← Chapters

အသိတွေလား။ အမှောင်လနန်းတော်၏ ဂုဏ်သရေရှိဧည့်သည်များ

Vol. 27 Ch. 397

အသိတွေလား။ အမှောင်လနန်းတော်၏ ဂုဏ်သရေရှိဧည့်သည်များ

Vol. 27 Ch. 397

“ဆာ-ဂါဇော။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ကျုပ်က ငတုံး မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားပြောတာကို ကျုပ် နားမလည်သေးဘူး။”

အက်ဇ်ဂါလောက တောက်ပစွာ ပြုံးနေဆဲပင် ဖြစ်သည်။ “ဆာ့ရဲ့ ပါရမီနဲ့ဆိုရင် အင်ပါယာ တစ်ခုရဲ့ ဘဏ္ဍာရေးဝန်ကြီးတစ်ယောက် ဖြစ်ဖို့အတွက် လုံလောက်ပါတယ်။ လက်ရှိ ဘဏ္ဍာရေးအရာရှိနေရာက အစွမ်းအစကို ဖြုန်တီးနေသလိုပါပဲ။”

“ကျုပ်က အားနည်းတဲ့ ‘အပြင်လူ’ တစ်ယောက်ပါပဲ။ ပြီးတော့ လက်ရှိ ဘဏ္ဍာရေးအရာရှိနေရာက တော်တော်လေး မြင့်နေပြီ။ ဧကန္တ...ကျုပ်က လော့ဒ်တစ်ယောက်တောင် ဖြစ်နိုင်တာများလား။”

အက်ဇ်ဂါလော၏အကြည့် လျို့ဝှက်ဆန်းကြယ် သွားသည်။ “နတ်ဆိုးဘုံမှာ ဆိုရိုးတစ်ခု ရှိတယ်။ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ဆာ တကယ် ဖြစ်ချင်တယ်ဆိုရင် လော့ဒ်တစ်ယောက် ဖြစ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

“နတ်ဆိုးဘုံက ဆိုးရိုးစကားဟောင်းတစ်ခွန်းကို ကျုပ် ကြားဖူးပါတယ်။” ချန်လွေ့ တမင်မေးလိုက်သည်။ “ဒါဆို....ဆာ-ဂါလောက ဘယ်အင်ပါယာကို ကိုယ်စားပြုတာလဲ။ အမှောင်လကို လာရတဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ။”

“ကျုပ်ရဲ့ရည်ရွယ်ချက် ‌ဆာ-ချန်လွေ့ လိုအပ်နေတာတွေနဲ့ တော်တော်လေး နီးစပ်နေတယ်။ ဆာ လိုချင်တဲ့ အခြေအနေတွေ အများကြီးကို ကျုပ် ပေးနိုင်တယ်။”

အက်ဇ်ဂါလောရဲ့ လေသံကိုကြည့်ရတာ သူက ငါ့ကို တကယ်ခေါ်ယူ‌ချင်နေတာလား။ ဒါမှမဟုတ် ဘဏ္ဍာရေးအရာရှိဖြစ်တဲ့ ငါ့ကို အသုံးချပြီးတော့ အမှောင်လကို ဖျက်‌‌ဆီးချင်တာလား။ တစ်ခုခု လွဲနေကြောင်း ချန်လွေ့ ခံစားနေမိသည်။ လီရိုမြို့ တိုက်ပွဲမှာ ရှီရာကို အသက်စွန့် ကာကွယ်ဖို့အတွက် အကြောက်တရားကင်းမဲ့တဲ့ စိတ်ဝိညာဉ်ကို ငါ ပြသခဲ့တယ်။ ငါ အခု လွယ်လွယ်နဲ့ “မပုန်ကန်”ဘူးဆိုတာ အသေအချာပဲ။ ပြီးတော့ ချန်လွေ့ဆိုတဲ့ သရုပ်က ကိစ္စတွေအများကြီးနဲ့ ဆက်နွှယ်နေတယ်။ ချန်လွေ့က ဆရာသခင် “အာသာ”လိုမျိုး မကောင်းတဲ့ကိစ္စတွေ ယာယီလုပ်ဖို့အတွက် အချိန်မရွေး ပျောက်သွားလို့ ရတဲ့သူမျိုး မဟုတ်ဘူး။

“ခင်ဗျားက ခီရာရဲ့ အဖေသာ မဟုတ်ဘူးဆိုရင် အခု အကျဉ်းချခံလိုက်ရပြီ။” ချန်လွေ့ မတ်တပ်ရပ်ပြီး ဂရုမစိုက်ဘဲ ပြောသည်။ “ခင်ဗျားက ခီရာရဲ့အဖေဆိုတော့ ကျုပ် သေသေချာချာ ပြောလိုက်မယ်။ တော်ဝင်မင်းသမီးကို ကျုပ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့စွမ်းရည်နဲ့ သရုပ်ကို ကျုပ်ကောင်းကာင်းသိတယ်။ ကျုပ်က လော့ဒ်ဖြစ်ဖြစ်၊ ဘဏ္ဍာရေးဝန်ကြီး ဖြစ်ဖြစ် ဖြစ်ဖို့အတွက် အရည်အချင်း မပြည့်မီဘူး။လက်ရှိ ဘဏ္ဍာရေးအရာရှိက ကျုပ်အတွက် အသင့်တော်ဆုံး နေရာပဲ။ ဒီမှာ ကျုပ်ရဲ့ပါရမီတွေကို အသုံးချလို့ရတယ်။ ဆာ ဒီကိုလာရတဲ့ရည်ရွယ်ချက်က အကျိုးမရှိတဲ့ တောင်းပန်ဖို့အတွက်ဆိုရင်တော့ အခု ပြန်လို့ ရပါပြီ။ ခီရာရဲ့ အပြုအစုတွေကို စဉ်းစားပေးပြီးတော့ ခင်ဗျားကို အမှောင်လကနေ ဘေးကင်းကင်း ထွက်သွားခွင့် ပေးနိုင်တယ်။”

