အဆိပ်နဂါး နှင့် မြနဂါး
Vol. 26 Ch. 389
အမှောင်လနယ်မြေ -
ရေကန်ပြာတောင်ခြေ -
ရတနာသိုက် တည်ရှိရာ နေရာဝယ် -
ခရိုဘဲလက်စ် အလွန်အမင်း စိတ်ဆိုးမာန်ဆိုး ဖြစ်နေ၏။
၄နာရီပြည့်နေပြီ ဖြစ်သည်။ ကျောက်မျက် အနည်းငယ်မှလွဲ၍ ခရိုဘဲလက်စ်သည် မည်သည်ကိုမှ ရှာမတွေ့သေးပေ။ ထို့ပြင် လက်ရှိ၌ သူသည် ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရသည်။ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနှင့် သူ၏ခန္ဓာကိုယ်နှင့် ခေါင်းကို ကာကွယ်ထားပေးသော ခန္ဓာကိုယ်အပြည့် သလင်းကျောက်စိမ်း ချပ်ကာကြောင့်သာ မဟုတ်လျှင် ထွင်းစာပေါက်ကွဲမှုများသည် သူ့ကို သေစေသည်အထိ ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။
သို့သော် သူတန်ဖိုးထားရသည့် သလင်းကျောက်စိမ်းချပ်ကာသည် အကြိမ်အကြိမ် ရိုက်ခတ်ခံရမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး အက်ကြောင်များ ထွက်ပေါ်လာ၏။ ချီးပဲ။ ဒါက တော်တော့်တော်တော်ကို စျေးကြီးတဲ့ ချပ်ကာကြီး။
ထိခိုက်မှု ပြင်းထန်ရသည့် အဓိက အကြောင်းရင်းမှာ နဂါးထွင်းစာ၌ မစ်-မြနဂါး၏ အားနည်းမှုကြောင့် ဖြစ်နိုင်ပေသည်။ သူသည် သေသေချာချာ ရှောင်တိမ်းပြီး ဖျက်ပစ်၍ရသော အန္တရာယ်များကို ဝင်တိုးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ ခရိုဘဲလက်စ် ခံစားမိလာသည်။ ဒီထွင်းစာနဲ့ မှော်စက်ဝိုင်း ထောင်ခြောက်တွေက ထိန်းချုပ်ထားသလိုပဲ။ ဒီရတနာသိုက်က ထောင်ခြောက်ဆိုတာ သေချာတယ်။
အဲဒီဒိုင်ရာ့ခ်စုတ်။ မသေမျိုးမှော်ပညာရှင်စုတ်။
အက်ကွဲသွားသော အလင်းကာ နောက်ကွယ်မှ လှပသော မျက်လုံးများသည် ဒေါသအလင်းရောင်များ လက်ခနဲ ဖြစ်သွား၏။ ဘက်တီလေး။ နင် စိတ်ထိန်းရမယ်။ နင့်မှာ သန္ဓေပြောင်း မြနဂါးရဲ့ [ နှလုံးသားမျက်လုံး ] ရှိတယ်မလား။ ရန်သူရဲ့ တည်နေရာကို နင်သေချာ အာရုံစိုက်ရမယ်။ ပြီးတော့ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရမယ်။
မစ်-မြနဂါးက ပင့်သက်ရှိုက်ပြီး အထူးအခြေအနေသို့ ရောက်ရှိသွားသည်။ အနီးအနားရှိ မူမမှန်သော အပြောင်းအလဲများကို အာရုံခံရန်အတွက် သူ၏ အာရုံခံများကို အပြည့်အဝ ဖြန့်ကျက်လိုက်သည်။
