အိုင်းစစ်
Vol. 27 Ch. 399
ချန်လွေ့က မိမိ၏ လွှမ်းမိုးမှုသည် အလွန်ကြီးမားနေခဲ့ပြီး နတ်ဆိုးအထီးများ၏ နတ်ဆိုးဘုရားသခင်အား ယုံကြည်မှုများ ယာာယီ သစ္စာဖောက်သွားစေခဲ့သည်ကို မသိခဲ့ပေ။ ထိုစဉ် သူသည် လေဒီနှစ်ယောက်အား လမ်းပေါ်၌ အမှတ်တမဲ့ အဖော်ပြုပေးနေ၏။
“ခုနက ဟော့ပေါ့က တကယ်စားလို့ကောင်းတယ်။” လီလစ်ဇ်က ချီးမွမ်း လိုက်သည်။ “ဒါက အရိပ်နက်အင်ပါယာမှာ ကျွန်မ စားကြည့်ဖူးတယ်။ ဒါပေမဲ့ အရသာက ဒီမှာရှိတဲ့ အစစ်အမှန်နဲ့ အကွာကြီးပဲ။ ကျွန်မတို့ရဲ့ ပူးပေါင်းမှုအစီအစဉ်ထဲမှာ ကိုယ်ရေးကိုယ်တာအတွက် စစ်မှန်တဲ့ အမှောင်လ ဟော့ပေါ့ ပါဝင်ဖို့ ကျွန်မရဲ့စွမ်းအားကို သုံးသင့်လား မသိဘူး။”
ချန်လွေ့က ရယ်ရင်းပြောလိုက်သည်။ “မစ်-လီလစ်ဇ်က တကယ့်ကို ဟာသဉာဏ် ရှိတာပဲ။ ဒီဟော့ပေါ့က ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောရဲ့ လက်ရာမြောက်ပစ္စည်း တစ်ခုပဲ။ ဒါပေမဲ့ ဒါက လျို့ဝှက်ချက် မဟုတ်ပါဘူး။ အဓိကတော့ အခြေခံပါဝင်ပစ္စည်းတွေ နည်းနည်း မတူတာကြောင့်ပဲ ဖြစ်မှာပါ။ မစ်-လီလစ်ဇ် သဘောကျတယ်ဆိုရင်တော့ ခင်ဗျား အင်ပါယာရဲ့ မြို့တော်က ထူးချွန်တဲ့ စားဖိုမှူးတွေနဲ့ ဟော့ပေါ့ဆိုင်ခွဲတစ်ခု ထည့်ပေါင်းထည့်ဖို့ ကျုပ် ဆုံးဖြတ်ချက် ချပေးလို့ရတယ်။ အမှောင်လက အစစ်မှန် အရသာအကုန်လုံးကို ခံစားနိုင်မယ်လို့ ကျုပ် အာမခံပါတယ်။”
“ကျေးဇူးအများကြီး တင်ပါတယ်။ ဆာ။” လီလစ်ဇ်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “အက်ဂ်ယောဆိုမှ သူက တော်တော် လျို့ဝှက်ဆန်းကြယ်တယ်လို့ ကြားတယ်။ သူ့ရဲ့မျက်နှာအမှန်ကို ဘယ်သူမှ မမြင်ဖူးဘူး။ ကျွန်မ သိရသလောက်ဆိုရင် လိပ်ပြာနီအရှင် ဂျို့ရှ်နဲ့ မြို့တော်သံတမန် ရုစ်တို့ကို လီရိုမြို့ တောနက်တိုက်ပွဲထဲမှာ အနိုင်ယူခဲ့တဲ့သူက ဝတ်ရုံဂိုဏ်းခေါင်းဆောင်လို့ တော်တော်များများက ထင်ကြေးပေးနေ ကြတယ်။”
ထိုထင်မြင်ချက်သည် အမှောင် စစ်သည်များနှင့် မြို့သူ/သားများ၏ စိတ်ထဲ၌ ရှိနေခဲ့သည်။ သို့သော်လည်း အက်ဂ်ယောနှင့် ဝတ်ရုံဂိုဏ်းသည် စစ်ပွဲပြီးနောက်တွင် မည်သည့် ထူးထူးခြားခြားဆုလာဒ်များကိုမျှ မရရှိခဲ့ပေ။ ထို့ပြင် အက်ဂ်ယောသည် လွန်ခဲ့သော တစ်နှစ်ခန့်က အရတ်စ်ကို တိုက်ခိုက်ခဲ့စဉ် အမြင့်ဆင့်နတ်ဆိုးတစ်ယောက်သာ ဖြစ်ပုံရသည်။ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရုတ်တရက်ကြီး သူ မည်ကဲ့သို့ အဆင့်တက်သွား သနည်း။
