← Chapters

လည်ပတ်ခြင်း နှင့် တောင်းဆိုချက်

Vol. 29 Ch. 426

လည်ပတ်ခြင်း နှင့် တောင်းဆိုချက်

Vol. 29 Ch. 426

ချော်ရည်ပြာနယ်မြေရှိ အခြေအနေ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် လိပ်ပြာနီ နယ်မြေထံမှ သတင်းတစ်ခု ထွက်ပေါ်လာသည်။

လော့ဒ်စစ်ပွဲ၌ အထိနာသွားခဲ့သော လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်က ရုတ်တရက်ပင် တိုက်ပွဲတစ်ခုကို စတင်ခဲ့သည်။ သူက သူ့ကို သတ်ရန်ကြိုးစားခဲ့သော သူ၏သား ခါနီတာကို နှိမ်နင်းပြီး အာဏာလုယူရန်ပုန်ကန်မှုကို တားဆီးခဲ့သည်။

ဒဏ်ရာကုသနေသော ခါနီတာ လက်အောက်ရှိ မဟာနတ်ဆိုးဘုရင်အဆင့် ဆိုလာနာက အညံ့ခံခဲ့သည်။ စနိုးဒင်လည်း သေဆုံးသွားခဲ့ပြီး ကျန်ရှိသူများကလည်း အညံ့ခံခဲ့ကြသည်။ ခါနီတာကိုမူ ဂျို့ရှ်က လျို့ဝှက်ပညာရပ်ဖြင့် ထိန်းချုပ်ထားခဲ့ပြီး သူ ထပ်မံ ပုန်မကန်နိုင်တော့ပေ။

ထိုကဲ့သို့ သားအဖချင်း သတ်ဖြင်းခြင်းနှင့် အာဏာလုယက်ခြင်းမှာ နတ်ဆိုးဘုံ၌ အဆန်းမဟုတ်ပေ။ သို့သော်လည်း ဂျို့ရှ်က ထိုအခြေအနေ၌ သူ့သားကို ခုခံနိုင်သည်မှာ ချီးကျူးထိုက်ပေသည်။ အသက်ကြီးလေလေ၊ ဉာဏ်ပိုရှိလေလေ ဆိုသည်မှာ အမှန်ပင် ဖြစ်လေသည်။

ထိုကိစ္စ၌ မမျှော်လင့်ထားသူတစ်ယောက်က အဓိကနေရာ၌ ပါဝင်ခဲ့သည်။ ၎င်းမှာ ယခင်က ဂျိုးဆက်ပ် လက်အောက်ရှိ ရွိုင့်စ်ပင် ဖြစ်၏။

ရွိုင့်စ်သည် ခွန်ဒါမိသားစု၏ ဆက်ခံသူဖြစ်သည်။ သူ၏အဖေ ခန်ဖြစ်သူက ရတနာပစ္စည်းများ လွှဲပေးရန် ငြင်းဆန်ခဲ့သည့်အတွက် ဂျို့ရှ်က ခွန်ဒါမိသားစု၏ မျိုးရိုးနာမည်ကို ဖယ်ရှားပြီး ကျွန်အဖြစ်သို့ နှိမ့်ချခဲ့သည်။ သို့သော်လည်း ရွိုင့်စ်သည် အမှန်တကယ်ပင် အရှက်ခွဲခြင်းကို သည်းခံပြီး ဂျိုးဆက်ပ် ဘေးနား၌ သူလျှိုအဖြစ်နေရန် ဂျို့ရှ်၏ တိတ်တိတ်လေး အမိန့်ပေးခြင်းကို ခံခဲ့ရသည်။ သူက ဂျိုးဆက်ပ်၏ လုပ်ရပ်များကို ထောက်လှမ်းပြီး မြို့တော်၏ ဂျိုးဆက်ပ်၏ တိုင်ကြားမှုများအားလုံးကို သိနေခဲ့သည်။ ဂျိုးဆက်ပ် ကျရှုံးသွားပြီးနောက် ရွိုင့်စ်က ခါနီတာဘက်သို့ ရောက်ရှိလာပြီး ခါနီတာ၏ လျို့ဝှက်အကြံအစည်များအား ဂျို့ရှ်ထံ အကြီးမားဆုံး ထောက်ပံ့ပေးသူ ဖြစ်လာခဲ့သည်။

ဂျို့ရှ်က ရွိုင့်စ်၏ အကျိုးပြုမှုများကို ချီးမွမ်းပြီး နယ်မေ၏ မြို့စောင့်တပ် လက်ထောက်ခေါင်းဆောင် နာမည် ပေးခဲ့သည်။ လက်ရှိတပ်မှူးမှာ နှိမ်နင်းခံထားရသော ခါနီတာ ဖြစ်သည်။ လက်ထောက်ခေါင်းဆောင် ရွိုင့်စ်လည်း ကြီးကြပ်ရေး တာဝန်များ ရှိလေသည်။

ထို့အပြင် ကျွန်များ ဖြစ်သွားကြကာ ဂုဏ်သိက္ခာများ ဆုံးရှုံးခဲ့ရသော ရွိုင့်စ်၏ မိသားစုဝင်များလည်း မျိုးဆက်များကလည်း လွတ်ငြိမ်းခွင့်ရပြီး ခွန်ဒါဟူသော မျိုးရိုးနာမည် ပြန်လည်ရရှိခဲ့သည်။ ဖခင်ဖြစ်သူနှင့် ခွန်ဒါ တစ်မိသားစုလုံးကို ပျက်စီးစေခဲ့သော တရားမဝင်သား လီဒို (ဝါ) ဂျိုးဆက်ပ်၏ “ရာဇဝတ်အပေါင်းအဖော်” ကိုလည်း အမြင့်ဆင့်နတ်ဆိုးဖြစ်သော ရွိုင့်စ်က ကိုယ်တိုင် ခေါင်းဖြတ်သတ်ခဲ့သည်။

အာဏာပြန်လည်ရရှိပြီးနောက် ဂျို့ရှ်က ဒဏ်ရာများကုသနေကြောင်း အကြောင်းပြကာ ကိစ္စများကို အကျဉ်းချုံး ရှင်းပြခဲ့သည်။ မည်သည့်ကိစ္စကိုမဆို ခါနီတာနှင့် ရွိုင့်စ်တို့ထံမှ အကြောင်းကြားမည် ဖြစ်သည်။ ရံဖန်ရံခါ၌ သူက အတော်လေး အားနည်းနေသည့်ပုံစံဖြင့် ပေါ်ထွက်လာတတ်သော်လည်း ထို “အပြင်းအထန် နေမကောင်း”ဖြစ်နေသော မြေခွေးအိုကြီးကို မည်သူမှ အထင်မသေးရဲတော့ပေ။

