← Chapters

အိမ်အပြန်

Vol. 29 Ch. 423

အိမ်အပြန်

Vol. 29 Ch. 423

ဆူမန်သည် အရည်အချင်းရှိသူတစ်ယောက် ဖြစ်သည်။ သူက စစ်သည်များအား သူ၏စေတနာ မလျော့ပါးသွားစေဘဲ ကောင်းကောင်းမွန်မွန်၊ ရဲရဲရင့်ရင့်နှင့် တင်းတင်း ကြပ်ကြပ် ဦးဆောင်ခဲ့သည်။ ထိုဝိသေသလက္ခဏာများက စစ်သည်များ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ယခင်က တိုင်တန်၏ လုပ်ရပ်အချို့အပေါ် သူ မကျေမနပ် ဖြစ်ခဲ့သည့်အတွက် သူသည် အမြဲပင် ချန်ထားခံခဲ့ရသည်။ အမှောင်လသို့ ကျူးကျော်မည့် “ကောင်းမွန်သော တာဝန်”၌ပင် သူ မပါဝင်ခဲ့ပေ။

သို့သော်လည်း ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့မှာ ယာယီသာဖြစ်ပြီး ခန့်မှန်း၍ မရနိုင်ပေ။ အကျိုးပြုမှုများ ရရှိရန်အတွက် အမှောင်လသို့ သွားခဲ့သော ချော်ရည်ပြာစစ်တပ်သည် လုံးဝ သုတ်သင်ခံလိုက်ရပြီး ဆူမန်က ကပ်ဘေးမှ လွတ်မြောက်သွားခဲ့သည်။

အရည်အချင်းရှိသူတစ်ယောက်သည် အမြဲပင် တစ်ယောက်တည်း မဖြစ်ချင်ပေ။ ချန်လွေ့က ဆူမန်၏ ရည်မှန်းချက်ကို လှုံ့ဆော်ပေးပြီးနောက်‌ ဆူမန်၏ တစ်ဘဝလုံးမှာ အရေးကြီးသော အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့သည်။ ထိုရည်မှန်းချက်မှာ ပရမ်းပတာ ဆန်သော်လည်း ဆူမန်က သူ၏နေရာကို သေချာသိသည်။ သူ၏ရည်မှန်းချက် အကောင်အထည် ဖော်ရန်အတွက် အမှောင်လ၏အင်အားမပါဘဲ မပြုလုပ်နိုင်ပေ။ အမှောင်လက သူ့ကို ထောက်ပံ့ပြီး‌ မြေတောင်မြှောက်ပေးပေလိမ့်မည်။ သို့သော်လည်း သူတို့သည် သူ့ကို အလွယ်တကူ ဆွဲချနိုင်ပေသည်။

လက်ရှိအခြေအနေ၌ သူသည် ထိုဘက်ကိုသာ လုံးဝ ရွေးချယ်ပေမည်။

အသီနာလက်အောက်ရှိ လက်ရွေးစင်စစ်သည်များမှတစ်ဆင့် အမှောင်လ၏ လက်ရှိစစ်တပ်မှ တိုက်ခိုက်ရေးစွမ်းအားကို မြင်နိုင်ပေသည်။ ၎င်းနှင့်ယှဉ်လျှင် ချော်ရည်ပြာနယ်မြေ မရှုံးနိမ့်ခင်က ခေါင်းနှစ်လုံးနဂါးဗိုလ်ခြေနှင့် အဇူရီဗိုလ်ခြေတို့မှာ မကောင်းလှပေ။ ထို့အပြင် ထိုစစ်သည်များ၏ ချပ်ဝတ်တန်ဆာများမှာ ဆူမန်ကဲ့သို့ ဒုတိယ ဗိုလ်ခြေခေါင်းဆောင်ကိုပင် မနာလို ဖြစ်စေသည်။ ထိုလက်ရွေးစင်စစ်တပ်ကို ယှဉ်နိုင်သော ဗိုလ်ခြေတစ်ခုမျှ ချော်ရည်ပြာနယ်မြေတွင် မရှိပေ။

