← Chapters

အစီအစဉ်ချခြင်း

Vol. 29 Ch. 429

အစီအစဉ်ချခြင်း

Vol. 29 Ch. 429

ဆရာသခင် ရမ္မနစ်ဂီက မှော်စက်ဝိုင်းတစ်ခု ခင်းကျင်းနေစဉ် မိုင်းလုပ်သား တစ်ယောက်က ရုတ်တရက်ပင် သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုမိုင်းလုပ်သားသည် သူ၏ညွှန်ကြားချက်အတိုင်း မှော်မျဉ်းကြောင်းများ မရေးဆွဲနေပေ။ သို့သော် ထိုသူသည် အလွန်အမင်း ကျွမ်းကျင်လှပြီး နောက်ထပ် ထူးဆန်းသော သင်္တေတစ်ခုကို ပြုလုပ်နေသည်။ ဆရာသခင် ရမ္မနစ်ဂီ၏ အမြင်ဖြင့်ပင် ၎င်း၏အဓိပ္ပာယ်ကို ချက်ချင်း အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း ၎င်း၏လုပ်ဆောင်ချက်မှာ အသံလုံခြင်း ဖြစ်သည်ကို သူ သေချာသိသည်။

ရမ္မနစ်ဂီက တစ်ခုခု ထူးခြားနေကြောင်း သိသည့်အတွက် အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး ထိုမိုင်းလုပ်သားကို ညွှန်ကြားနေဟန် ဆောင်လိုက်သည်။ အနီးအနားရှိ သလင်းကျောက်လူသားများမှာ အသိဉာဏ် အကန့်အသတ် ရှိသည်။ သူတို့သည် အမိန့်အတိုင်း ခန်းမထဲသို့ အခြေအနေကိုသာ စောင့်ကြည့်ကြသည်။ ထို့ကြောင့် တစ်ခုခု ထူးခြားနေသည်ကို သူတို့ သတိမထားမိကြပေ။

“ဆရာသခင်။ အခု စကားပြောလို့ ရပါပြီ။ အခုအချိန်အတွင်း အဲဒီသလင်းကျောက် လူသားတွေက ကျုပ်တို့ကို ကြားနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အပေါ်ယံတော့ ဟန်ဆောင်ဖို့ လိုဦးမယ်။” ထိုမိုင်းလုပ်သားမမှာ ချန်လွေ့ ရုပ်ဖျက်ထားခြင်းပင် ဖြစ်သည်။ သူက စကားပြောနေရင်း ဆောင့်ကြောင့်ထိုင်ချကာ မှော်ပုံစံကွက်များ ရေးဆွဲနေဟန် ဆောင်လိုက်တော့သည်။

ရမ္မနစ်ဂီ၏မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။ “မင်းက......”

ချန်လွေ့သည် “အာသာ”ဟူသော သရုပ်ကို ဖော်ပြမည် မဟုတ်ပေ။ “ခင်ဗျားကို ကယ်တင်ဖို့အတွက် ဗိုလ်ချုပ် ခရောဖို့ဒ်က ကျုပ်ကို တာဝန်ပေးထားတာ။ ဒီက အခြေအနေ အသေးစိတ်ကို အရင်ဆုံး ကျုပ် သေချာနှံ့နှံ့စပ်စပ် နားလည်ရမယ်။”

ရမ္မနစ်ဂီ အလွန်ပျော်သွားခဲ့သည်။ သို့သော်လည်း သူသည် ရင့်ကျက်ပြီး အတွေ့အကြုံ ရှိလှသည်။ အထူးသဖြင့် ထိုအချိန်၌ ပိုမိုတည်ငြိမ်ရန် လိုအပ်ကြောင်း သူသိသည်။ သူသည် အပေါ်ယံ၌ ညွှန်ကြားနေဟန်တူပြီး ပြန်ဖြေသည်။ “မိုင်းတွင်း နယ်မြေက အဖြစ်အပျက်ကို ငါ လေ့လာရင်းနဲ့ လျို့ဝှက်မှော်စက်ဝိုင်းတစ်ခုကို တွေ့ခဲ့တယ်။ နောက်တော့ ပိုပြီး ထဲထဲဝင်ဝင် စူးစမ်းရင်းနဲ့ အဲဒါကို ပယ်ဖျက်ပြီး ကြိုးစားနေတုန်း ကြောက်မက်ဖွယ်ရာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖမ်းတာကို ခံလိုက်ရပြီးတော့ ဒီကိုရောက်လာဲ့တယ်။ သူက ငါ့ကို သူ့အတွက် မှော်စက်ဝိုင်းတွေ ပြီးအောင် အတင်းလုပ်ခိုင်းခဲ့တယ်။”

