← Chapters

သတ်ဖြတ်ခြင်း

Vol. 86 Ch. 1194

သတ်ဖြတ်ခြင်း

Vol. 86 Ch. 1194

ကျီမျိုးနွယ်ကျင့်ကြံသူအများစုမှာ အသက်ကြီးကြီးများ ဖြစ်ကြသော်လည်း တစ်ယောက်ကတော့ အသက်သုံးဆယ်အရွယ်လူတစ်ယောက်ပုံစံရှိသည်။ သူသည် မသားနားသော သာမန်အဝတ်အစားကို ဝတ်ဆင်ထားသည့်တိုင် ကျန်ကျီမျိုးနွယ်ကျင့်ကြံသူများမှာ သူ၏ခေါင်းဆောင်မှုနောက်သို့ လိုက်နေကြဟန်တူသည်။

စေ့စေ့စပ်စပ် မကြည့်လျှင် ထိုအချက်သည် သိသာမည်မဟုတ်ပေ။ အမှန်တွင် သူက သာမန်ကျင့်ကြံသူနှင့်တူအောင် အနောက်နား၌ပင် ရပ်နေခဲ့သည်။

သို့သော် ကျန်မျိုးနွယ်ဝင်များ ဒေါသတကြီး အော်ဟစ်နေကြသောအချိန်တွင် သူက မျက်မှောင်ကြုတ်ရုံသာ ကြုတ်နေခဲ့၏။ ထိုအခြင်းအရာက သူ့အား မန်ဟို့အမြင်တွင် ထင်းသွားစေသည်။

မန်ဟိုသည် မည်သည့်အရာကမှ မူမမှန်မှုမရှိသကဲ့သို့ ပြုံးရင်း သူ့ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏နှလုံးသားထဲတွင်တော့ ရေခဲတမျှအေးစက်နေ၏။ သူ ကျီမျိုးနွယ်စုအပေါ် ခံစားနေရသော အသတ်အဖြတ်စိတ်ဆန္ဒကား အတိုင်းထက်အလွန် ပြင်းထန်လာခဲ့သည်မှာ ကြာခဲ့လေပြီ။

ကျီမျိုးနွယ်စုအပေါ် ဖန်မျိုးနွယ်စု အပြတ်အသတ်အနိုင်ရနိုင်ကြောင်း ယုံကြည်ချက်မရှိသည့်အတွက်ကြောင့်သာမဟုတ်လျှင် မန်ဟို့အနေဖြင့် သူတို့ကို သတ်ပစ်လိုက်ပြီဖြစ်သည်။ သို့သော် သူ့မှာ လတ်တလော သူ့ကိုယ်သူထိန်းနေသော်လည်း အခွင့်ရရင်ရသလို သတ်ဖို့ ဆုံးဖြတ်ထားသည်။

“ကျီမျိုးနွယ်စုက တာအိုရောင်ရင်းတို့၊ ကျုပ် လူမှားသတ်လိုက်တာလို့ ပြောနေတာလား” သူက တွေဝေသွားသောဟန်ဖြင့် မေးလိုက်သည်။ “ဘာလို့ ဒီလောက်စိတ်ဆိုးနေကြတာတုန်း။ သူက ကျုပ်တို့ မျိုးနွယ်စုနှစ်စုအကြားက ချစ်ကြည်ရေးကို ပျက်ပြားအောင် လုပ်နေတာလေ” သူ့နှလုံးသားထဲရှိ အေးစက်မှုက ပို၍ပြင်းထန်လာသည်။ ကျီမျိုးနွယ်စုသာ သူ့နှင့် ပြိုင်ငြင်းလျှင် နောက်တစ်ယောက်သတ်ဖို့ ယင်းကို သူ ဆင်ခြေပေးလိုက်မည်။