နောက်ဆုံး၌ သူသည် ထောင့်တစ်နေရာ၌ ပုံရိပ်တစ်ခုကို ရေးရေးလေး ခံစားမိသွားသည်။ ဟုတ်တယ်။ အဲဒီဉာဏ်များတဲ့လူက ငါ့ရဲ့ အဝတ်အစား အသစ်တွေကို စုတ်ပြဲစေခဲ့ပြီးတော့ ငါ့ရဲ့ သလင်းကျောက်စိမ်း ချပ်ကာကို ထိခိုက်စေခဲ့တာ.....။ ပြီးတော့ ငါလည်း သေတော့မလို့ပဲ။ ငါသူ့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး။
ခရိုဘဲလက်စ် စိတ်ပိုင်းဖြတ်လိုက်သည်။ သူသည် အနီးအနားမှ ပြောင်းလဲနေသော မြင်ကွင်းများနှင့် ထွင်းစာပေါက်ကွဲမှုကို လုံးဝလျစ်လျူရှုလိုက်သည်။ ထို့နောက် စွမ်းအား အကုန်ထုတ်ကာ [ နှလုံးသားမျက်လုံး ] က အာရုံခံမိသော နေရာတည့်တည့်သို့ ပြေးသွားလိုက်သည်။ သူသည် သုံးလေးကြိမ်မျှ တယ်လီပို့ ခုန်မိတော့မလို ဖြစ်သွားသော်လည်း နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားဖြင့် ထိုနေရာသို့ အတင်း သွားနိုင်ခဲ့သည်။ ပြိုင်ဘက်သည် အလွန်ပင် ကောက်ကျစ်လှသည်။ သူသည် အဆက်မပြတ် တည်နေရာများ ပြောင်းလဲနေ၏။ သို့သော်လည်း သူ၏စွမ်းအားမှာ နိမ့်ကျဟန်တူသည်။ [ နှလုံးသားမျက်လုံး ] ၏ အံ့သြဖွယ်အစွမ်းဖြင့်ဆိုလျှင် သူသည် မစ်-မြနဂါး၏ အာရုံမှ လုံးဝ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သိပ်မကြာခင်၌ သူသည် ပစ်မှတ်နှင့် အတော်လေး နီးကပ်သွားခဲ့သည်။
ခရိုဘဲလက်စ် အော်ဟစ်လိုက်သည့်အခါ ကောင်းကင်သည် တောက်ပနေသော အစိမ်းရောင်အလင်းများ ပြည့်နှက်သွားပြီး ရန်သူကို ချက်ချင်း ရစ်ပတ်လိုက်သည်။ ၎င်းမှာ မြနဂါး၏ ရေနှင့်အဆိပ်ဒြပ်စင် စွမ်းအား ကျွမ်းကျင်မှုပင် ဖြစ်သည်။ ထို့နောက် ခရိုဘဲလက်စ်က [ အဆိပ်သွား] ဖြင့် တိုက်ခိုက်သည်။ သူက စွမ်းအားအကုန် သုံးနေခြင်း ဖြစ်သည်။ ထိုအဆိပ်ကြောင့် သတ္တုသည်ပင် အငွေ့အဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်၏။
ထိုလူ မရှောင်နိုင်တော့ဘဲ အဆိပ်မိသွားကာ အော်ဟစ်လိုက်သည်။ ရုတ်တရက် ထိုသူသည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။ ခရိုဘဲလက်စ် ချဉ်းကပ်လာသည့်အခါ ကောင်းကင်တစ်ခုလုံးသည် နောက်ထပ် အစိမ်းရင့်ရောင် အလွှာတစ်ခု ရှိနေကြောင်း ခံစားမိလိုက်သည်။ ပတ်ဝန်းကျင် မြင်ကွင်းသည်လည်း တွန့်လိမ်လာပြီး နေရာလွတ်ထဲ၌ မူမမန် ပြောင်းလဲမှု တစ်မျိုးမျိုး ဖြစ်နေပုံရသည်။
