အက်ဇ်ဂါလော နောင်တရသွားခြင်းနှင့် သူ အကြောက်ဆုံး မိန်းမ
Vol. 27 Ch. 400
အက်ဇ်ဂါလောသည် မြို့အစွန်ဘက်ရှိ ခပ်လျှိုလျှို ဟိုတယ်တစ်ခုတွင် နေနေပြီး လူသား ဘဏ္ဍာရေးအရာရှိထံမှ သတင်းကို အေးအေးဆေးဆေး စောင့်နေသည်။ ခီရာ နဲ့ အမှောင်လက ပို့လိုက်တဲ့ သတင်းအချက်အလက်တွေ အရဆိုရင် ဒီလူသားက ရှီရာအတွက် တော်တော်လေး အရေးပါတယ်။ သူက ဒီကိစ္စမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်တယ်။
အေးလီးယက်စ်ပဲဖြစ်ဖြစ်၊ သွေးရောင်အင်ပါယာရဲ့ မင်းသားအကြီးဆုံးပဲဖြစ်ဖြစ်၊ ရွက်နီ ကုန်သည်ကြီးများအသင်းပဲဖြစ်ဖြစ်၊ ရှီရာမှာ တစ်ခါတည်း ငြင်းစရာအကြောင်း မရှိဘူး။ အနည်းဆုံးတော့ သူက ငါ့ကို ဆင့်ခေါ်ပြီးတော့ အရေးဆုံး သတ်မှတ်ချက်တွေကို ဆွေးနွေးမှာပဲ။ အမှောင်လရဲ့ လက်ရှိအခြေအနေကိုကြည့်ရရင် ဒီကိစ္စကို အတော်လေး သေချာတယ်။
ရှီရာရဲ့ မြို့တော်ကို တိုက်ခိုက်ချင်စိတ်နဲ့ ထီးနန်းပြန်ရချင်စိတ်ကို ငါ ကောင်းကောင်း အသုံးချဖို့ပဲ လိုအပ်တာ။ ငါ့ရဲ့ ရုပ်သေး လျို့ဝှက်အစွမ်းနဲ့ဆိုရင် အမှောင်လကို ထိန်းချုပ်ဖို့က မခက်ခဲဘူး။ အရင်တုန်းက ငါ့အစ်ကို ဂလော်ဖင်းက အမှောင်လကို ပုန်ကန်ခဲ့တယ်။ ဒါပေမဲ့ သန်းခေါင်နေအရှင်က စစ်တပ်ကို ကိုယ်တိုင် ဦးစီးခဲ့တယ်။ ရှုံးနိမ့်သွားတော့ ဂလော်ဖင်းလည်း ပျောက်ကွယ်သွားခဲ့တယ်။ လက်ရှိ ကြယ်ကြွေတမန် အင်ပါယာက အရင်ကလိုမျိုး မဟုတ်ဘူး။ အမှောင်ကလို စမှတ်အနေနဲ့ ငါ ထိန်းချုပ်နိုင်ပြီးတော့ ကြယ်ကြွေတမန်အင်ပါယာကို တစ်ဆင့်ချင်း ချေမှုန်းနိုင်မယ် ဆိုရင် ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ ဂုဏ်ကျက်သရေက တစ်ချိန်က အစားကြူး တော်ဝင်မိသားစု ပိုင်ဆိုင်ခဲ့တဲ့ ဒီမြေကြီးအပေါ်ကို ပြန်လည်ဆင်းသက်လာမှာပဲ။
အင်အားလုံလုံလောက်လောက်ကို ငါ ထိန်းချုပ်နိုင်မယ်ဆိုရင် သွေးမြေကျကို တဖြည်းဖြည်း ဖယ်ရှားပြီးတော့ ဖျက်ဆီးလို့တောင် ရရင်ရနိုင်တယ်။ အက်ဇ်ဂါလောဆိုတဲ့ ငါက ထိန်းချုပ်လို့ရတဲ့သူ မဟုတ်ဘူး။
စိတ်မကောင်းစရာတစ်ခုက ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အစွမ်းအထက်ဆုံး အဆောင်ပစ္စည်းဖြစ်တဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို အရင်တစ်ခေါက်က “အာသာ” ဆီကနေ မရခဲ့တာပဲ။ ငါ ခက်ခက်ခဲခဲ ကြိုးစားထားခဲ့တဲ့ သလင်းကျောက်တောင်ကြားကို အလကားသက်သက် ဆုံးရှုံးခဲ့ရတယ်။ ငါ့မိန်းမနှစ်ယောက်နဲ့ သမီးတစ်ယောက်ကိုတောင် စတေးခဲ့ရတယ်။
ဒါပေမဲ့ မိန်းမဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ ငါ စွမ်းအားတွေ ရနေတုန်းမှာ လက်လျှော့လို့ မရတဲ့ အရာတွေ မဟုတ်ဘူး။ တစ်ခါတစ်လေ သူတို့က ဝန်ထုတ်ဝန်ပိုးတွေပဲ။ ငါ့ကိစ္စတွေကို ဆောင်ရွက်ပြီးတော့ စွမ်အားကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါတွေ အများကြီး ငါ့မှာ ရှိလာမှာပဲ။
ဒါပေမဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ၃ယောက်ကို တိုက်ခိုက်ခဲ့တဲ့ မိန်းမက တကယ့်ကို ကြောက်စရာကောင်းတယ်။ သူက ငါရယ်၊ မာနူရယ်၊ ယာကော့ဗ်ရယ် သုံးယောက်ပေါင်းတိုက်ခိုက်တာကိုတောင် တကယ်ကြီး အနိုင်ယူခဲ့တယ်။ နောက်ဆုံး မာနူက ဒဏ်ရာအပြင်းအထန်ရပြီး သေသွားခဲ့တယ်။ နတ်ဘုရား-ဝါးမျိုး မျက်နှာဖုံးကို မရခင် ဒီမိန်းမကို ငါဘယ်တော့မှ ပြန်မရင်ဆိုင်ချင်ဘူး။
နှစ်ရက်ကြာပြီးနောက် လူသား ဘဏ္ဍာရေးအရာရှိက ဟိုတယ်လို့ ရောက်ရှိလာ ခဲ့သည်။ အက်ဇ်ဂါလော ထင်ထားသကဲ့သို့ မဟုတ်ဘဲ လူသား၏ အမူအရာမှာ ထူးထူးဆန်းဆန်း လေးနက်နေ၏။
“ဆာ-ဂါလော။ ကိစ္စတွေက ခင်ဗျားထင်သလို မဟုတ်ခဲ့တာကို ပြောရမှာတော့ စိတ်မကောင်းပါဘူး။”
“ဆာပြောတာက..... တော်ဝင်မင်းသမီးက ရွက်နီ ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ စိတ်မဝင်စားတာလား။” ထိုသတင်းသည် အက်ဇ်ဂါလော ခန့်မှန်းထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်ပြီး ရုတ်တရက် သံသယများ ပြည့်နှက်သွားသည်။ ရှီရာက ငါ့ကိုတောင် မတွေ့ချင်ဘူးလား။ ဒါမှမဟုတ် ဒီလူသားက ကြားထဲမှာ တစ်ခုခု လုပ်ထားတာလား။ ဒါမှမဟုတ် သူက လာဘ်ငွေတွေ ပိုလိုချင်တာလား။
“စကားနည်းနည်းနဲ့ အကုန်ပြောပြဖို့ ခက်တယ်။ ဒီကိုလာတာတောာင် တော်တော်လေး အရဲစွန့်ခဲ့ရတာ။ အဲဒါတောင် ခီရာ တောင်းဆိုလို့ပါ။” ချန်လွေ့က သိုလှောင်လက်စွမ်းတစ်ကွင်းထုတ်လိုက်သည်။ ၎င်းမှာ အက်ဇ်ဂါလောက ချန်လွေ့အား မိတ်ဆက်ပေးသည့်အတွက် ပေးခဲ့သော “လက်ဆောင်” ဖြစ်သည်။ “ဒီလက်စွပ်ကို ဆာ-ဂါလာဆီ ပြန်ပေးတာကောင်းမယ်။ အမှောင်လကနေ ဆာ အမြန်ဆုံး ထွက်သွားရင် ပိုကောင်းမယ်။”
အက်ဇ်ဂါလော အမှန်တကယ် အံ့အားသင့်သွား၏။ သူက လက်စွပ်ကို ပြန်ပေးပြီး ခဏစဉ်းစားပြီးနောက် နောက်တစ်ကွင်း ထပ်ပေးလိုက်သည်။ “ကျုပ်က ဒီတစ်ခေါက် တကယ့်စိတ်ရင်းနဲ့ လာခဲ့တာ။ ကျုပ် ဒီအတိုင်းပြန်သွားရင် ရှင်းပြဖို့ ခက်ခဲလိမ့်မယ်။ ကျုပ်ကို အကြောင်းရင်း ပြောပြပေးပါ။ ဆာ။”
ချန်လွေ့က တုံ့ဆိုင်းဟန် ပြသလိုက်ပြီး နောက်ဆုံး၌ ထိုလက်စွပ်၂ကွင်းကို လက်ခံ လိုက်သည်။ “အရင်က ကျုပ်မသိတာတွေ အများကြီးရှိတယ်။ ဆာ့အတွက် အခွင့်အရေး ဖန်တီးပေးဖို့ တော်ဝင်မင်းသမီးအရှေ့မှာ ကြိုးစားကြည့်တဲ့အချိန်မှပဲ အတွင်းသတင်း တချို့ကို သိခဲ့ရတာ။ သိပ်မကြာခင်က လော့ဒ်စစ်ပွဲအကြောင်းကို ဆာ ကြားမိမှာပါ။ အမှောင်လက လိပ်ပြာနီနယ်မြေကို အနိုင်ယူပြီးတော့ ချော်ရည်ပြာ နယ်မြေကို သုတ်သင်နိုင်ခဲ့တာက အင်အားစုတစ်ခုရဲ့ အထောက်အပံ့ကြောင့်ပဲ။ ဒီအင်အားစုက တော်တော်လေး အစွမ်းထက်တယ်။ အမှောင်လကို ပြင်ပ အင်အားစုတွေနဲ့ ပူးပေါင်းခွင့် မပြဘူး။ ဒီလောက်ပဲ ကျုပ် ပြောနိုင်တယ်။ ခင်ဗျားက ခီရာရဲ့ အဖေပဲ။ ခီရာအတွက် ဒီကနေ အမြန် ထွက်သွားသင့်တယ်။ မဟုတ်ရင် ဆာ့ရဲ့ လုံခြုံရေးကို ကျုပ် အာမ မခံနိုင်ဘူး။”