ကျီမျိုးနွယ်ကျင့်ကြံသူများမှာ သူ့ကို အမဲဖြတ်တော့မတတ် စိုက်ကြည့်နေကြသော်လည်း ဖန်မျိုးနွယ်စုနှင့်ပြိုင်ငြင်းစရာ အကြောင်းပြချက်မည်မည်ရရ မရှိပေ။ တခြားအခြေအနေသာဆိုလျှင် ကျီမျိုးနွယ်စုအနေဖြင့် လျစ်လျူရှုထားနိုင်သော်လည်း ယနေ့က ဖန်မျိုးနွယ်စုခေါင်းဆောင်းတင်မြှောက်ပွဲဖြစ်ရာ ... သူတို့တွင် ရွေးချယ်စရာနှစ်ခုသာ ရှိသည်။

တစ်ခုက ဖန်မျိုးနွယ်စုကို အင်အားအလုံးအရင်းဖြင့် စစ်တိုက်ရန်၊

နောက်တစ်ခုက ... အခြေအနေကို လက်ခံလိုက်ရန်။

သူတို့က ကြေးဒင်္ဂါးကို လုဖို့ အမှန်တကယ်ပင် ကြိုးစားခဲ့သည်မဟုတ်ပါလော။

န၀မတောင်ပင်လယ်တွင် ကျီမျိုးနွယ်စု ဩဇာအာဏာကြီးမားသည်ကို ဤနေရာရှိ ကျင့်ကြံသူတိုင်း သိကြသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုမှာ မန်ဟို၏စကားများကို သည်းမခံနိုင်ကြ၍ တစ်ယောက်ဆိုလျှင် ပြန်ပြောရန်ပင် ပြင်လိုက်သည်။ သို့သော် ဘေးတွင် မျက်မှောင်ကြုတ်လျက် ရပ်နေသော လူငယ်က မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် ပြုံးလိုက်၏။

"သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းမန်။ စောစောက အဲ့ဒီလူမှာ လျှို့ဝှက်အကြံအစည်တွေရှိတာ ကျုပ် အမှတ်တမဲ့ ဖြစ်သွားတယ်" လူငယ်၏အသံက သိပ်မကျယ်သော်လည်း ဩဇာနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ ပြည့်နှက်နေသည်။ သူက အင်္ကျီလက်စကို ခါလိုက်ရာ ချက်ချင်းပင် ကျီမျိုးနွယ်ကျင့်ကြံသူအားလုံး နောက်ပြန်ဆုတ်သွား၏။

ဖြစ်ပျက်သွားသောအရာက လူငယ်ကို ကျီမျိုးနွယ်ကျင့်ကြံသူများအကြား ထင်ရှားသွားစေသည်။ ယခုတွင် သာမန်ဟု ထင်ရမည့်အစား သူကား ဆန့်ကျင်ဘက်ဖြစ်သွားခဲ့လေပြီ။

ယခုတွင် န၀မတောင်ပင်လယ်မှ ဂိုဏ်းများနှင့် အင်အားစုများမှ ကျင့်ကြံသူအားလုံးသည် သူ့ကို စိုက်ကြည့်နေကြပြီး သူ မည်သူမည်ဝါလဲ စဉ်းစားနေကြ၏။

"သူက ဒီမျိုးဆက်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သူ ... ဘယ်သူမှ တစ်ခါမှမမြင်ဖူးတဲ့ ကျီသားတော်ကျီတုံယမ်းများ ဖြစ်နေမလား"

ဖန်ရှုံ့ဖုန်း၊ ဖန်ရှုတောက်နှင့် အခြားသူများလည်း ကျီမျိုးနွယ်ကျင့်ကြံသူလူငယ်ကို တွေးတွေးဆဆ ကြည့်နေကြသည်။ မန်ဟိုက လူငယ်၏မျက်လုံးများကို စိုက်ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ မန်ဟို၏အကြည့်က အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တခဏ မီး‌၀င်း၀င်းတောက်သွားပြီး ထို့နောက်တွင် လူငယ်သည် မျက်လုံးအဝိုင်းသားနှင့် မျက်နှာသွေးဆုတ်ဖြူလျော့လျက် နောက်သို့ ယိမ်းယိုင်သွား၏။