ဒါက အမှောင်လရဲ့ ဗိုလ်ခြေ၃ခုထဲက တစ်ခုပဲ ရှိသေးတယ်။

တစ်ဦးချင်းကြည့်မယ်ဆိုရင် နတ်‌ဆိုးဧကရာဇ်အဆင့် အမှောင်ဒြပ်စင်ကောင် သုံးကောင်ကို ယှဉ်နိုင်တဲ့ “အက်ဂ်ယော” တစ်ယောက်က နတ်ဆိုးအရှင်သခင်အဆင့် အောက်မှာရှိတဲ့ ထိပ်တန်းလူတစ်ယောက်လို့ ပြောလို့ရတယ်။ အမှောင်ဒြပ်စင်ဘုရင်ကို ဖိနှိပ်နိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့နဂါးကိုတော့ ပြောနေစရာတောင် မလိုဘူး။

ငါအခု မြင်နေရတာလဲ အမှောင်လရဲ့ အပေါ်ယံလောက်ပဲ ဖြစ်လောက်တယ်။ ဘယ်လိုအင်အားစုတွေ ပုန်းနေလဲဆိုတာ ငါမသိသေးဘူး။ ဒါပေမဲ့ အမှောင်လရဲ့ တကယ် ရည်ရွယ်ချက်က ပတ်ဝန်းကျင်နယ်မြေတွေထက် ပိုနိုင်တယ်။ တော်ဝင်မင်းသမီးက သန်းခေါင်နေအရှင်ရဲ့ မြေးလည်း ဟုတ်တယ်။ အင်ပါယာရဲ့ ဆက်ခံသူလည်း ဟုတ်တယ်။ သူက အမှောင်လမှာ ဒီလောက်စွမ်းအားကြီးနေပြီ။ ပြီးတော့ အရိပ်နက်အင်ပါယာက အထောက်အပံ့လည်း ရှိနေတယ်။ ဒီလို “ပြီးပြည့်စုံတဲ့ မှန်ကန်ထင်ရှားမှု”က ပိုပြီးတော့ သိသာနေပြီ။ ဗိုလ်ချုပ်ဂျော့ချ်နဲ့ တခြားသူတွေရဲ့ အထောက်အပံ့နဲ့ ပေါင်းလိုက်မယ်ဆို တစ်နေ့ကျရင် မင်းသမီးရှီရာက မြို့‌တော်ရဲ့ပလ္လင်မှာ တကယ်ထိုင်ရနိုင်တယ်။ ဒါဆို ငါက ဧကရီနောက်ကို ကြိုပြီးတော့ လိုက်နေတာပေါ့။

ဆူမန် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် မူလက ပူဆွေးမှုများကို ဘေးဖယ်ထားပြီး လုပင်မြို့နေထိုင်သူများ၏ အကြွင်းအကျန်များအား မြှုပ်နှံရန်၊ အမှောင်ဒြပ်စင်များ၏ အထောက်အပံ့ မရှိတော့ဘဲ အရိုးမျှော်စင်များကို ဖြိုဖျက်ရန်နှင့် ဒဏ်ရာရနေသူများကို ကုသ‌ပေးရန် စစ်သည်များအား အမိန့်ပေးလိုက်သည်။ သူ၏ယခင် လက်အောက်ခံများကို စုစည်းရန်အတွက်လည်း ဆူမန်က လူလွှတ်လိုက်သည်။ သူက အတော်လေး စိတ်အားတက်ကြွနေပြီး အားမာန်ပြည့်နေလေသည်။

ယွမ်ဖြည့်တင်းသစ်ပင်နှင့် ဆေးရည်များနှင့် အကူအညီနှင့်အတူ မီးလျှံဗိုလ်ခြေနှင့် ချော်ရည်ပြာနယ်မြေစစ်သည်များ၏ ဒဏ်ရာများကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ကာ ပြန်‌ကောင်းနှုန်းမှာလည်း မြန်ဆန်ခဲ့သည်။ တိုက်ပွဲအတွင်း သေဆုံးသွားကြသော မီးလျှံဗိုလ်ခြေမှ စစ်သည်များ၏အလောင်းများကိုမူ သီးခြား သိုလှောင်လက်စွပ်အထဲ၌ သိုလှောင်ထားပြီး အမှောင်လသို့ ပြန်ယူဆောင်သွားကာ မြှုပ်နှံမည်ဖြစ်သည်။

