သြဇာယွမ်မြေ
Vol. 29 Ch. 424
ထင်ထားသည့်အတိုင်းပင် ချော်ရည်ပြာနယ်မြေ ဖွံ့ဖြိုးတိုးတက်မှုများက အတော်လေး ချောချောမွေ့မွေ့ ဖြစ်သွားကြသည်။
ဆူမန်၏ ဂုဏ်သြဇာ၊ စစ်တပ်စွမ်းအားတို့နှင့်အတူ လော့ဒ်အဖြစ် ရာထူးတိုးမြှင့် ခံထားရသော ချန်ဒလာ၏သား ၁၂နှစ်အရွယ် “တာဂိုး”တို့ကို ချော်ရည်ပြာနယ်မြေက အလျင်အမြန်ပင် အသိအမှတ်ပြုခဲ့ကြသည်။ ဆူမန်က အဇူရီဗိုလ်ခြေ၏ ခေါင်းဆောင် အသစ်အနေဖြင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ မူရင်း ငြိမ်ဝပ်ပိပြားရေးအရာရှိ ဗာရစ် ပျောက်ကွယ်သွားခြင်းကြောင့် ဆူမန်၏ လက်အောက်ခံ အဂ္ဂလက်စ်က ယာယီ တာဝန်ယူ ထားခဲ့သည်။ ထိုအချိန်မှစ၍ ဆူမန်သည် ချော်ရည်ပြာနယ်မြေ၏ အာဏာအားလုံးကို ထိန်းချုပ်နိုင်သွားခဲ့သည်။ ၎င်းတို့အားလုံး ချောချောမွေ့မွေ့ ဖြစ်သွားရခြင်းမှာ အမှောင်လမှ မီးလျှံဗိုလ်ခြေ၏ “အကူအညီ”ကြောင့်ပင် ဖြစ်လေသည်။
ချန်လွေ့၏ အကူအညီနှင့်အတူ ဆူမန်က မတန်မဆ အခွန်အချို့ကို ဖယ်ရှားခြင်း၊ သူခိုးဓားပြများအား ရှင်းပစ်ရန် တပ်သားများလွှတ်ခြင်း၊ ထုတ်လုပ်ရေးကို အားပေးခြင်း အပါအဝင် မူလချော်ရည်ပြာနယ်မြေ၏ ဥပဒေကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် လူအများ၏ ထောက်ခံမှုကို တညီတညွတ်တည်း ရရှိခဲ့ကြသည်။
ချော်ရည်ပြာ လော့ဒ်-ချန်ဒလာ သေဆုံးသွားကြောင်း အမှောင်လမှ တော်ဝင်မင်းသမီး ရှီရာ သိသွားသည့်အခါ ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြသော တရားဝင် ကိုယ်စားလှယ်တစ်ယောက်လွှတ်ကာ အဖိုးတန် အထောက်အပံ့များနှင့် စားစရာများ လှူဒါန်းပေးပြီး ချော်ရည်ပြာနယ်မြေ၏ ငတ်မွတ်ခေါင်ပါးမှုကို ထိထိရောက်ရောက် ပြေလျော့စေခဲ့သည်။ ထို့နောက် ရှီရာက ထူးချွန်သူတစ်ဖွဲ့ကို စေလွှတ်ပြီး မြေတိုးမြှင့်ရန်၊ စီးပွားရေး ပြန်လည်တည်ဆောက်ရန် ကူညီပေးခဲ့သည်။ ထိုကဲ့သို့ ရန်ငြိုးကို ကျေးဇူးဖြင့် ပြန်ဆပ်ခြင်းကြောင့် ချော်ရည်ပြာနယ်မြေမှ အရာရှိများအပြင် လူတိုင်းက အလွန်ပင် ကျေးဇူးတင်သွားကြသည်။ နယ်မြေအသီးသီးမှ ခက်ခက်ခဲခဲ ရှာထားရသည့် ငွေများကို လိမ်ညာယူခဲ့သည့် ရီဂျန့် အိုဆိုင်ဒန်နှင့်ယှဉ်လျှင် တော်ဝင်မင်းသမီးရှီရာမှာ စစ်မှန်သော တော်ဝင်မိသားစုဝင် တစ်ယောက်ပင် ဖြစ်လေသည်။
