ပြိုင်ပွဲ
Vol. 29 Ch. 435
သွေးရောင်အင်ပါယာ၏ လေ့ကျင့်ရေးကွင်းပြင်မှာ အမှန်တကယ်ပင် ပြိုင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းသည် အမှောင်လမှ ရှေးပြိုင်ကွင်းထက် များစွာကျယ်ဝန်းလှသည်။
အံ့အားသင့်စွာပင် လေ့ကျင့်ရေးကွင်းပြန် ပတ်ပတ်လည်၌ အလွန်ကြီးမားသော မှော်သလင်းကျောက် မျက်နှာပြင်လေးခု ချိတ်ဆွဲထားသည်။ ၎င်းတို့သည် ကွင်းထဲမှ တိုက်ပွဲ ထောင့်လေးခုမှ ပြသပေးနိုင်ပေသည်။
တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်တာလား။
မှော်သလင်းကျောက် မျက်နှာပြင်လေးခုကို မြင်သည့်အခါ ချန်လွေ့၏စိတ်ထဲ ပထမဆုံးပေါ်လာသော အကြံဉာဏ်မှာ လောကကူးပြောင်းလာသူတစ်ယောက်နှင့် တွေ့ပြီဟူ၍၌င်။ သို့သော်လည်း ထိုမျက်နှာပြင်လေးခုမှာ သာမန်မှော်စက်ဝိုင်းဖြစ်သော [ကြေးမုံပုံရိပ်] သာဖြစ်ပြီး အသံမပါသည့်အတွက် ထိုအကြံကို အမြန်ပယ်ချလိုက်သည်။ ၎င်း၏ အခြေခံသဘောတရားမှာ မှတ်တမ်းတင်ကျောက်တုံးနှင့် ဆင်သူသည်။ သို့သော် “ခေတ်သစ်” ဒြပ်စင်များ မပါရှိပေ။
၎င်းမှာ ပါရမီရှင်မင်းသာ တဲရစ်၏ ဒီဇိုင်ဖြစ်သည်ဟု ပြောကြသည်။ ၎င်းသည် အမှန်တကယ်ပင် ထူးခြားပြောင်မြောက်သော အကြံဉာဏ်တစ်ခုပင် ဖြစ်လေသည်။
အလွန်ကြီးမားသော လေ့ကျင့်ရေးကွင်း ပရိသတ် အတော်များများ ဝင်ဆံ့သော်လည်း သီးခြားခွဲထုတ်ထားသော နေရာတစ်ခုရှိသည်။ ၎င်းမှာ မြောက်ဘက် အစွန်အဖျားရှိ ပလ္လင်နေရာပင် ဖြစ်လေသည်။
ပလ္လင်ပေါ်၌ ထိုင်နေသည်မှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ဖြစ်သော သွေးရောင်အင်ပါယာ အုပ်စိုးသူ ရိုင်ဇန်မန်မွန်ပင် ဖြစ်လေသည်။
ရိုင်ဇန်၏ အသွင်အပြင်မှာ ချန်လွေ့ ထင်ထားသည်နှင့် အနည်းငယ် ကွာခြားနေ၏။ သူသည် အရိပ်မမြင့်ပေ။ အနက်ရောင် ဆံပင်ရှည်ရှိပြီး မျက်နှာတွင် ထူးခြားသော တန်ခိုးကြီး လက္ခဏာများမရှိဘဲ သာမန်သာ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်ပေမည်။ ရိုင်ဇန်သည် ထိုနေရာ၌ ပုံမှန်သာ ထိုင်နေသော်လည်း ပရိသတ်အကြားရှိ အဝေးရောက်နေသော ချန်လွေ့အား ဟန့်တားသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
မင်းသားများက ရိုင်ဇန်၏ ဘေးနှစ်ဖက်တွင် ထိုင်နေကြပြီး သူတို့အားလုံး အလွန်ပင် ထူးခြားနေကြပေသည်။ ရှေ့ဘယ်နှင့်ညာတွင် အဲလီးရက်စ်နှင့် အက်မန်းတို့ ရှိကြသည်။ တဲရစ်က ညာဘက်အောက်တန်းရှိ နောက်ဆုံးခုံတွင် ထိုင်နေသည်။
၎င်းသည် ချင်မင်းဆက် ကန်ရှီကာလရှိ မင်းသား၉ပါး တိုက်ပွဲအား ချန်လွေ့ကို သတိရသွားစေသည်။ သို့သော်လည်း စွမ်းအားကြီးသော ရိုင်ဇန်က ပို၍ ခြိမ်းခြောက်နိုင် နေသည်။ ပြိုင်ပွဲတွင် ထိုမင်းသားများ မည်သို့ တင်းခံနိုင်မည့်အပေါ်တွင် မူတည်နေသည်။