ထိုသို့ပြောလိုက်သော်လည်း ချန်လွေ့ အနည်းငယ် စိုးရိမ်နေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်ဖြစ်သူသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ သူ ရန်လိုသည်နှင့် အကျိုးဆက်များမှာ မစဉ်းစားနိုင်‌ လောက်အောင်ပင် ဖြစ်သည်။ အက်ဇ်ဂါလောက ခီရာကို ခေါ်သွားချင်လျှင်ပင် သူ့ကိုတားနိုင်မည့်လူ အမှောင်လ၌ မရှိပေ။

အက်ဇ်ဂါလောက ချန်လွေ့ကို ခဏစိုက်ကြည့်ပြီး ဟက်ပက်ပက် ရယ်မောလိုက်သည်။ ခဏကြာပြီးနောက် သူက ကျေနပ်သည့်အသွင်သို့ ပြောင်းလဲသွားသည်။ “ဒါပဲ။ လူသားဖြစ်ဖြစ်၊ နတ်ဆိုးဖြစ်ဖြစ်၊ အရှားပါးဆုံးက ကိုယ့်ကိုယ်ကိုယ် သိတာပဲ။ ဆာ-ချန်လွေ့က တကယ့်ကို ပါးနပ်ပြီးတော့ ဇွဲကောင်းတာပဲ။ ဆာ့အနားမှာ ခီရာကိုထားဖို့ အတွက်လည်း ကျုပ်စိတ်ချလို့ရပါပြီ။”

ချန်လွေ့ ဇဝေဇဝ ဖြစ်သွားသော်လည်း စိတ်အေးသွား၏။ ယုတ်စအဆုံး သူ၏ဘေး၌ ခီရာအား “သူလျှို”အဖြစ် ထားထားခြင်းသည် ကောင်းကျိုးတစ်ခုပင် ဖြစ်လေသည်။

ချန်လွေ့သည် ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ အဆင့်တက်သွားသော်လည်း နတ်ဆိုးအရှင်သခင် နယ်ပယ်နှင့် အတော်လေး ဝေးကွာနေသေးသည်။ အထူးသဖြင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှင့် အလွန်ပင် ကွာဟနေသည်။

ချန်လွေ့ ပင့်သက်ရှိုက်ပြီးနောက် ပို၍ပင် ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည်။

စွမ်းအား။ ငါ စွမ်းအားတွေ ပိုလိုအပ်တယ်။ ငါ တန်ဖိုးထားရတဲ့သူတိုင်းကို ကာကွယ်ရမယ်။

“ကျုပ် ခုနက ရိုင်းပျမိသွားတယ်။ ဒီလက်ဆောင်လေးကို တောင်းပန်တဲ့အနေနဲ့ လက်ခံပေးပါ။ ခီရာကို စောင့်ရှောက်ပေးတဲ့ အတွက် ကျေးဇူးတင်တာလို့ သဘောထားပေးပါ။ ပြီးတော့လည်း သူ့ကို ဆက်ပြီး စောင့်ရှောက်ပေးပါ။” ထိုသို့ပြောပြီးနောက် အက်ဇ်ဂါလောက ချန်လွေ့ကို သိုလှောင်လက်စွပ် တစ်ကွင်း ကမ်းပေးလိုက်သည်။

ချန်လွေ့ ခဏတုံ့ဆိုင်းသွားပြီးနောက် ၎င်းကို ယူလိုက်သည်။ ထိုအထဲ၌ သလင်းကျောက်နက်ဒင်္ဂါး အမြောက်အမြားနှင့် မှော်လက်ပတ်တစ်ခု ရှိနေသည်။

“ဒီလက်ပတ်က တစ်ဝက်-ဒဏ္ဍာရီလာအဆင့် မှော်ပစ္စည်းတစ်မျိုးပါ။ ဒါက အကာအကွယ်မှော်နဲ့ တယ်လီပို့မှော်ကို အလိုအလျောက် ထုတ်ပေးနိုင်တယ်။ ခွင့်လွှတ်ပေးပါ။ ဆာ။ ဆာ-ချန်လွေ့ရဲ့ အားနည်းချက်က ခွန်အားပါ။ ကိုယ့်လုံခြုံရေးကို သတိထားပါ။ ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်ဆိုရင် ဆာ ဒီနေ့ ဒုက္ခရောက်သွားပြီ။” အက်ဇ်ဂါလောက ပွင့်ပွင့်လင်းလင်း ပြောဟန်ဆောင်လိုက်သည်။ ထိုတစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်း၏ ကဏ္ဍမှာ အမှန်တကယ် အကန့်အသတ်ရှိသော်လည်း လူသား ဘဏ္ဍာရေးအရာရှိအတွက် အသုံးကျပြီး အံကိုက်ဖြစ်သည်ဟု ပြော၍ရနိုင်ပေသည်။