ဆူမန်နှင့် တာဂိုးတို့က လော့ဒ်ဟောင်း တိုင်တန်၏ လုပ်ရပ်အချို့ကို တောင်းပန်သော လူသိရှင်ကြား ဖော်ပြချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ချော်ရည်ပြာ နယ်မြေက အမှောင်လ၏ အကူအညီကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ကြောင်း သူတို့က အခိုင်အမာ ပြောကြားခဲ့သည်။
အမှောင်လက လွှတ်လိုက်သော အစားထိုးစစ်သည်များ ရောက်လာသောအခါ မီးလျှံဗိုလ်ခြေမှ လက်ရွေးစင် ၉၀၀၀က ဗိုလ်ခြေခေါင်းဆောင် အသီနာ၏ ဦးဆောင်မှု အောက်တ်ွင် အမှောင်လသို့ ပြန်သွားခဲ့သည်။
ချန်လွေ့က အသီနာနှင့် ပါ့ဂ်လီအိုတို့နှင့်အတူ အမှောင်လသို့ ပြန်မလိုက်ဘဲ ရှီလန်တောင်သို့ တည့်တည့် သွားလိုက်သည်။
ရှီလန်တောင်ရှိ မိုင်းတွင်းရုံးခန်းကို လုံးဝ ပြင်ဆင်မွန်းမံလိုက်ပြီး လူနေအိမ်နေရာမှာလည်း နှစ်ဆ ဖြစ်သွားသည်။ မြေဒြပ်စင်ကောင်များ၏ အကူအညီနှင့်အတူ အဓိကတွင်း အပြင်ဘက်ရှိ ဓာတ်သတ္တုကြော အသစ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး မိုင်းတွင်းလုပ်ငန်းကို အပြည့်အဝ လည်ပတ်နိုင်ခဲ့သည်္။ “လရိပ်ဗိုလ်ခြေ”ဟု နာမည်ပြန်ပြောင်းထားသော အနောက်ဘက်လမ်းစစ်တပ်သည် အသစ်တည်ဆောက်ထားသော ရှီလန်ခံတပ်၌ တပ်စွဲထားကြသည်။ ယခုတွင် အနောက်ဘက်မှ ကုန်သည်များ အဆုံးမရှိ ရောက်လာကြ သည့်အတွက် အနောက်ဘက်လမ်းတစ်ခုလုံးကို အသစ်ပြုပြင်ကာ စစ်ဆေးရေးဂိတ် အသီးသီးကိုလည်း နေရာချထားခဲ့ကြသည်။ ၎င်းမှာ အဓိကအားဖြင့် လမ်းပိတ်ဆို့မှုကို ရှင်းလင်းရန်နှင့် ကုန်သည်များကို ကာကွယ်ရန်အတွက် ဖြစ်သည်။
လရိပ်ဗိုလ်ခြေခေါင်းဆောင် တင်မ်မှာ သိပ်ပြီးစွမ်းအားမကြီးလှသောလည်း စစ်ပညာ၌ ထူးချွန်ပြီး ဉာဏ်ကောင်းလှသည်။ လော့ဒ်စစ်ပွဲ၌ သူက ဒီလိုမြို့ကို တိုက်ခိုက်ပြီး လိပ်ပြာနီနယ်မြေ၏ မြို့စောင့်တပ်ကို အပြင်းအထန် ထိခိုက်စေကာ ပထမဆုံး အကျိုးပြုမှုကို ဆောင်ရွက်နိုင်ခဲ့သည်။ တင်မ်၏ဇနီး လိုင်ဆာမှာ မဟာနတ်ဆိုးဘုရင် (သိပ်မကြာခင်က အဆင့်တက်သွား) အဆင့်ဖြစ်သော