လိပ်ပြာနီ ရှုံးနိမ့်သွားခြင်း
Vol. 26 Ch. 388
လီရိုမြို့ တောနက်ထဲ၌ -
တပ်ဖွဲ့နှစ်ဖွဲ့သည် အကြောက်အရွံ့မရှိဘဲ တိုက်ခိုက်နေကြသည်။
အခြား မည်သည့်အသံကိုမှ မကြားရပေ။ သွေးပျက်ဖွယ် မြင်ကွင်းထဲ၌ တစ်ယောက်ချင်းစီ၏ ရန်သူများသာ ရှိသည်။ သာမန်စစ်သည်များ၏ တစ်ဦးချင်းစွမ်းအားသည် ထိုကဲ့သို့စစ်ပွဲမျိုး၌ အရေးမပါလှပေ။ သို့သော်လည်း စုပေါင်းလိုက်သည့်အခါ သူတို့၏အဟုန်နှင့် လုပ်ရပ်များက ပြိုင်ဘက်ကင်း ခံစားချက်အဖြစ်သို့ မြင့်တက်သွားစေနိုင်သည်။ ၎င်းမှာ စိတ်ဓာတ်ပင် ဖြစ်လေ၏။
လိပ်ပြာနီ၏ ခွန်အားနှင့် တိုက်ခိုက်ရေး စွမ်းအားတို့မှာ အချိန်ကြာလာသည်နှင့်အမျှ ပိုတိုးလာသော်လည်း အမှောင်လသည် ထိုရဲရင့်သော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ဆက်လက်တိုက်ခိုက်နေသည်။
လေထဲ၌ ဟိန်းဟောက်နေသော ဝိုင်ဗန်များအပြင် မီးခိုးကဲ့သို့ အရိပ်များ၄ခုကလည်း အဆက်မပြတ် တယ်လီပို့ခုန်၊ ဝင်တိုက်ကာ ပုံသဏ္ဌာန်များ ပြောင်းလဲနေကြသည်။
ဂျို့ရှ် ချွေးပြန်လာ၏။ ဒီဝတ်ရုံနဲ့လူရဲ့ စွမ်းအားက သေချာပေါက်ကို နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းပဲ။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်တဲ့ငါက ချုပ်တည်းခံနေရတယ်။ ငါ့မှာ အစွမ်းထက်တဲ့ ဒြပ်ပေါင်းမှော်ပညာ ရှိတယ်။ ဒါပေမဲ့ ငါ အဆုံးအထိ အသုံးချလို့မရဘူး။ ပြီးတော့လည်း ငါ နည်းနည်း သတိလွတ်တာနဲ့ ရန်သူက ငါ့ကို တစ်ချက်တည်း သတ်သွားနိုင်တယ်။
ဒီလူက ဘယ်သူလဲ။ သူက ဘာလို့ ရှီရာကို ကူညီချင်ရတာလဲ။ ခုနက သူနဲ့ ရှီရာကြားမှာ ထူးဆန်းတဲ့ အချိတ်အဆက်တွေ ရှိနေတဲ့ပုံပဲ...
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အန္တရာယ်များတဲ့ရန်သူကို ဒီနေ့ သတ်ပစ်မှရမယ်။ မဟုတ်ရင် သေချာပေါက် နိုင်ရမယ့် ဒီစစ်ပွဲ ပြောင်းပြန်ဖြစ်သွားမှာ စိုးတယ်။
ဂျို့ရှ် အသံကျယ်ကြီး အော်ဟစ်လိုက်သည်။ သူ၏အသံ စစ်မြေပြင် တစ်ခုလုံး၏ ဆူညံသံများကို လွှမ်းမိုးသွားခဲ့သည်။ မီးတောက်များ ဝိုင်းရံထားသည့် အပြာရောင် မှော်စာများ အပြင်းအထန် ထခုန်လာသည်။ မြူခိုးဖြူများအကြား၌ ကြက်သီးထဖွယ် အေးစက်မှုတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
ဂျို့ရှ်ကို ဗဟိုပြု၍ မီတာ၁၀၀ ပတ်လည်မှ နှစ်ဖက်စလုံးရှိ စစ်သည်များသည် ရေခဲရုပ်တုများအဖြစ် အေးခဲသွားကြပြီး အချို့မှာ ထွက်ပြေးသွားကြသည်။ ထိုနေရာသို့ မည်သူမှ မချဉ်းကပ်ရဲတော့ပေ။
ချန်လွေ့ အလောတကြီး မလှုပ်ရှားခဲ့ပေ။ သူသည် မြူခိုးဖြူထဲမှ ဂျို့ရှ်ကို အေးအေးဆေးဆေး ကြည့်နေလိုက်သည်။ ချန်လွေ့သည် ရေနှင့်လေဒြပ်စင် ပေါင်းစည်း ထားသော မှော်ပိုင်နက်မျိုးကို “ချာလီစ်”အဖြစ် ရုပ်ဖျက်ခဲ့စဉ်က မြင်ခဲ့ဖူးပြီ ဖြစ်သည်။ သို့သော်လည်း ထိုစဉ်က ဂျို့ရှ်သည် သူ့ကို စမ်းသပ်ရန်အတွက် စွမ်းအား အနည်းငယ်သာ အသုံးပြုခဲ့သည်။ တကယ့်သတ်ဖြတ်သည့် တိုက်ကွက်ကို အသုံးမပြုခဲ့ပေ။ ယခုတွင် ဂျို့ရှ်သည် အစွမ်းကုန် သုံးနေခြင်း ဖြစ်ပေသည်။