လေ့ကျင့်ရေးကွင်းပြင်ထဲ၌ ထူးဆန်းသော မြူနှင်းရောင်လျှံနှစ်ခု ရစ်ပတ်နေသည်။ ပုံရိပ်နှစ်ခုက အချင်းချင်း ရိုက်ခတ်ပြီး ဆုတ်ခွာနေကြသည်။ ပတ်ဝန်းကျင်မြေပြင် အနည်းငယ် တုန်ခါသွားသော်လည်း အက်ကွဲမှု အနည်းငယ်သာ ရှိသည်။ လေ့ကျင့်ရေး ကွင်းပြသည် အမှောင်လ၏ အခြေခံစံနှုန်းထက် ကုန်ကြမ်းနှင့် မှော်စက်ဝိုင်း အကာအကွယ်တွင်ပါ သာလွန်နေပုံရသည်။ နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်စွမ်းအား၏ တိုက်ပွဲသည်ပင် ၎င်းအပေါ်၌ ကြီးကြီးမားမား မထိခိုက်စေခဲ့ပေ။
သူတို့နှစ်ယောက်မှာ တတိယဗိုလ်ချုပ်နေရာအတွက် ယှဉ်ပြိုင်နေကြသော အားဒီလိတ်နှင့် ဘူဘိုဝါတို့ပင် ဖြစ်သည်။
အတိအကျပြောရလျှင် ၎င်းမှာ ဒုတိယတိုက်ပွဲသို့ ရောက်နေပြီ ဖြစ်သည်။ ပထမ တိုက်ပွဲမှာ စစ်တပ်ကို အမိန့်ပေးခြင်းဖြစ်ပြီး ဒုတိယမှာ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။ စစ်တပ်ကို အမိန့်ပေးခြင်း နည်းလမ်းက ချန်လွေ့ကို အနည်းငယ် အံ့အားသင့် သွားစေခဲ့သည်။ သူတို့သည် အမှန်တကယ်ပင် တိုက်ပွဲဘောလုံးနှင့် ယှဉ်ပြိုင်ခဲ့ကြသည်။
နောက်ဆုံး၌ သန္ဓေပြောင်း မဟာနတ်ဆိုး၏ ဘူဘိုဝါအဖွဲ့က အားဒီလိတ် တော်ဝင်မိသားစုအဖွဲ့ကို ၃ : ၁ ဖြင့် အနိုင်ရရှိခဲ့သည်။
အတိအကျေပြောရမည်ဆိုလျှင် သွေးရောင်အင်ပါယာ၏ တိုက်ပွဲဘောလုံး စံနှုန်းမှာ အတော်လေး သာမန်ဆန်လှပြီး သူတို့၏ နည်းစနစ်များမှာ ကြမ်းတမ်းလှသည်။ သို့သော် သွေးရောင်အင်ပါယာ ကစားသမားများက အတော်လေး ကြံ့ခိုင်ပြီး စိတ်အားတက်ကြွ နေကြသည့်အတွက် ဘာမျှမဖြစ်ပေ။ အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာ အဖွဲ့များ၌ လိုအပ်နေသည်မှာ တိုက်ပွဲဘောလုံး စွမ်းရည်များမဟုတ်ဘဲ အစွမ်းထက် ဖိအားများပင် ဖြစ်သည်။ သွေးရောင်အင်ပါယာစစ်တပ်က အင်ပါယာသုံးခုထဲ၌ အစွမ်းထက်ဆုံး ဖြစ်နေသည်မှာ ဤသည်က သက်သေပင် ဖြစ်လေသည်။
လေ့ကျင့်ရေးကွင်းပြင်ထဲ၌ စိတ်လှုပ်ရှားနေကြသော မြင်ကွင်းများကို ကြည့်ခြင်းအားဖြင့် သွေးရောင်အင်ပါယာ၌ တိုက်ပွဲဘောလုံး၏ ကျော်ကြားမှုမှာ ထင်ထားသည်ထက် ပိုမြင့်မားနေသည်။ သွေးရောင်အင်ပါယာကလည်း ကျွမ်းကျင်အဆင့် တိုက်ပွဲဘောလုံးကွင်း အများအပြား ဖွင့်လှစ်ထားခဲ့သည်။ ပြိုင်ပွဲကျင်းပသော နေရာလည်း စံနှုန်းနှင့် ကိုက်ညီသည်။ သူတို့က အတော်လေး အားစိုက်ထုတ်ထားပုံရသည်။ တိုက်ပွဲဘောလုံးအတွက်မူ အမှောင်လမှ စျေးကြီးကြီး ပေးပြီးမှသာ ဝယ်ယူ၍ ရနိုင်သည်။
ချန်လွေ့က သွေးရောင်အင်ပါယာ၌ တိုက်ပွဲဘောလုံး စတိုးဆိုင်ဖွင့်မဖွင့် စဉ်းစားနေစဉ် ကွင်းပြင်ထဲရှိ မတိုးသာမဆုတ်သာအခြေအနေ ပြောင်းလဲသွားခဲ့သည်။ ဘူဘိုဝါ၏ [ မီးတောက်ပိုင်နက် ] သိသိာသာ လျော့ကျသွားပြီး အားဒီလိတ်၏ ခန္ဓာကိုယ်မှ အနက်ရောင်ပိုးမျှင် အများအပြား ထွက်လာကာ ဘူဘိုဝါကို ရစ်ပတ်လိုက်သည်။
