ဘုရင်နှစ်ပါး
Vol. 28 Ch. 420
ကြည့်ရှုသူများ၏ မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်သော ဧရာမ အနက်ရောင် သားရဲတစ်ကောင်နှင့် “ကြမ်းကြုတ်ရက်စက်”သည်ဟု ဖော်ပြ၍ မရနိုင်တော့သော ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အနီရောင်သားရဲတစ်ကောင်တို့က ချက်ချင်းပင် ရစ်ပတ်ရှုပ်ထွေးသွားကြသည်။
မြေပြင်သည် လှိုင်းများကဲ့သို့ပင် အဆက်မပြတ် တအိအိလှုပ်နေပြီး ပြင်ပအား တစ်ခုကြောင့် တွန့်လိမ်ကာ ပုံပျက်နေတော့သည်။
လွင့်ပျံနေသာ ဖုန်မှုန့်များအကြားတွင် အလွန်ကြီးမားသော အနက်ရောင်သားရဲက ခဏသာ တောင့်ခံနိုင်ပြီး လုံးဝပြိုလဲကျသွားသည်ကို ရေးရေးလေး မြင်နိုင်ပေသည်။ ဧရာမမြွေကြီးကဲ့သို့ အနီရောင်သားရဲက အလွန်ကြီးမားသော အနက်ရောင်သားရဲကို လုံးဝစုတ်ဖြဲပြီးနောက်တွင် ၎င်း၏စွမ်းအား လုံးဝအားမနည်းသွားခဲ့ပေ။ ၎င်းသည် အနက်ရောင်တောင်ပံရှိသော နတ်ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်ကောင်ဆီသို့ ရွေ့လျားသွားလိုက်သည်။
အမှောင်ဒြပ်စင်ကောင်များ၏ ခန္ဓာကိုယ်တည်ဆောက်ပုံတွင် “နာ့ဗ်ကြော” ဟူသော အရာများရှိမည်ဆိုလျှင် အယ်လို့၏ နာ့ဗ်ကြောများက ယခုတွင် အဆုံးစွန်အထိ တောင်းတင့်နေပေလိမ့်မည်။ ဒီအားနည်းတယ်လို့ထင်ရတဲ့ “ငနု”က သူစွမ်းအားကို တစ်ချိန်လုံး ဖုံးကွယ်ထားတာကိုး။ သူက အယ်ဆာ့ခ်နဲ့ အယ်မို့စ်ကို လျှပ်တပြက်အတွင်း သတ်ပစ်ခဲ့တယ်။ တော်တော်လေး ဉာဏ်များပြီးတော့ ရက်စက်တဲ့ ရန်သူတစ်ယောက်ပဲ။
အယ်လို့က [ အရုဏ်ဦးပစ်ချက် ]ကို ဝါးမျိုပြီးနောက် [ ကြယ်စင်စုပိုင်နက် ] ကြောင့် အားနည်းနေသည့်အတွက် သူ့ထံသို့ပြေးဝင်လာသော ကြောက်မက်ဖွယ်ရာ မီးသင့်နဂါးကို ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။ သူက ၎င်းကို အားတင်း၍သာ ခုခံရတော့သည်။
နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း၏ ဝှက်ဖဲကို ခုခံခြင်း၏ ရလာဒ်မှာ ထင်ထားသလိုမျိုး ဖြစ်သင့်သည်။ သို့သော်လည်း အယ်လို့၏ မသိစိတ်က အန္တရာယ်ရှိကြောင်း သူ့ကို ပြောပြနေသည်။ ဒီတိုက်ကွက်ကို ငါ ခုခံနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဒီလိုမျိုး ထူးဆန်းပြီးတော့ အားနည်းတဲ့ ပိုင်နက်မှာ။
အားနည်းချက်ပြသခြင်း နည်းဗျူဟာ၊ [ စိတ်ဝိညာဉ်ကွင်းဆက် ] ၊ ပိုင်နက်၊ [ ကြယ်စင်စုပိုင်နက် ]၊ မြောက်အဏ္ဏဝါဓား၊ [ အရှိန်အဝါဓားသွား ] ၊ [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ]....... မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့သည် သူပြုလုပ်နိုင်သော အစွမ်းအထက်ဆုံးအင်အားတို့ကို ဖောက်ခွဲပစ်လိုက်ပြီး လျို့ဝှက် သတ်ဖြတ် တိုက်ကွက်များကိုပင် အသုံးပြုခဲ့သည်။ အစပိုင်း၌ သူသည် သာမန်မျှသာဖြစ်သော်လည်း အလွန်အံ့သြဖွယ်ရာ သတ်ဖြတ်တိုက်ကွက်များကို အသုံးပြုခဲ့လေသည်။
