အဆိပ်အကြံအစည်နှင့် “မိတ်ဆွေဟောင်း”
Vol. 28 Ch. 414
မမျှော်လင့်ဘဲနှင့် ချန်လွေ့၏ ပထမဆုံးစကားမှာ တိုက်ပွဲကို တားဆီးရန်မဟုတ်ဘဲ လှုံ့ဆော်ပေးရန် ဖြစ်သည်။ “အမှောင်လရဲ့ အစွမ်းအထက်ဆုံးဓားသွား၊ မီးလျှံဗိုလ်ခြေရဲ့ လက်ရွေးစင်တွေ။ ငါမေးတာကိုဖြေ။ ဒီအရှေ့မှာရှိတဲ့ ခံစစ်ကို ဖျက်ဆီးပြီးတော့ ဒီမြို့ကို လွယ်လွယ်နဲ့ သုတ်သင်နိုင်လား။”
“သုတ်သင်နိုင်ပါတယ်။” သပ်ရပ်ပြီး ကျယ်လောင်သောအသံက ပြင်းထန်သော စိတ်ပြတ်သားမှုများကို ပြသနေသည်။ ထိုသို့မြင့်မားသောစိတ်ဓာတ်နှင့် မမြင်ရသော ဖိအားတို့သည် ပီဆာမြို့သူ/သားများနှင့် စစ်သည်များကို ပိုမိုတင်းမာစေခဲ့သည်။ ရန်သူက သူတို့ရဲ့ သနားစရာ ခုခံမှုကို တစ်ခါတည်း ခြေဖျက်နိုင်သည်ကို မည်သူမှ သံသယ မရှိကြပေ။
“မင်းတို့တွေ ရန်သူကို ရင်ဆိုင်နေရတယ်ဆိုရင် ငါတို့ရဲ့ဗိုလ်ခြေခေါင်းဆောင် အသီနာက စစ်တပ်တစ်ခုလုံးကို ချီတက်ဖို့ ချက်ချင်းအမိန့်ပေးပြီးတော့ ရန်သူတွေကို အမှုန့်ချေပစ်မှာ။ ဒါပေမဲ့ ရဲရင့်ပြီးတော့ ပြတ်သားတဲ့ ခေါင်းဆောင်က ဒီလိုအမိန့်မျိုး မပေးရသေးဘူး။ ဒီနယ်မြေကို ကျေးဇူးမသိတတ်ဘဲနဲ့ ငါတို့ရဲ့နယ်မြေကို သိပ်မကြာခင်က ကျူးကျော်ပြီးတော့ ငါတို့ရဲ့ဆွေမျိုးတွေ၊ ပိုင်ဆိုင်မှုတွေကို လုယက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီအပြစ်တွေက သူတို့ရဲ့ အုပ်စိုးသူနဲ့ပဲ သက်ဆိုင်တယ်။ မင်းတို့ အရှေ့က အပြစ်မဲ့တဲ့ စစ်သည်တွေနဲ့ ပြည်သူတွေနဲ့ မဆိုင်ဘူး။ ကျူးကျော်သူတွေက သွေးနဲ့အကြွေးဆပ်ခဲ့ ပြီးပြီ။ ငါတို့က အမှောင်လရဲ့ အစွမ်းအထက်ဆုံး စစ်တပ်ပဲ။ အနာဂတ်မှာ ငါတို့က နတ်ဆိုးဘုံရဲ့ အစွမ်းအထက်ဆုံးစစ်တပ် ဖြစ်လာလိမ့်မယ်။ ငါတို့ရဲ့သတ္တိတွေကို သက်သေပြဖို့အတွက် အပြစ်မဲ့သူတွေကို သုတ်သင်သတ်ဖြတ်ဖို့ မလိုဘူး။”
လူသားရဲ့အသံကို မှော်ပစ္စည်းတစ်မျိုးမျိုးနဲ့ အသံမြှင့်ထားတာလား။ ဒါက တော်တော် အစွမ်းထက်ပြီးတော့ အဲဒီအချိန်က လိပ်ပြာနီစစ်တပ်ဆီကို အရင်ဆုံး ချီတက်ခဲ့တဲ့ သတ္တိခဲတစ်ယောက်ကို သတိရသွားစေတယ်။ “ငါ့ကိုပြော။ ချော်ရည်ပြာ နယ်မြေဆီ တော်ဝင်မင်းသမီးက သူ့ရဲ့ အစွမ်းထက်ဆုံးဖြစ်တဲ့ မီးလျှံဗိုလ်ခြေကို လွှတ်လိုက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။”
“ချော်ရည်ပြာနယ်မြေကို ကူညီဖို့ပါ။” အသီနာ၏ ဦးဆောင်မှုအောက်တွင် ထောင်သောင်းချီသော စစ်သည်များက တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။