“အဲဒီအစွမ်းထက်ပုဂ္ဂိုလ်က ဘယ်လိုပုံမျိုးလဲ။ ဒီမှာရှိတဲ့ မှော်စက်ဝိုင်းရဲ့ လုပ်ဆောင်ချက်က ဘာလဲ။” ချန်လွေ့က ၎င်းကို အနည်းငယ် ခန့်မှန်းမိသော်လည်း သတင်းကို အတည်ပြုရန်အတွက် သူ မေးလိုက်သေးသည်။

“သူက ပိန်ပါးပြီးတော့ အဖြူရောင်ဆံပင် ရှိတယ်။ ဒါပေမဲ့ သူ့စွမ်းအားက နက်နဲတယ်။ ငါ့ရဲ့ နတ်ဆိုးဘုရင်အဆင့်စွမ်းအားနဲ့တောင် သူ့ကို မခုခံနိုင်ခဲ့ဘူး။ သူ့မျက်လုံးက အကြည့်တစ်ချက်နဲ့တင် ငါ့ကို မလှုပ်နိုင်အောင် လုပ်ခဲ့တယ်။ သူက အခု အထူးလေ့ကျင့်ရေး လုပ်နေတယ်။ မင်း သတိထားရမယ်။ မင်းကို ရှာတွေ့သွားရင် အားလုံးသွားပြီ။” ရမ္မနစ်ဂီ၏ စကားများက သူ့ကို လာကယ်သော “မဟာမိတ်”ကို သတိပေးနေခဲ့သည်။ “မင်း ယုံကြည်ချက် မရှိဘူးဆိုရင် ခရောဖို့ဒ်ဆီကို အမြန်ဆုံးပြန်ပြီး သတင်းပို့လိုက်။”

ထိုအစွမ်းထက်ပုဂ္ဂိုလ်က အလုပ်ပြီးလျှင် လွှတ်ပေးမည်ဟု ပြောခဲ့သော်လည်း မိမိ၏ ကံကြမ္မာမှာ အသတ်ခံရရန်သာရှိကြောင်း ရမ္မနစ်ဂီ ကောင်းကောင်းသိသည်။ ယခုတွင် ဤနေရာသို့‌ လွှတ်လိုက်သောသူသည် အပြင်ထွက်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့် သူတို့ သတိထားရပေမည်။

သို့သော်လည်း ခရောဖို့ဒ်ကိုယ်တိုင် ရောက်လာလျှင်ပင် အသုံးမဝင်မည့်အကြောင်း ရမ္မနစ်ဂီ မသိခဲ့‌ပေ။ ထိုအစွမ်းထက်ပုဂ္ဂိုလ်မှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စွမ်းအားရှိသော နဂါးတစ်ကောင် ဖြစ်နေသည်။

ထိုသူ၏ အသွင်အပြင်ကို ကြားသည့်အခါ ၎င်းသည် သလင်းကျောက်နဂါး ယာကော့ဗ် ဖြစ်ကြောင်း ချန်လွေ့ ပိုသေချာသွားသည်။ အန္တရာယ်အများဆုံးဆိုတဲ့ နေရာက အန္တရာယ်အကင်းဆုံး နေရာပဲ။ ယာကော့ဗ်က ရှုံးနိမ့်သွားပြီးတော့ ရုတ်တရက် ပြန်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။

“ဒီက မှော်စက်ဝိုင်းက တော်တော်လေး နက်နဲတယ်။ ငါတောင် ကောင်းကောင်း နားမလည်ဘူး။ ဥပမာပြောရရင် သလင်းကျောက်လူသားတွေနဲ့ အစောင့်အကြပ် တင်းကြပ်ထားတဲ့ မှော်စက်ဝိုင်းက တခြားလိုဏ်ဂူတစ်ခုကို ဦးတည်သွားစေတယ်။ ဒါက လေ့ကျင့်ရေးတစ်ခုခု ဒါမှမဟုတ် ဒဏ်ရာကုသဖို့အတွက် မြေအောက်သလင်းကျောက် မိုင်းတွင်းရဲ့ အသန့်စင်ဆုံး စွမ်းအားကို အသုံးပြုနေသလိုပဲ။ အဲဒီအစွမ်းထက်ပုဂ္ဂိုလ်က နေ့တိုင်း အချိန်တစ်ခုအထိ လေ့ကျင့်တယ်။ ငါတို့ရဲ့ အခုလက်ရှိမှော်စက်ဝိုင်းက သန့်စင်မှု မြင့်မားတဲ့ သလင်း‌‌‌ကျောက် သတ္တုရိုင်းတွေကို အဝေးတစ်နေရာဆီ အဆက်မပြတ် ပြောင်းရွှေ့ပေးတဲ့ တစ်လမ်းသွား ပြောင်းရွှေ့ မှော်စက်ဝိုင်းပဲ။”