အက်ဇ်ဂါလော မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူသားပြောတဲ့ အတွင်းရေး သတင်းက စုံစမ်းဖို့ထိုက်တန်တယ်။ အရင်က သတင်းတွေအရ အမှောင်လမှာ နယ်မြေနှစ်ခုကို အနိုင်ယူဖို့အတွက် အင်အား မရှိဘူး။ ဒါပေမဲ့ သူတို့က ရုတ်တရက်ကြီး ကြီးမားတဲ့စွမ်းအားနဲ့ အနိုင်ရခဲ့တယ်။ အဲဒါက လူတိုင်းကို အံ့အားသင့် သွားစေခဲ့သည်။ ဂျို့ရှ်ကို အနိုင်ယူခဲ့ပြီးတော့ ရုစ်ကို သတ်ပစ်ခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်နဲ့ အမှောင်လရဲ့ ဒေသခံအင်အားစုတွေကို မရွှေ့ပြောင်းဘဲနဲ့ ချော်ရည်ပြာ စစ်တပ်ကို တိတ်တဆိတ် သတ်ပစ်ခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေ အားလုံးက အဖြေရှာမရသေးတဲ့ ပဟေဠိတွေပဲ။
အခု အမှောင်လနောက်ကွယ်မှာ စွမ်းအားကြီး အင်အားစုတစ်ခု ရှိတယ်လို့ ဒီလူသားပြောတယ်ဆိုတော့ ဒါက ဖြစ်နိုင်ချေရှိတယ်။ မေးစရာရှိတာက ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုရဲ့ ဇစ်မြစ်က ဘာလဲဆိုတာပဲ။ အဲဒါက တကယ်ကြီး အမှောင်လကို အရင် “သိမ်းပိုက်”ခဲ့တာလား။
“ဆာ-ဂါလော။ ကျုပ် ဒီမှာ နေလို့ မဖြစ်တော့ဘူး။ ကျုပ် အရင် သွားလိုက်ပါဦးမယ်။” ထိုသို့ပြောပြီးနောက် ချန်လွေ့က အက်ဇ်ဂါလောအား စဉ်းစားခွင့်မပေးဘဲ အလောတကြီး ထွက်သွားလိုက်သည်။
အက်ဇ်ဂါလောက သံသယဝင်လျက် စဉ်းစားနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားဆီက စကားသုံးလေးခွန်းကြောင့် လက်လျှော့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူပြောတာက အမှန် ဟုတ်ချင်မှ ဟုတ်မယ်။ မြင်မှပဲ ယုံကြည်ရမှာ။ စုံစမ်းဖို့အတွက် အမှောင်လနန်းတော်ကို ငါ သွားလိုက်တာ ကောင်းမယ်။
ငါ့မှာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး မရှိတာ ဝမ်းနည်းစရာပဲ။ ငါ့ရဲ့ ရုပ်သေး အစွမ်းက ဟာကွက် ရှိနေသေးတယ်။ မြင်နိုင်ဖို့ လွယ်ကူတယ်။ မဟုတ်ရင် ရှီရာရဲ့စိတ်ကို ထိန်းချုပ်နိုင်တာနဲ့ ကျန်တာတွေက ကိုယ်တွယ်ဖို့ လွယ်ကူသွားမှာပဲ။
အက်ဇ်ဂါလော စိတ်ဆုံးဖြတ်ပြီးနောက် အမှောင်လမှ သူလျှိုတစ်ယောက်သည် ထူးဆန်းသော အမှတ်အသားတစ်ခုပါသည့် စာတစ်စောင် ပို့လိုက်သည်။ ၎င်းမှာ သွေးမြေကျ၏ သီးသန့်အမှတ်အသားဖြစ်ပြီး “အန္တရာယ်”ဟူသော စကားတစ်လုံးကို ကိုယ်စားပြုလေသည်။
အက်ဇ်ဂါလောက ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုစာကို ခီရာ ရေးထားဟန် သူသည်။ ဆာဘရီနာ သေဆုံးသွားခြင်းကြောင့် ထို “သမီး”ရှိ ဝိဉာဉ်လက်ထိပ် ပျောက်ကွယ်သွားခဲ့သော်လည်း ခီရာသည် ဆာဘရီနာ သေဆုံးသွားခြင်းကို မသိသေးပေ။ သူ၏ မွေးအမေ ဖရီယာ သေဆုံးခြင်းကိုမူ ပြောစရာပင် မလိုပေ။ ထိုသမီးကို ပိုမို ထိန်းချုပ်ရန်အတွက် ဆာဘရီနာက သူ၏လက်ထိပ်ကို ဖွင့်ပေးခဲ့ကြောင်းကိုသာ ပြောပြ ခဲ့သည်။ ခီရာလည်း ကျေးဇူးတင်ကြောင်း ပြသခဲ့သော်လည်း သူ၏စိတ်ထဲ၌ အသေအချာ သိနေ၏။
