ဇိုလာ “အထင်လွဲခြင်း”
Vol. 27 Ch. 403
ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ချင်စိတ်က မင်းသမီးလက်လီစတိုးရှိ လူတိုင်းနီးပါး၏ သွေးများကို အေးခဲသွားစေသည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် အပေါ်ထပ် တက်သွားသောသူ၏ပုံရိပ် ပျောက်ကွယ်သွားသည်။ မျက်မှန်နှင့် မိန်းမလှလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ဆံပင်အစိမ်းနှင့် မိန်းမလှလည်း ပျောက်ကွယ်သွားတော့သည်။
ဆိုင်ထဲမှလူများ အချင်းချင်း ကြည့်လိုက်ကြသည်။ ပူတင်းအထုတ် အသေးလေး တစ်ခု ကိုင်ထားသော ခီရာက အပေါ်ထပ်သို့ အသည်းအသန် အမြန်တက်လာသည်။ ခုနက မင်းသမီးလက်လီစတိုးဆိုင်အနားသို့ သူ ရောက်လာခဲ့စဉ်တွင် ရှီရာသည် ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားမိခဲ့သည်။ သို့သော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားကို ကြောက်ရွံ့သည့်အတွက် မလှုပ်နိုင်ခဲ့ပေ။
ထိုစွမ်းအား ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ကဝေမက ဆိုင်ထဲသို့ အပြေး ဝင်လာခဲ့သည်။ လိုလီလေး အန္တရာယ်ကင်းနေကြောင်း မြင်သည့်အခါ သူ စိတ်သက်သာရာ ရသွားခဲ့သည်။ ခုနက အဖြစ်အပျက်ကို မေးမြန်းပြီးနောက် ခီရာ ထိတ်လန့်သွားခဲ့သည်။ “မျက်မှန်နဲ့အစ်မက ဇိုလာလို့ခေါ်တယ်လို့ နင်ပြောတာလား။ သူက ခုနတုန်းက အရှိန်အဝါ ထုတ်လွှတ်ခဲ့တာလား။ ပြီးတော့ ပါ့ဂ်လီအိုက သူ့ကိုတွေ့တွေ့ချင်း ပျောက်ကွယ်သွားတယ် ဟုတ်လား။”
လိုလီလေး ခေါင်းညိတ်လိုက်ပြီးနောက် ခီရာ၏ တည်ငြိမ်နေသော နှလုံးသား လှုပ်ရှားလာပြန်သည်။ သူသည် ဇိုလာနှင့် ချန်လွေ့တို့၏ ပတ်သက်မှုအစစ်အမှန်ကို မသိသော်လည်း ချန်လွေ့သည် သက်တန့်တောင်ကြား၌ ရှေးမှော်စာများ သင်ယူခဲ့ခြင်းနှင့် ဇိုလာနှင့် ပါ့ဂ်လီအိုအကြား ရန်ကြွေးများရှိနေခြင်းကို သိသည်။
နတ်မိမယ်နဂါးက မြနဂါး မဟုတ်ဘူး။ သူနဲ့ ပါ့ဂ်လီအိုက တကယ့် ရန်သူတွေ။ အရေးကြီးဆုံးကတော့ ချန်လွေ့နဲ့ ပါ့ဂ်လီအိုတို့က သဟဇီဝစာချုပ် ချုပ်ဆိုထားတာပဲ။
ထိုသို့တွေးမိလိုက်သည်နှင့် ခီရာ၏ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားသည်။ လိုလီလေး ကြက်သေသေသွား၏။ ဘာလို့ ဒီအကွက်က ဒီနေ့ နာမည်ကြီးနေရတာလဲ။
ထိုအချိန်၌ ပါ့ဂ်လီအိုတွင် အခြားအတွေးများ မရှိပေ။ သူသည် ကြောက်လန့်ရန် အချိန်မရှိသလို လှည့်ကွက်များ စဉ်းစားရန်လည်း အချိန်မရှိခဲ့ပေ။ သူ့စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ ပြေးတော့....
