ချော်ရည်ပြာနယ်မြေ၏ လျို့ဝှက်ပူးပေါင်းကြံစည်မှု
Vol. 28 Ch. 411
အလုပ်များသော နေ့ရက်များ၌ အချိန်ခဏလေး ကုန်ဆုံးသွားခဲ့သည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် သွေးနွယ်နယ်မြေ အုပ်စိုးသူ ဗိုလ်ချုပ် ခရော့ဖို့ဒ်က အင်ပါယာသို့ ပြန်သွားသည်မှာ တစ်ပတ်ရှိပြီ ဖြစ်သည်။ လေလံပွဲအောင်အောင်မြင်မြင် ပြီးဆုံးသွားပြီး နောက်တွင် ထူးထူးခြားခြား စည်ကားလှသော ကုန်စည်ပြပွဲလည်း အောင်အာင်မြင်မြင် အဆုံးသတ်သွားခဲ့သည်။
ဗိုလ်ချုပ် ခရောဖို့ဒ်၏သား မွန်ရိုးတီဗက်ဇ်က ခရောဖို့ဒ် ပြောထားသည့်အတိုင် အမှောင်လသို့ လာရောက် “သင်ယူ”သည်။
မွန်ရိုးတွင် နဂိုက အထက်စီးဆန်သော စရိုက်ရှိသည်။ ကံကောင်းစွာပင် ခရောဖို့ဒ်က ၎င်းကို အတော်လေး ချုပ်တည်းထားရန် သူ့ကို ထပ်ကာထပ်ကာ ပြောခဲ့သည်။ ချစ်ကြည်ရေး “တိုက်ပွဲ”တစ်ခု၌ အရိပ်နက်အင်ပါယာ၏ ပါရမီရှင် ဓားသမားက အမှောင်လ၏ ပါရမီရှင် ဓားသမနှင့် လက်ရှိ မီးလျှံဗိုလ်ခြေခေါင်းဆောင် အသီနာကို လုံးဝ ရှုံးနိမ့်သွားခဲ့သည်။ ထို့ကြောင့် သူက မီးလျှံဗိုလ်ခြေသို့ လိုလိုလားလား ဝင်ခဲ့ပြီး အထူး အတိုင်ပင်ခံတစ်ယောက် ဖြစ်လာကာ တိုက်ပွဲဘောလုံး လေ့ကျင့်ရေး၌ ပါဝင်ခဲ့သည်။ ခဏအကြာတွင် သူသည် ထိုစိတ်လှုပ်ရှားဖွယ် အားကစားပွဲကို အမှန်တကယ် သဘောကျ သွားတော့သည်။
ဗိုလ်ချုပ်ခရောဖို့ဒ်၏သား ရောက်လာသည့်ဖြစ်စဉ်နှင့်ယှဉ်လျှင် လူအများက လေလံပွဲ၌ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဖြစ်ပျက်ခဲ့သော နတ်ဆိုးအရှင်သခင်အဆင့်များ အကြား တိုက်ပွဲအကြောင်းကို အားရပါးရ ဆွေးနွေးနေခဲ့ကြသည်။ ထိုတိုက်ပွဲသည် တောမီးကဲ့သို့ပင် ပျံ့နှံ့သွားတော့သည်။ အမှန်တကယ်တွင် ထိုနေရာ၌ ရှိမနေခဲ့ကြသည့် စပ်စုသူများကသာ ထိုကဲ့သို့ အသက်ပါသော ဖော်ပြချက်များကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ရေးရေးတေး ဇာတ်ကွက်များနှင့် တက်ကြွသော တိုက်ပွဲမြင်ကွင်းများမှာ သူတို့က ၎င်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသကဲ့သို့ပင် ဖြစ်နေသည်။
