လဲလှယ်ရေးဌာန၏ အဆောင်ပစ္စည်းအသစ်နှင့် “ယောက္ခမ” ပေါ်ထွက်လာခြင်း
Vol. 27 Ch. 396
လေလံပွဲနှင့် ကုန်စည်ပြပွဲ နီးကပ်လာသဖြင့် အမှောင်လတွင် တစ်နေ့တစ်ခြား စည်ကားလာခဲ့သည်။
ထိုကြီးကျယ်ခမ်းနားသော ပွဲတော်သည် နတ်ဆိုးဘုံရှိ လူအများအပြားကို အာရုံဆွဲဆောင်နိုင်ခဲ့သည်။ လေလံတင်မည့် မိစ္ဆာသစ်သီး ၃လုံးကပင် နတ်ဆိုးများကို ရူးသွားစေနိုင်ပေသည်။
နတ်ဆိုးသစ်သီးသည် နှစ်ပေါင်းရာချီ ကြာမှသာ ရင့်မှည့်သည့် ရှားပါးသစ်သီး တစ်မျိုး ဖြစ်သည်။ ၎င်းသည် တော်ဝင်မိသားစုမှလွဲ၍ အခြားနတ်ဆိုးများအတွက် အလွန်ပင် အရေးပါလှသည်။ စွမ်းအားတိုးမြှင့်ခြင်းအပြင် ၎င်းသည် တစ်ဆို့မှုကို အကြိမ်ကြိမ် ချိုးဖျက်စေနိုင်ချေကို တိုးမြင့်စေနိုင်သော အလားအလာကိုလည်း တိုးပွား စေသည်။ ထို့အပြင် ထပ်တိုး အထူးစွမ်းရည်တစ်ရပ် ရရှိရန်လည်း အခွင့်အရေး အနည်းငယ် ရှိပေသည်။
တော်ဝင်မိသားစုအတွက်ပင် အလားအလာအပြင် စွမ်းအားတိုးခြင်းနှင့် ထပ်တိုး အထူးစွမ်းရည်တို့မှာ အတော်လေး ဆွဲဆောင်မှုရှိသောအရာ ဖြစ်သည်။
နတ်ဆိုးဘုံ သမိုင်းကြောင်း၌ မိစ္ဆာသစ်သီးကြောင့် လော့ဒ်စစ်ပွဲ ဖြစ်ခဲ့ဖူးသည်။ နတ်ဆိုးဘုံ၏ လော့ဒ်စစ်ပွဲ မတိုင်မီ လေလံပွဲ ကျင်းပမည်ဆိုလျှင် အနီးအနားရှိ နယ်မြေများက ၎င်းကို တပ်မက်ပြီး လာလုယက်နိုင်ပေသည်။ သို့သော်လည်း ယခု၌ အမှောင်လသည် အဓိကနယ်မြေနှစ်ခု၏ ပူးပေါင်းမှုကို အနိုင်ယူခဲ့သည်။ ထို့ကြောင့် သူတို့ အတော်လေး တွန့်ဆုတ်သွားခဲ့ကြသည်။
အမှန်တကယ်၌ ချန်လွေ့တွင် စျေးတစ်ခုလုံး ခြင်းတောင်းဖြင့် ရောင်းနိုင် လောက်အောင် မိစ္ဆာသစ်သီးများ ရှိသည်။ သို့သော်လည်း ကုန်ပစ္စည်းများမှာ ရှားပါးသည့် အခါမှသာ တန်ဖိုးကြီးမည် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်၌ မိစ္ဆာသစ်သီး အများအပြား ပေါ်ထွက်လာမည် မဟုတ်ပေ။
လော့ဒ်စစ်ပွဲ၌ အမှောင်လ၏ အောင်နိုင်မှုနှင့် လေလံပွဲများ၊ ကုန်စည်ပြပွဲများ ကျင်းပခြင်းသည် မူလက ထွက်ခွာသွားကြသော ကုန်သည်များနှင့် ကုန်သွယ်သူများကို ပြန်လာစေခဲ့သည်။ ရှီရာက သတင်းကို ကြေညာပြီးနောက်တွင် ထိုဆိုင်များမှာလည်း လေလံစျေးမှတစ်ဆင့် ပြည့်နှက်သွားတော့သည်။
စစ်သည်ခေါ်ယူမှုမှာလည်း အဆင်ပြေချောမွေ့နေ၏။ အမှောင်လနယ်မြေ၏ လူဦးရေမှာ အတော်လေး များပြားနေပြီး ထိုအနိုင်ရလာဒ်ကြောင့် လူအများ စိတ်အားတက်သွားကြသည်။ နေ့စဉ်နေ့တိုင်း ရုံးရှေ့တွင် လူတန်းရှည်ကြီး ရှိနေသည်။ သို့သော်လည်း ထိုအလုပ်ဝင်ရောက်မှုများမှာ အမှောင်လစစ်တပ်၏ တရားဝင်အဖွဲ့ဝင် မဖြစ်သေးခင် အစစ်ဆေးခံရမည် ဖြစ်သည်။
အမှောင်လစစ်သည်များနှင့် ပြည်သူများကို အံ့အားအသင့်စေဆုံးမှာ ရေကန်ပြာ တောင်ခြေရှိ လျို့ဝှက်နည်းလမ်း အမှန်တကယ် အကျိုးရှိခြင်းပင်။ ပြင်ဆင်ပြီး မှော်မြေတွင် ကောက်ပဲသီးနှံများ စိုက်ပျိုး၍ရနိုင်ပြီး အထွက်နှုန်းမှာလည်း အားရစရာ ကောင်းလှသည်။ အကျိုးရလာဒ်များမှာ တိုင်းပြည်ထဲရှိ တစ်ခုတည်းသော မြေသြဇာမြေများထက် သုံးလေးဆ သာလွန်သည်။ ဆိုလိုသည်မှာ အမှောင်သည် အကြီးမားဆုံး အားနည်းချက် ဖြစ်သည့် အစားအစာရှားပါးမှုမှ လွတ်မြောက်မှာ မိမိဘာသာ ဖူလုံနိုင်တော့မည် ဖြစ်သည်။
အမှောင်လမြို့ထဲရှိ ရေအထောက်အပံ့နှင့် ရေဆိုးမြောင်းစနစ် အသွင်ပြောင်းခြင်းမှာ လော့ဒ်စစ်ပွဲ မတိုင်ခင်ကတည်းက တစ်ဝက်နီးပါး ပြီးသွားပြီ ဖြစ်သည်။ အိမ်တိုင်းနီးပါး “ဘုံဘိုင်ရေ”ကို အသုံးပြုနေကြလေပြီ။ ထို့ကဲ့သို့ အသုံးဝင်မှုသည် ရေပန်းများ၊ အလိုအလျောက် အိမ်သာများ အစရှိသည့် ထပ်တိုး “မှော်ပစ္စည်းများ”ကို ဆင်းသက်လာစေ ခဲ့သည်။ ၎င်းသည် အမှောင်လတစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားပြီး တစ်မြို့လုံးရှိ နေထိုင်မှုအရည်အသွေးများကို တိုးတက်သွားစေသည်။ ၎င်းသည် အပြင်လူများကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
