ရက်စက်သော။ အကြံအစည်တစ်ခုထဲက အကြံအစည်
Vol. 28 Ch. 417
စစ်တပ်သည် သုံးရက်ကြာ အလျင်အမြန် ချီတက်သွားပြီးနောက် လုပင်မြို့သို့ ရောက်ရှိသွားခဲ့သည်။
လုပင်မြို့သည် ချော်ရည်ပြာနယ်မြေရှိ အကြီးမားဆုံး မြို့များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ချန်လွေ့၏ အခြားလောက၌ အလယ်အလတ် အရွယ်အစားရှိသော မြို့တစ်မြို့ ဖြစ်သည်။ မြို့အပြင် ဆင်ခြေဖုံး၌ အမှောင်လစစ်တပ်က လုပင်မြို့သို့ သွားနေကြသော ဦးရေ၃၀၀၀ရှိသည့် စစ်တပ်တစ်ခုနှင့် တွေ့ခဲ့သည်။
ထိုတပ်ဖွဲ့များမှာ လုပင်မြို့ လျို့ဝှက်ချက်များကို စုံစမ်းရန်အတွက် အမှောင်လနှင့် ပူးပေါင်းရန် ချန်ဒလာ၏ နောက်ဆုံးရအမိန့်ကို ရရှိထားကြသည်။
ခေါင်းဆောင်နာမည်မှာ အဂ္ဂလက်စ် ဖြစ်ပြီး နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းဖြစ်သော မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ အမှောင်လစစ်တပ်နှင့် အသီနာထံမှ ထုတ်လွှတ်နေသော လွှမ်းမိုးသည့် အငွေ့အသက်နှင့် ရင်ဆိုင်ရသည့်အခါ သူ အနည်းငယ် စိတ်ဖိစီးသွားဟန်တူသည်။
ချန်လွေ့က မေးသည်။ “လုပင်မြို့ ဘာဖြစ်သွားတာလဲ။”
အဂ္ဂလက်စ် အလျင်အမြန် ပြန်ဖြေသည်။ “ဒီလိုပါ။ သိပ်မကြာခင်တုန်းက လုပင်မြို့သူ/သားတွေ ထူးထူးဆန်းဆန်းပဲ တိုက်ခိုက်မှုတွေ ဖြစ်ကြပြီးတော့ အသေအကျေ ဖြစ်ကြတယ်။ အဲဒီနောက် ထူးဆန်းတဲ့ အငွေ့နက်တွေ ထုတ်လွှတ်နေတဲ့ အဆုံးမဲ့တွင်းကြီးတစ်ခုက မြို့အလယ်မှာ ပေါ်ထွက်လာခဲ့တယ်လို့ ပြောကြတယ်။ အဲဒီ အငွေ့က လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်မယ်ဆိုရင် အဲဒီလူက ခဏလေးပဲ ခြောက်သွေ့ပျက်စီးသွားတယ်။ နောက်ဆုံးတော့ အရိုးဖြူပဲ ကျန်တော့တယ်။ တချို့က တွင်းကိုဖြည့်ဖို့ ကြိုးစားကြတယ်။ တချို့ကတော့ အောက်ဆင်းပြီး စူးစမ်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မြို့နဲ့ ဝေးရာမှာ နေထိုင်တဲ့ နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်တဲ့ ဆော့ဆန်အပါအဝင် စူးစမ်းတဲ့သူ တစ်ယောက်မှ ပြန်မရောက်လာခဲ့ဘူး။ အဲဒီတွင်းမှာရှိတဲ့ အငွေ့နက်က နေ့တိုင်း မြို့သူ/သားတွေရဲ့အသက်ကို ယူဆောင်သွားတယ်။ အဲဒါကြောင်း အများစုက မြို့ကနေ ထွက်ပြေးကြတယ်။ ဒါပေမဲ့ အဲဒီလူတွေမှာ ကုသလို့မရတဲ့ အဆိပ်မိနေတယ်လို့ ဆာလော့ဒ်က ကြေညာခဲ့တယ်။ သူတို့ လွတ်မြောက်သွားရင် နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်။ အဲဒါကြောင့် သူက ထွက်ပေါက်တွေ အားလုံးကို ပိတ်ဆို့ပြီးတော့ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုဖို့ အမိန့်ပေးခဲ့တယ်။ တချို့ကတော့ ထွက်ပြေးဖို့ ကြိုးစားကြတယ်။ ကျုပ်တို့ကိုလည်း အကူအညီ တောင်းကြတယ်။ ဒါပေမဲ့ ဆာလော့ဒ်ရဲ့ အမိန့်ကြောင့် ကျုပ်တို့လည်း သူတို့တောင်းဆိုတာကို ငြင်းဆန်ခဲ့ရတယ်။ အဲဒီအချိန်ကစပြီးတော့ ဘယ်သူမှ မထွက်ပြေးတော့ဘူး....”