ရန်သူ၃ယောက်ကို ယှဉ်တိုက်နေစဉ်အတွက် အသက်ဓာတ် ထိခိုက်ခဲ့သော်လည်း အရှင်သခင်ချပ်ကာ၏ အကာအကွယ်နှင့် ဖြည့်တင်းသက်ရောက်မှုများက အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ ထို့အပြင် နဂါးများ၌ မယုံနိုင်စရာကောင်းသော ခံနိုင်ရည်စွမ်း ရှိကြသည်။ ၃ရက်အတွင်း ပါ့ဂ်လီအိုက အခြေခံအားဖြင့် ပြန်ကောင်းသွားခဲ့သည်။

ပါ့ဂ်လီအိုသည် ထပ်သီးအခြေအနေသို့ မရောက်သေးသည့် အမှောင်ဒြပ်စင်ဘုရင်ကို ဖိနှိပ်ရန် ပစ္စည်းကိရိယာများနှင့် တိုးမြှင့်စွမ်းအားများကို အသုံးပြုခဲ့ရသော်လည်း အဆိပ်နဂါး၏ အကောင်းဆုံးပါရမီမှာ အဆိပ်ဖြစ်သည်။ အမှောင်ဒြပ်စင်ဘုရင်နှင့် ရေဒြပ်စင်ဘုရင်တို့က အဆိပ်ကို မကြောက်ကြသည့်အတွက် ထိုကဲ့သို့ ဝိပါက်ရန်သူများ အရှေ့၌ ပါ့ဂ်လီအို၏ တိုက်ခိုက်ရေးစွမ်းအားကို ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ပေ။

ယခင်က လူသားအရာရှိကို အသီနာက “သတိလစ်အောင်” ပြုလုပ်ခဲ့သော်လည်း ထိုနေ့ရက်များ၌ ခန္ဓာကိုယ်အားနည်းမှုနှင့် အမှောင်ဒြပ်စင်စွမ်းအား တိုက်စားမှုကြောင့် ထိုသူက နေမကောင်းပြန်ဖြစ်သွားပြန်သည်။ ထို့ကြောင့် သူက အသီနာ၏ တဲအိမ်ထဲ၌ “အနားယူ” နေခဲ့သည်။

ချန်လွေ့ အားပြန်ဖြည့်ချင်သည့် ရည်ရွယ်ချက်မှာ စူပါစနစ်ထဲ၌ ထူးဆန်းသောအရာ တစ်ခု ဖြစ်သွားခြင်းကြောင့်ပင် ဖြစ်သည်။

မူလက ချန်လွေ့တွင် ယုံကြည်မှုသလင်းကျောက် ၃၈၅ခု ရှိသည်။ တိုက်ပွဲအတွင်း [ကွင်းဆက်တိုးမြှင့်မှု] ကို အဆက်မပြတ် အသုံးပြုခြင်းကြောင့် သလင်းကျောက် ၁၀၀ ကုန်ဆုံးသွားခဲ့သည်။ ယုံကြည်မှုမျှော်စင်မှု အလိုအလျောက် ထုတ်လုပ်ပြီး အသစ် စုဆောင်းထားသော သလင်းကျောက်များနှင့် ပေါင်းလိုက်လျှင် သလင်းကျောက် ၃၀၀သာ ကျန်ရှိသင့်သည်။ သို့သော်လည်း တိုက်ပွဲပြီး နောက်နေ့တွင် ယုံကြည်မှုသလင်းကျောက်က အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ၃၅၀အထိ တိုးသွားခဲ့သည်။ ထို့ပြင် တိုးပွားနှုန်းမှာလည်း ဆက်လက်မြင့်တက်နေဆဲပင် ဖြစ်သည်။

ချန်လွေ့၏အသိစိတ်က စူပါစနစ်၏ ကြယ်စင်စုများထဲ ဝင်ရောက်သွားခဲ့သည်။ ယုံကြည်မှုစွမ်းအား‌ ထောက်ပံ့ပေးသော အပြာရောင် ဂြိုလ်ပေါ်၌ ဒုတိယမြောက် ယုံကြည်မှုကျောက်တိုင်ကို မြင်သည့်အခါ ချန်လွေ့ အံ့သြသွားခဲ့သည်။