အမှောင်ဒြပ်စင်ကောင် သုံးကောင်ကို သတ်ပစ်ပြီး စွမ်းအားတိုးနေသော ပါ့ဂ်လီအိုက အမှောင်ဒြပ်စင်ဘုရင်ကို အနိုင်ယူနိုင်မည်ဆိုလျှင် ယခုအချိန် အကြီးမားဆုံး ကပ်ဘေးကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
ထိုအချိန်၌ အယ်လို့အရှေ့တွင် သတိမပေးဘဲ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထူးဆန်းသော အားတစ်ခုဒဏ်ကြောင့် အယ်လို့၏ ခုခံနေသည့်ပုံရိပ်မှာ မီတာဒါဇင်ခန့် အကွာသို့ မခုခံနိုင်ဘဲ နောက်ဆုတ်သွားရသည်။
ကြမ်းကြုတ်ပြင်းထင်သော အငွေ့အသက်ရှိသည့် ဝင်ရောက်လာသော မီးသင့်နဂါးကို ထိုပုံရိပ်က မရှောင်တိမ်းခဲ့ပေ။ သူက လက်ဆန့်ထုတ်ပြီး အလွန် ကြီးမားသော မီးသင့်နဂါးကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး မြောက်မြား လှစွာသော ကျောက်တုံးများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ အနီးမှ မြေဒြပ်စင်ကောင်များလည်း ပြန့်ကျဲသွားသော ကျောက်တုံးများနှင့် ရိုက်ခတ်မိသွားပြီး အားနည်းသူများမှာ နေရာတွင်ပင် အသက်ပျောက်သွားကြသည်။
ထိုပုံရိပ်က မီးသင့်နဂါးကို ထိလိုက်စဉ်တွင် သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် မှိန်ပျပျ အနီရောင်အလင်း ထွက်ပေါ်လာပြီး ထိုသူက နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားရသည်။ တစ်လှမ်း၊ နှစ်လမ်း၊ သုံးလမ်း....နှင့် ရုတ်တရက် နောက်ထက်လက်တစ်ဖက်က ထိုပုံရိပ်ကို တည်ငြိမ်အောင် ထိန်းပေးခဲ့သည်။ သို့သော်လည်း မြေပြင်သည် ထိုကြောက်မက်ဖွယ်ရာဖိအားကို မခံနိုင်တော့ပေ။ အားစက်ကွင်းအောက်၌ မြောက်မြားလှစွာသော ပြန့်ကျဲနေသည့် ကျောက်တုံးများက မြေဆွဲအားကို ဆန့်ကျင်ပြီး တစ်ခုပြီးတစ်ခု မြောက်တက်လာသည်။ သူတို့ အမြင့်သို့ မရောက်ခင်မှာပင် အမှုန့်ဖြစ်သွားကြသည်။
“ပွင့်ထွက်စမ်း။” အသံတိုးတိုးတစ်သံကို ကြားရပြီးနောက် မီးသင့်နဂါးက အလွန်ကြီးမားသော ခေါင်းမှတစ်ဆင့် အလျင်အမြန်ပင် စတင်အက်ကွဲလာသည်။ လျှပ်တပြက် အတွင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးက အတော်လေး သေးငယ်သော ပုံရိပ်တစ်ခု၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် စုတ်ပြဲထွက်သွားသည်။ ပြန့်ကျဲနေသော အနီရောင်စွမ်းရည်များလည်း ပြန်လည် မစုစည်းနိုင်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့သည် မီးသင့်နဂါး လုံးဝပျောက်ကွယ်သွားကြောင်းကို ခံစားလိုက်မိပြီး စိတ်ထဲ၌ တုန်လှုပ်မိသွားသည်။ ပုံမှန်လေ့ကျင့်ရေးမှာ ပါ့ဂ်လီအိုနဲ့ တခြားသူတွေနဲ့ တိုက်တာကလွဲရင် တစ်ယောက်ယောက်က ငါ့ရဲ့အစွမ်းအထက်ဆုံး တိုက်ကွက်ကို အတင်းဆွဲဖြဲပစ်တာ ဒါ ပထမဆုံးပဲ။
ဒီလိုဆိုရင်တော့ [ မီးသင့်နဂါးဝင်စီးခြင်း ] လည်း အသုံးမဝင်တော့ဘူး။ ပြီးတော့ ပြိုင်ဘက်ရဲ့စွမ်းအားကို ကြည့်မယ်ဆိုရင် ငါ [ မီးသင့်နဂါးဝင်စီးခြင်း ]ကို သုံးရင်တောင် သူ့ရဲ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး။
မျိုးနွယ် - အမျက်တော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု - [ S ]