“ကျုပ်လည်း အဲလိုထင်တယ်။ ဒါပေမဲ့ မင်းသမီးရှီရာက အက်ဂ်ယောရဲ့ မျက်နှာ အမှန်ကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောပြဖူးတယ်။” ချန်လွေ့သည် အလိမ်အညာများ ပြောနေခြင်း ဖြစ်သည်။ “ဒါပေမဲ့ တော်ဝင်မင်းသမီးက တော်တော်လေး သတ္တိရှိတယ်။ သူက အက်ဂ်ယောကို အလုပ်အပ်ထားရဲတယ်။ မျိုးနွယ်ခြားဖြစ်တဲ့ ကျုပ်လို လူသား တစ်ယောက်တောင် ငြိမ်ဝပ်ပိပြားရေးအရာရှိနဲ့ ဘဏ္ဍာရေးအရာရှိအဖြစ် အလုပ်လုပ်နိုင် တာက အကောင်းဆုံး ဥပမာပဲ။”
“တော်ဝင်မင်းသမီးရှီရာက တကယ့်ကို သန်မာတယ်။ သတ္တိရှိတယ်။ ပြီးတော့ လေးစားစရာကောင်းတဲ့ အရှင်မ တစ်ယောက်ပဲ။ သူက အခက်အခဲတွေကြားမှာ တိတ်တိတ်လေး အလုပ်ကြိုးစားခဲ့ပြီးတော့ ဆုတ်ယုတ်နေတဲ့ အမှောင်လက ဒီနေ့လိုမျိုး စိုစိုလွင်လွင်ဖြစ်အောင် စီမံနိုင်ခဲ့တယ်။” လီလစ်ဇ်က စိတ်ရင်းနှင့် ချီးမွန်းလိုက်ပြီးနောက် အိုင်းစစ်ကို တစ်ချက်ကြည့်လိုက်သည်။ “ကျွန်မ နည်းနည်း ပင်ပန်းနေပြီ။ တော်ဝင် တည်းခိုခန်းဆီ ပြန်ပြီးတော့ နားလိုက်ဦးမယ်။ ဧကရီကတ်သရင်းကို ဒီပူးပေါင်းမှု အသေးစိတ်အကြောင်း သတင်းပို့ရဦးမယ်။ အထူးလက်ဆောင်တွေလည်း ဒီတစ်ခေါက် ကျွန်မ ဝယ်သွားချင်တယ်။ ပြီးတော့ အိုင်းစစ်လည်း ဒီအကြောင်းသိတယ်။ သူ့ကို အဖော်ပြုပေးဖို့ ဆာ-ချန်လွေ့ကို ကျွန်မ ဒုက္ခပေးရပါဦးမယ်။”
ထို့နောက် လီလစ်ဇ်က တော်ဝင်တည်းခိုခန်းသို့ အနားယူရန် ပြန်သွားသည်။ ထိုစဉ် ချန်လွေ့က အိုင်းစစ်နှင့် ဆက်လက် စျေးဝယ်ထွက်နေ၏။
လီလစ်ဇ်ရှိနေစဉ် အိုင်းစစ် စကားသိပ်မပြောပေ။ ယခုတွင် သူက စပြောသည်။ “ဆာ-ချန်လွေ့။ အမှောင်လ မြို့သူ/သားတိုင်းက တော်ဝင်တည်းခိုခန်းက ရေသွယ်စနစ် အသစ်ကို အသုံးပြုကြလား။”
“အကုန်နီးပါးပါပဲ။ ဒီစနစ်က ဆရာသခင်ရှင်းရှင်းရဲ့ လက်ရာမြောက်တစ်ခုပြ။ ဒီအကြောင်းကို ကျုပ်တို့ရဲ့ ပူးပေါင်းမှုမှာ ပြောပြီးပြီ မဟုတ်လား။ သွေးနွယ်နယ်မြေ ကိုလည်း ကျုပ်တို့က အမှောင်လိုမျိုး ရေသွယ်စနစ်နဲ့ မိလ္လာစနစ်ကို တပ်ဆင်ပေးမှာပါ။ ဒီလိုမျိုးစနစ်က နတ်ဆိုးဘုံတစ်ခုလုံးမှာ သိပ်မကြာခင် ရေပန်းစားလာလိမ့်မည်ဆိုတာ ကျုပ် ယုံကြည်တယ်။”
အိုင်းစစ် ခေါင်းညိတ်လိုက်သည်။ “ဒါက တကယ့်ကို အံ့သြဖွယ်ရာ ကောင်းပြီး ခမ်းနားတဲ့ ဖန်တီးမှုတစ်ခုပဲ။ ဒါက မှော်မီးအိမ်ရဲ့ မဟာဆရာသခင်ဆင့် တီထွင်မှုနဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ အဲဒီဆရာသခင် ရှင်းရှင်းက နတ်ဆိုးဘုံသမိုင်းမှာ ပါဝင်ပြီးတော့ အံ့သြဖွယ်ရာအကောင်းဆုံး ယန္တရားပညာရှင်တွေထဲကတစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်မ သံသယဝင်နေတာ တစ်ခု ရှိတယ်။ ဆရာသခင်ရှင်းရှင်းက ဒီမတိုင်ခင်က လွတ်လပ်တဲ့ အကြီးတန်း ယန္တရားဆရာသခင် တစ်ယောက်ပဲ။ ဘာလို့ သူက အမှောင်လကို