လုပ်ကြံခြင်း
Vol. 28 Ch. 409
ခရိုဘဲလက်စ်၏အသံ ထွက်ပေါ်လာသည်။ “ဒုတိယ သတင်းကတော့ ဒီမိစ္ဆာသစ်သီး နှစ်လုံးရဲ့ ကြမ်းခင်းစျေးက သလင်းကျောက်နက်ဒင်္ဂါး ၁၀သိန်းကနေ စပါမယ်။”
အားလုံး စိတ်လှုပ်ရှားသွားကြသည်။ နောက်ဆုံးပစ္စည်းရဲ့ ကြမ်းခင်းစျေးနှုန်းက နည်းလှချည်လား။ သို့သော်လည်း ခရိုဘဲလက်စ်၏ စကားများမှာ မပြီးဆုံးသေးပေ။ “စျေးတင်မယ်ဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၅သိန်းအောက် နည်းလို့မရပါဘူး။ ငွေသား မရှိဘူးဆိုရင် ရှားပါးမှော်ကုန်ကြမ်းတွေဖြစ်ဖြစ်၊ ရတနာတွေပဲဖြစ်ဖြစ် အာမခံထားလို့ ရတယ်။ ဒါက အာမခံအကြောင်း အသေးစိတ်ရေးထားတဲ့ အပေးအယူပုံစံပါ။ ပုံစံထဲ မပါတဲ့ ရတနာတွေ အတွက်ကိုတော့ နေရာမှာပဲ တန်ဖိုးဖြတ်ပါမယ်။”
ခရိုဘဲလက်စ် စကားပြောနေစဉ် အစေခံများက ဧည့်သည်တိုင်းသို့ အပေးအယူ ပုံစံများ ဖြန့်ဝေပြီးပြီ ဖြစ်သည်။ အပေးအယူပုံစံကို ရှင်းရှင်းလင်းလင်း ရေးသားထား၏။ ဥပမာ - မိုးကြိုးသလင်းကျောက်သည် သလင်းကျောက်နက်ဒင်္ဂါး သိန်း၃၀ တန်သည်။ အရည်အသွေးမြင့် ခရမ်းနတ်ဆိုးပုလဲသည် ၄၅သိန်း တန်သည်။ စျေးနှုန်းမှာ အတော်လေး နိမ့်လှသော်လည်း မိစ္ဆာသစ်သီးများကို မယုံနိုင်စရာ စျေးနှုန်း၌ လေလံတင်ရခြင်းမှာ ရှားပါးခြင်းကြောင့်ဖြစ်ကြောင်း သေချာပေသည်။ ငွေသားလုံလုံလောက်မရှိလျှင် ၎င်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။
အမှန်တကယ်၌ ချန်လွေ့သည် လဲလှယ်ရေးဌာနရှိ အဆောင်ပစ္စည်းများကို သန့်စင်ရန်အတွက် ထိုကုန်ကြမ်းများကို အလိုအပ်ဆုံး ဖြစ်သည်။ ထိုအပေးအယူ ပုံစံမှာ အနာဂတ်၌ လေလေံအိမ် ဝင်ငွေ၏ နောက်ထပ် အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပေသည်။
မစ်-မြနဂါး၏ ကြေညာချက်နှင့်အတူ လေလံဆွဲခြင်း စတင်တော့သည်။
“၁၅သိန်း။”
“သိန်း၂၀။”
“၂၅သိန်း။”
“......”
“...”