အချို့ကမူ အမှောင်လက သူ့ကိုကျော်သွားရန်အတွက် ကောက်ကျစ်တတ်သော ဂျို့ရှ်က ထိုကဲ့သို့ပုံစံ ဟန်ဆောင်နေပြီး လက်စားချေရန်အတွက် အင်အားများ စုစည်းနေကြောင်း ဖြစ်မည်ဟု ထင်ကြေးပေးနေကြသည်။

လော့ဒ်အစည်းအဝေး၌ တက်တက်ကြွကြွတုံ့ပြန်ခဲ့ပြီး သလင်းကျောက်နက်ဒင်္ဂါး သန်းတစ်ထောင် ရင်းနှီးခဲ့သော ပထမဆုံလော့ဒ်တစ်ယောက် ဖြစ်သည့်အလျောက် ဂျို့ရှ်သည် မြို့တော်ထံမှ ရန်ပုံငွေများကို ခါနီတာကဲ့သို့ ပြန်မတောင်းခဲ့ပေ။ သူက ရီဂျန့်ကို အတော်လေး ယုံကြည်မှု ရှိနေသည်။ သူက နယ်မြေအားလုံးထံသို့ ကောလာဟလများကို လျစ်လျူရှုပြီး ရီဂျန့်၏ ကတိကို ယုံကြည်ကြရန် အမျိုးမျိုး ဝါဒဖြန့်ခဲ့သည်။ ထိုကဲ့သို့ လုပ်ရပ်ကို မြို့တော်က အတော်လေး ကျေးဇူးတင်နေခဲ့သည်။

သို့သော်လည်း အချိန်နီးကပ်လာပြီး ပေးချေရန်ရက် ချဉ်းကပ်လာသည်နှင့်မျှ ထို ခံယူချက်များမှာ တိုက်ရိုက်သတိပေးသည်ထက် ပိုမိုဆိုးဝါးလာခဲ့သည်။

ချန်လွေ့သည် သွေးနွယ်နယ်မြေသို့ ရှီရာကိုအဖော်ပြုပြီး သွားနေသည့်အတွက် အရိပ်နက်မြို့တော်မှ သတင်း ကြားခဲ့ရသည်။ အသီနာသည် ယခုတစ်ခေါက်၌ အမှောင်လ၌ နေရစ်ခဲ့သည်။ ငွေသေတ္တာရရှိသွားသော ဇိုလာက ရှေးမှော်စာကျောက်ပြား အသိပညာများကို လေ့လာရန်သာ စိတ်အားထက်သန်နေသည်။ သူက အမှောင်လအား ခရိုဘဲလက်စ်နှင့်အတူ တာဝန်ယူနေခဲ့သည်။ တစ်ဖက်တွင်လည်း အဲလစ်က သူ၏အစ်မနှင့်အတူ သွားခဲ့သည်။ ထို့ကြောင့် ခီရာက သူတို့ကို အဖော်ပြုပေးရန် အခွင့်အရေး ရရှိခဲ့သည်။

( အစေခံမလေး - နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ။ )

“အုပ်ချုပ်မှုအစည်းအရုံး”၏ စောင့်ကြည့်မှုကို မခံရစေရန်အတွက် ပါ့ဂ်လီအိုက လမ်းတစ်လျှောက်တွင် ချန်လွေ့အား ဆက်လက် အဖော်ပြုနေခဲ့သည်။ ရိုမန်က အင်အားနည်းကြောင်း အကြောင်းရင်းဖြင့် အမှောင်လတွင် ဆက်နေနေရသည်။ သို့သော် အစ်ဇဘယ်လာ၏ သင်ကြားပေးမှုအောက်တွင် ရိုမန်သည် မိစ္ဆာမျက်လုံးဘုရင်၏ စွမ်းအားနှင့် အပြည့်အဝ ပေါင်းစပ်တော့မည်ဖြစ်သည်။ ပေါင်းစည်းမှု ပြီးဆုံးသည်နှင့် သူသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိပေလိမ့်မည်။ ၎င်းမှာ သူ၏ တစ်သက်သာ အပေါင်းအဖော်သားရဲ၏စွမ်းအားကို အမှီပြုပြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိလာခြင်းသာ ဖြစ်သည်။ အနာဂတ်ခြေလှမ်းတိုင်းတွင် အံ့သြဖွယ်ရာ ကြုံတွေ့မှု မရှိခဲ့လျှင် အတော်လေး ခက်ခဲပေလိမ့်မည်။ ဤသည်မှာ သားရဲနှင့် သူ၏ခန္ဓာကိုယ် ပေါင်းစည်းလေ့ကျင့်ခြင်းနှင့် ညီမျှပေသည်။ အားသားချက်မှာ သူ၏စွမ်းအားသည် အဆင့်တူ ပြိုင်ဘက်များထက် ပိုသာခြင်းပင် ဖြစ်သည်။

ရှီရာဦးဆောင်သော အမှောင်လ၏ လည်ပတ်မှုက သွေးနွယ်နယ်‌မြေ၌ အဆင့်အမြင့်ဆုံး ကြိုဆိုမှုကို လက်ခံရရှိခဲ့သည်။ နယ်မြေနှစ်ခုအကြားရှိ ပူးပေါင်းမှု စတင်ပြီးကတည်းက သွေးနွယ်နယ်မြေ၏ မြေအခြေအနေ တိုးတက်မှုမှာ သိသာလှသည်။ ကျတ်တီးမြေနေရာအကျယ်ကြီး၌ အရည်အသွေးအရ ပြောင်းလဲမှုတစ်ခု ဖြစ်လာပြီး ကောက်ပဲသီးနှံများကို ချောချောမွေ့မွေ့ စိုက်ပျိုးနိုင်ကာ ဖွံ့ဖြိုးနှုန်းမှာလည်း အတော်လေး ကောင်းမွန်လှသည်။ နယ်မြေရှိ နေထိုင်သူများအားလုံးက ပျော်ရွှင်စွာ ကောင်းချီးသြဘာ ပေးလိုက်ကြသည်။