လူတွေကို ဝါးမျိုတဲ့ အငွေ့မည်းတွေ ထုတ်လွှတ်တဲ့ အဆုံးမဲ့တွင်း တစ်ခုလား။ ဒါက သွေးမြေကျ အကြံအစည်နဲ့ ဘာဆိုင်လို့လဲ။ ချန်လွေ့ ခဏစဉ်းစားပြီး မေးလိုက်သည်။ “ဗိုလ်ချုပ်ဆူမန် ဒီကိုရောက်လာတယ်လို့ လော့ဒ်-ချန်ဒလာဆီကနေ ကျုပ် သတင်းရထားတယ်။”
“ဟုတ်ပါတယ်။” အဂ္ဂလက်စ် ခေါင်းညိတ်လိုက်သည်။ “ဗိုလ်ချုပ်ဆူမန်က လွန်ခဲ့တဲ့ ၅ရက်တုန်းက ဒီကိုရောက်လာခဲ့တယ်။ သူက တပ်သား ၁၀၀၀ ခေါ်လာခဲ့တယ်။ သူက လုပင်မြို့ကို သွားဖို့အတွက် မရမကပြောနေပြီး ကျုပ်လည်း သူ့စိတ်ကိုပြောင်းအောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒီအစား စစ်သည်ရာနဲ့ချီက သူ့နောက်ကို လိုက်သွားခဲ့တယ်။”
ချန်လွေ့ ခဏစဉ်းစားလိုက်သည်။ ကြည့်ရတာ ဆူမန်က စစ်တပ်ထဲမှာ သြဇာ တော်တော်လေး ကြီးမားတဲ့ပုံပဲ။ သူ “ပုန်ကန်”ခဲ့တာကို အားလုံးသိနေကြပေမဲ့ လုပင်မြို့က အန္တရာယ်ရှိတာ သေချာပေမဲ့၊ သူ့နောက်ကို လူတွေအများကြီးက လိုက်ဖို့ ဆန္ဒရှိနေကြသေးတယ်။
“ဒါပေမဲ့...ဗိုလ်ချုပ်က ပြန်မလာသေးဘူး။ စုံစမ်းဖို့အတွက် စစ်သည်တချို့ ကျုပ် လွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ သူတို့လည်း ပြန်မလာသေးဘူး။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး ခဏစဉ်းစားကို အသီနာကို ပြောသည်။ “ဒီမြို့မှာ ပြဿနာ တစ်ခုခုဖြစ်နေတာ သေချာတယ်။ အခုတော့ အခြေအနေကို မသိရသေးဘူး။ ပြီးတော့ ဒီထဲမှာ ခြိမ်းခြောက်မှုအကြီးကြီးတစ်ခု ရှိနိုင်ဖို့များတယ်။ စစ်တပ်ကို စိတ်လိုက်မာန်ပါမလုပ်ဖို့ အကြံပေးတယ်။ နောက်တစ်ဆင့်ကို မဆုံးဖြတ်ခင် အရင်ဆုံး စုံးစမ်းတာ ပိုကောင်းမယ်။”
အသီနာက ပြောသည်။ “ဟုတ်တယ်။ စုံစမ်းဖို့အတွက် ငါ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင် သွားလိုက်မယ်။”
“မသွားနဲ့။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “မင်းက စစ်တပ်တစ်ခုလုံးရဲ့ ဝိညာဉ်နဲ့ အမြုတေဖြစ်တဲ့ ဗိုလ်ခြေခေါင်းဆောင်ပဲ။ မင်း စွန့်စားလို့ မဖြစ်ဘူး။ ပြီးတော့ ဒီမှာက မထင်ထားတာတွေ ဖြစ်လာနိုင်တယ်။ အခြေအနေကို စုံစမ်းဖို့အတွက် တစ်ယောက်ယောက် ဦးဆောင်ပါစေ။ ငါတို့နေခဲ့မယ်။ ဆာ-အက်ဂ်ယောကို ပေးသွားလိုက်ပါ။”
ဝတ်ရုံဝတ်ထားသော အဆိပ်နဂါးနှင့် အသီနာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ချန်လွေ့ ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ ထိုစကားက တမင်တကာ ပြောခဲ့တဲ့ “အက်ဂ်ယော”မှာ ချန်လွေ့ကိုယ်တိုင်ကိုပင် ဖြစ်သည်။ အဆိပ်နဂါးလည်း အေးအေးဆေးဆေးနေမည်မဟုတ်ဘဲ တိတ်တဆိတ် လိုက်သွားပေမည်။ အထဲမှ လျို့ဝှက်ချက်များကို နှံ့နှံ့စပ်စပ် စူးစမ်းရှာဖွေရန်အတွက် တစ်ယောက်က အမှောင်ထဲ၌ ပုန်းနေပြီး တစ်ယောက်က ပြောင်ပြောင်တင်းတင်း သွားရပေမည်။
