← Chapters

ဘုရင်။ အစွမ်းအထက်ဆုံးရန်သူ

Vol. 28 Ch. 419

ဘုရင်။ အစွမ်းအထက်ဆုံးရန်သူ

Vol. 28 Ch. 419

ချန်လွေ့က အသီနာကို ကြည့်လိုက်သည်။ ကံကောင်းစွာပင် ဒဏ်ရာရနေသော လက္ခဏာများ ရှိမနေပေ။ “အသီနာ။ မင်း ဘာမှမဖြစ်ဘူးပဲ။”

အသီနာ ခေါင်းခါသည်။ “ရန်သူက တော်တော်လေး အစွမ်းထက်လွန်းတယ်။ ပြီးတော့ သူတို့မှာ ထူးဆန်းတဲ့ဂုဏ်သတ္တိတစ်မျိုးလည်း ရှိတယ်။ ငါတို့ရဲ့စစ်သည် ၁၀၀ကျော် အသတ်ခံလိုက်ရတယ်။ ပြီးတော့ ဒဏ်ရာအပြင်းအထန် ရနေတဲ့သူတွေလည်း အများကြီးပဲ။ အရေးကြီးဆုံးကတော့ ထွက်ပြေးမယ့်လမ်းကို ထူးဆန်းတဲ့စွမ်းအားက ပိတ်ဆို့ထားတာပဲ။ ငါတို့ နောက်မဆုတ်နိုင်ဘူးဆိုရင် ဒီမှာပိတ်မိသွားမှာပဲ။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဆုံးရှုံးမှုတွေ ပိုပိုပြီးကြီးမားလာမှာ စိုးရိမ်မိတယ်။ ဒဏ်ရာရနေတဲ့ စစ်သည်တွေကို နင်အရင် ကုသပေးကြည့်လိုက်။ ရှေ့မှာ ခုခံထားဖို့အတွက် ငါ လူတချို့ကို ဦးဆောင်သွားလိုက်မယ်။”

ထိုသူများမှာ အသီနာနှင့် အရတ်စ်တို့ကိုယ်တိုင် လေ့ကျင့်ထားပေးခဲ့သော လက်ရွေးစင်များ ဖြစ်ကြသည်။ သေဆုံးမှုတိုင်းက သူ့ကို စိတ်သောက ရောက်စေသော်လည်း ၎င်းကို ‌ရှောင်လွှဲ၍ မရနိုင်ပေ။ ထိပ်တိုက်ရင်ဆိုင်သော စစ်ပွဲ၌ အသေအကြေ မရှိခြင်းသည် လှပသော ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပေသည်။

ချန်လွေ့၏စိတ် ‌ရွှေ့ပြောင်းသွားပြီးနောက် မြေပြင်ပေါ်တွင် ၃မီတာ အမြင့်ရှိသော သစ်ပင်တစ်ပင် ပေါ်ထွက်လာသည်။ တစ်ပင်လုံး စိမ်းလမ်းစိုပြည်နေ၏။ သစ်ပင်၏ မီတာ၃၀ပတ်လည်မှ စစ်သည်များက သူ၏တို့၏ ခန္ဓာကိုယ်အင်အားနှင့် စိတ်ဝိညာဉ် စွမ်းအား ပြန်လည်ဖြည့်တင်းမှုများ အလွန်မြန်ဆန်လာကြောင်း ချက်ချင်းင် ခံစားလိုက် ရသည်။ ဒဏ်ရာများပင် သက်သာလာပုံရသည်။ ၎င်းမှာ ခန္ဓာကိုယ်အင်အားနှင့် မှော်စွမ်းအားကို အလျင်အမြန် ဖြည့်တင်းပေးနိုင်သည့် စူပါစနစ်၏ ယွမ်ဖြည့်တင်း သစ်ပင် ဖြစ်လေသည်။ ၎င်းသည် တစ်လအထိ တည်ရှိနိုင်ပေသည်။ ပုံမှန်အားဖြင့် ၎င်းကို အထူးလေ့ကျင့်ရေးအတွက် ခန္ဓာကိုယ်အင်အား ပြန်လည်ဖြည့်တင်းရန် အသုံးပြုသော်လည်း ယခုတွင် အသုံးဝင်လာခဲ့လေပြီ။

ချန်လွေ့သည် ယွမ်ဖြည့်တင်း သစ်ပင်များ စိုက်ခဲ့ပြီး ချော်ရည်ပြာစစ်တပ် အပါအဝင် စစ်သည်များကို အလျင်အမြန် အားပြန်ပြည့်လာအောင် ပြုလုပ်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ကုသဆေးများနှင့် စိတ်ဝိညာဉ်ဆေးရည်များကို လဲလှယ်ခဲ့ပြီး အမှောင်ဒြပ်စင်ကောင်များ၏ [ ပြစ်ဒဏ် ] ဂုဏ်သတ္တိအပေါ် ခုခံမှု အားကောင်းရန်နှင့် ဒဏ်ရာအလျင်အမြန် ကုသနိုင်ရန် ပြုလုပ်ခဲ့သည်။

သို့ရာတွင် အမှောင်ဒြပ်စင်ကောင်များ၏ တိုက်စစ်မှာ ပြင်းထန်နေဆဲ ဖြစ်သည်။ မီးလျှံဗိုလ်ခြေသည် သေချာလေ့ကျင့်ထားပြီး အချိတ်အဆက်မိသော်လည်း စုစုပေါင်း အင်အားနည်းပါးမှုကြောင့် အသီနာ ကြာကြာ တောင့်ခံနိုင်တော့ပုံ မရချေ။