အမှန်တကယ်၌ မှော်မှုန့်လျို့ဝှက်ချက်များ ပေါက်ကြားမသွားရန်အတွက် ဂါ့စ်က အမှုန့်အချို့ ရောနှောနေသော မှော်မြေသြဇာတစ်မျိုးကို ဖန်တီးခဲ့သည်။ ထိုမြေသြဇာ ဖော်မြူလာမှာ အလွန်အမင်း ရှုပ်ထွေးလှသော်လည်း ၎င်းမှာ ဖုံးကွယ်ရန် ရည်ရွယချက် အတွက် ဖြစ်ပေသည်။ ၎င်းသည်လည်း မြေဆီကို တိုးမြှင့်ပေးနိုင်သော အာနိသင် ရှိသည်။ သို့သော်လည်း ၎င်းမှာ အမှောင်လထက် နိမ့်ကျပေသည်။ အမှောင်လ၏ လျို့ဝှက် စားစရာ အခြေစိုက်စခန်း၌ ထိပ်တန်းအရည်အသွေးရှိသော စိုက်ခင်းများ၌ ချန်လွေ့၏ စူပါစနစ်ထဲရှိ သန့်စင်ပြီး မှော်မှုန့်များဖြင့် ပြုလုပ်ထားခဲ့ပြီ ဖြစ်သည်။ တိုက်ရိုက် အသွင်ပြောင်းလဲခြင်းမှာ သာမန်မှော်မှုန့်ထက် များစွာ ပိုသာလွန်လှသည်။

ထိုသို့ဆိုသည့်တိုင် ၎င်းသည် အရိပ်နက်အင်ပါယာ၏ အကျတ်တီးဆုံးနယ်မြေ ဖြစ်သည့် သွေးနွယ်နယ်မြေကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ ချန်လွေ့သည် ယခုတစ်ခေါက်တွင် “အိုင်းစစ်”ထံ ပေးထားသောကတိကို ဖြည့်ဆည်းပေးခဲ့သည်။ သူသည် ဗိုလ်ချုပ်ခန် ယူလာ‌ပေးသည့် ပုံကြမ်းများကို အသုံးပြုကာ အထူးအဆောက်အအုံအချို့နှင့် မှော်ရေသွယ်စနစ် အပါအဝင် သွေးနွယ်နယ်မြေ မြို့တော်အား ပြန်လည် ဒီဇိုင်း ဆွဲပေးခဲ့သည်။ ထို “ဒီဇိုင်း”၏ အစိတ်အပိုင်းအချို့မှာ အခြားလောကရှိ ရင်းနှီးသော မြို့တစ်မြို့မှ ကူးယူထားခြင်း ဖြစ်ပေသည်။ ထိုဒီဇိုင်းနှင့် စနစ်ပုံများက ဗိုလ်ချုပ်ခန်ကို မယုံကြည်နိုင် ဖြစ်သွားစေခဲ့သည်။ နောက်တစ်ဆင့်၌ သွေးနွယ်နယ်မြေသည် လုံးဝ အသွင်ပြောင်းလဲသွားနိုင်ပေသည်။

တိုက်ပွဲ‌ဘောလုံးသည် သွေးနွယ်နယ်မြေရှိ စစ်သည်များနှင့် ပြည်သူများ အကြားတွင် ရေးပန်းအစားဆုံး ဖြစ်သည်။ အမှောင်လ တိုးတက်လာမှုကြောင့် နာမည်ကျော်ခဲ့သော တိုက်ပွဲဘောလုံးကို ယခုတွင် သွေးနွယ်နယ်မြေ၌ တရားဝင် ကျင်းပနေပြီ ဖြစ်သည်။ ကျင်းပရာနေရာနှင့် ဘောလုံးတို့မှာ “အစစ်မှန်ဆုံး” အသေးစိတ် အရာများ ဖြစ်သည်။ ကစားသမားများနှင့် ဒိုင်များက လေ့ကျင့်ရေးဆင်းပြီးနောက်တွင် သူတို့သည် လူအများကို မယုံနိုင်စရာ ခံစားချက်တစ်ခု ချက်ချင်းပင် ပေးစွမ်းတော့သည်။

တိုက်ပွဲဘောလုံး ရေပန်းစားမှုမှာ နယ်မြေအလယ်မှ စတင်လာပြီး ပတ်ဝန်းကျင် နေရာများသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ထို့အကြောင်းကြောင့် ဗိုလ်ချုပ်ခန်က အထူးတလှပင် သွေးနွယ်နယ်မြေ၏ ပြိုင်ကွင်းအသေးကို ချဲ့ထွင်ပြီး ယာယီပွဲကြည့်စင် အချို့ ထပ်ဖြည့်ထည့်ခဲ့သည်။ သို့သော်လည်း ၎င်းသည် တိုးပွားလာသော လိုအပ်ချက်များကို မလိုက်နိုင်ခဲ့ပေ။ သွေးနွယ်နယ်မြေ၏ အနာဂတ်မြို့တော်အတွက် ချန်လွေ့၏ ပုံကြမ်းထဲ၌ ပွဲကြည့်စင်ဒီဇိုင်း အများအပြား ရှိနေသည်။ ယနေ့သည် သွေးနွယ်နယ်မြေသို့ ရှီရာ ရောက်ရှိခဲ့သည်မှာ ၃ရက်မြောက် ရှိနေပြီဖြစ်သည်။ သွေးနွယ်နယ်မြေ၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်ပွဲဘောလုံး ကစားပွဲကို ပြိုင်ကွင်း၌ စတင်ကျင်းပနေလေပြီ။ ၎င်းမှာ သွေးနွယ်နယ်မြေ၏ ဝံပုလွေအစွယ်အဖွဲ့နှင့် အမှောင်လ၏ သွေးနီအဖွဲ့တို့ ဖြစ်ကြသည်။ ထိုအချိန်၌ အမှောင်လမြို့တွင် တိုက်ပွဲ‌ဘောလုံးကို လေ့လာခဲ့သော ဗိုလ်ချုပ်ခရောဖို့ဒ်၏ တစ်ဦးတည်းသောသား မွန်ရိုး အပါအဝင် သွေးနွယ်နယ်မြေကို ကိုယ်စားပြုသော လေ့လာသူများက ဝံပုလွေအစွယ် အဖွဲ့ထဲ၌ ပေါ်ထွက်လာကြသည်။

၎င်းမှာ လက်ရှိတွင် အင်အားအကြီးဆုံး အမြင့်ဆင့်နတ်ဆိုးအုပ်စု ဖြစ်သည်။ အမြင့်ဆင့် နတ်ဆိုးများ၏ ယှဉ်ပြိုင်မှုမှာ မြန်ဆန်ပြီး အတော်လေး အားကောင်းသော ထိန်းချုပ်မှု၊ နည်းစနစ်တို့နှင့်အတူ ပြင်းထန်လှသည်။ မှော်စက်ဝိုင်များမှာလည်း ပို၍ပင် ကန့်သတ်ထားလေသည်။ ပရိသတ်များ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော မြင်ကွင်း တစ်ခုမျှ ရှိမနေပေ။