ခီရာကပင် ထိုသတိပေးချက်ကို ပေးပို့ခဲ့သည့်အတွက် ထိုလူသား ပြောခဲ့သည်မှာ ချဲ့ကားပြောနေဟန် မတူပေ။ သို့သော်လည်း အမှောင်လရှိ မည်သူမှ သူ့ကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို မည်သည်မျှ ပြုလုပ်နိုင်မည်မဟုတ်ဟု သူ ထင်မှတ်နေခဲ့သည်။ အက်ဇ်ဂါလောက သတိမထားဘဲ ဟိုတယ်ထဲမှ တည်တည်ငြိမ်ငြိမ် ထွက်သွားသည်။ အပေါ်ယံတွင် သူသည် မြို့ထဲမှ ထွက်သွားနေ၏။ သို့သော် အမှန်တကယ်၌ သူက လျှောက်သွားနေခြင်းသာ ဖြစ်သည်။ နောက်ဆုံး၌ သူသည် မျက်နှာ အသွင်ပြောင်းပြီး အမှောင်လနန်းတော်၌ ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ညပိုင်းသို့ ရောက်ရှိသွားပြီး လနှစ်စင်းမှာလည်း ခရမ်းရောင် ပြောင်းသွားသည်။ အက်ဇ်ဂါလော၏ ပုံရိပ်က နန်းတော်၏ အတွင်းဝန်း ထောင့်တွင် ကြက်သီးထစရာ ကောင်းလောက်အောင် ပေါ်ထွက်လာသည်။ သူသည် ပတ်ဝန်ကျင်နှင့် ရောနှောနေသကဲ့သို့ပင် ဖြစ်နေသည်။ အနီးအနားရှိ အစောင့်များပင် သူ့ကို မတွေ့ကြပေ။
တစ်ခါက အမှောင်လကို သိမ်းပိုက်ခဲ့ပြီး ပုန်ကန်မှု စတင်ခဲ့သော ဘယ်ဇီဘတ် တော်ဝင်မိသားစု ဖြစ်သည့်အလျောက် အက်ဇ်ဂါလောသည် နန်းတော်နှင့် မစိမ်းကားပေ။ သုံးလေးခေါက် လှည့်ပတ်သွားပြီးနောက် သူက အတွင်းဝင်းသို့ တစ်ခါတည်း ဝင်သွားလိုက်သည်။
ကောင်စီခန်းမထဲ၌ မှော်မီးအိမ် ထွန်းညှိထား၏။ အက်ဇ်ဂါလောတွင် စူးရှသော အမြင်ရှိပြီး အတွင်း၌ မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကို ရေးရေးလေး မြင်လိုက်ရသည်။
အက်ဇ်ဂါလော တယ်လီပို့ခုန်လိုက်ပြီး ကောင်စီခန်းမထဲရှိ တိုင်တစ်တိုင် နောက်ကွယ်တွင် တိတ်တိတ်လေး ပေါ်ထွက်လာသည်။ ဝတ်ရုံဖြူဝတ်ထားသော အမျိုးသမီးသည် သူ့ကို လုံးဝ သတိထားမိဟန် မတူပေ။ ထိုအမျိုးသမီးသည် အက်ဇ်ဂါလောကို ကျောခိုင်းထားသည်။ ဤနေရာ၌ ရပ်နေပြီး စဉ်းစားနိုင်သည်မှာ သေချာပေါက် တော်ဝင်မင်းသမီးပင် ဖြစ်ရပေမည်။
အက်ဇ်ဂါလော လှုပ်ရှားရန်ပြင်လိုက်စဉ် ကပ်ဘေးခံစားချက်တစ်ခု ရုတ်တရက် အာရုံခံမိလိုက်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ရာ စွမ်းအားတချို့၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် ထိုစွမ်းအား၏ အရင်းအမြစ်မှာ အမှန်တကယ်ပင် သူ့ကို ကျောခိုင်းထားသော “ရှီရာ”ထံမှ ဖြစ်နေသည်။
“ရှီရာ”က ဖြည်းဖြည်းချင်း နောက်လှည့်လာသည်။ ၎င်းမှာ မျက်နှာပေါ်၌ ပိုးဇာလွှားဖြင့် ဖုံးလွှမ်းထားသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ပိုးဇာလွှား နောက်ကွယ်မှ မျက်လုံးတစ်စုံသည် အက်ဇ်ဂါလော ပုန်းနေသောနေရာကို လေဆာ ရောင်ချည်ကဲ့သို့ပင် ကြည့်နေ၏။ သူ၏အကြည့်က တိုင်ကို ဖောက်ထွင်းသွားပြီး အက်ဇ်ဂါလော၏ မျက်လုံးထဲသို့ ရောက်ရှိသွားသကဲ့သို့ပင် မိန်းမောသွားခဲ့သည်။ အက်ဇ်ဂါလော ရုတ်ရက်ပင် နာကျင်စွာ ခံစားလိုက်ရသည်။
သူ့မှာ တကယ်ကြီး ဒီလိုမျိုး လျို့ဝှက်ဆန်းကြယ်တဲ့စွမ်းအား ရှိနေတယ်။