ခန္ဓာအမျိုးအစား - [ S- ]
ခွန်အား - [ S ]
စိတ်ဝိညာဉ် -[ A- ]
မြန်ဆန်မှု - [ S ]
[ စိစစ်မှု ] - မီးဂုဏ်သတ္တိ။
တကယ် နတ်ဆိုးအရှင်သခင်အဆင့်ပဲ။ သူက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းပဲ ရှိသေးပေမဲ့ သူ့ရဲ့ခွန်အားက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းကို ရောက်နေပြီ။ ချန်လွေ့က ထိုသူ၏ အချက်အလက်မှာ အတော်လေး ရင်းနှီးနေကြောင်း ခံစားမိသော်လည်း သူ့တွင် ၎င်းကို စဉ်းစားစရာ အချိန်မရှိပေ။ ကြောက်မက်ဖွယ်ရာ ရိုက်ခတ်မှုဒဏ်တစ်ခုက အလွန်လျင်မြန်စွာ ချဉ်းကပ်လာနေပြီး ၎င်းကို ရှောင်တိမ်းရန် အချိန်လုံးဝ ရှိမနေတော့ပေ။
ချန်လွေ့ သိမ့်သိမ့်တုန်သွား၏။ သူသည် ထိုတိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ကြောင်း ခံစားမိနေသည်။ ပြိုင်ဘက်ကို အားနည်းစေပြီး မိမိကိုယ်ကို အားကောင်းစေသော ထို [ ကြယ်စင်စုပိုင်နက် ] ထဲ၌ပင် [ ကွင်းဆက်တိုးမြှင့်မှု] နှင့် ဆန်းကြယ်ကျောက်စိမ်း ချပ်ကာကို ဝတ်ဆင်ထားသည့်တိုင် ၎င်းကို ခုခံနိုင်မည် မဟုတ်ပေ။
ထိုတိုက်ခိုက်မှုတွင် အလွန်အမင်းကြီးမားလှသော စွမ်းအား ပါဝင်သည်။ အမှန်တွင် ၎င်းသည် “စည်းမျဉ်း”တစ်ခု အဆင့်အထိ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။ ၎င်းသည် ဆန်းကြယ်ကျောက်စိမ်းချပ်ကာကို မဖျက်ဆီးနိုင်လောက်သော်လည်း ချပ်ကာထဲမှ ခန္ဓာကိုယ်သည် မီးသင့်နဂါးကဲ့သို့ပင် လုံးဝဖျက်ဆီးခံလိုက်ရပေမည်။
ချန်လွေ့သည် ထိုကြောက်မက်ဖွယ်ရာ စွမ်းအင်၏ ပစ်မှတ်ထားခြင်းကို လုံးဝ ခံနေရသည်။ သူသည် တယ်လီပို့ နှစ်ခါခုန်လိုက်ပြီး [ ကြယ်တာရာလမ်းလွှဲ] ကို အသုံးပြုရန် နောက်ကျသွားခဲ့သည်။ သူက မစဉ်းစားတော့ဘဲ ချက်ချင်းပင် အသက်ကယ်စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။
ထိုအခိုက်အတန့်မှာပင် ထိုတိုက်ကွက်က ချန်လွေ့၏ ခန္ဓာကိုယ်ကို တည့်တည့် ထိသွားပြီး ပေါက်ကွဲထွက်သွားသည်။ ပြင်းထန်လှသော နောက်ဆက်တွဲဒဏ်သည် သူ့နောက်မှ မြေပြင်ကို ဆောင့်တိုးသွားပြီးနောက် မီတာဒါဇင်ခန့်ရှည်လျားသော တွင်းတစ်တွင်း ဖြစ်သွားစေသည်။
တိုက်ပွဲကိုကြည့်နေသော အသီနာ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် နှလုံးရပ်မတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း အသွေးအသားများ ပေါက်ကွဲထွက်သွားခြင်း မဟုတ်ဘဲ မြောက်မြားလှစွာသော ယင်ကောင်များသာ ဖြစ်နေသည်။ ပြန့်ကျဲသွားသော ယင်ကောင်များက ဝတ်ရုံဝတ်ထားသူအဖြစ် ပြန်လည်စုစည်းသွားကြသည်။
အဆောင်ပစ္စည်း၊ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ပညာရပ် - [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ။ ခန္ဓာကိုယ်ကို မြောက်မြားလှစွာသော နတ်ဆိုးယင်ကောင်များအဖြစ် ပြောင်းလဲနိုင်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများအားလုံးကို လုံးဝခုခံနိုင်။ ( အသက်သွင်းခြင်း။ ။ တစ်နေ့လျှင်တစ်ကြိမ်သာ အသုံးပြု၍ရသည်။ လက်ရှိအသုံးပြုခြင်း ၁/၁။ )
