ယန်းကော်မြို့မှ မသေမျိုးပင်လယ်
Vol. 27 Ch. 392
အမှောင်လမြို့တောင်ပိုင်း၌-
ချော်ရည်ပြာစစ်တပ်သည် ဆိုတိုမြို့ကို ဖြတ်ကျော်ပြီး ယန်းကော်မြို့အနီးသို့ ရောက်ရှိလာသည်။
ရှေ့မှ တစ်ချိန်က ရှေးဟောင်း စစ်မြေပြင်တစ်ခု ဖြစ်ခဲ့သော တိတ်ဆိတ် ခြောက်ကပ်နေသည့် မြို့ကိုကြည့်ရင်း ချော်ရည်ပြာလော့ဒ် တိုင်တန်က မျက်မှောင်ကြုတ် လိုက်သည်။ “ဆိုတိုမြို့က သုံ့ပန်းတွေ ပြောတဲ့အတိုင်းဆိုရင် ဒီနေရာက မရဏ ချီစွမ်းအားနဲ့ တိုက်စားခံရပြီးတော့ ကျိန်စာသင့် နေရာအဖြစ် ပြောင်းသွားတာ မဟုတ်လား။”
တိုင်တန်ဘေး၌ အဓိက တပ်ရင်းဖြစ်သော အဇူရီဗိုလ်ခြေခေါင်းဆောင် နာဒါ ရှိနေသည်။ ထိုသူက သဘောမတူဘဲ ပြောသည်။ “အဲဒီ ကျိန်စာသင့်တယ်ဆိုတဲ့နေရာက မသေမျိုး သုံးလေးကောင်ရဲ့ ခြောက်လှန့်တာကို ခံနေရတာပါပဲ။ အဲဒါက ကျုပ်တို့ရဲ့ စစ်တပ်ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ။ ကျုပ်တို့ရဲ့စစ်တပ် လမ်းလျှောက် သွားရင်တောင် အဲဒီအရိုးခြောက်တွေကို အမှုန့်ခြေပစ်လို့ရတယ်။”
ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေခေါင်းဆောင် မယ်လိုကာကလည်း ပြောသည်။ “ဆာ-တိုင်တန်။ ယန်းကော်မြို့ကို ကျုပ်တို့ ရှောင်ချင်တယ်ဆိုရင် လျှောစောက်တောင်ပတ်လမ်း ကနေ လမ်းလျှောက်သွားဖို့ပဲ ရှိတယ်။ ပြီးရင် ကျုပ်တို့တွေ အဝေးကြီး သွားရမှာ။ လမ်းအခြေအနေနဲ့ နတ်ဆိုးသားရဲတွေကို တွေးကြည့်မယ်ဆိုရင် ဆုံးရှုံးမှုတွေ နည်းနည်းပါးပါးတော့ ရှိမှာ သေချာတယ်။ ပြီးတော့လည်း အမှောင်လကို ဝိုင်းတိုက်ဖို့ အတွက် လိပ်ပြာနီလော့ဒ်နဲ့ သဘောတူထားတဲ့ရက်ထက် နောက်ကျသွားနိုင်တယ်။”
ဘေးဖက်မှ မြို့တော်သံတမန် ဒိုင်ရာ့ခ်က အနည်းငယ် စိုးရိမ်နေ၏။ “ဆာ-တိုင်တန်။ ယန်းကော်မြို့ကို တိုက်ရိုက်ဖြတ်သွားတာက ပိုကောင်းမယ်လို့ ကျုပ်ထင်တယ်။ အမှောင်လကို ဒီတစ်ခေါက် ဝိုင်းတိုက်တာက မျက်နှာ ကြီးကြီးမားမား ရမှာ။ ဒါကို လော့ဒ် ဂျို့ရှ် တစ်ယောက်တည်းက လုယူသွားမယ်ဆိုရင် ချော်ရည်ပြာနယ်မြေက အရှက်ခွဲခံရမှာ မဟုတ်လား။”
မြို့တော်သံတမန်တစ်ယောက် ဖြစ်သည့်အလျောက် ဒိုင်ရာ့ခ်သည် စစ်တပ် အုပ်ချုပ်သူတစ်ယောက် ဖြစ်သည်။ ယခုတစ်ခေါက် အနိုင်ရရှိရန် သေချာသော စစ်ပွဲသည် သူ့အတွက် မျက်နှာရရန် အကောင်းဆုံး အခွင့်အရေးတစ်ရပ် ဖြစ်သည်။ ဒိုင်ရာ့ခ်သည် သံတမန်နေရာကို ခက်ခက်ခဲခဲနှင့် ရရှိထားခဲ့သည်။ ထို့ကြောင့် မျက်နှာမရ ဖြစ်မည်ကို သူ စိုးရိမ်နေ၏။
“ဂျို့ရှ်လား။ အဲဒီကောင်က တော်တော်လေး ဉာဏ်များတယ်။ သူက အမှောင်လကို လွယ်လွယ်နဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။” တိုင်တန်က ယုံကြည်ချက်ရှိရှိနှင့် ပြုံးလိုက်ပြီး ခေါင်းခါသည်။ တိုင်တန်ကဲ့သို့ပင် ဂျို့ရှ်သည် အင်အား ချန်ထားရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် သူသည် လက်ရွေးစင်စစ်သည်များကို အမှောင်လ၏ အဓိကအင်အားစုများနှင့် အသည်းအသန် တိုက်ခိုက်စေမည် မဟုတ်ပေ။ သူလုပ်ရန် လိုအပ်သည်မှာ အင်အား စုပေါင်းပြီး နှစ်ဖက်လုံးမှ တိုက်ခိုက်ရန်သာ ဖြစ်သည်။ မြို့တော်အထိ အမှောင်လက တောင့်ခံထားနိုင်သည့်တိုင် သူတို့၏ဆုံးရှုံးမှုများမှာ နည်းပါးပေလိမ့်မည်။
သို့သော်လည်း စစ်တပ် သေးငယ်ပါလျက်နှင့် ရှီရာက အရင်ဦးစွာ တိုက်ခိုက်လာမည်ကို တိုင်တန် မထင်မှတ်ထားခဲ့ပေ။ ဂျို့ရှ် ရှုံးနိမ့်သွားမည်ကိုလည်း သူ ထင်ထားခဲ့မည် မဟုတ်ပေ။
လက်ရှိတွင် ဂျို့ရှ်သည် အပြင်းအထန် ဒဏ်ရာရကာ သတိလစ်နေပြီး ခါနီတာက သူ့ကို ဂရုစိုက်ပေးနေသည်။ ခါနီတာက လိပ်ပြာနီနယ်မြေအတွက် ဆုံးဖြတ်ချက်များ အားလုံးကို ယာယီ ချမှတ်ပေးနေရသည်။
