မယုံနိုင်စရာ အသီနာ
Vol. 27 Ch. 405
ဇိုလာ၏တုံ့ပြန်မှုကို အသီနာ သတိထားမိသွားပြီး ဝမ်းနည်းသွားသည်။ “သူ တစ်ခါတလေ ဉာဏ်များပြီးတော့ စိတ်ရှုပ်စရာကောင်းပေမဲ့ ဇွဲရှိတယ်။ ရိုးသားတယ်။ ရူးမိုက်တယ်။ သူက သူချစ်တဲ့ မိန်းမတွေအတွက် အသက်ကို စတေးနိုင်တယ်။ သူ့အတွက်ဆို ကျွန်မလည်း အမြင့်ဆင့်နတ်ဆိုးအဆင့်မှာတုန်းက ရှီလန်တောင်မှာ နတ်ဆိုးအရှင်သခင်အဆင့်ကို ရင်ဆိုင်ခဲ့သလိုမျိုး သေခြင်းတရားကို မတုံ့မဆိုင်း ရင်ဆိုင်မှာပဲ။ မစ်-ဇိုလာ။ အန္တရာယ်တစ်ခု ကျရောက်လာမယ်ဆိုရင် သူ့အတွက် အသက်ကို စတေးဖို့ ဆန္ဒရှိလား။”
“ရှိတယ်....ထင်တာပဲ။” ဇိုလာက အနည်းငယ် ယုံကြည်ချက် ပျောက်ဆုံးနေ၏။ ချန်လွေ့က မိမိအား နတ်ဆိုးတစ်ပိုင်း နေရာလွတ်ထဲမှ ကယ်တင်ရန်အတွက် အသက်ကို စွန့်လွှတ်ခဲ့သော မြင်ကွင်းကို ဇိုလာ သတိရလိုက်သည်။ ဟုတ်တယ်။ သူက ငါ့အတွက် တကယ်ပဲ စတေးနိုင်တယ်။ ဒါပေမဲ့ ငါကရော သူ့အတွက် ဒီလိုမျိုး လုပ်ပေးနိုင်လား။
တကယ်တမ်းပြောရင်....ငါမသိဘူး။
ထိုအဖြစ်အပျက်သည် သူတို့နှစ်ဦးအကြားရှိ ရင်းနှီးမှုကို ရုတ်တရက်ကြီး အဆတိုးသွားစေခဲ့သည်။ ယခုတွင် ဇိုလာသည် ထိုခံစားချက်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေရန် နေနေဆဲ ဖြစ်သည်။
ထိုစဉ်က ရှီလန်တောင်၌ ဖြစ်ခဲ့သည့်အရာကို ဇိုလာ သေသေချာချာ မသိသော်လည်း အသီနာပြောသည်မှာ အမှန်ဖြစ်ကြောင်း သူ၏မသိစိတ်က ပြောပြနေသည်။
သေခြင်းရှင်ခြင်းကို အတူတူရင်ဆိုင်သည့် အချစ်မှာ သူ၏မှတ်ဉာဏ်ထဲရှိ ဒဏ္ဍာရီ၊ ပုံပြင်များ မဟုတ်ဘဲ သူ၏အရှေ့သို့ ရောက်နေလေပြီ။
ဇိုလာက ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ ရုပ်ရည်နှင့် စွမ်းအားမှလွဲ၍ သူသည် ထိုအရေးအကြီးဆုံးအပိုင်း၌ အသီနာထက် နိမ့်ကျကြောင်း ဝန်ခံရပေမည်။
(ငါ....တကယ်လို့ ငါ့မှာ အစွမ်းထက်ဆုံးစွမ်းအား ရှိရင်တောင် ဒီအမျိုးသမီးကို ရှုံးနိမ့်နေဦးမှာပဲ။)
(ငါ ကတယ် မနာလိုဘူး။ ဒီလိုအချစ်မျိုး ငါလည်း ရှိချင်တယ်....)
“သဘောပေါက်ပြီ။” ဇိုလာက ပထမဆုံးအကြိမ်အဖြစ် မာနထောင်လွှားမှုကို ဘေးဖယ်ထားလိုက်သည်။ သူသည် ချန်လွေ့အရှေ့၌ပင် ထိုကဲ့သို့ တစ်ခါမှ မပြုမူခဲ့ပေ။ “ငါ ဒီကနေ ထွက်သွားမယ်။ သူ့ဆီကနေ ထွက်သွားမယ်။”
ထိုသို့ပြောနေရင်း မစ်-ဇိုလာ၏နှလုံးသား စတင်ကိုက်ခဲလာသည်။ အလွန်ပင် နာကျင်လှ၏။
(သူ့ကို နောက်ထပ် မတွေ့တော့ဘူး။)
(ငါ စိတ်ဓာတ်ကျပြီးတော့ ဝမ်းနည်းမိတယ်။)
(ဘာလို့ ဒီလို ဖြစ်ရတာလဲ။)
(အခုတော့ ငါ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီးတော့ အော်ငိုလိုက်ချင် တော့တယ်။ ငါ့ရဲ့မှော်စွမ်းအားတွေ အကုန်လုံးကို ဖောက်ခွဲပစ်လိုက်ချင်တယ်။)
(အဲဒါပြီးရင်.....ဘာလုပ်ရမလဲ ငါမသိဘူး...)