ရမ္မနစ်ဂီ၏စကားကို ကြားပြီးနောက် ချန်လွေ့က စိတ်ထဲမှ အထင်ကို အတည်ပြု နိုင်သွားသည်။ ထင်ထားတဲ့အတိုင်းပဲ။ သလင်းကျောက်နဂါးက ကတ်သရင်းကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကို ဒီသလင်းကျောက် အရင်းအမြစ်တွေရဲ့ အထူးစွမ်းအားကိုသုံးပြီးတော့ ကုသနေတာ။ တစ်လမ်းသား ရွှေ့ပြောင်းမှော်စက်ဝိုင်းမှာ နဂါးတွေရဲ့ လောဘကြီးတဲ့ အကျင့်အတိုင်း ဒဏ်ရာကုသနေတုန်း အခွင့်အရေးယူပြီး ပိုက်ဆံရှာဖို့ လုပ်တာပဲ။

ကတ်သရင်းနဲ့ ဟန့်တားမှုကြောင့် သွေးမြေကျက သလင်းကျောက်တောင်ကြားကို စွန့်ပစ်ခဲ့ရတယ်။ သလင်းကျောက်နဂါးရဲ့ ကုသမှုကို ကိုယ်ရေးကိုယ်တာ ဖြစ်လောက်မယ်။ ဒါဆိုရင် သလင်းကျောက် ပြောင်းရွှေ့တဲ့နေရာက ယာကော့ဗ်ရဲ့ တစ်ကိုယ်ရည် ရတနာသိုက် ဒါမှမဟုတ် ရတနာထားတဲ့နေရာ ဖြစ်မယ်။

ယာကော့ဗ်က သားရဲရူး လဖ္ဖါနဲ့ ခီရာရဲ့အမေ ဖရီယာကို သတ်ပစ်ခဲ့တယ်။ ငါ ဒီကို အချိန်ကိုက် ရောက်လာတာဆိုတော့ ဒီရန်သူကို ငါ အလွတ်ပေးလို့ မဖြစ်ဘူး။

မိမိသည် လက်ရှိ၌ ယာကော့ဗ်၏ပြိုင်ဘက် မဟုတ်ကြောင်း ချန်လွေ့ သဘောပေါက်သည်။ ဒဏ်ရာကုသသော မှော်စက်ဝိုင်းကို သူဖျက်ဆီးလိုက်သည့်တိုင် ယာကော့ဗ်ကို သေစေနိုင်လောက်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ရန်သူကို သတိထားမိစေရံသာ ဖြစ်နိုင်သည်။ သူက သလင်းကျောက်နဂါး၏ပြိုင်ဘက် မဟုတ်သောလည်း သလင်းကျောက်နဂါးကို အနိုင်ယူပြီး ချေမှုန်းနိုင်သော “မိတ်ဆွေဟောင်း” တစ်ယောက် ရှိနေလေသည်။ ယခုတွင် ယာကော့ဗ်၏ ကုသခြင်း အဆုံးသတ်တော့မည် ဖြစ်သည်။ ထို့ပြင် အချိန်တိုအတွင်း ပါ့ဂ်လီအို ရောက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်အတောအတွင်း စိတ်ရှည်ရန် လိုအပ်ပေသည်။

ချန်လွေ့ အလျင်အမြန် စဉ်းစားလိုက်ပြီး အကြံတစ်ခု ရသွားသည်။ “ဆရာသခင်။ ခဏလောက် စောင့်ပေးပါ။ အနည်းဆုံး သုံးလေးရက်ပါပဲ။ ကျုပ် ဒီကနေ သွားပြီးတော့ အထက်လူကြီးတွေကို သတင်းသွားပြန်ပို့ရမယ်။ အချိန်ကျလာရင် ကျုပ် ခင်ဗျားကို ကယ်တင်သွားမှာပါ။”

၎င်းမှာ ရမ္မနစ်ဂီ မျှော်လင့်သည့်အတိုင်း အတိအကျပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ စွမ်းအားမှာ ခန့်မှန်း၍ မရနိုင်ပေ။ ယုတ်စွအဆုံး သူသည် သတင်းဖြန့်ရပေမည်။ မည်သို့ပင် ဆိုစေကာမူ သူ၏အလုပ်သည် ပြီးစီးရန် အချိန်အများကြီး လိုနေသေးသည်။ ထို့ကြောင့် ယခုအချိန်အတောအတွင်း သူ အန္တရာယ်ကင်းနေမည် ဖြစ်သည်။

ဖြည့်တင်းမှော်စက်ဝိုင်းမှ သလင်းကျောက်နဂါး မနိုးလာခင်မှာပင် ချန်လွေ့က ရမ္မနစ်ဂီနှင့် တွေ့ဆုံခြင်းကို အဆုံးသတ်ခဲ့သည်။ သူ၏မျက်နှာကို အမျိုးမျိုး ပြောင်းလဲပြီးနောက် ချန်လွေ့က ယာကော့ဗ်၏ “ကြီးစိုးနယ်”မှ ချောချောမွေ့မွေ့ ထွက်သွားနိုင်ခဲ့သည်။