မိမိ၏ သုတေသနရလာဒ်များ နောက်ဆုံး၌ အောင်မြင်ပြီး နယ်မြေတစ်လျှောက် အသုံးပြုလာကြသည်ကို မြင်ရသည့််အခါ ရှင်းရှင်း(တာတာ) နှင့် စကိုင်းတို့ ဆရာသခင် နှစ်ယောက်က အားရကျေနပ်သွားခဲ့သည်။ လော့ဒ်စစ်ပွဲ ချဉ်းကပ်လာစဉ်က အမှောင်လ မြို့သူ/သားများ ကြောက်လန့်နေကြစဉ် သွေးရောင်အင်ပါယာမှ မင်းသား တဲရစ်စ်သည် နတ်ဆိုးဧကရာဇ်အဆင့် မွန်တီရိုကို လွှတ်ပြီး ကပ်ဘေးကို ရှောင်ရှားရန်အတွက် အမှောင်လမှ ထွက်သွားပြီး သွေးရောင်အင်ပါယာသို့လာရန် ဆရာသခင် ရှင်းရှင်းအား စည်းရုံးခဲ့သည်။
ဆရာသခင် ရှင်းရှင်းက ရွှေ့ပြောင်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း တဲရစ်စ်သည် ရိုးရှင်းသောသူတစ်ယောက် မဟုတ်ကြောင်း သူသိသည်။ သူသည် သွေးရောင်အင်ပါယာသို့ သေချာပေါက် သွားမည်မဟုတ်ပေ။ ယုတ်စွအဆုံး သူသည် အန္တရာယ်များသော စစ်မြေပြင်ဖြစ်သည့် အမှောင်လမှ ဆာဆာကိုခေါ်ပြီး ထွက်သွားမည် ဖြစ်သည်။
စကိုင်း၏ချစ်သူ လီဆာက ဆက်နေရန် အတင်းအကြပ် ပြောခဲ့သည်။ အကြောင်းမှာ သူ၏အစ်ကို အဲဒက်စ်သည် တော်ဝင်မင်းသမီး ရှီရာ၏ သစ္စာခံအရာရှိတစ်ယောက် ဖြစ်သည့်အတွက်ကြောင့်ပင်။ ထို့ကြောင့် သူသည် ကပ်ဘေးအခြေအနေ၌ ထွက်သွားမည် မဟုတ်ပေ။ သာမန်မျှထင်ရသော မောင်နှစ်မ ချစ်ခင်မှုသည် ကပ်ဆိုက်သော အခြေအနေ၌ ပြသလာခဲ့လေပြီ။ စကိုင်းသည် ထပ်ကာထပ်ကာ စဉ်းစားပြီးနောက် ဆက်နေရန် ဆုံးဖြတ်လိုက်သည်။ လီဆာနှင့် ပတ်သက်မှုအပြင် သူသည် “အက်ဂ်ယော”ထံမှ သူနှင့်သူ၏သမီးတို့ကို ကယ်တင်ထားခဲ့သော အသက်ကြွေးရှိနေသည်။ ထို့ကြောင့် သူ အကောင်းဆုံး လုပ်ရပေမည်။ ဆရာသခင် ရှင်းရှင်းသည်လည်း ဆက်နေရန် ပြတ်ပြတ်သားသာ ဆုံးဖြတ်ချက် ချခဲ့သည်။
နောက်ဆုံး၌ လော့ဒ်စစ်ပွဲ ရလာဒ်မှာ လူတိုင်းထင်ထားသည်ထက် ကျော်လွန်သွား သည့်အတွက် ဆရာသခင်နှစ်ယောက်လုံး စိတ်အေးသွားကြသည်။
ရေစနစ် အသွင်ပြောင်းလဲခြင်း၊ ဆိုင်များ ပြန်လည်တည်ဆောက်ခြင်း၊ ဝတ်ရုံဂိုဏ်းစီမံခြင်း၊ ဒေလီယာ၏ “အမှောင်နတ်ဆိုး” စတင်ခြင်း နှင့် ပူးတွဲ ကုန်သည်ကြီးများအသင်း ကိစ္စများအတွက် ထိုနေ့ရက်များ၌ ဘဏ္ဍာရေးအရာရှိအသစ် ချန်လွေ့သည် အလွန်ပင် အလုပ်များနေခဲ့သည်။ သူသည် တစ်နေ့လုံး အလုပ်ရှုပ်နေသည်။ ထိုအကြောင်းကြောင့် ရှီရာသည်လည်း ဘဏ္ဍရေးဝန်ကြီးဌာန ဖွဲ့စည်းကာ ချန်လွေ့ကို ထိပ်တန်းအရာရှိအဖြစ် ခန့်အပ်ထားခဲ့ပြီး စွမ်းဆောင်ရည်ရှိသော လက်အောက်ခံများ ပေးထားခဲ့သည်။ သို့သော်လည်း အစပိုင်းသာ ရှိသေးသည့်အတွက် ချန်လွေ့သည် အလုပ်တာဝန်များကို လုံးဝလွှဲပြောင်း၍ မရနိုင်သေးပေ။
သို့သော်လည်း သူမည်မျှပင် အလုပ်များနေစေကာမူ ညပိုင်းတွင် အသီနာ၊ ခီရာတို့နှင့် “လေ့ကျင့်ခြင်း”မှာ မရှိမဖြစ်ပင် ဖြစ်သည်။ လုံးဝစိုစွတ်နေသော ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် အစေခံမလေးတို့မှာ ကျက်သရေရှိပြီး မယုံနိုင်စရာ ကောင်းလှပေသည်။
နှစ်သွယ်လေ့ကျင့်ရေး၏ ဝိသေသလက္ခဏာများမှာ စွမ်းအားကို သန့်စင်ပေး နိုင်သော်လည်း ဖက်ဒါ၏ အတွေ့အကြုံအပေါ် သက်ရောက်မှု မရှိပေ။ သူ၏အတွေ့အကြုံမှာ သုညသာ ရှိသေးသည်။ ဖက်ဒါသည် ချစ်တင်းနှောစဉ် အဆင့်တက်သွားခဲ့ခြင်း ဖြစ်သော်လည်း ၎င်းသည် ထိုနယ်ပယ်၌ အမှန်တကယ် တိုးတက်မှုကို မထောက်ပံ့ပေးနိုင်ပေ။