ချန်လွေ့ အချိန်မီရောက်ရှိလာပြီး မြောက်အဏ္ဏဝါဓားဖြင့် အသီနာကို ပိတ်ဆို့ထားသော B- အဆင့်ရှိသာ လက်‌ရွေးစင် အမှောင်ဒြပ်စင်ကောင်များကို သတ်ပစ်ခဲ့သည်။ ထို့နောက် သူက ရန်သူအုပ်လိုက်ကြီးထံသို့ တစ်ယောက်တည်း ပြေးဝင်သွားသည်။ နေရာပြန့်တိုက်ခိုက်မှုကြီးတစ်ခုဖြစ်သော [ ဖျက်ဆီးခြင်း အရှိန်အဝါတိုက်ကွက် ] ဖြင့် မြောက်မြားလှစွာသော ခုတ်ပိုင်းလိုက်သည် ဓားချီစွမ်းအင် များက အနီးအနားရှိ အမှောင်ဒြပ်စင်ကောင်များကို ချက်ချင်းပင် ရှင်းလင်းပစ်ခဲ့သည်။ နောက်ဆုံး၌ သူက အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်နိုင်သွားသည်။

သို့သော်လည်း [ ဖျက်ဆီးခြင်း အရှိန်အဝါတိုက်ကွက် ] ကို တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြုရသည်။ သူက စစ်မြေပြင်ကို ယာယီ ထိန်းထားနိုင်ခဲ့သော်လည်း နောက်ထပ်တိုက်ပွဲမှာ ပိုမိုခက်ခဲပေလိမ့်မည်။ ရုတ်တရက် ချန်လွေ့က ကိုယ့်နဖူးကိုယ် ရိုက်လိုက်ရသည်။ ခုနက ငါ ဝိုင်းရံနေတာကို ဖောက်ထွက်ဖို့ပဲ စိတ်အားထက်သန် နေခဲ့တာ။ ရတနာပစ္စည်းကို ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ။

ချော်ရည်ပြာနယ်မြေသို့ သွားနေစဉ်အတွင်း ချန်လွေ့က ချန်ဒလာ၏ ရတနာတိုက်ထဲမှ ရရှိထားသော ယွမ်လိပ်ကျောက်တုံးကို ဆန်းကြယ်ကျောက်စိမ်း ချပ်ကာ ဖန်တီးရန်အတွက် အခြားကုန်ကြမ်းများနှင့်အတူ သန့်စင်ပြီး ဖြစ်သည်။

ဆန်းကြယ်ကျောက်စိမ်း ချပ်ကာ (အပေါ့စားချပ်ကာ) _ အမြန်နှုန်းနှင့် စိတ်ဝိညာဉ် စွမ်းအားကို တိုးမြင့်စေနိုင်။ အလှမ်းဝေးထိခိုက်မှုကို တစ်ဝက်လျော့စေနိုင်။

အကူစွမ်းရည် - [ သွေးပူရောင်လျှံ ] - မီတာ၁၀၀ ပတ်လည်ရှိ မိတ်ဖက်များ၏ အမြန်နှုန်းကို တိုးမြင့်စေနိုင်။ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ပေးပြီး အထောက်အပံ့ ယူနစ်များကို ပစ်မှတ်ထားနိုင်။ ၆နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။ အာနိသင်မှာ တစ်ခါသုံးလျှင် တစ်နာရီခံမည်။

၎င်းကိုတွေးပြီးနောက် ချန်လွေ့က ချက်ချင်းပင် ဆန်းကြယ်ကျောက်စိမ်း ချပ်ကာကို ဝတ်ဆင်လိုက်သည်။ ၎င်း၏ အကူစွမ်းရည်ကို အသုံးပြုရန် မြောက်အဏ္ဏဝါဓား ကဲသို့ စွမ်းအားစုစည်းရန်အတွက် ရန်သူ၏စွမ်းအားကို စုပ်ယူရန် မလိုအပ်ပေ။ ၎င်းကို တစ်ခါတည်း အသက်သွင်း၍ ရသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းကို ၆နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရခြင်းပင်။

[ သွေးပူရောင်လျှံ ] ကို အသက်သွင်းပြီးနောက် ချန်လွေ့၏ ခြေထောက် အောက်တွင် အနီရောင်မြူများ ရေးရေးလေး ထွက်ပေါ်လာသည်။ မီတာ၁၀၀အတွင်းရှိ ပစ်မှတ်ထားထားသော စစ်သည်များ၏ခြေထောက်အောက်၌လည်း အလားတူ အနီရောင် မြူများ ထွက်ပေါ်လာသည်။ သို့သော်လည်း အရောင်မှာ ပို၍ဖျော့သည်။ ချက်ချင်းပင် သူတို့၏အမြန်နှုန်းနှင့် တိုက်ခိုက်ရေးစွမ်းအားများ အလွန်တရာ တိုးတက်သွားခဲ့သည်။ ချန်လွေ့သည် ခြေလှမ်းဖိနပ်၏စွမ်းအားကို အသီနာနှင့် လက်ရွေးစင် ခေါင်းဆောင်များထံ လွှဲပြောင်း‌‌ပေးရန်အတွက် နှင်းအပ်သစ်သီးကို ချက်ချင်း အသုံးပြုခဲ့သည်။

သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအားလည်း ကြီးကြီးမားမား တိုးတက်သွားပြီး ခေါင်းဆောင် “အက်ဂ်ယော”၏ ပြိုင်ဘက်ကင်းသတ္တိနှင့် ချော်ရည်ပြာနယ်မြေ ကျန်ရှိသူများနှင့် ပေါင်းလိုက်သော စစ်တက်သည် ချက်ချင်းပင် စိတ်အားတက်ကြွ သွားတော့သည်။