အားဒီလိတ်က ယခင်တိုက်ပွဲတွင် ဘူဘိုဝါကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ပွဲ၌ သူ ရှုံးနိမ့်၍ မရနိုင်ပေ။ သူ၏ကိုယ်ပိုင်စွမ်းအားက အနည်းငယ် သာလွန်သည့်အပြင် သူ့တွင် မန်မွန်မိသားစု၏ သွေးမျိုးဆက် ပါရမီများဖြစ်သော [ ဒုစရိုက် အလင်း ] နှင့် [ အမှောင်ကျွမ်းကျင်မှု ] ရှိနေသည်။ ထို့ကြောင့် သူက အနိုင်ရရှိရန် စိတ်ပိုင်းဖြတ်ထားလေသည်။
[ ဒုစရိုက်အလင်း ] သည် ပြိုင်ဘက်များကို အားနည်းစေသော ပါရမီတစ်ခု ဖြစ်သည်။ ၎င်းသည် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [ စစ်ရုပ်သေး ] ကိုပင် အတိုင်းအတာ တစ်ခုအထိ ချုပ်တည်းနိုင်သည်။ ထိုပါရမီစွမ်းအားမှ ဖန်တီးထားသော ပိုင်နက်အတွင်း၌ ဘူဘိုဝါ၏ စွမ်းအား တင်းတင်းကြပ်ကြပ် ဖိနှိပ်ခံလိုက်ရသည်။ သူက ထိုအခြေအနေကို ပြောင်းပြန် မလှန်နိုင်တော့ပေ။
တော်ဝင်မိသားစုများသည် တိုက်ခိုက်ရေးတွင် သဘာဝ အားသာချက် ရှိသည်။ သူတို့၏ အလားအလာ အကန့်အသတ်မဲ့ရုံသာမက သွေးမျိုးဆက်ပါရမီ အမျိုးမျိုးလည်း ရှိကြသည်။ ၎င်းတို့နှင့်ယှဉ်လျှင် ကျန်ရှိသော နတ်ဆိုးများမှာ အားနည်းချက်များနှင့် ကြုံတွေ့နေရလေသည်။
ချန်လွေ့၏စိတ် အနည်းငယ် ရွေ့လျားသွားခဲ့သည်။ သူ၏အမြင်၌ ဘူဘိုဝါ၏ စွမ်းအား နိမ့်ကျသည်ကို မြင်နိုင်သည်။ သို့သော်လည်း သူသည် ခပ်မြန်မြန် ရှုံးနိမ့်သွားမည် မဟုတ်ပေ။ သူ့တွင် အခြား အကြံအစည်တစ်ခု ရှိရပေမည်။
အမှန်ပင်။ အားဒီလိတ်၏ အနိုင်လက်မှတ် လက်ထဲရောက်နေစဉ် အက်ကွဲသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်းကင်ထက်ရှိ အနက်ရောင်ပိုးမျှင်များ မီးလောင်သွားကြသည်။ မီးတောက်များက အနက်ရောင်အစုအဝေးထဲ၌ တောက်လောင် နေပြီး တလက်လက်ဖြစ်နေသော ပုံရိပ်တစ်ခုက လျှပ်စီးသဖွယ် အားဒီလိတ်ထံသို့ ပြေးဝင်လာသည်။ အားဒီလိတ်က ပြင်းထန်သော ကပ်ဘေးတစ်ခုကို ခံစားလိုက်ရပြီး အော်ဟစ်ကာ ဘူဘိုဝါအား လက်သီးမှ အနက်ရောင်အလင်းများ ထုတ်လွှတ်ကာ ပစ်ထည့်လိုက်သည်။
ဘူဘိုဝါ ရုတ်တရက် ပျောက်ကွယ်သွားပြီး အားဒီလိတ်ကို ဖြတ်ကျော်သွား သကဲ့သို့ပင် သူ၏ရန်သူ နောက်ဘက်၌ ပေါ်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရောင်လျှံအားလုံး တစ်ချိန်တည်း ပျောက်ကွယ်သွားကြကာ ကောင်းကင်ထက်၌ ရပ်နေသော ပုံရိပ်နှစ်ခုသာ ကျန်ရစ်နေတော့သည်။
အားဒီလိတ်က တဖြည်းဖြည်းလှည့်ပြီး ဘူဘိုဝါအား အေးစက်စက် ကြည့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် တစ်ချက်လှုပ်သွားကာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ သွေးအန်လိုက်သော်လည်း မတ်မတ်ရပ်နေကာ အသံနက်ဖြင့် ပြောလိုက်သည်။ “ငါ့ပိုင်နက်ထဲ၌ အားနည်းချက် အတိအကျကို မင်း ရှာတွေ့သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက ရှုံးနိမ့်ဟန်ဆောင်ပြီးတော့ မင်းရဲ့အသက်ဓာတ်ကို လောင်ကျွမ်းခံ တိုက်ခိုက်ဖို့ မတုံ့ဆိုင်းခဲ့ဘူး။ ကံဆိုးချင်တော့ မင်း တွက်ချက်တာ တစ်ခု မှားနေတယ်။ အဲဒါကတော့ ငါက [ မသေမျိုးခန္ဓာ ] နိုးထသွားပြီ။”