ချန်လွေ့၏စွမ်းအားမှာ မိမိထက် များစွာသာလွန်ကြောင်း အသီနာ သိသည်။ ထိုအချိန်၌လည်း အချိန်ဖြုန်းနေ၍ မရပေ။ သူက အများကြီးမပြောဘဲ ချန်လွေ့အား သတိပေးသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သတိထားဦး။
ခဏအကြာ၌ “အက်ဂ်ယော”သည် မီးလျှံဗိုလ်ခြေ စခန်းချထားသော စစ်တန်းလျားမှ ထွက်သွားပြီး “လူသား ဘဏ္ဍာရေးအရာရှိ”က “ခန္ဓာကိုယ် မသက်မသာ ဖြစ်မှု”ကြောင့် အသီနာ၏ တဲထဲ၌ အနားယူနေခဲ့သည်။
ချန်လွေ့သည် ဝင်ပေါက်မှတစ်ဆင့် မြို့ထဲသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ ရှေ့တွင် မည်သည့်အန္တရာယ် ရှိနေကြောင်း မသိသည့်အတွက် သူက မြန်မြန် မသွားခဲ့ပေ။ ပါ့ဂ်လီအိုက သူ့အနောက်မှ တိတ်တိတ်လေး လိုက်လာသည်။ [ သရုပ်ခွဲမျက်လုံး ] သည်ပင် သူ့ကို မရှာဖွေနိုင်ပေ။ သို့သော်လည်း “စိတ်ဝိညာဉ်ကွင်းဆက်” မှတစ်ဆင့် သူ၏ သာတူညီမျှ အပေါင်းအဖော်၏တည်ရှိမှုကို ချန်လွေ့ သေသေချာချာ ခံစားမိသည်။
တစ်မြို့လုံးသည် အလွန်ပင် ကျယ်ဝန်းလှသော်လည်း ယခုအထိ သက်ရှိအရာ တစ်ခုကိုမျှ သူတို့ မတွေ့ရသေးပေ။ သူတို့သည် ရံဖန်ရံခါ၌ မြေပေါ်တွင် အရိုးပုံများကို မြင်နေကြပြီး အသက်မဲ့သော ခံစားချက်မျိုးကို နေရာတိုင်း၌ ခံစားနေရသည်။ ဂူရာဒန်က မသေမျိုးများ ပြုလုပ်ခဲ့သော ယန်းကော်မြို့ဆီသို့ သူတို့ ရောက်သွားသကဲ့သို့ပင် ဖြစ်နေသည်။
အရင်တစ်ခေါက်က ယန်းကော်မြို့လိုမျိုး မသေမျိုးမှော်ပညာရှင် တစ်ယောက်က ပေါက်ကရ လုပ်နေတာလား။ ဒါပေမဲ့လည်း အရိုးခြောက်တွေကို ပစ်ထားတယ်။ ဒါက မသေမျိုး မှော်ပညာရှင်လုပ်ထားတာ ဟုတ်မယ်မထင်ဘူး။ အသက်ကို ဝါးမျိုတဲ့ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတစ်ကောင်ကြောင့် ဖြစ်ဖို့များတယ်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ရင်း ရှေ့ဆက်သွားသည်။ သူ အနီးကပ် ကြည့်လေလေ ပုံစံအမျိုးမျိုး ဖြစ်နေသော အလောင်းများကို ပိုပိုမြင်ရလေလေပင် ဖြစ်သည်။ အနီးအနား၌ ပျံ့လွင့်နေသော ရွံစရာ မြူနှင်းဖြူများက ကြက်သီးထစရာ ကောင်းလှပေသည်။
ချန်လွေ့က တမင်တကာပင် အခန်းများထဲသို့ ဝင်သွားကြည့်ရာ အလောင်း အများအပြားကို တွေ့ခဲ့ရသည်။ ထိုကြောက်မက်ဖွယ်ရာကောင်းသော “အရာ”သည် မည်သည့် သက်ရှိကိုမှ အလွတ်ပေးခဲ့ဟန် မတူပေ။
ဒါက သွေးမြေကျ ဖန်တီးထားတဲ့ မကောင်းဆိုးဝါး တစ်မျိုးမျိုးလား။ ချန်လွေ့က သလင်းကျောက်တောင်ကြားနှင့် ဆန်းကြယ်တောင်ကြားရှိ ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုများကို ပြန်တွေးမိရင်း ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။
