အလှည့်အပြောင်း
Vol. 29 Ch. 421
ချန်လွေ့ အလျင်အမြန် စဉ်းစားပြီး ပင့်သက်ရှိုက်ကာ ပါ့ဂ်လီအိုကို ပြောလိုက်သည်။ “ခင်ဗျား အသီနာနဲ့အရင် ထွက်သွားလိုက်။”
ယခုတွင် စစ်မြေပြင်တစ်ခုလုံးကို အမှောင်ဒြပ်စင်ကောင် အင်အားစုများက ဝိုင်းရံလိုက်ပြီ ဖြစ်သည်။ စစ်တပ်တစ်ခုလုံး ပိတ်မိနေ၏။ ပါ့ဂ်လီအိုက နတ်ဆိုး အရှင်သခင်အဆင့် ၃ယောက်ကို အသည်းအသန် တားဆီးထားလျှင်ပင် ချန်လွေ့သည် လက်ရှိအင်အားဖြင့် အခြားသူများအား ထိုပိတ်ဆို့မှုကို ဖောက်ထွက်ရန် ဦးဆောင်နိုင်မည် မဟုတ်ပေ။
[ ကြယ်တာရာဂိတ် ] က သူ့ကို အမှာင်လရှိ စမှတ်သို့ ပြန်ရောက်အောင် ပြုလုပ်ပေးနိုင်သည်။ သို့သော်လည်း ချန်လွေ့တစ်ယောက်တည်းသာ [ ကြယ်တာရာဂိတ် ] ကို ဖြတ်သန်းနိုင်၏။ အသီနာကို ခေါ်မသွားနိုင်ပေ။
တစ်ယောက်မှ ရန်သူကို မထိန်းထားဘဲ လွတ်မြောက်ရန် ပါ့ဂ်လီအိုကို ဦးဆောင်ခိုင်းမည်ဆိုလျှင် အဆိပ်နဂါးကို ဝန်ပိရုံသာ ဖြစ်စေနိုင်ပြီးနောက် အားလုံး ဒုက္ခ ရောက်သွားကြပေမည်။
ချန်လွေ့၏ လက်ထဲ၌ နောက်ထပ်အရာတစ်ခု ရှိနေသည်။ ၎င်းမှာ ဇီရေးပင် ဖြစ်သည်။ ဇီရေး၃လုံးအနက် တစ်လုံးကို ကြယ်ကြွေတမန်မြို့တော်ရှိ အကျဉ်းခန်း၁၃တွင် အသုံးပြုခဲ့သည်။ တစ်လုံးကို ဘရော့ခ်အား ဖြေရှင်းရန် အသုံးပြုခဲ့ပြီး ယခုတွင် တစ်လုံး ကျန်နေသေးသည်။
ဇီရေးက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ပုဂ္ဂိုလ်များအတွက် မည်မျှ အသုံးဝင်မည်နည်း။ ချန်လွေ့ မသိပေ။ စွမ်းအားကွာခြားချက် ကြီးမားလွန်းသည်ကိုသာ သူသိသည်။ ဒါက နောက်ဆုံး အားကိုးရာပဲ။ ပါ့ဂ်လီအိုနဲ့ အသီနာတို့ကို ထွက်သွားဖို့ ကာကွယ်ပေးပြီးရင် ငါအခွင့်အရေးကိုအသုံးပြုပြီး [ ကြယ်တာရာဂိတ် ] ကနေ ထွက်ပြေးလို့ ရကောင်းရနိုင်တယ်။ ဒီလိုအသက်ရှင်ဖို့ အခွင့်အရေးက သုညပဲ ဖြစ်နိုင်တယ်။ အများဆုံး သန်းတစ်ထောင်ပုံ တစ်ပုံပဲ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ စမ်းကြည့်ရမယ်။
“ဟမ့်။ အခု မင်းလိုလူမျိုးက အစွမ်းထက်တဲ့သူလို ဟန်ဆောင်ဖို့ အချိန်မဟုတ်ဘူး။ မင်းသေလို့ မရဘူး။ မဟုတ်ရင် ငါလည်း....” ပါ့ဂ်လီအိုက သဟဇီဝစာချုပ်အကြောင်း ပြောချင်ခဲ့သည်။
ဤနေရာ၌ ချန်လွေ့ သေသွားခဲ့လျှင် ပါ့ဂ်လီအို ကိုယ်တိုင်လည်း အသက်ရှင်မည် မဟုတ်ပေ။
သို့သော်လည်း အဆိပ်နဂါး စကားမပြောပြီးခင်မှာပင် သူ၏စိတ်ထဲရှိ အဆက်အသွယ်တစ်ခု ပြတ်တောက်သွားကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သဟဇီဝစာချုပ် ပြတ်တောက်သွားပြီ။
သူ၏ လုပ်ဖော်ကိုင်ဖက်တွင် မယုံနိုင်စရာ စွမ်းရည်များရှိသော “မဟာဆရာသခင် အမွေအနှစ်”ရှိကြောင်း သိသော်လည်း စာချူပ်ကို ဖြတ်တောက်နိုင်သည့် စွမ်းရည်မျိုး ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။ ဒဏ္ဍာရီလာ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်များသာ စာချုပ်ကို ကျော်လွန်နိုင်သောစွမ်းအား ရှိကြသော်လည်း သူတို့သည် အမျိုးမျိုးသော ကန့်သတ်မှုများအောက်တွင် ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ချန်လွေ့သည် သဟဇီဝ စာချုပ်ကို အမှန်တကယ်ပင် ရိုးရိုးရှင်းရှင်း ပယ်ဖျက်ခဲ့သည်။