ရောက်လာပြီးတဲ့နောက်မှ တောက်ပလာတာလဲ။ ဆရာသခင်ရဲ့ စွမ်းရည်ကို ကျွန်မ မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မစဉ်းစားနေတာက တိုက်ပွဲဘောလုံးနဲ့ ရေသွယ်စနစ်တို့က နတ်ဆိုးဘုံမှာ တစ်ခါမှ မမြင်ဖူးဘူး။ ဆရာသခင် အမှောင်လကို မရောက်လာခင်မှာလည်း မင်းသမီးလက်လီစတိုးမှာ ဆန်းသစ်တဲ့အရာတွေ ထွက်ပေါ်လာခဲ့တယ်။ ဥပမာပြောရရင် ဝီဝီပဟေဠိ၊ နတ်ဆိုးစစ်တုရင်၊ ဟွာရုံတောက် စတာတွေပေါ့။ ဒီကိစ္စတွေကို ချိတ်ဆက်နေတာလားလို့ ကျွန်မ စဉ်းစားနေတာ။”
ကြောက်စရာကောင်းတဲ့ ဝင်ရောက်စွက်ဖက် စွမ်းအားပဲ။
ချန်လွေ့ စိတ်ထဲ၌ ထိတ်လန့်သွားပြီး မေးလိုက်သည်။ “မစ်-အိုင်းစစ်။ ခင်ဗျား တိုက်ဆိုင်တာကို ယုံကြည်လား။”
လီလစ်ဇ်ကဲ့သို့ မဟုတ်ဘဲ အိုင်းစစ်၏မျက်နှာမှာ ပိုးဇာလွှားအပါးဖြင့် အုပ်ထား၏။ ထင်ရှားသော ကောက်ကြောင်းတစ်ခုကို ဝေဝေဝါးဝါး မြင်နိုင်ပေသည်။ သို့သော်လည်း ချန်လွေ့သည် အိုင်းစစ်၏ မျက်နှာအမှန်ကို မမြင်နိုင်ပေ။ သူက အသာလေး ပြောသည်။ “ကျွန်မ ယုံပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ များလွန်းတယ်။ ဒါမှမဟုတ် တိုက်ဆိုင်မှုတွေ ပေါင်းလိုက်ရင် အမှန်တရားတစ်ခုကို ပြသပေးတယ်လို့ ပြောရမလား။ ဆာ-ချန်လွေ့ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ကျွန်မပြောတာကို သဘောပေါက်မှာပါ။”
ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “မင်းသမီးလက်လီစတိုးရဲ့ အရင်က ထုတ်ကုန်တွေက လူသားလောကကနေ ကျုပ် ကူးယူထားတဲ့ ဆရာသခင်အချို့ရဲ့ လက်ရာတွေပါ။ ဒါပေမဲ့ ယန္တရားပညာရှင်တွေ ရှားပါးတဲ့အတွက် ကျုပ်က သိပ်ပြီးတော့ တန်ဖိုးမရှိတဲ့ အထင်ကြီးစရာကောင်းတဲ့ ပစ္စည်းအချို့ကိုပဲ လုပ်နိုင်ခဲ့တယ်။ အဲဒါက ဖျော်ဖြေရေးအတွက်ပါပဲ။ နောက်ပိုင်း အမှောင်လကို ဆရာသခင်ရှင်းရှင်း ရောက်လာတော့ ဒီပစ္စည်းတွေကို တွေ့သွားပြီး အတွေးသစ်တွေ ရသွားခဲ့တယ်။ မိန်းကလေး ပြောသလိုမျိုးပဲ၊ ဒါက တိုက်ဆိုင်မှုတွေထဲက အမှန်တရား ဖြစ်မှာပါ။”
“တကယ်လား။” အိုင်းစစ် မေးလိုက်ပြန်သည်။ “ကျွန်မလည် အရိပ်နက် အင်ပါယာမှာ လူသားတစ်ယောက်နဲ့ သိခဲ့ဖူးတယ်။ ဒါပေမဲ့ ထူးဆန်းနေတယ်။ ဟွာရုံတောက်ပဲဖြစ်ဖြစ်၊ နတ်ဆိုးစစ်တုရင်ပဲဖြစ်ဖြစ်၊ ဝီဝီဗဟေဠိပဲဖြစ်ဖြစ်၊ ဂေါ်လီကျားကွက်ပဲဖြစ်ဖြစ်၊ ရူဘစ်ကုဗတုံးပဲဖြစ်ဖြစ်၊ တိုက်ပွဲဘောလုံး စည်းမျဉ်းတွေပဲ ဖြစ်ဖြစ်...ဒါတွေက နေရာအနှံ့ ဖြန့်ကျက်နေရမယ့် အံ့သြဖွယ်ရာ ဖန်တီးမှုတွေ ဖြစ်သင့်တာ။ ဒါပေမဲ့ အဲဒါတွေက လူသားလောကမှာ မထွက်ပေါ်လာခဲ့ဘူး။ ဆာ-ချန်လွေ့ ဒီထူးဆန်းတဲ့အရာတွေကို ဘယ်ကနေ ကူးယူခဲ့လဲ မသိဘူး။”
