲ့ရင် သံချပ်ကာယန္တရားတပ်မဟာ ဒီလောက် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှာ မဟုတ်ဘူး။ အခုတော့ အနည်းဆုံး လက်ရွေးစင် သံချပ်ကာယန္တရားတပ်သား နှစ်‌သောင်းလောက် ဒဏ်ရာရသွားပြီ။

အမှောင်လက ထူးဆန်းတဲ့ဒူးလေးရဲ့ စွမ်းအားနဲ့ နိုင်ပွဲအသေးစား ရယူနိုင်ခဲ့ပေမဲ့ နှစ်ဖက်အကြား စွမ်းအားကွာခြားချက်က သိသာနေသေးတယ်။ ငါတို့တွေ ဒီပထမ အခွင့်အရေးကို အရမယူရင်တောင်၊ မမျှော်လင့်ထားတဲ ဆုံးရှုံးမှုတွေ ဖြစ်ရင်တောင် အမှောင်လက ဒီကောင်တွေအားလုံးကို သတ်ပစ်ရမယ်။

ပြင်းထန်သောခရာသံ ထွက်ပေါ်လာပြီး လိပ်ပြာနီစစ်တပ်က အလျင်အမြန် နေရာပြင်ဆင်ကာ ချီတက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

တိုက်ပွဲကို အာရုံစိုက်နေရင်း ရှီရာသည် ခုနက ပြေးထွက်လာခဲ့သော ချန်လွေ့ကို ရှာဖွေနေခဲ့သည်။ ထူးဆန်းသည်မှာ ရှီရာသည် ချန်လွေ့ကို လုံးဝမတွေ့ခဲ့ခြင်းပင်။ တစ်ဖက်မှ ခရာသံကို ကြားသည့်အခါ တကယ့်စမ်းသပ်မှု ရောက်လာပြီဖြစ်ကြောင်း ရှီရာ သိလိုက်သည်။ ထိုစဉ် မှော်ဒူးလေးမှာ ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ရှီရာက သံချပ်ကာယန္တရားတပ်ကို အလျင်အမြန် နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

ခရာသံနှင့်အတူ လိပ်ပြာနီစစ်တပ်က ဒီရေကဲ့သို့ ချီတက်လာသည်။ ယခင် တိုက်ပွဲ အသေးများ၌ အမှောင်လ၏ စိတ်ဓာတ်များ အကြီးအကျယ် တက်ကြွနေသော်လည်း သူတို့ထက် နှစ်ဆခန့်ကြီးမားသော ရန်သူ၏ သဲကြီးမဲကြီး တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ အနည်းငယ် ကြောက်လန့်နေမည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။

ထိုအချိန်၌ ဂျို့ရှ်က ရုတ်တရက် တစ်ခုခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်ကို မော့ကြည့်သည်။ သူ၏မြင်ကွင်းထဲ၌ အမည်းစက် အစုအဖွဲ့များ တဖြည်ဖြည်း ကြီးလာ၏။ ၎င်းတို့သည် စုစည်းနေကြသည်။ အနည်းဆုံး တစ်ထောင်ခန့် ရှိသည်။ ဂျို့ရှ် နှင့် ရုစ်တို့က အလွန်အမင်း ထိတ်လန့်သွားကြပြီး တပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။ “ဝိုင်ဗန်တွေ။”

ဝိုင်ဗန်တွေ အများကြီးပါလား။ ဧကန္တ...ဒါက အမှောင်လရဲ့ လေတပ်များလား။

မဖြစ်နိုင်ဘူး။ သာမန်နယ်မြေတစ်ခုမှာ ဝိုင်ဗန်တွေ ဒီလောက်အများကြီး ရှိတာ မဖြစ်နိုင်ဘူး။ လိပ်ပြာနီမှာတောင်မပြောနဲ့။ မြို့‌တော်က တစ်ခုတည်းသော နဂါးနိုင်သူရဲကောင်း ဗိုလ်ခြေမှာတောင် လူ၁၀၀၀ပဲ ရှိတယ်။ အမှောင်လလို ဆင်းရဲတဲ့ နေရာမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ နဂါးနိုင်သူရဲကောင်း ဗိုလ်ခြေတစ်ခုလုံး ရှိနိုင်မှာလဲ။