သူသည် ဇိုလာ၏စရိုက်ကို ကောင်းကောင်းသိသည်။ သူသည် မိမိအား ရှင်းပြခွင့် ပေးမည် မဟုတ်ပေ။ ထို့အပြင် ထိုစဉ်က ကိစ္စမှာလည်း လုံးဝထင်ရှားနေသည်။ သူသည် ငွေသေတ္တာကို အပိုင်စီးချင်သည့်အတွက် မဟာမိတ်ဖွဲ့ထားခြင်းကို စွန့်လွှတ်ကာ ဇိုလာအား တိုက်ခိုက်ပြီး ငွေသေတ္တာအား လုယက်ခဲ့သည်။
သူ မလှုပ်ရှားလျှင်ပင် ဇိုလာက သူ့ကို သစ္စာဖောက်မည် ဖြစ်သည်။ သို့သော်လည်း သူ အရင် တိုက်ခိုက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
အရေးကြီးဆုံးမှာ ဆရာသခင် အဆိပ်နဂါးသည် ဇိုလာကို အနိုင်မယူနိုင်ခြင်းပင်။ သူ၏ ချိပ်ပိတ်ခံထားရသော အခြေအနေ၌ မဆိုထားဘိ။ အစွမ်းထက်ဆုံးအချိန်မှာပင် အဆိပ်နဂါးသည် ဇိုလာ၏ပြိုင်ဘက် မဟုတ်ပေ။ သူသည် သလင်းကျောက်နဂါး ယာကော့ဗ်ကဲ့သို့ မှော်ပညာမပြီးပေ။ ထို့ပြင် နှစ်ပေါင်းများစွာကြာပြီးနောက် ထိုအရူးမသည် မူလအားနည်းချက်များကို ကျော်လွှားပြီး ယာကော့ဗ်အား ထိန်းချုပ်ရန် နည်းလမ်းအမျိုးမျိုး ရှာတွေ့ပြီးလောက်လေပြီ။
ထိုအရူးမအတွက် မဖြစ်နိုင်သည့်အရာ မရှိပေ။
နတ်ဆိုးဘုံတစ်ခုလုံး၌ ဇိုလာကို တားဆီးနိုင်သောသူ အနည်းငယ်သာ ရှိသည်။ ထိုထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်က အက်ဇ်ဂါလောအား ဖမ်းဆီးခဲ့သော လျို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက်ပုဂ္ဂိုလ်လည်း အပါအဝင် ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသမီးသည် အမှောင်လမှ ထွက်သွားခဲ့လေပြီ။
ထို့ကြောင့် ဆရာသခင် အဆိပ်နဂါးတွင် ရွေးစရာမရှိဘဲ ထွက်ပြေးရတော့သည်။ ဒီအရူးမလက်ထဲ ငါရောက်သွားတာနဲ့ အကျိုးဆက်တွေကို တော်တော်လေး ဆိုးဝါးမှာ။ မြန်မြန်သေဖို့တောင် ခက်ခဲသွားနိုင်တယ်။
ဆိုးတာက ဘက်တီးလေးပါ ဝင်ပါလာပြီးတော့ ဒီအရူးမရဲ့ စမ်းသပ်ပစ္စည်း ဖြစ်လာ နိုင်တာလဲ။ ဆရာသခင် အဆိပ်နဂါးသည် မထင်ထားလောက်အောင် မြင့်မြတ်လှ၏။ သူသည် ကိုယ့်ကိုယ်တိုင်အတွက် ထွက်ပြေးနေခြင်း မဟုတ်ပေ။
ပါ့ဂ်လီအို၏တုံ့ပြန်မှုမှာ မြန်ဆန်ပြီး တွက်ချက်မှုများမှာ အလွန်ပင် တိကျသော်လည်း သူ၏စွမ်းအားမှာ အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်။ ထိုစဉ်က အဆိပ်နဂါးသည် နတ်မိမယ်နဂါး၏ပြိုင်ဘက် မဟုတ်ပေ။ ယခု ချိပ်ပိတ်ခံထားရသော အခြေအနေ၌မူ ပြောစရာပင် မလိုချေ။
ပါ့ဂ်လီအိုက မြို့ထဲမှ လျှပ်တပြက် ထွက်ပြေးပြီး အနောက်ပိုင်းသို့ သွားခဲ့သည်။ သူက ရေကန်ပြာသို့သွားပြီး အဆိပ်ရေကို အကာအကွယ်အဖြစ် အသုံးချကာ ဇိုလာ လိုက်ဖမ်းသည်ကို တားဆီးရန် ကြံစည်ထားသည်။ သို့သော်လည်း ခဏတာ ပြေးပြီးနောက် တစ်ခုခု လွဲနေကြောင်း တဖြည်းဖြည်း သူ သဘောပေါက်သွားသည်။ ဘေးနှစ်ဖက်မှ မြင်ကွင်းများမှာ အလျင်အမြန် ရွေ့လျားနေသော်လည်း အပင်တစ်ပင်မှ မပြောင်းလဲပေ။ သူသည် အချိန်အကြာကြီး ပြေးနေခဲ့သော်လည်း ထူးဆန်းသော နေရာလွတ်၏ တားဆီးခြင်းကို ခံနေရခြင်း ဖြစ်သည်။ သူသည် တစ်နေရာတည်းမှာပင် တဝဲဝဲလည်ပြီး အင်အားများ အလဟသ ဖြစ်ကုန်၏။