ယခုနေရာတွင် ဒြပ်စင် အဟန့်အတားများမှာ အလွန်အားကောင်းလှသည်။ မှော်မြေပုံနှင့် မှော်သံလိုက်အိမ်မြောင်ကဲ့သို့ ပစ္စည်းများကို အသုံးပြု၍ မရနိုင်ပေ။ ချန်လွေ့သည် လမ်းတစ်လျှောက်၌ အဂ္ဂလက်စ်ပေးထားသော လက်ဖြင့်ရေးဆွဲထားသည့် မြေပုံကိုအားကိုး၍သာ သတိထားပြီး ရှေ့ဆက်ခဲ့ရသည်။
ထူးဆန်းတာက လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက ဆူမန်တို့သွားခဲ့တာ စစ်သည် ၁၅၀၀လောက်ရှိတယ်။ အချို့က သံချပ်ကာယန္တရားတပ်ဖွဲ့ဝင်တွေ။ ဒါပေမဲ့ လမ်းမှာ အဲလိုပုံစံမျိုး အလောင်းတွေ ရှိမနေဘူး။ သူတို့ ဘယ်ကိုသွားတာလဲ။
ချန်လွေ့ လိုက်ပတ်သွားကြည့်ပြီးနောက် မြစ်တစ်စင်းကိုဖြတ်ကာ လျို့ဝှက် ဆန်းကြယ်သောတွင်း တည်ရှိရာ လုပင်မြို့အလယ်ကို တဖြည်းဖြည်းနှင့် ချဉ်းကပ်လာခဲ့သည်။
အဝေးမှနေ၍ ချန်လွေ့သည် မြူနှင်းထဲ၌ ထူးခြားဆန်းကြယ်သော ခေါင်ချွန်းများကို တွေ့လိုက်ရသည်။ သူ အနီးကပ် ကြည့်လိုက်သည့်အခါ ထိုမျှော်စင်ကဲ့သို့ အဆောက်အအုံများမှာ အရိုးများဖြင့် ပြုလုပ်ထားသည်ကို သိလိုက်ရသည်။
ထို့အပြင် မြေပြင်ပေါ်၌ သွေးဖြင့်ရေးသားထားသော ထူးဆန်းသည့် ကြက်သွေးရင့်ရောင် ပုံစံကွက်များ ရှိနေပြီး နေရာအများအပြား၌ အရိုးခေါင်းများကို အလှဆင်ထားကာ အလွန်ပင် ထူးဆန်းလှသည်။
ချန်လွေ့၏နှလုံးသား အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ချော်ရည်ပြာနယ်မြေရဲ့ အကြီးမားဆုံးမြို့က အလတ်အလတ် အရွယ်အစားရှိတဲ့မြို့တစ်မြို့က လူဦးရေ အရေအတွက်နဲ့ ညီမျှတယ်။ သူတို့အားလုံးက ....
ပိုပြီး မုန်းတီးစရာကောင်းတာက မုစ်ရဲ့ထိန်းချုပ်မှုအောက်မှာ စစ်တပ်က တကယ်ပဲ ထွက်လမ်းကို ပိတ်ဆို့ထားခဲ့ပြီးတော့ အပြစ်မဲ့သူတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ခဲ့တယ်။
ချန်လွေ့သည် ကရုဏာတရားကြီးမားပြီး ခွင့်လွှတ်တတ်သော ဘုန်းတော်ကြီး၊ သူတော်စင်တစ်ယောက် မဟုတ်သော်လည်း ထိုကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ရာ မြင်ကွင်းကို မြင်ရသည့်အခါ နှလုံးသားထဲ၌ ရုတ်တရက် ဒေါသများ လှိမ့်တက်လာခဲ့သည်။ တောက်။ သွေးမြေကျတော့။
ချန်လွေ့က ထိုပုံစံကွက်အဝန်းအဝိုင်းအဝန်းထဲသို့ တက်နင်းလိုက်သောအခါ ကြက်သွေးရင့်ရောင် အတုံးတစ်ခုက ရုတ်တရက် အလင်းရောင်ဖျော့ဖျော့ တောက်လာပြီး အရိုးမျှော်စင်မှ အငွေ့မည်းများ ထွက်လာကာ ချန်လွေ့ကို ရစ်ပတ်လိုက်သည်။
ထိုအငွေ့မည်း၏ ဂုဏ်သတ္တိများကို စမ်းကြည့်ချင်သည့်အခါ ချန်လွေ့က မရှောင်တိမ်းခဲ့သလို အကာအကွယ်စွမ်းရည်များကိုလည်း အသုံးမပြုခဲ့ပေ။ သူက ထိုအငွေ့မည်းအား ရစ်ပတ်စေလိုက်သည်။ စူပါနစ်က အဆိပ်ကို ပြောင်းလဲကြောင်း အရိပ်အမွက်ပေးလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ဆွဲယူသည့်အားတစ်ခု ရောက်ရှိလာပြီး ချန်လွေ့က ခန္ဓာကိုယ်ပတ်လည်မှစွမ်းအားကို ရုတ်သိမ်းလိုက်သည်။ သူက ထိုအားကို မိမိခန္ဓာကိုယ်အား သေလူသဖွယ် ထိန်းချုပ်စေလိုက်သည်။ သူက စိတ်ထဲ၌ ငိုက်မြည်းနေသကဲ့သို့ ခံစားလိုက်ရပြီး အခြားနေရာသို့ “ဆွဲခေါ်” ခံသွားလိုက်ရသည်။