ကံဆိုးစွာပင် သူ၏စွမ်းအားမှာ နတ်ဘုရား-တစ်ပိုင်း မဟုတ်ပေ။
“ထွက်သွားတော့။” ချန်လွေ့တွင် လှိုက်လှိုက်လှဲလှဲ စကားလုံးများ မရှိပေ။ သူက စကားတစ်လုံးကိုသာ တည်တည်ငြိမ်ငြိမ် ပြောခဲ့သည်။ သူက သူ၏ လုပ်ဖော်ကိုင်ဖက်အား ထပ်တွေ့နိုင်မနိုင် မသိတော့ပေ။ သို့သော် သူလုပ်မည့်အရာကို နောင်တရမည် မဟုတ်ပေ။ ယခုတွင် စာချုပ်၏ ချုပ်တည်းမှုလည်း မရှိတော့ပေ။ ထို့ကြောင့် ပါ့ဂ်လီအို၏စွမ်းအားဖြင့် ထွက်ပြေးရန်မှာ ပြဿနာ မဟုတ်လောက်တော့ပေ။
ပါ့ဂ်လီအို၏စိတ်ထဲ၌ ရေကန်ပြာမှ စကားဝိုင်းတစ်ခု ပေါ်ထွက်လာသည်။
“ငါ မွေးတုန်းက ဥခွံကလွဲပြီးတော့ ဘာမှ မတွေ့ခဲ့ရဘူး။ ဒီနှစ်တွေထဲ ငါ့မှာ ဘာဆွေမျိုးမှ မရှိခဲ့ဘူး။ ရန်သူတွေပဲ ရှိခဲ့တယ်။”
“မိတ်ဆွေတွေရော။”
“နဂါးတွေက မိတ်ဆွေတွေ မလိုအပ်ဘူး။ အထူးသဖြင့် အဆိပ်နဂါးတွေပေါ့။ နတ်ဘုရားတွေမှာ မိတ်ဆွေတွေရှိတာ မင်းမြင်ဖူးလား။ သူတို့က လေးစားမှုနဲ့ အကြောက်တရားပဲ လိုအပ်တာ။ ဂရုစိုက်မှုတွေ ၊ နားလည်မှုတွေ မလိုအပ်ဘူး။”
“အဲဒါက အရင်တုန်းက ဖြစ်မှာပါ..... ဒါဆိုရင် အခုကရော။”
(အခုက....)
အတိတ်မှ မြင်ကွင်းများက ပါ့ဂ်လီအို၏ခေါင်းထဲ ဖျပ်ခနဲ ပေါ်ထွက်လာသည်။ သူ၏ မျက်လုံးထဲရှိ ထိတ်လန့်မှုများ တည်ငြိမ်သွားခဲ့ပြီးနောက် ရုတ်တရက် ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“မင်းက ငါ့ရဲ့ကျော်ကြားမှုကို လုယူချင်တာလား။ ဆုတောင်းလေ။”
အံ့ဖွယ်ကောင်းသော စကားများ ရှိမနေပေ။ ပါ့ဂ်လီအိုက သူ့ကိုယ်ပိုင်ဟန်ဖြင့် စကားတစ်ခွန်းကို ဖော်ပြခဲ့သည်။ မသွားဘူး။
၎င်းမှာ ဘဲခေါင်းနဂါး၏ ခေါင်းမာသောပုံစံနှင့် ကွက်တိပင် ဖြစ်သည်။
“အိုး။” ရေဒြပ်စင်ဘုရင်က ပုံမှန်ပင် ပြောလိုက်သည်။ “တကယ် အဖိုးတန်ပြီးတော့ မနာလိုစရာကောင်းတဲ့ ရင်းနှီးမှုပဲ။”
“ရင်းနှီးနှီး မနှီးနှီး မင်းတို့အားလုံး ဒီနေ့ဒီမှာ အမြှုပ်ခံရမှာပဲ။” အမှောင်ဒြပ်စင် ဘုရင်၏အသံ ထွက်ပေါ်လာသည်။ ကောင်းကင်သည် ပို၍ပင် နက်မှောင်သွားပြီး အမှောင်ဒြပ်စင်ကောင်များက အဘက်ဘက်မှ စုစည်းလာပြီး အမှောင်လစစ်တပ်နှင့် ချော်ရည်ပြာနယ်မြေစစ်တပ်ကို ဝိုင်းရံလိုက်ကြသည်။ ခေါင်းပေါက်ထွက်သွားသော အယ်ဆာ့ခ်နှင့် ဘရေ့ဂက် တွန်းလိုက်သော အယ်လို့တို့က အဖွဲ့၏ ရှေ့တန်းတွင် ပေါ်ထွက်လာခဲ့ကြသည်။
အယ်ဆာ့ခ်သည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသာ ရှိသေးသော်လည်း ထူးခြားဆန်းကြယ်သော စွမ်းအားများကို ပိုင်ဆိုင်သည်။ သူ၏ခေါင်းကို မြောက်အဏ္ဏဝါက ဖြတ်သန်းသွားသည်နှင့် သူသည် လျို့ဝှက်နည်းစနစ်ကို အချိန်မီ အသက်သွင်းပြီး ဦးနှောက်ကို ဘယ်လက်နှင့် အစားထိုးခဲ့သည်။ ယခုတွင် သူ၏ဘယ်လက် မရှိတော့ပေ။ သို့သော်လည်း သူ၏အသက်မှာ လုံးဝ အန္တရာယ်ကင်းနေသေးသည်။