မတိုက်ခိုက်ခင် အက်ဇ်ဂါလောသည် ပြိုင်ဖက်၏ ကြောက်မက်ဖယ်ရာ စွမ်းအားကို ခံစားမိလိုက်ပြီး တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။ အမှောင်လမှာ ဒီလိုမျိုး အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဘယ်တုန်းက ရှိသွားတာလဲ။ အဲဒီလူသားပြောတာတွေအားလုံးက အမှန်တွေပဲလား။ အမှောင်လကို ထိန်းချုပ်နေတဲ့ ထောက်ပံ့ပေးနေတဲ့ အင်အားစုရဲ့ အရင်းအမြစ်က ဘာလဲ။
အက်ဇ်ဂါလောသည် ထိုအမျိုးသမီးကို အနိုင်ယူရန် ယုံကြည်ချက် မရှိပေ။ ထို့ပြင် တစ်ဖက်လူတွင် အခြားအစီအစဉ်များလည်း ရှိနိုင်လောက်သည်။ ခဏတွေးပြီးနောက် အက်ဇ်ဂါလောက မတုံ့မဆိုင်းဘဲ ခုန်တက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်စီခန်းမထဲသို့ ပျောက်ကွယ်သွား၏။ သူသည် လေထဲ၌ ပြန်ပေါ်ထွက်လာပြီး အပြင်ဘက်သို့ ပျံသွားလိုက်သည်။
သူသည် ပြတ်ပြတ်သားသားနှင့် အရှိန်ကုန် ထွက်သွားနေသော်လည်း သူ၏ရင်ထဲရှိ ကပ်ဘေး ခံစားချက် မပျောက်ကွယ်သွားသေးဘဲ ပို၍ပင် ပြင်းထန်လာသည်။
ထိုအချိန်၌ အက်ဇ်ဂါလော၏ ခန္ဓာကိုယ်သည် ရုတ်တရက်ပင် လေထဲ၌ ရပ်တန့်သွား၏။ သူ့ကို မမြင်နိုင်သော အကာအရံတစ်ခုက တားဆီးနေသကဲ့သို့ပင် ဖြစ်သည်။ ထိုခဏတာ တုံ့ဆိုင်းသွားသည့်အချိန်၌ ထိုအမျိုးသမီး၏ပုံရိပ်သည် သူ့နောက်သို့ ရောက်ရှိနေလေပြီ။
နန်းတော်အောက်ဘက် တစ်နေရာ၌ ချန်လွေ့၊ ပါ့ဂ်လီအို၊ ခရိုဘဲလက်စ်နှင့် ရိုမန် တို့သည် ကောင်းကင်ထက်မှ ပုံရိပ်နှစ်ခုကို ကြည့်နေကြသည်။
“စနေပြီ။” ချန်လွေ့ ပြောလိုက်သည်။ သူသည် အက်ဇ်ဂါလောကို တားဆီးရန် မှော်အစီအရင်ကို အသက်သွင်းထားသည်မှာ ကြာပြီဖြစ်သည်။ ၎င်းသည် အိုင်းစစ်အတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးခဲ့သည်။
အက်ဇ်ဂါလောက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင် လျှပ်စီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး တဝီဝီအသံ ထွက်ပေါ်လာသည်။ သူ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ ကြီးမားလှသော အဝါရင့်ရောင် ကျောက်ပန်း တစ်ပွင့်က ထိုအမျိုးသမီးထံသို့ ပျံထွက်သွားသည်။ ၎င်းမှာ စွမ်းအားကြီး မြေမှော်တစ်ခု ဖြစ်သော “မရဏကျောက်ပန်းပွင့်”ပင် ဖြစ်လေသည်။ သို့သော်လည်း ထိုအမျိုးသမီးက လက်ကို အသာလေး မြှောက်လိုက်သည့်အခါ ကျောက်ပန်းပွင့်က မပေါက်ကွဲခင်မှာပင် အစအနပင်ရှာမရဘဲ ပျောက်ကွယ်သွား၏။ မီးနှင့်တွေ့သော နှင်းဘောလုံးကဲ့သို့ပင်။
“[ မြေဒြပ်စင်အားနည်းခြင်း ]”။ အက်ဇ်ဂါလောသည် ကာမတော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီအစွမ်းတစ်ခုကို ချက်ချင်းပင် သတိရသွားသည်။ [မြေဒြပ်စင်အားနည်းခြင်း]မှာ မှော်စွမ်းအား အားလုံး၏ ဝိပါက် ဖြစ်သည်။
ထိုအမျိုးသမီးသည် စကားမပြောဘဲ လက်ဝါးကို လေထဲသို့ တွန်းလိုက်သည်။ သူ၏ ညင်သာပုံရသော လှုပ်ရှားမှုသည် ဒီရေကဲ့သို့ အားတစ်မျိုးကို ဖြစ်စေခဲ့သည်။ ထိုစွမ်းအားမှာ အက်ဇ်ဂါလော မျှော်မှန်းထားသည်နှင့် လုံးဝကွဲလွဲနေသည်။ သူက သွေးရောင် လျှပ်စီးစွမ်းအားလက်ဖြင့် တားဆီးခဲ့သော်လည်း ကျယ်ပြန့်လှသော စွမ်းအားကို အမှန်တကယ် မတားဆီးနိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာသည်။ ထိုအမျိုးသမီး တမင်လုပ်ခြင်း ဟုတ်မဟုတ် မသိရပေ။ သို့သော် ထိုစွမ်းအားသည် အမှန်တကယ်ကို အကာအရံကို အက်ကွဲစေခဲ့သည်။