အသီနာ၏ မီးခိုးရောင်မျက်လုံးများက နောက်ဆုံး၌ သွေးရောင် ပြန်ပြောင်းသွား ခဲ့သည်။ သို့သော်လည်း သူ၏နှလုံးသားမှာ တင်းကြပ်နေဆဲ ဖြစ်သည်။ အသီနာ၏ စွမ်းအားမှာ မထူးချွန်လှသော်လည်း ချန်လွေ့ထက် များစွာသာလွန်သော ထိုရန်သူ၏ စွမ်းအားကို မြင်နိုင်သည်။
ချန်လွေ့ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။ ပြိုင်ဘက်က လေထဲ၌သာ တိုက်ခိုက်ခဲ့ပြီး ထိုစွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။ အကယ်၍ သူသာ [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ကို ပြတ်ပြတ်သားသား အသုံးမပြုခဲ့လျှင် သူ၏ခန္ဓာကိုယ် လုံးဝပြန့်ကျဲသွားနိုင်ပေသည်။ ထိုအချိန်၌ [အသစ်ပြန်ဖြစ်ခြင်း]၏ အထူးဝိသေသလက္ခဏာများဖြင့်ပင် ကုသနိုင်မည် မဟုတ်ပေ။
“ဘယ်ဇီဘတ် မိသားစုလား။ [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ]ရဲ့ ဒီအဆင့်...... ဒါက သန္ဓေပြောင်း ပါရမီလား။” ထိုလူ၏အသံမှာ အနည်းငယ် အံ့အားသင့် နေပုံရသည်။ သူက ချန်လွေ့၏ “ဇစ်မြစ်”ကို တစ်ချက်တည်း ကြည့်ရုံဖြင့် သိနိုင်သည်။ သို့သော်လည်း သူက ၎င်းကို နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သော နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် ချိတ်ဆက်မိဟန် မတူပေ။
လေထဲ၌ တိုက်ပွဲမှာ ပြင်းထန်နေဆဲပင် ဖြစ်သည်။ [ ကွင်းဆက်တိုးမြှင့်မှု ] ကို လက်ခံရရှိထားသော ပါ့ဂ်လီအိုက အသာစီး ရရှိလာနေသည်။ အမှောင်ဒြပ်စင်ဘုရင်က နတ်ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်ကောင် လက်ရွေးစင်တစ်ယောက် ပျောက်ကွယ်သွားကြောင်း ခံစားလိုက်မိသည့်အခါ အလွန်အမင်း ဒေါသထွက်သွား၏။ သို့သော်လည်း သူ့ကို ရှေ့မှရန်သူက ပြန်းပြန်းထန်ထန် ထိန်းချုပ်ထားသည်။ သူက သူ၏စွမ်းအားကို ချက်ချင်းပင် လည်ပတ်စေပြီး အော်ခေါ်လိုက်သည်။ “လမ်းဘို့စ်။”
ထိုအသံ ပျံ့နှံ့သွားပြီး အဝေးသို့ ထိုးဖောက်ဝင်ရောက်သွားဟန်တူသည်။
ထိုသို့ အာရုံပျံ့လွင့်နေစဉ်အတွင်း ပါ့ဂ်လီအိုက ပြိုင်ဘက်၏ ဟာကွက်တစ်ခုကို တွေ့ရှိသွားသည်။ သူ၏လက်သီးက အစိမ်းရောင်မီးတောက်များ တောက်လောင်နေပြီး အမှောင်ဒြပ်စင်ဘုရင်၏ နံရိုးကို လျှပ်စီးသဖွယ် ထိုးနှက်လိုက်သည်။ သို့သော်လည်း ထိုလက်သီးသည် အဆုံးမရှိသောရွှံ့နွံထဲသို့ ကျရောက်သွားဟန်တူသည်။ တိုတောင်းသော အကွာအဝေး ဖြစ်သော်လည်း သူ၏အင်အားအကုန်သုံးသည့်တိုင်အောင် ရန်သူကို မထိနိုင်ခဲ့ပေ။ တိုတောင်းသော အကွာအဝေးမှာ အလွန်ဝေးကွာသော အကွာအဝေးတစ်ခု ဖြစ်သွားခဲ့သည်။
အမှောင်ဒြပ်စင်ဘုရင်က အခွင့်အရေးကို အသုံးချပြီး ပါ့ဂ်လီအိုကို လက်သီးဖြင့် ထိုးလိုက်သည်။ ပါ့ဂ်လီအိုက “ရွှံ့နွံ”ထဲ၌ ညှပ်နေဆဲပင်ဖြစ်သည့်အတွက် တုံ့ပြန်ရန် အချိန် မရခဲ့ပေ။ သူက ရင်ဘတ်ကို အထိုးခံလိုက်ရပြီး နောက်သို့ သုံးလေးမီတာ လွင့်သွား၏။ သို့သော်လည်း သူက အန္တရာယ်ကင်းနေဆဲ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်ရန် ကြိုးစားနေသော ထိုအငွေ့မည်းများကို သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင် မီးတောက်များက အလျင်အမြန်ပင် ဝါးမျိုလိုက်သည်။