ယခင် လေလံပစ္စည်းများမှာ ရှားပါးရတနာများ ဖြစ်သော်လည်း ဝယ်သူများက သူတို့၏ အရင်းအမြစ်များကို ထိန်းသိမ်းထားပြီး နောက်ဆုံး မိစ္ဆာသစ်သီးကို အာရုံစိုက် နေကြသည်။ ထို့နောက် ယခုမှသာ သူတို့ စတင်လေလံဆွဲကြတော့သည်။
လေလေံအိမ် ဖွင့်လှစ်ပြီးသည်မှာ အတော်လေး ကြာပြီဖြစ်သည်။ နတ်ဆိုးများက လေလံပညာရပ်အချို့ကို သိရှိသွားခဲ့ပြီး လေလံဆွဲခြင်းတွင် ဆင်ခြင်တုံတရား ပိုမိုရှိလာသည်။ သို့သော်လည်း နတ်ဆိုးများ၏ သဘာဝအတိုင်း ပြိုင်ဆိုင်တတ်သည့် စရိုက်များနှင့် မိစ္ဆာသစ်သီး၏ အစွမ်းထက် လုပ်ဆောင်ချက်များကြောင့် နတ်ဆိုး အများစုကို “ဆင်ခြင်တုံတရား” ကင်းလွတ်သွားစေခဲ့သည်။
စျေးနှုန်းသည် မယုံနိုင်စရာနှုန်းဖြင့် မြင့်တက်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သန်း၁၀၀ ကျော်သွား၏။
ထို့အပြင် ၎င်းသည် ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပြီး စျေးတင်နှုန်းမှာ လုံးဝ မလျော့သွားခဲ့ပေ။
“သန်း၅၀၀။ အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၄)က သန်း၅၀၀ လေလံဆွဲပါတယ်။” မစ်-မြနဂါးက စိတ်လှုပ်ရှားလျက် ပြောလိုက်သည်။ သလင်းကျောက်နက်ဒင်္ဂါး သန်း၅၀၀။ ၅သောင်း မဟုတ်ဘူး။ ဒီအပေါ်မှာ ငါ အိပ်လိုက်ရလို့ကတော့ တစ်လလောက် အိပ်မက် ကောင်းကောင်း မက်မှာပဲ။
“သန်း ၅၁၀။”
“သန်း ၅၂၀။”
သန်း၅၀၀ ကျော်ပြီးနောက် စျေးတင်နှုန်း သိသိသာသာ လျော့သွားခဲ့သည်။ ထိုစျေးနှုန်းမှာ အတော်လေး မြင့်နေပြီ ဖြစ်ပြီး အလယ်အလတ် နယ်မြေတစ်ခု၏ နှစ်ပေါင်းများစွာ စုဆောင်းမှုနှင့် ညီမျှနေသည်။
“သန်း၆၀၀။” အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)မှ တည်ငြိမ်သော အသံတစ်သံ ထွက်လာသည်။ ထိုသူသည် ပုံမှန်အားဖြင့် အသံမထွက်ပေ။ သို့သော်လည်း သူ စကား ပြောလိုက်သည်နှင့် အံ့အားသင့်ဖွယ်ကောင်းသော စျေးနှုန်းတစ်ခုကို ဆိုလိုက်သည်။
“သန်း၆၁၀။” အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၅)မှ အေးစက်စက် အသံတစ်သံ ထွက်လာသည်။ “ငါ အက်စ်မီရာကို လိုချင်တာကို ဘယ်လိုလုရဲလဲ သိချင်တယ်။”
အက်စ်မီရာကို လား။ အနီးအနားမှ လေလံဆွဲသည့်အသံများ ရုတ်တရက် တိုးသွား ခဲ့သည်။ အက်စ်မီရာကိုသည် နှစ်ပေါင်းများစွာကြာအောင် နာမည်ကျော်ကြားခဲ့သော လေ့ကျင့်သူတစ်ယောက် ဖြစ်သည်။ သူသည် မည်သည့်အင်ပါယာကမှ မဟုတ်သော မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း၁၀နှစ်ခန့်က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိခဲ့သည်။ သူသည် မိစ္ဆာသစ်သီး စွမ်းအားဖြင့် နတ်ဆိုးအရှင်သခင်နယ်ပယ်ကို ရိပ်ခနဲမြင်နိုင်ရန် စဉ်းစားနေပုံရသည်။