အပြာရောင်မှော်စာများ အတူတကွ ပေါက်ကွဲထွက်သွားသည့်အခါ စစ်မြေပြင် ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့၏အမြင်သည် လေ၊နှင်းနှင့် မြူခိုးများ ပြည့်နေသော နေရာလွတ်တစ်ခု၌ ပြန်လည်ထွက်ပေါ်လာသည်။
ဂျို့ရှ်၏ပုံရိပ် ပျောက်ကွယ်သွားပြီး မြူခိုးဖြူထဲ၌ အလွန်ကြီးမားသော ပုံရိပ်တစ်စု ဘွားခနဲ ပေါ်လာသည်။ သေသေချာချာ ကြည့်လိုက်ရာ ကြောက်စရာကောင်းသော နတ်ဆိုးသားရဲတစ်စု ဖြစ်နေသည်ကို ချန်လွေ့ တွေ့သွားသည်။ ၎င်းတို့၏ ၂မီတာ ခန္ဓာကိုယ်သည် အလွန်သန်မာပြီး လက်သည်းများမှာလည်း ထက်မြက်ကာ တောင်ပံများလည်း ပါရှိသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ရေခဲနှင့် နှင်းသလင်းကျောက်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ကင် သလင်းကျောက် အလင်းရောင် ဖျော့ဖျော့ တောက်ပနေ၏။ သူတို့က ချန်လွေ့ထံ ပြေးဝင်လာသည်။
ချန်လွေ့က လက်သီးဖြင့် ထိုးလိုက်ရာ ရှေ့မှသားရဲကို ထိသွားသည်။ နတ်ဆိုးသားရဲ ခန္ဓာကိုယ်ပေါ်မှ အက်ကြောင်းအကြီးကြီး ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ဝက် ကြေမွ သွားသည်။ သို့သော်လည်း ၎င်းသည် ဘာမှမဖြစ်သကဲ့သို့ပင် လက်သည်းများ ကုတ်ရမ်း နေသေးသည်။ နာကျင်မှုကို ခံစားရဟန် မတူပေ။
ချန်လွေ့ မျက်မှောင်ကြုတ်ပြီး လက်သီးဖြင့် ထိုးလိုက်ပြန်သည်။ သူသည် နတ်ဆိုးသားရဲများကို အမှုန့်အဖြစ် လုံးဝပြောင်းလဲသွားစေသည်။ သူ လက်ကိုဖြန့်ပြီး [အရုဏ်ဦးပစ်ချက်] ဖြင့် ပစ်ကြည့်သည်။ သူ၏ [အရုဏ်ဦးပစ်ချက်] စွမ်းအားသည် လက်ရှိ၌ တိုးတက်သွားပြီ ဖြစ်သည်။ [နှစ်သွယ်လေ့ကျင့်ခြင်း]၏ စွမ်းအားတိုးမြှင့်သော ဝိသေသလက္ခဏာများဖြင့် ပေါင်းလိုက်သောအခါ [အရုဏ်ဦးပစ်ချက်] ဖြတ်သွားတိုင်း ထိရုံဖြင့် နတ်ဆိုးသားရဲများ ပျက်စီးကုန်ကြသည်။ မကြာမီတွင် ထူးဆန်းသော နတ်ဆိုးသားရဲတစ်စုလုံး လုံးဝ သုတ်သင်ခံလိုက်ရတော့သည်။
သို့သော်လည်း မြူခိုးဖြူထဲမှ နတ်ဆိုးသားရဲများသည် မကုန်ခမ်းနိုင်သကဲ့သို့ပင် ပြန်ပေါ်ထွက်လာသည်။ ဤအတိုင်းသာ ဆက်ဖြစ်မည်ဆိုလျှင် ချန်လွေ့၏ ခံနိုင်ရည် ကောင်းမွန်သည့်တိုင် နောက်ဆုံး၌ အားအင်ကုန်ခမ်းသွားပေလိမ့်မည်။
ခုနက ချန်လွေ့သည် စမ်းသပ်ရန်အတွက်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင် သူသည် ရေခဲသားရဲများကို မတိုက်ခိုက်ခဲ့ပေ။ သူ၏ပုံရိပ် ဟိုဟိုဒီဒီ ရောက်သွားပြီး နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေလိုက်သည်။ ရုတ်တရက် သူ၏လက်များသည် ဓားသွားကဲ့သို့ ဖြစ်သွားကာ ဘေးဖက်မှ မြူခိုးဖြူကို ခုတ်ပိုင်းလိုက်၏။
မြူခိုးဖြူသည် မူလက ဒြပ်မရှိသော အရာတစ်ခု ဖြစ်သည်။ ၎င်းကို ဓားသွားဖြင့် ခုတ်ပိုင်းလိုက်သောအခါ အမှန်တကယ်ပင် အက်ကွဲသော အသံတစ်သံ ထွက်လာ၏။ ထို့နောက် ဂျို့ရှ်၏ အံ့အားသင့်သွားသောအသံ ထွက်ပေါ်လာသည်။ “ငါဒီမှာ ရှိတာကို မင်းဘယ်လို သိတာလဲ။”
“ခင်ဗျားက အဲဒီ ရေခဲသားရဲတွေနဲ့ ကျုပ်ကို မျှားခဲ့တယ်။ ဒါပေမဲ့ အခုတော့ ခင်ဗျားက အလစ်တိုက်ခိုက်ဖို့အတွက် နေရာတွေ ပြောင်းနေတယ်.....” ချန်လွေ့ သရော်ပြုံး ပြုံးလိုက်သည်။ သူ အများကြီး ထပ်မပြောဘဲ [ အရှိန်အဝါဓားသွား ] ဖြင့် ထပ်ပိုင်းလိုက်ပြန်သည်။
.