အဘက်ဘက်မှ ကြောက်မက်ဖွယ်ရာ အမှောင်ဒြပ်စင်ကောင်များနှင့် ရင်ဆိုင်ရသည့်အခါ အမှောင်လနှင့် ချော်ရည်ပြာနယ်မြေမှ စစ်သည်များ၏ မျက်နှာ၌ ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့သည်။ ထိုစစ်ပွဲတွင် မျှော်လင့်ချက် လုံးဝ ရှိမနေပေ။
စစ်သည်များက သီချင်းသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုသီချင်း သံစဉ်မှာ အစပိုင်းတွင် ဝမ်းနည်းစရာကောင်းပြီး ပူဆွေးစရာ ဖြစ်သော်လည်း သေသေချာချာ နားထောင်ကြည့်လိုက်သည့်အခါ ခွန်အားနှင့် ကြံ့ကြံခံသော အရိပ်အယောင်များ ရှိနေသည်။
၎င်းမှာ နာမည်ကျော် အယ်စီဒေါ သီချင်းပင် ဖြစ်လေသည်။ အယ်စီဒေါသည် ယခင် အမျက်အင်ပါယာရှိ မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။ ၎င်းသည် အမျက်ဘုရင် မြို့တော်၏ နောက်ဆုံးအကာအရံလည်း ဖြစ်သည်။ သွေးရောင်အင်ပါယာစစ်တပ်သည် သစ်ကိုင်းခြောက်များကို ချိုးနေသကဲ့သို့ပင် အမျက်အင်ပါယာသို့ အလွယ်တကူ ကျုးကျော်ဝင်ရောက်ခဲ့ပြီး မြို့တော်သို့ လမ်းတစ်လျှောက်လုံးကို အနိုင်ရရှိခဲ့သည်။ သို့သော်လည်း သူတို့သည် ထိုမြို့ငယ်လေး၌ မထင်မှတ်ထားသော နှောင်းနှေးမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ အမျက်တော်ဝင်မိသားစု၏ ပထမဗိုလ်ချုပ် ဆရေးက သွေးရောင် အင်ပါယာ၏ အဓိကအင်အားစုဖြစ်သော စစ်သည် သုံးသိန်း၏ အပြင်းအထန် တိုက်ခိုက်မှုကို လူတစ်သောင်းဖြင့် မယုံနိုင်စရာကောင်းလောက်အောင် ခုခံခဲ့သည်။ သူသည် စစ်ကူမပါဘဲ ၁၀ရက်ကြာ တောင့်ခံထားနိုင်ခဲ့သည်။ နောက်ဆုံး၌ သူတို့သည် အစာရေဆာ ပြတ်လပ်ပြီး အားလုံး သေဆုံးသွားခဲ့ကြသည်။
ဆရေးဆမ်မြူရယ်က နောက်ဆုံးထွက်သက်မတိုင်ခင်အထိ နောက်ဆုံး ခံစစ်ကြောင်းတွင် မြဲမြဲမြံမြံ ရပ်တည်နေခဲ့သည်ဟု ပြောကြသည်။ ဖြတ်သွားသော သွေးရောင်အင်ပါယာစစ်သည်တိုင်းက ရဲစွမ်းသတ္တိပြည့်ဝသော သူရဲကောင်း၏ အလောင်းကို မထိခဲ့ကြဘဲ ကွေ့ရှောင်သွားခဲ့ကြသည်။
သွေးရောင်အင်ပါယာ အရှင်သခင်သည်ပင် ထိုစဉ်က ရင်ထဲထိသွားခဲ့ပြီး ဆရေးအတွက် ကြေးရုပ်ထုတစ်ခု ကိုယ်တိုင်ပြုလုပ်ခဲ့သည်။ ၎င်းကို ယခုတွင် သွေးရောင်အင်ပါယာ၏ ပိုင်နက် ဖြစ်သွားပြီဖြစ်သော အယ်စီဒေါ မြို့ငယ်လေး၌ သိမ်းထားဆဲပင် ဖြစ်သည်။
စစ်မှန်သော သူရဲကောင်းတစ်ယောက်ကို ရန်သူများကပင် လေးစားကြ၏။
နောက်ပိုင်းမျိုးဆက်များက ဆရေး၏ ရဲရင့်မှုအား အမှတ်တရဖြစ်စေရန်အတွက် “အယ်စီဒေါ သီချင်း”ကို ရေးစပ်ခဲ့ကြသည်။။
အသီနာက ဝတ်ရုံနှင့်လူကို ကြည့်နေရင်း ထိုသီချင်းကို ညည်းနေခဲ့သည်။ သူသည် ကြောက်လန့်မနေပေ။ အေးချမ်းမှုသာ ရှိသည်။
ထိုသူက မိမိကို လက်လျှော့လိမ့်မည်မဟုတ်ကြောင်း အသီနာ သိသည်။ အမှန်တကယ်၌ သူသည် မိမိအသက်အတွက် အလဲအလှယ်အနေဖြင့် ရန်သူကို အသည်းအသန် အချိန်ဆွဲပေလိမ့်မည်။ သို့သော်လည်း အသီနာသည် သူ့ကို တစ်ယောက်တည်း ချန်ထားမည် မဟုတ်ပေ။ သူ၏ ဝန်ထုတ်ဝန်ပိုးလည်း အဖြစ်ခံမည် မဟုတ်ပေ။