မန်ဟို၏အမူအရာက မပြောင်းလဲသော်လည်း သူ၏ခန္ဓာကိုယ်သည် ဓာတ်လိုက်သကဲ့သို့ တုန်ရီသွားသည်။ ဖန်ရှုံ့ဖုန်းဘေးသို့ ပြန်လာပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ကျီတျန်းက သူ့အဖေကို သတ်ချင်သည်။ ထို့ကြောင့် သူလည်း ဤလူငယ်ကို သတ်ပစ်မည်။

ထိုအခိုက်အတန့်တွင် လူငယ်မှာ ရင်ဒိန်းခနဲ တုန်သွားသည်။ မန်ဟို၏မျက်ဝန်းများအရ သူမည်မျှ အစွမ်းထက်သလဲ ပြောနိုင်သည့်အပြင် သူ၏အကြည့်ထဲရှိ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒက လူငယ်ကို နောက်သို့ တွန်းထုတ်ခဲ့လေသည်။ သူက မျိုးနွယ်တူများဘက်လှည့်ကာ အော်ပြောလိုက်သည်။ "သွားစို့။ ငါတို့ တောင်ကောင်းပင်ဂြိုဟ်က ထွက်သွားမယ်"

သူ့စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ကျီမျိုးနွယ်၀င်များက သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို စတင်ထုတ်ဖော်လိုက်ကြသည်။ သူတို့ လူငယ်ကို ခြံရံလျက် နေရာယူလိုက်စဉ် သူတို့ထဲမှ အသက်ပိုကြီးသောလူတစ်ယောက်က ဖန်ရှုံ့ဖုန်းကို လက်ယှက်အရိုအသေပေးလိုက်သည်။

"တာအိုရောင်ရင်းရှုံ့ဖုန်း ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာတဲ့အတွက် ဂုဏ်ယူ၀မ်းမြောက်မိပါတယ်။ ကျုပ်တို့  အရေးကြီးကိစ္စတစ်ခုရှိလို့ ပြန်မှဖြစ်တော့မယ်" ထိုလူက ဖန်ရှုံ့ဖုန်းထံမှ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ လေပေါ်ပျံတက်လိုက်သည်။ ကျင့်ကြံသူလူငယ်နှင့် ကျန်မျိုးနွယ်၀င်အားလုံး သူ့နောက် လိုက်ပါသွားကြ၏။ သူတို့အားလုံးက ကောင်းကင်ပေါ် ထိုးတက်သွားကြသော ရောင်စုံအလင်းတန်းများအသွင် ပြောင်းသွားကြလေသည်။

"အဖေ၊ ခေါင်းဆောင်ကြီးရှုတောက်၊ ခေါင်းဆောင်ကြီးယန်ရှီ" မန်ဟိုက တိုးညှင်းစွာ ပြောသည်။

"ကျွန်တော် နည်းနည်း စိတ်နည်းနည်းအိုက်နေလို့။ ဘယ်သူမှလဲ စိန်မခေါ်တော့ဘူးဆိုတော့ သွားအနားယူတော့မယ်" ဖန်ရှုတောက်နှင့် ဖန်ယန်ရှီက ချီတုံချတုံဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ ဉာဏ်ရည်နှင့် ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် မန်ဟို ကြံစည်နေသောအရာကို ခန့်မှန်းမိဖို့ သိပ်မခက်ခဲပေ။

ဖန်ရှုတောက်နှင့် ဖန်ယန်ရှီမှာ တွန့်ဆုတ်နေသော်လည်း ဖန်ရှုံ့ဖုန်းက ‌ခေါင်းမော့၍ ပြောလိုက်သည်။ "ကျန်းမာရေးက အဓိကပဲ သွားနားတော့။ ရပြီ"