“မစ်-ဇိုလာ။ ကျွန်မပြောချင်တာကို ရှင် အထင်လွဲနေပြီ။” အသီနာက ဇိုလာ၏ လက်ကို ညင်ညင်သာသာ ကိုင်လိုက်သည်။ ထိုအချိန်၌ သူသည် အကာအကွယ် မှော်စွမ်းအားကို အသက်သွင်းရန် မေ့လျော့သွားဟန်တူသည်။ “ကျွန်မမေးတာ အရင်ဖြေ။ ရှင်သူ့ကို သဘောကျလား။”
မစ်-ဇိုလာက မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ရှင်သူ့ကို ချစ်လား။”
ခဏ တုံ့ဆိုင်းပြီးနောက် မစ်-ဇိုလာက ခေါင်းညိတ်လိုက်သေးသည်။ (ဟုတ်မှာပါ..)
ဇိုလာ၏အသိစိတ်ထဲ၌ မှတ်ဉာဏ်များထဲမှ အမှတ်ရစရာများ ပေါင်းစုသွားကြသည်။ ဝေဝါးသော ခံစားချက်၊ သူ့ကို တွေ့ချင်သော ပြင်းပြသော ခံစားချက်။ အများစုမှာ သဘောကျခြင်းသာ ဖြစ်နိုင်သည်။ အချို့မှာ သဘောကျခြင်းထက် ပိုနိုင်ပေသည်။
“တစ်ယောက်ယောက်ကို တကယ်မချစ်ခင် ကျွန်မ ဘာမှ မသိခဲ့ဘူး။ အားလုံးမှာ ကျွန်မအနားမှာ လည်ပတ်နေတယ်ဆိုတာကိုပဲ သိတယ်။ ကျွန်မပျော်ရင် အဆင်ပြေပြီ။ အဲဒါကြောင့် ရှင့်ရဲ့...ခံစားချက်တွေကို ကျွန်မ နားလည်ပါတယ်။”
(ဟုတ်တယ်။ ငါက အဲလိုမျိုး ဖြစ်နေတယ်။ အဲဒါ ဘာဖြစ်လို့လဲ။)
အသီနာသည် တစ်ခုခုကို ပြန်လည်သတိရနေဟန်တူသည်။ “ဒါပေမဲ့ သူ့ကိုတွေ့ပြီးတော့ အချစ်က အပြန်အလှန်ဆိုတာကို ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ကျွန်မတို့ လိုအပ်တာက အပြန်အလှန် နားလည်မှု၊ သည်းခံမှု၊ အပြောင်းအလဲတွေနဲ့ အာရုံ စူးစိုက်မှုတွေပဲ။ အဲလိုအချစ်မျိုးမှ တကယ့်ပျော်ရွှင်မှု။ အတ္တဆန်ပြီးတော့ တစ်ဖက်လူကို အဆက်မပြတ် ထိန်းချုပ်မယ်ဆိုရင်တော့ သဘောထားကွဲလွဲမှုတွေ ပိုပိုပြီး ဖြစ်လာမှာပဲ။ နောက်ဆုံးကျရင် နှစ်ဖက်လုံး ထိခိုက်ကြမှာ။ ရှင်ဒါကို တကယ်နားလည်မယ်ဆိုရင် အဆုံးသတ်အထိ အတူတူနေမယ်ဆိုတဲ့ အသည်းအသန် အချစ်စိတ်ကနေ တဖြည်းဖြည်း ပြောင်းလဲလာမှာပါ။ ကျွန်မလည်း သူနဲ့အတူ သဘောထားကွဲလွဲမှုတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေ အများကြီး ကြုံခဲ့ရပြီးပြီ။ ဒါပေမဲ့ ဒီနေ့အထိ သူ့အတူ လက်ချင်းတွဲပြီး ရှေ့ဆက်သွားနိုင်တာ ကံကောင်းတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မသူနဲ့ ဆက်ပြီးတော့ ရှေ့ဆက်သွားချင်တယ်။ အဲဒါ အဆင်ပြေမလား။ မစ်-ဇိုလာ။”