ထိုနေရာမှာ အရိုးမျှော်စင်များ ဝိုင်းရံထားသော နေရာလွတ်တစ်ခု ဖြစ်သည်။ အနီးအနား၌ အငွေ့မည်းများ ရှိနေပြီး ချန်လွေ့သည် အဝေးမှ အရာများကို မမြင်ရပေ။ စူပါစနစ်ထဲရှိ အဆိပ်ကူးပြောင်းခြင်း အချက်အလက်များ ဆက်လက်ပြောင်းလဲနေ၏။ ထိုနေရာသည် သေချာပေါက်ပင် အဆိပ်ရှိနေသော နေရာတစ်ခု ဖြစ်ပေသည်။
ချန်လွေ့သည် လူအုပ်ကြီးတစ်စုကို မတော်တဆ မြင်လိုက်ရသည်။ အတိအကျ ပြောရလျှင် သတိလစ်နေသော လူအုပ်ကြီးဖြစ်ပြီး အရိုးခြောက်များ အလောင်းများ မဟုတ်ပေ။
အဝတ်အစားများကိုကြည့်ခြင်းအားဖြင့် သူတို့သည် စစ်သည်များ ဖြစ်နိုင်ပေသည်။ ရေတွက်ကြည့်လိုက်ရာ အယောက်၁၀၀၀ခန့်နှင့် မြင်း ၁၀၀ကျော် ရှိသည်။ထိုသူများမှာ ဗိုလ်ချုပ်ဆူမန် ခေါ်လာသော စစ်တပ် ဖြစ်နိုင်ပေသည်။ သက်ရောက်မှုများကို ကြည့်ရလျှင် ထိုအငွေ့မည်းမှာ မသေစေနိုင်ပေ။ သတိလစ်စေနိုင်ခြင်းသာ ဖြစ်၏။
ဘာလို့ လမ်းတစ်လျှောက်မှာ လုံးဝဝါးမျိုခံထားရတဲ့ အလောင်းကောင်တွေရဲ့ အသွေးအသားတွေကို မြင်ခဲ့ရတာလဲ။ ဘာလို့ ဒီစစ်သည်တွေနဲ့ ငါက ထူးထူးခြားခြား ဆက်ဆံခံရတာလဲ။ ချန်လွေ့က အဂ္ဂလက်စ် ပြောခဲ့သည်ကို တွေးလိုက်မိသည်။ “အဲဒီတွင်းရဲ့ အငွေ့မည်းက နေ့တိုင်း မြို့သူ/သားအချို့ရဲ့ အသက်ကို ယူသွားတယ်။”
ဟုတ်တယ်။ အဲလိုဖြစ်မယ်။ ဒီတွင်းက ပြောင်းလဲမှုဖြစ်တိုင်း အသက်တွေ လိုတယ်။ တစ်နည်းပြောရရင်တော့ ခဏကြာတိုင်း အသက်တွေ ဝါးမျိုခံရမယ်။ ဒါကြောင့် အခု ငါအပါအဝင် ဒီစစ်သည်တွေက “သိုလှောင်ထားတဲ့စားစရာတွေ” ဖြစ်နေတာပဲ။
ချန်လွေ့သည် မကောင်းဆိုးဝါးများ ရောက်လာရန် စောင့်မနေခဲ့ပေ။ ထို့ပြင် အသက်ပေါင်း ၂၀၀၀နီးပါး (စစ်မြင်းများ အပါအဝင်) ရှိနေသည်။ သူက အဆိပ်ဖြေ ဆေးရည်တစ်ပုလင်းကို ချက်ချင်းထုတ်ပြီး ဘေးနားမှ စစ်သည်တစ်ယောက်ကို တိုက်ကြည့်လိုက်သည်။
သို့သော်လည်း လဲလှယ်ရေးဌာနမှ မဟာဆရာသခင်အဆင့် အဆိပ်ဖြေဆေးရည်မှာ ထိုစစ်သည်ကို အနည်းငယ် နိုးလာရုံသာ ဖြစ်စေသည်။ ချန်လွေ့၏မျက်လုံးများက နေရာအနှံ့သို့ စိမ့်ဝင်နေသော အငွေ့မည်းများအပေါ်သို့ ရောက်ရှိသွားသည်။ အတွေး တစ်ချက်ဖြင့် အဆောင်ပစ္စည်း ၇မျိုးထဲမှတစ်မျိုးဖြစ်သည့် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးက သူ့မျက်နှာပေါ်၌ ပေါ်ထွက်လာသည်။ သူက အဆောင်ပစ္စည်းကို အဖြေရှာပြီး ရရှိထားသော ထပ်တိုးစွမ်းရည် [ နတ်ဘုရားဝါးမျိုသူ ]ကို အသက်သွင်းလိုက်၏။