မြေပေါ်သို့ ပြုတ်ကျသွားသော “ခန္ဓာကိုယ်”သည် ရုတ်တရက် အရှိန်ပြင်းပြင်းနှင့် မြောက်တက်လာပြီး ခရိုဘဲလက်စ်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးသည်။ မစ်-မြနဂါး အံ့အားသင့်သွားသော်လည်း သူ တုံ့ပြန်လိုက်နိုင်သည်။ သူက မြန်ဆန်သော လှုပ်ရှားမှုများဖြင့် ထိုလက်သီးကို ခုခံလိုက်နိုင်သည်။
၎င်းတို့နှစ်ခု ထိသွားသည့်အခိုက်တွင် ခရိုဘဲလက်စ်သည် လက်မောင်းပေါ်ရှိ သလင်းကျောက်စိမ်း ချပ်ကာတစ်လျှောက် မြင့်မားသော အပူလှိုင်းတစ်ခု ခန္ဓာကိုယ်ထဲ စီးဝင်သွားကြောင်း ခံစားလိုက်ရသည်။ သူသည် အမှန်တကယ်ပင် မီးကဲ့သို့ စတင်ပူလောင်လာပြီး။ အရာဝတ္ထုတွေကနေတစ်ဆင့် ပျံ့နှံ့တာ.....ဒါက အဆိပ်ပဲ။
ခရိုဘဲလက်စ် ရုတ်တရက် မူးဝေသွားပြီး ထိတ်လန့်မိသွားသည်။ ငါ့ရဲ့ အဆိပ် ခန္ဓာကိုယ်နဲ့တောင် ဒီအဆိပ်မိသွားသေတယ်။ ပြီးတောလည်း လက္ခဏာကို ကြည့်ရတာ အဆိပ်က တော်တော်လေး ပြင်းထန်တဲ့ပုံပဲ။
ဂုဏ်သိက္ခာရှိတဲ့ မြနဂါးတစ်ကောင်အနေနဲ့ ငါက တစ်ဘဝလုံး အဆိပ် အသုံးပြုတဲ့ နေရာမှာ ကျွမ်းကျင်လာခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ ငါက တစ်ယောက်ယောက်ကြောင့် အဆိပ်မိသွားခဲ့တယ်။ ဒီသတင်းသာ ပျံ့သွားရင် အဲဒီနဂါးတွေ ငါ့ကို လှောင်ရယ်ကြမှာပဲ။
ဒီလူက ထူးဆန်းတဲ့ ဝတ်စုံဝတ်ထားတယ်။ သူက ဝတ်ရုံအပြဲတစ်ထည်နဲ့ မျက်နှာဖုံးတစ်ခု ဝတ်ထားတယ်။ ခုနက [ အဆိပ်သွား ]က သူ့အပေါ် သက်ရောက်မှု မရှိတာ သေချာတယ်။ သူရဲ့ အဝတ်အစားတွေတောင် နည်းနည်းပဲ တိုက်စားခံလိုက်ရတာ။
ခရိုဘဲလက်စ် အဆိပ်မိသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် အဆိပ်ကို အတော်လေး ခံနိုင်ရည်ရှိသည်။ ၎င်းကြောင့် သူ၏တိုက်ခိုက်ရေး စွမ်းအား မဆုံးရှုံးသွားပေ။ ရေဒြပ်စင်စွမ်းအားသည် သူ၏လက်ထဲမှ မြူခိုးကဲ့သို့ပင် ရုတ်တရက် အငွေ့ပျံသွားခဲ့သည်။ သူသည် စွမ်းအား အကုန်သုံးပြီး ဖောက်ခွဲပစ်လိုက်သည်။
သို့သော်လည်း ပြိုင်ဘက်သည် တိုက်ခိုက်ရေး အတွေ့အကြုံ အလွန်ကြွယ်ဝနေ၏။ သူ မည်သည့်အားကိုမျှ မထုတ်နိုင်ခင်မှာပင် ထိုသူ အလျင်အမြန် နောက်ဆုတ်သွားသည်။ သူ၏ စွမ်းအားကို အသုံးချ၍ မရသည့်အတွက် ခရိုဘဲလက်စ်သည် ဆို့နင့်သော ခံစားချက်မျိုး ခံစားလာရသည်။ ထို့နောက် မူးဝေခြင်း ခံစားချက် ပိုမိုပြင်းထန်လာကာ သူ၏စွမ်းအားလည်း အားနည်းသွားဟန်တူသည်။