ဇိုလာက အသီနာ၏ ရိုးသားသော မျက်လုံးများကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သူ၏လက်ကို ကိုင်ထားသော လက်များက နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နှစ်ပေါင်း၁၀၀၀၀နီးပါး သက်တမ်းအတွင်း ထိုကဲ့သို့ နွေးထွေးမှုကို ပထမဆုံး ခံစားခဲ့ရခြင်းပင် ဖြစ်သည်။
“အသီနာ....ကျေးဇူးပါပဲ။” မစ်-ဇိုလာက သူ၏ခံစားချက် တဟုန်ထိုးတိုးသွားပြီး သူ၏ဘဝသည် မျှော်လင့်ချက်နှင့် ရောင်ခြည်များ ပြန်လည်ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်ခဲ့သည်။
“တကယ်တော့ ကျွန်မလည်း ရှင့်ကို မနာလို ဖြစ်မိတယ်။ သူက ရှင့်အကြောင်း ကျွန်မကို တစ်ခါမှမပြောခဲ့တာကို ဒေါသထွက်မိတယ်....” အသီနာ ခေါင်းခါလိုက်သည်။ “ကျွန်မက အသက်ဆုံးထဲအထိ သူ့ကို အဖော်ပြုပြီးတော့ ပျော်ပျော်ရွှင်ရွှင် နေသွားချင်တာ။ ကျွန်မက မစ်-ဇိုလာလိုမျိုး သက်တမ်းမရှည်ဘူး။ သာမန်နတ်ဆိုး တစ်ယောက်ရဲ့ သက်တမ်း နှစ်ပေါင်း သုံးလေးရာပဲ။ တစ်နေ့ကျလို့ ကျွန်မရဲ့သက်တမ်း အဆုံးသတ်သွားခဲ့အခါကျရင် သူ့ကို ကျွန်မအတွက် ဂရုစိုက်ပေးပါ။ ဟုတ်ပြီလား။”
ဇိုလာ ရင်ထဲထိသွားပြန်သည်။ ထို့နောက် သူ၏မျက်လုံးများ အနည်းငယ် နီမြန်းသွားသည်။ သူက အသီနာ၏လက်ကို ပြန်ဖျစ်ညှစ်လိုက်သည်။
“မစ်-ဇိုလာ....”
“ငါ့ကို ဇိုလာလို့ပဲ ခေါ်ပါ။” ထိုစကားက မစ်-နတ်မိမယ်နဂါးသည် အသီနာအား လက်ထောက်တစ်ယောက် အနေနှင့် မဟုတ်ဘဲ အမှန်တကယ် လက်ခံကြောင်း ကိုယ်စားပြုခြင်းပင် ဖြစ်သည်။ “ငါ တောင်းပန်ချင်တယ်....”
“ဒါက တစ်ယောက်ယောက်ကို ငါ တောင်းပန်တာ ပထမဆုံးအကြိမ် ထင်တယ်။ ပြီးတော့ “ပထမဆုံးအကြိမ်”ရဲ့ ထူးခြားတဲ့ ခံစားချက်တွေ အများကြီးပဲ။ ငါတို့ အခုမှ တွေ့ဖူးတယ်ဆိုတာ ယုံရခက်ခက်ပဲ။ အသီနာ...နင်က တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ မိတ်ဆွေ တစ်ယောက်ပဲ။ ဟုတ်တယ်။ မိတ်ဆွေ တစ်ယောက်ပဲ။”
အသီနာ၏လက်မှ အနွေးဓာတ်သည် ထိုသူနှင့် မတူသော်လည်း ငြိမ်းချမ်းမှုနှင့် နွေးထွေးမှုကို ပေးစွမ်းလေသည်။
အသီနာ ရှက်သွားခဲ့သည်။ “ကျွန်မလည်း မယုံနိုင်ဘူးလို့ ခံစားမိတယ်။ ကျွန်မက တကယ်ကြီး ဒီကို သတ္တိရှိရှိလာပြီးတော့ ရှင့်လို နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို စကားလာပြောခဲ့တယ်။ အရာအားလုံးက အဲဒီ ကောင်စုတ်ကြောင့် ဖြစ်မယ်။”
“ဟုတ်တယ်။ အားလုံးက အဲဒီကောင်ရဲ့ အပြစ်ကြောင့်ပဲ။ သူ့မှာ နင့်လိုမျိုး မိန်းမကောင်းတစ်ယောက် ရှိနေတာတောင်....”