“ဆာ-ဂါလော။ ဝေ့ဝိုက်ပြောမနေပါနဲ့တော့။” ချန်လွေ့က လက်ဆောင်ကို မငြင်းပယ်ဘဲ လက်ခံကာ ပို၍ပင် လေးလေးစားစား ပြောလိုက်သည်။ “ကျုပ်မှာ စွမ်းအားအများကြီး မရှိပေမဲ့ ခင်ဗျားက သာမန်မဟုတ်တာ ကျုပ်သိတယ်။ ခင်ဗျားရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ ပြောပါ။”

အက်ဇ်ဂါလော ခေါင်းညိတ်သည်။ “ဆာ-ချန်လွေ့က ပါးနပ်တာပဲ။ အမှောင်လက လိပ်ပြာနီနဲ့ ‌ချော်ရည်ပြာနယ်မြေကို အနိုင်ယူခဲ့ပြီးတော့ စီးပွားရေး၊စစ်ရေး အလျင်အမြန် တိုးတက်နေပေမဲ့ ကပ်ဘေးနဲ့ ဝေးနေတာတော့ မဟုတ်ဘူး။ အမှောင်လရဲ့ လျို့ဝှက်အင်အားတွေက မြို့တော်ရဲ့ သူလျှိုတွေဆီကို ပေါက်ကြားသွားခဲ့ပြီ။ ဒါက မုန်တိုင်းမလာခင် ခဏတိတ်ဆိတ်နေတာမျိုးပဲ။ ကြယ်ကြွေတမန် မြို့တော်ရဲ့အင်အားကို နယ်မြေလေး နှစ်ခုတည်းနဲ့ လုံးဝယှဉ်လို့ မရဘူး။ ရီဂျန့်အိုဆိုင်ဒန် တစ်ယောက်တည်းက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ။ အဲဒီအချိန်ကျရင် အမှောင်လရဲ့ အခြေအနေက...”

“အဲဒါက ဒီနေ့ ဆာ လာလည်ရတဲ့ ရည်ရွယ်ချက်နဲ့ ဘာဆိုင်လို့လဲ။”

“ကျုပ်ရဲ့ သရုပ်မှန်က သွေးရောင်အင်ပါယာမှာရှိတဲ့ ရွက်နီ ကုန်သည်ကြီးများအသင်းရဲ့ ဒု-ဥက္ကဋ္ဌပါ။ ရွက်နီကုန်သည်ကြီးများအသင်း‌ကို နောက်ကွယ်က ထိန်းချုပ်နေတဲ့သူက သွေးရောင်အင်ပါယာရဲ့ မင်းသားအကြီးဆုံးဖြစ်တဲ့ အရှင်မင်းသား အေးလီးယက်စ်ပဲ။ ‌ရွက်နီကုန်သည်ကြီးများ အသင်းနဲ့ အမှောင်လတို့ကြားက ပူးပေါင်းမှုကို တွေးနွေးအတွက် အရှင်အေးလီးယက်စ်က အမှောင်လရဲ့ တော်ဝင်မင်းသမီးနဲ့ လာတွေ့ဖို့ ကျုပ်ကို အမိန့်ပေးခဲ့တာ။ ဒီလိုပူးပေါင်းမှုမျိုးက စီးပွားရေးတစ်ခုတည်း မဟုတ်ဘူး။ ဘက်ပေါင်းစုံကပဲ။ မင်းသားအေးလီးယက်စ်က တော်တော်လေး ထူးချွန်တယ်။ သူက နတ်ဆိုးအရှင်သခင်နယ်ပယ်ကို ရောက်သွားပြီ။ သူက သွေးမြေကျရဲ့ အရိပ်နက် အင်ပါယာရဲ့ ထီးနန်းကို ဆက်ခံဖို့အတွက် အသေချာဆုံးအဖြစ် အသိအမှတ် ပြုခံထားရတယ်။ အမှောင်လက ရွက်နီကုန်သည်ကြီးများအသင်းရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာမယ်ဆိုရင် မင်သား အိုဆိုင်ဒန်တောင် ကြောက်နေရမှာပါ။ သူ စိတ်လိုက်မာန်ပါ လုပ်ရဲမှာမဟုတ်ဘူး။”

အက်ဇ်ဂါလော၏ စကားများကို ကြားပြီးနောက် ချန်လွေ့က စိတ်ထဲ၌ အလျင်အမြန် စဉ်းစားလိုက်သည်။ ရွက်နီ ကုန်သည်ကြီးများ အသင်းက သွေးမြေကျရဲ့အင်အား ဖြစ်ဖို့များတယ်။ ဒါဆိုရင် အရိပ်နက်အင်ပါယာရဲ့မင်းသား အေးလီးယက်စ်က သွေးမြေကျရဲ့ အဖွဲ့ဝင်ပေါ့။ ဧကန္တ... သွေးမြေကျကို ကြိုးကိုင်ထားတာက အေးလီးယက်စ်များလား။ ဒါမှမဟုတ် သူ့အထက်က..... မဟာရိုင်ဇန်များလား။