[ မသေမျိုးခန္ဓာ ] ဆိုသည်မှာ မန်မွန်မိသားစု၏ သွေးမျိုးဆက် ပါရမီ သုံးခုထဲမှ တစ်ခု ဖြစ်သည်။ အမြင့်ဆင့်အဆင့်သို့ ရောက်ရှိလျှင် မသေမျိုး ဖြစ်နိုင်သည်ဟု ပြောကြသည်။ ၎င်းသည် ချဲ့ကားခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါက မန်မွန် တော်ဝင်မိသားစုများထဲ၌ မသေမျိုး မကောင်းဆိုးဝါးများ ပြည့်နှက်နေပေလိမ့်မည်။ မသေမျိုးခန္ဓာသည် ခံနိုင်ရည်နှင့် ဖြည့်တင်းစွမ်းရည်ကို ကြီးကြီးမားမား တိုးမြှင့်ပေးပြီး သာမန်ကျိန်စာများ၊ အဆိပ်များအပေါ် ခုခံနိုင်မှု ပေးစွမ်းသည်။ ၎င်းကို လူအများက သိကြသည်။ ၎င်းသည် အလွန်အသုံးဝင်သော သွေးမျိုးဆက်ပါရမီတစ်ခုဖြစ်သည်ဟု ပြော၍ရနိုင်သညင်။ သို့သော် [ အမှောင်ကျွမ်းကျွင်မှု ] နှင့် [ ဒုစရိုက်အလင်း ] တို့နှင့် ယှဉ်လျှင် ထိုပါရမီ နိုးထရန်အတွက်မှာ အတော်လေး ပို၍ခက်ခဲလှသည်။
ဘူဘိုဝါ၏ ဒွါရ ၇ပေါက်မှ သွေးများ စီးယိုလာသည်။ သူက ပြင်းထန်သော အားယုတ်မှုတစ်ခု ခံစားလိုက်ရပြီး ခန္ဓာကိုယ် တုန်ခါသွားသည်။ သူက အတတ်နိုင်ဆုံး ထိန်းထားပြီး လဲမကျအောင် ပြုလုပ်လိုက်သည်။ အသက်ဓာတ်ကို လောင်ကျွမ်းခြင်းမှာ ရယ်စရာ မဟုတ်ပေ။ သူ၏စွမ်းအားသည် အားဒီလိတ်ထက် အားနည်းကြောင်း သူသိသည်။ ထို့ကြောင့် ထိုကဲ့သို့ အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကံဆိုးစွာပင် ရန်သူ၌ [ မသေမျိုးခန္ဓာ ] နိုးထနေမည်ဟု မထင်ထားမိခဲ့ပေ။ ထို့ပြင် သူသည် အားဒီလိတ်ကို တစ်ချက်တည်းဖြင့် အလဲမထိုးနိုင်တော့ပေ။
“ငါ ရှုံးတယ်။” ဘူဘိုဝါ အရှုံးပေးပြီး စကားနှစ်လုံးကို အင်အားစိုက်ထုတ်၍ ပြောလိုက်သည်။ အမှန်တကယ်၌ သူ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။
လက်ရှိ၌ နှစ်ဖက်စလုံးက တစ်ပွဲစီ အနိုင်ရရှိထားကြသည်။ ထို့ကြောင့် သရေ ဖြစ်နေသည်။ တတိယပွဲ မရှိပေ။ ရိုင်ဇန် ဆုံးဖြတ်သည့်အပေါ်၌သာ မူတည်သည်။ လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားကြပြီး လူတိုင်းနီးပါး၏ မျက်လုံးများက အန္တိမဧကရာဇ်ပေါ်သို့ ရောက်ရှိသွားကြသည်။
“အကြွင်းမဲ့စွမ်းအားအရှေ့မှာ ဘယ်လောက်ပါးနပ်တဲ့ အကြံအစည်ပဲဖြစ်ဖြစ် အချည်းနှီးပဲ။” ရိုင်ဇန်၏ အားပျော့သောအသံက ပရိတ်သတ်များကြားထဲသို့ ပျံ့နှံ့သွား၏။ “ဒီတစ်ခေါက် တတိယ ဗိုလ်ချုပ်တိုက်ပွဲမှာ အားဒီလိတ် အနိုင်ရတယ်။”