ထိုစွမ်းရည်ကို အသက်သွင်းပြီးသည်နှင့် အနီးအနားရှိ အငွေ့အမည်းများက ချန်လွေ့ခေါင်းဆီသို့ အလျင်အမြန် ရောက်ရှိလာသည်။ မျက်နှာဖုံးသည် ရေစုပ်နေသော ဝေလငါးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းသည် မီတာ၁၀၀ပတ်လည်ရှိ အငွေ့မည်းများ အားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဝါးမျိုလိုက်သည်။
အဆောင်ပစ္စည်း၏စွမ်းအားမှာ အမှန်တကယ်ပင် ပေါ့သေးသေး မဟုတ်ပေ။ ထို [နတ်ဘုရားဝါးမျိုသူ] စွမ်းရည်သည် စိတ်ဝိညာဉ်စွမ်းအား၊ မှော်ပညာနှင့် ဝိညာဉ်တိုက်ခိုက်မှု အားလုံးကို စုပ်ယူနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းကို တစ်ပတ်လျှင် တစ်ကြိမ်သာ အသုံးပြု၍ရခြင်းပင်။
အငွေ့မည်းများ ပျောက်ကွယ်သွားပြီးနောက် အားတစ်ခုခုကြောင့် စုစည်းနေသော အရိုးမျှော်စင်များက အထောက်အပံ့ ပျောက်ဆုံးသွားသကဲ့သို့ပင် တစ်ခုပြီးတစ်ခု ပြိုလဲကျသွားတော့သည်။
ပုံရိပ်ယောင်တစ်ခုကြောင့် ဖြစ်ပေမည်။ အရိုးမျှော်စင်များ ပြိုလဲသွားသည့်အခါ ချန်လွေ့သည် လက်စားချေလိုသော ခံစားချက်တစ်ခု မိမိထံ ပြေးဝင်လာသည်ကို ခံစားလိုက်ရဟန် တူသည်။ သို့သော်လည်း နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးသည် ဝိညာဉ်များမှ တိုက်ခိုက်မှုများကို လုံးဝခုခံနိုင်သည့်အတွက် မျက်နှာဖုံးဝတ်ထားသော ချန်လွေ့ကို လုံးဝ မထိခိုက်ခဲ့ပေ။
အငွေ့မည်း၏ သတိလစ်ခြင်းအစွမ်း လျော့ပါးသွားပြီးနောက်တွင် အနီးအနားရှိ စစ်သည်များ သတိပြန်ဝင်လာကြသည်။ သူတို့သည် ပြဿနာ ပြင်းပြင်းထန်ထန် ရှိနေဟန် မတူပေ။ သို့သော်လည်း သူတို့သည် မစားမသောက်ဘဲ ရက်အနည်းငယ်ကြာ သတိလစ်နေခဲ့သည့်အတွက် သူတို့၏ ခန္ဓာကိုယ်အခြေအနေမှာ အတော်လေး အားနည်းနေပုံရသည်။
“ဗိုလ်ချုပ်ဆူမန်က ဘယ်သူလဲ။” ချန်လွေ့က နီးစပ်ရာစစ်သည်များနှင့် အဆိပ်ဖြေ ဆေးရည်များနှင့် ဖြည့်တင်းဆေးရည်များ ဝေငှနေရင်း အသံကျယ်ကျယ် မေးလိုက်သည်။
အသံတစ်သံ ထွက်လာ၏။ “ကျုပ်က ဆူမန်ပဲ။ ခင်ဗျားက ကျုပ်တို့ကို ကယ်တင် ခဲ့တာလား။”
ချန်လွေ့၏လက်ရှိဝတ်ရုံမှာ စစ်သည်များအကြား၌ ထင်းခနဲ ဖြစ်နေပြီး သူ၏ ဆေးရည်များ ဝေငှနေခြင်းကို အစကတည်းမှ ဆူမန် အာရုံစိုက်နေခဲ့လေသည်။
ဆူမန်သည် မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းဖြစ်သော မဟာနတ်ဆိုး တစ်ယောက် ဖြစ်သည်။ သူက အရပ်မြင့်ပြီး အနီရောင်ချပ်ကာတစ်ခုကို ဝတ်ထားသည်။ သူ၏ခန္ဓာကိုယ်အခြေအနေ သိပ်ပြီး မကောင်းလှသော်လည်း သူ၏မျက်လုံးများမှာ စူးရှနေဆဲပင် ဖြစ်သည်။ ချန်လွေ့က ရှေ့သို့လျှောက်သွားပြီး ဆူမန်အား ဖြည့်တင်း ဆေးရည်များ ကမ်းပေးလိုက်သည်။