ချန်လွေ့ စိတ်ထဲ၌ ထိတ်လန့်သွား၏။ ပထမဆုံးအကြိမ်အဖြစ် သူ၏နောက်ခံကို မြင်သွားခြင်း ဖြစ်သည်။ အံ့သြဖွယ်ရာ ဉာဏ်ပညာရှိသည့် အမျိုးသမီးတစ်ယောက်ကို ရင်ဆိုင်စဉ်ကလည်း သူက ဤကဲ့သို့ပင် ခံစားခဲ့ရသည်။
သို့သော်လည်း သူ၏ “ဆရာသခင်အာသာ”ဟူသာ သရုပ်ကို မမြင်လောက်သေးပေ။ ယခင်တစ်ခေါက် အရိပ်နက်နန်းတော်၌ ပေါက်ကြားခဲ့ရခြင်းမှာ ယန္တရားပြိုင်ပွဲ၌ ကတ်သရင်းနာမည်ကို ထုတ်ပြောခဲ့ပြီး ဧကရီက အစမ်းသဘော ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
အိုင်းစစ်က မင်းသမီးလက်လီစတိုးမှ “ပစ္စည်းအသစ်များ”အားလုံးနီးပါးကို စာရင်း ပြုစုခဲ့ပြီး နတ်ဆိုးဘုံရှိ လူသားများထံမှ အတည်ပြုချက်များကိုလည်း တောင်းခံခဲ့သည်။ သူသည် ထိုလူသားအား အကဲဖြတ်ရန်အတွက် တမင်တကာ သုတေသန အများအပြား ပြုလုပ်ခဲ့ပုံရသည်။ ၎င်းသည်လည်း ချန်လွေ့အတွက် သတိဝင်သွားစေသော ခေါ်သံတစ်ခု ဖြစ်နေသည်။ ငါက အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ အခုဆို စင်ပေါ်ရောက်လာပြီ။ တချို့ကိစ္စတွေကို ငါ သေသေချာချာ ဖုံးကွယ်ရမယ်။ မဟုတ်ဘဲ ဒီနေ့လိုမျိုး အိုင်းစစ်က ဟာကွက်တွေကို မြင်သွားမယ်ဆိုရင် သွေးမြေကျနဲ့ တခြားသူတွေလည်း နောက်ပိုင်းမှာ သတိထားမိမှာပဲ။
ချန်လွေ့ အမြန်စဉ်းစားပြီး ပြောသည်။ “မစ်။ ကျုပ်လို စွမ်းအားမဲ့တဲ့ လူသား တစ်ယောက်က နတ်ဆိုးဘုံကို ဘာလို့လာရတာလဲဆိုတာ တွေးဖူးလား။ ကျုပ်ဒီကို ပထမဆုံး ရောက်လာတုန်းက အဖမ်းခံရပြီးတော့ ဆရာသခင် အဲဒက်စ်ရဲ့ စမ်းသပ်ပစ္စည်း ဖြစ်ခဲ့ရတာ။ ကျုပ်သာ ဆရာသခင်ကို စိတ်လှုပ်ရှားစေမယ့် ဆန်းသစ်တာတစ်ခုခုကို မထုတ်ပြခဲ့ဘူးဆိုရင် အခု သေနေလောက်ပြီ။ အခြားလောကကနေ ကျုပ်ရထားတဲ့ နတ်ဆိုးစစ်တုရင်နဲ့ တခြားအရာတွေက ထူးခြားတဲ့ပိုင်နက်တစ်ခုကပဲ။ ပြီးတော့ အဲဒါက ကျုပ်ရဲ့ လျို့ဝှက်ချက်လည်း ဟုတ်တယ်။ မစ်-အိုင်းစစ်။ နတ်ဆိုးဘုံက လူသားတွေက ကျုပ်ထက် စွမ်းအားကြီးရင် ကြီးလိမ့်မယ်။ ဒါပေမဲ့ သူတို့က ကျုပ်တို့လူတွေရှိတဲ့ ပိုင်နက်က မဟုတ်လောက်ဘူး။ ပိုင်နက်တစ်ခုတည်းမှာ လည်ပတ်နေတဲ့ အဲဒီအရာတွေကို သူတို့မသိတာ မထူးဆန်းပါဘူး။ ခင်ဗျားလိုမျိုး အစွမ်းထက်ပုဂ္ဂိုလ်ပိုင်နက်ထဲက စွမ်းအားကို ကျုပ် နားမလည်သလိုပါပဲ။ တကယ်တော့ ကျုပ် အဖြစ်ချင်ဆုံးက ကျုပ်ပိုင်ဆိုင်တာတွေကို ပြန်ရဖို့အတွက် လူသားလောကဆီ ပြန်ဖို့ပဲ။”
“လက်စသတ်တော့ ရှင်က အကောက်ကြံခံရပြီးတော့ နတ်ဆိုးဘုံဆီ ရောက်လာတာကိုး။” အိုင်းစစ်က အနည်းငယ် အံ့အားသင့်နေသော လေသံဖြင့် ပြောလိုက်သည်။ “ဒါဆို တိုက်ပွဲဘောလုံးနဲ့ တခြားဟာတွေက....”