ပြောရမည်ဆိုလျှင် ယုံကြည်မှုကျောက်တိုင် နောက်တစ်ခု အလိုအလျောက် ဖြစ်စေရအတွက် ချန်လွေ့၏ ယုံကြည်မှုစွမ်းအားမှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိ ရပေမည်။ ယခုတွင် မလုံလောက်သေးဟုပြောလျှင် မမှားပေ။ သို့သော်လည်း အခြားကျောက်တိုင်တစ်ခု မည်သည့်အတွက်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာကြောင်း သူ မသိပေ။ ထို့ကြောင့်ပင် ယုံကြည်မှုသလင်းကျောက် အရေအတွက် ရုတ်တရက် တိုးပွားလာရခြင်း ဖြစ်ပေမည်။

သို့သော်လည်း ထိုယုံကြည်မှုမျှော်စင်ရှိ ယုံကြည်မှုမှာ ယုံကြည်မှု အရင်းအမြစ် အဖြစ် ချန်လွေ့ ဝင်ရောက်ခဲ့သော အရည်အသွေး ၁၀ချက် မဟုတ်ခဲ့ပေ။ ၎င်းတွင် စစ် ဟူသော စကားတစ်လုံးသာ ရှိသည်။

ချန်လွေ့ အံ့အားသင့်သွားပြီး သူ၏နှလုံးသား အောက်ခြေမှ အသူရာ၏အသံ ထွက်‌ပေါ်လာသည်။ “မင်း အံ့အားသင့်သွားလား။ ဒါက အရင်က မင်း စုပ်ယူခဲ့တဲ့ အမှောင်ဒြပ်စင်တွေရဲ့ ကျေးဇူးကြောင့်ပဲ။”

အသူရာ....

လက်စသတ်တော့ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်တဲ့ အယ်လို့ရဲ့ ပိုင်နက်စွမ်းအား [ မရဏကြေးမုံ ပိုင်နက်] အပါအဝင် အဲဒီအမှောင်ဒြပ်စင်ကောင်တွေရဲ့ [ အပြစ်ဒဏ် ] ကို အသူရာက စုပ်ယူခဲ့တာကိုး။ သူက ဂြိုလ်ပြာပေါ်မှာ “စစ်”အပေါ် ယုံကြည်မှုရှိတဲ့ ယုံကြည်မှုကျောက်တိုင်တစ်ခုကို အမှန်တကယ် ဖန်တီးခဲ့တာပဲ။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ အသူရာက သူ့စိတ်ကို မြင်သွားဟန်တူပြီး ရွံရှာသောအသံဖြင့် ပြောလိုက်သည်။ “တကယ်တော့ ဘာအထူးနည်းလမ်းမှ ငါ မသုံးခဲ့ဘူး။ ဒါပေမဲ့ အချို့အရာတွေက ဖိနှိပ်လို့ မရဘူးလေ။ ဒါက သူတို့ရဲ့ စစ်မှန်တဲ့ လိုအင်ဆန္ဒပဲ။ မင်း ဘယ်လိုပဲ ဖိနှိပ်ဖို့ ကြိုးစားကြိုးစား၊ ဒါက အမှန်တကယ် တည်ရှိနေမှာပဲ။ ဒါက နေ့နဲ့ည အတူတူ တည်ရှိနေသလိုပဲ။ အမှောင်ထုမရှိရင် အလင်းရောင်ကို မင်းဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ မင်းရဲ့မှတ်ဉာဏ်ထဲမှာ အထွတ်အမြတ်ထားခံရတဲ့ နတ်ဘုရားတွေက တစ်ခါတလေမှာ နတ်ဆိုးတွေထက် ပိုဆိုးတယ်လို့ ပြောထားတဲ့ စကားတစ်ခွန်းရှိတယ် မဟုတ်လား။”