ထိုချစ်ကြည်ရေးပွဲမှာ ရှီရာ လာရောက်လည်ပတ်ခြင်းအတွက် အလဲအလှယ် ဖြစ်သည်။ သတင်း ပျံ့နှံ့သွားပြီးနောက် မြို့တော်မှ ပရိသတ်များနှင့် အထက်ဆင့် တော်ဝင်မျိုးနွယ်များက သွေးနွယ်နယ်မြေသို့ ကြိုတင် လာရောက်ခဲ့ကြပြီး ဒေသတွင်း ဟိုတယ်များကို ပြည့်နှက်သွားစေသည်။ အကန့်အသတ်နှင့်ရောင်းသော ပွဲလက်မှတ် စျေးနှုန်းများမှာလည်း မိုးထိအောင် ထိုးထောင်သွားခဲ့သည်။

ဝီစီမှုတ်သံ ထွက်ပေါ်လာပြီး ကစားပွဲ စတင်တော့သည်။ မွန်ရိုးကဲ့သို့ အဓိက ကစားသမားများ ပါဝင်သော်လည်း ကစားပွဲမှာ တစ်ယောက်နှစ်ယောက်ဖြင့် အနိုင်ရနိုင်သည် မဟုတ်ပေ။ ခဏအကြာတွင် သွေးနီအဖွဲ့က အသားစီး ရရှိသွားသည်။ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့၌ဖြစ်စေ၊ သူတို့၏ ကောင်းမွန်သော ခွန်အားများက ပရိသတ်ကို မယုံကြည့်နိုင် ဖြစ်သွားစေသည်။ တိုက်ပွဲဘောလုံးကို ဒီလိုမျိုးလည်း ကစားလို့ ရသေးတာကိုး။

တိုက်ပွဲဘောလုံး မွေးဖွားရာနေရာ ဖြစ်သည့်အလျောက် အမှောင်လက အရေးသာသည်မှာ အကြောင်းအကျိုး သင့်ပေသည်။ သို့သော်လည်း သွေးနွယ်နယ်မြေ ပရိသတ်များက သူတို့အသင်းအတွက် အသည်းအသန် အားပေးနေကြဆဲပင် ဖြစ်သည်။ အိမ်ကွင်းအသင်းက တစ်ခါတည်း နှစ်ဂိုး အသွင်းခံရပြီးသည့်တိုင် သူတို့၏ စိတ်အား ထက်သန်မှုများ မလျော့ကျသွားခဲ့ပေ။

ကွင်းလယ်ကစားသမား မွန်ရိုးက ထိရောက်သော တိုက်စစ်ပြုလုပ်နေရင်း သူ၏ အဖွဲ့သားများကို သတိပေးရန် အော်ဟစ်နေခဲ့သည်။ သူက ခြိမ်းခြောက်မှု အကောင်းဆုံး ဖြစ်သော တန်ပြန်တိုက်စစ်ကို အသုံးပြုခဲ့သော်လည်း ကံဆိုးစွာပင် သူ၏ အသင်းဖော်က ဂိုးတိုင်ကို ကန်မိသွားခဲ့သည်။ ပရိသတ်များ ရုတ်တရက် ဝမ်းနည်းသွားကြသည်။ အမှောင်လက ထိုအခွင့်အရေးကို အသုံးချကာ တန်ပြန်တိုက်စစ်ဆင်ကာ နောက်တစ်ဂိုး သွင်းပြီး ၃ - ၀ အဖြစ် ပြုလုပ်နိုင်ခဲ့သည်။

မွန်ရိုးက တည်ငြိမ်စွာပင် သူ၏အသင်းသားများကို စုစည်းပြီး ခံစစ်ကို ဖိစီးရန် ပြုလုပ်ခဲ့သည်။ သူ၏ဘောလုံးဝင်လုခြင်း အောင်မြင်သွားပြီးနောက် တစ်ယောက်တည်း ဘောလုံးကို ဆွဲယူလာကာ ဆန့်ကျင်ဘက်မှ ခံစစ်ကစားသမားများကို ကျော်ဖြတ်ခဲ့သည်။ နောက်တန်းသို့ အမှောင်လ ကစားသမားများက မွန်ရိုးကို နှစ်ဖက်ညှပ်ရန် ရောက်လာ ခဲ့ကြသည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် မွန်ရိုးက ရောက်ရှိလာသော အသင်းဖော်ထံသို့ ဘောလုံးပေးလိုက်သည်။ ထိုအချိန်၌ အသင်းဖော်က မွန်ရိုး၏ ပေးပို့မှုကို သေချာအသုံးချပြီး အားကောင်းသော ကန်ချက်နှင့်တစ်တူ တစ်ဂိုးသွင်းနိုင်ခဲ့သည်။

ချက်ချင်းပင် ပြိုင်ကွင်းတစ်ခုလုံး ပျော်ရွှင်သွားကြသည်။ ပရိသတ်များ အားလုံးနီးပါး အော်ဟစ်ကာ အားပေးလိုက်ကြသည်။ လူအများအပြားက မွန်ရိုးနှင့် ဂိုးသွင်းသောသူ၏ နာမည်များကို အော်ဟစ်ခဲ့ကြသည်။ အချို့ အမျိုးသမီး ပရိသတ်များက အင်္ကျီချွတ်ပြီး ရဲရဲတင်းတင်း အောင်ပွဲခံခဲ့ကြသည်။ တတုံတုံဖြစ်နေသော အလုံနှစ်လုံးက ပြိုင်ကွင်းထဲ၌ လှပသောမြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။ အရူးအမူးဖြစ်ကြသည်မှာ ချန်လွေ့၏ အခြားလောကမှ ပရိသတ်များထက် မနိမ့်ကျလှပေ။

ဗိုလ်ချုပ်ခရောဖို့ဒ်က ၎င်းကိုကြည့်နေရင်း ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ စိတ်သက်သာရာရသွားသည်။ ပြိုင်ပွဲရလာဒ်နှင့်ပတ်သက်၍ မျှော်လင့်ချက် မရှိတော့ပေ။ ထိုတစ်ဂိုး၏ ထင်ရှားမှုမှာ အမှန်တကယ်ပင် အကန့်အသတ်ရှိသည်။ ကွင်းထဲရှိ သူ့သား၏ တည်ငြိမ်မှု၊ နောက်ဆုံး၌ နာမည်ကောင်းရရန် လောဘမကြီးမှု၊ အသင်းသားအပေါ် ယုံကြည်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်တို့မှာ လေးစားစရာပင် ဖြစ်သည်။ အကယ်၍ မွန်ရိုးက ယခင်ကဲ့သို့ မာနကြီးသော ပါရမီရှင် ကောင်လေးသာဆိုလျှင် ထိုကဲ့သို့ အခြေအနေမျိုးကို မြင်ရမည် မဟုတ်ပေ။ သူသည် အမှောင်လ၌ ယခင်လများတွင် အတော်များများ ရရှိခဲ့ပုံရသည်။