တိုင်တန် အလျင်မလိုနေကြောင်း ဒိုင်ရာ့ခ် မြင်သွားသည့်အခါ သူ၏အတွေးများ ပြောင်းလဲသွားခဲ့သည်။ “မသေမျိုးအကြောင်း ပြောရင်းနဲ့ ကျုပ်ရဲ့လက်အောက်ခံ ဆာလ်ဖာက မသေမျိုးမှော်ပညာ ကျွမ်းကျင်တာကို သတိရမိတယ်။ သူရဲ့အမြင်ကို ဆာ နားထောင်ချင်လောက်ပါတယ်။”
ဒိုင်ရာ့ခ်၏ တုံ့ပြန်မှုကို တိုင်တန် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြီး ပြောသည်။ “ဒီဆရာသခင် ဆာလ်ဖာရဲ့ ဂုဏ်သတင်းအကြောင်းကို ငါကြားဖူးတာ ကြာပြီ။ ငါလည်း ဒီလို စဉ်းစားထားပါတယ်။”
ဒိုင်ရာ့ခ်က ဆာလ်ဖာကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။ တိုင်တန်၏ မေးခွန်းကို ကြားသည့်အခါ ဆာလ်ဖာက အတော်လေး ယုံကြည်မှု ရှိနေပုံရသည်။ “ဆာ-လော့ဒ်။ ဒီမြို့ငယ်လေးက နဂိုက နာမည်ကျော် ရှေးဟောင်းစစ်မြေပြင် တစ်ခုပဲ။ ဒီမှာမြှုပ်နှံထားတဲ့ စွမ်းအားကြီး သူရဲကောင်းတွေ အများကြီး ရှိတယ်။ သူတို့အားလုံး မသေမျိုးအဖြစ် ပြောင်းသွားမယ်ဆိုရင် တော်တော်လေး ဖြေရှင်းရခက်ခဲမှာ သေချာတယ်။ ဒါပေမဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်စွမ်းအားက သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ တော်တော်လေး ကြီးမားခဲ့တယ်။ မသေမျိုးမှော်ပညာကို ကျွမ်းကျင်တဲ့ နတ်ဆိုး အရှင်သခင်အဆင့် မှော်ပညာရှင်တစ်ယောက်သာ ရှိမှပဲ ဒီလို အမှန်တကယ် စွမ်းအားကြီးတဲ့ သူရဲကောင်း ဝိညာဉ်တွေကို အသုံးချဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုမျိုး စွမ်းအားကြီးတဲ့ မသေမျိုး မှော်ပညာရှင်မျိုးက ကျုပ် သိရသလောက်ဆိုရင် နတ်ဆိုးဘုံ တစ်ခုလုံးမှာတောင် တစ်ယောက် မရှိဘူး။”
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ခန့် ဒဏ္ဍာရီလာ မသေမျိုး မှော်ပညာရှင် ပျောက်ဆုံးသွားပြီးကတည်းက အမှောင်မှော်ပညာ၏ အခွဲတစ်ခုဖြစ်သော မသေမျိုး မှော်ပညာသည် နောက်နှစ်ပိုင်းများ၌ ကျဆင်းသွားခဲ့သည်။ နတ်ဆိုးဘုံ၏ လက်ရှိ အခြေအနေကိုကြည့်ရလျှင် ဆာလ်ဖာမှလွဲ၍ မသေမျိုးမှော်ပညာ၌ ကျွမ်းကျင်သော နတ်ဆိုးအရှင်သခင်အဆင့်နှင့် နတ်ဆိုးဧကရာဇ်အဆင့် မှော်ပညာရှင်တစ်ယောက်ကို တိုင်တန် တစ်ခါမျှ မကြားဖူးပေ။
အမှောင်လနယ်မြေ၌ ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်မျိုး ရှိနေမည်လား။ ၎င်းကို မစဉ်းစားဘဲနှင့်ပင် ဖြေနိုင်ပေသည်။
“မင်း သေချာလား။” နာဒါက မေးလိုက်ပြန်သည်။
“ဆာ-နာဒါက တိုက်ပွဲအများကြီးမှာ အတွေ့အကြုံရှိပြီးတော့ နာမည် ကျော်ကြားတယ်။ ကျုပ်က တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီးတော့ ဆာ့လောက် တော်ချင်မှ တော်မယ်။ ဒါပေမဲ့ မသေမျိုး မှော်ပညာရှင်နဲ့ ပတ်သက်ရင်တော့ ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံးမှာ ကျုပ်ထက်ပိုပြီးတော့ သုတေသနလုပ်တဲ့သူကို ရှာတွေ့မှာ မဟုတ်ဘူး။” ထိုအချိန်၌ ဆာလ်ဖာက ပြင်းထန်သော ယုံကြည်ချက်ကို ပြသခဲ့သည်။ ထိုအပိုင်း၌ သူသည် အတော်လေး ကြိုးကြိုးစားစား အားထုတ်ထားခဲ့သည်။
တိုင်တန် ခေါင်းညိတ်လိုက်သည်။ “ဒါက တော်တော်လေး အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ။ ကြည့်ရတာ ဒီတစ်ခေါက် အမှောင်လကို တိုက်ခိုက်တဲ့နေရာမှာ ဆာ-ဒိုင်ရာ့ခ်နဲ့ ဆရာသခင် ဆာလ်ဖာတို့ရဲ့ အကျိုးပြုမှုက ကြီးကျယ်ခမ်းနားမှာ သေချာလောက်တယ်။”