“သန်း၆၅၀။” အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၁၃)သည် လေလံစျေးကို မြှင့်နေဆဲ ဖြစ်ပြီး သူ၏အသံသည် အက်စ်မီရာကိုအား လုံးဝဂရုမစိုက်သကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေသည်။
“ဟမ့်။” အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၅)မှ အက်စ်မီရာကိုသည် ယှဉ်ပြိုင်သူ၏ လိုက်ကာကို ဖွင့်လိုက်သည်။ သူ ဒေါသတကြီး ထွက်သွားချင်သည်လား၊ ယှဉ်ပြိုင်သူကို ဟန့်တားချင်သည်လား၊ မည်သူမှ မသိကြပေ။ သို့သော် ထိုအချိန်၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်။
တလက်လက်တောက်နေသော ဖျက်ဆီးခြင်း ရောင်ခြည်များက လေလံစင်ပေါ်ရှိ ခရိုဘဲလက်စ်နှင့် ဂါ့စ်တို့ထံသို့ ဘယ်ကမှန်းမသိ ရောက်ရှိလာသည်။ လေလံစင်ပေါ်ရှိ မှော်စက်ဝိုင်း အစီအရင် ရုတ်တရက် အသက်ဝင်လာပြီး လှိုင်းအမျိုးမျိုး ဖြစ်ပေါ်လာကာ ဖျက်ဆီးခြင်းရောင်ခြည်အများစုကို ပျောက်ကွယ်အောင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရောင်ခြည်အနည်းငယ်က အစီအရင်ကို ဖောက်ထွင်းသွားကြသည်။
ထိုအကွက်တစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်သူ၏စွမ်းအားမှာ နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခရိုဘဲလက်စ်၏ မျက်ခုံးကြားမှ အစိမ်းရောင်အမှတ်အသား လက်ခနဲဖြစ်လာပြီး ဂါ့စ်က နောက်ဘက်သို့ ခုန်ပျံသွားကာ ဘေးကင်းသောနေရာတစ်ခုသို့ ဆင်းသက် လိုက်သည်။ ခရိုဘဲလက်စ်၏လက်ထဲ၌ အစိမ်းရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး ထိုအလင်းရောင်သည် ဖျက်ဆီးခြင်းအလင်းရောင်ကို ဆွဲဆောင်လိုက်ပြီး သူ၏လက်ထဲသို့ စုစည်းလာသည်။ ၎င်းသည် လမ်းတစ်ဝက်မှာပင် အစိမ်းရောင်အလင်း၏ ဖြေရှင်းခြင်းကို လုံးဝခံလိုက်ရသည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုကို ခရိုဘဲလက်စ် ဖြေရှင်းပြီးသည့် အခါမှာပင် မီးတောက်များ ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုက လေလံစင်ပေါ်သို့ လျှပ်စီးသဖွယ် ပြေးဝင်လာသည်။ အလင်းရောင်ကြောင့် ပျောက်ကွယ်သွားသော အစီအရင်စွမ်းအား ပြန်မပြည့်ခင်မှာပင် ကြောက်စရာကောင်းပြီး ပေါက်ကွဲမှု မီးတောက်စွမ်းအားကြောင့် အရည်ပျော်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုံရိပ်သည် အစီအရင်ကို ချိုးဖျက်သွားပြီး စင်ပေါ်၌ ပေါ်ထွက်လာသည်။ သူက မိစ္ဆာသစ်သီးများကို လွှမ်းခြုံထားသော သလင်းကျောက်အကာ နှစ်ခုကို လှမ်းယူလိုက်သည်။