ဖန်ရှုံ့ဖုန်း၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပနေ၏။ သူသည် အခြားသူများအား သက်ညှာပေးတတ်သည့်လူစားမျိုး မဟုတ်သည့်အပြင် မန်ဟို့ကျေးဇူးကြောင့် ယခုတွင် သူ တာအိုသို့တက်လှမ်းခဲ့စဉ် ခက်ခဲခဲ့ရသည့် အကြောင်းအရင်းက ကျီမျိုးနွယ်စုနှင့် တစ်နည်းနည်းဖြင့် ပက်သက်နေကြောင်း သေချာသွား၏။

မန်ဟိုက သူ့သားဖြစ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သူမဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် ဖန်ရှုံ့ဖုန်းသည် အဖေတစ်ယောက်အနေဖြင့်သော်လည်းကောင်း၊ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေဖြင့်သော်လည်းကောင်း သူ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်။

မန်ဟိုက ခေါင်းညိတ်ပြီး အလင်းတန်းအသွင်ဖြင့် လေပေါ်ပျံတက်သွားတော့သည်။

မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ပွဲအခမ်းအနားသည် ဆက်လက်ကျင်းပ၏။ ယခုအဖြစ်အပျက်ပြီးနောက် မည်သူမှ ဖန်ရှုံ့ဖုန်းကို စိန်မခေါ်တော့ပေ။ သို့သော် ပွဲတက်ရောက်သူများ ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ တိမ်မည်းတိမ်တိုက်ထုကြီးကား ပေါ်လာခဲ့လေပြီ။

ရာသီဥတု ပြောင်းလဲနေသယောင် ထင်ရသည်။ မိုးပေါက်များ တပေါက်ပေါက် ကျလာပြီး တိမ်များ အလိပ်လိပ်ထလာကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အပေါ်သို့ မော့ကြည့်လိုက်ပါက မန္တန်၀င်္ကပါတစ်ခုခုက အရာအားလုံးကို ချုပ်နှောင်နေသကဲ့သို့ မိုးကောင်ကင်တစ်ခုလုံး ပိတ်ဖုန်းကွယ်ခံထားရကြောင်း မြင်ရပေမည်။

တစ်ချိန်တည်းမှာပင် ကျီမျိုးနွယ်တစ်ဒါဇင်ကျော်သည် တိမ်တိုက်များကို ဖြတ်၍ ပျံသန်းနေ၏။ သူတို့ ရှေ့သို့ ပျံသန်းနေကြစဉ် မိုးကြိုးလျှပ်စီးများက သူတို့ပတ်ပတ်လည်တွင် တဂျိန်းဂျိန်း တဝုန်းဝုန်း ပစ်ချမြည်ဟည်းနေသည်။

"သခင်လေး ဘာကြောင့် အလောတကြီး ထွက်သွားရတာတုန်း။ သူတို့ ကျုပ်တို့မျိုးနွယ်၀င်တစ်ယောက်ကို သတ်ခဲ့တယ်ဆိုပေမယ့် ထပ်ပြီး ရမ်းရမ်းကားကား မလုပ်ရဲပါဘူး။ သူတို့ ကျုပ်တို့ကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲမှာမှ မဟုတ်တာလေ။ အဲ့ဒီမန်ဟိုကိုတော့ အနှေးနဲ့အမြန် သတ်ကိုသတ်ပစ်ရမယ်"

သူတို့ထဲမှ တချို့က အထင်သေးသော မှတ်ချက်များပြုကြသည်။ "ဟုတ်တယ်။ သူ ကျုပ်တို့ကို ပေါ်တင်သတ်ပစ်ရင် ခေါင်းဆောင်ကြီးရဲ့မျက်လုံးက ကျုပ်တို့ကို သေချာပေါက်မြင်မှာပဲ။ သူက န၀မတောင်ပင်လယ်က အရာအားလုံးကို မြင်နိုင်တယ်လေ။ ဖန်မျိုးနွယ်စု အခုထက် မိုက်မဲရင်တောင်မှ ထပ်မိုက်ရဲမှာမဟုတ်ပါဘူး"