စစ်မေးကြည့်ပြီးနောက်တွင် ဖမ်းဆီးရမိထားသော နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း၏နာမည်မှာ ဗာနင်ဖြစ်ပြီး ကြယ်ကြွေတမန်မြို့တော်၏ အကြီးအကဲမိသားစု ဖြစ်သော တိုရိုမိသားစုမှ အကြီးအကဲတစ်ယောက် ဖြစ်သည်။ ခရောဖို့ဒ်ကို လုပ်ကြံပြီး အမှောင်လ လေလံပွဲကို ဖျက်ဆီးရန် သူ့ကို အိုဆိုင်ဒန်က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသွားသောတစ်ယောက်မှာ ရှာရူဖြစ်ပြီး ဟွန်းမိသားစုမှ အကြီးအကဲတစ်ယောက် ဖြစ်သည်။
ကြယ်ကြွေတမန်အင်ပါယာ၏ ရီဂျန့်ဘုရင်က လူလွှတ်ပြီး မဟာမိတ်အင်ပါယာ၏ လာလည်ပတ်သော အုပ်စိုးသူတစ်ယောက်ကို လုပ်ကြံခြင်းမှာ သာမန်မတော်တဆမှု မဟုတ်ပေ။ ၎င်းကို လူအများ သိသွားကြသည်နှင့် အင်ပါယာများအကြား၌ ပဋိပက္ခများ ဖြစ်လာနိုင်ပေသည်။ ၎င်းသည် ဖွံ့ဖြိုးတိုးတက်ရန် အချိန်လိုအပ်နေသော အမှောင်လ အတွက် မကောင်းလှပေ။ ရှီရာနှင့် ချန်လွေ့တို့က ထပ်ကာထပ်ကာ စဉ်းစားပြီး အိုဆိုင်ဒန်ကို ခြိမ်းခြောက်ရန်အတွက် ထိုကိစ္စကို ယာယီဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ အချိန်ကျလာလျှင် ဗာနင်သည် ပို၍အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်လာသော နယ်ရုပ်တစ်ရုပ် ဖြစ်လာပေမည်။
ထို့သော်လည်း နတ်ဆိုးအရှင်သခင်အဆင့် လုပ်ကြံသူနှစ်ယောက်ကို တစ်ခါတည်း အသုံးချခြင်းကို ကြည့်ခြင်းအားဖြင့် ကြယ်ကြွေတမန်အင်ပါယာ၏ နောက်ခံမှာ အမှန်ပင် ထူးခြားလှကြောင်း သိနိုင်ပေသည်။ အိုဆိုင်ဒန် အသုံးချနိုင်သော နတ်ဆိုးအရှင်သခင် အဆင့် အများအပြား ရှိနိုင်ပေသည်။ ၎င်းသည် အတော်လေး အကျိုးအကြောင်း သင့်လှ၏။ သို့မဟုတ်ပါက သွေးမြေကျ၏စွမ်းအားဖြင့် အင်ပါယာတစ်ခုကို တစ်ခါတည်း ဖြိုဖျက်သွားပေလိမ့်မည်။
ထိုနတ်ဆိုးအရှင်သခင်အဆင့်များမှာ အိုဆိုင်ဒန် လက်အောက်ရှိ တိုက်ရိုက် လက်အောက်ခံများ မဟုတ်ကြပေ။ သူတို့သည် ဗာနင်နှင့် ရှာရူကဲ့သို့သော အဓိက မိသားစုများမှ အထူးအကြီးအကဲများ ဖြစ်ကြသည်။ သူတို့သည် မိသားစု သို့မဟုတ် အင်ပါယာ အရေးပေါ်မကြုံသရွေ့ အလွယ်တကူ ပေါ်ထွက်လာမည် မဟုတ်ပေ။
သို့သော်လည်း ရန်ပုံငွေကိစ္စကြောင့် အိုဆိုင်ဒန်နှင့် အကြီးအကဲ မိသားစုများ အကြားရှိ တင်းမာမှုများ ပိုမိုတိုးပွားလာခဲ့သည်။ ထို့ကြောင့် အကြီးအကဲမိသားစု အများအပြားက အိုဆိုင်ဒန်၏ အမိန့်ကို နာခံမည် မဟုတ်ပေ။ ထိုအဖြစ်အပျက်၏ အဟန့်အတားနှင့် ခြိမ်းခြောက်မှုများကြောင့် အိုဆိုင်ဒန်သည် လက်ရှိအချိန်အတွင်း စိတ်လိုက်မာန်ပါ လုပ်ရဲမည် မဟုတ်ပေ။