ဂျိုု့ရှ်၏ပုံရိပ်သည် မြူခိုးဖြူထဲ၌ ဘွားခနဲ ထွက်ပေါ်လာပြီး သူ၏ မျက်ခုံးအကြား၌ ထူးဆန်းသော အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းထံမှ မြူခိုးဖြူ အမျှင်များစွာ ထွက်ပေါ်လာသည်။ ထိုခုတ်ပိုင်းမှုက ဂျို့ရှ်ကို နှစ်ပိုင်းပြတ်သွားစေသည်။ သို့သော် မည်သည့်ဒဏ်ရာ၊ မည်သည့်သွေးမှ မထွက်လာခဲ့ဘဲ အလျင်အမြန်ပင် ပြည့်စုံသော ခန္ဓာကိုယ်အသွင်သို့ ပြန်လည်ပေါင်းစပ်သွားပြန်သည်။
သူ၏ ဒြပ်မရှိသော အခြေအနေသည် ဘရော့ခ်၏ [ နတ်မိစ္ဆာပိုင်နက် ] နှင့် အနည်းငယ် ဆင်တူသည်။ သို့သော် ဂျို့ရှ်၏ လျို့ဝှက်ဆန်းကြယ်မှုကို ထူးခြားသည်ဟု ချန်လွေ့ ခံစားမိနေသည်။
“တော်တော်လေး အစွမ်းထက်တဲ့ လျို့ဝှက်ပညာရပ် တိုက်ခိုက်မှု တစ်ခုပဲ။ အဲဒါက ငါ့ရဲ့ဝိညာဉ်စွမ်းအားကိုတောင် ဖျက်ဆီးနိုင်တယ်။ ကံဆိုးချင်တော့ ဒီပိုင်နက်ထဲမှာ ငါ့ရဲ့ စွမ်းအားက အဆုံးမရှိဘူး။ ဝိညာဉ်စွမ်းအား အပါအဝင်ပေါ့။”
ဂျို့ရှ် လက်ဝှေ့ရမ်းလိုက်ရာ မိုးကြိုးတိမ်တိုက် မုန်တိုင်းတစ်ခုက ချန်လွေ့ကို ရိုက်ခတ်သွားသည်။ ချန်လွေ့လည်း [ အသံဗုံး ] နှင့် [ ပျံသန်းခြင်း ] အစွမ်းတို့ကို အသုံးပြုလိုက်သည်။ သူ၏ ပျံသန်းနေသော ပုံရိပ်သည် ရုတ်တရက် အရှိန်တိုးသွားပြီး မုန်တိုင်းကို ရှောင်လိုက်နိုင်သည်။ သို့သော်လည်း သူသည် ရေခဲသားရဲများထံ ရောက်ရှိသွား၏။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အနားကပ်လာသော နတ်ဆိုး သားရဲများကို အနိုင်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲ၌ အဖြူရောင် အလင်းတစ်ခု တောက်ပလာသည်။ သူသည် အဆက်မပြတ် [အရုဏ်ဦးပစ်ချက်]များဖြင့် ဂျို့ရှ်ထံသို့ ပစ်လွှတ်လိုက်သည်။
ဂျို့ရှ် မရှောင်ခဲ့ပေ။ သူ၏မျက်လုံးကြားရှိ အမှတ်အသားက အလင်းရောင် တောက်ပလာပြီး အတူတူ ပျောက်ကွယ်သွားချင်နေသကဲ့သို့ ဖြစ်နေပြီး သလင်းကျောက် မီးပွင့်များ ပါဝင်သည့် မြောက်မြား လှစွာသော ကြောက်မက်ဖွယ်ရာ [ မိုးကြိုး ] များက ချန်လွေ့ကို တည့်တည့်ထိသွားသည်။
[ အရုဏ်ဦးပစ်ချက် ] က ဂျို့ရှ်ကို ထိသွားခဲ့ပြီး ခန္ဓာကိုယ် ရုတ်တရက် အပိုင်းပိုင်း ဖြစ်သွားသည်။ သို့သော်လည်း ဘာမှ မထိခိုက်သလိုမျိုးပင် ပြန်လည်ပေါင်းစပ်သွား၏။ ချန်လွေ့သည် [ မိုးကြိုး ] ကို မရှောင်တိမ်းနိုင်တော့ဘဲ တည့်တည့် ထိမှန်သွားကာ ရုတ်တရက် လွင့်ထွက်သွား၏။
ဂျို့ရှ်၏တိုက်ခိုက်မှု အောင်မြင်သွားခဲ့သည်။ သူသည် လက်ထဲ၌ အနိုင်လက်မှတ် ရှိနေပြီဟု ခံစားရလိုက်ပြီး အားပါးတရ ရယ်သည်။ “ငါက ဒီမှာ မသေနိုင်ဘူး။ မင်းမှာ နိုင်ဖို့ အခွင့်အရေး မရှိဘူး....”