ခရိုဘဲလက်စ်က ဒေါသတကြီး အော်ဟစ်လိုက်ရာ အဆိပ်ရေခဲသလင်းကျောက်များ ရောနှောနေသော အရိုးထိစိမ့်သည့်အာငွေ့က မီးတောက်ပုံရိပ်သို့ ပြေးဝင်သွားသည်။ ရုတ်တရက်ပင် မီးတောက်ပုံရိပ်၏ လက်ထဲ၌ မီးလျှံတစ်ခု ပေါ်ထွက်လာပြီး ခရိုဘဲလက်စ်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ခရိုဘဲလက်စ် နှာမှုတ်လိုက်ပြီး နောက်သို့ သုံးလှမ်းဆက်တိုက် ဆုတ်လိုက်သည်။ အေးစိမ့်သောအာငွေ့ထဲရှိ အဆိပ်ရေခဲ သလင်းကျောက်များက မြင့်မားလှသော အပူချိန်အောက်တွင် အလျင်အမြန် အရည်ပျော် သွားခဲ့သည်။ ထိုတိုက်ခိုက်မှုသည် အရေးနိမ့်နေသည့်အတွက် သိပ်ပြီး အသုံးမဝင်လှပေ။
ယေဘုယျအားဖြင့် ပြောရလျှင် ဧရာမနဂါး၏ စွမ်းအားသည် သာမန် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ထက် သာလွန်ပြီး မြ-နဂါးသည် ထိပ်တိုက်ရင်ဆိုင်ရာ၌ ပြိုင်ဘက်ကင်း ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုမီးတောက်ပုံရိပ်၏ စစ်မှန်သော အဆင့်မှာ ခရိုဘဲလက်စ်ထက် အနည်းငယ် သာလွန်နိုင်ပေသည်။ ထိုသူသည် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းသို့ ရောက်နေလောက်လေပြီ။
နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း ပုဂ္ဂိုလ်တစ်ယောက်က အမှန်တကယ်ပင် လေလံပွဲသို့ ရောက်လာပြီး မိစ္ဆာသစ်သီးကို လုယူချင်နေခဲ့သည်။ အမှောင်လသည် နယ်မြေတစ်ခုသာ ဖြစ်သည့်အတွက် ခရိုဘဲလက်စ်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည်မှာ အတော်လေး ရှားပါးနေပြီ ဖြစ်သည်။ ယခုတွင် အကြီးမားဆုံး ထောက်ခံသူသည်ပင် လည်ပတ်သူကို မနှိမ်နင်းနိုင်တော့ပေ။ မီးတောက်ပုံရိပ်ကို မည်သူ တားဆီးနိုင်မည်နည်း။
လေလံပွဲ အရှေ့တန်း၌ ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားသည်။ အရေးကြီးပုဂ္ဂိုလ်အခန်း လိုက်ကာကို ဖွင့်ပြီး ဖြစ်စဉ်တစ်ခုလုံးကို “စတင်ခဲ့သူ” အက်စ်မီရာကိုလည်း မှင်တက်သွား၏။ ငါက ခြောက်လှန့်ဖို့အတွက် လိုက်ကာကို ဆွဲဖွင့်ခဲ့တာလေ။ ဒီလောက်တောင် ဖြစ်သွားတာလား။
ဖရိုဖရဲ ဖြစ်နေသည့်အကြား၌ အကြီးမားဆုံး အရေးကြီးပုဂ္ဂိုလ်အခန်းအရှေ့၌ အလင်းရောင်အငွေ့တစ်ခုက တစ္ဆေသဖွယ် ပေါ်ထွက်လာပြီး ဗိုလ်ချုပ် ခရောဖို့ဒ်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာသည်။ ခုနက သစ်သီးကို လုယူခဲ့ခြင်းမှာ အာရုံလွှဲခဲ့ခြင်းသာ ဖြစ်ပုံရသည်။ အမှန်တကယ် သတ်ဖြတ်ခြင်းအကွက်မှာ ခရောဖို့ဒ်ကို လုပ်ကြံခြင်း ဖြစ်လေသည်။
ခရောဖို့ဒ်သည် အရိပ်နက်အင်ပါယာ၏ ဗိုလ်ချုပ် ၃ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး မဟာကတ်သရင်း၏ အရေးကြီးသော ဝန်ကြီးတစ်ယောက်လည်း ဖြစ်သည်။ ခရောဖို့ဒ် သေသွားလျှင် အရိပ်နက်အင်ပါယာသည် သေချာပေါက် တာဝန်ခံ ရပေမည်။ အိမ်ရှင်ဖြစ်သော အမှောင်လနှင့် ရှီရာတို့လည်း အပြစ်တင်ခံရမည် ဖြစ်သည်။ အမွှာမြို့ ပူးပေါင်းမှုသည်လည်း လုံးဝ ထိခိုက်သွားမည် ဖြစ်သည်။