“အဲဒီမန်ဟိုက ဥပဒေစည်းမျဉ်းဘာညာ နားလည်တာမဟုတ်ဘူး။ ကောင်းကင်ဘုံတွေကိုတောင် အာခံနေတဲ့ကောင်” အသက်ပိုကြီးသောကျင့်ကြံသူတစ်ယောက်က အေးစက်စက်နှာမှုတ်ကာ ပြောသည်။ “တခြားကျင့်ကြံသူတွေ အများကြီးရှိနေတာ ဆိုးလွန်းတယ်။ ဖန်မျိုးနွယ်စုကလည်း သူ့နောက်မှာ ရှိတယ်။ မဟုတ်လို့ကတော့ အဲဒီကောင် ဝင့်ကြွားရဲဝင့်ကြွားကြည့်ပါလား၊ ငါတို့လက်ချက်နဲ့ သေသွားမယ်။ သူ ဒီတစ်ခေါက် ကံကောင်းသွားတာပါကွာ။ နောက်တစ်ခေါက်ကို စောင့်လိုက်။ တခြားဂိုဏ်းတွေ မျိုးနွယ်စုတွေအနားမှာမရှိရင် ငါတို့ သူ့ကို သေချာပေါက် သတ်ပစ်လိုက်မယ်”

“မင်းတို့ ပါးစပ်ပိတ်ထားပေးလို့ရမလား” ကျင့်ကြံသူလူငယ်က တိမ်တိုက်များကို ကြည့်ရင်း ပြောသည်။ “မန်ဟိုက အဲဒါတွေအားလုံးကို မစဉ်းစားမိဘူးထင်လား။ တခြားဂိုဏ်းတွေ၊ အင်အားစုတွေကြောင့် ငါတို့ သူ့ကို မတိုက်ခိုက်နိုင်တာလို့ ထင်လား။ မန်ဟိုက အသာတကြည်လွတ်ပေးမယ်လို့ ထင်လား။ ငါ့အမြင်အရတော့ အဲဒီလူတွေကြောင့် ငါတို့အသက်ချမ်းသာရာရတာကွ

“အဲဒီကိစ္စကို ထားလိုက်တော့။ တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်ကြစို့။ သောက်ကျိုးနည်း... မန်ဟိုက တောင်ကောင်းကင်မရဏဝင်္ကပါကို ထိန်းချုပ်နိုင်တာ ယုံတောင်မယုံနိုင်ဘူး” ကျန်ကျင့်ကြံသူများက သူ့အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသော်လည်း မည်သူမှ သူ့ဆုံးဖြတ်ချက်ကို သဘောမတူကြပေ။

သူတို့သည် ကျီမျိုးနွယ်စုဖြစ်၍ လူတိုင်း၏အထက်တွင် ရှိနေရခြင်းနှင့် အသားကျနေလေပြီ။ သူတို့ နဝမတောင်ပင်လယ်၏မည်သည့်နေရာသို့ သွားသွား၊ ကျီမျိုးနွယ်စုမှ ဖြစ်သည်ဟု ပြောလိုက်ရုံနှင့် လူတိုင်း သူတို့ကို လွန်စွာလေးလေးစားစား ဆက်ဆံကြပြီး ကြောက်လန့်တုန်ရီကြမည်ဖြစ်သည်။ ကျီမျိုးနွယ်စုက နဝမတောင်ပင်လယ်၏သခင်မဟုတ်ပါလော။