“နတ်ဆိုးစစ်တုရင်နဲ့ ဂေါ်လီကျားကွက်လိုမျိုး မဟုတ်ဘဲ ဆရာသခင်ရှင်းရှင်းတို့လို လူတွေဆီကို ကျုပ်ပေးခဲ့တာက ပိုပြီးတော့ အဓိကကျတဲ့ ဉာဏ်ကွန့်မြူးမှုတွေနဲ့ ပိုပြီးတော့ ကျယ်ပြန့်တဲ့ ဗားရှင်းတစ်မျိုးပဲ။ တိုက်ပွဲဘောလုံးက ဆရာသခင်ရှင်းရှင်းနဲ့ အက်ဂ်ယော တို့ရဲ့ သုတေသန ရလာဒ်တစ်ခုပဲ။ အဲဒီတုန်းက တစ်စုံတစ်ယောက်ရဲ့ လျို့ဝှက် ကြံစည်မှုကြောင့် ကျုပ် သတိလစ်နေခဲ့တာ။ အသီနာက ပြန်လည်ရှင်သန်ခြင်း ရေစင်ကို ရှာမတွေ့ခဲ့ဘူးဆိုရင် ကျုပ်က လူသေလိုမျိုး လဲနေဦးမှာပဲ။” ချန်လွေ့သည် သူ ကပ်ဘေး ကြုံခဲ့ရပြီး လနှင့်ချီ အိပ်မောကျနေခဲ့ကြောင်း “အမှန်တရားများ”ကို အေးအေးဆေးဆေး ထောက်ပြလိုက်သည်။ အိုင်းစစ်က ချန်လွေ့ကို လေ့လာထားသည့်အတွက် ၎င်းကို သိသည်။ သူက ၎င်းကို တွေးကြည့်ပြီး အသာလေး ခေါင်းည်ိတ်လိုက်သည်။ “အက်ဂ်ယောက တိုက်ပွဲဘောလုံးရဲ့ စည်းမျဉ်းတွေကို ဖန်တီးနိုင်မယ်ဆိုရင် သူက ရေသွယ်စနစ်နဲ့ တိုက်ပွဲဘောလုံး ထုတ်လုပ်တဲ့နေရာမှာ ပါဝင်ခဲ့တယ်လို့ ယူဆလို့ ရနိုင်မလား။ သူက ယန္တရားပညာမှာ ထူးချွန်တဲ့ ပါရမီတွေများ ရှိနိုင်မလား။”
“အဲဒါကိုတော့ သူပဲ သိမှာ။ ဒါပေမဲ့ ကျုပ်တို့ အခုပြောနေတာတွေက အမှောင်လရဲ့ လျို့ဝှက်ချက်တွေပဲ။ တချို့တွေကို ကျုပ် မတော်တဆ ထုတ်ပြောမိသွားတယ်။ ကျုပ်ကို အသက်ရှင်ဖို့ အခွင့်အရေးပေးပါ။ မစ်။” ချန်လွေ့ အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။ သူက အိုင်းစစ်၏ သရုပ်မှန်ကို ပို၍ပင် မသင်္ကာဖြစ်နေခဲ့သည်။ ကြည့်ရတာ သူ သုံးသပ်တာက ယန္တရားဆရာသခင် ဒါမှမဟုတ် ပါရမီရှင် ယန္တရားဆရာသခင်တစ်ယောက်ကို ဦးတည် ထားတဲ့ပုံပဲ။ ကံကောင်းချင်တော့ သူ့ရဲ့အာရုံစိုက်မှုကို ဝတ်ရုံဂိုဏ်းခေါင်းဆောင်ဆီ ပြောင်းလဲဖို့အတွက် ငါ့မှာ အက်ဂ်ယောဆိုတဲ့ လျို့ဝှက်ဆန်းကြယ် သရုပ်တစ်ခု ရှိနေတယ်။ ကြောက်မက်ဖွယ်ရာ ဉာဏ်ပညာနဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဆိုတဲ့ စစ်မှန်တဲ့ စွမ်းအားကို ပေါင်းလိုက်မယ်ဆိုရင် ဒီအိုင်းစစ်ရဲ့ သရုပ်မှန်က.......။ ချန်လွေ့၏ နှလုံးသားသည် ထိန်းချုပ်၍မရအောင် ခုန်နေ၏။ သူ၏စိတ်ထဲရှိ ဖျော့တော့တော့ ရင်းနှီးမှုသည် ပို၍ပင် အားကောင်းလာဟန်တူသည်။
အမှောင်လက အသစ်အဆန်းတွေက သူ့အာရုံကို ဖမ်းစားနိုင်သွားလို့ လာပြီးတော့ လေ့လာစစ်ဆေးကြည့်တာလား။
ကံကောင်းစွာပင် ထိုအချိန်၌ ချန်လွေ့၏ အသွင်အပြင်မှာ တင်းမာနေခဲ့သည်။ သူ၏ နှလုံးခုန်နေခြင်းကို အိုင်းစစ်ကို သိသွားသည့်တိုင် မည်သည့်ဟာကွက်ကိုမျှ သူ ပြသမည် မဟုတ်ပေ။
အိုင်းစစ်၏အသံက အနည်းငယ် မဖော်မရွေ ဖြစ်သွားသည်။ “ဆာက စိုးရိမ်လွန်း နေပါပြီ။ ဆာရဲ့ပါရမီနဲ့ဆိုရင် ကျွန်မတို့ အရိပ်နက်အင်ပါယာမှာတောင် အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့အတွက် လုံလောက်ပါတယ်။ ဆာ့မှာ ဒီလိုရည်ရွယ်ချက် ရှိမယ်ဆိုရင် ဆာ့ကို ဧကရီကတ်သရင်းဆီ အကြံပြုပေးနိုင်ပတယ်။”