အသီနာသည် အပြောသာရှိသော မိန်းမတစ်ယောက် မဟုတ်ပေ။ အချစ်ဖြစ်စေ၊ မြတ်နိုးခြင်းဖြစ်စေ၊ သူ၏နှလုံးသားထဲ၌ ပိုရှိသည်။ သူက လုပ်ရပ်များဖြင့်သာ စကားပြော၏။
ရှီလန်တောင်၌ ဂလော်ဖင်းကို ရင်ဆိုင်စဉ်က သေရေးရှင်ရေး အခြေအနေ ကြောင့်သာမဟုတ်လျှင် ထိုပုံစံဖြင့် သူဖွင့်ပြောခဲ့မည် မဟုတ်ပေ။ ယခုတွင် သူ၏ အမျိုးသမီး ဖြစ်နေပြီ ဖြစ်သည့်အတွက် သူ့အတွက် သေရန် သို့မဟုတ် သူနှင့်အတူ သေဆုံးရန် နောင်တမရပေ။
သေခြင်းရှင်ခြင်းကို အတူတူ ရင်ဆိုင်မယ်။ ဒီလောက်ပဲ။
ချော်ရည်ပြာနယ်မြေမှ စစ်သည်များအပါအဝင် တစ်ယောက်ပြီးတစ်ယောက် အတူတူ သီဆိုလာကြသည်။
ချန်လွေ့က အသီနာ၏ နှလုံးသားကို ခံစားလိုက်မိပြီး ဇီရေးကို ကိုင်ထားသော သူ၏လက် တုန်လှုပ်သွားခဲ့သည်။ သေလုနီးပါးနှင့် ကြံရာမရ ဖြစ်နေသောအချိန်မှာပင် သူ့တွင် ဘယ်တော့မှ သူ့ကိုချန်မထားဘဲ သေခြင်းရှင်ခြင်းကို မျှဝေမည့် ချစ်သူတစ်ယောက်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိနေပေသေးသည်။ ကံကြမ္မာကို လုံးဝမယုံကြည်သော ချန်လွေ့သည် ရုတ်တရက်ပင် ကံကြမ္မာကို အလွန်ပင် ကျေးဇူးတင်လိုက်သည်။
ဘရေ့ဂက် ခေါင်းမော့လိုက်ပြီး အရောင်မဲ့သော ကောင်းကင်ထက်မှ သီချင်းသံကို စိုက်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ သီချင်းဆိုသံ အဆုံးသတ်သွားသောအခါ အမှောင်ဒြပ်စင်ကောင်တို့၏ ဝိုင်းရံမှု လုံးဝ ပြီးစီးသွားခဲ့လေပြီ။
“သေတဲ့အထိ တိုက်ခိုက်မယ်။” မည်သူက ၎င်းကို အရင်ဆုံး အော်ပြောခဲ့ကြောင်း မည်သူမှ မသိကြပေ။ အားလုံး၏ နှလုံးသားထဲ၌ ပြင်းထန်သော တစ်စုံတစ်ခု ပေါက်ထွက်သွားသကဲ့သို့ပင် တစ်ပြိုင်နက်ဖြစ်သော အသံများက ရုတ်တရက်ပင် ပင်လယ်ဒီရေကဲ့သို့ပင် လှိမ့်တက်သွားတော့သည်။
ချန်လွေ့ နောက်ပြန်လှည့်ကြည့်လိုက်ကာ ဆုံးဖြတ်ချက်ပြတ်သားပြီး လှပသော မျက်နှာကို စိတ်ထဲ၌ စွဲမှတ်ထားလိုက်သည်။ သူက ပါ့ဂ်လီအိုထံသို့ ခေါင်းလှည့်ပြီး ကြည့်လိုက်ရာ တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲ၌ လေးနက်မှုများကို မြင်လိုက်သည်။
( ဒါဆိုလည်း သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့။ )
ပါ့ဂ်လီအို အော်ဟစ်လိုက်ပြီး သွေးရောင် နဂါးထွင်းစာများ မြောက်တက်လာသည်။ သူ၏ ခန္ဓာကိုယ်က အစိမ်းရောင်များ တောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်နက်စွမ်းအား ပျံ့နှံ့သွားခဲ့သည်။ ထူးဆန်းသော နေရာလွတ်တစ်ခုက ဒြပ်စင်ဘုရင် ၂ပါးနှင့် ဘရေ့ဂက်တို့ကို တစ်ချိန်တည်းမှာပင် ဝိုင်းရံလိုက်သည်။ သူက နတ်ဆိုး အရှင်သခင်အဆင့် သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ချင်နေသည်။