စကားပြော မပြီးခင်မှာပင် သူ၏အသံ ရုတ်ချည်း တန့်သွားခဲ့သည်။ ရန်သူသည် မည်သည့်ဒဏ်ရာမှ မရှိဘဲ လည်ပင်းကို ဆန့်ကာ ပြောင်းပြန်ပုံရိပ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်ကို မြင်ခဲ့ရသည်။ ခုနက [ မိုးကြိုး ] တိုက်ခိုက်မှုသည် လျှပ်စီးမှော်ပညာ တစ်ခုသာ ဖြစ်နေသကဲ့သို့ပင် ချန်လွေ့သည် လက်ထဲမှ မီးပွင့်များကို ခါလိုက်သည်။
ဂျိုးဆက်ပ်သည် မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ ဒီဝတ်ရုံနဲ့လူက ငါ့ထက် အားနည်းတာ သေချာတယ်။ ဒါပေမဲ့ သူ့ရဲ့ ထူးဆန်းတဲ့ ပါရမီနဲ့ လျို့ဝှက်အစွမ်းတွေကြောင့် ခုနက ငါအရေးနိမ့်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ အပြင်မှာမဟုတ်တော့ဘူး။ ဒါက ငါ့ရဲ့ [နှင်းရေခဲပိုင်နက်] ပဲ။
ဒီပိုင်နက်ထဲမှာ သူက ငါ့ရဲ့ အစွမ်းအထက်ဆုံး ဒြပ်ပေါင်းမှော်အစွမ်းဖြစ်တဲ့ [ရေခဲမိုးကြိုးလျှပ်တပြက်] နဲ့ တည့်တည့် ထိသွားတာတောင် လုံးဝ အဆင်ပြေနေတယ်။
ချန်လွေ့သည် ယခင်က ဂျို့ရှ်နှင့် တိုက်ခိုက်ဖူးသည်။ ထို့ကြောင့် ပြိုင်ဘက်ဖြစ်သူက လေနှင့်ရေ ဒြပ်စင်နှစ်ခုကို ကျွမ်းကျင်ကြောင်း သူသိသည်။ ချန်လွေ့သည် ဝတ်ရုံ နောက်ကွယ်၌ လေနှင့်ရေ-ဆန့်ကျင် ချပ်ကာများ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထို့ပြင် သူ၏ မှော်-ဆန့်ကျင် စွမ်းရည်လည်း ရှိသည့်အတွက် ဂျို့ရှ်ကို “အနိုင်ကျင့်” နေခြင်းသာ ဖြစ်ပေသည်။
ထို့ပြင် နတ်မိမယ်နဂါးထံမှ အစွမ်းထက်ဆုံး နတ်ဆိုးအရှင်သခင်အဆင့် [ မိုးကြိုး ] ပညာရပ်၏ “ရေနှစ်ခြင်း”ကို ခံရပြီးနောက် ဂျို့ရှ်၏ ထိုအဆင့် တိုက်ခိုက်မှုမှာ မိုးဖွဲရွာသလိုမျိုးပင် ဖြစ်နေသည်။
သို့သော် ထိုအချိန်၌ ချန်လွေ့သည် ပြိုင်ဘက်၏ ပိုင်နက်ကို မဖြိုခွင်းနိုင်ပေ။ အထူးသဖြင့် ခွဲထုတ်ခြင်းနှင့် ပြန်ပေါင်းစပ်ခြင်းဟူသော ဝိသေသ လက္ခဏာများကိုပင် ဖြစ်လေသည်။ ဂျို့ရှ်၏ “မသေနိုင်ခြင်း” ဆိုသည်မှာ ကြွားလုံးထုတ်နေခြင်း ဟုတ်ဟန်မတူပေ။
ချန်လွေ့သည် နတ်ဘုရား-တစ်ပိုင်း ပိုင်နက်၏ နေရာလွတ်ထဲရှိ အခြေခံဥပဒေ တစ်ခုကို နားလည်သဘောပေါက်ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏ ပိုင်နက်အပေါ် နားလည်မှုစွမ်းရည်သည် ပြောပြ၍မရနိုင်သော အမြင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ ၎င်းသည် နတ်ဆိုးအရှင်သခင် အချို့ထက်ပင် သာလွန်နေလေပြီ။
လောကထဲရှိ အရာတိုင်းသည် သဘာဝ၏ လက်ရာမြောက်များ ဖြစ်ကြသည်။ ပြီးပြည့်စုံသည်ဟု ပြော၍ရနိုင်သည်။ သို့သော်လည်း အပြစ်အနာအဆာ မရှိသော ပြီးပြည့်စုံခြင်းမျိုး မဟုတ်ပေ။ ပိုင်နက်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
ပိုင်နက်စွမ်းအားမှာ အမှန်တကယ်၌ သဘာဝနှင့်လောက၏ စွမ်းအား ဖြစ်သည်။ မည်သည့်ပိုင်နက်မဆိုသည် ပြီးပြည့်စုံသော အနုပညာ လက်ရာတစ်ခု ဖြစ်သည်။ သို့သော်လည်း အားလုံး အပြစ်အနာအဆာ ရှိကြသည်။ “အပြစ်ကင်း” ဆိုသည်မှာ သဘာဝနှင့် ဆန့်ကျင်နေ၏။ ၎င်းကိုယ်တိုင်သည်ပင် အပြစ်အနာအဆာ ဖြစ်သည်။
ဒီပိုင်နက်ထဲက အပြစ်အနာအဆာကို ငါရှာရမယ်။ ချန်လွေ့၏စိတ် အပြင်းအထန် အာရုံစိုက်နေစဉ် [အစစ်အမှန်သရုပ်ခွဲမျက်လုံး]၏ [အထူးစိစစ်မှု] စတင် လင်းလက်လာ၏။ ပတ်ဝန်းကျင်ပိုင်နက်သည် နောက်ထပ် မြင်ကွင်းတစ်မျိုး ဖြစ်သွားသည်။ ဂျို့ရှ်၊ ရေခဲသားရဲများ နှင့် မြူခိုးဖြူတို့သည် အနားသတ်မျဉ်းများပါရှိသော ဖောက်ထွင်း မြင်နိုင်သည့် အသွင်များ ဖြစ်သွားကြသည်။ အဆက်မပြတ် ပြောင်းလဲနေသော ထူးဆန်းသည့် အရာဝတ္ထုအလွှာတစ်ခုလည်း ရှိနေသည်။ ပြောင်းလဲမှုများနှင့် မတည်ငြိမ်မှုများကို ကြည့်ရသည်မှာ ၎င်းတို့သည် မမြင်နိုင်သော စွမ်းအင်ပုံစံများ ဖြစ်ပုံရသည်။