မယ်ဒူဆာ မျိုးနွယ်၏ဘုရင်မ ဖြစ်သည်။ သူ့ဘက်တွင် အစွမ်းထက်သော မယ်ဒူဆာအစောင့်များ ရှိနေသည့်အတွက်ကြောင့် သူ၏ စုစုပေါင်းစွမ်းအားမှာ အခြားဗိုလ်ခြေနှစ်ခုထက် နိမ့်မကျပေ။ ထို့ပြင် ဗိုလ်ခြေတစ်ခု၏ ချစ်ကြည်ရေး တိုက်ပွဲဘောလုံးပွဲ၌ လရိပ် ဗိုလ်ခြေ၏အသင်းက မမျှော်လင့်ဘဲနှင့် အခြားဗိုလ်ခြေနှစ်ခုကို အနိုင်ရရှိခဲ့သည်။ သွေးနီဗိုလ်ခြေနှင့် မီးလျှံဗိုလ်ခြေတို့က ထူးခြားကောင်းမွန်သော အရည်အသွေးနှင့် ပြီးပြည့်စုံသော ပူးပေါင်းမှုတို့မှာ အလွန်ပင်ရင်းနှီးလှကြောင်း ခံစားခဲ့မိကြပြီး ၎င်းကို တစ်နေရာရာ၌ သူတို့ ကြုံတွေ့ခဲ့ဖူးသလိုမျိုးပင် ဖြစ်နေသည်။ အချို့ကမူ ထိုစဉ်က သွေးနီမီးလျှံညွှန့်ပေါင်းအဖွဲ့ကို အနိုင်ရလုနီးပါးဖြစ်ခဲ့သော ဂျိုးဆက်ပ် လက်အောက်မှ “ဝတ်ရုံနီ”အသင်းမှာ လရိပ်ဗိုလ်ခြေအဖွဲ့ ဖြစ်နိုင်သည်ဟု ခန့်မှန်းမိသွားကြသည်။ ထိုအချိန်က သူတို့သည် တမင်တကာပင် ဆိုးဆိုးဝါးဝါး ဟန်ဆာင်ခဲ့ကြသည်။ ယခုမှသာ သူတို့သည် တကယ့်စွမ်းရည်များ ပြသနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ “အကြွေးဟောင်း”များကြောင့် ဗိုလ်ခြေ၃ခုအကြားရှိ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်သွားခဲ့သည်။ ဗိုလ်ခြေများ၏အင်အားသည် အပြုသဘောဆောင်သော ပတ်ဝန်းကျင်၌ စနစ်တကျ ကြီးထွားလာခဲ့လေသည်။
ရှီလန်တောင်သို့ ချန်လွေ့ လာရောက်ခဲ့ခြင်းမှာ တင်မ်၏အလုပ်များကို လေ့လာ စူစမ်းရန်အတွက် မဟုတ်ဘဲ အဓိကတွင်းထဲရှိ မြေဒြပ်စင်ကောင်များ၏ ပထဝီဘုံသို့ သွားရန်ဖြစ်သည်။
ပထဝီဘုံ၌ ချန်လွေ့သည် မြေဒြပ်စင်ကောင်များ၏ နွေးထွေးသော ကြိုဆိုမှုကို လက်ခံရရှိခဲ့သည်။ မြေဒြပ်စင်ကောင်အများစုမှာ စကားပြော မကောင်းကြဘဲ နတ်ဆိုးဘုံ၏ ဘုံဘာသာစကားကို မလေ့လာထားခဲ့ကြသော်လည်း [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် သူတို့ရဲ့ ရိုးသားသော စိတ်အားထက်သန်မှုများကို ချန်လွေ့ ခံစားမိသည်။
မြေနန်းတော်၌ မြေဒြပ်စင်ဘုရင်က လုပင်မြို့ရှိ ချန်လွေ့၏ အတွေ့အကြုံကို နားထောင်ပြီးနောက် မျက်နှာအမူအရာ လေးနက်နေ၏။ “မိတ်ဆွေ။ ဒီတစ်ခေါက် အမှောင်ဒြပ်စင်ဘုရင် လက်ထဲကနေ မင်း လွတ်မြောက်ခဲ့တာက တကယ့်ကို ကံကောင်းတယ်လို့ ပြောရမယ်။”