စစ်တပ်နှစ်ခုကြား တိုက်ပွဲက ပုန်းနေကြတဲ့ ဝိုင်ဗန်အုပ်လိုက်ကြီးကို နှိုးမိသလိုမျိုး ဖြစ်သွားတာလား။

“ဝိုင်ဗန်ပေါ်မှ စီးတဲ့သူတွေ ရှိတယ်။” ရုစ်ထက် သာလွန်သော အမြင်ရှိသည့် ဂျို့ရှ်က အော်ပြောသည်။

ဝိုင်ဗန်များသည် နတ်ဆိုးဧကရာဇ်အဆင့် နှစ်ယောက်၏ သံသယများကို လုပ်ရပ်များဖြင့် သက်သေပြပေးခဲ့သည်။ ဝိုင်ဗန်များ၏ ကျောပေါ်မှ ထူးဆန်းသော ပစ္စည်းများ ပြုတ်ကျလာပြီး ချီတက်နေသော လိပ်ပြာနီစစ်တပ်ထံ ဆင်းသက်သွား၏။ ထိုပစ္စည်းများ ရုတ်တရက်‌ ပေါက်ကွဲထွက်သွားသည်။

၎င်းသည် ယခင်ကဲ့သို့ ပေါက်ကွဲနိုင်သော မြားမိုးရွာခြင်း မဟုတ်ဘဲ ပိုကျယ်ဝန်းသော မှော်မုန်တိုင်းတစ်ခု ဖြစ်နေသည်။ ရုတ်တရက် နေရာအနှံ့တွင် မီးလျှံများ ရှိနေပြီး မြေပြင်လည်း တုန်ခါနေ၏။ ချီတက်နေသော လိပ်ပြာနီစစ်တပ်တစ်ခုလုံးလည်း သုံးလေးခေါက်အတွင်း ဒဏ်ရာ အပြင်းအထန် ရသွားကြကာ အချို့မှာ သေသွားကြသည်။ ဝိုင်ဗန်များ၏ အမြန်နှုန်းနှင့် အမြင့်တို့ကြောင့် မြားသမားတို့အတွက် ထိထိရောက်ရောက် သတ်ပစ်ရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။

မှော်ပညာရှင်အဖွဲ့က ချက်ချင်းပင် ဝိုင်ဗန်များကို တိုက်ခိုက်သည်။ သို့သော်လည်း ဝိုင်ဗန်များသည် အလွန် သန်မာလွန်းလှသည်။ အနည်းငယ် ထိုးဆင်းရုံဖြင့် မှော်ပညာရှင် အဖွဲ့ကို ဖရိုဖရဲ ဖြစ်သွားစေသည်။ အချို့မှော်ပညာရှင်များက အဆိပ်လက်သည်းများဖြင့် ကုတ်ခြစ်ခံရပြီး အချို့မှာ နေရာတွင်ပင် သေဆုံးသွားကြသည်။ အချို့မှာ ဖမ်းမိသွားပြီး အမြင့်မှ လွှတ်ချခံရသည့်အတွက် အရွတ်များ ကျိုးပဲ့ပျက်စီးကုန်သည်။

လေတပ်နှင့် ကြည်းတပ်တို့မှာ အမှန်တကယ်ပင် အဆင့်မတူကြပေ။

သို့သော်လည်း ဝိုင်ဗန်များ မည်မျှပင် များစေကာမူ အရေအတွက် အကန့်အသတ် ရှိသည်။ ထောင်သောင်းချီသော လိပ်ပြာနီစစ်သည်တို့ကို ရင်ဆိုင်ရာ၌ သတ်ခြင်းနှင့် ဒဏ်ရာရစေခြင်းအပြင် အဟန့်အတားကိုပါ ဖြစ်စေသည်။ အမှောင်လစစ်တပ်က သူ့တို့ဘက်၌ ထိုကဲ့သို့ အစွမ်းထက်သော လေတပ်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