အမှောင်လ၏ ပွဲတော်နှစ်ခုကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ပြီးသော သတင်းနှင့်အတူ အရိပ်နက်အင်ပါယာ၏ အမွှာမြို့ ပြီးပြတ်သွားခြင်းတို့သည် ကြယ်ကြွေတမန် အင်ပါယာတစ်လျှောက်လုံးကို ထိတ်လန့်သွားစေခဲ့သည်။
အမှောင်လရဲ့ တော်ဝင်မင်းသမီး ရှီရာက လော့ဒ်အနေနဲ့ ၈နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ယိုယွင်းနေတဲ့ နယ်မြေတစ်ခုကို ဒီလိုအနေအထားထိရောက်အောင် လုပ်နိုင်ခဲ့တယ်။ ဒါတောင် မြို့တော်က ထိန်းချုပ်ပြီးတော့ ဖိနှိပ်ထားသေးတာ။
ထိုအချိန်အတောအတွင်း မြို့တော်၏ ရန်ပုံငွေ ပြန်မအမ်းနိုင်သည့်အတွက် အနီးအနားရှိ အသေးစားနှင့် အလတ်စား နယ်မြေများက အခွန်နှုန်း တိုးမြှင့်ခဲ့ရသည်။ ထို့ကြောင့် နယ်မြေထဲ၌ ဆူပူအုံကြွမှုများ ဖြစ်သွားခဲ့သည်။ ကြံရာမရသည့်အဆုံး နယ်မြေများက ရွေးစရာမရှိတော့ဘဲ အရှက်မဲ့စွာဖြင့် အမှောင်လထံ အကူအညီ တောင်းရတော့သည်။
ယခုတွင် ရှီရာကို ချမ်းသာကြွယ်ဝပြီး အင်အားကြီးသည်ဟု ယူဆ၍ ရနိုင်သည်။ သူက မငြင်းဆန်ခဲ့သလို စားစရာနှင့် ငွေများကိုလည်း မပေးခဲ့ပေ။ သူက အထူး ဝန်ထမ်းများကို နည်းဗျူဟာဖြင့် စေလွှတ်ပြီး အမှောင်လနယ်မြေ၏ နာမည်နှင့်အတူ လူသိရှင်ကြား အကူအညီပေးစေသည်။ သူက တပ်ဖွဲ့များကို လွှတ်ပြီး ထိုနယ်မြေများ၏ တရားဥပဒေကို ထိန်းသိမ်းရန်နှင့် သူခိုးဓားပြများကို နှိမ်နင်းပေးခဲ့သည်။ ထို့ကြောင့် သူတို့က အမှောင်လကို ပြင်းပြင်းထန်ထန် မှီခိုလာကြသည်။ ထိုနယ်မြေမှ လူများလည်း တော်ဝင်မင်းသမီးကို အလွန်ပင် အထင်ကြီးသွားကြသည်။ အချို့သည် အမှောင်လသို့ တိတ်တဆိတ် ရွှေ့ပြောင်းလာခဲ့ကြသည်။
အဓိကမိသားစုများနှင့် အဓိကနယ်မြေများအပေါ် အကြွေးတင် နေသော ရန်ပုံငွေများကို အချိန်ဆွဲထားသည့် နာမည်ဆိုးမှတ်တမ်း ရှိနေသည့် ရီဂျန့်အိုဆိုင်ဒန် နှင့်ယှဉ်လျှင် နယ်မြေကို “တရားသဖြင့်” ကူညီပေးခဲ့သော ရှီရာသည် ပို၍ပင် ကျက်သရေ ရှိန၏။ ကြယ်ကြွေတမန်အင်ပါယာ၌ အသံတစ်သံသည် မြို့တော်ထဲအပါအဝင် တဖြည်းဖြည်း ပျံ့နှံ့လာသည်။ သန်းခေါင်နေအရှင်ရဲ့ မြေး ရှီရာလူစီဖာက ကြယ်ကြွေတမန် အင်ပါယာရဲ့ စစ်မှန်တဲ့ဘုရင်တစ်ပါးပဲ။ သန်းခေါင်နေရဲ့ ဂုဏ်ကျက်သရေက လူစီဖာ မိသားစုထဲမှာ ပြန်ပေါ်လာတော့မယ်။