“ပြေးချင်တာလား။ ဟမ့်။” မစ်-နတ်မိမယ်နဂါး၏အသံ ထွက်လာသည်။ “ဆက်ပြေးလေ။ ရှင် ဒီနေရာလွတ်ကနေ ထွက်ပြေးနိုင်ရင် ရှင့်ကို လွှတ်ပေးမယ်။”
ချီးကို လွှတ်ပေးမှာလား။ မင်းရဲ့အကျင့်ကို ငါသိတယ်။ အဆိပ်နဂါးက စိတ်ထဲ၌ ဆဲဆိုလိုက်သော်လည်း အံ့အားသင့်ဟန် ပြသလိုက်သည်။ “မင်းက ဘယ်သူလဲ။ မင်း လူမှားနေတာလား။”
မစ်-နတ်မိမယ်နဂါးသည် မစ်-မြနဂါး မဟုတ်ပေ။ သူသည် လေမရှည်ပေ။ သူက ငေးငိုင်ရင်း တစ်ခွန်းသာ ပြောသည်။ “ဘာပြောတာလဲ။”
နှစ်၂၀၀၀ကျော်ပြီ ဖြစ်သော်လည်း ထိုရင်းနှီးသောစကားသည် အဆိပ်နဂါးကို ကြက်သီးများ ထသွားစေ၏။ ယခင်က နဂါးပြာ ရာနိုင်းရီသည် အသက်ချမ်းသာပေးရန် တောင်းပန်သော်လည်း လှည့်ကွက်အားလုံး အသုံးမဝင်ခဲ့ပေ။ မစ်-နတ်မိမယ်နဂါးသည် ငေးငိုက်လျက်ပင် ထိုမေးခွန်းကိုသာ မေးမြန်းသည်။ ထို့နောက် ရာနိုင်းရီသည် ၁၀စက္ကန့်အတွင်း ပြာပုံဖြစ်သွားခဲ့သည်။
ပါ့ဂ်လီအိုက သေတော့မည်ဖြစ်ကြောင်း သိသည့်အတွက် အမြန်ပြောလိုက်သည်။ “ငွေသေတ္တာလိုချင်ရင် ငါ့ကိုလွှတ်ပေး။”
ငွေသေတ္တာအကြောင်းပြောသည့်အခါ ဇိုလာ၏မျက်လုံးများ အရောင်တောက် သွားသည်။ သို့သော်လည်း အေးစက်မှုက ပိုများနေ၏။ “ငွေသေတ္တာထက်စာရင် အဆိပ်နဂါးကို အပိုင်းပိုင်းဖြတ်ဖို့ ကျွန်မ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဒီစမ်းသပ်မှုမှာ တစ်ယောက်ယောက်က မခံနိုင်တော့ဘဲနဲ့ ငွေသေတ္တာ ဘယ်မှာရှိလဲဆိုတာ ပြောလာရင် ပြောမှာပေါ့။”
ပိုင်းဖြတ်မှာလား။ ဆရာသခင် အဆိပ်နဂါး၏ ကြက်သီးများမှာ ထင်ရှားလှသည်။ “ငါ့ကိုယ်ငါ အခုပဲ ဖောက်ခွဲလိုက်မယ်။ မင်း ဘာမှရမှာ မဟုတ်ဘူး။”
“ဟုတ်လား။” မစ်-ဇိုလာက ကြက်သီးထစရာ ကောင်းလောက်အောင် ပြုံးလိုက်၏။ သူ၏လေသံသည် ပါ့ဂ်လီအိုကို ကျောချမ်းသွားစေသည်။ “လုပ်ကြည့်လေ။ ဒီနေရာထဲမှာ ရှင် နတ်ဆိုးပုရွက်ဆိတ် တစ်ကောင်ကိုတောင် သတ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖို့ဆို ပြောမနေနဲ့။ ဒါနဲ့ ရှင့်စွမ်းအား လျော့လာတာ မြန်နေတာပဲ။ နေပါဦး.... ကျွန်မ ဘာကို ခံစားမိနေတာလဲ။ ဒါတွေက ရှေးမှော်စာတွေလား။ ကျွန်မမှာ ကျောက်ပြားတွေ အားလုံး ရှိနေပြီ။ ဒါတွေကို လေ့လာဖို့ လိုအပ်တယ်။ အခု ကျွန်မ တရားဝင် ကြေညာလိုက်ပြီ။ ရှင်က အဖိုးတန် ရေရှည် သုတေသနပစ္စည်း ဖြစ်သွားပြီ။”
ငါအခု သေလို့တောင် မရတော့ဘူး။ မစ်-နတ်မိမယ်နဂါး၏ အငြိုးကြီးသော အသံကို ကြားပြီးနောက် ပါ့ဂ်လီအို၏ သနားစရာ နှလုံးသား လုံးဝ နစ်မြုပ်သွားခဲ့သည်။ နေပါဦး။ ကျောက်ပြားတွေ။
“မင်း ချန်လွေ့ကို သိလား။ သူက ငါ့နဲ့ သဟဇီဝစာချုပ် ချုပ်ထားတာ....”