ခရောဖို့ဒ်သည် တိုက်ပွဲပေါင်းရာနှင့်ချီ တိုက်ခိုက်ဖူးသည်။ ချက်ချင်းပင် သူသည် ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားမိလိုက်သည်။ သို့သော်လည်း သူ့ကို ကြောက်မက်ဖွယ်ရာ အကောင်းဆုံး နတ်ဆိုးသားရဲများက ထိန်းချုပ်ထားသကဲ့သို့ပင် အလင်းရောင်အငွေ့၏ အသေမှတ်ထားခြင်းကို ခံနေရပြီး ၎င်းကို မဖယ်ရှားနိုင်ပေ။ လုပ်ကြံသူ၏ အမြန်နှုန်းနှင့် စွမ်းအားတို့သည် မီးတောက်ပုံရိပ်ထက် လုံးဝမနိမ့်ကျသည်မှာ သေချာသည်။ ထိုသူသည် နောက်ထပ် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း ဖြစ်ရပေမည်။
သူတို့သည် တိကျသော လုပ်ကြံမှုကို အောင်မြင်ရန် ဆုံးဖြတ်ထားကြသည်။
ခရောဖို့ဒ်နောက်မှ နောက်လိုက်ကဲ့သို့ အဖိုးကြီး၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ရွှေရောင်အလင်းတစ်ခု ရုတ်ချည်းပေါ်ထွက်လာကာ ခရောဖို့ဒ်အရှေ့၌ ကာဆီးလိုက်သည်။ ၎င်းမှာ ရွှေရောင် သတ္တုအရုပ်တစ်ခု ဖြစ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသော အရုပ်စာသင်္ကတတစ်ခု ထွင်းထားပြီး မျက်လုံးနှစ်ဖက်လုံး အနီရောင်တောက်နေသည်။ ၎င်း၏ လည်မျိုဟလျက်ဖြစ်နေသော်လည်း ဘာကိုမျှ ခံစားရဟန်မတူပေ။ ၎င်းသည် လုပ်ကြံသူအား လက်သီးဖြင့် ထိုးလိုက်သည်။
“ရွှေရုပ်သေး။”
အမြင်စူးရှသူများက တအံ့တသြနှင့် ရေရွတ်လိုက်ကြသည်။ ရွှေရုပ်သေး၏ စွမ်းအားမှာ အလွန်ပင် အစွမ်းထက်ပြီး မသေဆုံးနိုင်ပေ။ လုပ်ကြံသူသည် ရုပ်သေး၏ ချက်ကောင်းများကို အရှိန်မြန်စွာဖြင့် တိုက်ခိုက်ခဲ့သော်လည်း ရုပ်သေး၏ တိုက်ခိုက်ရေး စွမ်းအားကို မဖြိုခွင်းနိုင်သေးပေ။ သူတို့သည် မတိုးသားမဆုတ်သာသော အခြေအနေသို့ ရောက်ရှိသွားကြသည်။
သွေးနွယ်နယ်မြေက ယခုတစ်ခေါက် အသေအချာ ပြင်ဆင်ပြီးမှ အမှောင်လသို့ လာရောက်လည်ပတ်ပုံရသည်။ ခရောဖို့ဒ်ကို အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်က ကာကွယ်ထားလေသည်။
ထိုအချိန်၌ စင်ပေါ်မှ ခရိုဘဲလက်စ်နှင့် မီးတောက်ပုံရိပ်တို့၏ တိုက်ပွဲမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ မိစ္ဆာသစ်သီးကို လာလုသောသူ၏ မျက်နှာကို မမြင်နိုင်သော်လည်း သူ၏အကြည့်တွင် မယုံနိုင်ခြင်းများ ပြသနေ၏။ သူ၏ ခန္ဓာကိုယ်မှ မီးတောက်များ အမှန်တကယ်ပင် ငွေ့ရည်ဖွဲ့ပြီး စတင်အေးခဲလာသည်။