လိပ်ပြာနီစစ်တပ် ဖရိုဖရဲဖြစ်နေပြီး ကြောက်လန့်နေကြစဉ် ရှီရာဘက်မှ စိတ်ဓာတ်သည် အဆုံးစွန်အထိ တိုးမြင့်နေခဲ့သည်။ နောက်ဆုံး၌ ရှီရာက ချီတက်ရန် ပြတ်ပြတ်သားသား အမိန့်ပေးခဲ့သည်။ အမှောင်လစစ်တပ်၏ မြားအခင်းအကျင်းလည်း ရှေ့သို့ စတင်ချီတက်တော့သည်။

ယခင်တိုက်ပွဲများတွင် အစွမ်းများ၊ စမ်းသပ်ခြင်းများ ပါနေသေးသည်။ နောက်တစ်ဆင့်မှာ တကယ့် လက်တွေ့တိုက်ခိုက်ခြင်း ဖြစ်သည်။ လိပ်ပြာနီ၏ စိတ်‌ဓာတ်ရေးရာ အဆက်မပြတ် အားနည်းလာ၏။ အထူးသဖြင့် လေကြောင်းမှ ဝိုင်ဗန်များ၏ တိုက်ခိုက်မှုကို တရစပ် ခံနေရသည်။ စစ်တပ်၏ စိတ်ဝိညာဉ် တုန်လှုပ်နေလေပြီ။ ရှီရာ အစွမ်းကုန် ပြုလုပ်ထားခဲ့သော အထူးပစ္စည်းကိရိယာများနှင့် ပေါင်းလိုက်သည့်အခါ သူတို့ အသာစီး ရသွားခဲ့သည်။

ထိုမြင်ကွင်းသည် သူထင်ထားသည်နှင့် လုံးဝကွဲပြားနေမည်ဟု ဂျို့ရှ် လုံးဝ မထင်မှတ်ထားခဲ့ပေ။ လေထဲမှ ဝိုင်ဗန်များ၏ အကြီးမားဆုံး လျို့ဝှက်အန္တရာယ်များအား ဖြေရှင်းရမည် သိသည့်အတွက် ဂျို့ရှ်က ချက်ချင်းပင် လေထဲသို့ ပျံတက်သွားသည်။ ဝိုင်ဗန်တစ်ကောင် လာသုတ်သောအခါ ဂျို့ရှ်ကို ရစ်ပတ်ထားသော အမှတ်အသားမှ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်လာသည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ အေးစက်မှုတစ်ခုကို ထုတ်လွှတ်ပြီး ထိုဝိုင်ဗန်ကို ဖြတ်သန်းသွား၏။

ဝိုင်ဗန်နှင့် ကျောပေါ်မှ စီးနင်းသူတို့သည် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အေးခဲသွားကြသည်။ ဝိုင်ဗန်သည် တောင်ပံ မခတ်နိုင်တော့ဘဲ မြေပြင်ပေါ် ပြုတ်ကျသွား၏။ ၎င်း၏ခန္ဓာကိုယ်သည် ရေခဲရုပ်တုကဲ့သို့ပင် ကြေမွသွားတော့သည်။

နတ်ဆိုးဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသည် မှော်အထောက်အပံ့မပါဘဲ ပျံသန်းနိုင်သည့် စွမ်းရည် ရှိကြသည်။ တစ်ဖက်တွင်လည်း ရုစ်တွင် ပျံသန်းနှင့် သွေးမျိုးဆက် ပါရမီဖြစ်သော [သိဒ္ဓိတောင်ပံ] ရှိသည်။ သူက ဓားကို ဝှေ့ရမ်းလိုက်ရာ လေထဲ၌ မီးတောက်များ လွှမ်းမိုးသွားပြီး ပျံသန်းနေသော ဝိုင်ဗန်တစ်ကောင်ကို ထိသွားသည်။ ၎င်းက မြည်တမ်းလိုက်ပြီး ချက်ချင်းပင် ပြာဖြစ်သွားတော့သည်။