နောက်ဆုံး၌ ကစားပွဲ ပြီးဆုံးသွားခဲ့သည်။ အမှောင်လ၏ သွေးနီအသင်းက နောက်ဆုံးတွင် တမင်တကာပင် အခွင့်အရေးတချို့ပေးကာ ဝံပုလွေအစွယ်အသင်းအား နောက်ထပ်နှစ်ဂိုး ထပ်သွင်းခွင့် ပြုလိုက်သည်။ နောက်ဆုံးရလာဒ်မှာ ၇ - ၃ ဖြစ်၏။ သူတို့အသင်း ရှုံးနိမ့်သွားသော်လည်း သွေးနွယ်နယ်မြေ ပရိသတ်များက အမှောင်လကို ၃ဂိုး သွင်းနိုင်သည့်အတွက် အတော်လေး ကျေနပ်နေကြသည်။ ထိုခရီးမှာ ထိုက်တန်သည်ဟု သူတို့ ခံစားခဲ့ရသည်။ မနက်ဖြန်ပင် အလယ်ဆင့် နတ်ဆိုးအဖွဲ့အတွက် ချစ်ကြည်ရေး ပြိုင်ပွဲတစ်ခု ရှိမည်ဖြစ်သည်။ ထိုအချိန် စိတ်လှုပ်ရှားမှုများကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

အဖွဲ့တစ်ဖွဲ့က လော့ဒ် စံအိမ်သို့ ပြန်သွားကြသည်။ ခရောဖို့ဒ်က ရှီရာနှင့် ချန်လွေ့ တို့ကို ကောင်စီခန်းမသို့ အထူးတလှယ် ဖိတ်ကြားခဲ့သည်။

“သွေးနွယ်နယ်မြေအတွက် အမှောင်လ ကစားသမားတွေ ယူဆောင်လာပေးတဲ့ အံ့သြဖွယ်ရာကစားပွဲတစ်ခုအတွက် ကျေးဇူးတင်ပါတယ်။” ခရောဖို့ဒ်က ပြုံးရင်း ပြောသည်။ “ဒါနဲ့ ဒီနေ့ည စားသောက်ပွဲအတွက် မြို့‌တော်က နန်းတွင်းစားဖိုမှူးတချို့ကို ကျုပ် ဖိတ်ထားခဲ့တယ်။ မင်းသမီးရှီရာနဲ့ ဧည့်သည်တွေအားလုံး ကျုပ်တို့ အရိပ်နက် အင်ပါယာရဲ့ အရသာအရှိဆုံး စားစရာတွေကို ခံစားရမှာပါ။”

ရှီရာက ယဉ်ယဉ်ကျေးကျေးနှင့် ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ကျွန်မ အဲဒါကို စောင့်မျှော်နေပါ့မယ်။”

“ဒါနဲ့ အရှင်မင်းသမီးက ကျုပ်ရဲ့သွေးနွယ်နယ်မြေကို ရောက်လာတာ ၃ရက် ရှိပြီ။ နေရာတွေ အများကြီးကိုလည်း လည်ပတ်ပြီးပြီ။ အကြံပြုစရာ တစ်ခုခု ရှိလား။ တစ်ခုခု ရှိတယ်ဆိုရင် မတုံ့ဆိုင်းဘဲနဲ့ အကြံပြုပေးပါ။” ခရောဖို့ဒ် ထိုသို့ ပြောလိုက်သော်လည်း သူ့အကြည့်က လူသား ဘဏ္ဍာရေးအရာရှိထံသို့ ရောက်ရှိသွားသည်။ အမှောင်လရဲ့ တော်ဝင်မင်းသမီးက တကယ့်ကို အရည်အချင်းရှိပြီးတော့ လူတွေကို ကောင်းကောင်း အသုံးချတတ်တဲ့ ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ လူသားဘဏ္ဍာရေးအရာရှိက အရည်အချင်းရှိသူ အရာရှိတွေကြားမှာ အထူးချွန်ဆုံးပဲ။ အမှောင်လရဲ့ စီးပွားရေး တိုးတက်မှုတွေ အားလုံးနီးပါးက သူ့ရဲ့အစီအစဉ်တွေကြောင့်ပဲ။

“ကျွန်မ အကြံမပြုရဲပါဘူး။ ချန်လွေ့။ မင်းမှာ အကြံတစ်ခုခုရှိရင် မျှဝေပေးလို့ ရတယ်။” ရှီရာက ခရောဖို့ဒ် ပြောချင်သည်ကို သ‌ဘောပေါက်လိုက်ပြီး ချန်လွေ့ကို ငေးကြည့်လိုက်သည်။

လော့ဒ်နှစ်ယောက်မှ မျှော်လင့်ချက်အကြည့်များကို မြင်ရသည့်အခါ ချန်လွေ့က စိတ်ထဲ၌ ခါးသက်သက် ပြုံးလိုက်၏။ ငါက တခြားလောက ကနေ ပြောင်းလာတဲ့သူ တစ်ယောက်ပဲ။ ငါက နည်းနည်း ဉာဏ်ကောင်းရုံပါပဲ။ ကိစ္စတွေအများစုက ခိုးချထားတာ။ ငါက စွမ်းဆောင်ရည်ရှိတဲ့ အရာရှိတစ်ယောက် မဟုတ်တာ သေချာတယ်။ ကောင်းပြီ။ ငါ ဆက်ပြီးတော့ ခိုးချလိုက်ဦးမယ်....

“တကယ်တော့ ကျုပ်မှာ အကြံဉာဏ်ကောင်းတော့ မရှိဘူး။ ဒါပေမဲ့ ဒီနေ့ပွဲစဉ်က လူဦးရေကို ကြည့်မယ်ဆိုရင် လက်ရှိတိုက်ပွဲဘောလုံးက သွေးနွယ်နယ်မြေမှာ တော်တော်လေး လွှမ်းမိုးမှုရှိတယ်လို့ ‌ပြောရမယ်။ အနီးအနားနယ်မြေတွေနဲ့ ခင်ဗျားရဲ့ အင်ပါယာမြို့တော်တောင် ဒါကို သဘောကျကြတယ်။ ဒီတော့ ဒီကနေ ကျုပ်တို့ အကောင်းဆုံး လုပ်လို့ ရနိုင်တယ်။ တိုက်ပွဲဘောလုံးကို အသုံးချပြီးတော့ သွေးနွယ် နယ်မြေရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်လို့ရတယ်။ ဒီလိုလွှမ်းမိုးမှုအင်အားက စီးပွားရေးကို အလျင်အမြန် တိုးတက်စေနိုင်တယ်။ လွန်ခဲ့တဲ့ ကစားပွဲနေ့ရက်တွေတုန်းက သွေးနွယ် နယ်မြေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေတဲ့သူတွေ အကျိုးအမြတ် အများကြီး ရခဲ့တာကို သတိမထားမိဘူးလား။”