အင်ပါယာ၏ ဗိုလ်ချုပ်တစ်ဦးအတွက် အရေးအပါဆုံးမှာ ကိုယ်ပိုင်စွမ်းအား မဟုတ်ဘဲ စစ်ပွဲအတွင်း စစ်တပ်ကို ဦးဆောင်ထိန်းချုပ်ရန် နည်းလမ်းများ ဖြစ်သည်။၊ ပုံမှန်အားဖြင့် ဗိုလ်ချုပ်များက စစ်ပွဲအတွင်း အခြေအနေ အကြမ်းဖျဉ်းကို ထိန်းချုပ်ရာ၌ အဓိက ဖြစ်သည်။ သူတို့သည် ကိုယ်တိုင် ဝင်တိုက်၍ မရပေ။ သူတို့တွင် အထူး စွမ်းရည်များ ရှိကြသည်။ နည်းဗျူဟာကျွမ်းကျင်ပြီး စွမ်းအားအလွန်ကြီးမားသော ယုံကြည်စိတ်ချရသည့်သူများကို ရှာဖွေရန် ခက်ခဲလှသည်။ ထို့ကြောင့် သာမန် အခြေအနေများ၌ နတ်ဆိုးဘုံ အင်ပါယာသုံးခုရှိ ဗိုလ်ချုပ်များမှာ ကိုယ်ပိုင်စွမ်းအား သိပ်ပြီး မထူးချွန်လှပေ။ သူတို့အားလုံးမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းနှင့် နတ်ဆိုး အရှင်သခင်အဆင့် ကနဦးပိုင်းတို့ ဖြစ်ကြသည်။
မဟာရိုင်ဇန်က စစ်နည်းဗျူဟာနှင့် စစ်တပ်ကို အမိန့်ပေးရန် အားနည်းပြီး ကိုယ်ပိုင် စွမ်းအား ကောင်းမွန်သော အားဒီလိတ်ကို ရွေးချယ်ခဲ့သည်။ ၎င်းသည် အလွန်ပင် အကြောင်းအကျိုး မသင့်သော်လည်း ဘူဘိုဝါကိုယ်တိုင် အပါအဝင် လူတိုင်းက “အကြောင်းအကျိုးမသင့်သော” အရာတစ်ခုခုကို မခံစားကြရပေ။ အကြောင်းမှာ ၎င်းသည် မဟာရိုင်ဇန်၏ ဆုံးဖြတ်ချက် ဖြစ်ခြင်းကြောင်းပင်။
ဤသည်မှာ အစွမ်းထက်ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။
ဘူဘိုဝါက သက်ပြင်းချပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။ အမှန်တကယ်၌ အားဒီလိတ်ကို ရှုံးနိမ့်ပြီးနောက် သူ၏ရလာဒ်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ၎င်းမှာ ဧကရာဇ်၏ စွမ်းအားအပေါ် အားပေးခြင်းအပြင် အားဒီလိတ်က သွေးရောင်အင်ပါယာ၏ တော်ဝင်မိသားစုမှ ဖြစ်ခြင်းကြောင့်လည်း ဖြစ်သည်။ အားဒီလိတ်က သူ့ကဲ့သို့ သန္ဓေပြောင်း မဟာနတ်ဆိုး မယှဉ်နိုင်သော အချို့အပိုင်း၌ အသားစီးရရှိရန် ကံကြမ္မာ ရှိနေလေသည်။
အင်ပါယာ၏ ဗိုလ်ချုပ်၃ဦးတွင် ပထမဗိုလ်ချုပ် ဂူစတက်ဗ်က ဆမ်မြူရယ် တော်ဝင်မိသားစုကို သစ္စာခံခဲ့ပြီး ဒုတိယဗိုလ်ချုပ် မိုင်စတာက အလွန်ပင် လျို့ဝှက် ဆန်းကြယ်လှသည်။ ပုံမှန်အားဖြင့် သူ မည်သည့်နေရာ၌ ရှိနေသည်ကို လျို့ဝှက်ထား၏။ အခြားသူများက အမိန့်ပြန်ရန်နှင့် တပ်သားလေ့ကျင့်ရန် ပြုလုပ်ပေးကြသည်။ အထူးတာဝန် မဟုတ်လျှင် သူ ပေါ်ထွက်လာမည် မဟုတ်ပေ။ မဟာရိုင်ဇန်မှလွဲ၍ ထိုသူ၏ မျက်နှာအမှန်ကို မည်သူမှ မတွေ့ဖူး ဟူ၍လည်း ပြောကြသည်။
မန်မွန်တော်ဝင်မိသားစုဝင်ဖြစ်သော တတိယဗိုလ်ချုပ်နေရာကို ယူထားလျှင် ပို၍ သင့်တော်ပေလိမ့်မည်။ ဘူဘိုဝါက လူတိုင်းအရှေ့၌ အငြင်းပွားစရာမဖြစ်ဘဲ ၂ပွဲစလုံး အနိုင်မရရှိခဲ့လျှင် ဗိုလ်ချုပ်ရာထူးမှာ သူ့အတွက် လက်လှမ်းမီတော့မည် မဟုတ်ပေ။
ဘူဘိုဝါ စိတ်ပျက်သွားခဲ့သည်။ သို့သော်လည်း သူ စိတ်အပူဆုံးမှာ နောက်တစ်ခု ဖြစ်သည်။ အားဒီလိတ်က တော်တော်လေး တွက်ချက်တဲ့သူပဲ။ ဒီနေ့ ငါသူ့ကို အရှုံးနဲ့ ပြန်ရအောင် လုပ်မိလုနီးပါး ဖြစ်သွားခဲ့တယ်။ ငါစိုးရိမ်တာက အနာဂတ် တတိယဗိုလ်ချုပ်လက်အောက်က သွေးလှိုင်းဗိုလ်ခြေထဲ ငါ့ရဲ့နေရက်တွေက ကြမ်းတမ်း နေမှာကိုပဲ။