“ချန်လွေ့လား။ မသိဘူး။ ဒီတော့ ရှင့်မှာ ကြံရာပါ ရှိတယ်ပေါ့။ ကျွန်မ ရှင့်ကို သတ်လိုက်တာနဲ့ သူလည်း သေသွားမှာပဲ။” မစ်-နတ်မိမယ်နဂါးက အေးစက်စက်နှင့် ပြောလိုက်ပြီး ပါ့ဂ်လီအို၏ နောက်ဆုံးမျှော်လင့်ချက်ကို ကွဲကြေသွားစေခဲ့သည်။
သွားပြီ။ အဲဒီဉာဏ်များတဲ့လူသားလည်း ဒီတစ်ခေါက်တော့ သေပြီ။
“ပါ့ဂ်လီအို။ ရှင် ဘယ်မှာလဲ။”
မြနဂါး၏အသံ လေထဲ၌ ပဲ့တင်ထပ်သွားသည်။ ယခုတစ်ခေါက်တွင် အဆိပ်နဂါးက အမှန်တကယ်ပင် အသိစိတ်ရှိနေ၏။ သူ ပြန်မဖြေခဲ့ပေ။ သို့သော်လည်း မစ်-ဇိုလာက ကူညီပေးခဲ့သည်။ “သူ ဒီမှာ။”
ထိုအသံကိုကြားပြီးနောက် ခရိုဘဲလက်စ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပျံလာခဲ့သည်။ သို့သော်လည်း ဇိုလာက လက်ညှိုးထိုးလိုက်ရုံဖြင့် မြနဂါးသည် အနီးအနားရှိ ဒြပ်စင်များ ထူးထူးဆန်းဆန်း တက်လိုက်ကျလိုက် ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်သည် သူ၏အဝတ်အစားကို လုယူပြီး သူ၏လူကိုပင် လုယူချင်နေသော ထို “လူဆိုးမ” အရှေ့သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။
“သူက ရှင့်မိန်းမလား။” ဇိုလာက ပါ့ဂ်လီအိုကို မေးလိုက်သည်။
ပါ့ဂ်လီအိုက ၎င်းကို ငြင်း၍မရကြောင်း သိသည်။ ထို့ကြောင့် အံကြိတ်ပြီး ဖြေလိုက်သည်။ “ဒီကိစ္စက သူ့နဲ့ ဘာမှ မဆိုင်ဘူး။ သူ့ကို လွှတ်ပေးလိုက်။ ငါမင်းကို အခုပဲ ငွေသေတ္တာကို သွားယူပေးမယ်။”
“မုန်းတီးစရာ ဆံပင်အစိမ်းနှင့်မိန်းမ”သည် အဆိပ်နဂါး၏မိန်းမဖြစ်ကြောင်းနှင့် “ရစ်ချတ်”နှင့် ဘာမျှမဆိုင်ကြောင်း ကြားသည့်အခါ မစ်-နတ်မိမယ်နဂါး၏ခံစားချက်များ ရှင်းပြ၍မရအောင် ကောင်းမွန်သွားခဲ့သည်။ အဆိပ်နဂါးအပေါ် သူ၏မုန်းတီးမှုများပင် အနည်းငယ် လျော့ကျသွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ငွေသေတ္တာကြောင့် ကျွန်မသူ့ကို အသက်ချမ်းသာပေးလိုက်မယ်။”
ခရိုဘဲလက်စ်က အခြေအနေမှာ မှားယွင်းနေကြောင်း မြင်နေရသည်။ ထိုမိန်းမသည် အချစ်ပြိုင်ဘက် မဟုတ်ဘဲ ပါ့ဂ်လီအို၏ရန်သူ ဖြစ်နိုင်သည်။ ထို့ပြင် ပါ့ဂ်လီအိုကို ထိုမိန်းမက ထိန်းချုပ်ထားလေသည်။