၎င်းသည် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခု ဖြစ်ပေမည်။ သို့သော်လည်း ထို “စည်းရုံးခြင်း”သည်ပင် ချန်လွေ့ကို ရင်းနှီးသော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။
အိုင်းစစ်က “သူ” ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အခု ငါ သဘောတူလို့ မရဘူး။ အသီနာ၊ ခီရာ၊ ရှီရာနဲ့ ငါ့ရဲ့မိတ်ဆွေွေက အမှောင်လမှာ ရှိနေကြတယ်။ ပြီးတော့ ဒီလို ဖြစ်လာဖို့အတွက် ငါအများကြီး ကြိုးစားပြီး စီမံလာရတာ။ အဲဒါကြောင့် ငါ ထွက်သွားလို့ မရဘူး။
သူက အင်ပါယာတစ်ခုရဲ့ ဧကရီတစ်ပါးပဲ။ သူက အရှင်မ ရှီရာထက် စိုးရိမ်စရာတွေ၊ အကန့်အသတ်တွေ၊ အကူအညီမဲ့မှုတွေ ပိုများမှာပဲ။ ပြီးတော့လည်း သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။
တစ်နေ့ကျ ဒါတွေအားလုံးကို လျစ်လျူရှုနိုင်တဲ့စွမ်းအား ငါ့မှာ ရှိလာမှပဲ သူ့အရှေ့မှာ ငါ့သရုပ်မှန်အတိုင်း ပေါ်ထွက်လာပြီးတော့ သူ့နဲ့ငါ့ကိုယ်ငါ ရွေးချယ်ခွင့်ပေးမယ်။ ပြောရရင်တော့ ဒီတာဝန်ရဲ့ ခက်ခဲမှုက [ S ] အဆင့်ပဲ။
အဲဒီမတိုင်ခင်တော့ ဒီစည်းကားတဲ့နယ်မြေကို စီမံဖို့အတွက် ရှီရာကို ကူညီပေးဖို့ အမှောင်လမှာ နေတာပိုကောင်းတယ်။
ချန်လွေ့ အံ့အားသင့်သွားပုံရသည်။ “အမှောင်လရဲ့ လက်ရှိအခြေအနေကို ရောက်လာဖို့က မလွယ်ကူဘူး။ အခုလက်ရှိတော့ ဒီကနေ ထွက်သွားဖို့ ကျုပ်မှာ အစီအစဉ် မရှိသေးဘူး။ မစ်-အိုင်းစစ်ရဲ့ စေတနာကို ချန်လွေ့ အသိအမှတ်ပြုပါတယ်။”
ထိုအဖြေသည် အိုင်းစစ်ကို မအံ့သြစေခဲ့ပေ။ အိုင်းစစ်က ခေါင်းညိတ်ပြီး ပြောသည်။ “ဆာ-ချန်လွေ့ရဲ့ ကိုယ်ကျင့်တရားက တကယ့်ကို လေးစားစရာပဲ။ ဒါက ကျွန်မတို့ အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ အထူးအမှတ်အသားတစ်ခုဖြစ်တဲ့ မှော်တံဆိပ်ပြားပါ။ တကယ်လို့ နောက်ပိုင်းကျရင် အမှောင်လမှာ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တဲ့အခါ ကျွန်မကို လာရှာလို့ရပါတယ်။ ဆာ့အတွက် အရိပ်နက်အင်ပါယာက အချိန်မရွေး တံခါးဖွင့်ထားပါတယ်။”
“ဒါဆိုလည်း အရင်ဆုံး ကျေးဇူးတင်ပါတယ်။” ချန်လွေ့က ၎င်းကို ငြင်းပယ်လျှင် မိုက်မဲရာကျလိမ့်မည်ကို သိသည့်အတွက် ချက်ချင်းပင် တံဆိပ်ပြားကို လက်ခံလိုက်သည်။ “အက်ဂ်ယော”အပေါ်မှ အိုင်းစစ်ကို အာရုံပြောင်းစေရန်အတွက် ချန်လွေ့က ဝှက်ဖဲတစ်ခု ချက်ချင်းထုတ်လိုက်သည်။ “သွေးမြေကျဆိုတဲ့နာမည်ကို မစ်-အိုင်းစစ် ကြားဖူးလား မသိဘူး။”
အိုင်းစစ်၏ အာရုံစိုက်မှုသည် လုံးဝမြင့်မားသွားခဲ့ပြီးနောက် သူက မေးလိုက်သည်။ “ဆာ-ချန်လွေ့လည်း အဲဒီအကြောင်း ကြားဖူးတာလား။”