ရှီရာသည် ဂျို့ရှ်၏ လုပ်ရပ်များကို အာရုံစိုက်နေခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့် နှစ်ယောက်က လုပ်ရှားနေသည်ကိုမြင်ပြီး သူ့ဘက်တွင် အခြား နတ်ဆိုးဧကရာဇ်အဆင့် မရှိကြောင်း သူသိသည်။ ယခုအတိုင်း ဆက်ဖြစ်မည်ဆိုလျှင် ဝိုင်ဗန်ဗိုလ်ခြေ သုတ်သင် ခံရမည်ဖြစ်ပြီး တိုက်ပွဲအခြေအနေလည်း ပြောင်းပြန် ဖြစ်သွားပေမည်။ ထိုအချိန်၌ ရှီရာသည် အန္တရာယ်ကို စဉ်းစားရန် အချိန် မရှိတော့ပေ။ သူ၏နောက်ဘက်မှ အနက်ရောင် တောင်ပံနှစ်စုံ ထွက်ပေါ်လာပြီး အလင်းရောင်ဖျော့ဖျော့ တောက်ပနေကာ ဂျို့ရှ်ထံ ပျံသန်းသွားလိုက်သည်။

ဂျို့ရှ်သည် ၎င်းအတွက် ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ လက်ညှိုးတစ်ချက် တောက်လိုက်ရာ [ ရေခဲမီးလျှံ ] တိမ်တိုက်တစ်ခုက ရှီရာထံ ပျံသန်းသွား၏။ ရှီရာ၏ ခရမ်း‌ရောင်မျက်လုံးများ ချက်ချင်း အဖြူအမည်း ပြောင်းသွားခဲ့သည်။ သူ၏လက်ထဲ၌ နှင်းကဲ့သို့ ဓားရှည်တစ်လက် ရှိနေသည်။ သူသည် ထက်မြက်လှသော အလင်းကွေး တစ်ခုအဖြစ် ဝှေ့ရမ်းပြီးနောက် [ ရေခဲမီးလျှံ ] ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။

“အိုး။” ဂျို့ရှ် အနည်းငယ် အံ့အားသင့်သွားပြီး ပြတ်သားသော အမူအရာ ပြသလိုက်သည်။ “တော်ဝင်မင်းသမီးက နတ်ဆိုးဧကရာဇ်အဆင့် ရောက်သွားပြီလို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းသမီးက ကနဦးပိုင်းပဲ ရှိသေးတယ်။ ပြီးတော့လည်း မင်းသမီးရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံက နည်းလွန်းတယ်။ မင်းသမီးက ကျုပ်ရဲ့ပြိုင်ဘက် မဟုတ်ဘူး။”

ထိုစကားသည် ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ [ အလင်းအမှောင်နှလုံးသား] နှင့် [သိဒ္ဓိတောင်ပံ] တို့၏စွမ်းအားကို အသုံးပြုပြီး ရေခဲမီးလျှံကို ပိုင်းဖြတ်ပြီးနောက် ဓားကို ကိုင်ထားသော ရှီရာ၏လက်သည် ရေခဲမီးလျှံထဲ၌ ပါဝင်သော [ မိုးကြိုး ] စွမ်းအားကြောင့် အနည်းငယ် တုန်ခါနေ၏။ သို့သော်လည်း သူ လုံးဝ တုံ့ဆိုင်းမနေဘဲ ဂျို့ရှ်ထံသို့ တည့်တည့် ပျံသန်းသွားလိုက်သည်။

ဂျို့ရှ်၏ ပျံသန်းစွမ်းရည်မှာ နတ်ဆိုးဧကရာဇ်အဆင့်နှင့် မှော်ပညာရှင် ပေါင်းစပ်မှုကြောင့်ဖြစ်ပြီး [ သိဒ္ဓိတောင်ပံ ] ကဲ့သို့ မမြန်လှပေ။ ရှီရာ အနားကပ် လာသည်နှင့် ရှီရာ၏စွမ်းအားမှာ အားနည်းသည့်တိုင် သူသည် အလွန်အမင်း အရေးနိမ့်သွားပေမည်။

ဂျို့ရှ်သည် တိုက်ခိုက်ရေး အတွေ့အကြုံ ရင့်ကျက်သည်။ ထို့ကြောင့် ရှီရာကို အလွယ်တကူ အနားကပ်ခွင့် ပေးမည် မဟုတ်သည်မှာ သေချာသည်။ သူ၏လက်ထဲရှိ မှော်စာအလင်းရောင် တောက်ပလာသည်။ ရှီရာသည် ဒြပ်မရှိသော လှိုင်းတစ်ခုက သူ့ထံ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ သူက ၎င်းကို ဓားဖြင့် ခုခံလိုက်ရာ ပြင်းထန်သော လှိုင်းဒဏ်ကြောင့် လွင့်စင်ထွက်သွားသည်။ သူသည် လေထဲ၌ ခက်ခက်ခဲခဲ တည်ငြိမ်အောင် ပြုလုပ်ခဲ့ရသည်။