ချန်လွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက မြင်းစီးရင်း ရှေ့သို့ သုံးလေးလှမ်းသွားပြီးနောက် ပီဆာမြို့ရှိ အစောင့်များကို အော်ပြောလိုက်သည်။ “ပီဆာမြို့ရဲ့ စစ်သည်တွေနဲ့ မြို့သူ/သားတွေ။ ကျုပ်က အမှောင်လရဲ့ ဘဏ္ဍာရေးအရာရှိ ချန်လွေ့ပါ။ အရင်ဆုံးအနေနဲ့ ခင်ဗျားတို့ရဲ့ အမိမြေကို ကာကွယ်ရဲတဲ့ သတ္တိကို ကျုပ် လေးစားပါတယ်။ ဒါပေမဲ့ ဒီနေ့ ချော်ရည်ပြာနယ်မြေကို ကျုပ်တို့ လာရတာက ခင်ဗျားတို့ရဲ့အိမ်ကို ကျူးကျော်ဖို့ မဟုတ်ဘူး။ လက်တုံ့ပြန်ဖို့၊ သတ်ဖြတ်ဖို့ မဟုတ်ဘူး။ ငြိမ်းချမ်းနဲ့ ရင်းနှီးမှု အတွက်ပဲ။ ကျုပ်တို့ရဲ့ တော်ဝင်မင်းသမီးက ချော်ရည်ပြာ နယ်မြေရဲ့ လော့ဒ်ချန်ဒလာဆီကနေ အရေးတကြီး အကူအညီတောင်းတဲ့စာကို လက်ခံရရှိခဲ့တယ်။ ချော်ရည်ပြာနယ်မြေကလူတွေ ဒုက္ခခံစားနေရတာကို တွေးပြီးတော့ သူက အရင်ပြစ်မှုတွေကို ဘေးဖယ်ထားပြီး ကျုပ်တို့ကို ကူညီဖို့ လွှတ်လိုက်တာ။ ကျုပ်တို့က ချော်ရည်ပြာနယ်မြေက ပုန်ကန်မှုကို နှိမ်နင်းပေးမယ်။ စီးပွားရေးနဲ့ ကြီးပွားချမ်းသာမှုကိုလည်း ပြန်တည်ဆောက်ပေးမယ်။ မှော်စက်ဝိုင်းနဲ့ ခင်ဗျားတို့ရဲ့ ရန်လိုမှုတွေကို ဘေးဖယ်ထားပေးပါ။ ကျုပ်တို့တွေ ဘယ်စစ်သည်ကို၊ ဘယ်ပြည်သူကိုမှ ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး။”
ပီဆာမြို့မှ စစ်သည်နှင့် မြို့သူ/သားများ အချင်းချင်း ကြည့်လိုက်ကြသည်။ ချန်လွေ့ဆိုတဲ့ နာမည်ကို ငါအရင်က ကြားဖူးသလိုပဲ။ သူက အမှောင်လ ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်မယ်။ သူက လူသားတောင် ဖြစ်နေတယ်။
ခုနက ဒီလူသားပြောလိုက်တာ မှန်တယ်။ ဒီလိုနှစ်ဖက်ကြားက ကွာခြားချက် ကြီးမားနေတော့ ခုခံဖို့ မဖြစ်နိုင်ဘူး။ တစ်ဖက်က ငါတို့ရဲ့ အားနည်းတဲ့ ခုခံမှုကို လုံးဝ ခြေဖျက်နိုင်တယ်။ သူဘာလို့ ဒီလိုစကားအများကြီး ပြောနေမှာလဲ။
မည်သူမှ မသေချင်ပေ။ အသက်ရှင်ရန် မျှော်လင့်ချက်ရှိကြောင်း ကြားသည့်အခါ လူအများ၏အကြည့်သည် မြို့ဝန်ရာနီးထံသို့ ရောက်ရှိသွားသည်။ ရာနီးသည် အသက် ၃၀၀ကျော်ခန့်ရှိသော အမှောင်နတ်သူငယ်တစ်ယောက် ဖြစ်သည်။ သူက မြို့ထဲ၌ အလွန် သြဇာကြီးမားလှသည်။
အမှောင်လစစ်တပ် ရောက်ရှိလာကြောင်းကို သိပြီးနောက်တွင် စစ်တပ်ကို တာဝန်ယူထားသော မြို့စောင့်တပ်ခေါင်းဆောင်က အမြန်ထွက်ပြေးသွားခဲ့သည်။ ရာနီးသည် အချိန်ဆွဲပြီး မိန်းမနှင့် ကလေးများ ထွက်ပြေးရန်အတွက် မြို့သူ/သားများကို ခုခံကာကွယ်ရေး၌ ပါဝင်ရန် ဦးဆောင်ခဲ့သူ ဖြစ်သည်။
ရာနီးသည် အသက်ကြီးနေပြီဖြစ်သော်လည်း သေခြင်းကိုမကြောက်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အသက်ကြီးသူများသည် သေခြင်းးကို ပိုမိုကြောက်ရွံ့တတ်ကြသည်။ သို့သော်လည်း အမှောင်နတ်သူငယ်က သတိထားလျက် အသံကျယ်ကျယ်နှင့် မေးသည်။ “ဆာ။ ကျုပ်က မြို့ဝန် ရာနီးပါ။ ချော်ရည်ပြာနယ်မြေရဲ့ ပဋိပက္ခတွေဖြေရှင်းတာ ကူညီဖို့အတွက် ဆာ-လော့ဒ်က ခင်ဗျားတို့ကို အကူအညီတောင်းထားတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့က ဘာလို့ ဆာ-လော့ဒ်ဆီကနေ အမိန့်မရတာလဲ။”