၎င်းသည် ခပ်မြန်မြန် အနီးကပ် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း တစ်ဖက်၏ စွမ်းအားမှာ မိမိထက် အနည်းငယ်သာကြောင်း အက်ဇ်ဂါလော ဆုံးဖြတ်လိုက်နိုင်သည်။ ထို့ပြင် ချောင်းမြောင်းတိုက်ခိုက်မည့်သူများလည်း ရှိနိုင်သည်။ သူသည် ၎င်းကို မကိုင်တွယ် နိုင်သည့်အတွက် ပြိုင်ဘက်ဖြစ်သူ၏ ကြီးမားလှသော အင်အားကို အသုံးချကာ နောက်ဘက်သို့ အစွမ်းကုန် ပျံသန်းသွားလိုက်သည်။
ပုံရိပ်နှစ်ခုသည် အလွန်အမင်း လျင်မြန်စွာ ရွေ့လျားနေ၏။ သူတို့သည် ချက်ချင်းပင် အစက်နှစ်စက်ဖြစ်သွားပြီး လရောင်အောက်၌ မမြင်ရလုနီးပါး ဖြစ်သွားခဲ့သည်။
“ကြည့်ရတာ သူတိုက်ခိုက်တာ ငါတို့ကို မမြင်စေချင်တဲ့ပုံပဲ။” ရိုမန်က ကြားဖြတ် ပြောလိုက်သည်။
“အစွမ်းထက်ပုဂ္ဂိုလ်တွေ တိုက်ခိုက်တာကို ငါ ဘယ်လိုလုပ် လက်လွှတ်ရမှာလဲ။” ခရိုဘဲလက်စ် စကားပြောပြီးသည်နှင့် ပါ့ဂ်လီအိုနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
“ငါ့ကို စောင့်ဦး။” ချန်လွေ့လည်း ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ ရိုမန်က အလျင်အမြန် အော်ခေါ်ပြီး [ လျှပ်တပြက် ] ပါရမီကို အသက်သွင်းကာ လေထဲသို့ ပျောက်ကွယ်သွားသည့် အရိပ်များနောက်သို့ အစွမ်းကုန် ပြေးလိုက်တော့သည်။
ချန်လွေ့က အဝေးသို့ အမြန်သွားရန်အတွက် ခြေလှမ်းဖိနပ်နှင့် မိုးခြိမ်းသံတို့၏ စွမ်းအားကို အသုံးပြုခဲ့သည်။ ခဏကြာပြီးနောက် သူက အမှောင်လမြို့မှ ထွက်သွားပြီး မြောက်ဘက်တစ်လျှောက် လိုက်သွားတော့သည်။ အဝေးရှိလေထဲ၌ ထူးဆန်းသော မီးတောက်များနှင့် ပေါက်ကွဲသံများကို သူ မြင်လိုက်ရသည်။ “အိုင်းစစ်”သည် အက်ဇ်ဂါလောကို လိုက်မီသွားပြီး သူတို့နှစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြသည်။
ထိုအချိန်၌ အက်ဇ်ဂါလော နှလုံးသားထဲရှိ ကြောက်ရွံ့ခြင်းသည် အဆုံးစွန်အထိ ရောက်ရှိသွားသည်။ ယခင်က အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှ ထိုအမျိုးသမီး၏ စွမ်းအားမှာ သူ့ထက် အနည်းငယ်သာ သာလွန်ပြီး သူ၏တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝမှုကြောင့် တိုက်ပွဲရလာဒ်ကို မသိနိုင်သေးဟု အက်ဇ်ဂါလော ထင်မှတ်ခဲ့သည်။ ယခုတွင် သူတို့အမှန်တကယ် တိုက်ခိုက်ကြသည့်အခါ ပြိုင်ဘက်ဖြစ်သူ၏ စွမ်းအားသည် မိမိထင်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း သိရှိသွားခဲ့သည်။ သူ စွမ်းအားအကုန် အသုံးမပြုလျှင် အန္တရာယ်ကြီးကြီးမားမား ကျရောက်သွားနိုင်ပေသည်။