ထိုသို့ပြောနေရင်း ဇိုလာ အနည်းငယ် ရှက်သွားမိသည်။ ရုတ်တရက် အသီနာ၏ ခံစားချက်များကို သူ သဘောပေါက်သွားခဲ့သည်။ ငါသာဆိုရင် အစကတည်းက သောင်းကြမ်းပြီး ရန်ဖြစ်နေလောက်ပြီ။ ငါ့ရဲ့အချစ်ပြိုင်ဘက်ကို ရှာပြီးတော့ “အပေးအယူ” လုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။
ဒါက အသီနာပြောတဲ့ဟာ ဖြစ်မယ်။ အချစ်ဆိုတာ အပြန်အလှန် သည်းခံခြင်းနဲ့ စိတ်အာရုံစူးစိုက်ခြင်းပဲ။
မစ်-ဇိုလာက အဓိကအရာအချို့ကို သဘောပေါက်သွားကြောင်း ခံစားလိုက်ရပြီး အသီနာ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ “အဲဒီလူကို ရှင်းပစ်ဖို့.... အဲ... ထိန်းချုပ်ဖို့ အတူတူ ကြိုးစားကြတာပေါ့။ ငါတို့ သူ့ကို မြာပွေတဲ့သူ ဆက်လုပ်ခွင့် ပေးလို့ လုံးဝမဖြစ်ဘူး။”
“အင်း။” အသီနာက အားတက်သရော ခေါင်းညိတ်လိုက်သည်။
အမျိုးသမီးနှစ်ယောက်သည် ချက်ချင်းပင် မဟာမိတ် ဖြစ်သွားကြသည်။ သူတို့၏ ရင်းနှီးမှုမှာ သာမန်လူ + စိတ်ကူးယဉ် ရန်သူများကြောင့် တစ်ဆင့်တိုးသွားခဲ့သည်။
“ဒါနဲ့ ဟိုတစ်ယောက်ကို ဒီ၇ယွမ် လည်ဆွဲ ပေးလိုက်။ ဒါက သူ့ထဲက ကျိန်စာစွမ်းအား တချို့ကို သီးခြားထားပေးနိုင်တယ်။ အနည်းဆုံးတော့ ဒီအတောအတွင်း သူခံစားရမှာ မဟုတ်တော့ဘူး။”
“ဟင့်အင်း။” အသီနာက အသာလေးပြုံးပြီး ခေါင်းခါလိုက်သည်။ “အတူတူ ပြန်သွားကြ ရအောင်။ ပြီးရင် သူ့ကို ကိုယ်တိုင်ပေးလိုက်။ ဒေလီယာက အပြင်းပိုင်း အေးစက်စက်နိုင်ပေမဲ့ စိတ်ကောင်းရှိတဲ့ မိတ်ဆွေတစ်ယောက်ပါ။ သူက သိကျွမ်းဖို့ ထိုက်တန်တဲ့ မိတ်ဆွေအစစ် တစ်ယောက်ပဲ။ အဲဒါကို ကျွန်မအတွက် ရှင့်လို နတ်ဆိုး အရှင်သခင်အဆင့်ကို သူ အာခံခဲ့တုန်းက မြင်ခဲ့ရမှာပဲ။”
“ဒါပေမဲ့...ငါ့ကို အဲဒီမှာ မကြိုဆိုသလိုပဲ။”
“အတူတူ နေတဲ့အခါ သူငယ်ချင်းကောင်းတွေတောင် ရန်ဖြစ်ကြတာပဲ။ ပြီးတော့ ရှင်က အားလုံးကို အချိန်ပေးပြီးတော့ ရှင့်အကြောင်း လေ့လာဖို့ အခွင့်အရေး ပေးသင့်တယ်။ ပါ့ဂ်လီအို အပါအဝင်ပေါ့။”
“ဟမ့်။ အဲဒီကောင်းကို သိပ်ပြီး မယုံကြည်နဲ့။” မစ်-နတ်မိမယ်နဂါးက အတိတ်ကို စဉ်းစားကြည့်တိုင်း ဒေါသများ ပြည့်နှက်သွားခဲ့သည်။ ဒါပေမဲ့ အဲဒီတုန်းကး ငါလည်း သူ့ရဲ့ရတနာတွေအားလုံးကို တစ်ယောက်တည်းယူဖို့ အကြံရှိခဲ့တာပဲ။
ချိပ်ပိတ် ဖယ်ရှားဖို့ကတော့...အဲဒီလူ တောင်းဆိုတုန်းက ငါ့စိတ်ထဲမှာ သဘောတူ လောက်ပြီးပြီ။ ဒါပေမဲ့ ငါ့မာနက ခံနေခဲ့တယ်။
(ပြန်သွားဖို့လား။)
(အင်း။ အသီနာ ထပ်ပြောရင်တော့ သူနဲ့ငါ ပြန်လိုက်သွားမယ်။)
(အသီနာ...)
(...)