“မြို့ဝန် ရာနီး။ ချော်ရည်ပြာနယ်မြေရဲ့ လက်ရှိ ဖရိုဖရဲ အခြေအတွေတွေနဲ့ အမိန့်က အချိန်မီ ရောက်နိုင်မယ်လို့ ခင်ဗျားထင်တာလား။” ချန်လွေ့က ခေါင်းခါရင်း ပြောလိုက်သည်။ “ခင်ဗျားတို့ ဆာ-လော့ဒ်က သူကိုယ်တိုင်လည်း ဒုက္ခတွေ ရောက်နေတယ်။ မဟုတ်ရင် မကြာသေးခင်က သူတိုက်ခိုက်ခဲ့တဲ့ အိမ်နီးချင်းဆီကနေ အောက်ကျခံပြီး အကူအညီတောင်းမှာ မဟုတ်ဘူး။”
အမှောင်နတ်သူငယ် ခဏလောက် စဉ်းစားနေလိုက်ပြီး မတုံ့ပြန်ခဲ့ပေ။ မှော်စက်ဝိုင်းကို ဖယ်ရှားလိုက်တာက ခုခံမှုကို လုံးဝလက်လျှော့လိုက်တာပဲ။ တစ်ဖက်က ရန်လိုလာရင် သူတို့က လူတိုင်းကို လွယ်လွယ်လေး သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ မှော်စက်ဝိုင်းကို ငါ မဖယ်ရှားလိုက်ရင်လည်း လော့ဒ်ရဲ့အမိန့်ကို ဆန့်ကျင်သလို ဖြစ်သွားမယ်။ တစ်ဖက်ကလည်း အတားအဆီးမရှိ သတ်နိုင်နေဦးမှာပဲ။ အလွန်ဆုံး ငါက ခုခံမှုနည်းနည်း ထပ်ပေါင်းထည့်ရုံပဲ ရှိမယ်။ ပြဿနာက မိန်းမတွေနဲ့ ကလေးတွေ မထွက်ပြေးရသေးတာပဲ.....
တစ်ဖက်လူ တိတ်ဆိတ်နေကြောင်း တွေ့လိုက်ရသည့်အတွက် ချန်လွေ့ ထပ်ဖြည့် ပြောလိုက်သည်။ “ကျုပ်တို့က အရင်ပြဿနာတွေမပါဘဲနဲ့ ခင်မင်ရင်းနှီးမှုအရ ဒီကို ရောက်လာတာပါ။ ကျုပ်တို့က မလိုအပ်တဲ့ သွေးစွန်းတာတွေ၊ ပဋိပက္ခတွေ မဖြစ်ချင်ပါဘူး။ ဒါကို သက်သေပြဖို့အတွက် မှော်စက်ဝိုင်းကို ခင်ဗျားရုပ်သိမ်းတဲ့အခါ ကျုပ်တစ်ယောက်တည်း ဝင်လာပါမယ်။”
ဒါက ဓားစာခံ အဖြစ်ခံမယ်လို့ ဆိုလိုတာပဲ။ အမှောင်လစစ်တပ်မှာ ဒီလောက် အနိုင်ရဖို့ အခွင့်အရေးရှိတာတောင် ဒီလူသား ဘဏ္ဍာရေးအရာရှိက တကယ်ကြီး ဒီလိုမျိုး “မပါးနပ်တဲ့” အန္တရာယ်များတဲ လုပ်တယ်လား။ တကယ်ပဲ လော့ဒ်ချန်ဒလာက သူတို့ကို အကူအညီတောင်းခဲ့တာလား။
ချန်လွေ့၏ ဂုဏ်သတင်းမှာ ယခုတွင် ကြယ်ကြွေတမန်အင်ပါယာထဲ၌ တဖြည်းဖြည်း ပျံ့နှံ့နေပြီ ဖြစ်သည်။ ဒီလူသားက စွမ်းအားမကြီးပေမဲ့ အမှောင်လက တော်ဝင်မင်းသမီးရဲ့ အယုံကြည်ရဆုံး ဘဏ္ဍာရေးအရာရှိနဲ့ မီးလျှံဗိုလ်ခြေခေါင်းဆောင် အသီနာရဲ့ ချစ်သူလည်း ဟုတ်တယ်။
မီးလျှံစစ်သည်များက ခေါင်းဆောင် အသီနာကို ကြည့်နေကြသည်။ ပြိုင်ဘက်က အားနည်းပေမဲ့ ဆာ-ဘဏ္ဍာရေးအရာရှိရဲ့ လုပ်ရပ်က အန္တရာယ် များလွန်းတယ်။ ချော်ရည်ပြာစစ်သည် တစ်သိန်းက အမှောင်လလက်ထဲမှာ သေသွားခဲ့တယ်။ ဒီလို ရန်လိုမှုတွေ ပြသနေတဲ့သူတို့က ဘာလုပ်မလဲဆိုတာ ဘယ်သူ အာမခံနိုင်မလဲ။ ဒါပေမဲ့ ခေါင်းဆောင် အသီနာရဲ့ အမူအရာက တည်ငြိမ်ပြီးတော့ ခိုင်မာနေတယ်။ သူက သူ့ချစ်သူကို တားဖို့ မရည်ရွယ်ထားဘူး။