မယ်ဂရီဇ် အခြေအနေသည် “ဥပဒေ”ကို လေ့ကျင့်ပေးပြီး ဖက်ဒါမှာ “ပျော်ဝင်ခြင်း” လိုအပ်သည်။ ထိုအဆင့်မှာ အနည်းငယ် ရှုပ်ထွေးလှသည်။ စူပါစနစ်၌ ရှင်းလင်းသော အရိပ်အမြွက်များ ရှိမနေပေ။ ယခင် မယ်ဂရီဇ် အခြေအနေမှာကဲ့သို့ပင် လျို့ဝှက် ဆန်းကြယ်မှု ဝေဝါးဝါးသာ ရှိသည်။ ထိုခံစားချက်ကို သူ ကျွမ်းကျင်သည်နှင့် ဖက်ဒါ၏ လျို့ဝှက်ဆန်းကြယ်မှုကို အမှန်တကယ် နားလည်သဘောပေါက်လာမည် ဖြစ်သည်။
အသစ်ရရှိပြီးသော အစွမ်းများနှင့် အဆောက်အအုံများအပြင် လဲလှယ်ရေးဌာန၏ တော်ဝင်စိတ်ဝိညာဉ် နှင့် ကုန်ကြမ်းဖော်မြူလာ အမျိုးအစားထဲ၌ ပစ္စည်းကောင်းများ ရှိလာသည်။
လှဲလှယ်ရေးဌာနတွင် ဆေးဝါး၊ အပင်၊ တော်ဝင်စိတ်ဝိညာဉ်နှင့် ပုံကြမ်းဖော်မြူလာ ဟူ၍ အမျိုးအစား ၄မျိုး ရှိနေပြီ ဖြစ်သည်။
၁။ ဆေးဝါးအမျိုးအစား
သာမန်ဆေးဝါးများအပြင် ပြန်လည်ရှင်သန်ခြင်းဆေးရည်နှင့် အသက်ရှည်ဆေးရည် အပါအဝင် ဆေးရည်မည်း အစုံလိုက်ရှိသည်။
၂။ အပင်အမျိုးအစား
အခရာအစေ့၊ အရှိန်အဝါစုဆောင်းပန်း နှင့် အခြားအရာများမှာ စူပါစနစ် တစ်ခုလုံးကို လည်ပတ်ပေးနေသည့် အရှိန်အဝါ၏ အဓိကအရင်းအမြစ် ဖြစ်သည်။ သူတို့အထဲ၌ အခရာနတ်မိမယ်မှာ ကြယ်စင်စုဥယျာဉ်၏ ဝိညာဉ် ဖြစ်သည်။
၃။ တော်ဝင်စိတ်ဝိညာဉ်အမျိုးအစား
ခြေလှမ်းဖိနပ်၊ အစားကြူးနွယ်၊ အစောင့်အရှောက်နွယ် နှင့် လိပ်ပြာတောင်ပံတို့မှာ အဓိက ဖြစ်သည်။ ပထမနှစ်ခုမှာ တကယ့်တိုက်ပွဲ၌ ပိုမိုအသုံးဝင်ပြီး အချိန်အကန့်အသတ် ရှိသည်။ အစောင့်အရှောက်နွယ်သည် အိမ်ကို စောင့်ကြပ်ပေးသော ရတနာတစ်ခု ဖြစ်သည်။ ချန်လွေ့သည် ရှီရာတို့ မောင်နှစ်မကို ကာကွယ်ရန်အတွက် နန်းတော်ဝင်းထဲ၌ အစောင့်အရှောက်နွယ်များကို စိုက်ပျိုးထားခဲ့သည်။ လိပ်ပြာတောင်ပံကိုမူ တစ်ခါမှ အသုံးမပြုရသေးပေ။
ယခုတွင် တော်ဝင်စိတ်ဝိညာဉ် အသစ်နှစ်မျိုး ထပ်ပေါင်းထည့်ထားသည်။
၁။ ယွမ်ဖြည့်တင်းသစ်ပင်
ဂုဏ်သတ္တိများ - အတိုင်းအတာတစ်ခုအတွင်း စွမ်းအင်ဖြည့်တင်းနိုင်သည်။ သက်ရောက်မှု အချိန်အတွင်း ရုပ်နှင့်မှော်စွမ်းအားကို ပြန်ရစေသည်။ အချိန်ကိုက် အသုံးပြုရမည် ဖြစ်သည်။ သက်တမ်းအရှည်ဆုံးမှာ တစ်လ ဖြစ်သည်။ တစ်ပင်လျှင် အရှိန်အဝါ ၁၀၀၀ ကျသင့်မည်။
ချန်လွေ့တွင် [နက္ခတ်သဏ္ဌာန်]၏ ဝိသေသလက္ခဏာ ရှိသည့်အတွက် ယွမ်ဖြည့်တင်း သစ်ပင်သည် သူ့အတွက် သိပ်ပြီး အသုံးဝင်လှမည် မဟုတ်ပေ။ သို့သော်လည်း ၎င်းကို သူ၏မိတ်ဆွေများအတွက် အသုံးပြု၍ရသည်။ ၎င်းသည် စစ်တပ်လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးတွင် အလွန်အသုံးဝင်သော အခန်းကဏ္ဍ၌ ပါဝင်နိုင်သည်။
၂။ နှင်းအပ်သစ်သီး
ဂုဏ်သတ္တိများ - [ တော်ဝင်စိတ်ဝိညာဉ်နှင်းအပ်ခြင်း ]
အခြားသူများအား တော်ဝင်စိတ်ဝိညာဉ်အပင်များ နှင်းအပ်အသုံးပြုနိုင်ရန် သုံးသော ကြားခံပစ္စည်းတစ်ခု။ သက်တမ်း အရှည်ကြာဆုံးမှာ တစ်ရက် ဖြစ်သည်။ တစ်ပင်လျှင် အရှိန်အဝါ ၁၀၀၀ ကျသင့်ပေမည်။
နှင်းအပ်သစ်သီး ပေါ်ထွက်လာခြင်းသည် တော်ဝင်စိတ်ဝိညာဉ်များ၏ လုပ်ဆောင်ချက်များကို သိသိသာသာ ပြောင်းလဲမှုတစ်ခု ယူဆောင်လာပေးသည်။ ဥပမာ ပြောရလျှင် တစ်ခါမှ အသုံးမပြုရသေးသော လိပ်ပြာတောင်ပံအား နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးသည် သာမန်လူတစ်ယောက်ထံပေးကာ [ ပျံသန်းခြင်း ] စွမ်းရည် ပေးအပ်နိုင်သည်။ အချိန်အကန့်အသတ် ရှိသော်လည်း အခြေအနေ တစ်ခုခု၌ မမျှော်လင့်ထားသော အခန်းကဏ္ဍတစ်ခု၌ ပါဝင်လာနိုင်ပေသည်။
၄။ ပုံကြမ်းဖော်မြူလာအမျိုးအစား
မူရင်းအဆောင်ပစ္စည်း “မိုးခြိမ်းသံ”သည် ချန်လွေ့၏တိုက်ပွဲ၌ အမြဲပင် မရှိမဖြစ် ရတနာတစ်ခု ဖြစ်နေခဲ့သည်။ ယခုတွင် အဆောင်ပစ္စည်းများမှာ ၆ခု ရှိနေလေပြီ။
ပထမသုံးခုမှာ လက်နက်များဖြစ်ပြီး ပုံကြမ်းများကို တစ်ခုလျှင် အရှိန်အဝါ သိန်း၃၀၀ ကျသင့်ပေမည်။