ထိုအချိန်၌ ရိုင်ဇန်ဘေးမှ ညင်သာသော အသံတစ်သံ ထွက်လာသည်။ “ခမည်းတော်။ စစ်ဗျူဟာနဲ့ စစ်တပ်ကို အမိန့်ပေးတာ ကျွမ်းကျင်တဲ့ ဆာ-ဘူဘိုဝါက လေးနက်တဲ့အမြင်တစ်ခု ချန်ထားခဲ့တယ်။ ဗိုလ်ချုပ် ဂူစတက်ဗ်ရဲ့ ဒေါသမီးလျှံဗိုလ်ခြေမှာ လိုအပ်နေတာက စစ်ဗျူဟာပညာရှင် တစ်ယောက်ပဲ။ သားတော် သူ့ကို တာဝန်ပေးဖို့ အကြံပြုချင်ပါတယ်။ ခမည်းတော် လက်ခံပေးနိုင်မလား မသိဘူး။”
စကားပြောလိုက်သူမှာ မင်းသားငယ်လေး တဲရစ် ဖြစ်သည်။ ဘူဘိုဝါက အားဒီလိတ် တတိယဗိုလ်ချုပ် ဖြစ်သွားလျှင် မိမိကို ပြဿနာရှာမည် စိုးသည့်အတွက် အားဒီလိတ်ကို ရှောင်ရန် ပထမဗိုလ်ချုပ် ဂူစတက်ဗ်၏ ဒေါသမီးလျှံ ဗိုလ်ခြေသို့ သွားနိုင်ကြောင်း ကြားသည့်အခါ အလွန်အမင်း စိတ်ပါနေခဲ့သည်။ သို့သော်လည်း မထုတ်ပြရဲခဲ့ပေ။
ဒုတိယမင်းသာ အက်မန်းက မျက်မှောင်ကြုတ်ပြီး ပြောသည်။ “ခမည်းတော်။ ဘူဘိုဝါက သွေးလှိုင်းဗိုလ်ခြေမှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ပြီးတော့ ဗိုလ်ခြေ ကိစ္စတွေအားလုံးနဲ့ ဝန်ထမ်းတွေအားလုံးကို သိတယ်။ အခုဆို အားဒီလိတ်က လူသစ် ဖြစ်နေတယ်။ သူက သွေးလှိုင်းဗိုလ်ခြေနဲ့ မရင်းနှီးဘူး။ ဘူဘိုဝါက အားဒီလိတ်ကို ကူညီဖို့အတွက် သွေးလှိုင်းဗိုလ်ခြေမှာ ဆက်နေမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်တယ်။”
သွေးလှိုင်းဗိုလ်ခြေမှာ ဗိုလ်ခြေ၃ခုထဲမှတစ်ခုဖြစ်ပြီး အက်မန်း၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်ရှိ စစ်တပ်အင်အားစုတစ်ခု ဖြစ်သည်။ ပထမဗိုလ်ချုပ် ဂူစတက်ဗ်က မင်းသားကြီး အဲလီးရက်စ်နှင့် မပေါင်းစည်းထားသော်လည်း ဂူစတက်ဗ်က တဲရစ်နှင့် ရင်းနှီးသည်။ တဲရစ်ကလည်း အဲလီးရက်စ်နှင့် ရင်းနှီး၏။ အက်မန်းက ဘူဘိုဝါကဲ့သို့ အရည်အချင်းရှိသူအား “ရန်သူ” အင်အားစုထဲ ရောက်သွားမည်ကို မကြည့်နေနိုင်ပေ။
အက်မန်း၏ စကားများက ဘူဘိုဝါကို ပိုမိုခါးသီးသွားစေသည်။ သူသည် စစ်တပ်ရေးရာ၌ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ယခုတွင် သူ၏ ကံကြမ္မာကို မထိန်းချုပ်နိုင်တော့ပေ။
တဲရစ်က အက်မန်းက လျစ်လျူရှုပြီး သားအငယ်ဆုံးကို ဖျပ်ခနဲ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “တဲရစ်။ မင်းက နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်သွားတာလား။”
ထိုစကား ထွက်လာသည်နှင့် ပရိသတ်များအားလုံး တဲရစ်ကို အာရုံစိုက်လိုက်သည်။ မဟာနတ်ဆိုးဘုရင်အဆင့်မှာ လှည့်ပတ်သွားနေတဲ့ ပါရမီရှင်မင်းသားက နောက်ဆုံးတော့ တစ်ဆို့မှုကို ချိုးဖျက်နိုင်သွားပြီ။ ဒီလိုနဲ့ အားနည်းဆုံး မင်းသားကလည်း နတ်ဆိုး ဧကရာဇ်အဆင့်ကို ရောက်သွားခဲ့ပြီ။