အခက်အခဲသည် ချစ်သံယောစဉ်ကို စမ်းသပ်သည်။ အဆိပ်နဂါးပြောသည်ကို ခရိုဘဲလက်စ် ကြားသည့်အခါ ထောင်သောင်းချီသော စကားချိုချိုများထက် မစ်-ဘက်တီကို ရင်ထဲထိသွားစေခဲ့သည်။ သူသည် ချက်ချင်းပင် ထိုမိန်းမ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို လျစ်လျူရှုပြီး အော်ဟစ်လိုက်သည်။ ကောင်းကင်သည် အစိမ်းရောင်များ တောက်ပသွားပြီး သူက ဇိုလာထံသို့ [ အဆိပ်သွား ] ဖြင့် ပြေးဝင်သွား လိုက်သည်။
“ခေါင်းမာတဲ့မိန်းမပဲ။” ဇိုလာက အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ ခရိုဘဲလက်စ်က ကောင်းကင်ပေါ်မှ [ အဆိပ်သွား ] သည် တစ်ခုခုကြောင့် ရုတ်တရက် အေးခဲသွားကြောင်း ခံစားလိုက်ရပြီး ချက်ချင်းပင် အမှုန့်များ ဖြစ်သွားပြီး ကျဆင်းလာ၏။ ထိုအထဲ၌ပါဝင်သော ရေဒြပ်စင်စွမ်းအားများ ထိန်းချုပ်၍မရနိုင်တောင် တန်ပြန်လာပြီး သူ့ကို ရစ်ပတ်သွားခဲ့သည်။ သူ၏ခြေထောက် စတင်အေးခဲလာပြီး မလှုပ်ရှားနိုင်တော့ပေ။
အဆိပ်နှင့် ရေဒြပ်စင်ဖြင့် နာမည်ကျော်ကြားသော မြနဂါးသည် အမှန်တကယ်ပင် တစ်ဖက်လူ၏ ရေဒြပ်စ်များကြောင်း အေးခဲနေလေသည်။
မဟုတ်ဘူး။ ဒါက ရေဒြပ်စင်တွေပဲ မဟုတ်ဘူး။ လောင်ကျွမ်းတဲ့အပူလည်း ပါတယ်။ ဒါက ဒြပ်ပေါင်းမှော်ပညာပဲ။ မလိုက်ဖက်တဲ့ ရေနဲ့မီးဒြပ်စင်တွေကို တကယ်ကြီး ပေါင်းစည်းထားတာ။
အစွမ်းထက် ဒြပ်စင်ပြောင်းပြန်လှန်တာ။ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ဒြပ်စင်မှော်ပညာ။ တိကျတဲ့ မှော်ထိန်းချုပ်မှု။ မစ်-မြမနဂါးက စိတ်ထဲ၌ ထိတ်လန့်သွား ခဲ့သည်။ ရုတ်တရက် သူက အထင်လွဲခဲ့ဖူးသော “ရန်သူ”တစ်ယောက်ကို တွေးမိလိုက်ပြီး လွှတ်ခနဲ ပြောလိုက်သည်။ “နတ်မိမယ်နဂါး ဇိုလာ။”
ယခုတစ်ခေါက်တွင် အထင်လွဲခြင်း မဟုတ်တော့ပေ။ အမှန်တကယ် ရန်သူ ရောက်ရှိလာလေပြီ။
“ရွံစရာ မြနဂါးလေး။” ဇိုလာက ပြုံးပြသည်။ “နင်ငါ့ကို မှတ်မိတာလား။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃လတုန်းကကိစ္စကို မေးသွားလောက်ပြီ ထင်တယ်။ ကြယ်ကြွေတမန်မြို့တော် ဆိုင်တစ်ဆိုင်မှာ နင်က ငါ့အဝတ်အစားကို လုယူခဲ့တယ်လေ။ ဒါပေမဲ့ အဲဒီ စျာပနဝတ်ရုံကို ငါ စိတ်မဝင်စားဘူး။ အဆိပ်နဂါးရဲ့ စျာပနမှပဲ နင် ဝတ်လိုက်။”
မြနဂါး အံ့အားသင့်သွားသည်။ လွန်ခဲ့တဲ့၃လလား။ တော်တော်ဝေးတဲ့ အမုန်းတရားပဲ။ အဲဒီတုန်းက စျာပန ဝတ်စုံ.....