ခဏအကြာတွင် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း ပုဂ္ဂိုလ်က လေထဲ၌ အေးခဲသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ကြောက်လန့်နေသော မျက်လုံးများလည်း အေးခဲသွားသည်။ သူ၏ခန္ဓာကိုယ် အပြင်ဘက်တွင် မြနဂါး၏ ရေနှင့်အဆိပ်ဒြပ်စင်ကို ဖျက်ဆီးပစ်နိုင်သော ဆူပွက်နေသည့် မီးတောက်များ၏ အေးခဲမှတ်သို့ ရောက်နေပြီ ဖြစ်သည်။ မီးတောက်သည် အမှန်တကယ်ပင် လျို့ဝှက်ဆန်းကြယ်သော အထူးစွမ်းအား တစ်ခုအောက်တွင် အေးခဲသွားပြီး ထူးဆန်းသော ရုပ်ထုတစ်ခု ဖြစ်လာသည်။
ခရိုဘဲလက်စ်၏ မျက်လုံးများ အရောင်တောက်သွားပြီး လက်ကို ဝှေ့ရမ်းလိုက်ရာ ထိုရုပ်ထုသည် လေလံစင် ဘေးနားသို့ တဖြည်းဖြည်း ရောက်လာခဲ့သည်။
အားလုံး မှင်တက်သွားကြသည်။ လေလံစင်ပေါ် မစ်-မြနဂါးက သရော်ပြုံးဖြင့် ပြန်ရောက်လာသည့် အခါမှသာ အားလုံ သတိပြန်ဝင်သွားကြသည်။ နတ်ဆိုးအရှင်သခင် တစ်ယောက်ကို အသက်ရှင်ရက်နဲ့ ဒီလောက်မြန်မြန် ဖမ်းနိုင်ခဲ့တာလား။
ဒါက နတ်ဆိုးအရှင်သခင်အဆင့်။ လမ်းပေါ်က ရိုးရိုးသာမန် အမြင့်ဆင့် နတ်ဆိုးတစ်ယောက်ကို ဖမ်းတာမျိုး မဟုတ်ဘူးလေ။
အကြီးမားဆုံး အရေးကြီးပုဂ္ဂိုလ်အခန်းအရှေ့၌ အက်စ်မိုဒက်စ် မိသားစုမှ အဘိုးကြီးက ရွှေရုပ်သေးနှင့် တိုက်ခိုက်နေသော “အလင်းရောင်အငွေ့” ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ ၎င်းသည် လျို့ဝှက် သတ်ဖြတ်ခြင်းတိုက်ကွက် ဖြစ်နိုင်ကြောင်း သူထင်လိုက်စဉ် လုပ်ကြံသူက အော်ဟစ်လိုက်သည်။ သူ၏ ထိကိုင်၍မရသော ခန္ဓာကိုယ်သည် အနီရောင်အငွေ့အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်မှသာ အက်စ်မိုဒက်စ်မိသားစုမှ အဘိုးကြီးက လုပ်ကြံသူသည် တိတ်တဆိတ် သတ်ဖြတ်ခံလိုက်ရကြောင်း သဘောပေါက် သွားခဲ့သည်။
အမှောင်လမှာ တကယ်ကြီး ဒီလိုအစွမ်းထက်ပုဂ္ဂိုလ် ရှိနေတာပဲ။
ခရောဖို့ဒ်က အလွန်အမင်း စိတ်လန့်သွားခဲ့သည်။ ဒီကို မလည်ပတ်ခင် မမောက်မာဖို့၊ မနှိမ့်ချဖို့နဲ့ အထက်စီးမဆန်ဖို့ ဧကရီအရှင်မက ငါ့ကိုဘာလို့ အထူးတလည် အမိန့်ပေးခဲ့တာလဲဆိုတာကို ငါ သဘောပေါက်သွားပြီ။ ကြည့်ရတာ အမှောင်လရဲ့ စွမ်းအားက အရိပ်နက်အင်ပါယာနှင့် ပူးပေါင်းဖို့ တကယ်ထိုက်တန်တဲ့ပုံပဲ။ ဒီတော်ဝင် မင်းသမီးက အနာဂတ်မှာ ဒီထက်ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်လောက်တယ်။ ခရိုဘဲလက်စ်၏အသံသည် နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနှင့်အတူ လေလံပွဲ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ “အားလုံးပဲ။ ဒါက မတော်တဆလေးတစ်ခုပါ။ အခုတော့ ဖြေရှင်းပြီးသွားပါပြီ။ ကိုယ့်နေရာကို ပြန်နေပေးကြပါ။ လေလံပွဲကို ပုံမှန်အတိုင်း ဆက်လုပ်ပါမယ်။”