ချန်လွေ့လည်း အစွမ်းထက်လှသော မြောက်အဏ္ဏဝါဓားကို ပြန်ယူလိုက်သည်။ သူက ရောင်ခြည်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အမှောင်ဒြပ်စင်စစ်တပ်သို့ ပျံသန်း သွားလိုက်သည်။ သူ၏နောက်တွင် အသီနာနှင့် [ သွေးပူရောင်လျှံ] ၊ တော်ဝင်စိတ်ဝိညာဉ် တို့ဖြင့် အားဖြည့်ထားသော စစ်သည်များ ရှိနေသည်။
ယခင်အန္တရာယ်ကို ခံစားရပြီးနောက် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော အယ်လို့က ရန်သူကို အထင်မသေးရဲတော့ပေ။ ချန်လွေ့၏လက်ထဲ၌ သေလုနီးပါး ဖြစ်သွားခဲ့သော အယ်ဆာ့ခ်သည် ပို၍ပင် ကြောက်ရွံ့သွားခဲ့သည်။
အယ်လို့က လက်ကိုဝှေ့ရမ်းလိုက်ရာ မြောက်မြားလှစွာသော အနက်ရောင် လှံတံများ ပေါ်ထွက်လာပြီး ချန်လွေ့ဆီသို့ ပျံသန်းသွဦး၏။ ထူးဆန်းသော အသံတစ်ခု ပေါ်ထွက်လာကာ ချန်လွေ၏ပုံရိပ် ရုတ်တရက် သုံးလေးဆ အရှိန်မြန်သွားသည်။ သူက ဝိုင်းရံထားသော လှံတံများဆီမှ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ထွက်ပြေးလွတ်မြောက်ပြီး အယ်လို့ထံသို့ အရှိန်ဖြင့် ပြေးလာသည်။
အယ်လို့က တည်ငြိမ်နေပြီး သူ၏လက်နှစ်ဖက်က ချွန်ထက်သော ဓားရှည်နှစ်လက် အဖြစ် ပြောင်းလဲသွားသည်။ သူက အလင်းရောင်ခြည်ကို ပိုင်းဖြတ်လိုက်ပြီး အဆုံးမဲ့ ရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက် တိုက်ခိုက်နေကြပြီး ရုတ်တရက် နောက်ပြန်ဆုတ်သွားကြသည်။ ဓားရှည်အဖြစ် ပြောင်းလဲထားသော အယ်လို့၏ လက်များက အပိုင်းအစများအဖြစ် ကျိုးပဲ့သွားပြီးနောက် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ချန်လွေ့က ဘေးဖက်သို့ ဖျပ်ခနဲကြည့်လိုက်ရာ အလစ်တိုက်ရန် ပြင်ဆင်နေသော အယ်ဆာ့ခ် ရုတ်တရက် တုန်လှုပ်သွားပြီး ကြိုးပမ်းမှုကို လက်လျှော့လိုက်သည်။ ဘုရင် လက်အောက်မှာရှိတဲ့ အမှောင်ဒြပ်စင်ကောင်တွေထဲမှာ အယ်လို့က အစွမ်းအထက်ဆုံးပဲ။ သူက ပါရမီထူးပြီးတော့ သူ့လက်တွေကို သာမန်ဒဏ္ဍာရီလာအဆင့်ရှိတဲ့ အမာဆုံး လက်နက်အဖြစ်ကို ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ သူက အဲဒီခရမ်းရောင် ဓားရှည်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။
အမှန်တကယ်၌ ထိုအချိန်တွင် မြောက်အဏ္ဏဝါဓားကို ကိုင်ထားသော ချန်လွေ့၏လက်လည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ခွန်အားချင်းယှဉ်လျှင် ချန်လွေ့သည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော အယ်လို့နှင့် ခြားနားချက် တစ်ခုရှိသည်။ [ ကြယ်စင်စုပိုင်နက် ] ၏ အားနည်းခြင်းကို အသက်သွင်းပြီး [ အသံဗုံး ] ၏ အမြန်နှုန်းနှင့် မြောက်အဏ္ဏဝါဓား၏ ထက်မြက်မှုတို့ကို အမှီပြုကာ သူက အယ်လို့၏ ဓားနှစ်လက်ကို ဖြတ်တောက်နိုင်ခဲ့သည်။ ယခုတွင် အယ်လို့သည် သူ့ကို အစွမ်းအထက်ဆုံး ရန်သူအဖြစ် သတ်မှတ်ပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ မီးသင့်နဂါးကို အသုံးပြု၍ မရတော့သည့်အတွက် ပြိုင်ဘက်ကို ထိပ်တိုက်အနိုင်ယူရန် ခက်ခဲလှပေသည်။