အမှောင်ဒြပ်စင်ကောင်များ၏ အရေအတွက်မှာ သိသိသာသာ လျော့ကျလာ သော်လည်း သူတို့သည် စွမ်းအားကြီးနေဆဲ ဖြစ်သည်။ အချိန်အတော်ကြာပြီးသည့်တိုင် ရန်သူကို ခုခံရန် ခက်ခဲနေသေးသည်။

အကြီးမားဆုံးပြဿနာမှာ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့ခံထားရခြင်း ဖြစ်သည်။ ခုနက အရိုးမျှော်စင် အခြေအနေကို ကြည့်ရမည်ဆိုလျှင် သူတို့က ပါ့ဂ်လီအို ရောက်လာသည်အထိ တောင့်ခံနေရုံသာ ရှိတော့သည်။ သို့မဟုတ်ပါက ပိုင်နက်နှင့် ဆင်တူသော ထိုထူးဆန်းသည့် အားစက်ကွင်းကို သူတို့ မဖောက်ထွင်းနိုင်လျှင် ထွက်ပြေးရန်အတွက်ပင် ပြဿနာ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်၌ ချန်လွေ့သည် ပါ့ဂ်လီအို၏ တည်ရှိမှုကို စိတ်ထဲ၌ အာရုံခံမိသွားသည်။ သူ ခေါင်းမော့လိုက်သည်နှင့် မီးခိုးကဲ့သို့ ပုံရိပ်နှစ်ခု အလျင်အမြန် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့သည် အလွန်ပင် မြန်ဆန်လှပြီး လေထဲ၌ ပူးလိုက်ခွာလိုက် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်မှု တစ်ခုစီတိုင်းက မြေပြင်ကို ပြင်းထန်သော လှိုင်းဒဏ်တစ်ခု ဖြစ်သွားစေသည်။ အောက်မှ အမှောင်ဒြပ်စင်ကောင်များက အခွင့်အရေးကို အသုံးချပြီး နောက်ဆုတ်ကာ တိုက်စစ်လည်း နှေးကွေးသွားကြသည်။

ချန်လွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လေထဲက ပုံရိပ်နှစ်ခုထဲမှာ တစ်ယောက်က ပါ့ဂ်လီအိုပဲ။ ဒီလို ထိပ်တိုင်ရင်ဆိုင်မှုမှာ တစ်ဖက်ကလည်း လုံးဝ အရေးနိမ့်မနေဘူး။

ပါ့ဂ်လီအိုက အဇ်ဂါလောနဲ့ တခြားသူတွေက အများကြီးသာလွန်တဲ့ နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်းရဲ့ ထူးချွန်တဲ့သူ တစ်ယောက်ပဲ။ သူက နှစ်၂၀၀၀ကျော် ချိပ်ပိတ်ခံခဲ့ရပေမဲ့ ဆေးရည်မည်းနဲ့ အဆောင်ပစ္စည်းတွေကြောင်း စွမ်းအား တဟုန်ထိုး တိုးတက်သွားခဲ့တယ်။ တကယ်လို့ သူက ကတ်သရင်းနဲ့ တိုက်ခိုက်ရရင်တောင် အနိုင်အရှုံးပေါ်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုပြိုင်ဘက်နဲ့သူက မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေတယ်။

ချန်လွေ့၏အမြင်အာရုံဖြင့် သူတို့ ဝင်တိုက်ပြီးနောက် စက္ကန့်ပိုင်းရပ်သွားသည့် အချိန်မှပင် ရှင်းရှင်းလင်းလင်း မြင်ရရုံသာ ဖြစ်ခဲ့သည်။ ၎င်းမှာ မျက်လုံး၌ ကြက်သွေးရင့်ရောင်အလင်းများ တောက်ပနေသော အရပ်မြင့်မြင့် ပုံရိပ်တစ်ခု ဖြစ်သည်။ ၎င်း၏ ပုခုံး၌ တံတောင်ဆစ်များ၌ အရိုးဆူးချွန်များ ရှိနေကြသည်။ ၎င်း၏ခန္ဓာကိုယ်ကို အငွေ့မည်းများ ဖုံးလွှမ်းထားသည့်အတွက် မျက်နှာကို ချန်လွေ့ သေသေချာချာ မမြင်နိုင်ခဲ့ပေ။

၎င်း၏အသွင်အပြင်မှာ အမှောင်ဒြပ်စင်ကောင်များနှင့် အတော်လေး နီးစပ်သည်။ [သရုပ်ခွဲမျက်လုံး]၏ အဝန်းအဝိုင်း အပြင်ဘက်မှာပင် ချန်လွေ့သည် ထိုကြောက်စရာ အစွမ်းထက်ပုဂ္ဂိုလ်၏ သရုပ်ကို ခန့်မှန်းမိသည်။ ၎င်းမှာ သူစိုးရိမ်နေခဲ့သည့်အတိုင်းပင် ဖြစ်လေသည်။ _ ဒြပ်စင်ဘုရင်....