အိုဆိုင်ဒန်က ၎င်းကို အလွန်အမင်း ဒေါသထွက်နေသော်လည်း ထိုအချိန်၌ ကြံရာမရ ဖြစ်နေခဲ့သည်။ သူ၏ ယခု အရေးအကြီးဆုံး ကိစ္စမှာ ရန်ပုံငွေ၏ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ သို့မဟုတ်ပါက လူများ၏ စိတ်ဓာတ်များ ပို၍ပင် နိမ့်ကျသွားပေမည်။ လက်ရှိ၌ အကြီးအကဲမိသားစုများက ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်နေကြပြီး သူ့ကို သံသယများ ဖြစ်နေကြသည်။ ထိုမကျေမနပ်မှုများ ပျံ့နှံ့သွားလျှင် အကြီးအကဲမိသားစုများကို စေလွှတ်ပိုင်ခွင့် ဆုံးရှုံးသွားပေမည်။ ထိုမိသားစုများက ရှီရာဘက်သို့ ရောက်ရှိသွားမည်ဆိုလျှင် ရီဂျန့်နေရာသည်ပင် အန္တရာယ် ရှိလာနိုင်သည်။
ငါ့အနားက ဆန့်ကျင်နေတဲ့ အသံတွေကို အရင်ဆုံး ရှင်းပစ်ရမယ်။ ပြီးရင် အမှောင်လနဲ့ ပတ်သက်တာတွေကို အာရုံစိုက်ရမယ်။ အိုဆိုင်ဒန် အံကြိတ်ရင်း စိတ်ကို ပိုင်းဖြတ်လိုက်တော့သည်။
အမှောင်လနန်းတော်၏ ကောင်စီခန်းမဝယ် -
ရှီရာက စားပွဲအရှေ့ရှိ ပလ္လင်ပေါ်တွင်ထိုင်ရင်း အမှောင်နတ်ဆိုး ခေါင်းဆောင်၏ သတင်းအချက်အလက်ကို သေသေချာချာ နားထောင်နေသည်။ အစ်ဇဘယ်လာသည် အမှန်တကယ်ပင် ပညာသည်ဆိုသည်နှင့် ထိုက်တန်လှပေသည်။ သူ၏ဦးဆောင်မှု အောက်တွင် အမှောင်နတ်ဆိုးက အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၎င်းကြောင့် အခြားအင်အားစုများနှင့် မြို့တော်က စေလွှတ်သော သူလျှိုများကို ဖယ်ရှားနိုင် ခဲ့ရသာမက အိမ်နီးချင်း နယ်မြေများသို့လည်း အမှောင်နတ်ဆိုး၏ သူလျှိုများကို အောင်အောင်မြင်မြင်နှင့် စိမ့်ဝင်အောင် ပြုလုပ်နိုင်ခဲ့သည်။
ရှီရာသည် အစ်ဇဘယ်လာ၏ အစွမ်းအစများကို အမှန်တကယ် လေးစားသည်။ ယခင်က ရန်စများမှာ သူတို့နှင့် ကိုယ်ပိုင်သခင်များ ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ အောင်မြင်သော အရှင်မတစ်ယောက် ဖြစ်သည့်နှင့်အညီ ရှီရာသည် ထိုကိစ္စကို စိတ်ထဲထားမည် မဟုတ်ပေ။
သတင်းပို့ချက်ကို နားထောင်ပြီးနောက် ရှီရာ စဉ်းစားနေလိုက်သည်။ “ချော်ရည်ပြာ နယ်မြေမှာ လျို့ဝှက်ဆန်းကြယ်တဲ့ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ နေထိုင်သူတွေ တော်တော်များများ ပျောက်ဆုံးနေတယ် ဟုတ်လား။”