ထိုကဲ့သို့အဆင့်အတန်းရာထူးမျိုးဖြင့် သူတို့သည် မည်သည့်အခြေအနေတွင်ဖြစ်ဖြစ် မည်သည့်အရာကိုမှ အချိန်ကုန်ခံစဉ်းစားနေစရာမလိုပေ။ သူတို့က သူတို့ကိုယ်သူတို့ ဧကရာဇ်များသဖွယ် အင်အားအကြီးဆုံးဟု ယုံကြည်ကြသည်။ သို့ဖြစ်ရာ သာမန်လူများနှင့်ပတ်သက်၍ ဘာကြောင့်အချိန်ကုန်ခံနေတော့မည်နည်း။

ကျင့်ကြံသူလူငယ်က သူ၏အပေါင်းအပါများကို ကြည့်၍ သက်ပြင်းခိုးချလိုက်သည်။ ကျီမျိုးနွယ်ဝင်များသည် အာဏာရှိခြင်းနှင့် အလွန်အသားကျနေ၍ အန္တရာယ်ကိုပင် ခံစားနိုင်စွမ်းမရှိတော့ကြောင်း သူ ကောင်းကောင်းသိလေသည်။

သူတို့အားလုံး တိမ်ထုထဲမှ ထွက်လိုက်ပြီး တောင်ကောင်းကင်ဂြိုဟ်၏ကောင်းကင်အစပ်နား၊ အာကာသမှ သိပ်မဝေးတော့သောနေရာသို့ ရောက်သွားစဉ်မှာပင် ... ရုတ်တရက် ကျင့်ကြံသူလူငယ်သည် သူ့သူငယ်အိမ်များကို ကျုံ့သွားစေသည့်အရာကို မြင်လိုက်ရ၏။

“မန်ဟို”

သူတစ်ယောက်တည်းသာ အံ့အားသင့်သွားခြင်းမဟုတ်။ ကျန်ကျီမျိုးနွယ်ကျင့်ကြံသူများလည်း သူတို့အရှေ့လေထဲ၌ မိုးကြိုးလျှပ်စီးများခြံရံလျက် ပျံဝဲနေသော သွေးအေးအေးမျက်ဝန်းများပိုင်ရှင် မန်ဟို့ကို မြင်လိုက်သဖြင့် မျက်စိမျက်နှာပျက်ကုန်ကြသည်။

မန်ဟိုက အေးစက်စက် ပြောလိုက်သည်။ “အခု ဘယ်သူမှ ငါ့ကို မတားနိုင်တော့ဘူးဆိုတော့ .... ကျီမျိုးနွယ်ကျင့်ကြံသူနည်းနည်ပါးပါး သတ်ပစ်ဦးမှပဲ”

မိုးကြိုးတန်းများသည် အရပ်လေးမျက်နှာသို့ မြွေလိမ်မြွေကောက် ထွက်သွား၏။

မန်ဟိုက လက်ကို ဆန့်၍ တောင်ကောင်းကင်ဆီသို့ ဖိချလိုက်သည်။ တဂျိန်းဂျိန်းထစ်ချုန်းသံများ ပဲ့တင်ထပ်နေစဉ် ရုတ်တရက် ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးတစ်ခုသည် သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။ ၎င်းကား တောင်ကောင်းကင်မရဏဝင်္ကပါမှတစ်ပါး အခြားမဟုတ်ပေ။

မရဏဝင်္ကပါသည် အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်လျက် မိုးတဂျုန်းဂျုန်း ထစ်ချုန်းသွားစေသည့် အဆုံးမဲ့အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသော ဧရာမလက်ကြီးတစ်ဖက်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။

ကျီမျိုးနွယ်ကျင့်ကြံသူလူငယ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ရင်း မာန်သွင်းဟိန်းဟောက်လိုက်သည်။ အံ့မခန်းလိလိကံကြွေးမျှင်များသည် တဖျပ်ဖျပ်လက်လျက် လက်ကြီးဆီ ပြေးဝင်သွားသော မှော်ပစ္စည်းများအသွင်ပြောင်းရင်း ထွက်ပေါ်လာ၏။ တစ်ဆက်တည်းမှာပင် ကျန်ကျီမျိုးနွယ်ကျင့်ကြံသူအားလုံးထံမှ အသတ်အဖြတ်အခိုးအငွေ့များ တလိပ်လိပ်လာပြီး တစ်ဒါဇင်ကျော်က လက်ကြီးကို ခုခံဖို့ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လွှတ်လိုက်ကြသည်။

မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များအပြင် မှော်ပစ္စည်းများ မန္တန်ဝင်္ကပါမှ ဖန်ဆင်းထားသည့် ဧရာမလက်ကြီးကို ဝင်တိုက်လိုက်သည့်အခါ ၎င်းတို့ကား အစွမ်းအစမဲ့ကုန်ကြသည်။ အကုန်လုံး ကြွေထည်များသဖွယ် စိစိညက်ညက်ကြေမွကုန်၏။ ထို့နောက် လက်ကြီးက ကျီမျိုးနွယ်ကျင့်ကြံသူများအား အုန်းခနဲ ဝင်တိုက်လိုက်သည်။

ချက်ချင်းဆိုသလို သုံးယောက်မှာ သွေးရူးသွေးတန်းအော်ဟစ်ပြီး တစစီ ပေါက်ကွဲကုန်သည်။ အသားစများ၊သွေးများက တိမ်တိုက်များကိုဖြတ်၍ ရွာကျသွားသည်။

“မန်ဟို ရာရာစစ မင်းက ငါတို့ကျီမျိုးနွယ်ကျင့်ကြံသူတွေကို သတ်ရဲတယ်လား။ ငါတို့ ခေါင်းဆောင်ကြီးက မင်းကို သတ်ပစ်လိမ့်မယ်” ထို့နောက် ကျီမျိုးနွယ်ကျင့်ကြံသူနောက်ထပ်သုံးယောက် အသတ်ခံလိုက်ရသည်။ သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူတို့အားလုံး ပေါက်ကွဲကုန်ကြသည်။

မသေခင် အော်ဟစ်သွားခဲ့သော သူတို့၏အသံများသည် တိမ်တိုက်များအပြင်သို့ ဘယ်တော့မှ ကျော်ထွက်မသွားခဲ့သလို အာကာသထဲသို့လည်း ပဲ့တင်ထပ်မသွားခဲ့ပေ။ အောက်ရှိလူများ ကြားရသည်မှာလည်း မိုးထစ်ချုန်းသံများသာ။

“ကျီတျန်း တောင်ကောင်းကင်ဂြိုဟ်ကို မလာရဲဘူး” မန်ဟိုက အေးစက်စက် ပြောသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ တိမ်တိုက်များအတွင်း၌ အဆုံးမဲ့မိုးကြိုးများ ထစ်ချုးန်သွားသည်။ လျှပ်စီးမိုးကြိုးများပြားလွန်းသဖြင့် တစ်လောကလုံးမှာ မိုးခြိမ်းသံများအကြားမှ ထွက်လာတတ်သည့် မချိတင်ကဲအော်သံများဖြင့်သာ ပြည့်နှက်နေတော့သည်။

တောင်ကောင်းကင်မရဏဝင်္ကပါမှ ဖန်ဆင်းထားသောလက်ကြီးသည် အသက်များကို နုတ်ယူနိုင်သည့် ကောင်းကင်ဘုံလာပြစ်ဒဏ်ကြီးနှင့် တူနေ၏။

ထို့အပြင် မန်ဟိုက တောင်ကောင်းကင်မရဏဝင်္ကပါကို ထိန်းချုပ်နိုင်သည်။ ထိုအချက်အရ သူသည် ... တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ ဧကရာဇ်တန်နည်းတူ အနိုင်ယူ၍မရနိုင်အောင် အစွမ်းကြီးမားသည်ဟု ဆိုလိုသည်။

All Chapters