ထိုသက်ရောက်မှုမှာ အဆိပ်စွမ်းအား ကိုယ်တိုင်ကြောင့်သာမက ပိုင်နက်၏ သက်ရောက်မှုကြောင့်လည်း ပါဝင်သည်ဟု ခရိုဘဲလက်စ် သေသေချာချာ ခံစားနေရသည်။ ခရိုဘဲလက်စ် တစ်ကိုယ်လုံး၌ အပြာရောင် အလင်းများ ပြည့်နှက်နေ၏။ သူ ဒူးတစ်ဖက် ထောက်လိုက်ပြီး မြေပြင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ခရိုဘဲလက်စ်ကို ဗဟိုပြု၍ အပြာရောင် ရေခဲ သလင်းကျောက် စက်ဝိုင်းတစ်ခု အလျင်အမြန် ပျံ့နှံ့လာသည်။ မူရင်းနေရာလွတ်၌ အမြင်ကို နှောင့်ယှက်သော ဒြပ်မရှိသည့် အားတစ်ခုသည် ဒြပ်ရှိသော အရာဝတ္ထုတစ်ခု အဖြစ် အေးခဲသွားသည်။ ခန္ဓာကိုယ်မှ အဆိပ်သည် အတော်လေး အားနည်းသွားကြောင်း ခရိုဘဲလက်စ် ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ခွန်အားများကို လက်သီးဆီ လွှဲပြောင်းပြီး လှုပ်ရမ်းလိုက်သည်။ အစိမ်းရင့်ရောင် နေရာလွတ် တစ်ခုလုံးနှင့် ပတ်ဝန်းကျင် မြေသားများ အမှန်တကယ်ပင် ကြေမွသွားခဲ့သည်။ ထို့နောက် ကောင်းကင်မှ ဥက္ကာပျံတစ်ခု ကျသွားသကဲ့သို့ပင် အလွန်ကျယ်ပြန့်လှသော စက်ဝိုင်းခြမ်းပုံစံ တွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝတ်ရုံနှင့်လူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။ သူ မြဲမြဲ မရပ်နိုင်ခင်မှာပင် သူ၏ခြေထောက်များကို ရေခဲသလင်းကျောက်များက ရစ်ပတ်သွားပြီး သူသည် ထိုနေရာတွင်ပင် တန့်နေ၏။ သူ မလှုပ်ရှားနိုင်တော့ပေ။
အလင်းကာနောက်ကွယ်၌ ခရိုဘဲလက်စ်၏ အသက်ရှူသံ အနည်းငယ် တိုတောင်းသွားသည်။ ပြိုင်ဘက်၏ ပိုက်နက်ကို ဖြိုခွင်းနိုင်ခဲ့သော်လည်း သူသည် အဆိပ်မဖြေနိုင်သေးပေ။ နတ်ဆိုးဘုံမှာ ဒီလိုအဆိပ်မျိုးနဲ့ အဆိပ်ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။
ထိုသူက ပြောသည်။ “မင်းက ဘယ်သူလဲ။ ငါ့ရဲ့ရတနာကို ဘာလို့ လာလုတာလဲ။”
ထိုဝတ်ရုံနှင့်လူမှာ ပါ့ဂ်လီအို ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ခန္ဓာကိုယ်အပြည့် ချပ်ကာနှင့် အလင်းကာပါ ဝတ်ဆင်ထားသော ခရိုဘဲလက်စ်ကဲ့သို့ မဟုတ်ဘဲ အဆိပ်နဂါး ဝတ်ရုံဝတ်ဆင်ထားသည်ကို မစ်-မြနဂါး၏ယောက်ျားဖြစ်သူ ရာနိုင်းရီကို သူသတ်ပစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။ သူ့ကို မမှတ်မိစေရန်အတွက် သူ၏မျက်နှာအမှန်ကို