မြောက်ပင်လယ် (ဓားရှည်) - အဓိကအားဖြင့် ထက်မြက်ပြီး တိုက်ခိုက်မှု အရှိန်တိုးပေးကာ ဓားပညာကျွမ်းကျင်မှုကို နှစ်ဆတိုးစေသည်။ ရေဒြပ်စင်နှင့် အလင်းဒြပ်စင် မှော်ပညာ ထိခိုက်မှုကို တစ်ဝက်လျော့စေသည်။ တိုက်ခိုက်စဉ်အတွင်း ရန်သူ၏ စွမ်းအားကိုလည်း စုပ်ယူနိုင်သည်။ [ မူလသို့ပြန်လည်စီးဆင်းခြင်း ] ဟူသော တိုက်ခိုက်အစွမ်း - ရေနှင့်အလင်း ဒြပ်စင်များက ဓားချီထိခိုက်မှုကို နှစ်ဆတိုးစေနိုင်။ ထိခိုက်မှုကို အလိုအလျောက် ပြင်ဆင်ပေး။ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် ပြုလုပ်ရမည်။
စီရင်ချက် (မဟာဓား) - တိုက်ခိုက်မှုစွမ်းအားကို နှစ်ဆတိုးစေ။ ခန္ဓာကိုယ် စွမ်းအားကို အလျင်အမြန် ပြန်ရစေနိုင်။ တိုက်ခိုက်နေစဉ်အတွင်း ရန်သူကို မူးဝေသွားစေ နိုင်သော အခွင့်အရေးရှိ။ အကူအစွမ်း [ စီရင်ချက် ]- ရန်သူ၏ ခုခံမှုကို မျက်ကွယ်ပြုရန် ၅၀% အခွင့်အရေးရှိ။ ခြေမွခြင်းထိခိုက်မှုကို ကြီးကြီးမားမား တိုးမြင့်စေနိုင်။ ထိခိုက်မှုကို အလိုအလျောက် ပြင်ဆင်နိုင်။ ပိုင်ရှင်ကို အသိအမှတ် ပြုရမည်။ .
လျို့ဝှက်အရိပ် (ကြိမ်စကြာ) - ဒြပ်စင်အားလုံး၏ မှော်စွမ်းအားကို နှစ်ဆ တိုးစေနိုင်။ မန္တန်ရွတ်ဖတ်ခြင်း အမြန်နှုန်းကို နှစ်ဆ တိုးစေနိုင်။ ဝိညာဉ်တိုက်ခိုက်မှုများ ပြီးစေနိုင်။ အကူအစွမ်း [ ကန့်သတ်ချက် ချိုးဖောက်ခြင်းပိုင်နက် ] - ရန်သူ၏ မှော်ခုခံနိုင်မှုနှင့် ကိုယ်ခံစွမ်းအားကို မျက်ကွယ်ပြုနိုင်သော အခွင့်အရေးရှိနိုင်။ တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရ။ ထိခိုက်မှုကို အလိုအလျောက် ပြင်ဆင်နိုင်။ ပိုင်ရှင်ကို အသိအမှတ် ပြုရမည်။
နောက်ဆုံး၃ခုမှ ချပ်ကာများ ဖြစ်ကြပြီး ပုံကြမ်းတစ်ခုစီကို အရှိန်အဝါ သိန်း၂၀၀ဖြင့် ရောင်းချသည်။
အုပ်စိုးသူချပ်ကာ ( ချပ်ကာအမာစား ) - ခုခံမှုနှင့် ခွန်အားကို ကြီးကြီးမားမား တိုးတက်စေနိုင်။ အားနည်းမှုများကို စုပ်ယူပြီး ခွန်အားအဖြစ် ပြောင်းလဲပေး။ အကူအစွမ်း: [ အုပ်စိုးသူချပ်ကာ လျှော့ချခြင်း ] - အဝန်းအဝိုင်းအတွင်းရှိ ရန်သူအားလုံး၏ ခုခံမှုစွမ်းအား အားလုံးကို ကြီးကြီးမားမား လျှော့ချပေးနိုင်။ ပစ်မှတ်ကို အသေမှတ်နိုင်။ တစ်ခါသုံးလျှင် တစ်နာရီ ခံသည်။ ထိခိုက်မှုကို အလိုအလျောက် ပြင်ဆင်နိုင်။ ပိုင်ရှင်ကို အသိအမှတ် ပြုရမည်။
ဆန်းကြယ်ကျောက်စိမ်းချပ်ကာ (အပေါ့စားချပ်ကာ) - လှုပ်ရှားမှုအမြန်နှုန်းကို တိုးမြှင့်ပေးပြီး အလှမ်းဝေးထိခိုက်မှုကို တစ်ဝက်လျှော့ချပေးနိုင်သည်။ အကူအစွမ်း _ [သွေးပူရောင်လျှံ] - မီတာ၁၀၀အတွင်းရှိ အဖွဲ့သားများ၏ အမြန်နှုန်းကို တိုးမြှင့်ပေး။ တိုက်ခိုက်မှုစွမ်းအားကို တိုးမြှင့်ပေးနိုင်။ အထောက်အပံ့ယူနစ်များကို အသေမှတ်၍ရ။ ၆နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။ သက်ရောက်မှုများမှာ တစ်ခါသုံးလျှင် တစ်နာရီခံသည်။ ထိခိုက်မှုများကို အလိုအလျောက် ပြင်ဆင်ပေးနိုင်။ ပိုင်ရှင်ကို အသိအမှတ် ပြုရမည်။
မှော်ငှက်တောင်ဇာလွှာ (ဇာလွှာ) - လှုပ်ရှားမှုအမြန်နှုန်း တိုးစေနိုင်။ ခန္ဓာကိုယ် အင်အားကို အလျင်အမြန် ပြန်ပြည့်စေနိုင်။ မှော်ခုခံမှုကိုလည်း ကြီးကြီးမားမား တိုးတက်စေနိုင်။ အကူအစွမ်း - [ ပေါ့ပါးခြင်း ] - သေစေနိုင်သော တိုက်ခိုက်မှုအတွင်း အန္တရာယ်မှလွတ်မြောက်ရန် [ တယ်လီပို့ခုန်ခြင်း ]ကို အလိုအလျောက် အသက်ဝင်စေနိုင်။ တစ်နာရီလျှင် နှစ်ကြိမ်သာ အသုံးပြု၍ရသည်။ ထိခိုက်မှုကို အလိုလို ပြင်ဆင်နိုင်။ ပိုင်ရှင်ကို အသိအမှတ်ပြုရမည်။.