(ဟူး...ဒါဆိုလည်း ပြန်သွားကြတာပေါ့။)
ထိုအချိန်၌ အရေးတကြီးတစ်ခုခု ဖြစ်နေသကဲ့သို့ပင် ခပ်မြန်မြန် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဇိုလာ တံခါးမဖွင့်ခင်မှာပင် တံခါးကို အပြင်မှ ဖွင့်သွားခဲ့သည်။ ၎င်းမှာ ဟိုတယ် စားပွဲထိုး ဖြစ်သည်။
“သတင်းဆိုးပဲ။” စားပွဲထိုးက အမြန်လျှောက်လာသည်။ အသီနာလည်း ရှိနေကြောင်း မြင်လိုက်သည့်အခါ သူ အံ့အားသင့်သွားပြီး အလျင်အမြန် အရိုအသေ ပေးလိုက်သည်။ “မဒမ် အသီနာ။ ဘာလို့ ဒီမှာ ရှိနေတာလဲ။”
ဇိုလာကို ခုနက အသီနာ လာတွေ့သောအခါ ထိုစားပွဲထိုးက အနီးအနားတွင် ရှိမနေခဲ့ပေ။ အသီနာက မျက်မှောင်ကြုတ်လိုက်သည်။ “ဘာဖြစ်တာလဲ။”
စားပွဲထိုးက ဇိုလာက တစ်ချက်ကြည့်ပြီး ပြောသည်။ “ရိုကိုမိသားစု အကြီးအကဲ မော်တန်က လူအုပ်ကြီးနဲ့ ရောက်လာပြီးတော့ မစ်-စိုင်မွန်ကို ထွက်လာခိုင်းတယ်။ မဟုတ်ရင် သူက ကျွန်မတို့ ဟိုတယ်ကို အမှုန့်ခြေပစ်မယ်လို့ ပြောတယ်။”
“ရိုကိုမိသားစုလား။” အသီနာ မျက်မှောင်ကြုတ်လိုက်သည်။ ရိုကိုမိသားစုသည် အင်အားချင်းယှဉ်လျှင် စိုင်ဖူနှင့် မယ်လွန်ကဲ့သို့ အကြီးအကဲမိသားစုများထက် နိမ့်ကျသော အလတ်တန်းစား မိသားစု ဖြစ်သည်။ ၎င်းတို့သည် ဂျိုးဆက်ပ်ဘက်မှ အဓိက အင်အားစု ဖြစ်သည်။ နောက်ပိုင်းတွင် ဂျိုးဆက်ပ် ရှုံးနိမ့်သွားပြီဂနောက် ခေါင်းဆောင် မော်တန်က အခြေအနေကို မြင်ပြီး ရှီရာထံ၌ ချက်ချင်းပင် အညံ့ခံခဲ့သည်။ လူအများ၏သဘောကျမှုကို ရရှိရန်အတွက် ရှီရာသည် ရိုကိုမိသားစုအား အရေးသာသော မူဝါဒများ ပေးအပ်ခဲ့သည်။ ယခုတွင် သူတို့၏အင်အား ပိုပို၍ ကြီးမားလာပြီး သူတို့၏ လုပ်ရပ်များမှာ ယခင်ကဲ့သို့ ဆရာကြီးပုံစံအဖြစ် ပြန်လည်ရောက်ရှိလာတော့သည်။
စိုင်မွန်မှာ ဇိုလာ၏ နာမည်ဝှက်ဖြစ်သည်။ ထိုနာမည်မှာ ချန်လွေ့၏ နာမည်အတုမှ ယူထားခြင်း ဖြစ်သည်။ ဇိုလာက ကြောင်တောင်တောင် ဖြစ်သွားသည်။ “မော်တန်လား။ သူ့ကို ငါ ဘာလို့ မသိရတာလဲ။ အိုး။ ရိုကိုမိသားစုလား။ စဉ်းစားကြည့်တော့မှ ဒီမနက် မင်းသမီးလက်လီစတိုးကို ငါလာတုန်းက ငါ့ကို အခွင့်အရေးယူချင်တဲ့ ဘရူးဆိုတဲ့ ရွံစရာ ကောင်တစ်ကောင်နဲ့ တွေ့ခဲ့တယ်။ သူက ရိုကိုမိသားစုက သခင်လေး တစ်ယောက် ဖြစ်မယ့်ပုံပဲ။ နောက်ဆုံးတော့ ငါသူ့ကို ပညာနည်းနည်းပေးပြီးတော့ မင်းသမီး လက်လီစတိုး ဘယ်မှာရှိလဲဆိုတာ ပြောခိုင်းလိုက်တယ်။ အဲဒါက ပုရွက်ဆိတ် အုပ်ကြီးကို ရန်စမိမယ်လို့ မထင်ထားခဲ့ဘူး။ သူက ငါတို့စကားပြောတာကို နှောင့်ယှက်ရဲတယ်ပေါ့။ အသီနာ။ ၃စက္ကန့်လောက် စောင့်ပါလား။ ဒီပုရွက်ဆိတ်တွေကို ငါသွားရှင်းလိုက်မယ်။ ပြီးရင် စကားဆက်ပြောကြတာပေါ့။”
၃စက္ကန့် ဟုတ်လား။ ပုရွက်ဆိတ်တွေ။ အကုန်လုံးကို ရှင်းပစ်မယ်။ ဟုတ်လား။