အမှန်တကယ်၌ မယ်လော်ကာ ပြောသည်ကို ကြားပြီးသည့်အခါ ယန်းကော်မြို့ကို ဖြတ်သွားရန် တိုင်တန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူ ဟန်ဆောင်နေသည်မှာ ဒိုင်ရာ့ခ်ကို မျက်နှာပိုပေးရန် ဖြစ်သည်။ ဒိုင်ရာ့ခ်သည် တော်ဝင်မိသားစုဝင် ဖြစ်သည်။ ယခုတစ်ခေါက် သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရသည်ကိုကြည့်လျှင် သူ၏အနာဂတ်မှာ သေချာပေါက် တောက်ပမည် ဖြစ်သည်။ တိုင်တန်တွင် အနာဂတ်၌ မြို့တော်မှ အပိုအထောက်အပံ့ ရှိလာမည်ဖြစ်သည့်အတွက် ဒိုင်ရာ့ခ်ကို မျက်နှာပေးခြင်းသည် ပိုမိုကောင်းမွန်ပေသည်။
“ကျေးဇူးပါပဲ။ ဆာ-လော့ဒ်။” ဒိုင်ရာ့ခ် အလွန်ပျော်သွားခဲ့သည်။ သူသည် တမင်ကို သူ၏စွမ်းရည်ကို ပြသပြီး ဝေဖန်ပိုင်းခြားလိုက်သည်။ “ယန်းကော်မြို့မှာ အဆင့်နိမ့် မသေမျိုးတွေပဲ ရှိတယ်ဆိုရင် အမှောင်လက ဒါကို ကျိန်စာသင့်နယ်မြေသို့ သတ်မှတ် ရတာလဲ။ သူတို့က ဒေသခံတွေ အားလုံးကိုတောင် ဆိုတိုမြို့ဆီကို ပြောင်းရွှေ့ခဲ့တယ်။ ဒီထဲမှာ လျို့ဝှက်ချက်တစ်ခုခု ရှိနေမယ်လို့ ထင်တယ်။”
ထိုစကားသည် တိုင်တန်ကို အမှန်တကယ်ပင် သတိထားမိစေခဲ့သည်။ အမှောင်လ၏ လက်တလော စီးပွားရေး တိုးတက်မှုများကို စဉ်းစားကြည့်လိုက်သည့်အခါ သူ၏စိတ် လှုပ်ရှားသွားခဲ့သည်။
မယ်လော်ကာလည်း တုံ့ပြန်လိုက်သည်။ “အဲဒါက အခြေစိုက်စခန်း တစ်ခုခုလား။ ဒါမှမဟုတ် အမှောင်လအတွက် ကြွယ်ဝမှုတွေကို ဝှက်ထားတဲ့ နေရာတစ်ခုများလား။”
“ငါ့အမိန့်ကို ပြန်ကြားလိုက်။ ယန်းကော်မြို့ကို တစ်ခါတည်း ဖြတ်သွားမယ်။ တစ်ခုခု တွေ့မယ်ဆိုရင် မယ်လော်ကာ .... မင်း တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး နေခဲ့။” တိုင်တန်က ဒိုင်ရာ့ခ်ကို ဖျပ်ခနဲကြည့်ပြီး ပြုံးလိုက်သည်။ “ဆာ-ဒိုင်ရာ့ခ်ကတော့ မရှိမဖြစ် လိုအပ်တာ အသေအချာပဲ။”
ဒိုင်ရာ့ခ် အလွန်ပျော်ရွှင်သွား၏။ သူက တိုင်တန်ကို အလျင်အမြန် ကျေးဇူးတင်ပြီး မိမိ၏ ဉာဏ်ပညာအတွက် ဂုဏ်ယူမိသွားသည်။
ထိုသို့ပင် ချော်ရည်ပြာစစ်တပ်သည် ယန်းကော်မြို့သို့ တန်းတန်းမတ်မတ် ချီတက်လာခဲ့သည်။
ယန်းကော်မြို့နယ်မြေသို့ ချဉ်းကပ်လာစဉ် အပူချိန် နိမ့်ကျသွားခဲ့သည်။ အနီးအနား ပတ်ဝန်းကျင်သည် ကြက်သီးထစရာကောင်းပြီး အေးစက်မှုများဖြင့် ပြည့်နှက်သွားသည်။ စစ်သည်များကလည်း အနည်းငယ် သတိထားလာကြပြီး တိုင်တန်၏ အမိန့်အောက်တွင် သတိဖြင့် ရှေ့ဆက်သွားလာကြသည်။
ယန်းကော်မြို့သည် မူလက မြောက်မြားလှစွာသော သူရဲကောင်းများကို မြှုပ်နှံထားသည့် ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်သည့်အလျောက် အဆင့်နိမ့် မသေမျိုးများအကြောင်း ကောလာဟလများ ရှိသည်။ တိုင်တန်သည် ၎င်းတို့ကို စိတ်ထဲ မထားပေ။ သို့သော် သူသည် အမှောင်လနယ်မြေက ကျိန်စာသင့်နယ်မြေအဖြစ် သတ်မှတ်ထားသော ထိုမြေ၌ “ကွယ်ဝှက်”ထားသော အရာများကို အလွန်ပင် စိတ်ဝင်စားနေ၏။
ချော်ရည်ပြာစစ်တပ်က ယန်းကော်မြို့၏ ရှေးဟောင်းစစ်မြေပြင်ကို ဖြတ်သန်းရန် ပြင်လိုက်စဉ် မီးခိုးရောင်မြူ အများအပြား ရုတ်တရက် ပေါ်ထွက်လာသည်။ အောက်မှ လမ်းသည်လည်း လုံးဝပျက်ယွင်းသွားသကဲ့သို့ ဖြစ်သွားပြီး ရှေ့ဆက်လမ်းကို မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။
“ဘာဖြစ်တာလဲ။” တိုင်တန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ သူတို့ စီးနင်းနေသော မှော်မြင်းများသည်ပင် မသက်မသာ ခံစားလာရပြီး အကြောက်တရား ပြည့်နှက်နေပုံရသည်။
“ဧကန္တ...ဒါက ငရဲမြူများလား။” ဆာလ်ဖာ အံ့အားသင့်သွားသည်။ “ဒါက မသေမျိုးတွေကို ပိုပြီးအစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့...ဒါက အဆင့်မြင့် မသေမျိုး မှော်ပညာတစ်ခုပဲ။ ဒါပျောက်ကွယ်သွားတာ နှစ်တစ်ထောင်ကျော်ပြီ။”