ထိုအဆောင်ပစ္စည်းအဆင့် လက်နက်နှင့်ချပ်ကာ ၇ခုသည် ချန်လွေ့ကို သွားရည်ကျသွားစေသည်။ တစ်ခုစီတွင် ကိုယ်ပိုင်လက္ခဏာများရှိကြပြီး အထူးသဖြင့် အုပ်စိုးသူချပ်ကာနှင့် ဆန်းကြယ်ကျောက်စိမ်းချပ်ကာတို့တွင် ရောင်လျှံအစွမ်းများ ရှိကြသည်။ စျေးကြီးလှသော်လည်း လက်ရှိ၌ ချန်လွေ့ အရှိန်အဝါ သိန်း ၁၆၀၀ ရှိသည်။ ပုံကြမ်းစျေးနှုန်းမှာ ပြဿနာ မဟုတ်သော်လည်း ရှားပါးကုန်ကြမ်း အများအပြားကို တစ်ခါတည်း စုဆောင်းရန် မဖြစ်နိုင်ပေ။ ယခုတစ်ခေါက် ကုန်စည်ပြပွဲ၌ တစ်ခုခု ရရှိရန် ချန်လွေ့ မျှော်လင့်နေလေသည်။
လဲလှယ်ရေးဌာနအပြင် စာချုပ်နှင့်သက်ဆိုင်သော “စိတ်ဝိညာဉ်ကွင်းဆက်”တွင် ပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်လာသည်။ သို့သော်လည်း တိုးမြှင့်မှုများနှင့် အခြား လုပ်ဆောင်ချက်များမှာ ယုံကြည်မှုသလင်းကျောက်များ လိုအပ်နေသည်။ လက်ရှိ၌ ချန်လွေ့သည် ယုံကြည်မှုမျှော်စင်မှ ရိပ်သိမ်းမှုကိုသာ စောင့်ရတော့မည် ဖြစ်သည်။
ထိုနေ့တွင် ချန်လွေ့သည် ပူးတွဲကုန်သည်ကြီးများအသင်း၌ ကိစ္စ အသေးအဖွဲများကို ကိုင်တွယ်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီး ရုံးခန်းသို့ ပြန်လာခဲ့သည်။ မမျှော်လင့်ဘဲနှင့် သူ့ကို ခီရာက ရုံးခန်းထဲ၌ စောင့်ဆိုင်းနေ၏။ ယခုအချိန်သည် မင်းသမီးလက်သီးစတိုး၌ ခီရာ၏ အလုပ်အရှုပ်ဆုံး အချိန် ဖြစ်သည်။ သို့သော်လည်း သူက ယောက်ျားတစ်ယောက်ကိုပါ ခေါ်လာသည်။.