ထိုစကားထဲတွင် ပြင်းထန်သော လှုံ့ဆော်သည့်လေသံ ပါဝင်နေသော်လည်း ချန်လွေ့က ၎င်း၏အဓိပ္ပာယ်ကို စဉ်းစားနေခဲ့သည်။ ယုံကြည်မှု အဓိပ္ပာယ်က ယိုယွင်းမှု၊ ပျက်စီးမှု မဟုတ်ဘူး။ အဓိကအားဖြင့်တော့ စူပါစနစ်ထဲက “လူသားတွေ”က အသိစိတ် ဆုံးရှုံးနေတဲ့ ရုပ်သေးတွေ မဟုတ်ဘူး။ ကိုယ်ပိုင်စိတ်ဆန္ဒတွေရှိတဲ့ စစ်မှန်တဲ့ သက်ရှိပဲ။

အလင်းနဲ့အမှောင်ထုက နဂိုကတည်းက အမွှာတွေပဲ။

အမှောင်ထုကို ကြုံတွေ့ပြီးမှပဲ အလင်းရောင်ကို မျှော်လင့်လာတာ။

ချန်လွေ့က တစ်ခုခုကို သဘောပေါက်သွားဟန်တူပြီး ထိုယုံကြည်မှုအသစ်ကို ဖျောက်ဖျက်ချင်စိတ်အား လက်လျှော့လိုက်သည်။ အနာဂတ်မှာ နောက်ထပ် ယုံကြည်မှု ကျောက်တိုင်တွေ ပေါ်ထွက်လာပြီးတော့ လူတွေကလည်း အဲဒီယုံကြည်မှုတွေကို ပိုပိုပြီး ရွေးချယ်လာကြမှာပဲ။

ပြောရမယ်ဆိုရင် ဘဝက ကံကြမ္မာရဲ့ ရုပ်သေးရုပ်ပဲ။ ဒါပေမဲ့ ဘဝက ကံကြမ္မာ မဟုတ်ဘူး။ ငါ့ရဲ့လက်ရှိ ရွေးချယ်မှု လိုမျိုးပဲ။ ဘဝမှာ ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ်။

ဒီလိုရွေးချယ်မှုမျိုးက စစ်မှန်တဲ့ ယုံကြည်မှု ဖြစ်သင့်တယ်။

ချန်လွေ့က အသူရာ၏ အခြား ဆွဲဆောင်မှုများကို လျစ်လျူရှုပြီး စူပါစနစ်ထဲမှ ထွက်လိုက်သည်။

ယခုတွင် သူသည် အထူးမှော်တဲအိမ်ထဲ ရောက်နေလေသည်။ တဲအိမ်ကို အသီနာ၏ တဲအိမ်ကြီးထဲ၌ ဆောက်ထားခြင်း ဖြစ်ပြီး မှော်မီးအိမ်တစ်ခု ထွန်းထားသည်။ ညရောက်နေဟန်တူပြီး အသီနာက စစ်မြေပုံများ ဖုံးလွှမ်းနေသော စားပွဲပေါ်တွင် လဲလှောင်းနေ၏။ သူ အိပ်ပျော်နေပုံရသည်။

ချန်လွေ့ မတ်တပ်ရပ်လိုက်ပြီး စောင်တစ်ထည်ယူကာ အသီနာက ညင်ညင်သာသာ ခြုံပေးလိုက်သည်။ အသီနာ၏ ရှည်လျားသော မျက်တောင်များ အနည်းငယ် လှုပ်ရှားသွားပြီး နိုးလာခဲ့သည်။

“တောင်းပန်ပါတယ်။ ကိုယ်မင်းကို နှိုးမိသွားတယ်။”

အသီနာက ဝေဝါးနေသော မျက်လုံးများကို ပွတ်ပြီး အကြောဆန့်ကာ ထရပ် လိုက်သည်။ “အစီအစဉ်အတိုင်း ငါက မြေပုံကို လေ့လာနေတာပါ။ အိပ်ပျော်သွားမယ် မထင်ထားခဲ့ဘူး။”

“မှော်တဲအိမ်ထဲမှာ အိပ်ဖို့ ကိုယ်မင်းကို ချီသွားရမလား။”