“နင်က အဲဒီ ရုပ်ဆိုးဆိုးနဲ့ ဝတုတ်မကြီးလား။” ခရိုဘဲလက်စ်က လွှတ်ခနဲ ပြောလိုက်သည်။
ဇိုလာက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။ “ဟီးဟီး။ ငါက နင့်ကို နွားမကို ငါ့ရဲ့ အလှတရားကြောင့် အရှက်မရစေချင်တာပါ။”
မြနဂါးက ဒေါသတကြီး ပြောသည်။ “နင်ကမှ နွားမ။ အဲဒီအဝတ်အစားကို နင့်ယောက်ျား စိုင်မွန်က ငါ့ကို လိုလိုလားလားနဲ့ ပေးခဲ့တာ။”
ဘေးဖက်မှ ပါ့ဂ်လီအို ကြက်သေသေသွားခဲ့သည်။ ဇိုလာမှာ တကယ်ပဲ ယောက်ျား ရှိတာလား။
ဒီအရူးမကို လိုချင်တဲ့ ယောက်ျား တကယ်ကြီး ရှိတာလား။ အဲဒီ စိုင်မွန်ဆိုတဲ့ သနားစရာနဂါးလေးကို ကိုးကွယ်ဆည်းကပ်ဖို့ထိုက်တယ်.....
ထိုအချိန်၌ အဝေးမှ အသံတစ်သံ ထွက်လာသည်။ “ဇိုလာ။”
ထိုရင်းနှီးသောအသံကို ကြားသည့်အခါ် သူတို့သုံးယောက် တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။
ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က စိုးရိမ်နေဟန်တူပြီး မစ်-နတ်မိမယ်နဂါး၏ အမူအရာမှာ ပို၍ပင် ထူးဆန်းနေသည်။ ဇိုလာသည် လုံးဝ ငေးငိုင်နေ၏။ ဟန်ဆောင် ငေးငိုင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ငေးငိုင်နေခြင်းပင်။
ထိုအသံသည် အလျင်အမြန်ပင် ဝေးရာမှ နီးလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပုံရိပ်တစ်ခုက နဂါးသုံးကောင်အရှေ့၌ ပေါ်ထွက်လာသည်။
ရောက်လာသူမှာ ချန်လွေ့ပင် ဖြစ်သည်။ ခီရာထံမှ သတင်းကြားပြီးနောက် သူ အမြန်ပြေးလာခြင်း ဖြစ်သည်။ ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲပြီးနောက်၊ သူ၏ စိတ်ဝိညာဉ် ကွင်းဆက်တွင် ချိတ်ဆက်ထားသူကို အာရုံခံနိုင်သည့် လုပ်ဆောင်ချက် ပါဝင်လာသည်။ နောက်ဆုံး၌ သူသည် ထိုနေရာသို့ အချိန်မီ ရောက်ရှိသွားခဲ့သည်။
ချန်လွေ့သည် ရစ်ချတ်၏မျက်နှာကို အသုံးအပြုခဲ့သော်လည်း နတ်မိမယ်နဂါးက သူ့ကို ချက်ချင်း မှတ်မိသည်။ သူသည် စိတ်ထဲ၌ ပြောစရာ အများအပြားရှိသော်လည်း အခုတွင် ဆွံ့အနေလေပြီ။ သူသည် လုံးဝ အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။
( နင် နောက်ဆုံးတော့ ရောက်လာပြီလား။ ကောင်..စုတ်..)