ပိုးဇာလွှာဖြင့် မျက်နှာကို ဖုံးလွှမ်းထားသော အစ်ဇဘယ်လာက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ချော်ရည်ပြာနယ်မြေ အုပ်စိုးသူရဲ့သား ချန်ဒလာက အကြောင်းရင်းမရှိဘဲ အခွန်အခတွေကို တိုးမြှင့်ခဲ့တယ်။ အဲဒါကြောင့်လူတွေကို ပိုပြီး စိတ်ဓာတ်ကျသွားစေခဲ့တယ်။ အငတ်ဘေးတစ်ခုလည်း ပျံ့နှံ့လာခဲ့တယ်။ ချန်ဒလာက လုပင်မြို့က မြို့သူ/သားတွေကို အပြင်မထွက်ဖို့ တားမြစ်ပြီးတော့ အကြိမ်ကြိမ် အမိန့် ထုတ်ပြန်ခဲ့တယ်။ အဲဒီလုပင်မြို့မှာ ပျောက်ဆုံးမှုတွေ ဖြစ်ပွားနေခဲ့တာ။ အဲဒါကြောင့် အဇူရီဗိုလ်ခြေခေါင်းဆောင် ဆူမန်က ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်သွားပြီးတော့ သူ့ရဲ့စစ်သည်အချို့ကို ဦးစီးပြီး အဇူရီဗိုလ်ခြေကနေ ထွက်သွားခဲ့တယ်။ အခြေအနေက တော်တော်လေး တင်းမာနေတယ်။ ဒါပေမဲ့ နောက်ဆုံးရတဲ့ သတင်းအရဆိုရင်တော့ ချန်ဒလာကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားနိုင်လောက်တယ်။”
ဘေးဖက်မှ ချန်လွေ့က ဖြတ်ပြောလိုက်သည်။ “ဒီစိစစ်ချက်က ဘယ်လောက် ယုံကြည်ရလဲ။”
အစ်ဇဘယ်လာက ချန်လွေ့ကို အေးစက်စက် စိုက်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများ၌ အေးစက်မှုများ ပြည့်နှက်နေသည်။ “ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာတဲ့ စွမ်းရည်ကို ရှင် မေးခွန်းထုတ်နေတာလား။ ဒီစိစစ်ချက်အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တစ်ခုကို ရဖို့အတွက် အမှောင်နတ်ဆိုးက လူတွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရလဲဆိုတာ ရှင်သိလား။”
အစ်ဇဘယ်လာသည် ဘဏ္ဍာရေးအရာရှိ၏ နေအိမ်၌ မနေသလို ထိုလူသားသည် လူလိမ်ဖြစ်ကြောင်းကို မသိပေ။ သူ၏အရင်းနှီးဆုံးမိတ်ဆွေက ထိုသူ၏ ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း ထိုသူကို ဆွဲဆောင်ရန် ကြိုးစားပြီးနောက် မိစ္ဆာ ဗော်ဒို၏ “ဒုက္ခသည်” ဖြစ်ခဲ့သူကို အမြဲပင် အေးစက်စက် ပြုမူနေခဲ့သည်။ ၎င်းသည် လူသားအားလုံးအပေါ် ရန်လိုခြင်း ဖြစ်နိုင်ပေသည်။ (တစ်စုံတစ်ယောက်မှလွဲ၍)
“မဟုတ်ပါဘူး။” ချန်လွေ့က အစ်ဇဘယ်လာ၏ ရန်လိုမှုကို လျစ်လျူရှုရင်း ခေါင်းခါလိုက်သည်။ “ဒီဆုံးဖြတ်ချက်ကသာ အမှန်ဆိုရင် ကျုပ်တို့ရဲ့ အစီအစဉ်ကို နည်းနည်းတော့ ပြောင်းလဲရမယ်။ နောက်ထပ်ပစ်မှတ်ကို ချော်ရည်ပြာနယ်မြေမှာ ချထားသင့်တယ်။”