လက်စသတ်တော့ လုပင်မြို့ကို လူသေမြို့ဖြစ်အောင် လုပ်ခဲ့တာ တကယ်တော့ ဒြပ်စင်ဘုရင် ၆ပါးထဲက တစ်ပါးဖြစ်တဲ့ အမှောင်ဒြပ်စင်ဘုရင် ဖြစ်နေတာကိုး။

ဒြပ်စင်ဘုရင်သည် ဒြပ်စင်ကောင်ပိရမစ်၏ ထိပ်ဆုံး၌ရှိပြီး နတ်ဆိုးဘုံ၏ ထိပ်တန်းအဆင့် သတ္တဝါ ဖြစ်ကာ မွေးကတည်းက နတ်ဆိုးအရှင်သခင်အဆင့် ရောက်နေပြီ ဖြစ်သည်။ အသက်ကြီးလာလေလေ စုစည်းထားသောစွမ်းအား ပိုကောင်းလာလေလေ ဖြစ်သည်။ သို့သော်လည်း သူတို့သည် ထာဝရရှင်သန်နိုင်သူများ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် သေနိုင်ကြသည်။

ဘုရင်သည် သက်ဆိုင်ရာ ဒြပ်စင်ကောင်များကို အုပ်ချုပ်ရန် အရှိန်အဝါဖြင့် မွေးဖွားလာကြပြီး ဒြပ်စင်တစ်ခုစီ၏ ဘုရင်များမှာ အထူးသီးသန့်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဒြပ်စင်ဘုရင်အသစ် မွေးဖွားလာရန်အတွက် အခြေခံ အကျဆုံး အခြေအနေမှာ ဘုရင်ဟောင်း နတ်ရွာစံသွားခြင်းပင် ဖြစ်လေသည်။

အမှောင်ဒြပ်စင်ဘုရင် ပြသသော စွမ်းအားများကို ကြည့်ခြင်းအားဖြင့် သူသည် မြေဒြပ်စင်ဘုရင် မိုးရီထက် သာလွန်ပြီး ပါ့ဂ်လီအိုကို ယှဉ်နိုင်သည်။ ထို့ကြောင့် သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ဝါရင့်တစ်ပါး ဖြစ်ရပေမည်။

သာမန်အခြေအနေတွေမှာဆိုရင် ဒြပ်စင်ဘုရင်တွေက နတ်ဆိုးဘုံရဲ့ သာမန် တိုက်ပွဲတွေထဲ ဝင်မပါဘူး။ ဘာလို့ အမှောင်ဒြပ်စင်ဘုရင်က သွေးမြေကျနဲ့ ဆက်နွှယ် နေရတာလဲ။

လေထဲရှိ နတ်ဆိုးအရှင်သခင်အဆင့်နှစ်ယောက်၏ တိုက်ပွဲမှာ ပြင်းထန်နေဆဲ ဖြစ်သည်။ ထို့ပြင် အခြေအနေအရ ရလာဒ်ကိုပြောရန် ခက်ခဲနေသည်။ လေထဲမှ “အလင်းမီးခိုး” ၃ခု ပြုတ်ကျလာပြီး အမှောင်ဒြပ်စင်စခန်း၌ ပေါ်ထွက်လာသည်။

အမှောင်ဒြပ်စင်ကောင်များ၏ တိုက်ခိုက်မှုများ ရုတ်တရက် ရပ်သွားပြီးနောက် သူတို့က အစီအစဉ်တကျနှင့် ထိုပုံရိပ်သုံးခုနောက်သို့ ဆုတ်သွားလိုက်ကြသည်။

၎င်းတို့မှာ အမှောင်ဒြပ်စင်ကောင် သုံးကောင် ဖြစ်သည်။ မဟာနတ်ဆိုးဘုရင် အဆင့်များကို လက်‌ရွေးစင် ဒြပ်စင်ကောင်များဟု ခေါ်ကြသော်လည်း ထိုသုံးကောင်မှာ စစ်မှန်သော လက်‌ရွေးစင်များ ဖြစ်ကြပေသည်။

ထိုပုံရိပ်သုံးခု၏ စွမ်းအားအကဲဖြတ်မှုများမှာ A+ ၊ A ၊ A- တို့ အသီးသီး ဖြစ်ကြပြီး နတ်ဆိုးဧကရာဇ်အဆင့်၏ အပိုင်းသုံးခု အတိအကျပင် ဖြစ်လေသည်။

နတ်ဆိုးဧကရာဇ်အဆင့် ဒြပ်စင်ကောင်တွေ။

ဒီအမှောင်ဒြပ်စင်ကောင်တွေရဲ့ တစ်ကောင်ချင်းဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ် စွမ်းအားက ရှီလန်တောင်က ‌မြေဒြပ်စင်ကောင်တွေက အများကြီးသာတယ်။

၎င်းမှာ‌ မြေဒြပ်စင်ကောင်များသည် အမှောင်ဒြပ်စင်ကောင်များထက် အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ နတ်ဆိုးဘုံ၏ပတ်ဝန်းကျင်သည် အမှောင် ဒြပ်စင်ကောင်များ ကြီးထွားရန်အတွက် အသင့်တော်ဆုံးနေရာ ဖြစ်သည်။ သို့သော် အရေးကြီးဆုံးမှာ မြေဒြပ်စင်ဘုရင် မွေးဖွာလာချိန်မှာ တိုတောင်းနေသေးသည်။ သူ့လက်အောက်၌ နတ်ဆိုးဧကရာဇ်အဆင့် လက်‌ရွေးစင် ဒြပ်စင်ကောင်တစ်ကောင် ရှိခဲ့ဖူးသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ခန့်က ဂလော်ဖင်းနှင့် တိုက်ပွဲအတွင်း အသတ်ခံခဲ့ရသည်။