ချန်လွေ့က မြင်းစီးရင် တစ်ယောက်တည်း လာနေသည်ကို မြင်သည့်အခါ ရာနီးက စစ်သည်များအား မှော်စက်ဝိုင်းကို ဖယ်ရှားရန် ချက်ချင်း ပြောလိုက်သည်။
ချန်လွေ့က စစ်ဆေးရေးဂိတ်ဆီသို့ ဝင်ရောက်ပြီး အံ့အားသင့်ကာ သံသယ ဖြစ်နေကြသော စစ်သည်နှင့် မြို့သူ/သားများကို ကြည့်ကာ ပြောလိုက်သည်။ “အားလုံးပဲ။ ခင်ဗျားတို့ရဲ့မျက်နှာတွေကနေ ကြောက်ရွံ့မှုနဲ့ ဖုံးကွယ်ထားတဲ့ အမုန်းတရားတွေကို ကျုပ် မြင်နေရတယ်။ ကျုပ်တို့ကြားက လွန်ကဲတဲ့ စစ်ပွဲက လွန်ကဲတဲ့ အမုန်းတရားတွေကို ဖြစ်စေခဲ့တယ်။ ဒီအမုန်းတရားကို တော်တော်နဲ့ မေ့လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သေတဲ့သူက သေသွားပြီ။ ရှင်ကျန်တဲ့သူက အကောင်းဆုံး အသက်ရှင်သင့်တယ်။ ဒီတစ်ခေါက် သန်းခေါင်နေအရှင်ရဲ့မျိုးဆက်ဖြစ်တဲ့ တော်ဝင်မင်းသမီးရဲ့ အမိန့်နဲ့အတူ အမုန်းတရားကို ဖြေရှင်းဖို့အတွက် ချော်ရည်ပြာနယ်မြေကို လာကူညီတာပါ။ ချော်ရည်ပြာ နယ်မြေ ကြုံတွေ့နေရတဲ့ ဖရိုဖရဲဖြစ်မှုတွေကို ငတ်မွတ်မှုတွေကနေ ကျုပ်တို့ ကူညီပေးမှာပါ။ အခြားနယ်မြေတွေကို ကျုပ်တို့ ကူညီသလိုမျိုး အရင်လို တည်ငြိမ်ပြီး ကြွယ်ဝချမ်းသာစေအောင် လုပ်ပေးမှာပါ။”
ထိုစကားများက လူအများ၏ ရင်ထဲထိသွားပြီး နောက်ဆုံး၌ ရာနီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဆာ အရဲစွန့်ပြီး ဒီကို တစ်ယောက်တည်း လာတာနဲ့တင် အားလုံးကို သက်သေပြပြီးနေပါပြီ။”
ပီဆာမြို့သူ/သားနှင့် စစ်သည်များက ၎င်းကိုကြားသည့်အခါ လက်နက်များ တစ်ယောက်ပြီးတစ်ယောက်ချလိုက်ပြီးနောက် စစ်ဆေးရေးဂိတ် ပွင့်သွားသည်။ အမှောင်လစစ်တပ်က ပီဆာမြို့သို့ အောင်အောင်မြင်မြင်နှင့် ဝင်ရောက်သွားကြသည်။ ထိုစစ်တပ်က ထင်ထားသကဲ့သို့ မီးရှို့၊ သတ်ဖြတ်၊ လုယက်ခြင်း မပြုလုပ်ဘဲ သင့်တော်သော နေရာတစ်ခု၌ စည်းကမ်းတကျ စခန်းချနေသည့်အတွက် ရာနီးနှင့် မြို့သူ/သားများ စိတ်အေးသွားခဲ့ရသည်။ သူတို့သည် ခေါင်ဆောင်အသီနာ၏ ဦးဆောင်မှု အောက်တွင် အတော်လေး ဆင်းရဲနေကြသော မြို့သူ/သားအချို့အား စားစရာအချို့ပင် လှူဒါန်းခဲ့ကြသည်။
သူတို့သည် မြို့သူ/သားများကို အနည်းငယ် ထိခိုက်ခြင်း မပြုလုပ်ရုံသာမက တရားမျှတစွာဖြင့် အကူအညီပေးခဲ့ကြသည်။ ချော်ရည်ပြာနယ်မြေ၏ စစ်တပ်သည်ပင် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။
ထိုအချိန်မှသာ ရာနီးက လုံးဝ သတိလက်လွှတ် နေလိုက်တော့သည်။ ထို့နောက် သူ ချီးမွမ်းလိုက်၏။ “သူတို့က အင်ပါယာရဲ့ အစွမ်းထက်ဆုံး လက်ရွေးစင် စစ်သည်တွေ ဖြစ်ထိုက်ပါတယ်။”