တမင်တကာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ချိပ်ပိတ်ကြောင့် ပါ့ဂ်လီအို၏ စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း၌ တစ်နေ၏။ သူသည် ထောင်ခြောက်အားလုံးနှင့် နည်းဗျူဟာအားလုံး အသုံးပြုခဲ့သော်လည်း နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း ပြိုင်ဘက်ဖြစ်သူကို မဖိနှိပ်နိုင်သေးပေ။ ထို့ကြောင့် ဉာဏ်များသော အဆိပ်နဂါးက ထိုစကားကို ချက်ချင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် အချိန်ပိုဆွဲချင်နေသည်။
“ရတနာ ဟုတ်လား။” ခရိုဘဲလက်စ်၏မျက်လုံးများ အနည်းငယ် တောက်ပသွား၏။ သို့သော်လည်း သူသည် သူ၏ခန္ဓာကိုယ်ပေါ်မှ အဆိပ်ပြဿနာ မေ့လျော့မည် မဟုတ်ပေ။ သူ မသင်္ကာ ဖြစ်သွားပုံရသည်။ “ရှင်က ဘယ်သူသလဲ။ ရှင် ဘာလို့ ကျွန်မကို တိုက်ခိုက်တာလဲ။”
“ငါ့နာမည်က ..... ယာကော့ဗ်။ ဒါက ငါအရင် ရှာတွေ့ထားတဲ့ ရတနာပဲ။ အဲဒါကြောင့် တခြားသူတွေကို လုယူခွင့် မပေးနိုင်ဘူး။ မင်းက ငါ့ထက် အစွမ်းထက်ရင်တောင် ဝင်ပေါက်က ထောင်ခြောက်ကို ငါဖောက်ခွဲလိုက်တာနဲ့ မင်း ဘာမှရတော့မှာ မဟုတ်ဘူး။”
“တကယ် ရတနာ ရှိတာလား။” ခရိုဘဲလက်စ် မျက်လုံးကစားလိုက်ပြီး သတ်ဖြတ်ချင်စိတ်ကို ခဏဘေးဖယ်ထားလိုက်သည်။ “ကြည့်ရတာ ရှင်လည်း အတွင်းလူ တစ်ယောက်ပဲ။ စည်းမျဉ်းတွေအရဆိုရင် တွေ့သူယူပဲလေ။ ကျွန်မရဲ့ခန္ဓာကိုယ်က အဆိပ်ကို ဖယ်ရှားပေးမယ်ဆိုရင် ကျွန်မတို့တွေ ရတနာကို အတူတူ ရှာလို့ရတယ်။”
တကယ် ရတနာရှိမယ်ဆိုရင် ဒီအားနည်းတဲ့သူနဲ့တောင် ငါ ခွဲဝေနေမှာ မဟုတ်ဘူး။ အချိန်ကျလာရင် ငါသူ့ကို အသက်ချမ်းသာပေးလို့ရတယ်။ အဲဒါက ရတနာ ရှာတွေ့တဲ့ နစ်နာကြေးလို့တောင် သတ်မှတ်လို့ရတယ်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်မှ အဆိပ်သည် ပေါ့သေးသေး မဟုတ်ကြောင်း မစ်-မြနဂါး သိသည်။ ၎င်းကို အမြန်ဆုံး ဖယ်ရှားရပေမည်။
ခရိုဘဲလက်စ် စဉ်းစားနေသည်ကို ပါ့ဂ်လီအို သိသည်။ ထို့ပြင် ရတနာမှာ ဟန်ပြ သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် သူ တုံ့ဆိုင်းသွားခဲ့သည်။ “မင်းရဲ့အဆိပ်ကို ငါ ဖယ်ရှားပေးလိုက်ရင် မင်းငါ့ကို သေချာပေါက် သတ်မှာပေါ့။ ငါ အဲဒီလောက် မတုံးဘူး။”