မတော်တဆမှုလေး တစ်ခုတဲ့လား။ သတိထားမိသော နတ်ဆိုးများက မစ်-မြနဂါးဘေးရှိ “လက်ထောက်”နှင့်တူသော ရေခဲရုပ်ထုကို ကြည့်ပြီး သံသယများ ဖြစ်သွားကြသည်။ ဒီရေခဲရုပ်ထုက ခုနတုန်းက နတ်ဆိုးအရှင်သခင်အဆင့်ဆိုတာ ယုံရခက်ခက်ပဲ။
နတ်ဆိုးအရှင်သခင်အဆင့်နှစ်ယောက်။ တစ်ယောက်က သေသွားတယ်။ တစ်ယောက်က အဖမ်းခံလိုက်ရတယ်။ ဒါက နယ်မြေလား။ မြို့တော်လား။
ဒါက အမှောင်လနဲ့ အရိပ်နက်အင်ပါယာတို့ရဲ့ ပူးပေါင်းစွမ်းအားလား။ ( ၎င်းသည် အရိပ်နက်အင်ပါယာမှ လျို့ဝှက်စွမ်းအားဖြစ်မည်ဟု အများက ထင်နေကြသည်။ )
ရှီရာ၏မျက်လုံးထဲ၌ အံ့အားသင့်မှု အနည်းငယ် ဖြစ်သွားပြီး အလျင်အမြန်ပင် စိတ်မဝင်စားသော မျက်နှာအဖြစ် ပြန်ပြောင်းသွားသည်။ သူက ခရောဖို့ဒ်ကို ပြောသည်။ “ဒါက ကျွန်မတို့ အမှောင်လရဲ့ ညံ့ဖျင်းတဲ့ ကာကွယ်မှုကြောင့် ဖြစ်ရတာပါ။ ကျွန်မကို ခွင့်လွှတ်ပေးပါ။ ဗိုလ်ချုပ် ခရောဖို့ဒ်။”
ခရောဖို့ဒ်က သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။ “ရပါတယ်။ ဒီကိစ္စက အမှောင်လရဲ့ အရေးပေါ်တုံ့ပြန်မှုနဲ့ ကိုင်တွယ်နိုင်စွမ်းကို ပြသနေတာပဲ။ ဒါကို သွေးနွယ်နယ်မြေ လေ့လာဖို့ ထိုက်ပါတယ်။”
“တရားခံ”တစ်ယောက် ဖြစ်သည့်အလျောက် အက်စ်မီရာကိုက လက်ထဲ၌ လိုက်ကာကို ကိုင်ထား၏။ သူက ထိတ်လန့်နေရာမှ တော်တော်နှင့် သတိပြန်မဝင် လာခဲ့ပေ။ စပ်စုသူတစ်ယောက်က မေးလိုက်သည်။ “အားလုံးပြီးသွားပြီ။ ခင်ဗျား ဘာလုပ်ချင်သေးလဲ။”
အက်စ်မီရာကိုက နတ်ဆိုးအရှင်သခင်အဆင့် ရေခဲရုပ်ထုကို မြင်လိုက်ပြီး သိမ့်သိမ့်တုန်သွားသည်။ ငါက “ရိုးရိုးသားသား”နဲ့ မိစ္ဆာသစ်သီးကို လေလံဆွဲချင်တာ။ ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ်လို့ ငါဘယ်လို သိမှာလဲ။ ငါက လုပ်ကြံသူရဲ့ ကြံရာပါလို့ သူတို့ အထင်လွဲသွားရင်တော့သွားပြီ။ အမှောင်လက တော်တော်လေး ကြောက်စရာ ကောင်းတယ်။ နတ်ဆိုးဧကရာဇ်အဆင့် ထပ်သီးပိုင်းအတွက် အသက်ရှင်ဖို့နေရာတောင် တော်တော်လေး သေးငယ်တယ်။ ငါ အင်္ဂါဂြိုလ်ကို ပြန်သွား....အဲ..ငါ့မွေးရပ်မြေကို စောစောပြန်တာ ပိုကောင်းမယ်။
သူက အကြံတစ်ခုရသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ကျုပ် သန်း၆၆၀ ပေးမယ်။”
ရယ်သံများအကြား၌ မစ်-မြနဂါး ဆက်ပြောသည်။ “အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၄)က သန်း၆၆၀ ပေးပါတယ်။ ထပ်ပေးမယ့်လူ ရှိသေးလား။ သန်း၆၆၀ တစ်ကြိမ်။”
“သန်း၇၀၀။” အရေးကြီးပုဂ္ဂိုလ် အခန်းနံပါတ်(၅)မှ တည်ငြိမ်သောအသံ ထွက်လာပြန်သည်။ အက်စ်မီရာကိုက ယခုတစ်ခေါက်တွင် မရူးမိုက်ရဲတော့ပေ။ သူက လိုက်ကာကို ရိုးရိုးသားသား ဖယ်လိုက်ပြီး ရေရွတ်လိုက်သည်။ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။