၎င်းကို နားထောင်ပြီးနောက် စားပွဲထိုးက ကြောက်လန့်သွားခဲ့သည်။ အသီနာက ပြောလိုက်သည်။ “ကျွန်မက ဒီမှာ ငြိမ်ဝပ်ပိပြားရေးအရာရှိပါ။ ကျွန်မ ဒါကို ကိုင်တွယ် လိုက်မယ်။ အပြင်ထွက်ပြီး သွားကြည့်ရအောင်။ စိတ်မပူပါနဲ့။ ကျွန်မ သူတို့ကို လွယ်လွယ် အလွတ်ပေးမှာ မဟုတ်ပါဘူး။”
ဇိုလာက ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
ဟိုတယ်အပြင်ဘက်၌ မော်တန်က သူ၏အင်အားကို ကြွားရန်အတွက် လူကြမ်းတစ်ဖွဲ့ကို ဦးဆောင်ထားသည်။
အကြီးအကဲတွင် ဘရူးဟူသော သားတစ်ယောက်သာ ရှိသည့်အတွက် သူ အလွန်ပင် ဒေါသထွက်နေခဲ့သည်။ ဒီမိန်းက တကယ်ကြီး သူ့ကို ဒီလိုမျိုး ဇယားရှုပ်ရဲတယ်ပေါ့။ ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ရဲ့အင်အားကို တမင်ထိန်းချုပ်ထားလို့ ရိုကိုမိသားစုရဲ့ ခေါင်းကို တက်နင်းရဲနေတဲ့ပုံပဲ။ ဒီနေ့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ရိုကိုမိသားစုရဲ့ အင်အားစု ထုတ်ပြရမယ်။ ရှင်ရက်နဲ့ သေတာက ဘယ်လိုလဲဆိုတာ အဲဒီမိန်းမလှသိအောင် ငါ လုပ်ပြမယ်။
ထိုအချိန်၌ ဟိုတယ်ထဲ၌ အမျိုးသမီးနှစ်ယောက် ထွက်လာသည်။ တစ်ယောက်မှာ အလွန်အမင်း လှပသော မျက်မှန်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ဒါကြောင့် အဲဒီကောင်လေး ဘရူးက....ဒီမိန်းမကို ငါ ဖမ်းပြီးတော့ ကိုယ်တိုင် ပျော်ပါးကြည့်ရမယ်။
နေဦး။ နောက်တစ်ယောက်က သက်တော်စောင့် မဟုတ်ဘူး။ သူက အင်ပါယာ ပထမဗိုလ်ချူပ်ရဲ့ သမီး၊ အမှောင်လရဲ့ ဗိုလ်ခြေသုံးခုထဲကတစ်ခုဖြစ်တဲ့ မီးလျှံဗိုလ်ခြေ ခေါင်းဆောင်လည်းဖြစ်တဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိ အသီနာဝေးလ်စ်ပဲ။
ဘာလို့ အသီနာက ဒီကိုရောက်နေတာလဲ။ သူက အဲဒီမိန်းမနဲ့ အတူတူပဲလား။
အသီနာ စကားကျယ်ကျယ်ပြောလိုက်သည်။ “အကြီးအကဲ မော်တန်။”
မော်တန်ကို မျက်လုံးလည်လိုက်ပြီး အရင် စပြောသည်။ “မဒမ် အသီနာက ကျုပ်ရဲ့ သားကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့တဲ့ တရားခံကို လာဖမ်းတာလဲ။ ကောင်းတာပေါ့။ သူ့ကို ကျုပ်ဆီ ပေးလိုက်ပါ။ ဒါဆိုရင် ရိုကိုမိသားစုက မဒမ်ရဲ့ အကူအညီကို သတိရနေမှာပါ။”
“ဟမ့်။” အသီနာ သရော်ပြုံးလိုက်သည်။ “ကျွန်မက တရားခံကို လာဖမ်းတာ မဟုတ်ဘူး။ ကျွန်မရဲ့မိတ်ဆွေဆီ လာလည်တာ။ ကျွန်မရဲ့ မိတ်ဆွေအပေါ် ရှင့်သားက မကောင်းတဲ့အကြံတွေ ရှိခဲ့တယ်ဆိုတာ အသိအသာကြီးပဲ။ ကျွန်မရဲ့မိတ်ဆွေက စိတ်ကောင်းထားပြီးတော့ သူ့ကို သင်ခန်းစာပေးရုံပဲ မလုပ်ခဲ့ရင် အခုဆို သူသေသွားပြီ။ သူ့အတွက် တရားမျှတဖို့အတွက် ရိုကိုမိသားစုဆီကို ကျွန်မ သွားတော့မလို့ပဲ။”
ဒီမိန်းမက အသီနာရဲ့ မိတ်ဆွေလား။ မော်တန် အံ့အားသင့်သွားသည်။ ထို့နောက် ဇိုလာက ပုံမှန်ပင် ပြောသည်။ “ရှင့်သားက ဒဏ်ရာအပြင်းအထန် ရတာ မဟုတ်ဘူး။ သူက ပွန်းပဲ့ရုံပဲ ဖြစ်တာပါ။ ဒါပေမဲ့ ဒီဘဝမှာတော့ သူက မိန်းမတွေကို အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ဘူး။”