“ဆာ-ချန်လွေ့ ပြောချင်တာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကစားပွဲတွေ အများကြီး ထပ်ပြီး ကျင်းပပေးဖို့လား။”

“ထပ်ပြီး ကျင်းပပေးဖို့ ပြောချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကစားပွဲတိုင်းက စိတ်လှုပ်ရှားစရာ ကောင်းနေရမယ်။ ပြည်သူနဲ့ စစ်တပ်ကြားက ချစ်ကြည်ရေးပွဲလည်း ဖြစ်နိုင်တယ်။ ဒီနေ့လိုမျိုး နယ်မြေနှစ်ခုကြားက ပြိုင်ပွဲလည်း ဖြစ်နိုင်တယ်။ အနာဂတ်မှာ အသင်းတွေရှိတဲ့မြို့တွေ များလာရင် နာမည်အကြီးဆုံး ကစားပွဲတွေကို လက်ခံကျင်းပလို့ ရတယ်။ ဒါပေမဲ့ အခုတော့ ပြောဖို့စောနေသေးတယ်။ ကျုပ်ပြောချင်တာက အခု ဝင်ငွေ တော်တော်လေး ရဖို့အတွက် တိုက်ပွဲဘောလုံးကို အသုံးချလို့ ရတယ်။ လက်မှတ်နဲ့ လောင်းကစားက ဝင်ငွေတွေအပြင်ကို တိုက်ပွဲဘောလုံး ကုန်ပစ္စည်း စတိုးဆိုင်လည်း ခင်ဗျား ဖွင့်လို့ ရတာပဲ။ ခင်ဗျားရဲ့နယ်မြေဆီ မလာလည်ခင်မှာ အမှောင်လရဲ့ တိုက်ပွဲဘောလုံး ကုန်စည်စတိုးဆိုင်တွေကို ဖွင့်လှစ်ပြီးသွားပြီ။ အဓိကအားဖြင့်တော့ ဂျာစီတွေ၊ အသင်းတံဆိပ်တွေ၊ အသင်းအလံတွေ၊ အသုံးအဆောင်တွေ၊ ရုပ်ထုတွေ၊ ပြီးတော့ အားပေးတဲ့ မှော်ပစ္စည်းတွေ အမျိုးမျိုးကို ရောင်းချပေးတယ်။ လူတိုင်း သဘောကျတဲ့ ကစားသမားတွေကို ပစ္စည်းတွေမှာ လက်မှတ်ထိုးခိုင်းပြီးတော့ အကန့်အသတ်နဲ့လည်း ရောင်းချလို့ရတယ်။ ဒီလိုစတိုင်းဆိုင်မျိုကို အရာရှိက တိုက်ရိုက် ဖွင့်လှစ်လို့ရတယ်။ ဒါမှမဟုတ် အကန့်အသတ်နဲ့ သီးသန့်ရောင်းဖို့ ဆိုင်တွေကို ခွင့်ပြုချက် ပေးထားလို့ရတယ်။ အရိပ်နက်နဲ့ ကြယ်ကြွေတမန် အင်ပါယာရဲ့ လက်ရှိအခြေအနေ အရဆိုရင် တိုက်ပွဲဘောလုံးက တော်တော်လေး ရေပန်းစားနေပြီ။ နတ်ဆိုးဘုံ တစ်ခုလုံးကို ပျံ့နှံ့သွားဖို့ သိပ်မကြာတော့ဘူး။ ဒီကနေ ယူဆောင်လာနိုင်တဲ့ စီးပွားရေး အကျိုးအမြတ်တွေနဲ့ တိုက်ရိုက်ဝင်ငွေတွေအကြောင်းကို ဗိုလ်ချုပ်ဆီ ကျုပ် ရှင်းပြစရာ မလိုတော့ဘူး ထင်ပါတယ်။”

ခရောဖို့ဒ် သေချာနားထောင်ပြီး ခေါင်းညိတ်နေသည်။ ဘေးဖက်မှ အတွင်းရေးမှူး ကလည်း ကတိုက်ကရိုက်နှင့် မှတ်တမ်းတင်နေ၏။ သူက နောက်ဆုံး၌ လေးစားအားကျမှု ပြသပြီး ပြောလိုက်သည်။ “မင်းသမီးရှီရာကြောင့်သာ မဟုတ်ရင် ကျုပ် ဆာ-ချန်လွေ့ကို စည်းရုံးသိမ်းသွင်းလိုက်ချင်တယ်။ တော်ဝင်မင်းသမီးမှာ ဒီလိုမျိုး ထူးချွန်တဲ့သူ တစ်ယောက်ရှိတာ တကယ့်ကို မနာလိုစရာပါပဲ။ ဆာ့ရဲ့ အဖိုးတန်တဲ့ အကြံပြုချက်တွေ အတွက် ကျေးဇူးတင်ပါတယ်။ ဒီတိုက်ပွဲဘောလုံး ကုန်စည်စတိုးဆိုင်အတွက် အခုချက်ချင်းပဲ ပြင်ဆင်မှုတွေ ဆက်လုပ်လိုက်ပါမယ်။”

“ဗိုလ်ချုပ်က ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ ခင်ဗျားရဲ့ သတ္တိကလည်း တကယ့်ကို လေးစားစရာပါပဲ။” ချန်လွေ့ အနည်းငယ် ရှက်သွားသည်။ ငါက တခြားလောကရဲ့ အကြံဉာဏ်တွေကို ကူးချနေရုံပဲ။ ဒါက တကယ့်ကို ချဲ့ကားတာ ဖြစ်နေပြီ။

နှစ်ဖက်စလုံးက လောကဝတ် အပြန်အလှန် ပြုလိုက်ကြပြီး ခရောဖို့ဒ်က နောက်ထပ် ပူးပေါင်းရန်အတွက် ရှီရာ၏ တောင်းဆိုချက်အမျိုးမျိုးကို အလျင်အမြန် သဘောတူလိုက်သည်။ သူက အတွင်းရေးမှူးအား လက်အမူအရာ ပြလိုက်သည့်အခါ အတွင်းရေးမှူးက အရာရှိများနှင့်အတူ ထွက်သွားလိုက်ကြသည်။