မစ်-မြနဂါးက မစဉ်းစားဘဲ လက်ကို မြှောက်လိုက်သည်။ “နီရိုဆိုတဲ့နာမည်တဲ့ ကျွန်မ ကျိန်ဆိုတယ်။ ကတိဖျက်မယ်ဆိုရင် အသေဆိုးနဲ့ သေပါစေသား။”
“နီရို ဟုတ်လား။ အဲဒါ မင်းရဲ့နာမည်လား။” ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ “ပြိုင်ဘက်”တစ်ယောက်နဲ့ လာတွေ့တဲ့ပုံပဲ။ ဒီ ခရိုဘဲလက်စ်က တကယ်ကြီး ငါ့ဗျူဟာကို သိနေတယ်။
သူတို့နှစ်ယောက် စိတ်ထဲ၌ အကြံအစည်များဖြင့် ဟန်ဆောင်နေစဉ် စိုးရိမ်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။ “ပါ့ဂ်လီအို။ ခင်ဗျား ဘယ်မှာလဲ။”
ထိုအသံသည် ချန်လွေ့ထံမှ ဖြစ်သည်။ ရေကန်ပြာတောင်ခြေရှိ “ရတနာသိုက်” ဆိုးဆိုးဝါးဝါး ပျက်စီးနေသည်ကို တွေ့သည့်အခါ ချန်လွေ့သည် အဆိပ်နဂါးအတွက် စိုးရိမ်သွားရင်း ချက်ချင်း အော်ခေါ်လိုက်ခြင်း ဖြစ်သည်။
ထိုအော်သံသည် ကိစ္စမရှိပေ။ အလင်းကာ နှင့် ဝတ်ရုံနောက်မှ မစ်-မြနဂါးနှင့် ဆရာသခင် အဆိပ်နဂါးတို့သည် တစ်ချိန်တည်းမှာပင် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။
“ပါ့ဂ်လီအိုလား။” ခရိုဘဲလက်စ် ကြက်သေသေသွားခဲ့သည်။ ရန်သူတစ်ယောက်၏ နာမည်သည် သူ၏အတွေးထဲ ရုတ်တရက် ပေါ်ထွက်လာသည်။ ငါ့ခန္ဓာကိုယ်က အဆိပ်....။ အဲဒါက အဲဒီရန်သူဆီက မဟုတ်ရင် ငါ့ကို ဘယ်လိုလုပ် ချုပ်တည်းနိုင်မှာလဲ။
မဟုတ်ဘူး။ အဲဒီရန်သူရဲ့ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်လောက်တယ်။ ဘာလို့ ဒီလူက....
ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကို အရင်ဖမ်းပြီး နောက်မှ စစ်မေးရမယ်။
တစ်ဖက်က သံသယဝင်နေပြီး သရုပ်မှန်ကိုပင် မြင်သွားပြီဖြစ်ကြောင်း ပါ့ဂ်လီအို သိသည်။ သူသည် ချက်ချင်းပင် လက်ကျန် စွမ်းအင်ကို စုစည်းပြီး မြေပြင်ကို ဆောင့်နင်းသည်။ သူ၏ခြေထောက်အောက်မှ ရေခဲသလင်းကျောက်များ ကြေမွသွား၏။ ထို့နောက် သူသည် ချန်လွေ့၏အသံကြားရာသို့ ထွက်ပြေးသွားခဲ့သည်။
ထိုထွက်ပြေးခြင်းသည် ခရိုဘဲလက်စ်၏ စိတ်ထဲရှိ သံသယကို အတည်ပြု ပေးနိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် လက်စားချေလိုစိတ် ဖြစ်သွားသည်။ သူသည် အဆိပ်ကို အာရုံမထားတော့ပေ။ သူ၏ခန္ဓာကိုယ်မှ အဖြူရောင်မြူခိုးများ ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက် ခြေကိုဆောင့်နင်းပြီး အော်သံများကြားထဲ၌ အဆိပ်နဂါးနောက်သို့ လိုက်တော့သည်။