အမှန်တကယ်တွင် ထိုကဲ့သို့စည်းကမ်းမှာ တင်းကြပ်သော လေ့ကျင့်ရေး၊ ဆုလာဒ်များနှင့် အပြစ်ပေးမှုများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နယ်မြေတစ်ခုကို ထောက်ပံ့ရန် စစ်တပ်စစ်ဆင်ရေးတစ်ခု၌ လက်ထောင်ခေါင်းဆောင်တစ်ယောက်က ကျားဟော်မုန်းများကို မထိန်းချုပ်နိုင်ခဲ့ဘဲ ထိုနယ်မြေမှ အမှောင်လူပု အမျိုးသမီး တစ်ယောက်နှင့် လိင်ဆက်ဆံခဲ့သည်။ ထိုအဖြစ်အပျက် ပေါ်လာသောအခါ ထိုသူကို စစ်တပ်တစ်ခုလုံးအရှေ့၌ စစ်တပ်တရားသူကြီးက ခေါင်းဖြတ်သတ်ခဲ့သည်။
(မယုံကြည်ရသော အတင်းစကားများအရ ထိုလက်ထောက်ခေါင်းဆောင်၏ အလောင်းကို အမှောင်လူပု အမျိုးသမီးက မြှုပ်နှံခဲ့လေသည်။)
တစ်ယောက်ကိုသတ်ပြီး ကျန်ရှိသူများကို သတိပေးသည့် အဖြစ်အပျက်များနှင့် ခက်ခဲသော လေ့ကျင့်ရေးများ၊ သင်ကြားမှုများနှင့် ပေါင်းလိုက်သည့်အခါ စစ်တပ်၏ စည်းကမ်း သိသိသာသာ တိုးတက်သွားခဲ့သည်။ ထိုလက်ရွေးစင်များသည် အမိန့်ကို အမှန်တကယ် လိုက်နာနိုင်ကြပေသည်။
“မြို့ဝန်ရာနီးက မြှောက်ပြောနေပါပြီ။” ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။ “တကယ်တော့ ကျုပ်တို့ရဲ့ တော်ဝင်မင်းသမီးက လော့ဒ်ချန်ဒလာ လွှတ်လိုက်တဲ့ လူယုံဆီကနေ အကူအညီတောင်းခံစာတစ်ခု လက်ခံရရှိခဲ့တာပါ။ အဲဒီမှာ အက်ဘက်စ် မိသားစုအတွက် သီးသန့်ဖြစ်တဲ့ လျို့ဝှက်အမှတ်အသား မပါနေဘူးဆိုရင် အဲဒါကို လုပ်ကြံဇာတ်ခင်းနေတယ်လို့တောင် ထင်သွားမှာ။ လုပင်မျိုးမှာ ထူးဆန်းတဲ့ မတော်တဆမှုတွေ အများကြီး ဖြစ်နေတယ်လို့ကြားတယ်။ ပြီးတော့ အဇူရီဗိုလ်ခြေရဲ့ လက်ထောက်ခေါင်းဆောင် ဆူမန်က ပုန်ကန်သွားတယ်။ အသေးစိတ်ကိုတော့ ကျုပ်တို့ မသိရသေးဘူး။ ကျုပ်တို့ကို တစ်ခုခု ပြောပြပေးပါ။ မြို့ဝန်။”
ရာနီးက ခဏတွေးပြီး ပြောသည်။ “လုပင်မြို့က ချော်ရည်ပြာနယ်မြေရဲ့ တောင်ဘက် အစွန်ဆုံးမှာရှိတာ။ လုပင်မြို့ကို ဖြတ်သွားပြီးရင် တောင်ဘက်မှာ ပင်လယ်သေ ရှိတယ်။ ဒီနဲ့ တော်တော်လေး ဝေးတယ်။ အသေးစိတ်ကိုတော့ ကျုပ်လည်း မသိဘူး။ ကျုပ်ကြားတာကတော့ မြို့သူ/သားတွေ ပျောက်သွားပြီးတော့ ဆာ-လော့ဒ်ကလည်း မြို့ကို ပိတ်ချဖို့ အမိန့်ပေးခဲ့တာပဲ။ ဘယ်သူ့ကိုမှ ထွက်သွားခွင့် မပြုတော့ဘူး။ ဗိုလ်ချုပ် ဆူမန်ကိစ္စကတော့ နောက်ထပ်လျို့ဝှက်ချက်တစ်ခု ရှိမယ် ထင်တယ်။ အခုလက်ရှိတော့ အဇူရီဗိုလ်ခြေမှာ နာမည်တစ်ခုပဲ ရှိတော့တယ်။ ပြီးတော့ အဲဒါကလည်း ဖျက်သိမ်းခံလုနီးပါးပဲ။ အဲဒီကနေ ထွက်ပြေးလာတဲ့ စစ်သည်တွေ ရှိတယ်။ လုမင်မြို့ထဲမှာ ဗိုလ်ချုပ်ဆူမန်ရဲ့ အရေးကြီးတဲ့ မိသားစုဝင်တစ်ယောက် ရှိနေတယ်လို့ ပြောကြတယ်။ ပုန်ကန်မှုက အဲဒါနဲ့ သက်ဆိုင်နေလောက်တယ်....”