ခရောဖို့ဒ် တုံ့ဆိုင်းနေဟန်တူသည်။ “နောက်တစ်ခု ရှိပါသေးတယ်။ အဲဒါက ပြောပြဖို့ နည်နည်းခက်တယ်။ ဒါပေမဲ့ အဲဒါက သွေးရောင်နွယ် နယ်မြေရဲ့ အရေးကြီးဆုံး အကျိုးအမြတ်နဲ့ ဆက်နွှယ်နေတာကြောင့် ပြောပြဖို့ စဉ်းစားထားပါတယ်။ တော်ဝင် မင်းသမီး။ ကျေးဇူးပြုပြီးတော့ မတုံ့ဆိုင်းဘဲနဲ့ ကူညီပေးပါ။”

ရှီရာနှင့် ချန်လွေ့တို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်သည်။ “ဗိုလ်ချုပ်။ ဆက်ပြောပါ။ နေရာ ၂နေရာကြားက ပူးပေါင်းမှု အတွက်ပဲ ဖြစ်ဖြစ်၊ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုအတွက်ပဲဖြစ်ဖြစ်၊ အကောင်းဆုံး ကူညီပေးဖို့ ကြိုးစားသွားမှာပါ။”

“အရှင်မ။ အမှန်အတိုင်းပြောရမယ်ဆိုရင် သွေးနွယ်နယ်မြေရဲ့ မြောက်ဘက်က အရိပ်နက်အင်ပါယာနဲ့ သွေးရောင်အင်ပါယာတစ်လျှောက် ဆန့်တန်းသွားတဲ့ သံနက်တောင်ခြေမှာ မြူဖုံးရွှံ့နွံအိုင်တစ်ခု ရှိနေတယ်။ အဲဒီရွှံ့နွံ့အိုင်ထဲမှာ သလင်းကျောက်တောင်ကြားတစ်ခု ရှိတယ်။” ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားပြီး ခရောဖို့ဒ်က ဆက်ပြောသည်။ “သလင်းကျောက်တောင်ကြား‌အောက်မှာ အတော်လေး ကျယ်ဝန်းတဲ့ သလင်းကျောက် သတ္တုရိုင်းကြောတစ်ခု ရှိတယ်။ အဲဒါကို သိပ်မကြာခင်ကမှ ရှာတွေ့ခဲ့တာ။ အဲဒါက သွေးနွယ်နယ်မြေရဲ့ အရေးအကြီးဆုံး အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့တယ်။”

သလင်းကျောက်သတ္တုရိုင်းကြောလား။ ရှီရာ အနည်းငယ် စိတ်ဝင်စားသွားသည်။ သလင်းကျောက် သတ္တုရိုင်းက နတ်ဆိုးဘုံရဲ့ နေရာတိုင်းသုံးလို့ရတဲ့ မှော်သလင်းကျောက် ဒင်္ဂါးပဲ။ အဲဒါကို သန့်စင်မှုအလိုက် သာမန်ငွေကြေးနဲ့ အဆင့်မြင့် မှော်သလင်းကျောက် ကုန်ကြမ်းအနေနဲ့ သုံးလို့ရတယ်။ သလင်းကျောက် သတ္တိုရိုင်းကြောဆိုတာက အလျှံပယ် ကြွယ်ဝတာကို ကိုယ်စားပြုတယ်။ သွေးနွယ်နယ်မြေလို ကျတ်တီးမြေအောက်မှာ ဒီလိုမျိုး “ကြီးမားတဲ့” သလင်းကျောက်သတ္တုရိုင်းကြောတစ်ခု ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။

ထိုသလင်းကျောက်သတ္တုရိုင်းကြောမှာ ထိုစဉ်က ကတ်သရင်းကို ချန်လွေ့ ပြောခဲ့သောအရာ ဖြစ်သည်။ သူသည် ဧကရီထံမှ အနမ်းတစ်ပွင့် လိမ်ညာယူခဲ့ဟန် တူသည်။ ဒါပေမဲ့ သလင်းကျောက်မိုင်းတွင်းက နယ်မြေတစ်ခုရဲ အကြီးမားဆုံး လျို့ဝှက်ချက်နဲ့ အရိပ်နက်အင်ပါယာရဲ့ အရေးပါးတဲ့ လျို့ဝှက်ချက်တစ်ခုလည်း ဟုတ်တယ်။ အခု ခရောဖို့ဒ်နဲ့ အမှောင်လတို့က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပေမဲ့ သူ မဖွင့်ပြောသင့်ဘူး။ သူ့ရဲ့တောင်းဆိုချက်က ဘာများလဲ။

ခရောဖို့ဒ် သက်ပြင်းချပြီး ပြောလိုက်သည်။ “အရှင်မင်းသမီးက အရင်တစ်ခေါက် လေလံပွဲမှာ ကျုပ်ကို လက်ဆောင်းပေးခဲ့တဲ့ မိစ္ဆာသစ်သီးကြောင့် နှစ်ပေါင်းများစွာ တစ်နေတဲ့ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းကနေ အဆင့်တက်သွားခဲ့ပြီးပြီ။ ပြီးတော့ ကျုပ်ရဲ့တစ်ဦးတည်းသောသား မွန်ရိုးကလည်း မင်းသမီးရဲ့ ဂရုစိုက်မှုကြောင့် အမှောင်လမှာ တိုးတက်မှု ကြီးကြီးမားမား ပြုလုပ်နိုင်ခဲ့တယ်။ ကျုပ်က စစ်သည် တစ်ယောက်ပါ။ အဲဒါကြောင့် ကျေးဇူးတင်တာကို စကားနဲ့ ကောင်းကောင်း မဖော်ပြတတ်ဘူး။ ကျုပ် ခရောဖို့တီဗစ်ဇ်က အရှင်မင်းသမီးရဲ့ ဒီရင်းနှီးမှုကို အမှတ်ရ နေမှာပါ။ သလင်းကျောက်မိုင်းတွင်းက သွေးနွယ်နယ်မြေရဲ့ ထိပ်တန်းလျို့ဝှက်ချက် တွေထဲကတစ်ခုဖြစ်ပြီးတော့ ဧကရီ ကတ်သရင်းကလည်း ဒီအရင်းအမြစ်ကို တော်တော်လေး အလေးထားတယ်။ ကျုပ်က အချိန်တစ်ခုအတွင်း သလင်းကျောက် သတ္တုရိုင်း ပမာဏတစ်ခုကို ရအောင်လုပ်ဖို့ စစ်အမိန့်ရထားတယ်။ ဒါပေမဲ့ မိုင်းတွင်း လုပ်ငန်းမှာ အခက်အခဲတချို့ ရှိနေခဲ့တယ်။ ကျုပ်ဒါကို မဖြေရှင်းနိုင်ရင်၊ ဧကရီရဲ့ တောင်းဆိုချက်ကို ပြီးစီအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် စစ်အမိန့်အရ ကျုပ်က နယ်မြေနဲ့ စစ်တပ်ကနေ နှုတ်ထွက်ရလိမ့်မယ်.....”