“ရေဒြပ်စင်ဘုရင် လမ်းဘို့စ်က ခင်ဗျားကို ပင်လယ်သေမှာ စောင့်နေမယ်လို့ ကျုပ်ကို ပြောခိုင်းလိုက်တယ်။ သူက ခင်ဗျားကို အရေးကြီးတာတစ်ခုခု ပေးချင်နေတယ်။”
မိုးရီ အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒါက အရင်မြေဒြပ်စင်ဘုရင် သေသွားတုန်းက ချန်ခဲ့တဲ့ ပစ္စည်းတစ်ခု ဖြစ်မယ်။ ဒီပစ္စည်းက တော်တော်လေး အရေးကြီးတယ်လို့ ငါ့မှတ်ဉာဏ်က ပြောနေတယ်။ ဒါပေမဲ့ အဲဒါကို လက်ခံဖို့အတွက် ငါက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကိုရောက်ဖို့ လိုအပ်တယ်။ ဂလော်ဖင်းက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ။ ငါ ဒီကို ပြန်မရောက်လာခင်တုန်းက သူ ဒဏ်ရာအပြင်းအထန် ရထားပေမဲ့ ငါ့ကိုဖန်တီးချိန် နည်းပါးသေးတဲ့အတွက် သူ့ကို မယှဉ်နိုင်ခဲ့ဘူး။ ပထဝီဘုံရဲ့ စွမ်းအားကြောင့်သာ သူ့ရဲ့ခန္ဓာကိုယ်ကို ငါ ဖျက်ဆီးနိုင်ခဲ့တာ။ ဒါပေမဲ့ နှစ်ပေါင်း၄၀၀ကျော်ကြာအောင် သူ့ဝိညာဉ်နဲ့ တိုက်ခိုက်ခဲ့ရလို့ ငါ့ရဲ့စွမ်းအား တော်တော်လေး အားနည်းသွားခဲ့တယ်။ မြေဒြပ်စင်ကောင်တွေလည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားခဲ့တယ်။ အထူးသက်ရောက်မှုရှိတဲ့ ဒြပ်စင်နှလုံးသားကို မင်း ပြန်ပြင်ပေးခဲ့တာတောင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ငါ မရောက်နိုင်သေးဘူး။”
၎င်းကို ရေဒြပ်စင်ဘုရင် ပြောခဲ့ဖူးကြောင်း ချန်လွေ့ သတိရလိုက်ပြီး မေးကြည့်သည်။ “အဲဒါက ဒြပ်စင်စစ်ပွဲလား။ ခင်ဗျားတို့အားလုံးကို အမှောင်ထု ဘုရင်၃ပါးလို့ ခေါ်တာလား။ ဒြပ်စင်ပဋိညာဉ်စာချုပ်ကရော ဘာလဲ။”
“အမှောင်ထုဘုရင်၃ပါးက အမှောင်ဒြပ်စင်၊ ရေဒြပ်စင်နဲ့၊ မြေဒြပ်စင်တို့ပဲ။ အလင်း ဘုရင်၃ပါးကတော့ အလင်းဒြပ်စင်၊ မီးဒြပ်စင်နဲ့ လေဒြပ်စင်တို့ပဲ။ ငါတို့က သူသေကိုယ်သေ ရန်သူတွေပဲ။ ဒြပ်စင်စစ်ပွဲနဲ့ ဒြပ်စင်ပဋိညာဉ်စာချုပ် အသေးစိတ်ကိုတော့ အခွင့်အရေးရမှ ငါမင်းကို နောက်တော့ ပြောပြမယ်။”