၎င်းသည် ညွှန်ကြားချက် တစ်မျိုးမျိုးနှင့် စိတ်ဖြာလေ့လာချက်တစ်ခု ကဲ့သို့ပင် ဖြစ်ပြီး သုံးဖက်မြင်လည်း ဖြစ်သည်။
ချန်လွေ့သည် ထိုကဲ့သို့ အခြေအနေမျိုးက ကြယ်၅ပွင့် ဆင့်ကဲပြောင်းခဲခြင်းမှသာ ပထမဆုံး ကြုံတွေ့ရခြင်း ဖြစ်သည်။ လက်စသတ်တော့ [ အထူးစိစစ်မှု ] က [အစစ်အမှန်သရုပ်ခွဲမျက်လုံး] ရဲ့ အန္တိမ လျို့ဝှက်ဆန်းကြယ်မှု ဖြစ်နေတာကိုး။
သူသည် ဂျို့ရှ်နှင့် ရေခဲသားရဲတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရင်း အသစ်စက်စက် သရုပ်ခွဲမျက်လုံးကို ခံစားနေလိုက်သည်။ ကံမကောင်းစွာပင် ထိုအာရုံစိုက်သော အခြေအနေသည် စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြားကို သုံးစွဲရဟန်တူသည်။ ထို့ကြောင့် ကြာကြာ မခံခဲ့ပေ။ ခဏအကြာတွင် ပုံမှန်မျက်နှာပြင်သို့ ပြန်ပြောင်းသွားခဲ့သည်။
၎င်းကို ကြာရှည်စွာ မထိန်းထားနိုင်သော်လည်း ချန်လွေ့သည် ဂျို့ရှ်၏ ပိုင်နက်ရှိ “မသေနိုင်ခြင်း”ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။ ၎င်းသည် မြောက်မြား လှစွာသော ကြေးမုံများနှင့် ဆင်တူသည့် မှော်အစွမ်းတစ်ခု ဖြစ်နေခဲ့သည်။ အမှန်တကယ်၌ ဂျို့ရှ် ပြန်မွေးဖွားလာခြင်း မဟုတ်ဘဲ [ ကြေးမုံပုံရိပ် ] ပြန်ကောင်းလာခြင်း ဖြစ်သည်။ ၎င်းမှာ ဆာဘရီနာ၏ [ ကိုယ်ပွားပိုင်နက် ] နှင့် မတူပေ။
အထိရောက်ဆုံး နည်းလမ်းမှာ [ ကြေးမုံပုံရိပ် ] အားလုံးကို ဖျက်ဆီးရန် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ “ကြေးမုံ”သည် အလွှာအမြားအပြားရှိသည်။ ထို့ပြင် ၎င်းသည် အလိုအလျောက် ပြန်ကောင်းနိုင်သေးသည်။ [အရှိန်အဝါဓားသွား] နှင့် [အရုဏ်ဦးပစ်ချက်] စွမ်းအားဖြင့်ပင် ၎င်းတို့အားလုံးကို အချိန်တိုအတွင်း ဖျက်ဆီးရန် မဖြစ်နိုင်လောက်ပေ။
၎င်းသည် သူ၏တစ်ခုတည်းသော စစ်မြေပြင် မဟုတ်သည့်အတွက် ချန်လွေ့ အချိန်အများကြီး မဆွဲချင်ပေ။ ရေကန်ပြာတောင်ခြေ၌ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း နှင့် နတ်ဆိုးအရှင်သခင်အဆင့် မြနဂါးတို့ တိုက်ခိုက်နေကြဆဲပင် ဖြစ်သည်။
စစ်မြေပြင်မှ စစ်ပွဲသည်လည်း ပြင်းထန်နေဆဲပင် ဖြစ်သည်။ ရှီရာနှင့် ရုစ်ကြားရှိ တိုက်ပွဲသည် လေထဲမှ မြေပေါ်သို့ ပြောင်းလဲသွားခဲ့သည်။
“ချွမ်း”
ရှီရာသည် ဓားတိုက်ခိုက်မှုကို ခုခံပြီး နောက်သို့ ဆုတ်သွားလိုက်ရသည်။ သူ၏ ညာပုခုံးမှ ချပ်ကာသည် စုတ်ပြဲပြီး သွေးများ ထွက်လာနေ၏။ ရုစ်က ရှီရာကိုလိုက်ရန် ပြင်လိုက်စဉ် ထူးဆန်းသော စိတ်ဝိညာဉ်လှိုင်းတစ်ခုက သူ၏စိတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။ ချက်ချင်းပင် သူသည် ပြင်းပြင်းထန်ထန် ခေါင်းကိုက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝတ်ရုံဝတ်ထားသော မျက်နှာဖုံးနှင့် ပုံရိပ်တစ်ခုက သူ၏ နောက်ဘက်တွင် ထွက်ပေါ်လာသည်။ သူ၏လက်ထဲရှိ အပြာရောင် အလင်းနှစ်ခုက ရုစ်ထံသို့ အလျင်အမြန် ချာလပတ်လည်သွားခဲ့သည်။