ထိုအချိန်၌ သံတော်ဆင့်က အလျင်အမြန် သတင်းပို့လာသည်။ “ဆာ-လော့ဒ်။ အရှေ့မှာ မသေမျိုးတွေ အများကြီး ရှိနေတယ်။”
သူ သတင်းပို့ပြီးသည်နှင့် ရှေ့မှမြူထဲရှိ စစ်သည်များ၏အော်သံများကို ရေးရေးလေး ကြားလိုက်ရသည်။ ထို့ပြင် နောက်ဘက်တွင်လည်း မြူအများအပြား ရှိနေကြောင်း သတင်းပို့လာကြသည်။ ထွက်ပြေးရန် နည်းလမ်း မရှိတော့ပေ။
တိုင်တန် ထိတ်လန့်သွား၏။ သူက နတ်ဆိုးမြင်းကို အလျင်အမြန် ရပ်တန့်ပြီး အော်ပြောသည်။ “စစ်တပ်ကို ချက်ချင်းရပ်ဖို့ အမိန့်ပေးလိုက်။ တိုက်ခိုက်ဖို့ ပြင်ကြ။”
တိုင်တန်က မယ်လော်ကာနှင့် အခြားသူများများကို ရှေ့တန်းသို့ အလျင်အမြန် ဦးဆောင်ခဲ့သည့်အခါ မြူထဲ၌ မထင်မရှား ပုံရိပ်မြောက်များလှစွာကို မြင်လိုက်ရသည်။ အမြင်အာရုံစိုက်ရန် ခက်ခဲနေသော်လည်း သူတို့သည် အရိုးခြောက်များ ဖြစ်သည်ကိုသာ မြင်နေရဟန်တူသည်။ အရေအတွက်ကိုမူ မသိရပေ။ သူတို့အထဲ၌ ပိုမိုအဆင့်မြင့်သော မသေမျိုးတစ်ကောင် ရှိနေနိုင်ပေသည်။
ဒါက မသေမျိုး သုံးလေးကောင်လား။ ဒါက စစ်တပ်ကြီးတ်စခုပဲ။ ထိုသို့ ခုနက ပြောခဲ့သော နာဒါက ချွေးပျံမိသွားသည်။
၎င်းတို့သည် အဆင့်အနိမ့်ဆုံး အရိုးခြောက်များသာ ဖြစ်သော်လည်း ငရဲမြူနှင့် ဆက်နွှယ်နေ၍ ဖြစ်နိုင်သည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားတို့မှာ တိုင်တန် ထင်ထားသည်ထက် ပိုမိုသာလွန်နေသည်။ ထို့ပြင် မသေမျိုးများသည် နာကျင်မှု မခံစားရပေ။ စစ်သည်တစ်ဦးက အရိုးခြောက်တစ်ကောင်ကို နှစ်ပိုင်းပိုင်းလိုက်သည့်တိုင် တစ်ဖက်လူ၏ခြေထောက်ကို ခုတ်ပိုင်းနေဆဲပင် ဖြစ်သည်။
ကြောက်မက်ဖွယ်ရာရန်သူနှင့် ရင်ဆိုင်ရသည့်အခါ စစ်တပ်၏ စိတ်ဓာတ်ရေးရာ ကြီးကြီးမားမား ထိခိုက်သွား၏။ တိုင်တန်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး လက်ရွေးစင် ရေခဲပြာမှော်ပညာရှင်ဗိုလ်ခြေကို စေလွှတ်ခဲ့သည်။ မှော်ပညာရှင် ဗိုလ်ခြေသည် ချော်ရည်ပြာနယ်မြေ၏ အစွမ်းအထက်ဆုံး “အထူးအင်အားစု” ဖြစ်သည်။ ယေဘုယျအားဖြင့် နယ်မြေတစ်ခု၌ လူ၁၀၀ခန့်ရှိသော မှော်ပညာရှင်အဖွဲ့ရှိလျှင် ကောင်းမွန်နေပြီဟု ယူဆ၍ရသည်။ တိုင်တန်သည် မှော်ပညာရှင် ၆၀၀ ရှိသော အဖွဲ့တစ်ခု တည်ဆောက်ရန်အတွက် ငွေကြေးအများအပြား သုံးစွဲရန် တုံ့ဆိုင်းမနေခဲ့ပေ။ ၎င်းတွင် တရားဝင် ဗိုလ်ခြေဂုဏ်ပုဒ်တစ်ခုရှိပြီး ရေခဲပြာ မှော်ပညာရှင်ဗိုလ်ခြေဟု ခေါ်၏။
မှော်ပညာရှင်ဗိုလ်ခြေအတွင်း၌ အများစုမှာ အလယ်ဆင့်နတ်ဆိုးများ ဖြစ်ကြပြီး လက်တစ်ဆုပ်စာသာ အမြင့်ဆင့်နတ်ဆိုးများ ဖြစ်ကြသည်။ ဗိုလ်ခြေခေါင်းဆောင်မှာ တူလမ်အမည်ရှိ အမြင့်ဆင့်နတ်ဆိုး မီးမှော်ပညာရှင် ဖြစ်သည်။ ထိုမှော် ပညာရှင်များ၏ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းအားများမှာ အစွမ်းမထက်လှသော်လည်း အထူးသဖြင့် စစ်မြေပြင်၌ အတူတကွ ထုတ်လွှတ်သောစွမ်းအားသည် လုံးဝကို မယုံနိုင်စရာ ကောင်းလှပေသည်။
တူလမ် အမိန့်ပေးလိုက်ရာ မသေမျိုးများထံသို့ လေဓားသွားများ၊ ရေခဲချွန်များ၊ မီးစက်လုံးများ ပျံသန်းသွားကြသည်။ ထိုကဲ့သို့ ပြင်အားများသည့် မှော်တိုက်ခိုက်မှုမှာ လက်နက်များထက် ပိုမိုစွမ်းအားကြီးကြသည်။ ထိသွားသည်နှင့် မသေမျိုး အများအပြား အသက်ပျောက်သွားကြသည်။
တူလမ်က အလျင်အမြန်ပင် ကျိန်စာတစ်ခုကို မန်းမှုတ်လိုက်သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ မီးတောက်များ လောင်ကျွမ်းနေသော ဥက္ကာပျံကြီးတစ်ခု လေထဲမှ ကျလာသည်။ ထိုဥက္ကာပျံကြီးသည် ကြီးမားလှပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ဆယ်မီတာပတ်လည်အတွင်း လောင်ကျွမ်းပျက်စီးနေသော အရိုးခြောက်များနှင့် ဖရိုဖရဲ ဖြစ်နေတော့သည်။