အက်ဇ်ဂါလော အော်ဟစ်ပြီး ပိုက်နက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အိုင်းစစ်က အမြင်များ ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ ကောင်းကင်သည် နတ်ဆိုးယင်ကောင်များ ပြည့်နှက်သွားပြီး မီးခိုရောင်မျက်နှာပြင်တစ်ခု ဖုံးလွှမ်းထားသလို ဖြစ်နေသည်။ ခရမ်းရောင် လနှစ်စင်း၏ အရောင်သည်ပင် မှေးမှိန်သွားခဲ့သည်။
အိုင်းစစ်က အက်ဇါဂါလောဆီသို့ လေထဲမှ လက်သီးဖြင့် ထိုးလိုက်ရာ အက်ဇ်ဂါလော၏ ခန္ဓာကိုယ် ရုတ်တရက် ကွဲထွက်သွားသည်။ သူ၏ခန္ဓာကိုယ်သည်လည်း မြောက်မြားလှစွာသော နတ်ဆိုးယင်ကောင်များအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် အိုင်းစစ်ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြပြီး ချက်ချင်းပင် ဝိုင်းရံလိုက်သည်။
အိုင်းစစ် လက်ကိုဝှေ့ရမ်းလိုက်ရာ အလင်းစက်ဝိုင်းတစ်ခုက နတ်ဆိုးယင်ကောင် များထံသို့ ပျံသန်းသွားသည်။ နတ်ဆိုးယင်ကောင်များက ထိုအလင်းကြောင့် ပြန့်ကျဲသွား ကြသည်။ သို့သော်လည်း သူတို့တွင် အစွမ်းထက်သော ဝါမျိုခြင်းစွမ်းအား ရှိနေသကဲ့သို့ပင် ထိုအလင်းကို မျက်စိတစ်မှိတ်အတွင်း ဝါးမျိုလိုက်ကြသည်။ အိုင်းစစ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝါးဖြန့်လိုက်ရာ နတ်ဆိုးယင်ကောင် ထောင်ချီနီးပါး လေထဲ၌ တန့်သွားကြသည်။ ထို့နောက် သူက လက်ကို ရုတ်ခြည်း လှုပ်ရမ်းလိုက်ရာ တန့်နေသော နတ်ဆိုးယင်ကောင်များ ပေါက်ကွဲထွက်သွားပြီး အမှုန့်ဖြစ်သွားကြသည်။
သို့သော်လည်း အမှုန့်ဖြစ်သွားကြသော နတ်ဆိုးယင်ကောင်းများက အမှန်တကယ် မသေသွားကြဘဲ ပိုများသော နတ်ဆိုးယင်ကောင်များအဖြစ် ပြန့်ကျဲသွားသည်။ သူတို့သည် မသေနိုင်သကဲ့သို့ ဖြစ်နေပြီး အားနည်းချက် မရှိလုနီးပါး ဖြစ်နေကာ စွမ်းအင်ကို အဆုံးမရှိ ဝါးမျိုနိုင်နေသည်။
ထိုအမျိုးသမီးက အေးစက်စက်နှင့် နှာမှုတ်လိုက်ရာ အနီးအနားရှိ ထူထဲလှသော နတ်ဆိုးယင်ကောင်များက ရုတ်တရက် မီးတောက်လောင်သွားကြသည်။ ထိုမီးတောက်မှာ အနက်ရောင်ဖြစ်ပြီး အလွန်အမင်း အစွမ်းထက်လှသော အသက်ဓာတ်များ ပြည့်နေ၏။
သို့သော် ထိုကဲ့သို့အသက်ဓာတ်မျိုးသည် အရာအားလုံးကို ဝါးမျိုနိုင်သော နတ်ဆိုး ယင်ကောင်များအတွက် ကြောက်စရာအကောင်းဆုံး အဆိပ်တစ်ခုပင် ဖြစ်သည်။ မီးတောက်ထဲရှိ နတ်ဆိုးယင်ကောင်များက ကြက်သီးထစရာ “တဇက်ဇက်”အသံများ ပြုလုပ်လိုက်ကြသည်။ သူတို့သည် အမှန်တကယ်ပင် ပြာဖြစ်ပြီး ပျောက်ကွယ်သွား ကြသည်။ သူတို့သည် နတ်ဆိုးယင်ကောင်အဖြစ် ပြန်လည် မဖွဲ့စည်းနိုင်တော့ပေ။
ပြန့်ကျဲသွားသော ပြာများက အက်ဇ်ဂါလော၏ပုံရိပ်အဖြစ် ပြန်လည်ပေါင်းစပ် သွားကြသော်လည်း သူ၏အသွင်အပြင်မှာ အလွန်အမင်း ဖြူဖျော့နေ၏၊ သူ အပြင်းအထန် ဒဏ်ရာရသွားသည်မှာ သေချာသည်။ သူ အံကြိတ်ပြီး လက်ဝှေ့ရမ်းလိုက်ရာ ကျန်ရှိသော နတ်ဆိုးယင်ကောင်များက အနီရောင်ခြည်များအဖြစ် ပြောင်းလဲသွားကာ အိုင်းစစ်ဆီသို့ နေရာအနှံ့မှ ပြေးဝင်သွားကြသည်။ ရုတ်တရက် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