ရှီရာ စိတ်ဝင်စားသွား၏။ “မင်းဘယ်လိုထင်လဲ ငါ့ကို အရင်ပြောပြ။”
“ကျုပ်တို့ လူသားလောက သမိုင်းကြောင်းထဲမှာ ဒီလိုတိုက်ပွဲတစ်ပွဲ ရှိခဲ့တယ်။ တိုင်းပြည်ငယ်လေးတစ်ခုရဲ့ ဘုရင်က ဖျားနာပြီး သေဆုံးသွားတယ်။ လူယုံတော်က သူ့ရဲ့သားတော်ကို ထီးနန်းဆက်ခံရအောင် ကူညီပေးခဲ့တယ်။ နောက်တော့ ဗိုလ်ချုပ် တစ်ယောက်က ပုန်ကန်လာတယ်။ ဘုရင်ငယ်လေးက ဗိုလ်ချုပ်ကို မတိုက်ခိုက်နိုင်ဘူး။ အဲဒါကြောင့် အနီးအနားက တိုင်းပြည်ကို ချက်ချင်း အကူအညီ တောင်းခဲ့တယ်။ အိမ်နီးချင်း တိုင်ပြည်ရဲ့ဘုရင်က ချက်ချင်း တပ်ဖွဲ့တွေ စေလွှတ်ပြီးတော့ သူပုန်တွေကို နှိမ်နင်းခဲ့တယ်။ ဒါပေမဲ့ သူပုန်တွေကို နှိမ်နင်းတာက ပထမအဆင့်ပဲ။ အိမ်နီးချင်း တိုင်းပြည်ရဲ့စစ်တပ်က ပုန်ကန်မှုကို တန်ပြဖို့အတွက်ဆိုပြီး ဆင်ခြေပေးခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူတို့က တစ်တိုင်းပြည်လုံးကို သိမ်းပိုက်ချင်နေတာ။ နောက်ဆုံးတော့ ဘုရင်ငယ်လေး အဖမ်းခံလိုက်ရပြီးတော့ နိုင်ငံလည်း ပျက်စီးသွားခဲ့တယ်။”
ချန်လွေ့ပြောခဲ့သော တိုက်ပွဲမှာ မင်းဆက်ငါးဆက်နှင့် တိုင်းပြည်ဆယ်ခု အချိန်ကာလအတွင်း တိုက်ပွဲတစ်ခု ဖြစ်သည်။ ဝူဖျင်ကျဲတုရှစ်၏ ကျိုးရှင်းဖုန်း ဒဏ်ရာ အပြင်းအထန်ရနေစဉ် သူ၏လူယုံတော်အား ၁၁နှစ်အရွယ် ကျိုးပေချွမ်ကို စစ်ရေးရာ၌ အမိန့်ပေးရာတွင် အကူအညီပေးရန် ပြောခဲ့သည်။ ဟန်ကျိုး၏ အုပ်ချုပ်သူ ကျန်းဝမ်ပင်းက ယန်ရှီဖန်ကို စစ်ပွဲသို့ လွှတ်နိုင်ရန် အနာဂတ်၌ သူ့ကို သေချာပေါက် ဆန့်ကျင်မည့်အကြောင်းလည်း ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ကျင်းနန်၊ ကျောက်ခွမ်းယင်၊ စုန့်တိုင်းပြည်၏ ဧကရာဇ် ထိုက်ကျူးတို့ကို အကူအညီ တောင်းခဲ့သည်။ ရလာဒ်အနေဖြင့် ကျောက်ခွမ်းယင်က ကျိုးပေချွမ်ကို ဝူဖျင်တျဲတုရှစ်ဟု အမည်ပေးခဲ့၏။ သို့သော်လည်း သူက ဖရိုဖရဲဖြစ်မှုများကို ဖြေရှင်းရန် အကြောင်းပြပြီး တပ်ဖွဲ့များကို စေလွှတ်ကာ ဟူနန်၌ ကျင်းနန်နှင့် ကျိုးပေချွမ်တို့ သိမ်းပိုက်ခဲ့သောနယ်မြေကို သိမ်းယူခဲ့သည်။ ကျိုးပေချွမ်ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရသည်။