“ဗိုလ်ချုပ်။ ကျုပ်က အမှောင်လ သွေးနီဗိုလ်ခြေရဲ့ ဒုတိယခေါင်းဆောင် အက်ဂ်ယောပါ။ လုပင်မြို့က လျို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်ကို စုံစမ်းပြီးတော့ ဗိုလ်ချုပ်ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာဖို့အတွက် လော့ဒ်-ချန်ဒလာကို ကျုပ်တို့ကို အလုပ်အပ်ထားပါတယ်။”
“လော့ဒ်-ချန်ဒလာလား။” ဖြည့်တင်းဆေးရည်ကို ကိုင်ထားသော ဆူမန်၏လက် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏အကြည့်လည်း တဖြည်းဖြည်း စူးရှသွားသည်။
“ဗိုလ်ချုပ်က တစ်ခုခု အထင်လွဲနေတာ ဖြစ်မယ်။ လော့ဒ်-ချန်ဒလာကို ဘဏ္ဍာရေး အရာရှိ မုစ်က [ စိတ်ဦးဆောင်ခြင်း ]နဲ့ ထိန်းချုပ်ထားတာ။ အဲဒါကြောင့်ပဲ သူက ဗိုလ်ချုပ်ကို သစ္စာဖောက်လို့ ကြေညာတာအပြင် မရည်ရွယ်ထားတဲ့ တခြားအမိန့်တွေကို ထုတ်ပြန်ခဲ့တာ။ အခုတော့ မုစ် သေသွားပြီ။ လော့ဒ်-ချန်ဒလာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ သူက ဒီတစ်ခေါက် ကျုပ်တို့ အမှောင်လစစ်တပ်ကို ဒီနေရာလာဖို့ အလုပ်အပ်ထားခဲ့တာ။”
“ဒီကို မလာခင်တုန်းက အမှောင်လရဲ့ အကူအညီအကြောင်း သတင်းတချို့ ကျုပ်လည်း ကြားတယ်။ ဒါပေမဲ့ ခင်ဗျားတို့က အမှောင်လဗိုလ်ခြေဆိုတာကို ဘယ်လို သက်သေပြမလဲ။” ချန်ဒလာ ထိန်းချုပ်ခံခဲ့ရကြောင်း ကြားသော်လည်း ဆူမန်၏အကြည့်ရှိ ရန်လိုမှု လျှော့မသွားသေးဘဲ အနည်းငယ် ပို၍ပင် သတိထားလာသည်။
“လက်ရှိအခြေအနေနဲ့ဆိုရင် ကျုပ် ဘာကိုမှ သက်သေပြစရာလိုမယ် မထင်ဘူး။” ချန်လွေ့က ဆေးရည်ပုလင်းများ ဝေငှရင်း ဆက်ပြောသည်။ “ပြီးတော့လည်း မီးတောက် ဗိုလ်ခြေခေါင်းဆောင် အသီနာနဲ့ လက်ရွေးစင်စစ်သည် တစ်သောင်းတို့က မြို့အပြင်မှာ အခု စခန်းချထားကြတယ်။”
“အသီနာလား။” ဆူမန် သိမ့်သိမ့်တုန်သွားပြီးနောက် ဆေးရည်ကို မော့သောက် လိုက်သည်။ သူ၏မျက်နှာ ရုတ်တရက် ပို၍ပန်းရောင်သမ်းသွားပြီး စိတ်ဝိညာဉ်လည်း အတော်လေး တိုးမြင့်သွားသည်။ သူက ဘေးဖက်ကို အော်ပြောလိုက်သည်။ “ဆန်ဒရို၊ ခါချီ။ ဒီလူကြီးမင်း ဖြည့်တင်းဆေးရည်တွေ မြန်မြန် ဝေငှနိုင်အောင် မင်းတို့နှစ်ယောက် အစောင့်၁၀ယောက်ခေါ်သွားလိုက်။”
လေ့ကျင့်ထားသော အစောင့်များ၏ အကူအညီနှင့်အတူ ဆေးရည်ဝေငှခြင်း ရုတ်တရက် အရှိန်မြန်သွားခဲ့သည်။ သို့သော်လည်း ဆူမန်တစ်ခုခု ပြောလိုက်သည့်အခါ ချန်လွေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
“လော့ဒ်က ခင်ဗျားတို့ကို ဒီလာဖို့အတွက် အပ်နှင်းခဲ့တာက ဘာရည်ရွယ်ချက်လဲ ဆိုတာတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပြောချင်တာက လော့ဒ်-ချန်ဒလာ အစစ်က သေသွားပြီ ဆိုတာပဲ။”
“ဘာပြောတယ်။” ချန်လွေ့ လွှတ်ခနဲ ပြောလိုက်မိသည်။ ဒီသတင်းက တကယ့်ကို ထိတ်လန့်စရာပဲ။