လူတိုင်းတွင် လျို့ဝှက်ချက်များရှိကြောင်း ချန်လွေ့ သိသည့်အတွက် ဆက်မမေး တော့ပေ။ မြေဒြပ်စင်ဘုရင်က ဆက်ပြောသည်။ “အမှောင်ဒြပ်စင်တွေရဲ့ စရိုက်က ကြမ်းတမ်းပြင်းထန်တယ်။ ပြီးတော့ ငါ့စွမ်းအားက ဟေးဂယ်ထက် နိမ့်ကျတယ်။ ဒြပ်စင်ကောင်းချီးက ဒီတစ်ခေါက်ပဲ မင်းကို ကူညီနိုင်မှာ။ မင်းမှာ စွမ်းအားမရှိသေးရင် အမှောင်ဒြပ်စင်ကောင်တွေနဲ့ ပြဿနာ မတက်စေနဲ့။”
ချန်လွေ့က ခေါင်းညိတ်ပြီး မေးလိုက်သည်။ “အခုလက်ရှိစွမ်းအားကနေ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်ဖို့အတွက် အချိန်ဘယ်လောက် ကြာနိုင်မလဲ။ ဆေးရည်မည်းနဲ့ မိစ္ဆာသစ်သီးလိုမျိုး အထောက်အပံ့တွေက ဒြပ်စင်ကောင်တွေအတွက် အသုံးဝင်လား။”
“ဒီဘုရင်က နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်နေပြီးတော့ အရင်ဘုရင် ဖန်တီးခဲ့တဲ့ မှတ်ဉာဏ်တွေကို ဆက်ခံထားပေမဲ့ ဒြပ်စင်စွမ်းအားတွေကို စုဆောင်း ရဦးမယ်။ အဲဒါကို စုပ်ယူပြီးတော့ အချိန်အတော်ကြာအောင် ကူးပြောင်းရမယ်။ ဆေးရည်မည်းနဲ့ မိစ္ဆာသစ်သီးတွေက သာမန်နတ်ဆိုးတွေအပေါ် အံ့သြဖွယ်ရာ သက်ရောက်မှုတွေ ရှိတယ်။ ပြိဿနဲ့ မယ်ဒူဆာတို့ အပေါ်မှာတောင် ထူးခြားဆန်းပြားတဲ့ သက်ရောက်မှုရှိတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ဒါတွေက ဒြပ်စင်ကောင်တွေအပေါ်မှာ သက်ရောက်မှု လုံးဝ မရှိဘူး။”
မိုးရီရဲ့ လေသံအရဆိုရင် သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို မရောက်နိုင်တဲ့ပုံပဲ။ ဒါဆိုရင် သူ့ကို ရေဒြပ်စင်ဘုရင်က အဲဒီအရေးကြီးတဲ့ပစ္စည်း ပေးမှာ မဟုတ်တော့ဘူး။ ချန်လွေ့က မျက်မှောင်ကြုတ်ပြီး ပြောသည်။ “အမှောင်ဒြပ်စင်ဘုရင်က အမှောင်ထု အရင်းအမြစ်တွေနဲ့ သက်ရှိတွေရဲ့ စတေးမှုတွေကို အသုံးချပြီးတော့ သူ့ရဲ့ စွမ်းအား ပြန်ရအောင် လုပ်ခဲ့တယ်။ ခင်ဗျား ဆက်ခံထားတဲ့ မှတ်ဉာဏ်တွေထဲမှာ စွမ်းအား အမြန်ပြန်ရဖို့အတွက် တခြားနည်းလမ်းတွေ ရှိလား။”