ပါ့ဂ်လီအို၏ ကျောဘက်တွင် မျက်လုံးများ ပါနေပုံရသည်။ အကွေ့တစ်ခု၌ သူသည် ရုတ်တရက် ပုံစံပြောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ လက်ဝှေ့ရမ်းလိုက်ရာ အစိမ်းရင့်ရောင် မြူခိုးတစ်ခုက ခရိုဘဲလက်စ်ကို ရစ်ပတ်သွား၏။ ထိုမြူခိုးသည် ပါ့ဂ်လီအို၏ အစွမ်းအထက်ဆုံး အဆိပ် ဖြစ်သည်။ ခရိုဘဲလက်စ်သည် နတ်ဆိုးအရှင်သခင် အဆင့်သို့ ရောက်နေသည့်တိုင် ထိုအဆိပ်မိသွားလျှင် သေချာပေါက် သေပေလိမ့်မည်။
မမျှော်လင့်ဘဲနှင့် ခရိုဘဲလက်စ်သည် ပါ့ဂ်လီအိုကို သတ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည့်အတွက် အမှန်တကယ်ပင် မရှောင်တိမ်းခဲ့ပေ။ အဆိပ်မြူခိုးများနှင့် ရစ်ပတ်ခံနေရရင်း ခရိုဘဲလက်စ်သည် ပါ့ဂ်လီအို၏ကျောဘက်ကို အားကုန်သုံးပြီး လက်သီးဖြင့် ထိုးလိုက်သည်။ ပါ့ဂ်လီအိုလည်း အားကုန်သုံးကာ လှည့်လိုက်သော်လည်း လက်ကျန်စွမ်းအားဖြင့် ထိမိသွားခဲ့သည်။ သူ ညည်းညူလိုက်ပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားတော့သည်။ သူသည် အဝေးတစ်ခုသို့ ဇောက်ထိုးကျသွားခဲ့ပြီး တော်တော်နှင့် မထနိုင်တော့ပေ။
ခရိုဘဲလက်စ်၏ မျက်နှာပေါ်၌ အစိမ်းရင့်အလွှာတစ်လွှာ ရှိနေသည်။ သူ၏ ကိုယ်ပေါ်မှ သလင်းကျောက်စိမ်း ချပ်ကာသည်လည်း အဆိပ်ကြောင့် ကြေမွပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကံကောင်းစွာပင် အတွင်းမှ အင်္ကျီသည် အဆိပ် ခန္ဓာကိုယ်အတိုင်း အထူးပြုလုပ်ထား၍ မတိုက်စားခံရခဲ့ပေ။
မစ်-မြနဂါးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူ ရှေ့တက်ပြီး ရန်သူကို သတ်ပစ်ရန် ကြိုးစားသော်လည်း နောက်ဆုံး၌ မထိန်းနိုင်တော့ပေ။ သူသည် ဒူးပေါ်၌ လက်များထောက်ထားရင်း မောဟိုက်နေလေသည်။ ခုနက အဆိပ်သည် သူ့တစ်ကိုယ်လုံး စတင်ပျံ့နှံ့လာတော့သည်။
“ပါ့ဂ်လီအို။” အသံကြားသည့်အခါ ချန်လွေ့ အပြေးအလွှား ရောက်လာ၏။ ထိုမြင်ကွင်းကို မြင်သည့်အခါ ချန်လွေ့သည် အလျင်အမြန် ရှေ့တက်လာပြီး အဆိပ်နဂါးကို ကူညီပေးလိုက်သည်။
“ဟဲဟဲ။ ငါ အဆင်ပြေပါတယ်။ အရိုးနည်းနည်း ကျိုးသွားရုံပါ။ ဒီမိန်းမက ငါ့ရဲ့အဆိပ် မိထားတယ်။ သူက နတ်ဆိုးအရှင်သခင်အဆင့် ဆိုရင်တောင် ကြာကြာခံမှာ မဟုတ်ဘူး....”