နတ်ဆိုးဘုံရဲ့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တွေပဲ သလင်းကျောက်နဂါးနဲ့ အက်ဇ်ဂါလောကို ထိန်းချုပ်နိုင်လောက်မယ်။ အင်ပါယာ၃ခုက စစ်ဆိုင်းစာချုပ်ကို ချုပ်ဆိုပြီးတော့ ဒီလိုငြိမ်းချမ်းတဲ့ အ‌ခြေအနေကနေ ဖြစ်လာတဲ့ ဒီလှည့်ကွက်ကိုသုံးဖို့ သွေးမြေကျအဖွဲ့အစည်းကို အသုံးချနေကြတာလား။

တစ်ခုခုလွဲနေကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ အက်ဇ်ဂါလော၊ မာနူနဲ့ တခြားသူတွေမှာ ရူးမိုက်တဲ့ ရည်မှန်းချက်တွေ ရှိကြတယ်။ သေချာတာကတော့ သူတို့က ပျောက်ဆုံးသွားတဲ့ တော်ဝင်မိသားစုရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရှင်သန် စေချင်တယ်။ “သွေးမြေကျ”က နတ်ဆိုးဘုံ၏ တည်ရှိနေတဲ့စွမ်းအားကို ဖျက်‌ဆီးပြီးတော့ အသစ်ပြန်တည်ဆောက်မယ့် ပုံစံမျိုး ငါမြင်နေရတယ်။ အဲဒါကြောင့် ရိုင်ဇန်ကို ဘေးဖယ်ထားလိုက်။ တကယ်လို့ အေးလီးယက်စ်က သွေးမြေကျရဲ့ ခေါင်း‌ဆောင် ဖြစ်မယ်ဆိုရင်တော့ သူ့ရဲ့ရည်ရွယ်ချက်က..... သူ့ခမည်းတော်ကို ပုန်ကန်ချင်တာလား။

ဘယ်လိုပဲဖြစ်ဖြစ် အက်ဇ်ဂါလော ရောက်လာတယ် ဆိုတာက တိုးတက်လာနေတဲ့ အမှောင်လကို သွေးမြေကျက အာရုံစိုက်နေပြီလို့ ဆိုတာပဲ။ သူက လက်ရှိ အမှောင်လ ရင်ဆိုင်နေရတဲ့ ကပ်ဘေးနဲ့ ပလ္လင်ပြန်ရချင်တဲ့ ရှီရာရဲ့ ရည်မှန်းချက်ကို အခွင့်ကောင်းယူချင်နေတယ်။ သူတို့က အမှောင်လကို သွေးမြေကျရဲ့ အင်အား ဖြစ်စေချင်နေတာ။ ပြီးရင် သူတို့က တော်ဝင်မင်းသမီး ရှီရာရဲ့ သရုပ်ကို အသုံးချပြီးတော့ ကြယ်ကြွေတမန်အင်ပါယာ တစ်ခုလုံးကို တစ်ဆင့်ချင်း ထိန်းချုပ်ပြီး ဖျက်ဆီးကြမှာ။

ငါ့လို ဘဏ္ဍာရေးအရာရှိကို သူ သိမ်းသွင်းဖို့ ကြိုးစားတာက စမ်းသပ်ချက် တစ်ခုပဲ။

ချန်လွေ့သည် လျို့ဝှက်အကြံအစည်ထဲ ကျရောက်သွားကြောင်း အက်ဇ်ဂါလော မြင်လိုက်ပြီး စိတ်ယိုင်သွားပြီဟု ထင်လိုက်သည်။ သူမသိသည်မှာ ထိုသေးနုပ်သော လူသားသည် သူ၏စခန်း သလင်းကျောက်တောင်ကြားကို ဖျက်ဆီးခဲ့သော တရားခံ ဖြစ်နေခြင်းပင်။ ထို့ပြင် ချန်လွေ့သည် သူ၏သရုပ်မှန်နှင့် ရည်ရွယ်ချက် အမှန်ကို မြင်သွားခဲ့သည်။

“ဆာ-ဂါလောရဲ့ သရုပ်က ကျုပ်ကို အံ့အားသင့် သွားစေခဲ့တာပဲ။” နောက်ဆုံး၌ ချန်လွေ့ ပြောလိုက်သည်။ “ဒါက စီးပွားရေးပူးပေါင်းမှု တစ်ခုပဲဆိုရင်တော့ အခုပဲ ကျုပ် ဆုံးဖြတ်ချက် ချလို့ရတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ဆာ့ကို ပြန်မပြောခင် တော်ဝင်မင်းသမီးကို အရင် သတင်းပို့မှရမယ်။ အဲဒီအချိန် ဆာ့ကို တွေ့မတွေ့က တော်ဝင်မင်းသမီး ဆုံးဖြတ်တဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဒီနေ့ တော်ဝင်မင်းသမီးက တံခါးပိတ် လေ့ကျင့်နေတာ။ အဲဒါကြောင့် အပြင်ဧည့်သည်တွေကို တွေ့နိုင်‌သေးမှာ မဟုတ်ဘူး။ အမှောင်လမှာ သုံးလေးရက်လောက် ဆာ-ဂါလော နေနိုင်မလား။ အဲဒါဆို တော်ဝင်မင်းသမီးနဲ့ တွေ့ဖို့အတွက် ကျုပ် မိတ်ဆက်ပေးပါမယ်။”