လေထဲ၌ အတွန့်အလိမ် လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကြည်လင်သော အသွင်အပြင်များရှိသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြာရောင်ဖြစ်နေပြီး အနည်းငယ် ဖောက်ထွင်းမြင်ရကာ အေးစက်စက် အငွေ့အသက်များ ရစ်ပတ်နေသည်။ “ဟေးဂယ်။ နောက်ဆုံးတော့ လှုပ်ရှားဖို့အတွက် ငါ့ကို လိုအပ်ပြီလား။”
ပါ့ဂ်လီအိုက သူ့အရှေ့မှပုံရိပ်ကို သတိဖြင့် စိုက်ကြည့်ပြီး အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်အား အေးစက်စက် ပြောလိုက်သည်။ “မပြည့်ဝတဲ့ကောင်။ မင်းကို ကူညီမဲ့သူ ရှိရင်တောင် ငါ မကြောက်ဘူး။ မင်းတို့နှစ်ယောက်လုံး အတူတူ ပျောက်ကွယ်သွားတော့။”
ထိုသို့ ပါ့ဂ်လီအို ပြောလိုက်သော်လည်း ရုတ်တရက် ပေါ်ထွက်လာသော လမ်ဘို့စ်သည် ဟေးဂယ်ထက် လုံးဝမနိမ့်ကျကြောင်း သူသေချာသိသည်။ ထိုသူသည် ပို၍ပင် အစွမ်းထက်လေသည်။ ဒုက္ခအပေးဆုံးမှာ ပါ့ဂ်လီအို ဂုဏ်အယူရဆုံးသော အဆိပ်သည် ထိုရန်သူနှစ်ယောက်အပေါ်၌ သက်ရောက်မှု လုံးဝမရှိခြင်းပင်။ ထို့ကြောင့် သူသည် ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရသည်။ အဆောင်ပစ္စည်းများနှင့် ဖော်ပြ၍ မရသောခွန်အားတို့၏ အကူအညီဖြင့်ပင် နှစ်ယောက်တစ်ယောက် အနိုင်ရနိုင်ချေ မရှိပေ။ ထိုစကားလုံးများဖြင့် သူကြွားလုံးထုတ်ခြင်းကို ပြိုင်ဘက်ကို ဟန့်တားရန်သာ ဖြစ်သည်။
__ ရန်သူနှစ်ယောက် ပူးပေါင်းမယ်ဆိုရင် နိုင်ဖို့မပြောနဲ့။ အသီနာ၊ ချန်လွေ့တို့နဲ့ ထွက်ပြေးဖို့တောင် တော်တော်လေး ခက်မှာ။ ထွက်ပြေးဖို့ နည်းလမ်းတစ်ခုခု ငါ ရှာထားရမယ်။
“နဂါး။ မင်းက အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမဲ့ မင်းက ဒြပ်စင်ဘုရင်နှစ်ပါး ပူးပေါင်းတိုက်ခိုက်တာခံတဲ့အထိ မထိုက်တန်ဘူး။” ဟေးဂယ်က သရော်ပြုံးပြုံးလိုက်သည်။ “ပြီးတော့ ငါ့ရဲ့လက်ရှိစွမ်းအားက လျို့ဝှက်နည်းလမ်းကနေ ပြန်ရရုံပဲ ရှိသေးတယ်။ လုံးဝပြန်မရသေးဘူး။ ငါရဲ့ ထိပ်သီးအခြေအနေမှာဆိုရင် ဘယ်သူနိုင်မလဲဆိုတာ မသေချာဘူး။”
ချန်လွေ့သည် မျက်နှာတစ်ခုလုံးကို ပစ္စည်းတစ်ခုဖြင့် ဖုံးကွယ်ထားသော မျက်နှာချင်းဆိုင်မှ နတ်ဆိုးအရှင်သခင်၏မျက်နှာကို သတိဖြင့် ကြည့်နေခဲ့သည်။ သူက ထိုအချိန်၌ လက်ထဲရှိ အစွမ်းကို အသုံးပြုရန် အသင့်ဖြစ်နေလေပြီ။ သို့သော်လည်း သူက လေထဲမှ တိုက်ပွဲကိုလည်း အာရုံစိုက်နေခဲ့သည်။ ဟေးဂယ်ပြောသည်ကို ကြားလိုက်သော အခါ ချန်လွေ့ လုံးဝ တုန်လှုပ်သွားခဲ့သည်။
ဒြပ်စင်ဘုရင်တစ်ပါးနဲ့ တွေ့ရတာထက် ပိုဆိုးတာက ဘုရင်နှစ်ပါးကို တစ်ချိန်တည်း တွေ့ရတာပဲ။
ဒြပ်စင်ဘုရင်နှစ်ပါး။