အယ်လို့၏ မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ လက်ခနဲ ဖြစ်သွားပြီး သူ၏ လက်နှစ်ဖက်က ဓားပုံစံအဖြစ် ပြန်လည်ဖွဲ့စည်းသွားသည်။ သူ၏နောက်ဘက်မှ အငွေ့မည်းများလည်း တောင်ပံနှစ်ဖက်အတွက် စုစည်းသွားကာ ကြက်သွေးရင့်ရောင်များ တောက်ပနေခဲ့သည်။ ၎င်းတို့သည် “ကြေးမုံများ”အဖြစ် လှိမ်ယှက်သွားခဲ့သည်။ သူသည် သူ၏ပိုင်နက်ကို အသုံးပြုခဲ့ပြီ ဖြစ်သည်။
ကြေးမုံများအကြား၌ ချန်လွေ့သည် အတိတ်မှအရာအားလုံး ပေါ်ထွက်လာ သကဲ့သို့ပင် သူ၏ ပုံရိပ်အမျိုးမျိုးကို မြင်ခဲ့ရသည်။ ပုံရိပ်များ ပြောင်းလဲခြင်းများနှင့်အတူ သူ၏စိတ်ထဲ၌ အမျိုးမျိုးသော မကောင်းသည့် သက်ရောက်မှုများလည်း စတင် ပေါ်ပေါက်လာသည်။ ထို့ပြင် ထိုသက်ရောက်မှုမှာ ပို၍ပင် ကျယ်ပြန့်လာခဲ့သည်။
ထိုရောင်ပြန်ဟပ်ခြင်း အမူအရာများ စတင် ကြီးထွားလာခဲ့သည်။ လောဘ၊ သတ်ဖြတ်ခြင်း၊ ရမ္မက်.....
ချန်လွေ့၏ စိတ်တစ်ခုလုံး၌ ပြင်းထန်သော အမှောင်ဗီဇများဖြင့် ပြည့်နှက်သွားသည်။ ထိုဗီဇ ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူ၏ စိတ်စွမ်းအား တစ်ဆင့်ချင်း ပြိုပျက်လာကာ ထိုကြောက်မက်ဖွယ်ရာ လိုအင်ဆန္ဒကြောင့် လုံးဝ ဖျက်ဆီးခံခဲ့ရသည်။
ရောင်ပြန်ထဲရှိ လှုပ်ရှားမှုများ တဖြည်းဖြည် ပေါင်းစည်းသွားသည်။ ရောင်ပြန်၏ မျက်လုံးများသည် သူ၏မျက်နှာဖုံးကို ဖောက်ထွင်းသွားဟန်တူပြီး အနက်ရောင် ရောင်ခြည်နှစ်ခု ပစ်လွှတ်လိုက်သည်။ သို့သော်လည်း နောက်ထပ်အခိုက်အတန့်၌ မည်သည့် လက္ခဏာမျှမပြဘဲ ကြေးမုံများအားလုံး ကွဲကြေသွားခဲ့သည်။ နေရာလွတ်တစ်ခုလုံးက အနောက်ရောင် မျက်လုံးသူငယ်အိမ်အဖြစ် ပေါင်းစပ်သွားပြီး ထိုမြင်ကွင်းများက မျက်လုံးသူငယ်အိမ်ထဲရှိ အခိုက်အတန့် တစ်ခုသဖွယ် ဖြစ်သွားသည်။
ချန်လွေ့သည် အနက်ရောင် မျက်လုံးသူငယ်အိမ်ကို အဖွင့်အပိတ် လုပ်လိုက်ပြီး အယ်လို့အား လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် မြောက်အဏ္ဏဝါဓားသုံးကာ ထိုးလိုက်သည်။ ထိုအဟုန်သည် အယ်လို့၏ပိုက်နက်ကို ချိုးဖျက်ရန်အတွက် စွမ်းအားအများအပြား အသုံးပြုခဲ့ဟန် မတူပေ။
အယ်လို့၏နောက်ဘက်ရှိ အနက်ရောင်တောင်ပံများ ပျက်စီးသွားကာ သူ၏ လက်ထဲ၌ ဓားနှစ်လက် ပေါ်ထွက်လာပြီး ချန်လွေ့၏ဓားကို အချိန်မီ ခုခံလိုက်သည်။ သူ၏ ကြက်သွေးရင့်ရောင် မျက်လုံးများ မယုံကြည်နိုင်လောက်အောင် အရောင်တောက်သွား ခဲ့သည်။ သူ၏ [ မရဏကြေးမုံပိုင်နက် ] သည် အမှောင်ဒြပ်စင်များ၏စွမ်းအားကို အသုံးပြုကာ ပြိုင်ဘက်၏ မသိစိတ်မှ လိုအပ်ဆန္ဒများကို ပျံ့နှံ့ဖြစ်ပေါ်စေပြီး စိတ်စွမ်းအားကို လုံးဝဖျက်ဆီးပစ်နိုင်သည်။ ၎င်းသည် နှစ်ထောင်ပေါင်းများစွာကြအောင် ရန်သူများကို သတ်ပစ်ခဲ့သော နတ်ဆိုးအများစုအတွက် ဝိပါက်ပင် ဖြစ်သည်။ မမျှော်လင့်ဘဲနှင့် ထိုလျို့ဝှက်ဆန်းကြယ်သော ရန်သူသည် [ မရဏကြေးမုံပိုင်နက် ] ကို အလွယ်တကူ ချိုးဖျက်ပြီး သူ၏ အသန့်စင်ဆုံး အမှောင်စွမ်းအားကို စုပ်ယူနိုင်ခဲ့သည်။