အက်ဇ်ဂါလော၏ စွမ်းအားဖြင့် ရှီရာကို အမှန်တကယ် တွေ့ချင်သည်‌ဆိုလျှင် ချန်လွေ့ မည်သို့ပင် တားဆီးကာမူ အသုံးဝင်မည် မဟုတ်ပေ။ ထိုအချိန်၌ ချန်လွေ့သည် အချိန်ဆွဲရုံသာ တတ်နိုင်လေသည်။

“ရတာပေါ့။” အက်ဇ်ဂါလောက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး နောက်ထပ် သိုလှောင်လက်စွပ် တစ်ကွင်းကို ကမ်းပေးသည်။ “ခုနက လက်ဆောင်လေးက ခီရာကို စောင့်ရှောက်ပေးတဲ့ အတွက် ဆာ့ကို ကျုပ်ကိုင်တိုင် ကျေးဇူးတင်တာပါ။ ဒီလက်ဆောင်ကတော့ ဆာ မိတ်ဆက်ပေးလို့ ရွက်နီ ကုန်သည်ကြီးများအသင်းက ကျေးဇူးတင်တာပါ။ ဒီပူးပေါင်းမှုက နှစ်ဖက်လုံး အတွက် ကြီးကြီးမားမား အကျိုးအမြတ်ရမှာ။ တော်ဝင်မင်းသမီးအရှေ့မှာ ဆာ့ရဲ့ စကားပြောခွင့်က တော်တော်လေး များပါတယ်။ ဒီပူးပေါင်းမှု အောင်မြင်မယ်ဆိုရင် ကျုပ် နောက်ထပ်လက်ဆောင်တွေ ပေးမှာပါ။”

ထိုသိုလှောင်လက်စွပ်ထဲမှ သလင်းကျောက်နက် ဒင်္ဂါးများမှာ ယခင်တစ်ခုထက် ဆယ်ဆခန့် ပိုများသည်။ သွေးမြေကျသည် အမှန်တကယ်ပင် ရက်ရောလှသည်။ ချန်လွေ့သည် သတိမထားဘဲ ထိုလက်စွပ်ကို လက်ခံလိုက်ပြီး မျက်လုံး လည်လိုက်သည်။ “ကောင်းပြီလေ။ ‌မင်းသမီးရှီရာ လေ့ကျင့်တာ ပြီးမပြီး သိရဖို့အတွက် နန်းတော်ကို ကျုပ်သွားလိုက်ဦးမယ်။ မပြီးသေးဘူးဆိုရင်တော့ တစ်ရက်နှစ်ရက်လောက် စောင့်ပေးပါ။ ဆာ။”

“ကိစ္စမရှိပါဘူး။ ကျေးဇူးအများကြီး တင်ပါတယ်။ ဆာ။” အက်ဇ်ဂါလော၏အပြုံးသည် ပို၍ပင် ကျယ်ပြန့်သွားသည်။ သူနေသည့် ဟိုတယ်ကို ပြောပြပြီးနောက် အက်ဇ်ဂါလောသည် မတ်တပ်ထကာ နှုတ်ဆက်လိုက်သည်။

ချန်လွေ့က အက်ဇ်ဂါလောအား တံခါး‌ဆီသို့ လိုက်ပို့ပြီးနောက် နန်းတော်သို့ အလျင်အမြန် လမ်းလျှောက်သွားတော့သည်။

နန်းတော်အပြင်ဝင်းဂိတ်ထဲသို့ ဝင်လိုက်သည်နှင့် ချန်လွေ့သည် အပြင်ထွက်လာသော ခါဂူလီကို တွေ့သွားသည်။ လော့ဒ်စစ်ပွဲပြီးနောက်တွင် အမှောင်လ၏ အတွင်းရေးတာဝန်များကို ချိန်ညှိမှုတချို့ ပြုလုပ်ခဲ့သည်။ ခါဂူလီသည် လီရိုမြို့ တောနက်ရှိတိုက်ပွဲ၌ ထူးချွန်မှုများကြောင့် သွေးနီ အင်ပါယာအစောင့်များ၏ လက်ထောက်တပ်မှူး ဖြစ်သွားခဲ့သည်။ သူက နန်းတော်အစောင့်များကို တာဝန်ယူရသည်။ သူ၏အစ်ကို ခါဂူရွန်သည် တပ်သားအသစ်မျုး ခန့်အပ်ရေးနှင့် လေ့ကျင့်ရေးကို အာရုံစိုက်နေသည်။ မင်းသမီး လက်လီစတိုး၏ အဲလစ်အတွက်ကိုမူ ခီရာအပြင် ချန်လွေ့ သေသေချာချာ ပုံစံဖော်ထားသော မှော်စက်ဝိုင်းများလည်း ရှိသည်။ ဒေလီယာ၏ အမှောင်နတ်ဆိုး အဖွဲ့သားများကလည်း အဲလစ်ကို စောင့်ကြပ်ကာ စောင့်ကြည့်နေကြသည်။ ထို့ကြောင့် လုံခြုံရေးမှာ ယခင်ထက် ပိုမိုမြင့်မား နေလေသည်။