ထိုအချိန်၌ ရုစ်၏ ပုံရိပ်က ရှီရာ အနောက်၌ တစ္ဆေသဖွယ် ထွက်ပေါ်လာသည်။ သူသည် ကြောက်မက်ဖွယ်ရာ [ မီးတောက်နက် ] မဟာဓားကို သယ်ဆောင်ပြီး ချက်ချင်းပင် ပိုင်းဖြတ်ခဲ့သည်။ ထိုစဉ် ရှီရာသည် အစွမ်းအကုန် သုံးလိုက်ပြီ ဖြစ်သည့်အတွက် ၎င်းကို မရှောင်တိမ်းနိုင်တော့ပေ။

ထိုအချိန်၌ ပုံရိပ်တစ်ခုက ချက်ချင်းပင် ရှီရာ၏ဘေး၌ ထွက်ပါ်လာသည်။ ထိုအစွမ်းထက်သော ဓားပိုင်းချက်များသည် တစ်ချိန်တည်း‌ ပေါ်ထွက်လာသော အပြာရောင် အလင်းဒိုင်းပေါ်သို့ ကျရောက်သွားသည်။ ၎င်းသည် အမှန်ကတယ်ပင် အက်ကြောင်း အနည်းငယ်သာ ဖြစ်သွား၏။ [ မီးတောက်နက် ] အများစုကို ထိုအလင်းဒိုင်းကလည်း စုပ်ယူလိုက်ပုံရသည်။

ထိုသူမှာ မျက်နှာကို ရေးရေးလေး မြင်နိုင်သည့် ထူးဆန်းသော မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားသည့် ဝတ်ရုံနှင့်လူ ဖြစ်သည်။ ထိုသူ၏ မျက်နှာအမှန်ကို မမြင်နိုင်ပေ။

ရုစ် ထိတ်လန့်သွားပြီး ခုတ်ပိုင်းလိုက်ပြန်သည်။ သို့သော်လည်း ထိုအလင်းဒိုင်းကို မဖျက်ဆီးနိုင်သေးပေ။ ထို့နောက် ထိုလူက လက်ဖြန့်ပြီး သူ့ကို ချိန်လိုက်ကြောင်း ရုစ် မြင်လိုက်ရသည်။ အန္တရာယ်ရှိကြောင်း သူ၏စိတ်ထဲ၌ သိလိုက်ပြီး အလျင်အမြန်ပင် အနောက်သို့ ဆုတ်သွားခဲ့သည်။

အလင်းလုံး ၃လုံး တစ်ခုပြီးတစ်ခု ထွက်လာပြီး ရုစ်ထံ ပျံသန်းသွားသည်။ သူသာ စောစော သတိမထားမိခဲ့လျှင် ထိမှန်သွားပြီ ဖြစ်သည်။

သူပဲ။

အရင်တစ်ခေါက်တုန်းက လုပ်ကြံခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့သူ။

ရင်းနှီးသော အလင်းလုံးများကို မြင်သည့်အခါ ဂျို့ရှ်နှင့် ရုစ်တို့က တပြိုင်နက်တည်း သဘောပေါက်သွားကြသည်။ ထို့နောက် ထိုသူသည် ရှီရာကိုဆွဲခေါ်ပြီး တယ်လီပို့ခုန်ကာ ဂျို့ရှ် ပစ်လွှတ်လိုက်သော [ ရေခဲမုန်တိုင်း ] ကို ရှောင်တိမ်းလိုက်သည်။