အဲဒီအပြာရောင်ပုံရိပ်က....ဒါနဲ့ မြေဒြပ်စင်ဘုရင် ပြောတဲ့အတိုင်းဆိုရင် ရေဒြပ်စင်ကောင်တွေရဲ့ အသိုက်ဝင်ပေါက်က ပင်လယ်သေနယ်မြေမှာပဲ။ ပင်လယ်သေက လုပင်မြို့ တောင်ဘက်မှာ မဟုတ်လား။ ဒါဆိုရင် ဒီ လမ်းဘို့စ်က ရေဒြပ်စင်ဘုရင် ဖြစ်မယ်။
ခုနက ဟေးဂယ်ရဲ့အစွမ်းကို ကြည့်ရတာ အဆိပ်နဂါးနဲ့ ယှဉ်လို့ရလုနီးပါးပဲ။ အခု လမ်းဘို့စ်ပါ ပါလာပြီဆိုတော့ ငါနဲ့အသီနာအပြင် ပါ့ဂ်လီအိုပါ အန္တရာယ် ကျရောက်နေပြီ။
“ဒီနဂါးကို တစ်မိနစ်လောက် ထိန်းထားပေး။ အယ်မို့စ်ကို ဖျက်ဆီးပစ်ရဲတဲ့သူက ငါ သွားရှင်းပစ်မယ်။” ထိုသို့ပြောပြီးနောက် ဟေးဂယ်က မြေပြင်ပေါ်မှလူကို အော်ပြောသည်။ “ဘရေ့ဂက်။ အဲဒီလူက ငါ့ဟာပဲ။ မင်းသူ့ကို မထိနဲ့။” ချန်လွေ့က “ဘယ်ဇီဘတ်တော်ဝင်မိသားစု”ဝင်ဖြစ်ကြောင်း သိသွားပြီးနောက် ဘရေ့ဂက်က တုံ့ဆိုင်းနေခဲ့သည်။ သူက ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်နေစဉ် ထိုစကားကို ကြားလိုက်ရသည့်အခါ နှာမှုတ်ပြီး သူ၏လုပ်ရပ်ကို ရပ်တန့်လိုက်သည်။
ပါ့ဂ်လီအိုလည်း တုန်လှုပ်သွားခဲ့သည်။ သူက ချန်လွေ့ကို သွားကယ်ရန် ပြင်လိုက်စဉ် လမ်းဘို့စ်က သူ့ရှေ့တွင် ကာဆီးနေလေသည်။ “နဂါး။ တစ်မိနစ်ပဲ။ တစ်မိနစ်ပြီးရင် ငါမင်းကို ဘယ်တော့မှ မတားဆီးတော့ဘူး။”
“ထွက်သွား။” ဟေးဂယ်သည် မည်မျှ ကြောက်စရာကောင်းကြောင်း ပါ့ဂ်လီအို သိသည်။ သူသည် ချန်လွေ့ကို တစ်မိနစ်အတွင် သုံးလေးကြိမ် သတ်ပစ်နိုင်သည်။ ယခုတိုက်ခိုက်မှုသည် သာမန်လေ့ကျင့်ရေးမဟုတ်ဘဲ တကယ့် သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်သည်။
လမ်းဘို့စ်က အသာလေး ပြုံးလိုက်ပြီး ရေကဲ့သို့ လှိုင်းတွန့်စက်ဝိုင်းများက ပါ့ဂ်လီအိုထံ ရွေ့လျားသွားသည်။ လှိုင်းတွန့်များက ရေခဲကဲ့သို့ သလင်းကျောင်များအဖြစ် ပြောင်းလဲသွားပြီး ပါ့ဂ်လီအိုထံ ချဉ်းကပ်လာသည်။ ပါ့ဂ်လီအို အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် အနက်ရောင်အလင်းများ တောက်ပသွားခဲ့သည်။ ထို့နောက် လက်သီးတစ်ချက် ပစ်ထိုးလိုက်ရာ သလင်းကျောက်သည် အပျက်အစီးတစ်ခုကဲ့သို့ပင် ကြေမွသွားခဲ့သည်။
“အတော်လေး ထူးဆန်းတဲ့အစွမ်းပဲ။ ငါ့ရဲ့ခုခံမှုက အတော်လေး အားနည်းသွားတာ ခံစားမိတယ်။ ဒါကြောင့် ဒီအမှောင်နယ်မြေထဲမှာ ဟေးဂယ်က မင်းကို အနိုင်မယူနိုင်တာကိုး။” လမ်းဘို့စ်၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။ “မင်းငါ့ကို ရင်ဆိုင်နေရတာတော့ စိတ်မကောင်းစရာပဲ။ ရေဒြပ်စင်ကောင်တွေရဲ့ ခုခံမှုစွမ်းရည်က မြေဒြပ်စင်ကောင်တွေလောက် မကောင်းပေမဲ့ ငါတို့ရဲ့ ခံနိုင်ရည်က အစွမ်းထက်ဆုံးပဲ။ မင်းရဲ့အထူးအဆိပ်က ငါ့ရဲ့ခွန်အားကို ပိုတိုးစေရုံပဲရှိမယ်။ ငါပြောခဲ့တဲ့အတိုင်း တစ်မိနစ်ပဲ။ အခု ၅၂စက္ကန့် ကျန်နေသေးတယ်။”
တစ်ဖက်တွင်လည်း ချန်လွေ့ကို အကြီးမားဆုံး ဘေးကျပ်နံကျပ် အခြေအနေက ဝိုင်းရံနေသည်။ အမှောင်ဒြပ်စင်ဘုရင်က “နတ်ဆိုးဧကရာဇ်အဆင့်ကနဦးပိုင်း”ကို မသက်ညှာခဲ့ဘဲ ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်တော့သည်။ သူက သူ့၏ လူယုံတော်များအား သတ်ဖြတ်ခဲ့သော ထိုရန်သူကို အမှုန့်ခြေပစ်ရန် ဆုံးဖြတ်ထားသည်။