အော်သံတစ်ချက်ဖြင့် ရုစ်လည်း နာကျင်မှုကို ခုခံကာ မဟာဓားကို နောက်ပြန် ဝှေ့ရမ်းလိုက်သည်။ ပြင်းထန်လှသော စွမ်းအင်တစ်ခုက အဝေးမှ အပြစ်မဲ့သော စစ်သည်များထံသို့ ရောက်ရှိသွားသည်။ သို့သော်လည်း အပြာရောင်အလင်းကို ကိုင်ထားသော ပုံရိပ်သည် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရှောင်တိမ်းခဲ့သည်။
ရုစ် ဒေါပွသွား၏။ ဒါ ပထဆုံးအကြိမ် မဟုတ်ဘူး။ ဒီ ပုန်းလျှိုးကွယ်လျှိုးနဲ့ကောင် ရုတ်တရက် မပေါ်လာခဲ့ရင် ငါ့ရဲ့စွမ်းအားနဲ့ဆို ရှီရာကို ရှင်းပစ်ပြီးတာကြာပြီ။
ရုစ်၏ နိုးထပြီးသော သွေးမျိုးဆက်ပါရမီ နှစ်မျိုးဖြစ်သည့် [ မီးတောက်နက် ] နှင့် [သိဒ္ဓိတောင်ပံ] တို့သည် ရှီရာ၏ [ အလင်းအမှောင်နှလုံးသား ]ထက် နိမ့်ကျသော်လည်း သူ၏အတွေ့အကြုံနှင့် တိုက်ခိုက်ရေးစွမ်းအားတို့မှာ ရှီရာထက် သာလွန်သည်။ ရှီရာသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရုံသာရှိသေးသော “လူသစ်” တစ်ယောက်သာ ဖြစ်၏။
ရှီရာက အခွင့်အရေးကို ယူပြီး မြဲမြဲမြံမြံ မတ်တပ်ရပ်လိုက်သည်။ ချွမ်းဟူသော ပြတ်ပြတ်သားသား အသံနှင့်အတူ ဓားရှည်သည် ထက်မြက်စွာ ဝင်းလက်လာသည်။ ထို့နောက် ရှီရာက မြေပြင်ကို ခုတ်ပိုင်းလိုက်သည်။ မြေပြင် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နေရာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ရုစ် ပတ်လည်ရှိ မြေပြင်သည် မီးတောက်များကဲ့သို့ပင် ပေါက်ကွဲကုန်ပြီး မြေပြင်မှ မရေမတွက်နိုင်သော ရောင်ခြည် အဖြူများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ ရုစ်သည် စိတ်ဝိညာဉ်လှိုင်းကို ဖယ်ရှားနိုင် သွားသည်။ သူသည် ချက်ချင်းပင် ကပ်ဘေးတစ်ခုကို ခံစားမိလိုက်ပြီး ဓားဖြင့် ကာလိုက်သည်။ ထူးဆန်းသော အလင်းကွေးတစ်ခုက မြောက်မြားလှစွာသော ရောင်ခြည်များကို ခုခံသွားသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ချပ်ကာသည် ပြင်းထန်လှသောဒဏ်ကို မခံနိုင်တော့ဘဲ အက်ကြောင်းများ ဖြစ်ပေါ်လာ၏။
ထိုအချိန်၌ ဓားမြောင်နှစ်လက် ကိုင်ဆောင်ထားသော လျို့ဝှက်ဆန်းကြယ်သောသူ၊ ရှီရာ နှင့် ရုစ်တို့က လေထဲရှိ တိုက်ပွဲ၌ တစ်ခုခု ထူးခြားနေသည်ကို ခံစားမိလိုက်သည်။ သူတို့အားလုံး တပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။
မြူခိုးဖြူနှင့် အေးခဲသည့် အရှိန်အဝါများ ပြည့်နှက်နေသော ပိုင်နက်သည် အစပိုင်း၌ ကြယ်များကဲ့သို့ တောက်ပလာပြီးနောက် ရုတ်တရက်ပင် ထူးဆန်းသော အရောင်တစ်ခု ဖြစ်ပေါ်လာသည်။။ ၎င်းမှာ အနီရောင်ပင် ဖြစ်၏။
ထိုအနီရောင်တွင် ကြမ်းတမ်းသော ဖျက်ဆီးခြင်း အငွေ့အသက်ပါဝင်ပြီး နတ်ဆိုးဘုံ၌ အစွမ်းထက်ဆုံး ဖျက်ဆီးခြင်းမီးတောက်ဖြစ်သည့် [ မီးတောက်နက် ] ကို ပိုင်ဆိုင်ထားသော ရှီရာနှင့် ရုစ်တို့သည်ပင် ကြက်သေသေသွား၏။ အဖြူရောင် မြူခိုးပိုင်နက်က စတင်တွန့်လိမ်လာပြီး ဧရာမ နဂါးတစ်ကောင်၏ မွှေနှောက်ခြင်းကို ခံရသော ရေကန်တစ်ခုကဲ့သို့ ဖြစ်နေသည်။ တုန်ခါမှုများ ကြားထဲ၌ ၎င်းသည် မမျှော်လင့်ဘဲနှင့် ပွက်ပွက်ဆူသွားခဲ့သည်။
“ဝုန်း”
တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားဟန် တူသည်။ မြူခိုးဖြူများ နေရာအနှံ့ ပျံ့နှံ့သွားကြသည်။ ကြိုးလွတ်သွားသော စွန်တစ်ခုသဖွယ် ပုံရိပ်တစ်ခုက လေထဲမှ ပြုတ်ကျလာသည်။ ရုစ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ အဲဒါက..... ဂျို့ရှ်ပဲ။