ချန်လွေ့က အသီနာအား စစ်တပ်ကိုဦးဆောင်ပြီး ဆုတ်ခွာရန် မျက်ရိပ်ပြလိုက်သည်။ ထိုအဆင့်တိုက်ပွဲမှာ အသီနာနှင့် မီးလျှံဗိုလ်ခြေတို့ ‌ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။

ချန်လွေ့သည် လိပ်ပြာနီလော့ဒ် ဂျို့ရှ်ကို အနိုင်ယူခဲ့သော်လည်း ဒြပ်စင်ကောင်များမှာ သာမန်လေ့ကျင်သူများနှင့် တော်ဝင်မိသားစုများကပင် မယှဉ်နိုင်သော ပင်ကိုယ်ပါရမီများ ရှိကြသည်။ သူတို့၏စွမ်းအားသည် ပုံမှန်အားဖြင့် အဆင့်တူ လေ့ကျင့်သူများထက် သာလွန်ကြသည်။ ဂျို့ရှ်၏ စွမ်းအားသည် အမှောင်ဒြပ်စင်ကောင်များ၏ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းနှင့်သာ ညီမျှသည်။

ထွက်ပြေးဖို့ အခွင့်အရေးရအောင် ဒီနတ်ဆိုးဧကရာဇ်အဆင့် ဒြပ်စင်ကောင်တွေကို ငါ အနိုင်ယူရမယ်။

၎င်းမှာ ကြယ်၅ပွင့် ကြယ်တာရာအရှင်သခင်သို့ အဆင့်တက်ပြီးကတည်းက ချန်လွေ့ ရင်ဆိုင်ရသော အကြီးမားဆုံး စမ်းသပ်ချက်ပင် ဖြစ်လေသည်။

နတ်ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်ကောင်များ၏ မျက်နှာအသွင်အပြင် များမှာ အတော်လေး ရှင်းလင်းလှသည်။ သို့သော်လည်း အထီးအမ ခြားနားချက် မရှိပေ။ သူတို့၏ ခန္ဓာကိုယ်ကို အနက်ရောင်မြူများ ဖုံးလွှမ်းထားပြီး အလွန်ပင် ကြက်သီးထစရာ ကောင်းသော အရိုးဆူးချွန်များကို ရေးရေးလေး ပြသနေကြသည်။ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သော အမှောင်ဒြပ်စင်ကောင်က ရှေ့တက်လာသည်။ ၎င်း၏အကြည့်က ပြန်ဆုတ်ခွာသွားကြသော စစ်သည်များကို ရွံရှာလျက် ဖြတ်သန်းသွားပြီးနောက် မတ်မတ်ရပ်နေပြီး ဝတ်ရုံဝတ်ထားသော ချန်လွေ့ကို အာရုံစိုက်လိုက်သည်။ ၎င်းက ရိုးရိုးရှင်းရှင်းပင် စကားတစ်လုံး ပြောလိုက်သည်။ “သေစမ်း။”

ထိုသို့ပြောပြီးသည်နှင့် ၎င်း၏ပုံရိပ်က ချန်လွေ့အရှေ့၌ ပေါ်ထွက်လာသည်။ အငွေ့မည်းများ ထုတ်လွှတ်နေသော ၎င်း၏လက်ချောင်းများက မီတာဝက်ခန့်ရှည်သော လက်သည်းချွန်ချွန်များကို ပြသလိုက်ကာ ချန်လွေ့အား မယုံနိုင်စရာ အမြန်နှုန်းနှင့် စွမ်းအားတို့ဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။

ထိုအချိန်၌ အခြေအနေကို မကိုင်တွယ်နိုင်သော ချန်လွေ့က ထိုလက်သည်းကို ခုခံရန်အတွက် မြောက်အဏ္ဏဝါဓား၏ ထက်မြက်မှုကို အားကိုးရတော့သည်။ ချန်လွေ့ ခဏ သတိလက်လွတ် ဖြစ်သွားသောအခါ လက်သည်းများဖြင့် ကုတ်ခံလိုက်ရသည်။ ရုတ်တရက် သွေးများပန်းထွက်သွား၏။ ထို့ပြင် ဒဏ်ရာမှ အငွေ့မည်းများ အနည်းငယ် ထွက်လာသည်။ သူသည် အဆိပ်မိသွားဟန်တူသည်။ ၎င်းကိုမြင်သည့်အခါ အသီနာနှင့် စစ်သည်များက စိတ်ထဲ၌ စိုးရိမ်သွားကြသည်။

ချန်လွေ့၏ လက်ရှိပြသနေသော စွမ်းအားနှင့် အငွေ့အသက်မှာ အပေါ်ယံ၌ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းနှင့် ညီမျှသည်။ ထို့ကြောင့် အခြား နတ်ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်ကောင်နှစ်ကောင်၏ မျက်လုံးထဲ၌ ရွံရှာမှု လက်ခနဲ ဖြစ်သွားခဲ့သည်။ ၎င်းတို့က ၎င်းတို့၏အဖော် သေချာပေါက် အနိုင်ရလိမ့်မည်ဟု ထင်မှတ်နေကြသည်။

နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း အမှောင်ဒြပ်စင်ကောင်လည်း ထိုသို့ပင် ထင်သည်။ ၎င်းက တဖြည်းဖြည်းနှင့် တိုက်ခိုက်မှုကို ပြင်းအားတိုးလိုက်ပြီး ချန်လွေ့ကို အသက်မရှူနိုင်အောင် ဖိအားပေးခဲ့သည်။ ချန်လွေ့သည် သူ၏ပိုင်နက်ကိုပင် အသုံးမပြုနိုင်တော့ပုံရသည်။