သို့ရာတွင် အရိုးခြောက်များ၌ အကြောက်တရား လုံးဝမရှိပေ။ အများစုမှာ ရှေ့သို့ ချီတက်နေဆဲဖြစ်ပြီး စစ်သည်များ၏နှလုံးသားတို့ကို တုန်လှုပ်သွားစေသည်။
ရေခဲပြာမှော်ပညာရှင် ဗိုလ်ခြေက အရိုးခြောက်များ၏ တိုက်ခိုက်မှုကို ခုခံပြီး ချေမှုန်းရန် ပြင်လိုက်စဉ် မြူထဲမှ ထူးဆန်းသော မှော်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်ချက်ချင်းပင် အရောင်စုံသော ရောင်ခြည်တန်းများ တလက်လက် ဖြစ်နေတော့သည်။ ထိုတိုက်ခိုက်မှု ဧရိယာသည် ရေခဲပြာမှော်ပညာရှင် ဗိုလ်ခြေထက် ပို၍ကျယ်ပြန့်လေသည်။
အရှေ့မှ ချော်ရည်ပြာစစ်တပ် သတိလက်လွတ် ဖြစ်သွားခဲ့သည်။ အလင်းတန်း ဖြတ်သွားသောနေရာတိုင်း အသွေးအသားတို့ လွင့်ပျံကုန်သည်။ အဆက်မပြတ် အော်သံများ ထွက်ပေါ်လာပြီး စစ်သည် အများအပြားလည်း ဒဏ်ရာရကုန်ကြသည်။
“မှော်လှိုင်းတွေ အများကြီးပါလား။ ဧကန္တ... ရန်သူမှာလည်း မှော်ပညာရှင်ဗိုလ်ခြေ ရှိနေတာလား။” တိုင်တန် အံ့အားသင့်သွားပြီး ဂရုမစိုက်နိုင်တော့ပေ။ သူက ဆာလ်ဖာကို အော်ပြောလိုက်သည်။ “ဒီငရဲမြူတွေကို ဖယ်ရှားဖို့ ဘယ်လောက်ကြာမှာလဲ။”
“နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်လောက် ကြာဦးမယ်။” ဆာလ်ဖာသည် မြေပြင်ပေါ်၌ ထူးဆန်းသော မှော်စက်ဝိုင်းတစ်မျိုးကို ထူးဆန်းသော “ဆေး”တစ်မျိုးဖြင့် ရေးဆွဲနေခြင်း ဖြစ်သည်။ ၎င်းသည် အလွန်ပင် အကုန်အကျများလှသည်။ သို့သော်လည်း ယခုတွင် အခြေအနေမှာ အရေးကြီးနေပြီ ဖြစ်သည်။ ခုနက ပြဿနာမရှိနိုင်ကြောင်း သူကိုယ်တိုင် အာမခံထားသည့်အတွက် ထိုအချိန်၌ သူ ဂရုမစိုက်နေနိုင်တော့ပေ။
“ရှေ့တန်း နောက်ဆုတ်။ ဒိုင်းကာတွေ ထောင်ထားပြီးတော့ ရန်သူကို လေးတွေနဲ့ ပြန်တိုက်ခိုက်ကြ။” နာဒါက စစ်သည်များကို ခုခံရန် အမိန့်ပေးလိုက်သည်။ တူလမ်ကလည်း မှော်ပညာရှင်ဗိုလ်ခြေကို အပိုဆောင်း တိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးနေခဲ့သည်။ သို့သော် လေးများသည် ထိရောက်မှု မရှိလှပေ။ မှော်ပညာရှင် ဗိုလ်ခြေမှာလည်း အကန့်အသတ်ရှိသည်။ သူတို့သည် အရေးကြီးသော အခိုက်အတန့်များ၌ အရေးပါနိုင်သော်လည်း ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး နှိမ်နင်းနိုင်သည့် အဓိက အင်အားစု မဟုတ်ပေ။
မကြာမီတွင် မှော်ပညာရှင်များ မှော်စွမ်းအား ကုန်ဆုံးသွားကြပြီး စိတ်ဝိညာဉ် စွမ်းအား ဖြည့်တင်းရန် ဆေးရည်များကို အသုံးပြုရတော့သည်။ ရှေ့တန်း၌ စစ်သည် အများအပြားကလည်း စတင်တိုက်ခိုက်တော့သည်။ ချော်ရည်ပြာစစ်တပ်ဘက်မှ အသေအပျောက် အလျင်အမြန် တိုးပွားလာသည်။ မသေမျိုးများမှာ နဂိုကလည်းက သေနှင့်နေပြီး ဖြစ်သည်။ ကြောက်စရာမှာ မြူထဲရှိ အရိုးခြောက်များသည် အဆုံးမရှိနိုင် သလိုမျိုး ဖြစ်နေခြင်းပင်။ ၎င်းသည် တစ်ခါတစ်ရံတွင် ကြီးမားလှသော မှော်အလင်းများနှင့် ရောနှောနေပေသည်။
ဆာလ်ဖာရေးဆွဲခဲ့သော မှော်စက်ဝိုင်းသည် နောက်ဆုံး၌ အသုံးဝင်လာခဲ့သည်။ ငရဲမြူများ တဖြည်းဖြည်း ပါးသွားသော်လည်း ကြည်လင်ပြတ်သားသော မြင်ကွင်းက ချော်ရည်ပြာစစ်တပ်၏ အကြောက်တရားကို ပိုတိုးသွားစေခဲ့သည်။
မသေမျိုးတွေ။
အဆုံးမရှိတဲ့ မသေမျိုးပင်လယ်။