ချန်လွေ့က ရာနီးကို မေးခွန်းသုံးလေးခု မေးပြီးနောက် သူရရှိလာသော အဖြေများမှာ အမှောင်နတ်ဆိုး၏ သတင်းအချက်များနှင့် ဆင်တူသည်။ သို့သော်နှင့် ရာနီးနှင့် မြို့သူ/သားအချို့အကြားရှိ ပြောစကားများကို ကြည့်ရလျှင် တိုင်တန်၏ မတန်တဆ အခွန်များမှ သူရုံးထိုင်စဉ်ကတည်းက အတော်လေး ပြင်းထန်နေပြီ ဖြစ်သည်။ ယခု ချန်ဒလာ၏ လွန်ကဲသော စည်းကြပ်မှုမှာ ပို၍ပင် ဆိုးဝါးလှသည်။ နယ်မြေ၏ မကျေနပ်မှုကို ဖြေဖျောက်ရန်အတွက် ချန်ဒလာက အတော်လေး ရက်စက်သော အပြစ်ဒဏ်တစ်ခု ချမှတ်ခဲ့သည်။ သူက ယာယီ လော့ဒ်နေရာ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို တည်မြဲစေရန်အတွက် သွေးပျက်ဖွယ်လုပ်ရပ်များကို အသုံးချရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း ထိုနည်းလမ်းမှာ အတိုင်းအတာတစ်ခုအထိ တန်ပြန်သက်ရောက်မှု ရှိနေဟန်တူသည်။ မြို့သူ/သားများ၏ တုံ့ပြန်မှုများနှင့် အဇူရီဗိုလ်ခြေမှ ဆူမန် ထွက်သွားခြင်းကို ကြည့်ခြင်းအားဖြင့် ဆူမန်သည် ဗိုလ်ခြေမှေ ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်းသာ မဟုတ်ဘဲ တကယ့်ပုန်ကန်ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ပို၍ သက်ရောက်မှုခံရသူများ ရှိလာနိုင်ပေသည်။
ချန်လွေ့နှင့် ရာနီးတို့ စကားပြောနေစဉ် မြို့ထဲ၌ အဆိပ်မိနေသူအများအပြား ရုတ်တရက် ထွက်ပေါ်လာကြောင်း စစ်သည်တစ်ယောက်က သတင်းလာပို့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မည်းနက်ပြီး ယောင်ကိုင်းကာ သတိလစ်နေကြသည်။ အမှောင်လစစ်သည်အချို့လည်း ထိုကဲ့သို့ ဖြစ်နေသည်။ အနီးအနားရှိ ရေအရင်းအမြစ်ကို တစ်စုံတစ်ယောက်က အဆိပ်ခတ်ခဲ့ဟန်တူသည်။
မြို့ထဲမှ လူအားလုံးကို အမှောင်လစစ်တပ်မှ လူတစ်ယောက်က တိတ်တဆိတ် အဆိတ်ခတ်သတ်ခြင်းကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ လက်ရှိ၌ အဖြစ်မှန်ကို မသိကြသော မြို့သူ/သားများက စစ်တန်းလျားကို ဝိုင်းရံလိုက်ကြသည်။
ချန်လွေ့နှင့် ရာနီးတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ သူတို့ အမြန် ထွက်လာကြသည့်အခါ အပြင်ဘက်၌ ဝိုင်းရံထားသော လူအုပ်ကြီးကို မြင်လိုက်ရသည်။ မကောင်းသောအကြံ ရှိသူအချို့၏ လှုံ့ဆော်ပေးမှုအောက်တွင် မြို့သူ/သားများက အမှောင်လစစ်သည်များသည် ချော်ရည်ပြာနယ်မြေမှ ထွက်သွားသင့်ကြောင်း အော်ဟစ်နေကြသည်။
“အားလုံး တိတ်ကြ။” ရာနီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ မြို့ဝန်ဟောင်း၏ သြဇာသည် ဆူညံသံများကို တိတ်ဆိတ်သွားစေခဲ့သည်။
“အမှောင်လစစ်တပ်က ငါတို့ကို တကယ်ဖျက်ဆီးချင်ရင် အဆိပ်ခတ်ဖို့တောင် မလိုဘူး။ သူတို့စစ်သည်တွေတောင် အဆိပ်မိနေတာ။” ရာနီးက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ အမှန်တကယ်၌ သူသည် ပီဆာမြို့အကျိုးအတွက် ပို၍စဉ်းစားနေခြင်း ဖြစ်သည်။ ၎င်းကြောင့် အမှောင်လက အမှန်တကယ် ရန်လိုသွားပြီး တိုက်ခိုက်ကြမည် ဆိုလျှင် ထိခိုက်သူများမှာ ပီဆာမြို့သူ/သားများသာ ဖြစ်သည်။
စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် အဆိပ်မိလာသည်ကို မြင်သည့်အခါ မြို့သူ/သားများ တိတ်ဆိတ်သွားကြသည်။ မိမိတို့၏ လက်ရွေးစင် စစ်သည်များကိုပင် သတ်ပစ်နိုင်သည့် ထိုကဲ့သို့ တုံးအသောနည်းဗျူဟာကို မည်သူမှ ပြုလုပ်ကြမည် မဟုတ်ပေ။
“ဒါက ပူးပေါင်းလျို့ဝှက်ကြံစည်တာ ဟုတ်မဟုတ် ဘယ်သူသိနိုင်မှာလဲ။ မြို့ဝန်ဟောင်းကို သူတို့ လာဘ်ထိုးထားတာတောင် ဖြစ်ရင်ဖြစ်နိုင်တယ်။ သူတို့မလာခင် မြို့ထဲမှာ ဒီလိုကိစ္စမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။” အသံတစ်သံ ထွက်လာ၏။ ထိုဦးဆောင်မှုနှင့်အတူ အသံအများအပြား ထွက်လာကြသည်။
“ဟွိုင်မီ။” မြို့ဝန်ဟောင်းသည် အသက်ရနေပြီဖြစ်သော်လည်း အမြင်စူးရှနေဆဲပင် ဖြစ်သည်။ သူက ဦးဆောင်ခဲ့သူကို မြင်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ “ဆန်ကုန်မြေလေး။ မင်းအဖေ မင်းကို ဒီမြို့ဆီ ခေါ်လာတုန်းက သူ ဆာလောင်ပြီး သေတော့မလို့ပဲ။ မင်းလို ကျေးဇူးမသိတဲ့သူကို ဘယ်သူက ကယ်ပြီးတော့ ဒီနေ့အထိ အသက်ရှင်ခွင့် ပေးခဲ့တာလဲ။ အခုတော့ မင်းက ငါ့ကို အကောက်ကြံပြီးတော့ ငါ့ကို တစ်ယောက်ယောက်က လာဘ်ထိုးထားတယ်လို့ ပြောနေပြီလား။”
ချက်ချင်းပင် မျက်လုံးအားလုံးက ဟွိုင်မိအမည်ရှိ အမှောင်နတ်သူငယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုသူက စကားပင် မပြောနိုင်တော့ပေ။ ထိုအချိန်၌ ချန်လွေ့၏ နားထဲသို့ ပါ့ဂ်လီအို၏အသံ ရောက်ရှိလာသည်။ “ဒီအမှောင်နတ်သူငယ်ရဲ့ ခါးကနေ အဲဒီအဆိပ်လိုမျိုး အငွေ့အသက် ထွက်နေတယ်။ အဲဒါက လက်ကျန်အဆိပ်ဖြစ်မယ်။ သူ နောက်တစ်ခါ အဆိပ်ခတ်ချင်နေတာ ထင်တယ်။”
ရာနီးကို ချန်လွေ့စကားအနည်းငယ် ပြောလိုက်သည့်အခါ သူ ဒေါသထွက်သွား၏။ သူက ရှေ့တက်လာပြီး လူအုပ်ကြီးကို ခွဲထုတ်ကာ ဟွိုင်မီကို ဖမ်းကိုင်လိုက်သည်။ “လက်စသတ်တော့ မင်းက အဆိပ်ခတ်ခဲ့တာကိုး။”
ဟွိုင်မီ ထိတ်လန့်သွားခဲ့သည်။ “ပေါက်ကရတွေ။ ခင်ဗျား ဘယ်လိုလုပ်....”
သူ၏စကား မဆုံးသေးခင်မှာပင် ရာနီးက ဟွိုင်မိ၏ခါးပတ်ကို ဆွဲယူပြီး အိတ်တစ်အိတ်ကို ချက်ချင်းကို ဆုပ်ကိုင်လိုက်သည်။ “ဒါ ဘာလဲ။”
ဟွိုင်မီ၏ မည်းမှောင်နေသောမျက်နှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ သူ သိမ့်သိမ့်တုန်သွားပြီး စကားပင် မပြောနိုင်တော့ချေ။
ရာနီးသည် မြို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် သူ့တွင် ဂုဏ်သိက္ခာနှင့် နည်းစနစ်များ ရှိသည်။ သူ အော်ပြောလိုက်၏။ “အခု မင်းကို ဒါ ကျွေးလိုက်ရမလား။”
ဟွိုင်မီ ဒူးထောက်လိုက်သည်။ “ဆာ-မြို့ဝန်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ အနက်ရောင်နဲ့ လူတစ်ယောက်က ကျုပ်ကို လုပ်ခိုင်းတာပါ။ သူက အမှောင်လကြောင့် သေသွားတဲ့ စစ်သည်တွေအတွက် လက်စားချေဖို့လို့ သူပြောခဲ့လို့ပါ.....”