“မလုပ်နဲ့။ ငါ အိပ်မငိုက်တော့ဘူး။ ဒီ၂ရက်၃ရက်အတွင်းမှာ ဆူမန်က သူ့ရဲ့ အရင် လက်အောက်ငယ်သားတွေ အများကြီးကို စုဆောင်းခဲ့တယ်။ အခု သူ့လက်ထဲမှာ တပ်သား ၁၅၀၀၀လောက် ရှိနေပြီ။ ဒါနဲ့ ရှေ့တန်းကနေ မထင်ထားတဲ့ သတင်းတစ်ခု ရထားတယ်။ ချော်ရည်ပြာ လော့ဒ်-ချန်ဒလာက အချိန်အကြာကြီး အိပ်ယာထဲ လဲနေပြီးတော့ ခန္ဓာကိုယ် အားနည်းလာခဲ့တယ်။ နောက်တော့ သူ့ရဲ့ရောဂါဟောင်း ပြန်ထလာပြီးတော့ ဆုံးပါး သွားခဲ့တယ်။ ဒီထဲမှာ လျို့ဝှက်အကြံအစည်များ ရှိနေနိုင်မလား။”

“ချန်ဒလာက နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတာလား။” ထိုသတင်းမှာ အမှန်ပင် မထင်မှတ်ထားသောအရာ ဖြစ်သည်။ လော့ဒ်အတုအယောင်ရဲ့ မျက်နှာအမှန်ကို ဖော်ထုတ်ဖို့အတွက် အချိန်နည်းနည်းကြာမယ်လို့ အစက ငါထင်ထားခဲ့တာ။ ဒါပေမဲ့ သူက “နေမကောင်းဖြစ်ပြီး သေသွားမယ်”လို့ မထင်ထားခဲ့ဘူး။ ဒါဆိုင်တော့ ကြိုပြင်ဆင်ထားတဲ့ အစီအစဉ်တွေ အလကား ဖြစ်ကုန်ပြီ။

ချန်လွေ့က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “လျို့ဝှက်အကြံအစည်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ချော်ရည်ပြာနယ်မြေကို စွန့်လွှတ်ဖို့အတွက် သွေးမြေကျ ဆုံးဖြတ်လိုကတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ချော်ရည်ပြာနယ်မြေက သူတို့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် ပြီးသွားတာလည်း ဖြစ်နိုင်တယ်။ ဒီမှာ ပါ့ဂ်လီအိုလိုမျိုး အစွမ်းထက်ပုဂ္ဂိုလ် ရှိနေတယ်ဆိုတော့ နောက်ထပ်အင်အားတွေ ကိုယ် မဆုံးရှုံးချင်ဘူး။ သွေးမြေကျရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က အမှောင်ဒြပ်စင်ဘုရင် စွမ်းအားတွေ ပြန်ရဖို့မဟုတ်ရင် တခြားတစ်ခုခုပဲ။ အဲဒါကို ကိုယ်မသိသေးဘူး။ ဒါပေမဲ ဒါကလည်း ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုဆိုရင် ဆူမန် လော့ဒ်နေရာယူဖို့နဲ့ ချော်ရည်ပြာနယ်မြေကို ထိန်းချုပ်ဖို့က ပိုပြီးတော့ လွယ်ကူသွားမယ်။ အင်း။ ကြည့်ရတာ အမှောင်လကို ပြန်ရဖို့ သိပ်မကြာတော့ဘူးနဲ့တူတယ်။”

“တကယ်ပဲလား။” အသီနာ၏နဖူးက ချန်လွေ့၏ ပုခုံးပေါ်သို့ အသာလေး မှီလိုက်သည်။ “ငါ ရုတ်တရက်ကြီး မပြန်သွားချင်တော့ဘူး။ နင်သိပါတယ်။ ငါနင့်နဲ့ နှစ်ယောက်တည်းနေရတဲ့ အခွင့်အရေးတွေ အများကြီး မရှိဘူးလေ။”

ချန်လွေ့က စိတ်မသိုးမသန့်နှင့် အသီနာ၏နဖူးကို နမ်းရှိုက်လိုက်သည်။ သူက မြေပြင်ပေါ်၌ စောင်ခင်းပြီး အသီနာကို ပွေ့ဖက်ကာ ထိုင်ချလိုက်သည်။

“ဒါက ရှီလန်တောင်မှာ ငါတို့နေခဲ့ရတဲ့ နေ့ရက်၂ရက်ကို သတိရသွားစေတယ်။” အသီနာက ချန်လွေ့၏‌ပေါင်ပေါ်သို့ သက်တောင့်သက်သာ အနားယူနေလိုက်သည်။ “ပြီးတော့ ရွက်စိမ်းတောက ငါတို့ရဲ့ အိမ်လေးကို‌ရောပဲ။”