ထိုလူသည် အရပ်မြင့်ပြီး အတော်လေး စိမ်းကားလှသည်။ သို့သော်လည်း ထိုသူ၏ မျက်လုံးများအနောက်၌ ဖုံးကွယ်ထားသော ကြမ်းတမ်းသည့် အရှိန်အဝါများက ချန်လွေ့ကို ရင်းနှီးသောခံစားချက် ရေးရေးလေး ပေးစွမ်းနေသည်။
ခီရာ အရိုအသေပေးကာ ပြောသည်။ “သခင်။ ခီရာ တောင်းဆိုစရာတစ်ခု ရှိတယ်။”
“အိုး”
ချန်လွေ့နှင့် ခီရာတို့သည် အတော်လေး ရင်းနှီးနေပြီ ဖြစ်သော်လည်း ယခုတွင် ခီရာသည် အလွန်ပင် ရိုသေနေ၏။ နှစ်ယောက်အကြားရှိ စိတ်ဝိညာဉ် အဆက်အသွယ်ဖြင့် တစ်ခုခု လွဲနေကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ သူက စိတ်ကို ရွှေ့ပြောင်းပြီး [သရုပ်ခွဲမျက်လုံး]ကို အသက်သွင်းလိုက်သည်။
မျိုးနွယ် - အစားကြူးတော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု - S-(S+)
ခန္ဓာအမျိုးအစား - [ S- (S+) ]
ခွန်အား - [ S (S+) ]
စိတ်ဝိညာဉ် - [ S- (S) ]
မြန်ဆန်မှု - [ S- (S) ]
[ အကဲဖြတ်မှု ] - မြေဒြပ်စင်။
ဘယ်ဇီဘတ်မိသားစု။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း။
ချန်လွေ့ စိတ်ထဲ၌ ထိတ်လန့်သွား၏။ ထိုကဲ့သို့ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ခီရာ၏ မူမမှန်သော အမူအရာနှင့် လိပ်စာကို ကြည့်ရလျှင် ထိုဘယ်ဇီဘတ် နတ်ဆိုးအရှင်သခင်၏ သရုပ်မှန်မှာ သိသာထင်ရှား လှပေသည်။
အဲဒီလူက သွေးမြေကျ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ထဲက တစ်ယောက်လည်း ဟုတ်တယ်။ သူက သလင်းကျောက်တောင်ကြားမှာ ငါတစ်ခါက ဆုံတွေ့ဖူးတဲ့ ဘယ်ဇီဘတ်ဘုရင်၊ ခီရာရဲ့အဖေ၊ အက်ဇ်ဂါလော ဘယ်ဇီဘတ်ပဲ။
အက်ဇ်ဂါလောက အမှောင်လကို တကယ်ကြီး ကိုယ်တိုင် ရောက်လာတာပဲ။
နတ်ဆိုးအရှင်သခင်အဆင့်၏ အာရုံခံစွမ်းရည်မှာ အတော်လေး ကောင်းမွန်လှ၏။ ချန်လွေ့၏ခံစားချက် အနည်းငယ်သာ လှုပ်ခါသွားသော်လည်း အက်ဇ်ဂါလော သတိထားမိသွားသည်။ သူ၏မျက်လုံးထဲ၌ သံသယအရိပ်အယောင် ဖြစ်လာ၏။
“ဒီလိုကိုး။” တစ်ခုခုကို စဉ်းစားမိသကဲ့သို့ပင် ချန်လွေ့ အော်ဟစ်ပြီး အပြင်ကို အော်ပြောလိုက်သည်။ “ဂရာဆာ။ ကုန်စည်ပြပွဲရဲ့ အခင်းအကျင်းကို ငါ့ဆီ ချက်ချင်း ယူလာခဲ့ပေး။”
အပြင်ဘက်တွင် ရှိနေသော ဂရာဆာက တုံ့ပြန်ပြီး အခြားရုံးခန်းသို့ အလျင်အမြန် လမ်းလျှောက်သွားသည်။ ချန်လွေ့သည် တစ်ခုခုကို သတိရသွားသကဲ့သို့ပင် တစ်စုံတစ်ခု ရေရွတ်နေခဲ့သည်။ ထို့နောက် ချန်လွေ့က ခီရာကို ပြောသည်။ “ခီရာ။ ငါ့ကို မနှောင့်ယှက်နဲ့ဦး။ ကုန်စည်ပြပွဲအကြောင်း ငါ တစ်ခုခု စဉ်းစားမိသွားလို့။”
“ဟုတ်ကဲ့ပါ။ သခင်။” ချန်လွေ့၏ တိုက်ရိုက်လေသံမျိုးကို ကြားသည့်အခါ ခီရာ စိတ်ထဲ၌ သဘောပေါက်သွားပြီး စိတ်အေးသွားခဲ့သည်။ သူ အရိုအသေ ပြုလိုက်၏။
ချန်လွေ့သည် ခီရာနှင့် အက်ဇ်ဂါလောတို့ကို လျစ်လျူရှုထားပြီး တစ်ခုခုကို စဉ်းစားနေလျက် ခန်းမထဲသို့ ဝင်သွားလိုက်သည်။ ၎င်းမှာ ခုနက သူ၏ထိတ်လန့်မှုကို ဟန်ဆောင်ရန် အတွက်သာ ဖြစ်သည်။ အက်ဇ်ဂါလော ဒီကိုလာတရတဲ့ ရည်ရွယ်ချက်က ဘာများပါလိမ့်။
အက်ဇ်ဂါလော၊ ယာကော့ဗ် နှင့် မာနူတို့သည် ကတ်သရင်းကို ဝိုင်းဝန်းတိုက်ခိုက် ရာတွင် ရှုံးနိမ့်ခဲ့ကြသော်လည်း သူတို့၏ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားမှာ ထင်ရှားလှပေသည်။ အမှောင်လတစ်ခုလုံး၌ မြေဒြပ်စင်ဘုရင်နှင့် ခရိုဘဲလက်စ်တို့သာ နတ်ဆိုးအရှင်သခင်များ ဖြစ်ကြသည်။ မြေဒြပ်စင်နှလုံးသားကို ပြန်ပေးပြီးနောက်တွင် မြေဒြပ်စင်ဘုရင် မိုးရီ၏ စွမ်းအားများ တိုးမြင့်လာသော်လည်း နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း အစွန်းနားသို့သာ ရောက်ရှိခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရန် အနည်းငယ် လိုအပ်နေသေးသည်။
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများအကြား၌ပင် ခြားနားချက် သေးငယ်လှသည် မဟုတ်ပေ။ မြေဒြပ်စင်ဘုရင်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ အဆင့်တက်သွားသည့်တိုင် အက်ဇ်ဂါလော၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။ ပါ့ဂ်လီအိုသာ စွမ်းအားပြန်မရလျှင် ထိုဘယ်ဇီဘတ်ဘုရင်ကို အမှောင်လ၌ မည်သူမှ အနိုင်မယူနိုင်ပေ။
၎င်းကို ချန်လွေ့ စဉ်းစားနေရင်း ဂရာဆာက ကုန်စည်ပြပွဲ အခင်းအကျင်းကို အလျင်အမြန် ယူဆောင်လာသည်။ ချန်လွေ့က ၎င်းအပေါ်၌ အမှတ်အသား ပြုလုပ်ဟန် ဆောင်လိုက်သည်။ အချိန်အတော်ကြာ ပြီးစီးအောင် ပြုလုပ်ပြီးနောက် ချန်လွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက ဂရာဆာကို ကိစ္စတချို့ အမိန့်ပေးပြီး ခီရာအား ပြောသည်။ “ဒါနဲ့ ခီရာ။ မင်းမှာ တစ်ခုခု ပြောစရာ ရှိနေတဲ့ပုံပဲ။”
ခီရာက ခေါင်းညိတ်ကာ ပြောသည်။ “သခင် အလုပ်လုပ်နေတာကို နှောင့်ယှက် မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မ ဒီနေ့ ဧည့်သည်တစ်ယောက် ခေါ်လာတယ်။ ကျွန်မ သူ့ကို သခင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။”
ချန်လွေ့က ရုပ်ဖျက်ထားသော အက်ဇ်ဂါလောကို ဖျပ်ခနဲ ကြည့်လိုက်သည်။ အက်ဇ်ဂါလောသည် ခုနက အမှန်တကယ်ပင် သံသယမဝင်ဘဲ စိတ်ရှည်ရှည်ဖြင့် စောင့်နေသည်။ သူက တရိုတသေနှင့် ပြောလိုက်သည်။ “ဆာ-ဘဏ္ဍာရေး အရာရှိက နေ့တိုင်း ကိစ္စတွေအများကြီး ကိုင်တွယ်နေရတာပဲ။ တော်တော်လေး အလုပ်များနေ လောက်တယ်။ နှောင့်ယှက်မိတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ။”
“ဒီဧည့်သည်က......”