ပါ့ဂ်လီအိုနှင့် ချန်လွေ့တို့ အဆင်ပြေကြောင်း တွေ့သည့်အခါ ချန်လွေ့ စိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။ “ဇိုလာ။ ပါ့ဂ်လီအိုနဲ့ ဘက်တီကို အရင် လွှတ်ပေးလိုက်။ ကိုယ် မင်းနဲ့ဆွေးနွေးစရာတွေ အများကြီး ရှိတယ်။”
( ဟွန့်။ စိတ်ကူးယဉ်မဆန်တဲ့သူပဲ။ ငါက အဝေးကြီးကနေ နင့်ကိုတွေ့ဖို့ လာခဲ့တာ။ နင် ပထမဆုံးပြောတာက ဒါတဲ့လား။ ငါ့ကို စိတ်သက်သာစေဖို့အတွက် တစ်ခုခုပြောလို့ မရဘူးလား။ )
ဇိုလာက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ဟမ်။ သူက ဒီအဆိပ်နဂါးကို ဘယ်လိုသိတာလဲ။
ဇိုလာက မိမိကို မကြားချင်ယောင်ဆောင်နေကြောင်း မြင်သည့်အခါ ချန်လွေ့ မျက်နာတင်းတင်းဖြင့် ပြောလိုက်သည်။ “ဇိုလာ။ ကိုယ်ပြောတာ နားထောင်။ ပါ့ဂ်လီအိုက ကိုယ့်ရဲ့ အကောင်းဆုံးမိတ်ဆွေပဲ။ သဟဇီဝစာချုပ် အဖော်လည်း ဟုတ်တယ်။ မင်းသူ့ကို သတ်မယ်ဆိုရင် ကိုယ်လည်း သေသွားမှာ။ ကိုယ့်ကို တကယ် သတ်ချင်တာလား။”
“သဟဇီဝစာချုပ်လား။ ဒါဆို နင်က ချန်လွေ့ပေါ့။” ဇိုလာ အံ့အားသင့် သွားသည်။ ဒါကြောင့် သူက သူ့မှာ သက်တမ်း ထောင်သောင်းချီ ရှိတယ်လို့ ပြောခဲ့တာပဲ။ နေပါဦး။ သူက ပါ့ဂ်လီအိုရဲ့ သဟဇီဝအဖော်ဆိုတော့ သူတို့ရဲ့ဆက်ဆံရေးက ထူးခြားမှာပဲ။ ဒါဆို သူက အစကတည်းက သိနေတာပေါ့....
ဇိုလာ ငေးငိုင်သွားပြီး သူ၏ခေါင်းထဲ၌ မြောက်မြားလှစွာသော အတွေးများ ဖြစ်ပေါ်လာသည်။ သူ ရုတ်တရက် တုန်လှုပ်သွားပြီး အလန့်တကြား အမူအရာ ပြသလိုက်သည်။
“အရင်တစ်ခေါက်က နင်ချစ်ရတဲ့သူကို ကယ်တင်ဖို့အတွက် ထွက်သွားမယ်လို့ နင်ပြောခဲ့တယ်။ အဲဒါက....သူလား။” မစ်-နတ်မိမယ်နဂါး၏ တုန်ခါနေသော လက်ချောင်းများက မစ်-မြနဂါးကို ဖြတ်ကျော်သွားပြီး အဆိပ်နဂါးထံ ရောက်သွားသည်။
“ငါလား။” ပါ့ဂ်လီအိုက မယုံကြည်နိုင်စွာဖြင့် ကိုယ့်နှာခေါင်းကို လက်ညှိုးထိုး လိုက်သည်။
ခရိုဘဲလက်စ် ကြောင်သွား၏။
ချန်လွေ့ ကြောင်သွား၏။
ဒါက လုံးဝကို အဓိပ္ပာယ် မရှိတာပဲ။
“ငါ့မှာ အဲဒီကောင်နဲ့ အဲလိုမျိုး ဆက်ဆံရေးမရှိဘူး။ ငါက ကောင်မတွေကိုပဲ သဘောကျတာ။ အကောင်တွေကို မဟုတ်ဘူး။” အန္တရာယ်ကျရောက်နေသော်လည်း အဆိပ်နဂါးက သူအပြစ်မဲ့ကြောင်း ဒေါသတကြီး ရှင်းပြသည်။
“ကျွန်မရှင့်ကို ယုံကြည်ဦးမယ် ထင်နေတာလား။” ဇိုလာက အဆိပ်နဂါးအား ချက်ချင်းပင် လိင်တူချစ်သူများထဲသို့ တွန်းပို့လိုက်သည်။ သူ စကားပြောရန် ပါးစပ်ဖွင့် လိုက်သော်လည်း ပြန်ပြောစရာ စကားလုံး ရှာမတွေ့ခဲ့ပေ။
ဘာလုပ်ရမှာလဲ။ အရင်က ပြစ်မှုမှတ်တမ်းရှိအောင် သူ့ကို ဘယ်သူလုပ်ခိုင်းလဲ။