အသီနာ ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ “မီးလျှံဗိုလ်ခြေ။ မြို့ဝင်ပေါက်နဲ့ ထွက်ပေါက်ကို အခုချက်ချင်း ပိတ်ဆို့လိုက်။ ဘယ်သူ့ကိုမှ ပေးမဝင်နဲ့။ ပေးမထွက်နဲ့။”
ရာနီးက ပီဆာမြို့ အပြစ်ကင်းမဲ့ကြောင်း သက်သေပြရန် စိတ်အားထက်သန် နေသည့်အတွက် အလျင်အမြန် မေးလိုက်သည်။ “အဲဒီလူက ဘယ်လိုမျိုးလဲ။”
ထိုအချိန်၌ သူ့အရှေ့တွင် ပါ့ဂ်လီအို၏ ဝတ်ရုံဝတ်ထားသောပုံရိပ်က တစ္ဆေသဖွယ် ပေါ်ထွက်လာသည်။ ပါ့ဂ်လီအို၏ လက်နှစ်ချောင်းက ဟွိုင်မီ၏ နဖူးနောက်တွင် ပေါ်ထွက်လာသော ထက်မြက်လှသည့် ဓူးလေးကို အမြန်ဖမ်းလိုက်သည်။
ဟွိုင်မီက မိမိသည် သေရေးရှင်ရေး အခြေအနေသို့ နီးကပ်နေခဲ့ကြောင်း သဘောပေါက်လိုက်သည်။ သူ၏နဖူးမှ ချွေးစေးများပင် ပြန်လာသည်။
အားလုံး ထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းမှာပင် ပါ့ဂ်လီအို၏ပုံရိပ် ပျောက်ကွယ်သွားပြန်ပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခုက မြေပေါ်သို့ လဲကျသွား၏။
ကြောက်လန့်နေသော အမှောင်နတ်သူငယ်က ချက်ချင်းပင် ခုန်လိုက်မိသည်။ သူက အနက်ရောင်ပုံရိပ်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။ “သူပဲ။ သူက အဆိပ်ခတ်ဖို့အတွက် ကျုပ်ကို လာဘ်ထိုး.....ခြိမ်းခြောက်ခဲ့တာ။”
ရာနီးက ခက်ထန်သောမျက်နှာရှိသည့် မျက်နှာစိမ်းတစ်ခုကို မြင်လိုက်ရသည်။ သို့သော်လည်း သူသည် မလှုပ်ရှားနိုင်ပေ။ ခုခံရန်စွမ်းရည် ဆုံးရှုံးသွားပုံရသည်။
“ဒီကိစ္စကို ရှင်းသွားပြီ။ တစ်ယောက်ယောက်က ကျုပ်တို့ကြားက ရင်းနှီးမှုကို ဖျက်ဆီးဖို့အတွက် အမှောင်လစစ်တပ်ကို ချောက်ချခဲ့တာ။” ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “အားလုံးစိတ်ချပါ။ ကျုပ်တို့ စစ်တပ်ထဲမှာ အကောင်းဆုံး ဆေးဆရာ ရှိပါတယ်။ ပြီးတော့ ကျုပ်ကလည်း အဆိပ်ကို ကျွမ်းကျင်တယ်။ အဆိပ်မိထားတဲ့သူတွေကို ကျုပ်တို့သေချာပေါက် အဆိပ်ဖြေပေးမှာပါ။”
အဆိပ်အပေါ် ချန်လွေ့၏ ကျွမ်းကျင်မှုမှာ အယောင်ဆောင်ထားခြင်းသာ ဖြစ်သည်။ ပါ့ဂ်လီအိုရှိနေလျှင် ထိုကဲ့သို့အဆိပ်မျိုးကို ဖြေရန်မှာ ပြဿနာ မဟုတ်လှပေ။
ထိုအချိန်၌ မြို့သူ/သားများ အလန့်တကြား အော်ဟစ်လိုက်သည်။ တရားခံ အစစ်အမှန်၏ မျက်လုံး၊နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ ငွေရောင်အလင်းများ တစ်ပြိုင်တည်း တောက်ပလာပြီး တစ်ကိုယ်လုံး ပေါက်ထွက်သွားတော့သည်။ သို့သော် ထိုပေါက်ကွဲမှု မပျံ့နှံ့ခင်မှာပင် မမြင်နိုင်သော အားစက်ကွင်းတစ်ခုက ၎င်းကို ထိန်းချုပ် ထားလိုက်သည်။ ထို့ကြောင့် ၎င်းသည် အနီးအနားရှိ မြို့သူ/သားများကို လုံးဝ မထိခိုက် နိုင်တော့ပေ။
ထိုစွမ်းအား ကုန်ခမ်းသွားပြီး မမြင်နိုင်သော အားစက်ကွင်း ပျောက်ကွယ်သွားသည့် အခါ သူ၏ခြေလက်များသာ ကျန်ခဲ့ပြီးနောက် အမှုန့်အဖြစ် မြေပေါ်သို့ ပြန့်ကျဲသွားသည်။ လှုပ်ရှားခဲ့သူမှာ “အက်ဂ်ယော”အဖြစ် ဟန်ဆောင်ထားသော ပါ့ဂ်လီအိုပင် ဖြစ်လေသည်။
ချန်လွေ့၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာကို တော်တော်လေး ရင်းနှီးနေတယ်။ ချော်ရည်ပြာ နယ်မြေကိုသွားမယ့် ဒီခရီးမှာ ငါ “မိတ်ဆွေဟောင်း” တစ်ယောက်နဲ့ တွေ့နိုင်တယ်။