ခီရာက ကြားဝင်ပြောလိုက်သည်။ “သခင်။ သူ့က....ခီရာရဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ အဖေပါ။”
“အဖေ ဟုတ်လား။” ချန်လွေ့ အံ့အားသင့်သွားသည်။ အက်ဇ်ဂါလောသည် “သရုပ်မှန်”ဖြင့် အမှန်တကယ် ပေါ်ထွက်လာလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ သူ တမင်တကာ မေးလိုက်သည်။ “မင်းရဲ့မိဘတွေ ဆုံးပါးသွားတာကြာပြီလို့ မင်း ပြောခဲ့တယ် မဟုတ်လား။”
ခီရာ၏မျက်လုံးထဲ၌ မျက်ရည်များ ပြည့်နေသည်။ ၎င်းမှာ သူ၏သေဆုံးသွားသော အမေ ဖရီယာအတွက် ပို၍ဖြစ်ပေသည်။ “ဒီလိုပါ။ အဲဒီတုန်းက ကျွန်မတို့မိသားစု ဓားပြတစ်ဖွဲ့နဲ့ တွေ့ခဲ့တယ်။ ကျွန်မ ထွက်ပြေးနိုင်ဖို့အတွက် ကျွန်မရဲ့မိဘတွေက ဓားပြတွေကို တားထားပေးခဲ့တယ်။ ကျွန်မရဲ့ မိဘတွေ သေသွားပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အဖေက အသက်ရှင်နေသေးတယ်။”
အက်ဇ်ဂါလော၏မျက်လုံးထဲ၌ ကြင်နာမှုများ ထွက်ပေါ်လာပြီး ခံစားချက် ပြင်းထန်စွာ ပြောလိုက်သည်။ “ကျုပ်နာမည်က ဂါလောပါ။ ဒီနှစ်တွေမှာ ကျုပ်က ခီရာ ဘယ်ရောက်နေလဲဆိုတာကို ရှာဖွေနေခဲ့တာ။ ဒီတစ်ခေါက် ကိစ္စတစ်ခုခုကြောင့် အမှောင်လကို ကျုပ် ရောက်လာခဲ့တာ။ နတ်ဆိုးဘုရားသခင်ကိုပဲ ကျေးဇူးတင်ရမယ်။ ကျုပ်ရဲ့ ပျောက်ဆုံးသွားတဲ့ သမီးလေးကို ပြန်တွေ့ရပြီလေ။”
ချန်လွေ့က စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်သည်။ အက်ဇ်ဂါလောက ဒီလောက်အထိ သရုပ်ဆောင်ဖို့ ပါရမီရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူက ခီရာရဲ့အဖေဆိုတာ မှန်တယ်။ ဒါပေမဲ့ အက်ဇ်ဂါလောအတွက် မိသားစုရင်းနှီးမှုက စက္ကူတစ်ရွက်ထက်တောင် မထူဘူး။ လိုအပ်မယ်ဆိုရင် သူ့ရဲ့သမီးကိုတောင် မတုံ့မဆိုင်းဘဲ သတ်ပစ်နိုင်တယ်။ ဖာတီလုက အကောင်းဆုံး ဥပမာပဲ။
“သိပြီ။ ဒါပေမဲ့ ခီရာရဲ့အတိတ်က ဘယ်လိုပဲဖြစ်ဖြစ်၊ သူက ကျုပ်ကို တော်ဝင်မင်းသမီး ပေးထားတဲ့ အစေခံ တစ်ယောက်ပဲ။ ခင်ဗျားက သူ့ရဲ့အဖေဆိုရင်တောင် ကျုပ်သူ့ကို လက်လွှတ်မှာ မဟုတ်ဘူး။”
ချန်လွေ့က တမင်တကာပင် သူ့နှင့်ခီရာအကြား အကွာအဝေးကို ခွဲခြားရန်အတွက် အစေခံဟူသောစကားကို အလေးပေး ပြောခဲ့သည်။ ၎င်းမှာ သူ၏ နောက်ဆုံး ကန့်သတ်ချက် ဖြစ်သည်။ သူသည် သွေးမြေကျနှင့် လှည့်ကွက်များ ကစားနိုင်သည်။ သို့သော်လည်း ခီရာအား အက်ဇ်ဂါလောထံ ပြန်ပေးပြီး အရဲစွန့်မည် မဟုတ်ပေ။
“ဆာ အထင်လွဲနေပါပြီ။ ခီရာက ကျုပ်နဲ့ လျှောက်သွားနေတာထက် ဒီမှာနေတာက ပိုကောင်းပါတယ်။ နောက်ပိုင်း ခီရာကို စောင့်ရှောက်ပေးဖို့ ဆာ့ကိုပဲ တောင်းဆိုရမှာပါ။” အက်ဇ်ဂါလောက ပြုံးရင်း ပြောလိုက်သည်။ “ကျုပ် ဒီနေ့ ဒီကိုလာရတဲ့ အကြောင်းရင်းက ခီရာနဲ့ ပြန်ဆုံဖို့အပြင်ကို ဆာ-ဘဏ္ဍာရေးအရှာရှ်ကို အကျိုးအမြတ်ကြီးတစ်ခု ပေးဖို့ အတွက်လည်း ပါတယ်။”
“အကျိုးအမြတ် ဟုတ်လား။” ကစားပွဲတစ်ခု ရောက်ရှိလာပြီဖြစ်ကြောင်း ချန်လွေ့ သိလိုက်သည်။ ခီရာက ချန်လွေ့ကို သဘောပေါက်လိုက်ပြီး အက်ဇ်ဂါလောအရှေ့၌ တမင်တကာပင် ခေါင်းညိတ်လိုက်သည်။
ချန်လွေ့က အက်ဇ်ဂါလောကို ခဏကြည့်လိုက်ပြီး နောက်ဆုံး၌ ခေါင်းညိတ်ကာ ပြောသည်။ “ဆာ-ဂါလော။ ထိုင်ပါဦး။”