“ရှားပါးတဲ့ သြဇာယွမ်မြေတစ်မျိုးတော့ ရှိတယ်။ အဲဒါက ပထဝီဘုံရဲ့ အင်အားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်တယ်။ ငါ့မှာ အဲဒီရတနာ ရှိမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ကျော်တုန်းက ဆုံးရှုံးသွားခဲ့တဲ့ ငါရဲ့စွမ်းအား ပြန်ရနိုင်ပြီးတော့ နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းကို ပြန်ရောက်နိုင်တဲ့အပြင် မြေဒြပ်စင်ကောင်တွေရဲ့ ခွန်အားကလည်း အရည်အသွေးအရ ပြောင်းလဲသွားလိမ့်မယ်။ မြေဒြပ်စင်ကောင်တွေ ဖန်တီးတဲ့ အမြန်နှုန်းလည်း တိုးလာမယ်။ ပြီးတော့ မြေဒြပ်စင်ကောင် လက်ရွေးစင် အရေအတွက်လည်း တိုးလာလိမ့်မယ်။”
“သြဇာယွမ်မြေလား။ အဲဒီရတနာက ဘယ်မှာလဲ။” ချန်လွေ့၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားခဲ့သည်။ ဒီ “သြဇာယွမ်မြေ”က “လျို့ဝှက်အရိပ်” အဆောင်ပစ္စည်း ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းထဲကတစ်ခုပဲ။ အရင်တုန်းက ငါ အဲဒါကို ရှာမတွေ့နိုင်ခဲ့ဘူး။ အဲဒါကို မြေဒြပ်စင်ဘုရင်လည်း လိုအပ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။
“ငါ့ရဲ့ ဆက်ခံထားတဲ့ မှတ်ဉာဏ်အရဆိုရင် မြောက်ဘက်အစွန်မှာ ဆက်ခ်ရက်တောင် ရှိတယ်။ ပြီးတော့ သြဇာယွမ်မြေလည်း အဲဒီမှာ ရှိတယ်။”
ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားခဲ့သည်။ “ဆက်ခ်ရက်တောင်လား။ အဲဒီမှာ ခင်ဗျားလိုအပ်တာ ဘာလို့ သွားမရှာတာလဲ။”
“အဲဒီတောင်မှာ ထိလို့မရတဲ့ တားမြစ်စွမ်းအားတစ်ခုခု ရှိနေတယ်လို့ ငါ့မှတ်ဉာဏ်က ပြောနေတယ်။ ပိုပြီးအရေးကြီးတာက မြေဒြပ်စင်ကောင်တွေ အရင် တစ်ခေါက် ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားခဲ့တယ်။ မြေနန်းတော်က မြေဒြပ်စင်ကောင် အသစ်တွေ မွေးထုတ်ဖို့အတွက် ငါ့စွမ်းအားတွေ အရေးတကြီး လိုအပ်နေတယ်။ အဲဒါကြောင့် ငါ ထွက်သွားလို့ မရသေးဘူး။”
ချန်လွေ့က ဆက်ခ်ရက်တောင် နာမည်ကို ရေးချထားလိုက်သည်။ “လျို့ဝှက်အရိပ်” အဆောင်ပစ္စည်းက ဒုတိယဦးစားပေးပဲ။ သြဇာယွမ်မြေက မြေဒြပ်စင်ဘုရင်နဲ့ မြေဒြပ်စင်ကောင်တွေ အားလုံးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်။ ကြည့်ရတာ ဒီပစ္စည်းကို ငါရအောင် ကြိုးစားရမယ့် ပုံပဲ။ မြောက်ဘက်နေရာ.....က သွေးရောင်အင်ပါယာရဲ့ ပိုင်နက်အတွင်းမှာ ဖြစ်လောက်တယ်။