လွှမ်းမိုးနေသော စွမ်းအားသည် ချန်လွေ့ကို လွှမ်းခြုံလိုက်သည်။ ထိုတိုက်ကွက်၏ စွမ်းအားမှာ ခုနက ဘရေ့ဂက်၏ တိုက်ခိုက်မှုထက် ပို၍အစွမ်းထက်သည်။ ထို ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် ချန်လွေ့၌ [ ကြယ်တာရာဂိတ် ] ကိုပင် အသုံးပြုရန် အခွင့်အရေး မရှိတော့ပေ။
ယခုတွင် ချန်လွေ့သည် တယ်လီပို့ မခုန်နိုင်သလို [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ကိုလည်း အသုံးမပြုနိုင်တော့ပေ။
ကံကောင်းစွာပင် သူ့၌ [ ကြယ်တာရာလမ်းလွှဲ ] ရှိနေသေးသည်။
လွှမ်းမိုးနေသော အနက်ရောင် စွမ်းအားထဲ၌ အမှောင်ညတွင် တလက်လက် တောက်ပနေသော ကြယ်တာရာကောင်းကင်ကဲ့သို့ ရုတ်တရက် ဖြစ်သွားသည်။ ကြောက်မက်ဖွယ်ရာ လက်သီးစွမ်းအားကို ကြယ်အလင်း၏ ထူးဆန်းသော စည်းမျဉ်းကြောင့် လမ်းကြောင်းလွှဲသွားပြီး ဘရေ့ဂက်ဆီ အရှိန်ဖြင့် ရောက်ရှိသွားသည်။
[ ကြယ်တာရာလမ်းလွှဲ ] ၏ လမ်းကြောင်းကို အမြဲပင် ထိန်းချုပ်ရ ခက်ခဲလှသည်။ ချန်လွေ့သည် လေ့ကျင့်ရေး၌ အကြိမ်များစွာ ကြိုးစားကြည့်ခဲ့သော်လည်း သူ၏ အရှေ့မှ ယေဘုယျလမ်းကြောင်းကိုသာ ထိန်းချုပ်နိုင်သည်။ ယခုတစ်ခေါက် ပစ်မှတ်မှာ အလွန် တိကျသည့်အတွက် ကံကောင်းသည်ဟု ဆိုရပေမည်။
တကယ်၍ သူသာ အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်၏ စွမ်းအားကို အသုံးချပြီး နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းဖြစ်သော ဘရေ့ဂက်ကို သတ်ပစ်နိုင်ခဲ့လျှင် အကောင်းဆုံးရလာဒ်တစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။
ဘရေ့ဂက်၏ခန္ဓာကို အနီရောင်ပြောင်းသွားပြီးနောက် သူ၏ ကြွက်သားများလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ယောင်ကိုင်သွားကြသည်။ သူက ကျယ်လောင်စွာ အော်ဟစ်ပြီး လက်သီးဖြင့် အမှန်တကယ်ပင် ခုခံလိုက်သည်။
“ဝုန်း...”
ကြောက်မက်ဖွယ်ရာ ဝင်တိုက်မှုကြောင့် ဘရေ့ဂက်တစ်ကိုယ်လုံး နောက်ပြန်လွင့် သွားသည်။ မြေပေါ်သို့ ပြန်ကျပြီးနောက်တွင် သူက ခြေထောက်ကို ထိုးနှစ်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သူသည် အမှန်ပင် မလဲကျ သွားခဲ့ပေ။ သူက နှုတ်ခမ်းထောင့်မှသွေးကိုသုတ်ရင် လက်လှမ်းလိုက်သည်။ သူသည် ကြောက်မက်ဖွယ်ရာကောင်းအောင် ပြုံးပြလိုက်ဟန်တူသည်။ သို့သော်လည်း သူ့ကို ဖုံးကွယ်နေသော မှော်ပစ္စည်းကြောင်း ရှင်းရှင်းလင်းလင်း မဖြစ်နေခဲ့ပေ။
ချန်လွေ့က စိတ်ထဲ၌ ထိတ်လန့်သွားသည်။ ဘရေ့ဂက်မှာ တကယ်ကြီး ဒီလိုစွမ်းရည် ရှိနေတာပဲ။ ဒီတိုက်ကွက်ကို ခုခံတဲ့နေရာမှာ သူပြသခဲ့တဲ့ စွမ်းအား တစ်ခုတည်းက ခုနကတုန်းက မီးသင့်နဂါးကို ဆုတ်ဖြဲတာထက် အများကြီးသာတယ်။
သို့သော်လည်း ဟေးဂယ်၏ ဒုတိယလက်သီးချက် ရောက်ရှိလာသည့်အတွက် ချန်လွေ့၌ ယခုတွင် စဉ်းစားနေစရာ အချိန်မရှိပေ။ ဒုတိယလက်သီးချက်ကို [ ကြယ်တာရာလမ်းလွှဲ ] ဖြင့် လမ်းကြောင်းပြောင်းလိုက်ပြန်ပြီးနောက် ဟေးဂယ်က အံ့အားသင့်သွားဟန် ပြသလိုက်သည်။