အက်ဇ်ဂါလောက ခီရာကို မျက်ရိပ်ပြလိုက်ရာ ခီရာ ပြောသည်။ “သခင်။ ကျွန်မက မင်းသမီးလက်လီစတိုးကနေ ခဏပဲထွက်လာတာ။ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ကျွန်မအဖေနဲ့ ဒီမှာ စကားပြောနေပ။ ကျွန်မ အရင်ထွက်သွားလိုက်ဦးမယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး ခဏစဉ်းစားလိုက်သည်။ သူက ရုံးခန်းထဲမှ လူတိုင်းကို ထွက်သွားခိုင်းလိုက်ရာ သူနှင့် အက်ဇ်ဂါလောသာ ကျန်တော့သည်။
အက်ဇ်ဂါလောသည် ခီရာကို အသုံးချပြီး ချန်လွေ့ကို ရှာဖွေခဲ့သည်။ လက်ရှိ၌ သူ့တွင် မကောင်းသော ရည်ရွယ်ချက်များ မရှိနိုင်လောက်ပေ။ သို့မဟုတ်ပါက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြင့်ဆိုလျှင် အက်ဇ်ဂါလောသည် တစ်ခါတည်း လုပ်ကြံသတ်ဖြတ်နိုင်ပေသည်။ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သော ချန်လွေ့သည်ပင် အက်ဇ်ဂါလောကို တားဆီးနိုင်မည် မဟုတ်ပေ။
“ဆာ-ဂါလော။ အခု အပြင်လူ မရှိတော့ဘူး။ ပြောလို့ရပါပြီ။”
“အဲဒါမတိုင်ခင် ကျုပ်မေးတာကို ခွင့်လွှတ်ပေးပါ။ ဆာက လူသားလောက ကနေ ရောက်လာတာလား။”
ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “ဟုတ်တယ်။ လူတိုင်းသိတဲ့အတိုင်း ကျုပ်က လူသားတစ်ယောက်ပါ။ ကျုပ်သိရသလောက်ဆိုရင် ကျုပ်က နတ်ဆိုးဘုံမှာရှိတဲ့ တစ်ဦးတည်းသော လူသား မဟုတ်ဘူး။”
“ဆာ အထင်လွဲနေပြီ။ လူသားလောကမှာဖြစ်ဖြစ်၊ နတ်ဆိုးဘုံမှာဖြစ်ဖြစ်၊ ပါရမီရှိတဲ့သူတွေက တကယ့်အင်အားကြီးပုဂ္ဂိုလ်တွေပါပဲ။” အက်ဇ်ဂါလော ပြုံးပြသည်။ “ဆာ-ချန်လွေ့က လက်ရှိ အမှောင်လစီးပွားရေးရဲ့ ကောင်းမွန်တဲ့ အခြေအနေအတွက် အဓိက သော့ချက်ဆိုတာ အသေအချာပဲ။ လေလံအိမ်တစ်ခုတည်းနဲ့တင် ဥပမာပြလို့ ရတယ်။”
၎င်းသည် လျို့ဝှက်ချက် မဟုတ်ပေ။ အမှောင်လ၏ တီထွင်ဆန်းသစ်မှုများကို နတ်ဆိုးဘုံက နားမလည်နိုင်ကြပေ။ လူအများအပြားက ၎င်းတွက် လူသားအပေါ် ချီးကျူးစကားပြောကြသည်။ ထို့ကြောင့်ပင် ရှီရာက ထိုလူသားက အရေးကြီးသော နေရာပေးထားခြင်း ဖြစ်ရပေမည်။
ခွန်အားနည်းသော်လည်း စိတ်ထက်မြက်သည်။ အထူးသဖြင့် စီးပွားရေး၌ ဖြစ်သည်။ ၎င်းတို့မှာ လူသား ဘဏ္ဍာရေးအရာရှိအပေါ် အပြင်လူများ၏ ထင်မြက်ချက် ဖြစ်သည်။
ထိုလူသည် အရည်အချင်း ရှိသော်လည်း စွမ်းအားနည်းသည်။ ထို့ကြောင့် ပုန်ကန်မည်ကို စိုးရိမ်စရာ မလိုအပ်ပေ။ ထိုကဲ့သို့သူမှာ အကောင်းမွန်ဆုံး လက်အောက်ခံ တစ်ယောက်ပင် ဖြစ်လေသည်။ လီရိုမြို့ တောနက်စစ်ပွဲထဲ၌ ချန်လွေ့ကို ခေါ်ယူရန် ဂျို့ရှ်ကပင် လူသိရှင်ကြား ဖော်ပြခဲ့သည်။
“တကယ်တော့ ကျုပ်က လူသားလောကရဲ့ လုပ်ရပ်တချို့ကို ကူးယူခဲ့ရုံပါ။” ချန်လွေ့က အသာလေး ခေါင်းခါလိုက်သည်။ “ဒါကို ပါရမီလို့ ခေါ်လို့ မရနိုင်ပါဘူး။ ကျုပ်က တော်ဝင်မင်းသမီးရဲ့ အသိအမှတ်ပြု ခံရပြီးတော့ အခုလက်ရှိနေရာကို ရနေတာနဲ့တင် လုံလောက်နေပါပြီ။”
“ဆာက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းတာပဲ။” အက်ဇ်ဂါလောက ချန်လွေ့က လေးလေးနက်နက် စိုက်ကြည့်ပြီး ရုတ်တရက် တည်တည်ငြိမ်ငြိမ် ပြောသည်။ “ဆာ။ ခင်ဗျား ရှေ့တစ်ဆင့် ဆက်သွားဖို့ စဉ်းစားဖူးလား။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ကမ်းလှမ်းတာလား။
အက်ဇ်ဂါလောက အမှောင်လကို ကိုယ်တိုင်ရောက်လာပြီးတော့ ကမ်းလှမ်းဖို့ ရည်ရွယ်ချက်နဲ့ ခီရာရဲ့အဖေအဖြစ် ပေါ်ထွက်လာခဲ့တာလား။ ဒါက ငါ့လို “လူသား” တစ်ယောက်ကို အထင်ကြီးလွန်းတာ မဟုတ်ဘူးလား။
ဒီယောက္ခမက ဗိုလ်ချုပ်ဂျော့ချ် မဟုတ်ဘူး။ သူ ရောက်လာမှတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကို “ဧည့်ခံ” ပေးရမယ်။