ဂျို့ရှ်၏ အငွေ့အသက်သည် အနိမ့်ဆုံးအထိ ကျဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်မှ ချပ်ကာသည်လည်း ဆိုးဆိုးဝါးဝါး တွန့်လိမ်နေကာ ပျက်စီးနေ၏။ ကြောက်မက်ဖွယ်ရာ ဒဏ်ရာများကိုလည်း ရေးရေးလေး မြင်နိုင်ပေသည်။ လိပ်ပြာနီလော့ဒ်၏ မျက်လုံးထဲ၌ ခံစားချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ အကြောက်တရားပင် ဖြစ်လေ၏။
နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသည် အမှန်ပင် နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းကို အနိုင်ယူခဲ့ပြီး ဂျို့ရှ်သည် လုံးဝရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ အစွမ်းထက်ဆုံးသော ပိုင်နက်သည်ပင် ဖျက်ဆီး၍မရသော ကြောက်မက်ဖွယ်ရာ အားတစ်ခုကြောင့် တစ်ခါတည်း စုတ်ပြတ်သွားခဲ့သည်။ ၎င်းမှာ အကြွင်းမဲ့ ရှုံးနိမ့်ခြင်းပင် ဖြစ်လေသည်။
အလွန်အမင်း အားနည်းနေသော ဂျို့ရှ်၏ အမြင်များ တဖြည်းဖြည်း မှိန်ကျသွား၏။ သူသည် ခါနီတာ၏ပုံရိပ် တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ရေးရေးလေး မြင်ခဲ့ရဟန် တူသည်။
ဂျို့ရှ် တကယ်ကြီး ရှုံးနိမ့်သွားခဲ့တာပဲ။ လေထဲမှ ရုစ်က မယုံကြည်နိုင်သော အမူအရာ ပြသလိုက်သည်။ သူ တုံ့ပြန်လိုက်သည်နှင့် မြူခိုးဖြူထဲမှ အနီရောင် အလင်းတန်းတစ်ခုက မှန်းဆ၍မရနိုင်သော အမြန်နှုန်းဖြင့် သူ့ထံသို့ ရောက်လာသည်။
ရုစ်က မသိစိတ်ဖြင့် ဓားကို ဝှေ့ရမ်းလိုက်သာ ပြတ်သားလှသာ အသံတစ်သံ ထွက်လာသည်။ သူ၏လက်ထဲမှဓား နှစ်ပိုင်း ဖြတ်သွားခဲ့သည်။ ရုစ် ကိုယ်တိုင်သည်ပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ကြောင်သွားခဲ့သည်။ ထိတ်လန့်နေရင်း သူ၏နောက်ဘက်၌ အနက်ရောင် တောင်ပံတစ်စုံ ချက်ချင်း ထွက်ပေါ်လာသည်။ အင်နားရှား အကူအညီဖြင့် သူသည် လေပေါ်သို့ မြောက်တက်သွားခဲ့သည်။
ဒီလိုစွမ်းအားမျိုးက တော်တော်လေး ကြောက်စရာကောင်းတယ်။ ဂျို့ရှ်တောင် ရှုံးနိမ့်သွားပြီ။ ငါက သူ့ပြိုင်ဘက် မဟုတ်တာ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ မသေအောင်လို့ အရင်ဆုံး ထွက်ပြေးရမယ်။
[ အသုံးဗုံး ]၏ ထူးဆန်းသောအသံ ထွက်ပေါ်လာသည်။ အနီရောင်အလင်း ရစ်ပတ်ထားသော ပုံရိပ်သည် လေထဲမှ ရုစ်ကို ချက်ချင်းပင် မီသွားသည်။ ထို့နောက် အလင်းရောင် လက်ခနဲ ဖြစ်သွားကာ ရုစ်၏ခေါင်း ပြုတ်ကျသွား၏။ သူ၏ခန္ဓာကိုယ်သည် အမြန်နှုန်းကြောင့် လေထဲ ပျံနေဆဲပင် ဖြစ်သည်။ ခဏကြာပြီးမှသာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ဂျို့ရှ်နဲ့ ရုစ်တို့ သေပြီ။ လိပ်ပြာနီက အညံ့ခံသူတဲ့သူတွေ အသတ်ခံရမှာ မဟုတ်ဘူး။” အားကောင်းသော အသံတစ်ခုက စစ်မြေပြင် တစ်လျှောက် ပဲ့တင်ထပ်သွား တော့သည်။
ရှီရာက လေထဲရှိ ထူးဆန်းသော မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားကာ ဖျက်ဆီးခြင်း အနီရောင်မီးလျှံများ လွှမ်းမိုးထားသောသူကို ကြည့်လိုက်သည်။ သူသည် ရန်သူ၏ ဦးခေါင်းကို မြင့်မြင့်မြှောက်ထားပြီး နတ်ဆိုးဘုရားသခင်ကဲ့သို့ အရှိန်အဝါ ရှိနေသည်။ ရုတ်တရက် ရှီရာ၏ နှလုံးသားထဲ၌ တဒုတ်ဒုတ် မြည်သွား၏။
ရှီရာ ကြောက်လန့်မသွားခဲ့ဘဲ ရင်ခုန်သွားခဲ့သည်။
အဲဒါ တကယ်ပဲ သူလား။
သူ့မှာ....ဒီလို သန်မာပြီး ရဲရင့်တဲ့ ဘက်ခြမ်းလည်း ရှိတာလား။
လိပ်ပြာနီစစ်တပ် ရုတ်တရက် အထိတ်တလန့် ဖြစ်သွားကြသည်။ ဆာ-လော့ဒ် ဘယ်မှာလဲ။ သူ တကယ်ပဲ ရှုံးနိမ့်သွားတာလား။ အဲဒီခေါင်းက ......