ဒီလိုအားနည်းတဲ့ နတ်ဆိုးဧကရာဇ်အဆင့်တစ်ယောက်က ထူးဆန်းတဲ့ ပိုင်နက်စွမ်းအား တစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ ပြီးတော့ ဒီလိုမျိုး လျို့ဝှက်ပညာရပ် တစ်ခုလည်း ရှိနေတယ်။
ချန်လွေ့က စိတ်ထဲ၌ ညည်းညူလိုက်သည်။ [ ကြယ်တာရာလမ်းလွှဲ ] က ဆန်းကြယ်ပေမဲ့ ပြိုင်ဘက်က အစွမ်းထက်လွန်းတယ်။ ကြယ်စွမ်းအားတွေ အများကြီး ကုန်သွားသလို ၁၀စက္ကန့် အသုံးပြုချိန်ကလည်း ကုန်တော့မယ်။
ကောင်းကင်ထက်၌ နဂါးဟိန်းသံ ထွက်ပေါ်လာပြီး အမှောင်ဒြပ်စင်ဘုရင်၏ စိတ်ထဲ၌ သတိပေးသော လက္ခဏာများ ခံစားလိုက်မိသည်။ သူက အငွေ့အဖြစ် ပြောင်းလဲပြီး နောက်သို့ ဆုတ်ခွာလိုက်ကာ ထိုအာငွေ့ကို အချိန်မီ ရှောင်တိမ်း လိုက်သည်။ လွဲသွားသော အာငွေ့သည် မြေပြင်ပေါ်၌ အနက်ရောင်တွင်းအဖြစ် တိုက်စားလိုက်သည်။
ချန်လွေ့အရှေ့၌ အလွန်ကြီးမားသော ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ဧရာမနဂါးတစ်ကောင်ပင် ဖြစ်သည်။ မျက်လုံးများမှာ ရွှေအိုရောင်ဖြစ်ပြီး ကြေးခွံများမှာ ညိုဝါရောင်ပြေးနေသည်။ သူ၏ခေါင်းပေါ်၌ ချိုအတိုလေး တစ်တန်းရှိပြီး သူ၏ပါးနှစ်ဖက်၌ ဆူးတောင်ကဲ့သို့အရာများ ရှိနေသည်။ သူ၏ခန္ဓာကိုယ်ကို အနက်ရောင် ချပ်ကာဖြင့် ဖုံးလွှမ်းထားပြီး ကျက်သရေ ရှိနေသည်။ ၎င်းမှာ နဂါးအဖြစ် အသွင်ပြောင်း ထားသော ပါ့ဂ်လီအို ဖြစ်လေသည်။
“ဟမ့်။ မင်းသူ့ကို တစ်မိနစ်တောင် တောင့်မခံနိုင်ဘူးလား။” အမှောင်ဒြပ်စင် ဘုရင်က မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။
မူမမှန်သောလေထဲ၌ လှိုင်းတွန့်များ ဖြစ်လာပြီး သူ့ဘေးတွင် ရေဒြပ်စင်ဘုရင် ပေါ်ထွက်လာကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ငါက မလိုအပ်ဘဲနဲ့ မထိခိုက်ချင်တာပါ။ အလွန်ဆုံး ဒီနဂါးကို ကိုင်တွယ်ဖို့ ငါမင်းကို ကူညီပေးနိုင်တယ်။”
ပါ့ဂ်လီအိုက နတ်ဆိုးအသွင်သို့ ပြန်ပြောင်းလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်၌ သွေးစက်များ ရှိနေသေးသည်။ သူသည် ရေဒြပ်စင်ဘုရင်ကို တွန်းထုတ်ပြီး အမှောင်ဒြပ်စင်ဘုရင်အရှေ့၌ အချိန်မီ ပေါ်ထွက်လာရန်အတွက် ထွင်းစာစွမ်းအား တစ်ခုကို အသက်သွင်းရန် သူ၏ကိုယ်ပိုင်သွေးကို အသည်းအသန် အသုံးပြုခဲ့ရသည်။ သို့သော် ၎င်းကြောင့် သူ၏အသက်ဓာတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။
အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်၊ ရေဒြပ်စင်ဘုရင် လမ်းဘို့နှင့် ထူးဆန်းသော နတ်ဆိုးအရှင်သခင်အဆင့် ဘရော့ဂက်တို့နှင့် ရင်ဆိုင်ရသည့်အတွက် ဇိုလာ ရောက်မလာလျှင် ပါ့ဂ်လီအို ဒဏ်ရာမရနေသည့်တိုင် သူတို့၏ပြိုင်ဘက် မဟုတ်ပေ။
ယခုတစ်ခေါက် ချော်ရည်ပြာနယ်မြေသို့သွားရာ ခရီးလမ်း၌ ပါ့ဂ်လီအိုကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ခေါ်လာခဲ့သော်လည်း ထိုကဲ့သို့ အန္တရာယ် အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။