ခါဂူလီနှင့် ချန်လွေ့တို့မှာ အသိဟောင်းများ ဖြစ်ကြသည်။ ချန်လွေ့ ဝင်လာသည်ကို မြင်သည့်အခါ ခါဂူလီ ကြောင်သွား၏။ သူက ချန်လွေ့ကို ဘေးဖက်သို့ခေါ်ပြီး တီးတိုးပြောသည်။ “ဆာ-ချန်လွေ့။ ရှင်ရောက်လာတာနဲ့ အတော်ပဲ။ ခုနကပဲ တော်ဝင်မင်းသမီးက ရှင့်ကို ဆင့်ခေါ်လိုက်တာ။ အခု တော်ဝင်မင်းသမီးက ကောင်စီခန်းမမှာ အရေးကြီးဧည့်သည် နှစ်ယောက်နဲ့ တွေ့နေတယ်။ မြန်မြန်သွားပေးပါ။”

ချန်လွေ့က ခါဂူလီ၏ ထူးခြားပြီး သတိထားသော အသွင်အပြင်ကိုကြည့်ကာ ခေါင်းညိတ်သည်။ ထို့နောက် ကောင်စီခန်းမထဲသို့ လမ်းလျှောက် သွားလိုက်ရာ မည်သည့်အစောင့်မျှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ ထိုဂုဏ်သရေရှိ ဧည့်သည် နှစ်ယောက်၏ အဆင့်အတန်းမှာ မရိုးရှင်းနိုင်ပေ။ ခုနက သွေးမြေကျ ငါ့ဆီ ရောက်လာပြီးတော့ ငါလည်း သဘောတူလိုက်တယ်။ သေချာပေါက် သူတို့က ရှီရာနဲ့ မြန်မြန်တွေ့မှာ မဟုတ်ဘူး။ အဲလိုမှမဟုတ်ရင် အက်ဇ်ဂါလောက ခီရာကိုသုံးပြီး ငါ့ကိုလာတွေ့မှာ မဟုတ်ဘူး။

ချန်လွေ့သည် ကောင်စီခန်းမတစ်လျှောက် လမ်းလျှောက်သွားလိုက်ရာ ရှီရာနှင့်သူတို့ စကားပြောနေသည်ကို မြင်လိုက်ရသည်။

သူတို့နှစ်ယောက်လုံးမှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးများ ဖြစ်ကြသည်။ ဝတ်ရုံအပြာနှင့် အမျိုးသမီးမှာ ရှီရာအရှေ့တွင် ထိုင်နေပြီး ဝတ်ရုံနက်နှင့်တစ်ယောက်မှာ အနောက်ဘက်၌ မတ်တပ်ရပ်နေ၏။ နှစ်‌‌‌ယောက်လုံးက မျက်နှာကို ဇာမျက်နှာလွှားဖြင့် ဖုံးလွှမ်းထားကြသည်။

ထိုဝတ်စုံ ပုံစံမျိုးကို ချန်လွေ့ အနည်းငယ် ရင်းနှီးနေသည်။ ၎င်းမှာ အရိပ်နက်အင်ပါယာမှ အမျိုးသမီးများ၏ ဝတ်စားမှုပုံစံမျိုး ဖြစ်ပုံရသည်။

ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ၌ အသိပေးချက် တစ်ခု ပေါ်ထွက်လာ၏။ ဝတ်ရုံပြာနှင့် အမျိုးသမီး၏ မျိုးနွယ်မှာ ကာမတော်ဝင်မိသားစု ဖြစ်ပြီး စွမ်းအား အကဲဖြတ်မှုမှာ A- (A-) ဖြစ်ကာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သည်။

သူသည် အရိပ်နက်အင်ပါယာရှိ အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှ ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။ ယခုတစ်ခေါက်တွင် ပါရမီရှိပြီး အစွမ်းထက်သော လူအများက အမှောင်လ၌ လာရောက်စုဝေးနေကြပုံရသည်။

ချန်လွေ့ကို အမှန်တကယ် အံ့ဩသွားစေသည်မှာ ထိုအမျိုးသမီး၏နောက်ဘက်ရှိ သက်တော်စောင့်နှင့်တူသော ဝတ်ရုံအနက်နှင့် အမျိုးသမီးပင် ဖြစ်လေသည်။

မျိုးနွယ် - ကာမတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - A (S+)

ခန္ဓာအမျိုးအစား - A (S+)

ခွန်အား - A (S+)

စိတ်ဝိညာဉ် - A (S+)

မြန်ဆန်မှု - A (S+).