အမှန်တကယ်၌ ချန်လွေ့က ခန့်မှန်းနေခြင်း ဖြစ်သည်။ ထိုဒြပ်စင်ကောင်များမှာ အစွမ်းထက်လှသော်လည်း သူ့တွင် အနိုင်‌ရနိုင်ချ ရှိသည်။ သူ ခန့်မှန်းနေသည်မှာ နောက်ထပ် နတ်ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်နှစ်ကောင်ကိုပင် ဖြစ်သည်။

၎င်းသည် ပြိုင်ပွဲကွင်းပြင်မဟုတ်ဘဲ သေရေးရှင်ရေး စစ်မြေပြင် ဖြစ်သည်။ စစ်မြေပြင်၌ တရားမျှတခြင်း မရှိပေ။ အနိုင်အရှုံးသာ ရှိသည်။ တစ်ဖက်က သူ ပြုလုပ်နိုင်သည့် ခြိမ်းခြောက်မှုများကို သဘောပေါက်သွားခဲ့လျှင် သူ့ကို ပူးပေါင်းပြီး တိုက်ခိုက်နိုင်ချေများသည်။ အကယ်၍ သူသာ သုံးယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်ဆိုလျှင် သူ၏ဝှက်ဖဲများအားလုံးကို အသုံးပြုသည့်တိုင် ရန်သူကို ခုခံရန် ခက်ခဲနေဦးမည် ဖြစ်သည်။

ထိုကဲ့သို့ အားနည်းချက် ပြသခြင်းကြောင့် အခြားနှစ်ယောက်က မလှုပ်ရှားတော့ပေ။ ချန်လွေ့သည် သင့်တော်သော အခြေအနေတစ်ခု၌ အားကုန်သုံးပြီး အလစ်တိုက်ရန် စဉ်းစားနေသည်။ ၎င်းသည် သေချာပေါက် အံ့အားသင့်ဖွယ်ရာ သက်ရောက်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းမှာ တိုက်ပွဲနည်းဗျူဟာများကို အသုံးချခြင်းပင် ဖြစ်လေသည်။

ဒါနဲ့ “အဲဒါ”လည်း ရှိသေးတယ်။

“ဖောင်း။” ချန်လွေ့က ပြိုင်ဘက်၏ လက်သီးချက်ကို ခုခံလိုက်ပြီးနောက် တန်ပြန်ဒဏ်ကြောင့် နောက်ပြန်လွင့်ထွက်သွားခဲ့သည်။ ထိုနေရာမှာ နတ်ဆိုးဧကရာဇ် အဆင့် လက်‌ရွေးစင် အမှောင်ဒြပ်စင်ကောင်နှစ်ကောင် ရှိနေသောနေရာ ဖြစ်နေသည်။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း အမှောင်ဒြပ်စင်ကောင် မျက်မှောင်ကြုတ်လိုက်ပြီး ၎င်း၏လက်ထဲ၌ အလွန်ကြီးမားသော ကောက်ရိတ်ဓားတစ်လက် ထွက်ပေါ်လာသည်။ ၎င်းမှာ အစွမ်းအထက်ဆုံး အမှောင်ဒြပ်စင် ပစ်မှတ်တစ်ခုတည်း မှော်ပညာဖြစ်သော [အမှောင် သွေးကောက်ရိတ်ဓား] ပင် ဖြစ်လေသည်။

လွင့်ထွက်လာသော ကံဆိုးသည့်ရန်သူကို ထို နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း ဖြစ်သော အမှောင်ဒြပ်စင်ကောင်က အဆုံးသတ်ချင်နေပုံရသည်။

ရှေ့မှ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းလည်း ခုန်လွှားလိုက်သည်။ ချန်လွေ့က သူ့နောက်မှ [ အမှောင်သွေးကောက်ရိတ်ဓား ] ကို ရှောင်တိမ်းနိုင်လျှင်ပင် ထိုသေစေနိုင်သော တိုက်ကွက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အခွင့်အရေးပဲ။ ချန်လွေ့၏စိတ် ချက်ချင်းပင် ‌ရွှေ့ပြောင်းသွားပြီး စိတ်ဝိညာဉ် ကွင်းဆက်ထဲမှ [ တိုက်ပွဲတိုးမြှင့်မှု ] ကို အမြန်အသက်သွင်းလိုက်သည်။

[ တိုက်ပွဲတိုးမြှင့်မှု ] သည် ယုံကြည်မှုသလင်းကျောက် ၁၀၀ လိုအပ်သည်။ ချန်လွေ့၏ လက်ရှိ ယုံကြည်မှုသလင်းကျောက်များမှာ ၄၀၀အောက် နည်းနေသည်။ သူသည် ၎င်း၏ လေးပုံတစ်ပုံကို အသုံးပြု၍ရပေမည်။ မူလက သူသည် [ တော်ဝင်ကြယ်စင်စု အသွင်ပြောင်းလဲခြင်း ] အတွက် စုထားချင်ခဲ့သည်။ ယခုအချိန်မှာ ထိုကဲ့သို့သောကိစ္စမျိုးကို စဉ်းစားရန် မဟုတ်သည်မှာ သေချာသည်။

ချက်ချင်းမှာပင် ပါ့ဂ်လီအိုနှင့် ချန်လွေ့တို့၏ ခန္ဓာကိုယ်သည် တစ်ချိန်တည်းမှာပင် ရွှေအိုရောင်အလင်းများ တောက်ပလာသည်။ သူတို့၏ ခွန်အား၊ အမြန်နှုန်း၊ ခုခံမှုနှင့် အခြားအရည်အသွေးများ ခုန်တက်သွားကြောင်း သူတို့ ခံစားလိုက်ရသည်။ အစွမ်းထက်ဆုံးသော စစ်မှန်ဆေးရည်မည်း အတွဲလိုက်သည်ပင် ထိုကဲ့သို့အာနိသင် မပေးစွမ်းခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲမြေပြင်ရှိ အခြေအနေ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