မင်းသားများက တဲရစ်အား အနည်းငယ် သတိထားသော အကြည့်များ၊ မကြင်နာသော အကြည့်များဖြင့် ကြည့်လိုက်သည်။ တခြားနယ်ပယ်တွေမှာ တော်တော်လေး ထူးချွန်တဲ့ ဒီပါးနပ်တဲ့ ညီလေးက လေ့ကျင့်ရေးပါရမီမှာတော့ အကန့်အသတ် ရှိတယ်။ သူက မဟာနတ်ဆိုးဘုရင်အဆင့်မှာ တစ်နေတာ နှစ်တွေ အတော်ကြာပြီ။ ဒါပေမဲ့ အခု သူက နတ်ဆိုးဧကရာဇ်အဆင့်ကို တိတ်တိတ်လေး ရောက်သွားခဲ့တယ်။ ကြည့်ရတာ ငါတို့တွေ သူ့ကို ပိုပြီး သတိထားရတော့မယ့်ပုံပဲ။
အဲလီးရက်စ်နှင့် အက်မန်းတို့သာ မစိုးရိမ်ကြပေ။ တဲရစ်၏ လေ့ကျင့်ရေး ပါရမီကို အများက သိကြသည်။ အချိန်အတော်ကြာပြီးမှသာ သူက နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိလာကြသည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့်နှင့် အတော်လေး ဝေးကွာ နေသေးသည်။ ထို့ကြောင့် ထိုအပိုင်း၌ သူသည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။
အထူးသဖြင့် တဲရစ်နှင့် မိခင်တူသော အဲလီးရက်စ်က အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ တဲရစ် ပိုအစွမ်းထက်လာလျှင် သူ၏ အကူအညီ ပိုမိုကောင်းမွန် လာခြင်းသာ ဖြစ်သည်။ ၎င်းမှာ သူ့အတွက် အကျိုးရှိလှပေသည်။
ထိုသတင်းကို ကြားပြီးနောက် ချန်လွေ့၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်း သွားသည်။ တဲရစ်က ဒီတစ်ခေါက် အဆင့်တက်သွားတာလား။ ဒါက “တိုက်ဆိုင်တာ” တော့ မဟုတ်လောက်တော့ဘူး။
ဂူစတက်ဆိုတဲ့ “ဘရေ့ဂက်”၊ ရေဒြပ်စင်ဘုရင်ရဲ့စကားထဲက “တစ်ဆို့မှုကို ချိုးဖောက်ဖို့အတွက် အမှောင်စွမ်းအား လိုအပ်နေတဲ့ တစ်စုံတစ်ယောက်”၊ တဲရစ်က နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်သွားတာ.......။ ထိုအဓိကသော့ချက်များက ချန်လွေ့၏ စိတ်ထဲ၌ တဖြည်းဖြးည်း ရှင်းလင်းလာခဲ့သည်။
တိုက်ဆိုင်မှုတွေ များလွန်းရင် တကယ် တိုက်ဆိုင်မှုတွေ မဟုတ်တော့ဘူး။
တဲရစ်က တည်တည်ငြိမ်ငြိမ် ပြုံးနေလျက်ပင်ဖြစ်ပြီး အရိုအသေပြုကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ခမည်းတော်က အမြင်စူးရှတာပဲ။ သိပ်မကြာခင်ကမှ အပြင်ကနေ သားတော် ပြန်ရောက်လာခဲ့တာ။ ခမည်းတော်ကို ပြောပြဖို့ အချိန် မရှိခဲ့ဘူး။”
“သိပ်ကောင်းတယ်။” ရိုင်ဇန်က အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒါဆို မင်း တောင်းဆိုတာကို ငါ ဖြည့်ဆည်းပေးမယ်။”
ရိုင်ဇန်၏လေသံအရ ထို “မသက်ဆိုင်သော” တောင်းဆိုချက်ကို သဘောတူ ခဲ့ခြင်းမှာ တဲရစ်က နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း အက်မန်းက အနည်းငယ်မျှ သဘောမတူကြောင်း မဖော်ပြရဲပေ။ အကြောင်းမှာ ရိုင်ဇန်က တစ်ခုခု ဆုံးဖြတ်ပြီးသည်နှင့် မည်သို့မှ ပြောင်းလဲမည် မဟုတ်သောကြောင့်ပင်။
ဘူဘိုဝါက သက်ပြင်းချလိုက်ပြီး တဲရစ်အား ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