ထိုအချိန်၌ ခါနီတာက မြေပြင်ပေါ်တွင် လဲကျနေသော ဂျို့ရှ်ကို တွေ့ပြီး အော်ပြောလိုက်သည်။ “ဆာ-လော့ဒ်က ဒဏ်ရာ အပြင်းအထန် ရထားတယ်။ မြို့တော် သံတမန်သေသွားပြီ။ မြန်မြန် နောက်ဆုတ်ကြတော့။”
ထိုအော်သံက အခြေအနေကို ပို၍ကြီးထွားသွားစေသည်။ ဆာ-လော့ဒ်တောင် ရှုံးနိမ့်သွားပြီ။ ခေါင်းဆောင်မရှိတော့သည့်အတွက် လိပ်ပြာနီစစ်တပ်သည် တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။ ချက်ချင်းပင် စစ်သည်များသည် ပြိုလဲသွားသော တောင်တစ်ခုကဲ့သို့ပင် ရှုံးနိမ့်သွားတော့သည်။
ချန်လွေ့သည် ဖြည်းဖြည်းချင်း မြေပြင်ပေါ်သို့ သက်ဆင်းပြီး ရုစ်၏ခေါင်းကို လွင့်ပစ်လိုက်သည်။ မျက်နှာဖုံးနောက်ကွယ်မှ အကြည့်သည် ရှီရာ၏ ရှုပ်ထွေးနေသော အကြည့်ထံသို့ ရောက်ရှိသွားသည်။ ထို့နောက် ချန်လွေ့ ပြောသည်။ “ကျုပ်မှာ အခု နောက်ထပ် သွားစရာ နေရာတစ်နေရာ ရှိနေသေးတယ်။ ခရိုဘဲလက်စ်က ဒီတစ်ခေါက် အကြီးမားဆုံး ရန်သူပဲ။ သူက အဲဒီကို ရောက်နေတယ်။ ကျုပ် အသက်ရှင်လျက် ပြန်လာနိုင်မယ်ဆိုရင် အမှန်တရား တစ်ခုလုံးကို ခင်ဗျား သိရမှာပါ။”
လက်စသတ်တော့ သူက ခရိုဘဲလက်စ်ကို နည်းဗျူဟာ တစ်ခုခုနဲ့ အချိန်ဆွဲထားတာကိုး။ ရှီရာ ထိတ်လန့်သွားခဲ့၏။ သူက အဲဒီ ကြောက်မက်ဖွယ်ရာ နတ်ဆိုးအရှင်သခင်အဆင့် ရန်သူကိုတောင် ရင်ဆိုင်ချင်သေးတာလား။
အမှန်တကယ်၌ ရှီရာလည်း သူနှင့်အတူ သွားချင်နေသည်။ သို့သော်လည်း သူ့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်၍မရကြောင်း ရှီရာ သိသည်။ ထို့ပြင် တပ်မှူးတစ်ယောက် ဖြစ်သည့်အလျောက် ရှီရာသည် ရှုံးနိမ့်သွားသော စစ်သည်များနောက် လိုက်ပြီး အခြေအနေတစ်ခုလုံးကို တာဝန်ယူရမည် ဖြစ်သည်။
“မင်းရဲ့ကတိကို မမေ့နဲ့။” ရှီရာက ချန်လွေ့အား အခြားဘာမှ ထပ်မပြောဘဲ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ ထို့နောက် အမှောင်လစစ်တပ်ထံသို့ ပျံသန်းသွား လိုက်သည်။
ထိုကတိမှာ “သူတစ်ယောက်တည်းသာ သိသော နေရာ၌ စောင့်နေရန်” ဖြစ်ကြောင်း ချန်လွေ့၏ စိတ်ထဲ၌ သဘောပေါက်သည်။ ထိုအချိန်မှသာ ရှီရာသည် အရာအားလုံးကို သဘောပေါက်မည် ဖြစ်သည်။
ပထမဦးစွာ ချန်လွေ့သည် အသက်ရှင်လျက် ပြန်လာနိုင်ရပေမည်။
ရှီရာသည် ထိုစကားကို မပြောခဲ့ပေ။ သို့သော်လည်း သူတို့နှစ်ယောက်လုံးက ၎င်းကို သဘောပေါက်ကြသည်။
“စစ်သည်တော်အားလုံး။ လိုက်ကြ။ အညံ့ခံတဲ့သူတွေကို မသတ်နဲ့။” ရှီရာ၏ ယတိပြတ်အသံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏အမိန့် အောက်တွင် အမှောင်လ စစ်တပ်သည် အရှိန်အဟုန်နှင့် ပြည့်နှက်နေ၏။ လိပ်ပြာနီစစ်သည် အများအပြားက လက်နက်များ ချပြီး အညံ့ခံကျတော့သည်။
ထိုတိုက်ပွဲပြီးနောက်တွင် အမှောင်လစစ်တပ်၏ အရည်အသွေးသာမက ရှီရာ၏ ကိုယ်ပိုင်စွမ်းအားနှင့် အမိန့်ပေးစွမ်းရည်တို့ပါ နောက်တစ်ဆင့် တက်သွားခဲ့သည်။
“ဒါက မမျှတဘူး။ နောက်ထပ်.....” ရုစ်ကို ဖြေရှင်းခဲ့သော ဝတ်ရုံနှင့်လူက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
“ငါပြောပါတယ်။ မနာလိုတာက အကျင့်ကောင်းမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဘုရားသခင်ရဲ့ သနားစရာ ဘယ်မျက်လုံးကို ညာမျက်လုံးက အနီးကပ် စိုက်ကြည့်နေတာပဲ။ ဒါပေမဲ့ အခု ငါ့မှာ မင်းရဲ့ ကိုးကွယ်မှုကို လက်ခံဖို့ အချိန်မရှိဘူး။ ငါ နဂါးစုတ်ကို သွားကူညီရဦးမယ်။” ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း လေချွန်လိုက်သည်။ ဗိုလ်ခြေတပ်မှူး ခါဂူရွန်ကို သယ်ဆောင်ထားသော ဝိုင်ဗန်ဘုရင် ဂါဒီသည် ရုတ်တရက် ခန္ဓာကိုယ်ကို ခါချပြီး ခါဂူရွန်အား လွှင့်ပစ်လိုက်တော့သည်။
မည်သည်မျှအသိမပေးသည့်အတွက် ခါဂူရွန် လန့်သွားခဲ့သည်။ သို့သော်လည်း ကံကောင်းစွာပင် သူ့တွင် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းစွမ်းအား ရှိသည်။ ထို့ကြောင့် သူ [ တယ်လီပို့ ] ခုန်ပြီး ဘေးကင်းကင်းနှင့် ဆင်းသက်နိုင်ခဲ့သည်။
ဝိုင်ဗန်ဘုရင်က ချန်လွေ့ထံ တည့်တည့်ပျံသန်းလာသည်။ ချန်လွေ့ လေထဲသို့ ပျံတက်ပြီး ဝိုင်ဗန်ဘုရင်၏ ကျောပေါ်သို့ ဆင်းသက်သည်။ ထို့နောက် တောင်ပိုင်းသို့ အရှိန်ကုန် ပျံသန်းသွားတော့သည်။