ထိုအချိန်၌ အရိပ်နက်အင်ပါယာ၏ သွေးနွယ်နယ်မြေ လော့ဒ်-ဗိုလ်ချုပ် ခရောဖို့ဒ်က အမှောင်လသို့ လည်ပတ်ပြီးသည်မှာ ၂လနီးပါး ရှိနေပြီဖြစ်သည်။ ထိုအချိန်အတောအတွင်း အမှောင်လနှင့် သွေးနွယ်နယ်မြေတို့က ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သက်ရောက်မှုမှာ အလွန်ပင် သိသာလှပြီး နယ်မြေနှစ်ခုစလုံးက ကောင်းမွန်သော တုံ့ပြန်မှုများကို ပြသကြသည်။ ရှီရာက ခရောဖို့ဒ်၏ ဖိတ်ကြားမှုကြောင့် နောက်လအစတွင် သွေးနွယ်နယ်မြေသို့ လာလည်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်၌ ချန်လွေ့က သူ့ကို အဖော်ပြုပေးပေမည်။
သွေးနွယ်နယ်မြေရဲ့ မြောက်ဘက်မှာ သွေးရောင်အင်ပါယာ ရှိတယ်။ ဒီတစ်ခါက် လည်ပတ်နေတုန်း ငါ့မှာ အခွင့်အရေး ရှိမယ်ဆိုရင် စူးစမ်းရှာဖွေကြည့်လို့ရနိုင်တယ်။ ဒါပေမဲ့ အခုတော့ သက်ဆိုင်ရာသတင်းတွေကို သိရဖို့အတွက် အမှောင်နတ်ဆိုးရဲ့ သတင်းအချက်အလက် ကွန်ရက်ကိုပဲ သုံးတာပေါ့။
ချန်လွေ့ စိတ်ပိုင်းဖြတ်ပြီးနောက် မိုးရီကို နှုတ်ဆက်ပြီး ပြိဿမျိုးနွယ်ဘက်သို့ ရောက်လာခဲ့သည်။ သူသည် ပြိဿအကြီးအကဲ ဒယ်လောင်နှင့် ဟိုးကတည်းက အစီအစဉ်တစ်ခု ဆွေးနွေးသွားခဲ့သည်။ ၎င်းမှာ ပြိဿမျိုးနွယ်စိုကို နေရာရွှေ့ပြောင်းရန် ဖြစ်သည်။
ယခုတွင် ပြိဿမျိုးနွယ်၏ သွေးမျိုးဆက် ကျိန်စာကို ဖယ်ရှားပေးပြီး ဖြစ်ရာ မြေအောက်၌နေရန် အသက်ဓာတ်ရေစင်ကို အမှီပြုရန် မလိုတော့ပေ။ ထို့ပြ ဟာ့ထ်ကဲ့သို့ ပြိဿများ ဘုန်းတော်ကြီးများလည်း ရှိနေပြီဖြစ်သည်။ သူတို့က ပြိဿဘုရားကျောင်းကို တည်ဆောက်ပြီးသည်နှင့် ပြိဿကလေး မွေးဖွားမှု၏ နှစ်ခြင်းမင်္ဂလာကို ပုံမှန်အတိုင်း ပြုလုပ်နိုင်ပေမည်။
ပြိဿမျိုးနွယ်စုအတွက် ချန်လွေ့စီစဉ်ထားသော “အိမ်အသစ်”မှာ ချော်ရည်ပြာ တောင်ခြေရှိ မူလ “ရတနာသိုက်” တည်ရှိရာနေရာရှိ အသစ်တည်ဆောက်ထားသော စစ်တပ်စခန်း ဖြစ်သည်။ ထိုနေရာရှိ မြေနေရာမှာ တောင်တန်း၊ တောအုပ်များဖြင့် ဖုံးလွှမ်းထားပြီး အတော်လေး ကျယ်ဝန်းလှသည်။ ၎င်းသည် ပြိဿဘဝအတွက် အလွန်ပင် သင့်တော်လှပေသည်။