ချော်ရည်ပြာနယ်မြေသည် အမှောင်လ တောင်ပိုင်း၌ တည်ရှိသည်။ ၎င်းသည် လိပ်ပြာနီကဲ့သို့ အရိပ်နက်အင်ပါယာနှင့် ကပ်လျက် ရှိမနေပေ။ အနီးအနားရှိ ကြယ်ကြွေတမန် အင်ပါယာထဲရှိ နယ်မြေငယ်လေးအချို့သာ ရှိသည်။ တောင်ပိုင်း တစ်လျှောက်လုံးတွင် ပင်လယ်သေရှိသည်။ ထို့ကြောင့် အနောက်ဘက်မှ တိုက်ခိုက်လာမည်ကို စိုးရိမ်စရာ မလိုအပ်ပေ။ ထို့ကြောင့် သူတို့၏စုစုပေါင် အင်အားမှာ လိပ်ပြာနီနယ်မြေထက် နိမ့်ပါးသည့်တိုင် ယခုတစ်ခေါက်တွင် ချော်ရည်ပြာနယ်မြေက စစ်သည် တစ်သိန်းခန့်ကို ယူဆောင်လာခဲ့ပြီး လိပ်ပြာနီထက် တစ်သောင်းခန့်ပိုများ၏။ အဓိကတပ်ရင်း “အဇူရီ”နှင့် လက်ရွေးစင်ဗိုလ်ခြေ “ခေါင်းနှစ်လုံးနဂါး” တို့အားလုံးကို ခေါ်ထုတ်လာခဲ့ပြီး လက်ကျန်တပ်သား အနည်းငယ်ကိုသာ ချန်ရစ်ခဲ့သည်။ ၎င်းမှာ မြို့တော်အား သူတို့၏ အကျိုးပြုမှုကို ပြသရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက သေချာပေါက်နိုင်မယ့် တိုက်ပွဲပဲ။ အမှောင်လကို ဒီလိုမျိုး များပြားလှတဲ့ အင်အားနဲ့တင် သတ်ပစ်လို့ရတယ်။
သို့သော်လည်း ထိုကဲ့သို့ မသေမျိုးပင်လယ်ထဲ၌ တိုင်တန် အားကိုးထားခဲ့သော စစ်တပ် အရေအတွက် အသာစီးရရှိမှုသည် လုံးဝအားနည်းချက် ဖြစ်နေသည်။ အမြင်ဖြင့် ကြည့်ရလျှင် မသေမျိုးအုပ်စုမှာ ၆သိန်းမှ ၇သိန်းအထိ ရှိနိုင်ပေသည်။ သူတို့သည် ချော်ရည်ပြာစစ်တပ်ကို ဝိုင်းရံထားလိုက်ကြသည်။ ရှေးဟောင်းစစ်မြေပြင်၌ မြှုပ်ထားသော သူရဲကောင်းအားလုံး ပြန်ရှင်လာသကဲ့သို့ပင် ဖြစ်နေသည်။
ချော်ရည်ပြာနယ်မြေမှ ရေခဲပြာမှော်ပညာရှင်ဗိုလ်ခြေကလည်း အရိုးခြောက် ထောင်ချီ မှော်အစွမ်းကို အသုံးပြုခဲ့သော ရန်သူများ၏ မျက်နှာအမှန်ကို မြင်လိုက်ရသည်။
အရိုးခြောက်.....မှော်ပညာရှင်လား။
အဆင့်အနိမ့်ဆုံး မသေမျိုးအရိုးခြောက်က တကယ်ကြီး မှော်အစွမ်း သုံးနိုင်တာလား။
ဒါက လုံးဝကို မကြားဖူးတာပဲ။
သို့သော်လည်း ထိုအရိုးခြောက် မှော်ပညာရှင်၏ မှော်အစွမ်းအား တကယ့် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲ၍ မရနိုင်ပေ။ ဒြပ်စင်တိုက်ခိုက်မှု တစ်ခုတည်းကိုသာ အသုံးပြု၍ရသည်။ တစ်ခေါက်သုံးပြီးလျှင် နောက်ထပ်အသုံးပြုရန် အချိန်ခဏ စောင့်ဆိုင်းရန် လိုအပ်သည်။
ချော်ရည်ပြာစစ်တပ် ထိတ်လန့်သွားရသည်မှာ အရိုးခြောက်မှော်ပညာရှင်များ ကြောင့်သာမက နတ်ဆိုးသားရဲ စီးနင်းထားသော အရိုးခြောက်စစ်သည်များကြောင့်လည်း ဖြစ်သည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာ ယခင်အမြောက်စာ အရိုးခြောက်များထက် သာလွန်သည်မှာ သိသာလှပေသည်။
အရိုးခြောက်စစ်တပ်မှာ ဘယ်တုန်းက ယန္တရားတပ်ဖွဲ့ ရှိသွားရတာလဲ။
ယန္တရားတပ်ဖွဲ့အရှေ့၌ အနက်ရောင်မြင်းများစီးနးင်းထားသော မြင်းစီးစစ်သည် ဒါဇင်ခန့်ရှိပြီး ချပ်ကာအနက်များ ဝတ်ဆင်ထားကြသည်။ ၎င်းတို့မှာ မသေမျိုးတို့၏ အမြင့်ဆုံးအဆင့်ဖြစ်သော အထိတ်တလန့် မြင်းစီးစစ်သည်များပင် ဖြစ်လေသည်။
မသေမျိုး မှော်ပညာ၌ အောင်မြင်မှု အမြင့်ဆုံးရရှိထားသော မသေမျိုး မှော်ပညာနှင့် ရင်ဆိုင်ရသည့်အခါ ဆာလ်ဖာ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ သူသည် ကြောက်လန့်နေသလို စိတ်လည်းလှုပ်ရှားနေ၏။ သို့သော် ချော်ရည်ပြာ စစ်သည်များ၌ ကြောက်ရွံ့စိတ်များသာ ရှိနေကြသည်မှာ သေချာသည်။
ထိုကဲ့သို့ ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု တိုင်တန် လုံးဝ မထင်မှတ်ထားခဲ့ပေ။ ယခုတွင် နောင်တရရန် နောက်ကျသွားလေပြီ။ သူက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ကျုပ်က ချော်ရည်ပြာလော့ဒ် တိုင်တန်ပါ။ ဒီ မသေမျိုးစစ်တပ်ကို ထိန်းချုပ်တဲ့ စွမ်းအားကြီး မှော်ပညာရှင်ကို သိလို့ရမလား။”
“ဟီးဟီးဟီး.....” စစ်မြေပြင်တစ်လျှောက် ကြက်သီးထစရာ ရယ်သံတစ်သံ ပျံ့နှံ့သွားပြီး အထိတ်တလန့် မြင်းစီးစစ်သည်များအရှေ့၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုသူသည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး မျက်နှာအစစ်အမှန်ကို မမြင်နိုင်ပေ။ ထိုသူထံမှ ကြက်သီးထစရာ ခံစားချက်တစ်ခုကို ထုတ်လွှတ်ပေးနေ၏။