မော်တန် လုံးဝ ထိတ်လန့်သွားခဲ့သည်။ ဘရူးကို အိမ်ခေါ်သွားစဉ်က သတိလစ် နေဆဲပင် ဖြစ်သည်။ သူ၏အရေပြား လောင်ကျွမ်းနေပြီး မှော်ပညာအချို့ဖြင့် ထိသွားဟန် တူသည်။ သူ့မှာ ဒီလိုမျိုး ပြင်းထန်တဲ့ အတွင်းဒဏ်ရာ ရထားမယ်လို့ ငါ မထင်ထားခဲ့ဘူး။
အခု သူက ငါ့ရဲ့ တစ်ဦးတည်းသော သားပဲ။ နောက်တစ်ခေါက်ကို ငါ မမွေးနိုင်ရင်... အနာဂတ်မျိုးဆက်သစ် ရှိတော့မှာ မဟုတ်ဘူး။
အသီနာလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း စိတ်ထဲ၌ တိတ်တဆိတ် လက်ခုပ်တီးနေ၏။ ဘရူး၏ မကောင်းသော လုပ်ရပ်များကြောင့် ၎င်းသည် ထိုက်တန်လှပေသည်ဟု ပြော၍ရနိုင်ပေသည်။
မော်တန်က သူ၏စွမ်းအားကို ပြသရန်အတွက် အခြေအနေကို အသုံးချရန် စီစဉ် ထားခဲ့သည်။ သို့သော်လည်း ယခုတွင် သူ အမှန်တကယ် ဒေါသ ထွက်နေပြီ ဖြစ်သည်။ သူက အံကြိတ်ပြီး ပြောလိုက်သည်။ “မဒမ် အသီနာ။ ဒီမိန်းမရဲ့ ဇစ်မြစ်က ဘယ်လိုပဲဖြစ်ဖြစ် သူက ကျုပ်ရဲ့သားကို ဒီလိုမျိုး အင်္ဂါဖြတ်တောက်ရဲတယ်။ ကျုပ် သူ့ကို ဒီနေ့ ခေါ်သွားရမယ်။ ဒီကိစ္စက တော်ဝင်မင်းသမီးဆီ ရောက်သွားရင်တောင် ကျုပ်....”
“ရှင် ဘာလုပ်ချင်တာလဲ။” အသီနာ၏ အနီရောင်မျက်လုံးထဲ၌ ခြိမ်းခြောက်သော အမူအရာ လက်ခနဲ ထွက်ပေါ်လာသည်။ “အမှောင်လတစ်ခုလုံးက ရှင်တို့သားအဖရဲ့ အရင်က မကောင်းမှုတွေကို သိကြတယ်။ တော်ဝင်မင်းသမီးဆီ ရှင်တို့ အညံ့ခံပြီးတော့ ပြောင်းလဲသွားကြမယ်လို့ ကျွန်မ ထင်ထားခဲ့တာ။ ရှင်တို့က ပိုဆိုးလာမယ်လို့ မထင်ထား ခဲ့ဘူး။ ရှင်က ကျွန်မနဲ့ ကျွန်မရဲ့ မိတ်ဆွေကိုတောင် စော်ကားခဲ့တယ်။ ဒီနေ့ ကျွန်မ ရှင့်ကို ကိုယ်တိုင် အနိုင်ယူပြီးတော့ တော်ဝင်မင်းသမီးဆီ လွှဲပေးလိုက်မယ်။”
အသီနာ စကားပြောပြီးသည်နှင့် မော်တန်က မိမိကို ဝိုင်းရံထားသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ခံစားလိုက်မိသည်။ အသီနာသည် ဒုတိယ ဗိုလ်ချုပ်၏သား ဆာဂီကို အနိုင်ယူခဲ့သော ပါရမီရှင် ဓားသမတစ်ယောက်ဖြစ်ကြောင်း မော်တန် သိထားပြီး ဖြစ်သည်။ အသက်ငယ်ရွယ်သေးသော်လည်း အမြင်ဆင့်နတ်ဆိုးသို့ ရောက်ရှိသွားခဲ့လေပြီ။ သို့သော်လည်း အမြင့်ဆင့်နတ်ဆိုးတစ်ယောက်မှ အရှိန်အဝါမှာ ထိုမျှကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ချက်ချင်းပင် အော်ခေါ်လိုက်သည်။ “တိုယာ့ခ်။”
တိုယာ့ခ်သည် ရိုကိုမိသားစု သိပ်မကြာခင်က ခန့်အပ်ထားသော တိုင်းတစ်ပါး ဧည့်သည်တစ်ယောက် ဖြစ်သည်။ သူသည် နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း ရှေ့ထွက်လာရမည့် တိုယာ့ခ်သည် ငြိမ်ငြိမ် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်နေကြာင်း မော်တန် သတိထားမိ သွားသည်။ အဆင့်မြင့်လေလေ အသီနာ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ပိုခံစားမိနိုင်လေလေ ဖြစ်သည်။ တိုယာ့ခ်သည် နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသို့ ရောက်နေပြီဖြစ်သော်လည်း ခုခံရန် သတ္တိလုံးဝ မရှိခဲ့ပေ။