ထိုမှောင်နက်ပြီး စိုထိုင်းပြီး လရောင်မရှိသောမြေအောက်မှ ထွက်သွားနိုင်မည် ဖြစ်ကြောင်း ကြားရသည့်အခါ ပြိဿများအားလုံးက ပျော်ရွှင်စွာ ကောင်းချီးသြဘာ ပေးလိုက်ကြပြီး ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။
အမှောင်လအတွက် ပြိဿများ၏ နေရာရွှေ့ပြောင်းခြင်းမှာ အတော်လေး ကောင်းမွန်လှသည်။ ထိုကဲ့သို့ ဆန်းကြယ်သော ပန်းပဲပညာရပ်များရှိသည့် လက်မှုပညာထူးချွန်သော အုပ်စုသည် အမှောင်လမြို့နှင့် ပိုမိုနီးကပ်လာမည် ဖြစ်သည်။ သတ္တုများကို အရည်ကျိုပြီး ပစ္စည်းကိရိယာများ ထုတ်လုပ်ရန်အတွက် ပိုမို အဆင်ပြေ လာမည်ဖြစ်သည်။ လက်နက်အသစ်များကိုလည်း စမ်းသပ်နိုင်ပြီး စစ်တပ်ရေးရာ၌ အလျင်အမြန် အသုံးပြုနိုင်လာပေမည်။
ထို့ပြင် ပြိဿအကြီးအကဲ ဒယ်လောင်၏စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီး မြေအောက်စစ်ပွဲ နှစ်၄၀၀အတွင်း၌ အသက်ရှင်ကျန်ခဲ့သော အခြား ပြိဿများအားလုံးမှာ တိုက်ပွဲအတွေ့အကြုံရှိနေပြီး အစွမ်းထက်ကြသည်။ လိုအပ်လျှင် သူတို့သည် တိုက်ခိုက်ရေးစွမ်းအား အတော်လေး ထောက်ပံ့ပေးနိုင်လောက်ပေမည်။
ချန်လွေ့၏ သိုလှောင်ဂိုဒေါင်ဖြင့် အခက်ခဲဆုံးတာဝန်ဖြစ်သော နေရာရွှေ့ပြောင်းခြင်း၊ ကုန်ကြမ်း ပြောင်းရွှေ့ခြင်းတို့ကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း ပြိဿများက ယူသွားရန် မရမကပြောသော မိုင်းတွင်းများသည် သိုလှောင်ဂိုဒေါင်ကို အပြည့် ဖြစ်သွားစေသည်။ ဒယ်လောင်၏ စုစည်းမှုအောက်တွင် ပြိဿ အနည်းအကျဉ်းက သူတို့နှစ်ပေါင်းများစွာ နေခဲ့သော မြေအောက်မှ ချန်လွေ့နောက်သို့ လိုက်သွားခဲ့ကြတော့သည်။
မယ်ဒူဆာမျိုးနွယ်အတွက်မူ ချန်လွေ့က တင်မ်ကြောင့် ရှီလန်တောင်တွင် ချန်ထားခဲ့သည်။ ချန်လွေ့ ခင်းကျင်းခဲ့သော မှော်စက်ဝိုင်း အကာအကွယ်အပြင် ရှီလန်တောင်အောက်ရှိ မြေဒြပ်စင်ကောင်စစ်တပ်ကြောင်း တင်မ်ဘက်ခြမ်းတွင် ပြဿနာ မရှိလောက်ပေ။
ပြိဿများအား နေရာရွှေ့ပြောင်းရာ၌ ချန်လွေ့သည် နောက်ထပ် အရေးကြီးသော အရာဖြစ်သည့် အသက်ဓာတ်ရေစင်နှင့် အသက်ဓာတ်ရေစင်စိုနေသော ဒဏ္ဍာရီလာ ငွေသေတ္တာတို့ကို မမေ့ခဲ့ပေ။
ဒီလက်ဆောင်ကိုမြင်ရင် ဟန်ဆောင်ငေးငိုင်တဲ့ နဂါးမလေးက ပြုံးပျော်သွားမယ် ဆိုတာ ငါယုံကြည်တယ်။