“ဆာ-မသေမျိုးမှော်ပညာရှင်။ ခင်ဗျားရဲ့ မှော်စွမ်းအားက ကျုပ် တစ်ခါမှ မမြင်ဖူးတာတွေပဲ။” တိုင်တန် ချီးမွမ်းလိုက်သည်။ “ဒီနေ့ ကျုပ်တို့စစ်တပ်က ဆာ့ကို ရန်စဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ အလျင်လိုနေလို့ ဒီနေရာကို ဖြတ်သွားမှရမှာလို့ပါ။ ကျုပ်တို့ကို ခွင့်ပြုပေးပါ။ ဆာ။ ဆုလာဒ်အနေနဲ့ ဆာ့ကို ကျေနပ်လောက်စရာ လက်ဆောင် တစ်ခု ပေးမှာပါ။ ပိုက်ဆံ၊ မှော်ကုန်ကြမ်း၊ မှော်ပစ္စည်း ....... ဆာ ကြိုက်တာကို ရွေးလို့ ရပါတယ်။”
မသေမျိုး မှော်ပညာရှင်၏ ကြက်သီးထစရာ အသံ ထွက်ပေါ်လာ၏။ “ငါ တစ်ခုပဲ လိုတယ်။ အဲဒါက မင်းတို့ရဲ့ ခန္ဓာကိုယ်ပဲ။ ကျွတ် ကျွတ် ကျွတ်။ ဒီလိုမျိုး လက်ဆတ်တဲ့ ခန္ဓာကိုယ်တွေ အများကြီးရှိတယ်ဆိုတော့ ဖုတ်ကောင်ဗိုလ်ခြေ ဖွဲ့စည်းဖို့အတွက် အဆင်ပြေပြီ။ ပြီးတော့ အဲဒီမှော်ပညာရှင်တွေ ရှိတယ်ဆိုတော့ကာ ငါ့ရဲ့ အရိုးခြောက် မှော်ပညာရှင်ဗိုလ်ခြေကိုလည်း ဖြန့်ကျက်လို့ရပြီ။”
တစ်ဖက်လူက ထိုသို့စကားပြောလာသည့်အတွက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ တိုင်တန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ ဒီနေ့ တိုက်ပွဲကို ရှောင်လို့ မရတော့ဘူးထင်တယ်။ နှစ်ဖက်စလုံးက စစ်တပ်အင်အားနဲ့ မသေမျိုးတွေရဲ့ ဝိသေသလက္ခဏာကို ယှဉ်ကြည့်မယ်ဆိုရင် ငါ့ရဲ့စစ်တပ်က ချေမှုန်းခံရနိုင်ချေရှိတယ်။ တစ်ခုတည်းသော အခွင့်အရေးက ခေါင်းဆောင်ကို ခေါင်းဖြတ်ဖို့ပဲ။ စစ်တပ်ကို ထိန်းချုပ်ထားတဲ့ မသေမျိုး မှော်ပညာရှင်ကိုသာ သုတ်သင်နိုင်မယ်ဆိုရင် စစ်တပ်လည်း သေချာပေါက် ပြိုလဲသွားမှာပဲ။
တိုင်တန်ကို စဉ်းစားချိန်မပေးဘဲ ပြိုင်ဘက်ဖြစ်သူက စတင်တိုက်ခိုက်လာသည်။ အရိုးခြောက် စစ်တပ်က ချော်ရည်ပြာစစ်တပ်ကို အဘက်ဘက်မှ တိုက်ခိုက်တော့သည်။ ချော်ရည်ပြာစစ်တပ်လည်း မယ်လော်ကာနှင့် နာဒါတို့၏ အမိန့်အောက်တွင် ခုခံရေး စက်ဝိုင်းတစ်ခု ဖွဲ့စည်းလိုက်ကြသည်။ လှိုင်းကဲ့သို့ လှိမ့်တက်လာသော မသေမျိုး ပင်လယ်နှင့် ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ်ကျနေသော ချော်ရည်ပြာစစ်တပ်၏ အသေအပျောက်မှာ တဟုန်ထိုး ကြီးထွားလာခဲ့သည်။ ခုခံမှုစက်ဝိုင်းလည်း တဖြည်းဖြည်း ကျုံ့လာတော့သည်။
ထိုအချိန်၌ မှော်ပညာရှင်ဗိုလ်ခြေက အစွမ်းအထက်ဆုံး မှော်တိုက်ခိုက်မှုကို စတင် ဆောင်ရွက်ပြီး မသေမျိုးမှော်ပညာရှင်ရှိရာသို့ ပစ်လွှတ်သည်။ တစ်ချိန်တည်းမှာပင် ချော်ရည်ပြာစစ်တပ်မှ ပုံရိပ်သုံးလေးခု ထွက်ပေါ်လာ၏။ သူတို့သည် အလွန် အစွမ်းထက်ပြီး နတ်ဆိုးဘုရင်အဆင့်နှင့် မဟာနတ်ဆိုးဘုရင်အဆင့်ထိပင် ရှိကြသည်။ သူတို့၏ပစ်မှတ်မှာ စစ်တပ်ကို ထိန်းချုပ်သော မသေမျိုး မှော်ပညာရှင်ကို ဖြစ်သည်။
အရိုးခြောက်များက အလျင်အမြန် တုံ့ပြန်ကြသည်။ ထိုပုံရိပ်များက အရိုးခြောက် ပင်လယ်ထဲ၌ တဖြည်းဖြည်း နစ်မြုပ်သွားကြသည်။ အချို့မှာ အော်ဟစ်ရန်ပင် အချိန်မရခဲ့ပေ။ မသေမျိုးမှော်ပညာရှင်က ရုတ်တရက် ခေါင်းမော့လိုက်ရာ လေထဲ၌ မယ်လော်ကာကို မြင်လိုက်ရသည်။ မယ်လော်ကာသည် မဟာဓားကို ကိုင်ဆောင်ထားပြီး ချက်ချင်းပင် ခေါင်းကို ပိုင်းဖြတ်လိုက်သည်။
ယခင်တိုက်ခိုက်မှုများနှင့် ပုံရိပ်များမှာ အာရုံပြောင်းစေရန်အတွက်သာ ဖြစ်သည်။ တိုင်တန်လက်အောက်ရှိ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားမှာ နတ်ဆိုး ဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သော မယ်လော်ကာ ဖြစ်သည်။ သူသည် စစ်မှန်သော သတ်ဖြတ်ခြင်းတိုက်ကွက် ဖြစ်ပေသည်။