မော်တန် လုံးဝ အံ့အားသင့်သွားသည်။ အဲဒါက လျို့ဝှက်ရတနာများလား။ နတ်ဆိုးဘုရင်အဆင့် တိုယာ့ခ်တောင် ဒီလိုမျိုး ကြောက်နေတာလား။
အသီနာ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကိုမြင်ရင်း မော်တန် ပို၍ပင် ကြောက်လန့်သွားသည်။ သူက အလျင်အမြန်ပင် တစ်စုံတစ်ခုကို ထုတ်လိုက်သည်။ “ဒီကိုမလာခဲ့နဲ့။ ဒါက ထိပ်တန်းအရည်အသွေးရှိတဲ့ မိုးကြိုးမှုန်တိုင်းစက်လုံးနော်။ ဒါက မီတာ၃၀ပတ်လည်က လူတိုင်းကို ပြာဖြစ်အောင် လုပ်နိုင်တယ်။ မင်း ရှေ့တစ်လှမ်း ဆက်တိုးရဲရင် ဒီကလူတွေအားလုံး မင်းနဲ့အတူ မြှုပ်ခံရလိမ့်မယ်။”
မော်တန် စကားပြောမပြီးသေးခင်မှာပင် သူ၏လက်ထဲ၌ ဘာမှမရှိတော့ပေ။ မိုးကြိုးမုန်တိုင်းစက်လုံးသည် အမှန်တကယ်ပင် မျက်မှန်နှင့် မိန်းမလှ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ နှစ်ဖက်စလုံးသည် ၇မီတာခန့် ဝေးကွာပြီး ထိုအမျိုးသမီးသည် လှုပ်ပင် မလှုပ်ခဲ့ပေ။ ထိုစက်လုံးသည် ထိုအမျိုးသမီးဆီသို့ အလိုလို ပျံသွားပုံရသည်။
“ဒီနိမ့်ကျတဲ့ပစ္စည်းကို ထိပ်တန်းအရည်အသွေးလို့ ခေါ်သေးတာလား။”
ဇိုလာက ရွံရှာလျက် ပြောသည်။ သူ လက်တစ်ချက် တောက်လိုက်ရာ ထိုစက်လုံး အရောင်တောက်သွားခဲ့သည်။ မော်ဒန်က အလွန်ကြောက်လန့်သွားပြီး ရှောင်တိမ်းရန်ပင် အင်အားမရှိတော့ပေ။ “ပေါက်ကွဲတော့မယ်။”
ထိုစကားသည် အနီးအနားမှ လူအများအပြားကို ဝပ်နေရန် သတိပေးလိုက်သည်။ အသီနာ ကြောက်လန့်နေပုံမရပေ။ အကြောင်းမှာ အမှန်တကယ် ပေါက်ကွဲသွားသည့်တိုင် သူ၏စွမ်းအားကြောင့် မည်သည့်ဒဏ်ရာမှ ရရှိနိုင်မည် မဟုတ်ပေ။
ထိုအချိန်၌ ဇိုလာ၏လက်ချောင်းအပေါ်၌ ဖောက်ထွင်းမြင်ရသော ရေပူဖောင်းကဲ့သို့ အားစက်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် အချင်း ၁မီတာရှိပြီး “ရေပူဖောင်း” အတွင်း၌ အလင်းရောင် တောက်လာတော့သည်။ ရေပူဖောင်း အနည်းငယ် ယိုယွင်းသွား၏။ ထို့နောက် အလင်းရောင်သည်လည်း ကလေးကစားစရာ အလှမီးပန်းများ သဖွယ် ပျော်ကွယ်သွားခဲ့သည်။ မည်သည့်ထိခိုက်မှုမျှ လုံးဝမရှိပေ။
ထိုမိုးကြိုးမုန်တိုင်းစက်လုံးသည် မီးပန်းတစ်ခု မဟုတ်ကြောင်းဘဲ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားရှိသော တကယ့်လူသတ်လက်နက် ဖြစ်ကြောင်းကို မော်တန်သာ သေချာပေါက် ကောင်းကောင်း သိသည်။ သူသည် ၎င်းကို ကိုယ်တိုင် စမ်းသပ်ကြည့်ဖူးသည်။ သို့သော်လည်း ထိုမျက်မှန်နှင့် မိန်းမလှလက်ထဲ၌ ၎င်းသည် ကလေးကစားစရာနှင့် မခြားနားလှပေ။
နတ်ဆိုးဘုရားသခင်။ အဲဒီမျိုးမစစ်ကောင်လေး ဘရူးက ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ တည်ရှိမှုကို အာခံခဲ့တာလဲ။
မော်တန်အရှေ့သို့ ရောက်သောအခါ အမှောင်လမြို့ရှိ နာမည်ကြီး မိသားစု အကြီးအကဲ တုန်လှုပ်နေကြောင်း အသီနာ သိသွားသည်။ သူသည် ခုခံရန် နှင့် ထွက်ပြေးရန်ပင် သတ္တိ လုံးဝမရှိတော့ပေ။