အခြားပိုင်နက် အမျိုးအစားသာဆိုလျှင် ၎င်းကို ချန်လွေ့ ချိုးဖျက်နိုင်သည့်တိုင် ထိုမျှလောက် လွယ်ကူမည် မဟုတ်ပေ။ ချန်လွေ့သည် မယ်ဂရီဇ် အခြေအနေ၏ အကြီးမားဆုံး စမ်းသပ်ချက်ဖြစ်သည့် “စိတ်သန့်စင်ခြင်း”ကို ကျော်ဖြတ်ခဲ့ပြီး သူ၏ အတွင်းနတ်ဆိုးကို တစ်ကြိမ်မက အနိုင်ယူခဲ့သည်။ ထိုကဲ့သို့ပိုင်နက်မျိုးမှာ လက်ဆောင်ပင် ဖြစ်လေသည်။ သူ မထင်မှတ်ထားသည်မှာ ထိုအမှောင်စွမ်းအင်ကို သူ၏ခန္ဓာကိုယ်က စုပ်ယူခဲ့ခြင်းပင် ဖြစ်သည်။
အယ်လို့ကို လိုက်ဖမ်းနေစဉ် ချန်လွေ့သည် အယ်လို့ အင်အားနည်းနေစဉ်၌ အခွင့်ကောင်းယူက သတ်ပစ်ချင်ခဲ့သည်။ ရုတ်တရက် သူမော့ကြည့်လိုက်ရာ အယ်ဆာ့ခ်က လေထဲ၌ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသ်ည။ အယ်ဆာ့ခ်က လက်တစ်ဖက်ဖြင့် ထူးဆန်းသော ပုံစံကွက်များကို ရေးဆွဲလိုက်ရာ အနက်ရောင်လှိုင်းတွန့်များက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ ချန်လွေ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ အကာအကွယ် ဒိုင်းကာတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ထိုမရဏလှိုင်းတွန့်များ၏ မှော်စွမ်းအင်သည် အကာအကွယ်ဒိုင်းကာကို အနည်းငယ်သာ တုန်ခါသွားစေပြီး မဖောက်နိုင်ခဲ့ပေ။
ချန်လွေ့က စိတ်ကိုစေစားလိုက်ပြီး မြေဒြပ်စင်ဘုရင်ထံမှ ရရှိထားသော [ မြေဆွဲအား ] ကို ချက်ချင်း ထုတ်သုံးလိုက်သည်။ အယ်ဆာ့ခ်တစ်ကိုယ်လုံး နိမ့်ဆင့်ပြီး ထိန်းချုပ်မရဘဲ ပြုတ်ကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အလယ်ရှိ ဝိုးတိုးဝါးတားဖြစ်နေသော အစိမ်းရောင် နေရာလွတ်ထဲ၌ အနက်ရောင်နှင့် အပြာရောင်များကို အဆက်မပြတ် မြင်နေရသည်။ ရံဖန်ရံခါ၌ အနီရောင်များလည်း ရေးရေးလေး ထွက်ပေါ်လာသည်။
နေရာလွတ် ပြင်းပြင်းထန်ထန် ယိုယွင်းသွားပြီးနောက် မြေပြင်သည် အသံ တစ်သံနှင့်အတူ အက်ကွဲထွက်သွားသည်။ ထို့နောက် ပြိုလဲသွားသော အစိမ်းရောင် နေရာလွတ်ထဲမှ ရောင်ခြည်လေးခု ပျံသန်းထွက်လာကာ မြေပြင်ပေါ်သို့ ဆင်းသက် သွားသည်။
ပါ့ဂ်လီအို ဘေးကြပ်နံကြပ် ဖြစ်နေပုံရသည်။ သူ မောဟိုက်နေပြီး သူ၏ နှုတ်ခမ်းထောင့်နားမှလည်း သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။
“ခုခံအားကောင်းတယ်။ တိုက်ခိုက်ရေးဓာတ်ခံ ကောင်းတယ်။ ပြီးတော့ ချပ်ကာလည်း တော်တော်မိုက်တယ်။” ရေဒြပ်စင်ဘုရင်၏အသံ ထွက်ပေါ်လာသည်။
ဘရေ့ဂက်မှလွဲ၍ အခြားဘုရင်၂ပါးမှာ အမှန်တကယ် အစွမ်းထက်လှပြီး တစ်ယောက်စီက အဆိပ်နဂါးကို ယှဉ်နိုင်သည်။ ပါ့ဂ်လီအိုသည် သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသည့်အတွက် ကြာကြာ တောင့်မခံနိုင်တော့ပေ။ သူ၏ပိုင်နက်စွမ်းအား ပြိုလဲသွားပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။ ကံကောင်းစွာပင် အရှင်သခင်ချပ်ကာ၏ အကာအကွယ်နှင့် ထိခိုက်မှုစုပ်ယူသည့် စွမ်းရည်တို့မှာ အလွန်ပင် ထူးခြားလှသည့်အတွက် သေစေနိုင်သောဒဏ်ရာမျိုး မရရှိခဲ့ပေ။