[ အမှောင်သွေးကောက်ရိတ်ဓား ]ဖြင့် ထိတော့မည့် ချန်လွေ့က လေထဲ၌ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အေးစက်သောအငွေ့အသက်တစ်ခု အလျင်အမြန် ပျံ့နှံ့လာပြီး အသက်ဓာတ်ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွဦးသည်။ ထိုအချိန် လုံးဝမတူညီသော အငွေ့အသက်နှစ်ခု ပြောင်းလဲသွားသည့်အခါ တိုက်ပွဲကို ကြည့်နေကြသူများက တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်များ မြင်လိုက်ရသည်။ နတ်ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်ကောင်များ၏ လှုပ်ရှားမှုများကလည်း ရုတ်တရက် နှေးကွေးသွားခဲ့သည်။

တစ်ချက်မျှ မလှုပ်ရှားခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း အမှောင်ဒြပ်စင်ကောင်သည်ပင် ထိုကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်ချက်ချင်းမှာပင် ပတ်ပတ်လည်၌ မြောက်မြားလှစွာသော ကြယ်ပွင့်များ ပေါ်ထွက်လာသည်။ အမှောင် ဒြပ်စင်ကောင်၃ကောင်စလုံး သူတို့၏စွမ်းအားများ အားနည်းသွားသကဲ့သို့ ခံစားလိုက်ရပြီး အားလုံး အံ့အားသင့်သွားကြသည်။ “အားနည်းခြင်း”လိုမျိုး အမှောင်အားလျော့ မှော်ပညာတွေကို လုံးဝခုခံနိုင်သည့် ငါတို့ အမှောင်ဒြပ်စင်ကောင်တွေက တကယ်ကြီး အားနည်းသွားတာပဲ။

စက္ကန့်ပိုင်းမှာပင် ချန်လွေ့၏ပုံရိပ်က နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း အမှောင်ဒြပ်စင်ကောင်၏ နောက်ဘက်၌ တစ္ဆေသဖွယ် ထွက်ပေါ်လာသည်။ ချန်လွေ့၏ [အရှိန်အဝါဓားသွား] သည် ရန်သူကို လျှပ်စီးသဖွယ် ခုတ်ပိုင်းဖြတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက “နှေးကွေးမှု”ကြောင့် သက်ရောက်မှုရှိနေဟန် မတူပေ။ ထိုအစား သူက ပို၍ပင် မြန်ဆန်နေခဲ့သည်။

နတ်ဆိုးဧကရာဇ်အဆင့်အလတ်ပိုင်း အမှောင်ဒြပ်စင်ကောင် အံ့အားသင့်သွား၏။ ၎င်းက ချက်ချင်းပင် အငွေ့အဖြစ်ပြောင်းလဲပြီး ပျောက်ကွယ်သွားပြန်သည်။ ချန်လွေ့၏ ဓားသွားသည် အငွေ့ကိုသာ ခုတ်မိသွားသည်။

တစ်ချိန်တည်းမှာပင် ခုန်ဝင်လာသော နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း အမှောင်ဒြပ်စင်ကောင်က ၎င်း၏ခေါင်းထံသို့ ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် ပျံသန်းလာသော ခရမ်းရောင်ခြည်တစ်ခုကို မြင်လိုက်ရသည်။ ၎င်း၏ပုံရိပ်သည် ရှေ့သို့ခုန်လွှားလိုက်သော်လည်း ထိုရောင်ခြည်ကို မရှောင်တိမ်းနိုင်ခဲ့ပေ။ ၎င်းက ထိတ်လန့်သွားခဲ့သည်။ ချက်ချင်းပင် အမှောင်ဒြပ်စင်လှိုင်းတွန့်များက အနက်ရောင် ဒိုင်းကာတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ သို့သော်လည်း ခရမ်းရောင်ခြည်၏ အမြန်နှုန်းမှာ အဆုံးသတ်၌ ရုတ်တရက် အရှိန်ထိုးတက်သွားသည်။ ထိုရောင်ခြည်သည် လုံးဝ မစုစည်းပြီးသေးသော အနက်ရောင်ဒိုင်းကာကို အလျင်အမြန် ဖောက်ထွင်းသွားခဲ့ပြီး ၎င်း၏နဖူးကို ဖောက်ထွင်းသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ထက်မြက်လှသော ချီစွမ်းအင်က သူ၏ခေါင်းတစ်ခုလုံးကို နိတ္ထိအဖြစ် ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

ထိုကဲ့သို့ ပြောင်းလဲမှု အဆက်လိုက်သည် “နှေးကွေးမှု” မပျောက်ကွယ်ခင် စက္ကန့်ပိုင်း အတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း အမှောင်ဒြပ်စင်ကောင် အယ်လို့က သူတို့ကို မကယ်နိုင်ခဲ့ပေ။ ထို့နောက် သူ အော်ပြောလိုက်သည်။ “အယ်ဆာ့ခ်။ အယ်မို့စ်။”

( အမှောင်ဒြပ်စင်ကောင်များကို ယခင်က “၎င်း”ဟု ဖော်ပြထားသည်။ ယခုတွင် နာမည်ရှိသည့်အတွက် “သူ”ဟု သုံးနှုန်းမည် ဖြစ်သည်။ )