“ခင်ဗျားတို့နှစ်ယောက် လာလည်သလိုပဲ၊ သွေးမြေကျက အမှောင်လက တော်တော် စိတ်ဝင်စသားနေတယ်။ သူတို့က ငြင်းဖို့ခက်ခဲတဲ့ ပူးပေါင်းဆောင်ရွက်မှု သတ်မှတ်ချက်တွေကို ကမ်းလှမ်းခဲ့တယ်။ နောက်ဆုံးတော့ တော်ဝင်မင်းသမီးက သွေးနွယ် နယ်မြေနဲ့ပဲ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တယ်။ မစ်-အိုင်းစစ် မြင်တဲ့အတိုင်းပဲ၊ တော်ဝင်မင်းသမီးရှီရာက စိတ်ဓာတ်ခိုင်မာပြီးတော့ ဇွဲကောင်းတဲ့ အမျိုးသမီးပါ။” ချန်လွေ့၏ စကားတစ်ဝက်သာ အမှန်ဖြစ်၏။ အမှန်တကယ်၌ အက်ဇ်ဂါလောသည် မင်းသမီးရှီရာနှင့် မတွေ့ရသေးပေ။
အိုင်းစစ်က သဘောတူလျက် ခေါင်းညိတ်သည်။ “မင်းသမီးရှီရာက တကယ့်ကို လေးစားစရာကောင်းတဲ့ မင်းသမီးတစ်ပါးပဲ။”
ချန်လွေ့ စိုးရိမ်သွားပုံရသည်။ “ဒါပေမဲ့ ခင်ဗျားတို့အင်ပါယာကို လက်တွဲဖော်အဖြစ် ကျုပ်တို့ ရွေးချယ်လိုက်တယ်ဆိုတော့ ရက်စက်တဲ့ သွေးမြေကျ အဖွဲ့အစည်းက ကျုပ်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားတို့အင်ပါယာရဲ့ အစွမ်းကြီး အင်အားစုကို ခေါ်ပြီးတော့ သွေးမြေကျကို ချိုးနှိမ်ပေးစေချင်ပါတယ်။ ဒီလိုဆိုရင် ကျုပ်တို့ရဲ့ ပူးပေါင်းမှုက ဘာမှစိုးရိမ်စရာ မရှိဘဲနဲ့ ပိုပြီးတော့ တည်ငြိမ်ပြီးတော့ အန္တရာယ် ကင်းမှာပါ။”
အိုင်းစစ် ခေါင်းခါသည်။ “အမှောင်လရဲ့စွမ်းအားကို လူတိုင်း သိသွားကြပြီပဲ။ လော့ဒ် ဂျို့ရှ်တောင် ရှင်တို့ရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က အနိုင်ယူခဲ့တာ။ ကျွန်မလိုမျိုး အပြင်လူတွေ စွက်ဖက်ဖို့ မလိုပါဘူး။ ဒါက ကျွန်မတို့ ပူးပေါင်းမှုထဲက အတွင်းရေးကိစ္စတွေကို မဝင်စွက်ဖက်ရဘူးဆိုတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီပါဘူး။”
အမှောင်လ၏ ရန်သူများအကြား တိုက်ပွဲဖြစ်စေရန် ချန်လွေ့၏အကြံကို အိုင်းစစ် မြင်သွားခဲ့သည်မှာ သေချာပြီး သူက ကြားမှဒဏ်ခံရသူ မဖြစ်ချင်ပေ။ ချန်လွေ့ သက်ပြင်းချလိုက်သည်။ “သူက သာမန်အဖွဲ့ဝင်ပဲ ဆိုရင် ခင်ဗျားတို့အင်ပါယာရဲ့ စွမ်းအားကို မလိုပါဘူး။ ဒါပေမဲ့ နောက်ဆုံးရတဲ့ သတင်းအတိုင်းဆိုရင် ဒီတစ်ခေါက် အမှောင်လကို ရောက်လာတာက သွေးမြေကျရဲ့ ခေါင်းဆောင်ထဲက တစ်ယောက်ပဲ။ သူ့နာမည်က အက်ဇ်ဂါလော။”
အက်ဇ်ဂါလော၏နာမည်ကို အိုင်းစစ်ကြားသည်နှင့် ပိုးဇာလွှာနောက်ကွယ်ရှိ မျက်လုံးများထဲရှိ ထက်မြက်သော ချီစွမ်းအင်တစ်ခု လက်ခနဲ ပေါ်ထွက်လာသည်။ သလင်းကျောက်တောင်ကြား၌ ရှိနေစဉ်က အနိုင်ရမည်ထင်နေသော မာနူက ဧကရီ အရှေ့၌ အက်ဇ်ဂါလောဟူသော နာမည်ကို မိတ်ဆက်ပေးခဲ့ကြောင်း ချန်လွေ့ မှတ်မိသည်။ ချန်လွေ့ ချက်ချင်းပင် ပြောလိုက်သည်။ “အမှောင်လရဲ့ အစွမ်းအထက်ဆုံဧည့်သည့် ခရိုဘဲလက်စ်က အဲဒီပုဂ္ဂိုလ်ကို စမ်းသပ်ကြည့်ပြီးပြီ။ သူက အက်ဇ်ဂါလောရဲ့ပြိုင်ဘက် လုံးဝမဟုတ်ဘူးလို့ ခံစားနေရတယ်။ အဲဒီလူရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင် အလတ်ပိုင်း ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြင့်နေမှာ စိုးမိတယ်။ အဲဒါကြောင့်ပဲ ခင်ဗျားတို့အင်ပါယာကို အသည်းအသန် အကူအညီ တောင်းနေတာပါ။ အဲလိုမှမဟုတ်ဘဲ အက်ဇ်ဂါလောက လုပ်ကြံလာမယ်၊ တမင်အပြစ်ဖို့မယ်ဆိုရင် ဖြစ်လာမှာတွေက ကပ်ဆိုက်မှာပဲ။ အမှောင်လမြို့က ဘယ်သူမှ သူ့ကိုတားနိုင်မှာ မဟုတ်ဘူး။”
အိုင်းစစ် ခဏတာ တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ ပြောလိုက်သည်။ “ဒီလျို့ဝှက် အန္တရာယ်ကို ဖြေရှင်းပေးဖို့အတွက် အမှောင်လကို ကူညီဖို့ ဧကရီဆီကနေ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် တောင်းဆိုပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်မမှာ သတ်မှတ်ချက်တစ်ခု ရှိတယ်။ ခုနက ကျွန်မ လျှောက်သွားနေတုန်း အမှောင်လရဲ့ မြို့တွင်း ပြန်လည် တည်ဆောက်မှုတွေနဲ့ အစီအစဉ်ဆွဲတာတွေက တော်တော်လေး စနစ်ကျတာကို တွေ့ခဲ့ရတယ်။ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာမှာတွေက တော်တော်လေး ကျယ်ပြန့်တယ်။ ဒါက ဆာ-ချန်လွေ့ရဲ့ အကျိုးပြုမှုတွေ ဖြစ်မယ်။ သွေးနွယ်နယ်မြေက ကျွန်မရဲ့ မွေးရပ်မြေပါ။ လော့ဒ်အသစ်က အခုမှပဲ တာဝန်ယူထားတဦ။ အဲဒါကြောင့် လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဒေသအခြေအနေအတိုင်း ဆာက အစီအစဉ်ဆွဲပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်မတို့ရဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းမှုအတိုင်းပါပဲ။”
အတွင်းရေးကိစ္စတွေကို မစွက်ဖက်ရဘူးလို့ ခုနက ခင်ဗျားပြောခဲ့တာ မဟုတ်လား။ ချန်လွေ့က ခါးသက်သက် ပြုံးရင်း ပုခုံးတွန့်လိုက်သည်။ “မစ်-အိုင်းစစ်က အကျပ်အ.... အဲ....အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်တာပဲ။ ကျုပ်မှာ ငြင်းဆန်ဖို့ အကြောင်းပြချက်တစ်ခုကိုမှ ရှာမတွေ့ဘူး။”
အမှန်တကယ်၌ ထိုအစီအစဉ်ဆွဲခြင်းမှာ သူ၏ယခင်ဘဝက တည်ရှိပြီးသား မြို့တွင်း အစီအမံများကို ကူးယူခဲ့ခြင်းသာ ဖြစ်သည်။
ချန်လွေ့က မသိစိတ်အတိုင်း ပုခုံးတွန့်နေသည်ကို မြင်သည့်အခါ အိုင်းစစ်၏ မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ အသာလေး မေးလိုက်၏။ “တိုက်ဆိုင်မှုတွေကို ရှင် ယုံကြည်လား။”
“အမ်။” ချန်လွေ့ ခဏတာ ဇဝေဇဝါ ဖြစ်သွားသည်။
“ဘာမှ မဟုတ်ပါဘူး။ စိတ်ထဲတစ်ခုခု တွေးမိသွားတာပါ။” အိုင်းစစ်က ပင့်သက်ရှိုက်ပြီး ချန်လွေ့ကိုကြည့်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “စကားဆက်ရရင်တော့ အက်ဇ်ဂါလောအကြောင်း ရှင်ရထားသမျှ သတင်းတွေ ကျွန်မ လိုအပ်တယ်။”
ချန်လွေ့၏မျက်လုံးများ အရောင်လက်သွား၏။ ဘယ်လိုပဲဖြစ်ဖြစ် အမှောင်လရဲ့ ကပ်ဘေးကို အမှန်တကယ် ဖြေရှင်းနိုင်သွားပြီ။