“ဟမ့်။” အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်က ရန်သူအပေါ် လမ်းဘို့စ်၏ ချီးမွမ်းမှုကို မကျေမနပ် ဖြစ်နေပုံရသည်။ သူက ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်ရာ အယ်ဆာ့ခ်က [ မြေဆွဲအား ] ကြောင့် မြေပြင်ပေါ်၌ ထိုးစိုက်ကျနေသည်ကို မြင်လိုက်ရပြီး အယ်လို့က ဒယီးဒယိုင်နှင့် အောက်လို့ ညွှတ်နေ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားဟန်တူသည်။
ရေဒြပ်စင်ဘုရင် လမ်းဘို့စ်လည်း ချန်လွေ့ဘက်မှ စစ်မြေပြင်ကို သတိထားမိပြီး သူ၏အကြည့်တွင် အံ့အားသင့်မှု ပြည့်နှက်သွားခဲ့သည်။
“ချီးပဲ။” ဟေးဂယ် ဟိန်းဟောက်လိုက်သည်။ သူ၏ပုံရိပ် လက်ခနဲ ပျောက်သွားပြီး ချန်လွေ့၏ခေါင်းပေါ်သို့ ပေါ်ထွက်လာသည်။ သူသည် [ မြေဆွဲအား ] ၏ သက်ရောက်မှုကို လုံးဝ ခံနေရပုံ မပေါ်ချေ။ သူသည် လေထဲမှတစ်ဆင့် ချန်လွေ့အား ဝှေ့ထိုးလိုက်သည်။
ထိုအချိန်၌ ပါ့ဂ်လီအိုသည် စွမ်းအင်အတော်များများ ကုန်ခမ်းနေသည့်အတွက် ဟေးဂယ်၏ တိုက်ခိုက်မှုကို တားဆီးရန် နောက်ကျသွားလေပြီ။ ချန်လွေ့၏ သူ၏ နောက်ဆုံးပစ္စည်းဖြစ်သော နတ်ဆိုးဒိုင်းကာကိုသုံးပြီး ခုခံရန် ပြင်လိုက်စဉ် သူ့အရှေ့၌ အပြာဖျော့ရောင် လှိုင်းတွန့်စက်ဝိုင်းများ ရုတ်တရက် ပေါ်ထွက်လာသည်။ ဟေးဂယ်၏ လက်သီးချက်က လှိုင်းတွန့်များကို ထိသွားပြီး လျို့ဝှက်ဆန်းကြယ်သော စည်းမျဉ်းကို စုတ်ဖြဲကာ တစ်လွှာပြီးတစ်လွှာ ကွဲကြေသွားစေသည်။ ထိုလက်သီးချက် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။
ဟေးဂယ် အံ့အားသင့်သွားပြီး အော်ပြောလိုက်သည်။ “လမ်းဘို့စ်။”
“မင်း သူ့ကို ထိခိုက်အောင် လုပ်လို့မရဘူး။” ချန်လွေ့၏အရှေ့၌ လမ်းဘို့စ်၏ပုံရိပ် ရုတ်တရက် ထွက်ပေါ်လာပြီး ဟေးဂယ်ကို ရင်ဆိုင်လိုက်သည်။
ထိုအပြောင်းအလဲကို ချန်လွေ့ မယုံကြည်နိုင် ဖြစ်သွားသည်။ ခုနက ပါ့ဂ်လီအိုကို တိုက်ခိုက်ရန် အမှောင်ဒြပ်စင်ဘုရင်အား ကူညီပေးခဲ့သော ရေဒြပ်စင်ဘုရင်သည် မည်သည့်အတွက်ကြောင့် ဘက်ပြောင်းပြီး မိမိအား မတိုက်ခိုက်ရန် ဟေးဂယ်အား တားဆီးနေကြောင်း ချန်လွေ့ နားမလည်နိုင်ခဲ့ပေ။
“မင်း ခုနက [ မြေဆွဲအား ] ကို အာရုံခံတယ် မဟုတ်လား။” လမ်းဘို့စ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ဒြပ်စင်ကောင်းချီးရဲ့ စွမ်းအားလေ။”
ဟေးဂယ်၏အကြည့် နက်မှောင်သွားသည်။ “အဲဒီတော့ ဘာဖြစ်လဲ။”
လမ်းဘို့စ်၏ ဂရုမစိုက်သောလေသံက တဖြည်းဖြည်း ပြောင်းလဲသွား၏။ “မင်းက ဘုရင်၃ပါးကြားမှာ စစ်ဖြစ်စေချင်လို့လား။”
ချန်လွေ့ အနည်းငယ် သဘောပေါက်သွားသည်။ ဒြပ်စင်ကောင်းချီးက အကြီးမားဆုံး အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ ကြည့်ရတော့ ဒီနေ့တော့ ငါ အကျပ်အတည်းကနေ တကယ် လွတ်မြောက်တော့မယ့်ပုံပဲ။