မယ်လော်ကာက ထိုတိုက်ခိုက်မှု၌ စွမ်းအားအကုန် အသုံးပြုခဲ့သည်။ မြေပြင်ပေါ်၌ ကြီးမားပြီး နက်ရှိုင်းသော ချိုင့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အနီးအနားရှိ အထိတ်တလန့် မြင်းစီးစစ်သည်များအားလုံးလည်း သူ၏စွမ်းအားကြီး ခုတ်ပိုင်းမှုအောက်၌ မတည်ငြိမ်နိုင်တော့ဘဲ ပြောင်းပြန်လှန်သွားခဲ့သည်။ မသေမျိုး မှော်ပညာရှင် သတိလက်လွတ် ဖြစ်သွား၏။ သူက ဓားဖြင့် ခုတ်ပိုင်းခြင်း ခံလိုက်ရပြီး တစ်ကိုယ်လုံး ရုတ်တရက် ပြုတ်ထွက်သွားတော့သည်။
သူ့ကို မိပြီ။ တိုင်တန် အလွန်ပျော်သွားခဲ့သည်။ သို့သော်လည်း သူ၏မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းပင် အေးခဲသွားခဲ့သည်။ မယ်လော်ကာသည် မသေမျိုး မှော်ပညာရှင်၏ ပြုတ်ထွက်သွားသော ခန္ဓာကိုယ်မှ ထွက်လာသည့် အငွေ့မည်းဖြင့် ရစ်ပတ်ခံလိုက်ရသည်ကို သူမြင်လိုက်ရသည်။ မယ်လော်ကာ အော်ဟစ်လိုက်ပြီး မြေပေါ်သို့ လဲကျသွားသည်။ ခဏအကြာ သူ၏အသံ တဖြည်းဖြည်း အားနည်းသွား၏။ ထို့နောက် မျက်လုံး၌ အလင်းရောင်ဖျော့ဖျော့ တောက်နေပြီး ရုပ်သေးသဖွယ် ထူးထူးဆန်းဆန်း မတ်တပ်ရပ်လာသည်။
“သိပ်ကောင်းတယ်။ နတ်ဆိုးဧကရာဇ်အဆင့် ကုန်ကြမ်းတစ်ခုပဲ။ ငါ့မှာ နောက်ထပ် အစွမ်းထက်တဲ့ အထိတ်တလန့် မြင်းစီးစစ်သည်တစ်ယောက် ရှိလာပြီ။” မသေမျိုး မှော်ပညာရှင်၏ ကြက်သီးထစရာအသံသည် “မယ်လော်ကာ”၏ လည်ချောင်းထဲမှ ထွက်ပေါ်လာ၏။
တိုင်တန်၊ နာဒါနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။ ဒီမသေမျိုး မှော်ပညာရှင်က နတ်ဆိုးဧကရာဇ်အဆင့် မယ်လော်ကာကို အနီးကပ်တိုက်ခိုက်ပြီး တကယ်ကြီး သတ်ပစ်ခဲ့တယ်။ သူ့မှာ မသေနိုင်တဲ့ခန္ဓာကိုယ် ရှိတာလား။ ဒါဆိုရင် သူ့မှာ ဘာအားနည်းချက်မှ မရှိဘူးပေါ့။
မသေမျိုး မှော်ပညာရှင်က ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။ “ဒါနဲ့ အဲဒီလော့ဒ်က နတ်ဆိုးဧကရာဇ်အဆင့်တစ်ယောက်ဖြစ်မယ်။ သိပ်ကောင်းတယ်......”
တိုင်တန် သိမ့်သိမ့်တုန်သွားပြီး သူ၏နှလုံးသားထဲ၌ ဖုံးကွယ်၍မရသော အကြောက်တရားတစ်ခု မြင့်တက်လာခဲ့သည်။ ဆာလ်ဖာ ယခင်က ပြောခဲ့သည်ကို သူ ရုတ်တရက် တွေးမိလိုက်သည်။ “မသေမျိုးမှော်ပညာကို ကျွမ်းကျင်တဲ့ နတ်ဆိုး အရှင်သခင်အဆင့် မှော်ပညာရှင်တစ်ယောက်သာ ရှိမှပဲ ဒီလို အမှန်တကယ် စွမ်းအားကြီးတဲ့ သူရဲကောင်း ဝိညာဉ်တွေကို အသုံးချဖို့ ဖြစ်နိုင်တယ်။” ဒါဆိုရင် သူက အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပေါ့။ ဒါမှမဟုတ် နတ်ဆိုးအရှင်သခင် အဆင့်တောင်လား။
အမှောင်လနယ်မြေမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ပေါ်ထွက်လာရတာလဲ။
ဒီနေ့ ငါဒီကနေ မထွက်ပြေးနိုင်ရင် ဒီကြောက်စရာ မှော်ပညာရှင်ရဲ့ မရဏကျွန် အဖြစ် ကျွန်ပြုခံရမှာ စိုးရတယ်။ တိုင်တန် ချက်ချင်းပင် အော်ဟစ်လိုက်သည်။ “စစ်တပ်တစ်ခုလုံး ပြန်ဆုတ်ခွာပြီးနောက် တောင်ပိုင်းကို ဖောက်ဝင်ကြ။”
“နောက်ကျသွားပြီ။ ဒီနေ့ မင်းတို့တွေ ဘယ်သူမှ မထွက်သွားရဘူး။” ကြက်သီးထစရာ ရယ်သံက ပို၍ပင် ကျယ်လောင်လာသည်။ ကြောက်မက်ဖွယ်ရာ မြူများလည်း နေရာအနှံ့ ပြည့်နှက်သွားသည်။ ကောင်းကင်တစ်ခုလုံးလည်း ပိုမို၍ နက်မှောင်သွားကာ အလင်းရောင်ခြည်များ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေပြီး စစ်သည်တို့၏ ကြောက်လန့်နေသော အသွင်အပြင်များကို ပြသနေလေသည်။
ချော်ရည်ပြာစစ်တပ်သည် ထိုတစ်ဖက်သတ် စစ်ပွဲအတွင်း၌ ကျရှုံးရန် ကံပါလာခဲ့လေသည်.....