“ဒါနဲ့ ရှေးမှော်စာတွေ။ သူ့အပေါ်က ရှေးမှော်စာတွေက တော်တော်လေး ရင်းနှီးနေတယ်။” နောက်ဆုံး၌ ဇိုလာ တုံ့ပြန်ပြီး သူ၏အကြည့်မှာ ပို၍ပင် ဒေါသထွက် သွားသည်။ “လက်စသတ်တော့ သက်တန့်တောင်ကြားကို နင်ရောက်လာတဲ့ တကယ့် ရည်ရွယ်ချက်က သူ့ရဲ့ ချိပ်ပိတ်အတွက်ကိုး။ သူ့အတွက် နင်က.... အဲလိုအရာမျိုးတောင် လုပ်ဖို့ မတုံ့ဆိုင်းခဲ့ဘူး။”
အဲလိုအရာမျိုး ဟုတ်လား။
ဘယ်လိုမျိုးလဲ။ လိင်တူချစ်တဲ့နဂါးအတွက် ငါက ငါ့ခန္ဓာကိုယ်ကို စတေးပြီးတော့ အမျိုးသမီးတစ်ယောက်ကို ဖြားယောင်းခဲ့တာမျိုးလား။
ချန်လွေ့သည် မစ်-နတ်မိနယ်နဂါး၏ စဉ်းစားဉာဏ်ကွန့်မြူးပုံကို လုံးဝ မစနောက်နိုင် ဖြစ်သွားခဲ့သည်။
မစ်-နတ်မိမယ်နဂါးသည် ဒေါသထွက်ပြီး အထင်လွဲနေကြာင်း ချန်လွေ့သိသည်။ ထို့ကြောင့် ယခုအချိန်အတွင်း စကားဖြင့် သေသေချာချား ရှင်းပြ၍ မရနိုင်ပေ။ ထို့ကြောင့် လူသားက ရှေ့သို့တက်လာပြီး သွေးသွယ်ကျစ်လစ်သော ဇိုလာ၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ အဆိပ်နဂါးနှင့် မြနဂါးကို ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ထို့နောက် ချန်လွေ့က ဇိုလာက နမ်းရှိုက်လိုက်တော့သည်။
ပါ့ဂ်လီအိုက အသည်းအသန်ပင် မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် ပေါင်ကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်သည်။ ငါ အမြင်မှားနေတာလား။
ငါ့ခွေးမျက်လုံး ....အဲ... ငါ့နဂါးမျက်လုံးတွေက အရူးမရဲ့ မှော်ပညာကြောင့် ကန်းသွားတာလား။ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား။
ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ကို ပို၍ပင် မယုံကြည်နိုင်အောင် ဖြစ်စေသည်မှာ ဇိုလာသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စွမ်းအားကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဇိုလာသည် သာမန် အမျိုးသမီးတစ်ယောက်ကဲ့သို့ပင် ရုန်းကန်နေပြီး နောက်ဆုံး၌ မျက်နှာလွှဲလိုက်သည်။ သူက စကာလုံးအနည်းငယ်ကို ဝေဝေဝါးဝါးနှင့် လွှတ်ခနဲ ပြောသည်။ “နင် လူလိမ်...”
ဇိုလာ စကားပြောမပြီးသေးခင်မှာပင် သူ၏ပါးစပ် အပိတ်ခံလိုက်ရပြန်သည်။
“မသာကောင်...အွန်း...”
“...”
နောက်ဆုံး၌ မစ်-နတ်မိမယ်နဂါးသည် ခေါင်းမာမာနှင့် တင်းခံမနေတော့ပေ။ သူက ချန်လွေ့ကို ပြန်ပွေ့ဖက်လိုက်ပြီး တရင်းတနှီးနှင့် နှစ်ယောက်သား နမ်းရှိုက်လိုက်ကြသည်။
ပါ့ဂ်လီအိုနားရှိ နေရာလွတ်မှော်ပညာ ပျက်ပျယ်သွားသည်မှာ ကြာပြီဖြစ်သည့်တိုင် အဆိပ်နဂါးသည် မိန့်မောနေဟန်တူသည်။ သူ၏မေးရိုးသည် မြေပြင်နှင့်ထိမတတ် ဖြစ်နေပြီး မစ်-မြနဂါးနှင့်အတူ နေရာတွင်ပင် ကြောင်တောင်တောင် ရပ်နေ၏။ သူတို့သည် ထွက်ပြေးရန်ပင် မေ့လျော့သွားပုံရသည်။
လက်စသတ်တော့ ဇိုလာရဲ့ ယောက်ျားက တကယ်ပဲ........
ပထမဆုံးအကြိမ်အဖြစ် ဆရာသခင် အဆိပ်နဂါးသည် သူ၏ သဟဇီဝ အဖော်ကို ကိုးကွယ်ဆည်းကပ်ချင်စိတ် ပေါက်သွားသည်။