ချန်လွေ့၏နှလုံးသားက နွေးထွေးစွာ လှိမ့်တက်သွားပြီး အသီနာ၏ ဆံပင်ကို တဖြည်းဖြည်း ပွတ်သပ်လိုက်သည်။ ၎င်းတို့မှာ သူ၏ အဖိုးတန်ဆုံး မှတ်ဉာဏ်အချို့ပင် ဖြစ်လေသည်။

အသီနာ မျက်လုံးမှိတ်ပြီး ချန်လွေ့၏ ညင်သာသော ပွတ်သပ်မှုများကို ခံစားကာ အိပ်မက်မက်နေသည့်အလား ပြောလိုက်သည်။ “ငါ့အသက် မဆုံးခင်အထိ ငါ့ကို ဘယ်တော့မှ ချန်မထားဘူးလို့ ကတိပေး။”

“ကိုယ်တို့ဘဝတွေက အတူတူ အဆုံးသတ်မှာပါ။ ကိုယ့်ကို ယုံကြည်ထားလိုက်။” ချန်လွေ့က အသီနာ၏ပုခုံးကို မှီပြီး ပွေ့ဖက်လိုက်သည်။ “မင်း သိတယ်မလား။ မင်းမရှိတဲ့ ဘဝကို ကိုယ်မနေနိုင်ဘူးလေ။”

“အာ....” အသီနာက ချန်လွေ့၏ နွေးထွေးသော ပွေ့ဖက်မှုကို တုံ့ပြန်လိုက်သည်။ အချိန်အတော်ကြာ သူတို့ ပြောစရာစကားမဲ့သွားခဲ့၏။ သူတို့သည် အချင်းချင်း၏ နှလုံးခုန်သံကို ခံစားနေကြလေသည်။

နှလုံးသား ၂ခုအကြား၌ အကွာအဝေးလုံးဝ မရှိတော့သလိုပင်။

“....”

“မင်းရဲ့ သီချင်းဆိုသံက တကယ့်ကို သာယာကြည်နူးစရာ ကောင်းတာပဲ။ မင်း သီချင်းဆိုတာကို ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။”

“ဘာလို့လဲဆို နင့်နားထဲမှာ ခီရာရဲ့ နှစ်လိုဖွယ်ကောင်းတဲ့အသံ ရှိနေတာကိုး။ ငါ သီချင်းဆိုတာကို နင် ဘယ်လိုလုပ် ကြားရမှာလဲ။” ချိုမြိန်မှုနှင့် ညင်သာမှုထဲ၌ အနည်းငယ် ရှုတိုးတိုး ဖြစ်နေသည်။ မိန်းမဆိုတာ ဒါပါပဲ။

“ဟီးဟီး။ ဟိုတုန်းက မင်းသီ‌ချင်းဆိုတာကို သ‌ဘောကျတယ်လို့ တစ်ယောက်ယောက် ပြောခဲ့တယ် မဟုတ်လား။ သူက မင်းကို ဒဏ္ဍာရီလာအဆင့် မှော်လက်ပတ်တစ်ခုတောင် ရက်ရက်ရောရော ပေးခဲ့တယ်။ ဒါက ပစ္စည်းကောင်းပဲ။”

ချန်လွေ့က ဘရေ့ဂက်အကြောင်း ပြောနေခြင်း ဖြစ်သည်။ အသီနာကို ပေးခဲ့သော လက်ပတ်မှာ အမှန်ပင် ဒဏ္ဍာရီလာအဆင့် ဖြစ်သည်။ ၎င်းသည် မီးဂုဏ်သတ္တိ ထိခိုက်မှုကို တိုးစေပြီး သက်လုံဆုံးရှုံးမှုကို လျော့ကျစေသည်။ ဂုဏ်သတ္တိများကို အတော်လေး ကောင်းမွန်လှသည့်အတွက် ဒဏ္ဍာရီလာအဆင့် ပစ္စည်းတစ်ခု ဖြစ်နေခြင်းပင်။