“သေစမ်း။” ခရိုဘဲလက်စ် အံကြိတ်လိုက်သည်။ သူ ခါးဆန့်ပြီး ပါ့ဂ်လီအိုထံ ပြေးဝင်လာသည်။
ပါ့ဂ်လီအိုက သူ့အဆိပ်အကြောင်း ကောင်းကောင်းသိသည်။ မစ်-မြနဂါးသည် အဆိပ်ပျံ့နှံ့နေသည်ကိုပင် ဂရုမစိုက်ဘဲ အသည်းအသန် ပြေးလာနေသည်ကို မြင်သည့်အခါ အံ့သြမိသွားသည်။ “အိုး။ သွားပြီ။ ပြေးတော့။ ဒီမိန်းမ ရူးနေပြီ။ သူက အစွမ်းကုန် ထုတ်သုံးနေတာပဲ။”
“တော်တော့။” ချန်လွေ့ အော်ပြောလိုက်သည်။ လက်ရှိ၌ မြနဂါး အဆိပ်မိနေ၏။ သူသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရသော အခြေအနေကို ရင်ဆိုင်နေရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အချင်းချင်း သိကြတယ်။ ဒီရန်လိုမှုကို ရင်းနှီးမှုအဖြစ် ငါ ပြောင်းလဲကြည့်သင့်တယ်။
ချန်လွေ့သည် ချာလီစ်၏အသံကိုသုံးပြီး အော်ပြောလိုက်သောကြောင့် ခရိုဘဲလက်စ် အံ့အားသင့်သွားသည်။ သူ ခေါင်းမော့ပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ သို့သော် ၎င်းမှာ မရင်းနှီးသော မျက်နှာတစ်ခု ဖြစ်နေသည်။
ခရိုဘဲလက်စ် ခေါင်းမော့လိုက်သောအချိန်၌ ပါ့ဂ်လီအို အံ့အားသင့်သွားသည်။
“နင် ဘယ်သူပဲဖြစ်ဖြစ်၊ ငါ့ရှေ့ကဖယ်။” ခရိုဘဲလက်စ် အံကြိတ်ပြီး ပြောသည်။ “ဒီလူရဲ့ အသက်ကိုပဲ ငါလိုချင်တာ။”
ချန်လွေ့ မပြောနိုင်ခင်မှာပင် ပါ့ဂ်လီအို အရင် စပြောသည်။ “ဘက်...ဘက်တီလေး လား။”
ဘက်တီ မဟုတ်ဘူး။ ဘက်တီလေး တဲ့။
ထိုကဲ့သို့ သီးသန့်အခေါ်အဝေါ်က ခရိုဘဲလက်စ်ကို ထိတ်လန့်သွားစေသည်။ သူ၏အသံ အနည်းငယ် တုန်လှုပ်သွား၏။ “ရှင်....ယာကော့ဗ်။ မဟုတ်ဘူး။ ရှင်က ဘယ်သူလဲ။”
ပါ့ဂ်လီအိုက ဝတ်ရုံနှင့် မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ “ငါလေ။ မမှတ်မိတော့ဘူးလား။”
“ရှင်....မဖြစ်နိုင်ဘူး။” ခရိုဘဲလက်စ်က မယုံကြည်နိုင်သော အမူအရာ ပြသလိုက်သည်။ “ရှင်က အသတ်ခံလိုက်ရပြီ မဟုတ်လား။”
ချန်လွေ့လည်း ကြောင်သွား၏။ ပါ့ဂ်လီအိုက ခရိုဘဲလက်စ်ကို မသိဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ အခုအခြေအနေကို ကြည့်ရတာ သူတို့က တော်တော်လေး ရင်းနှီးနေသလိုပဲ။ အခု ဘယ်လို ဒရာမာမျိုးတွေ ဖြစ်နေတာလဲ။