အစ်ဇဘယ်လာ စဉ်းစားနေရင်း သဘောပေါက်သွားခဲ့သည်။ သူ၏မျက်လုံးများ အရောင်တောက်သွား၏။ “ရှင်ပြောချင်တာက ချော်ရည်ပြာနယ်မြေက အမှောင်လကို အကူအညီ တောင်းမှလား။”
ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။ “ချော်ရည်ပြာနယ်မြေက အခု ငါတို့ကို အကူအညီ တောင်းမနေဘူး။”
“မဟုတ်ဘူး။ အခု ချော်ရည်ပြာနယ်မြေကနေ အကူအညီတောင်းထားတဲ့ စာတစ်စောင် ရထားတယ်။ အဲဒါကို ချန်ဒလာက ရေးထားတာ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “သူတောင်းဆိုထားတာက အဇူရီ ဗိုလ်ခြေရဲ့ ခေါင်းဆောင်ဟောင်း ဆူမန်လုပ်ခဲ့တဲ့ ပုန်ကန်မှုကို ထိန်းချုပ်ပေးဖို့ အမှောင်လဆီကနေ အကူအညီ တောင်းခံ ချင်တာပဲ။”
ရှီရာ၏ အတွေးများသည် ထိုလျို့ဝှက်ကြံစည်သူနှစ်ယောက်ထက် မမြန်သော်လည်း အနည်းငယ် သဘောပေါက်ပြီး ပြောလိုက်သည်။ “ငါတို့ရဲ့ စွမ်းအားက တော်တော်လေး မြန်မြန်ဆန်ဆန် မြင့်တက်နေတယ်။ ပြီးတော့ အပြင်လူတွေ အားလုံးကလည်း ငါတို့ကို အရေးပေးနေကြတယ်။ ဒီတစ်ခေါက် ငါတို့တွေ တပ်ဖွဲ့ လွှတ်ပြီးတော့ တခြားနယ်မြေတစ်ခုကို သိမ်းပိုက်မယ်ဆိုရင် ဆုံးရှုံးမှုတွေက ရရှိမှုတွေထက် ပိုများမှာ စိုးရိမ်မိတယ်။”
ချန်လွေ့က ခေါင်းခါရင်း ပြောလိုက်သည်။ “ချော်ရည်ပြာနယ်မြေကို ကျုပ်တို့ သိမ်းပိုက်မယ်လို့ ဘယ်သူ ပြောတာလဲ။”
အစ်ဇဘယ်လာက ဆက်ပြောသည်။ “ဟုတ်ပါတယ်။ ကျွန်မတို့က ရင်းနှီးမှုကြောင့် ချန်ဒလာကို ကူညီပေးနေရုံပါ။”
ချန်လွေ့က အေးစက်စက် ကြည့်နေသော အစ်ဇဘယ်လာအား လေးစားလျက် ကြည့်နေလိုက်သည်။
“နောက်ထပ် သတင်းတစ်ခုရှိတယ်။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းကို ရောက်နေတဲ့ ချော်ရည်ပြာနယ်မြေရဲ့ အလွတ်တန်း လေ့ကျင့်သူ ဆိုဆန်က ပျောက်ဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ လုပင်မြို့မှာ နေခဲ့တယ်။ သူက ပျောက်ဆုံးမှုကို စူးစမ်း နေရင်းနဲ့ လုပ်ကြံခံခဲ့ရတယ်။ သူ့ရဲ့ သေဆုံးတဲ့အခြေအနေအရတော့ ပြိုင်ဘက်ရဲ့ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဒါမှမဟုတ် နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်နိုင်လောက်တယ်။ ပြီးတော့ ပျောက်ကွယ်မှုတွေကလည်း ရုတ်တရက်ကြီး။ ကျွန်မတို့ လွှတ်လိုက်တဲ့ သူလျှိုတွေတောင် အမှန်တရားကို ရှာမတွေ့သေးဘူး။ လက်ရွေးစင် တော်တော်များများတောင် ဒဏ်ရာရသွားခဲ့သေးတယ်။”