[ စိစစ်ချက် ] - လက်ရှိ မစိစစ်နိုင်။

ဒီဝတ်ရုံနက်နဲ့ အမျိုးသမီးက တကယ်ကြီး နတ်‌ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ။

ဒီနေ့ အမှောင်လမှာ ငါတကယ်ပဲ အစွမ်းအထက်ဆုံး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှစ်ယောက်နဲ့ ‌တွေ့ခဲ့ရတယ်။

ရုတ်တရက် နှလုံးခုန်မြန်လာကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ အက်စ်မိုဒက်စ် မိသားစုမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတွေ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ။‌ အဲဒီထဲက ဘယ်နှစ်ယောက်က အမျိုးသမီးတွေလဲ။

ဝတ်ရုံအနက်နှင့် အမျိုးသမီးသည် ထိုခံစားချက် အနည်းငယ်ကို သေသေချာချာ ခံစားနေပုံရသည်။ သူက ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည့်အခါ ချန်လွေ့က ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားမိသွားသည်။ သူ့ကို ရင်းနှီးသလိုပဲ။

စိတ်ထင်တာလား။

မဖြစ်နိုင်ဘူး။

ဝတ်ရုံနက်နှင့် အမျိုးသမီးက မျက်လုံးထဲ၌ သံသယ အနည်းငယ်ဖြစ်သွားပြီး ချန်လွေ့ကို ခဏကြည့်ကာ အကြည့်လွှဲလိုက်သည်။

ချန်လွေ့က ပင့်သက်ရှိုက်ပြီး ရှီရာကို အရိုအသေ ပေးလိုက်သည်။ “တော်ဝင်မင်းသမီး။ ကျုပ်မှာ အရေးတကြီး သတင်းပို့စရာ ရှိပါတယ်။ ပြီးတော့ တံခါးမှာ ဆာ-ခါဂူလီနဲ့ တွေ့ခဲ့တယ်။ အဲဒါမှပဲ အရှင်မ ကျုပ်ကို ဆင့်ခေါ်တာ သိခဲ့ရတာပါ။”

အပြင်လူများ ရှိနေသည့်အခါ ချန်လွေ့သည် ကျင့်ဝတ်ထုံးတမ်းနှင့်အညီ ပြုမူ၏။ ရှီရာ ခေါင်းညိတ်သည်။ “ဒါကြောင့် မင်း မြန်မြန် ရောက်လာတာကိုး။ မင်း နောက်မှ သတင်းပို့လို့ ရတယ်။ အရင်‌ဆုံး ဒီဂုဏ်သရေရှိ ဧည့်သည် နှစ်ယောက်ကို လာတွေ့လိုက်ဦး။ ဒါ‌က လေဒီ လီလစ်စ်။ သူ့နောက်ကတစ်ယောက်က တပ်မှူး အိုင်းစစ်။ ဒီအမျိုးသမီးနှစ်ယောက်က အရိပ်နက် အင်ပါယာရဲ့ အက်စ်မိုဒက်စ် မိသားစုဝင်တွေ။”

အိုင်းစစ် တဲ့လား။ တော်တော်လေးစိမ်းတဲ့ နာမည်ပဲ။

ချန်လွေ့ စိတ်အေးအေးထားပြီး ထိုအမျိုးသမီး နှစ်ယောက်ကို အရိုအသေ ပြုလိုက်သည်။ “အမှောင်လရဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိ ချန်လွေ့က ဂုဏ်သရေရှိ အမျိုးသမီးနှစ်ယောက်ကို အရိုအသေပေးပါတယ်။”

လီလစ်ဇ်က ပြောသည်။ “ဆာ-ချန်လွေ့ရဲ့ စွမ်းဆောင်ရည်ရှိတဲ့ အရာရှိဂုဏ်သတင်း အကြောင်းကို ကျွန်မကြားတာ ကြာပါပြီ။ ရှင့်ကို ဒီနေ့တွေ့ရတော့ ရှင့်ရဲ့ အမူအကျင့်တွေက တကယ့်ကို ထူးခြားပါပေတယ်။ ခုနကပဲ ကျွန်မက မင်းသမီးရှီရာနဲ့ ဆာ့ရဲ့ လုပ်ရပ်တွေအကြောင်း ပြောဖြစ်ခဲ့တယ်။ ဆာ-ချန်လွေ့က အမှောင်လ ဒီနေ့လို အောင်မြင်မှု ရရှိလာဖို့ ကြီးကြီးမားမား အကျိုးပြုပေးခဲ့တာပဲ။”

ချန်လွေ့က နှိမ့်ချသော စကားအနည်းငယ် အလျင်အမြန် ပြောလိုက်ပြီးနောက် ရှီရာ၏ နောက်ဘက်သို့သွားကာ မတ်တပ်ရပ်နေလိုက်သည်။

လီလစ်ဇ်က ရိုးရိုးတန်းတန်း ပြောသည်။ “မင်းသမီးရှီရာ။ ဧကရီကတ်သရင်းက ဒီတစ်ခေါက် အမှောင်လဆီ လာဖို့အတွက် အမိန့်ပေးထားတာ။ ကျွန်မတို့က အမှောင်လနဲ့ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု တည်ဆောက်ချင်တယ်။”

ချန်လွေ့ တွေးလိုက်သည်။ ဧကရီလည်း သွေးမြေကျရဲ့ နည်းလမ်းကို သုံးချင်တာလား။ ရှီရာကို သာမန်ထောက်ပံ့ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာကို ထိန်းချုပ်ပြီး ခြေမှုန်းဖို့ ငြိမ်းချမ်းရေးကို အသုံးချမှာလား။ ကတ်သရင်းရဲ့ ဉာဏ်ပညာနဲ့‌‌ဆိုရင် ဒီလိုမျိုး နည်းဗျူဟာက ဖြစ်နိုင်တယ်။