ထိုသို့‌အော်ခေါ်လိုက်သည်နှင့် သူ့ထံသို့ အလွန်ကြီးမားလှသော အလင်းဖြူလုံး သုံးလေးလုံး ပျံသန်းသွားကြသည်။ ထိုအလင်းစက်လုံးများမှ ဖျက်ဆီးမှုစွမ်းအားကြောင့် အယ်လို့က သတိလက်လွတ် မနေရဲခဲ့ပေ။ သူက လက်ဝါးကိုဖြန့်လိုက်ရာ အလင်းရောင် ဖျော့ဖျော့တစ်ခုက [ အရုဏ်ဦးပစ်ချက် ] ကို သက်ရောက်သွားပြီး အလျင်အမြန် အားနည်းသွားကို အလင်းစက်လုံးများ၏စွမ်းအားကို ဝါးမျိုသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အယ်လို့ပေါ်၌ အနက်ရောင် တောင်ပံနှစ်ခု ပေါ်ထွက်လာ၏။ တောင်ပံခတ်သံများက ထူးဆန်းသော စွမ်းအားအတက်အကျများကို ထုတ်ပေးပြီး သူ့ကို အားနည်းစေသည့် ထိုပိုင်နက်ကို ပယ်ဖျက်ရန် ကြိုးစားနေသည်။ သို့သော်လည်း ပြိုင်ဘက်၏စွမ်းအားမှာ ချန်လွေ့လောက် မကောင်းပေ။ သူ၏ပိုင်နက်မှာ အလွန်ပင် ထူးဆန်းလှသည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း၏ စွမ်းအားသည်ပင် ၎င်းကို မလှုပ်ခါ၊ မဟန့်တားနိုင်ပေ။

အယ်လို့က [ အရုဏ်ဦးပစ်ချက် ] ကို ပယ်ဖျက်ပြီး [ ကြယ်စင်စုပိုင်နက် ] ကို ဖောက်ထွက်ရန် ပြင်နေစဉ် အငွေ့မည်းအဖြစ် ပြောင်းလဲသွားသော အယ်မို့စ်က လူသားအသွင်သို့ ပြန်ရောက်လာသည်။ သို့သော်လည်း လူသားအသွင်၏ ရင်ဘတ်အလယ်၌ ကြီးမားလှသော အက်ကွဲရာတစ်ခု ရှိနေသည်။ ထိုအက်ကွဲရာကို ကုသ၍မရဘဲ အငွေ့မည်းများဖြင့် ပြည့်လျှံနေလေ၏။

အယ်ဆာ့ခ်ကိုပင် မယှဉ်နိုင်သော နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းရန်သူသည် ထိုကဲ့သို့စွမ်းအားမျိုး ပေါက်ကွဲထွက်နိုင်မည်ဟု အယ်မို့စ် မထင်ထားခဲ့ပေ။ သူသည် ယခင်တိုက်ကွက်ကို ကံကောင်း၍ လွတ်မြောက်နိုင်ခဲ့သော်လည်း ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်တွင် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း၏ ခုခံမှုအားမှာ အသုံးမဝင်ပေ။ သူ၏ခန္ဓာကိုယ် ထိခိုက်သွားရုံသာမက ဝိညာဉ်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။

ထိုအချိန်၌ သူ၏ရင်ဘတ်ထဲ၌ ပို၍အန္တရယ်များသော ခံစားချက်တစ်ခု မြင့်တက်လာသည်။ ပြိုင်ဘက်၏ခန္ဓာကိုယ်မှ အနက်ရောင်မီးတောက်များ ထွက်ပေါ် လာသည်ကို သူ မြင်လိုက်ရသည်။ အသက်ဓာတ်ပါဝင်သော အငွေ့အသက်က အယ်မို့စ်ကို အလွန်ပင် မသက်မသာ ခံစားစေရပြီး လေထဲရှိ ပြင်းထန်ပြီး မတည်ငြိမ်သော စွမ်းအားသည် အမှောင်ဒြပ်စင်ကောင်များ၏ အမှောင်အငွေ့အသက်ကို အနိမ့်ဆုံး အခြေအနေနီးပါးအထိ ဖိနှိပ်ထားခဲ့သည်။

အယ်မို့စ်သည် သေချာပေါက် ငနုတစ်ယောက် မဟုတ်ပေ။ သူ အော်လိုက်ရာ ခန္ဓာကိုယ် ကွဲလွင့်သွားပြန်ပြီး ခေါင်း၃လုံးနှင့် ခြေထောက်၄ဖက်ရှိသော အငွေ့မည့်များ ထုတ်လွှတ်နေသည့် ၄မီတာအမြင့်ရှိ သားရဲကောင်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ဝတ်ရုံနက်နှင့်လူထံသို့ အရှိန်ဖြင့် ပြေးဝင်သွားလိုက်သည်။

ဝတ်ရုံနှင့်လူက အယ်မို့စ်နောက်သို့ ချက်ချင်းပင် တယ်လီပို့ခုန်လိုက်သည်။ အယ်မို့စ်က နောက်လှည့်ကြည့်လိုက်ရာ အနီ‌ရောင်အလင်းများကို မြင်လိုက်ပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက် ထုတ်လွှတ်နေသော ထိုးဆင်းလာနေသည့် အလွန်ကြီးမားလှသော သားရဲတစ်ကောင်က သူ့ထံသို့ အရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။

၎င်းမှာ အစွမ်းထက်ဆုံးဝှက်ဖဲဖြစ်သည့် [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] ပင် ဖြစ်လေသည်။

All Chapters