ချန်လွေ့က မျက်မှောင်ကြုတ်ရင်း ပြောသည်။ “ချန်ဒလာက မြို့သူ/သားတွေကို ထွက်သွားဖို့ တားမြစ်ခဲ့တာ မဟုတ်လား။ ဒီကိစ္စကို သူနဲ့များ သက်ဆိုင်နေမလား။ ဒါမှမဟုတ် သူ့ကို ထိန်းချုပ်ထားတဲ့သူတွေ လုပ်တာများလား။ ပြီးတော့လည်း အဇူရီ ဗိုလ်ခြေကနေ ဆူမန် ထွက်သွားခဲ့ရတာကလည်း အတွင်းသတင်း ဒါမှမဟုတ် ညွှန်ကြားချက်တစ်ခုခု ရထားလို့ဖြစ်မယ်။ သူ့အကြောင်း သတင်းအချက်အလက်တွေ ကျုပ် ပိုပြီးတော့ လိုအပ်တယ်။”
နတ်ဆိုးဧကရာဇ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် အတိုက်ခိုက်ခံရပြီးတော့ အသတ်ခံခဲ့ရတယ်။ မြို့သူ/သားတွေ ပျောက်ကွယ်သွားတယ်။ ချန်ဒလာက ထိန်းချုပ် ခံနေရတာ ဖြစ်နိုင်တယ်။ အမှောင်လကို တိုက်ခိုက်ဖို့အတွက် စစ်ဆင်ရေး ကျရှုံး သွားတော့ အင်အားစုတချို့က သူတို့ရဲ့အာရုံက အုပ်စိုးသူ ဆုံးရှုံးသွားတဲ့ ချော်ရည်ပြာ နယ်မြေကို ပြောင်းသွားတာများလား။
ရှီရာ၏အသံ ထွက်ပေါ်လာပြီး ချန်လွေ့၏ အတွေးများကို နှောင့်ယှက်လိုက်၏။
“ကောင်းပြီလေ။ ဒါက ငါတို့ နောက်ထပ်ခြေလှမ်းရဲ့ ဦးတည်ဘက် ဖြစ်မယ်။”
ထိုသို့ပြောပြီးနောက် တော်ဝင်မင်းသမီး မတ်တပ်ရပ်ပြီး ဆာ-ဘဏ္ဍာရေးအရာရှိကို စိုက်ကြည့်လိုက်သည်။ “ဒါဆို အချိန်ဆွဲမနေတော့ဘဲ ရှင်တို့နှစ်ယောက်က ကျွန်မအတွက် အသေးစိတ် အစီအစဉ်တွေကို အမြန်ဆုံး ပူးပေါင်းပြီး ဆွဲပေးကြပါ။”
အစ်ဇဘယ်လာ ခေါင်းညိတ်ပြီး အတွေးထဲ နစ်ဝင်သွားတော့သည်။
ထိုစဉ် ဆာ-ဘဏ္ဍာရေးအရာရှိက တော်ဝင်မင်းသမီး၏ တင်းမာသော သတိပေးချက်ကို ဖတ်လိုက်ရသည်။ ပူးပေါင်းပဲပူးပေါင်း။ မကောင်းတာတွေ မလုပ်နဲ့။
ဘဏ္ဍာရေးအရာရှိက ချက်ချင်းပင် အပြစ်ကင်းသော အကြည့်ဖြင့် တုံ့ပြန်လိုက်၏။ သို့သော်လည်း တော်ဝင်မင်းသမီး၏ မျက်လုံးထဲရှိ သံသယများ ပို၍ ပြင်းထန်လာသည်။ “ရာဇဝတ်ပြစ်မှု” တစ်ခုကြောင့် ထိုသူသည် ယုံကြည်ရန် မထိုက်တန်သည်မှာ သိသာလှပေသည်။
( အတိအကျပြောရရင် သူက လုံးဝ မယုံကြည်ရဘူး။ )
ဘဏ္ဍာရေးအရာရှိ၏ အကြည့်က မကျေမနပ်ဖြစ်သွားပြီး တိတ်တိတ်လေး ခြေဟန်လက်ဟန် ပြသလိုက်သည်။ ( ဒီလိုမလုပ်ပါနဲ့။ ဟုတ်ပြီလား။ ယောက်ျား တစ်ယောက်ရဲ့ ယုံကြည်စိတ်ချရမှုကို ဒီည လျို့ဝှက်အခန်းမှာ အရှင်မကို ဖက်ပြီး သက်သေပြမှာပါ....)