ကတ်သရင်းနာမည်ကို ကြားသည့်အခါ ရှီရာ၏ မျက်လုံးထဲ၌ အရောင်လက်ခနဲ ဖြစ်သွား၏။ “ကျွန်မကို ထပ်ပြီးပြောပြပေးပါ။”

“အရိပ်နက်အင်ပါယာနဲ့ အမှောင်လတို့ကြား ပူးပေါင်းမှု စလုပ်နေတာ ကြာပါပြီ။ ကတ်စတာ မိသားစုနဲ့ အမှောင်လက ပူးတွဲ ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ မင်းသမီးလက်လီစတိုးကိုလည်း အရိပ်နက်အင်ပါယာမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တယ်။ အခုဆိုရင် စီးပွားရေးက တော်တော်လေး ဖွံ့ဖြိုးနေပြီ။ မြို့တော်နဲ့ ပတ်ဝန်းကျင်က နယ်မြေတွေလည်း အမှောင်လကို အတုခိုးပြီးတော့ ညဈေးတွေ၊ လေလံအိမ်တွေနဲ့ တခြားလုပ်ငန်းတွေ တည်ဆောက်လာကြတယ်။ ဧကရီရှင်မ အမှောင်လရဲ့ တိုက်ပွဲဘောလုံးနဲ့ နောက်ဆုံးပေါ် မြေဆီတိုးမြှင့်ခြင်း နည်းပညာကို စိတ်ဝင်စားနေတယ်။ သူက အမှောင်လနဲ့ ရိုးရိုး ပူးပေါင်းဆောင်ရွက်မှုတစ်ခု တည်ဆောက်ဖို့ မျှော်လင့်နေပါတယ်။”

အရိပ်နက်အင်ပါယာ၌ ကျတ်တီးမြေများနှင့် ခေတ်နောက်ကျသော နယ်မြေများ အများအပြား ရှိနေသည်။ ကတ်သရင်းသည် ထိုပူးပေါင်းမှုမျိုးကို အသုံးချပြီး အင်ပါယာ ပိုမိုတိုးတက်လာစေရန် မြေတိုးမြှင့်ခြင်း နည်းပညာကို မိတ်ဆက်ပေးချင်သည်။ တိုက်ပွဲဘောလုံးသည် ခန္ဓာကိုယ်ကို တိုးမြှင့်ပေးပြီး ဖျော်ဖြေမှု ပေးစွမ်းနိုင်သည်။ ၎င်းကို နေရာတိုင်း၌ အတုခိုးထားကြသည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ဘောလုံးမှာ အလွန်ထူးခြားလှ၏။ ၎င်းသည် ထိပ်တန်းကုန်ကြမ်းများဖြင့် ပြုလုပ်ထားဟန်တူသည်။ ထို့ကြောင့် အတုခိုး၍ မရနိုင်ပေ။ အမှောင်လကလည်း ပမာဏ အနည်းငယ်သာ ရောင်းချသည့်အတွက် ရေပန်းမစားသေးပေ။

ဧကရီတွင် လွှမ်းမိုးချင်သော ရည်မှန်းချက်လည်း ရှိနိုင်ပေသည်။ အမှောင်လအပေါ် လက်ရှိ နည်းဗျူဟာကို ကြည့်ရလျှင် ကတ်သရင်းနှင့် သွေးမြေကျတို့မှာ မတူညီသော အယူအဆနှစ်ခု ဖြစ်သည်။ ပထမတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် အားကောင်းလာ‌စေမည့် သိသာသော ဇာတ်ကွက်တစ်ခုဖြစ်ပြီး ကျန်တစ်ခုမှာ အခြားတစ်ဖက်ကို သိမ်းပိုက်မည့် ဆိုးယုတ်သော ဇာတ်ကွက်တစ်ခု ဖြစ်သည်။

ရှီရာ စကားမပြောဘဲ စဉ်းစားနေလိုက်စဉ် ချန်လွေ့က ပြောသည်။ “မစ်-လီလစ်ဇ်။ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။ ခင်ဗျား ဧကရီရဲ့ “ရိုးရိုး” ပူးပေါင်းမှုဆိုတာက အမှောင်လကို ဘယ်လိုအကျိုးအမြတ်တွေ ယူလာပေးနိုင်မှာလဲ။”

အက်ဇ်ဂါလော ပြောသည့်အတိုင်းပင် အမှောင်လ၏ လက်ရှိအခြေအနေမှာ ကောင်းမွန်လှသည် မဟုတ်ပေ။ အိုဆိုင်ဒန်အပြင် သွေးမြေကျ အဖွဲ့အစည်းကလည်း အခွင့်အရေး ရယူရန် သူတို့ကို အနီးကပ် စောင့်ကြည့်နေကြသည်။ ယခုတွင် အရိပ်နက် အင်ပါယာကိုယ်တိုင် ရောက်လာခဲ့လေပြီ။ ထို့ကြောင့် သူတို့သည် ထိုသော့ချက် အခွင့်အရေးကို လုံးဝ ဆုပ်ကိုင်ရမည်ဖြစ်သည်။

All Chapters