ဖောက်ထွင်းမြင်ရသော အပြာရောင်ဒိုင်းက ဂျို့ရှ်အတွက် အနည်းငယ် ရင်းနှီးနေသော်လည်း လူသားတစ်ယောက် အကြောင်းကို မစဉ်းစားမိခဲ့ပေ။ ထို့ပြင် ထိုလူသားသည် ဤနေရာ၌ ပေါ်ထွက်လာရန် မဖြစ်နိုင်ပေ။ တကယ်ရောက်လာသည့်တိုင် သူသည် [ မီးတောက်နက် ] ပါဝင်သော ရုစ်၏ ခုတ်ပိုင်းချက်နှစ်ချက်ကို ခံနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ရှီရာ၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ [ နှစ်ဆင့် တယ်လီပို့ ] ခုန်တာ။ အကာအကွယ်ဒိုင်းကာ။

ငါ သေသေချာချာ မှတ်မိတယ်။

အဲဒါ သူပဲ။

အမှောင်လ နန်းတော်ထဲ ခိုးဝင်ပြီးတော့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး အစိတ်အပိုင်း တစ်ခုကို ခိုးယူခဲ့တဲ့ ရန်သူ။ ပြီးတော့ ငါ့ရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ကို တွေ့ခဲ့တယ်။ သူက လူစီဖာ တော်ဝင်မိသားစုရဲ့ အကြီးမားဆုံးရန်သူလည်း ဟုတ်တယ်။

ဘယ် - ဇီ - ဘတ်။

အဲဒီပျောက်ကွယ်သွားတဲ့ ရန်သူက မမျှော်လင့်ဘဲနဲ့ ဒီမှာ ပြန်ပေါ်လာခဲ့တယ်။ သူက ငါ့ကိုတောင် ကယ်ခဲ့သေးတယ်။

ရှီရာ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြသနေ၏။ သူသည် မစဉ်းစားဘဲ ဝတ်ရုံနှင့်လူကို ဓားဖြင့် ထိုးလိုက်သည်။

ဂျို့ရှ်နဲ့ ရုစ်တို့က ရန်သူများ ဖြစ်ပေမဲ့ သူတို့ကြားက တိုက်ပွဲက ကြယ်ကြွေတမန် အင်ပါယာအတွင်းကပဲ။ ဘယ်ဇီလတ် တော်ဝင်မိသားစုက အင်ပါယာတစ်ခုလုံးအတွက် အကြီးမားဆုံး လျို့ဝှက်အန္တရာယ်တစ်ခုလည်း ဖြစ်တယ်။ သန်း‌ခေါင်နေအရှင်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ အကျိုးအမြတ်တချို့ကြောင့် အင်ပါယာတစ်ခုလုံးကို ငါ သစ္စာဖောက်မှာ မဟုတ်ဘူး။ ခုနက သူငါ့ကို ကယ်လိုက်တာ ဆိုပေမဲ့ သူ့မှာ အကြံတစ်ခုခု ရှိရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆိုးဝါးဆုံးရန်သူ သေရမယ်။

ရှီရာ၏လက်ထဲရှိ ဓားရှည် တင်းကြပ်သွား၏။ ၎င်းကို တစ်ဖက်လူက လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်ခြင်း ဖြစ်ပြီး ရှေ့သို့ထိုး၍ မရတော့ပေ။ ရှီရာ၏မျက်လုံးများ အလျင်အမြန်ပင် အဖြူအမည်း ပြောင်းလဲသွားသည်။ သူသည် [ အလင်းအမှောင် နှလုံးသား ] ၏ အစွမ်းထက်ဆုံးစွမ်းအားကို အသုံးပြုချင်နေသည်မှာ သိသာလှသည်။

“ရူးမိုက်တဲ့ မိန်းမ။” ဝတ်ရုံနဲ့လူက ပြောသည်။ “အဲဒီ စကား၃လုံးကို မှတ်မိလား။”

ရှီရာသည် ထိုရင်းနှီးသောအသံကို မိုးကြိုးပစ်သံသဖွယ် ကြားလိုက်ရသည်။ “ရူးမိုက်သောမိန်းမ” ဆိုသည်မှာ နန်းတော်၏ ကောင်စီခန်းမထဲ၌ သူ့ကိုယ်သူ ပြောခဲ့သော စကား ဖြစ်သည်.....