အသီနာက ပျော်ရွှင်စွာ ဂုဏ်ယူလျက် ရုတ်ရက် ပြုံးလိုက်သည်။

“နင် သဝန်တိုတာလား။ ဟုတ်တယ်မလား။ နင်က သဝန်တိုတတ်တာလား။”

“ယောက်ျားလေးတွေက သဝန်မတိုတတ်ဘူးလို့ ဘယ်သူပြောလဲ။ နတ်ဆိုးဘုံ သမိုင်‌ကြောင်းမှာပင် သဝန်တိုတဲ့အတွက်ကြောင့်ဖြစ်တဲ့ စစ်ပွဲတွေတောင် ရှိတာပဲ။” ချန်လွေ့က တိုးတိုးလေး ပြောလိုက်သည်။ “ဟုတ်တယ်။ အဲဒီလူက ငါ့ထက်အများကြီး အစွမ်းထက်တယ်။ ပြီးတော့ သူက တော်တော်လေး ရက်ရောတယ်...”

ချန်လွေ့သည် ယခင်က နောက်နေဆဲသာ ဖြစ်သည်။ သို့သော်လည်း အသီနာ အမှန်ပင် ပြုံးပြီး ခေါင်းညိတ်သည်ကို မြင်သည့်အခါ စိတ်ထဲ၌ မကျေမနပ် ဖြစ်မိသွားသည်။ နောက်ဆုံး၌ သူသည် သူ့အိမ်မှ ထိုမိန်းကလေးများ၏ ခံစားချက်များကို သဘောပေါက် သွားခဲ့သည်။

“နတ်ဆိုးဘုံမှာ နင့်ထက်ပိုသာတဲ့ ယောက်ျားတွေ အများကြီးပါပဲ။ ဟုတ်တယ်မလား။” အသီနာက ပြုံးရင်း ပြောလိုက်သည်။ “ဒါပေမဲ့ ငါတို့ မဟာနတ်ဆိုးမ တွေက ခေါင်းမာတတ်တာ။ ငါတို့ရဲ့နှလုံးသားနဲ့ မျက်လုံးထဲမှာ နင့်လို မျိုးမစစ်ကောင်ပဲ ရှိတယ်။”

ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်ရင်း အသီနာက လှပသော မျက်လုံးနီနီကို တဖျပ်ဖျပ် ခတ်လိုက်သည်။ “ငါ ရုတ်တရက်ကြီး တဲထဲမှာ သွားအိပ်ချင်တယ်။ နင်ငါ့ကို မချီသွားချင်ဘူးလား။”

ချန်လွေ့၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွား၏။ “မဒမ် ဗိုလ်ခြေခေါင်းဆောင် ပြောချင်တာက.....”

“မျိုးမစစ်ကောင်ပဲ နားထောင်လို့ရတဲ့ အကောင်းဆုံး သီချင်းတစ်မျိုးရှိတယ် မဟုတ်လား။” မဒမ် ဗိုလ်ခြေခေါင်းဆောင်၏မျက်နှာ ရုတ်တရက် ရှက်သွေးဖြာသွားသည်။ ငါ ဘာလို့ အဲဒါ ပြောလိုက်ရတာလဲ။ ဒါတွေအားလုံးက အဲဒီနှာဘူးမ ခီရာကြောင့်ပဲ။ သူကြောင့်ငါ မရှက်မရှိ ဖြစ်လာပြီ.....

ထိုစကားသည် ရှေးမှော်စာအချို့ထက် စွမ်းအားကြီးသည်မှာ မလွဲမသွေပင် ဖြစ်သည်။ မျိုးမစစ်ကောင်တစ်ကောင်က ရုတ်တရက်ပင် အားအင်ပြည့်ဝသွား၏။ သူက မဒမ် ဗိုလ်ခြေခေါင်းဆောင်အား ကောက်ချီပြီး အသံလုံ မှော်တဲအိမ်ထဲသို့ အလျင်အမြန်ပင် လမ်းလျှောက်သွားလိုက်သည်။

တိတ်ဆိတ်သော ညကောင်းကင်ထဲ၌ ခရမ်းရောင် လနှစ်စင်းက တဖြည်းဖြည်း တိမ်တိုက်များနောက်၌ ပုန်းကွယ်နေလိုက်တော့သည်။

All Chapters