ရှီရာနှင့်ချန်လွေ့တို့ တိတ်တဆိတ် အံ့အားသင့်သွားကြသည်။ ထိုပူးပေါင်းမှုများ၌ ခရောဖို့ဒ်သည် စစ်ဘက်ရေးရာ၌ အရေးပါသော ပုံရိပ်တစ်ခု ဖြစ်သည်။ သူက အမှောင်လနှင့် ရှီရာနှင့်အတူ ရင်းနှီးသောဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားခဲ့သည်။ လက်ရှိ၌ သူသည် အရိပ်နက်အင်ပါယာနှင့် ပူးပေါင်းမှုအတွက် အသင့်အတော်ဆုံးပင် ဖြစ်သည်။ သူ့ကို အတင်းဖိအားပေးပြီး နှုတ်ထွက်စေကာ အခြားတစ်ယောက်အား သွေးနွယ်နယ်မြေ လော့ဒ်အဖြစ် အစားထိုးမယ်ဆိုလျှင် မမျှော်လင့်ထားသောအရာများ ဖြစ်လာနိုင်ပြီး အမှောင်လကို အတော်လေး ထိခိုက်စေနိုင်ပေသည်။

ရှီရာက အလိုက်တသိနှင့် ခေါင်းညိတ်လိုက်သည်။ “ဗိုလ်ချုပ်။ အခုက ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုအတွက်ပါပဲ။ ရှင် အကူအညီလိုရင် ကျွန်မကို ပြောပါ။”

ခရောဖို့ဒ် ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ကျုပ် ရှင်းရှင်းလင်းလင်း ပြောပါမယ်။ သလင်းကျောက်မိုင်းတွင်းကြောထဲမှာ ထူးဆန်းတဲ့ မှော်စက်ဝိုင်းတစ်ခု ခင်းကျင်းထားသလိုပဲ။ အဲဒါကြောင့် ကျုပ်တို့ မိုင်းမတူးနိုင်ခဲ့ဘူး။ မိုင်းလုပ်သားတွေ အများကြီးလည်း ပျောက်ဆုံးသွားခဲ့တယ်။ နောက်ဆုံးအကြိမ်မ်က ကျုပ်လူလွှတ်ပြီး စုံစမ်းခိုင်းကြည့်တယ်။ ဒါပေမဲ့ အဖြေမရှာနိုင်သေးဘူး။ သိပ်မကြာခင်က မြို့တော်ကို ကျုပ်သွားပြီးတော့ ယန္တရားအစည်းအရုံးက ကျူပ်ရဲ့မိတ်ဆွေ ရမ္မနစ်ဂီကို ဖိတ်ခဲ့တယ်။ ဒါပေမဲ့ ဆရာသခင်က မိုင်းတွင်းကြောထဲမှာ ဝင်ပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်။ သူ ဘယ်ရောက်နေလဲဆိုတာကို ခုထိ မသိရသေးဘူး။ ဒီအကြောင်း သူ့မိသားစုကို ကျုပ် မပြောရက်ဘူး။ ဒီသလင်းကျောက်မိုင်းတွင်းကြောင့် ကျုပ် ဆိုးဆိုးဝါးဝါး ချုံးချုံးကျသွား ခဲ့တာ။ အခုကျုပ်တကယ် ကူကယ်ရာမဲ့‌နေပြီ။ အရှင်မင်းသမီး ကျုပ်ကို ကူညီနိုင်မလား မသိဘူး။”

ချန်လွေ့ ဇဝေဇဝါ ဖြစ်သွားသည်။ ပြောရမယ်ဆိုရင် ကတ်သရင်းက နတ်ဆိုးအရှင်သခင် ၃ယောက်ကို အနိုင်ယူခဲ့သော သွေးမြေကျရဲ့ အရေးကြီးတဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ သလင်းကျောက်တောင်ကြားက လုံးဝပျက်စီးသွားပြီ။ ဒီတော့ ဘာအန္တရာယ်မှ မရှိလောက်တော့ဘူး။ ဘာလို့ ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်မျိုး ရှိနေရတာလဲ။

ခရောဖို့ဒ်ပြောသော ဆရာသခင် ရမ္မနစ်ဂီမှာ ချန်လွေ့၏ အသိဟောင်း ဖြစ်သည်။ ချန်လွေ့က အရိပ်နက်အင်ပါယာ၏ ယန္တရားပြိုင်ပွဲ၌ “အာသာ”အဖြစ် ယှဉ်ပြိုင်ခဲ့စဉ် ရမ္မနစ်ဂီထံမှ ဂရုစိုက်မှု အများအပြား ရရှိခဲ့သည်။ ရမ္မနစ်ဂီက ဆရာသခင်ပြိုင်ပွဲကို အောင်မြင်စေရန်အတွက် သူ့ကို အခြေခံ ယန္တရား စာအုပ်များ နှင့် ဆရာသခင်-အသိအမှတ်ပြု တံဆိပ်ပြားကို ပေးခဲ့သည်။ ထို့နောက်တွင် ပြိုင်ပွဲအတွင်း ဆရာသခင် လီယိုက ချန်လွေ့က စိန်ခေါ်ခဲ့သည်။ ဆရာသခင် ရမ္မနစ်ဂီနှင့် ဆရာသခင် ရှိုးဆာတို့သာ လီယို၏ စိန်ခေါ်မှုကို ရှေ့ထွက်ပြီး ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ချန်လွေ့က ယန္တရားဆရာသခင် ဖြစ်သွားသည့်တိုင် ရမ္မနစ်ဂီက ရှေးမှော်မျှော်စင်တွင် လေ့လာရန် သူ၏အချိန်ကို ချန်လွေ့အား ပေးခဲ့သည်။

ဆရာသခင် ရမ္မနစ်ဂီက အရိပ်နက်အင်ပါယာအတွက် အရည်အချင်းရှိသူများကို ဆွဲသွင်းရန် ရည်ရွယ်ချက် ရှိခဲ့သော်လည်း ချန်လွေ့၏ မူဝါဒမှာ စေတနာကို အဆများစွာ ပြန်ဆပ်ရန် ဖြစ်သည်။ ယခုတွင် ရမ္မနစ်ဂီသည် သလင်းကျောက်မိုင်းကြောထဲ၌ ပျောက်ဆုံးနေခဲ့သည်။ ထို့ကြောင့် ချန်လွေ့သည် ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းသ‌ဘော ရည်ရွယ်ချက်များအတွက် သူ့ကို ကယ်တင်ရပေမည်။

ကြည့်ရတာ အရင်နေရာဟောင်း သလင်းကျောက်တောင်ကြားကို သွားလည်ရမယ့် အချိန်ရောက်ပြီထင်တယ်။

All Chapters