၎င်းမှာ ရှီရာ၏ လျို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်သည်။

လူတစ်ယောက်ကို ၎င်းကို သိပြီး နားလည်သည်။

သူလား။ မဖြစ်နိုင်ဘူး။

“လွန်ခဲ့တဲ့ သုံးလေးနာရီတုန်းက အဲဒီစကားလုံး ၃လုံးကို ကျုပ် မေ့သွားခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျုပ်မှတ်ဉာဏ်တွေ ကြည်လင်သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကတိတစ်ခုကို ခင်ဗျား မှတ်မိတယ် မဟုတ်လား။”

__ နောက်တစ်ခါ ဒီစကား၃လုံးကို ပြောတဲ့အခါ ကျုပ်ကို မသတ်ရဘူး။

၎င်းသည် ထိုစဉ်က ရှီရာ၏ကတိ ဖြစ်သည်။

“အမှန်တရားကို သိချင်တယ်ဆိုရင် ဒီတိုက်ပွဲမှာ အသက်ရှင်အောင်လုပ်။ ဒါဆို ခင်ဗျားပဲသိတဲ့ နေရာတစ်ခုမှာ ကျုပ် စောင့်နေတယ်။” ရှီရာက တီးတိုးစကားသံတစ်ခု ကြားလိုက်ရသည်။ ထိုသို့ပြောပြီးသည်နှင့် ဝတ်ရုံနှင့်လူက အငွေ့အဖြစ် ပြောင်းလဲကာ ဂျို့ရှ်ထံသို့ ပျံသန်းသွားလိုက်သည်။

ရှီရာက ပင့်သက်ရှိုက်ပြီး စိတ်ထဲမှ သံသယနှင့် ထိတ်လန့်မှုတို့ကို အတင်း ဖိနှိပ်လိုက်သည်။ ဟုတ်တယ်။ အသက်ရှင်ရမယ်။ ပြီးတော့ သူ့ဆီကနေ အဖြေသိရဖို့ စောင့်ရမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ အဖြေကို သိမှဖြစ်မယ်။

စိတ်ပိုင်းဖြတ်လိုက်သော တော်ဝင်မင်းသမီးက အနှောင့်အယှက်ဖြစ်စေသော အတွေးများအားလုံးကို ဘေးဖယ်ထားလိုက်ပြီး လေထဲ၌ ရပ်တန့်ကာ သူ့အရှေ့မှ ရုစ်ကို ဓားဖြင့် ချိန်လိုက်သည်။ ဖော်ပြ၍မရနိုင်သော အစွမ်းထက် အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်လာ၏။

ရုစ်နှင့် ရှီရာတို့ နှစ်ယောက်လုံးသည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းများ ဖြစ်ကြသည်။ ရုစ်သည် အတွေ့အကြုံနှင့် ခွန်အား ပိုသာသော်လည်း အသိမလွတ်ရဲပေ။ သူ၏နောက်ဘက်၌ အနက်ရောင်တောင်ပံနှစ်စုံ ထွက်ပေါ်လာသည်။ သူက ရှေ့မှ မဟာဓားကို မှုတ်ပြီး [ မီးတောက်နက် ] လောင်ကျွမ်းစေလိုက်သည်။

ရုစ်နှင့် ဂျို့ရှ်တို့၏‌ နှောင့်ယှက်မှု မရှိတော့သည့်အခါ ဝိုင်ဗန်များသည် လိပ်ပြာနီ စစ်တပ်ကို တိုက်ခိုက်လာပြန်သည်။ လိပ်ပြာနီစစ်တပ်၏ နောက်ပိုင်းနှင့် အလယ်ပိုင်း တို့သည့် ဝိုင်ဗန်များ၏ ပစ်မှတ်များ ဖြစ်သွားကြသည်။ တိုက်ပွဲအခြေအနေမှာ မတိုးသာ မဆုတ်သာသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ထိုအခြေအနေကို ကြည့်ရသည်မှာ နှစ်ဖက်စလုံးရှိ လေထဲမှ ခေါင်းဆောင်များ၏ တိုက်ပွဲရလာဒ်သည် တိုက်ပွဲ တစ်ခုလုံး၏ ရလာဒ်ကို ဆုံးဖြတ်ပေး နိုင်‌‌လောက်သည်။

All Chapters