ထိုအချိန်၌ သွေးလှိုင်းဗိုလ်ခြေ၏ အရေးအပါဆုံးကျောရိုးက ဒေါသမီးလျှံဗိုလ်ခြေသို့ ရွှေ့ပြောင်းသွားခဲ့သည်။ ၎င်းသည် အက်မန်းကို အားနည်းသွားစေပြီး အဲလီးရက်စ်ကို အင်အားတိုးသွားစေခဲ့သည်။ မင်းသားများကလည်း ထိုကဲ့သို့ ထူးချွန်သော ညီတော် တစ်ယောက် ရှိနေသည်ကို မနာလိုသွားကြဟန်တူသည်။ ထိုညီအစ်ကိုများ ပေါင်းစည်း လိုက်လျှင်ပင် သူ၏ပြိုင်ဘက်ဖြစ်ရန် ခက်ခဲနေသေးသည်။
ချန်လွေ့က မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့သည်။ အဇ်ဂါလော အမှောင်လကို လာပြီးတော့ ငါ့ကိုစည်းရုံးတုန်းက သွေးရောင်အင်ပါယာရဲ့ ရွက်နီ ကုန်သည်ကြီးများ အသင်းနာမည်ကို ပြောခဲ့တယ်။ မင်းသားကြီး အဲလီးရက်စ်က ရွက်နီ ကုန်သည်ကြီးများ အသင်းနောက်မှာ ရှိတယ်လို့လည်း သူပြောခဲ့တယ်။ ဒါဆို “သွေးမြေကျ”ရဲ့ လျို့ဝှက် ဆန်းကြယ်တဲ့ခေါင်းဆောင်က သွေးရောင်အင်ပါယာရဲ့ မင်းသားကြီး အဲလီးရက်စ်လား။
ချန်လွေ့က ချက်ချင်းပင် ထိုအမြင်ကို ပယ်ချလိုက်သည်။ အဲလီးရက်စ်က နတ်ဆိုးအရှင်သခင်အဆင့် ရောက်နေပေမဲ့ အဇ်ဂါလောနဲ့ မာနူတို့နဲ့ အများကြီးကွာတယ်။ ပြီးတော့ သလင်းကျောက်နဂါး ယာကော့ဗ်လိုမျိုး သောင်းကျန်းတဲ့ အဖွဲ့ဝင်တွေလည်း ရှိတယ်။ အဲဒီလူတွေကို အဲလီးရက်စ်ရဲ့ စွမ်းအားတစ်ခုတည်းနဲ့ ဖိနှိပ်ဖို့ မဖြစ်နိုင်ဘူး။ နတ်ဆိုးအရှင်သခင်အဆင့် ထပ်သီးပိုင်းတွေကို ဖိနှိပ်နိုင်တာက......
ချန်လွေ့၏မျက်လုံးများက အဝေးမှ ပလ္လင်ဘက်သို့ ရောက်သွားသည်။ ဧကန္တ....
“သူ”သာဆိုရင်တော့ သံသယအချို့ကို ပြေလည်သွားစေနိုင်တယ်။ ဒါပေမဲ့ နောက်ထပ် သံသယတချို့ ရှိနေသေးတယ်။ ချန်လွေ့ ခေါင်းကိုက်သွား၏။ ထိုအချိန်၌ မင်းသားကြီး အဲလီးရက်စ်က အားဒီလိတ်ကို အင်ပါယာ၏ တတိယဗိုလ်ချုပ်၊ သွေးလှိုင်းဗိုလ်ခြေ ခေါင်းဆောင်အဖြစ် တရားဝင် ကြေညာခဲ့သည်။ ရိုင်ဇန်ကလည်း အားဒီလိတ်ကို သက်ဆိုင်ရာ ဆုတံဆိပ်နှင့် ဓားမော့တစ်ချောင်း ကိုယ်တိုင် ဆုချသည်။
ဒုတိယမင်းသား အက်မန်းကလည်း ပြင်ဆင်ထားသည်မှာ အတော်ကြာပြီဖြစ်သော သွေးရောင်အင်ပါယာ၏ ကုန်စည်ပြပွဲအကြောင်းကို ကြေညာခဲ့သည်။ ၎င်းကို ၂ရက်အတွင်း တရားဝင် စတင်မည် ဖြစ်သည်။
အမှောင်လ လေလံပွဲနှင့် ကုန်စည်ပြပွဲတို့၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေမည်။ သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့က တစ်ချိန်တည်းမှာပင် လေလံပွဲများ ကျင်းပခဲ့ကြသည်။ သွေးရောင်အင်ပါယာ၏ ကုန်စည်ပြပွဲ စတင်တော့မည် ဖြစ်သည်။
ထိုကုန်စည်ပြပွဲအကြောင်းအား တက်စ်ပြောခဲ့သည်ကို ချန်လွေ့ ကြားခဲ့ရသည်။ ၎င်းသည် အတော်လေး ကြီးမားခမ်းနားပုံရသည်။ ထို့ကြောင့် ချန်လွေ့သည် ဆက်ခ်ရက်တောင်နှင့် သြဇာယွမ်မြေ အကြောင်း စုံစမ်းရန် ထိုအခွင့်အရေးကို အသုံးချ၍ ရနိုင်ပေသည်။