အဆက်မပြတ် ပေါက်ကွဲသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ကောင်းကင်ထဲရှိ ကျက်သရေရှိသော ပုံရိပ်မှာလည်း လေထဲမှ လွင့်ပျံနေဆဲ ဖြစ်သည်။ သို့သော် သူ၏ပတ်ပတ်လည်၌ ရွှေရောင်ပုံရိပ်၄ခု ရှိနေ၏။
အက်ဇ်ဂါလောသည် သူ၏ပိုင်နက်ကို ပေါက်ကွဲထွက်စေရန်အတွက် သူ၏ အရှိန်အဝါကို မတုံ့မဆိုင်းဘဲ အသုံးပြုခဲ့သည်။ သို့သော်လည်း ၎င်းကို ရွှေရောင်ပုံရိပ် ၄ခုက လုံးဝကာကွယ်ခဲ့ပြီး ဝတ်ရုံဖြူ အမျိုးသမီး မထိခိုက်ခဲ့ပေ။
ကြောက်စရာအကောင်းဆုံး အရာတစ်ခုကို မြင်လိုက်ရ သကဲ့သို့ပင် အက်ဇ်ဂါလော၏ နှလုံးသား တုန်လှုပ်သွားခဲ့သည်။
ရွှေအဆင့် [ စစ်ရုပ်သေး ] ။
၄ရုပ်။
ပြီးတော့ သူတို့ကို တော်တော်လေး ရင်းနှီးနေတယ်။
သလင်းကျောက်တောင်ကြား၌ အက်ဇ်ဂါလောသည် ထိုရွှေရုပ်သေး ၄ရုပ်နှင့် တိုက်ခိုက်ခဲ့ရသည်။ တစ်ယောက် လေးယာက် ဖြစ်သည့်အတွက် သူလုံးဝ အရေးနိမ့် ခဲ့သည်။ သို့သော်လည်း သူသည် အသည်းအသန် တိုက်ခိုက်ပြီးနောက် ထိုရုပ်သေး၄ရုပ်၏ လက်ထဲမှ လွတ်မြောက်နိုင်ခဲ့သည်။
အက်ဇ်ဂါလော၏နှလုံးသား တုန်လှုပ်သွားပြီး ကြက်သီးထလာ၏။ တကယ် သူပဲ။
ငါအကြောက်ဆုံး မိန်းမ။
ကိုယ်အကြောက်ဆုံးအရာ ဖြစ်လာတယ်ဆိုတာ မှန်နေတာပဲ။
လက်စသတ်တော့ အမှောင်လကို တိတ်တဆိတ် ထိန်းချုပ်နေတာက အရိပ်နက် အင်ပါယာ ဖြစ်နေတာကိုး။
အက်ဇ်ဂါလောသည် ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်က သုံးယောက် တစ်ယောက် အနိုင်ရခဲ့သော မြင်ကွင်းကို ပြန်တွေးမိသွားသည်။ သူက ဆုံးဖြတ်ချက် ပြတ်သားသော်လည်း အကြောက်တရားကို ရှောင်လွှဲ၍ မရပေ။ ငါက အဲဒီ ရုပ်သေး ၄ရုပ်ကိုတောင် မနိုင်ဘူး။ နတ်ဆိုးဘုံရဲ့ ကြောက်စရာအကောင်းဆုံး မိန်းမကိုတော့ ပြောမနေနဲ့။
ထိုအချိန်မှသာ အက်ဇ်ဂါလောသည် အမှောင်လမှ ခပ်မြန်မြန် မထွက်ပြေးခဲ့ဘဲ နန်းတော်သို့ သွားခဲ့ခြင်းကို နောင်တရနေခဲ့သည်။
အက်ဇ်ဂါလော၏ တိုက်ခိုက်ချင်စိတ် ကြီးကြီးမားမား လျော့ကျသွားပြီး အသည်းအသန် ထွက်ပြေးချင်နေစဉ်တွင် မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွား၏။ အနီးအနား ပတ်ဝန်းကျင်သည် မီးတောက်နက် ပင်လယ်တစ်ခု ဖြစ်သွားကာ ရွှေရုပ်သေး ၄ရုပ်က အက်ဇ်ဂါလောကို ဝိုင်းရံလိုက်သည်။
အဝေးမှ ချန်လွေ့နှင့် အခြားသူများသည် ကောင်းကင်ထက်မှ မီးခိုးရောင် မျက်နှာပြင်မှာ မီးတောက်နက် ပင်လယ်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထိုအထဲ၌ ယိုယွင်းမှုအနည်းငယ်နှင့် အနှောင့်အယှက်များ ရှိနေသည်။ လေထဲ၌ ရပ်နေသော ကျက်သရေရှိသည့် ပုံရိပ်တစ်ခုကိုသာ သူတို့ ထင်ထင်ရှားရှား မြင်ခဲ့ရသည်။ ထိုပုံရိပ်၏အရှေ့တွင် သန်မာသော ခန္ဓာကိုယ်တစ်ခု လွင့်ပျံနေ၏။ ထိုသူသည် ခုခံရန် စွမ်းအား လုံးဝ ဆုံးရှုံးသွားဟန်တူသည်။
ပိုးဇာလွှားနောက်ကွယ်မှ အမျိုးသမီး၏ ကြယ်ပွင့်ကဲ့သို့ မျက်လုံးများက တိုက်ပွဲကို အဝေးမှကြည့်သော လူအုပ်ကြီးဘက်သို့ အသာလေး ငေးကြည့်လိုက်သည်။ ထို့နောက် ထိုအမျိုးသမီးသည် အကျဉ်းသားနှင့်အတူ ပျောက်ကွယ်သွားတော့သည်။