“ကျုပ်က ဆာ-ချန်ဒလာကို လော့ဒ်စံအိမ်ရဲ့ လျို့ဝှက်ခန်းတစ်ခုမှာ မတော်တဆ တွေ့ခဲ့တာ။ အဲဒီအချိန်မှာပဲ အပြင်မှာရှိတဲ့လော့ဒ်က အတုဆိုတာကို ကျုပ် သိသွားခဲ့တယ်။ ဆာ-ချန်ဒလာက သေလုနီးပါး ဖြစ်နေခဲ့တယ်။ သူမသေခင်က ကျုပ်ကို အခြေအနေအကြမ်းဖျဉ်း စဉ်းစားပြီးတော့ လုပင်မြို့ကို တိတ်တဆိတ်သွားဖို့ တောင်းဆို ခဲ့တယ်။ ကျုပ်က ဒီမှာ တိတ်တဆိတ် မွေးစားထားတဲ့ သူ့ရဲ့ သားအငယ်ဆုံး တာဂိုးကို အရင်ဆုံး ရှာဖွေရမှာ။ ပြီးတော့ အမှန်တရားကို ကြေညာပြီးတော့ တာကိုးကို လော့ဒ် ဖြစ်လာအောင် အထောက်အပံ့ လုပ်ပေးရမယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ဆူမန် လက်သီးဆုပ်လိုက်သည်။ “လော့ဒ်အတု ကျုပ်ကို သတိထားမိသွားလို့လားတော့ မသိဘူး။ သူက ကျုပ်ကို ဖမ်းဆီးဖို့အတွက် ထွက်ပေါက်တွေကို ပိတ်ဆို့ဖို့ တကယ်ပဲ လူလွှတ်ခဲ့တယ်။ ကံကောင်းချင်တော့ ကျုပ်လည်း အခွင့်အရေးတစ်ခုကို စောစောမြင်ပြီး သစ္စာရှိတဲ့ လက်အောက်ငယ်သား တစ်အုပ်နဲ့ ထွက်ပြေးခဲ့တယ်။ ကျုပ်တို့ အဖမ်းမခံရအောင်လို့ ဟိုဟိုဒီဒီ ပုန်းအောင်း နေခဲ့ရတယ်။ နောက်ဆုံးတော့ လုပင်မြို့ဆီ ကျုပ်တို့ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လုပင်မြို့က ထူးဆန်းတဲ့အားတစ်ခုကြောင့် လူသေမြို့တစ်မြို့ ဖြစ်သွားလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ကျုပ် စိုးရိမ်မိတာက ဆာ-ချန်ဒလာရဲ့ သားအငယ်ဆုံးဖြစ်တဲ့ သခင်လေး တာဂိုးလည်း.... ”
နောက်ဆုံး၌ ဆူမန်သည် မည်သို့အတွက်ကြောင့် အဇူရီဗိုလ်ခြေမှ တိတ်တဆိတ် ထွက်သွားပြီး လုပင်မြို့သို့ ကွေ့ပတ်သွားခဲ့ရကြောင်းကို ချန်လွေ့ သဘောပေါက်သွား၏။ ချော်ရည်ပြာမြို့တော်၌ မုစ်၊ ချန်ဒလာ နှင့် ဗာရစ်တို့၏ သရုပ်ဆောင်မှုများကို ပြန်စဉ်းစား ပြီးနောက်တွင် ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ တော်တော်လေး ကောင်းမွန်ပြီးတော့ ယုတ္တိရှိတဲ့ ပြကွက်တစ်ခုပဲ။ သူတို့က မုစ်ကိုတောင် စတေးခဲ့တယ်။ လက်စသတ်တော့ ဒါက အကြံအစည်ထဲက အကြံအစည်တစ်ခု ဖြစ်နေတာကိုး။
ပုံမှန်ဆိုရင် ငါ့ကိုယ်ငါ တော်လှပြီလို့ ဂုဏ်ယူနေခဲ့တာ။ အခုတော့ ငါက ဒီလိုအကြံအစည်ထဲကို တကယ်ကြီး ကျရောက်သွားခဲ့တယ်။ နောက်ကွယ်မှာ အားလုံးကို ထိန်းချုပ်နေတဲ့သူက ကြောက်စရာကောင်းလောက်အောင် ဉာဏ်ကောင်းရမယ်။
မဟုတ်ဘူး။ အကြံအစည် တစ်ခုတင် မကဘူး။ ရက်စက်တဲ့ အကြံအစည် တစ်ခုလည်း ဟုတ်တယ်။ ချန်လွေ့က ချက်ချင်း တုံ့ပြန်လိုက်သည်။ “ချန်ဒလာ”က အမှောင်လစစ်တပ်ကို ဒီနေရာဆီ လာဖို့အတွက် အကောင်းဆုံးကြိုးစားပြီး လှည့်စားခဲ့တယ်ဆိုတော့ ဒီကြောက်မက်ဖွယ်ရာနေရာမှာ လူတိုင်းကို မြှုပ်နှံနိုင်တဲ့ ကြောက်စရာစွမ်းအားတစ်ခု ရှိနေရမယ်။