သလင်းကျောက်လူသားများနှင့် တွေ့ခဲ့သော လမ်းဆုံသော ပြန်ရောက်သောအခါ ချန်လွေ့က ရှေးမှော်စာအငွေ့အသက်တစ်ခု ရေးရေးလေး ခံစားမိလိုက်ပြီး သံသယ ဖြစ်မိသွားသည်။

ခုနက ဒီလိုအငွေ့အသက်မျိုးကို လျို့ဝှက်မိုင်းတွင်းနယ်မြေမှာရော ခန်းမမှာရော မခံစားမိခဲ့ဘူး။ သေချာတာကတော့ ဒါက သလင်းကျောက်နဂါးနဲ့ မဆိုင်လောက်ဘူး။ ဒီတော့ ရှေးမှာ်စာစွမ်းအားရဲ့ အရင်းအမြစ်က ဘာများလဲ။

ချန်လွေ့၏စိတ် ‌ရွှေ့ပြောင်းသွားသည်။ သူက မြေပေါ်သို့ ချက်ချင်းမပြန်ဘဲ ထိုနေရာသို့ သွားလိုက်သည်။ အောက်သို့ရောက်လာသည်နှင့်အမျှ မြေနေရာသည် ပိုမို ရှုပ်ထွေးလာခဲ့သည်။ အလင်းလုံးဝ မရှိသော်လည်း ၎င်းသည် အလွန်ကြီးမားသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သူ အာရုံခံမိသည်။ ၎င်းတို့သည် သလင်းကျောက်နဂါး ပြုလုပ်ထားခဲ့ခြင်း မဟုတ်ကြောင်း ချန်လွေ့ သေချာသွားသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သလင်းကျောက်နဂါး ယာယီတည်ဆောက်ထားခဲ့သော လျို့ဝှက်မိုင်းတွင်း နယ်မြေသည် တည်ရှိပြီးသား လမ်းကြောင်းကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ပေသည်။

ရှေးမှော်စာအငွေ့အသက်များ ပိုမိုထင်ရှားလာသည်။ ထိုကဲ့သို့ အငွေ့အသက်သည် ဇိုလာ သုတေသန ပြုလုပ်ခဲ့သော ထွင်းစာများထက် ပိုမိုကောင်းမွန်ပြီး ပိုမိုရှေးကျသည်။ သူ၏လက်ရှိ အသိပညာဖြင့်ပင် ၎င်း၏ အသေးစိတ် အဆင့်များနှင့် ဂုဏ်သတ္တိများကို အမှန်တကယ်ပင် မခွဲခြားနိုင်ခဲ့ပေ။

ဒီ ဧရာမသလင်းကျောက်ကြောအောက်မှာ ရှေးဟောင်းရတနာတွေ မြှုပ်နှံထားတာ များလား။ ဒါမှမဟုတ် ဇိုလာပြောခဲ့ဖူးသလိုမျိုး ငွေသေတ္တာပြီးတော့ နောက်ထပ် ပစ္စည်း ၇ခုထဲက တစ်ခုများလား။ ချန်လွေ့က စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း မသိရသေးသော ရတနာသည် မသိရသော အန္တရာယ်များ ဖြစ်စေနိုင်ချေများသည်။ လက်ရှိတွင် သူသည် သလင်းကျောက်နဂါးကိစ္စကို အရင်ဦးစွာ ဖြေရှင်းသင့်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ချန်လွေ့သည် အဖြစ်အပျက် အများအပြားကို ဖြတ်သန်း ခဲ့ရပြီးပြီဖြစ်သည်။ စိတ်အေးအေးထားကာ စဉ်းစားပြီးနောက် သူက သိချင်စိတ်ကို ထိန်းချုပ်ပြီး ရှေ့ဆက်မသွားတော့ပေ။ သူ နောက်လှည့်လိုက်ပြီး နဂါးထွင်းစာ‌ ထောင်ခြောက်ကို ဖြတ်သွားကာ မြေပေါ်သို့ ပြန်သွားခဲ့သည်။

သူက သွေးနွယ်နယ်မြေသို့ပြန်ရန် ၅ရက်ကြာမည့် ဝိုင်ဗန်ကို စီးစရာ မလိုပေ။ ယခုတွင် သူသည် [ ကြယ်တာရာဂိတ် ] အတွက် ကြယ်အမှတ်နှစ်ခု မှတ်ထားပြီဖြစ်သည်။ လိုရမယ်ရအနေဖြင့် သွေးနွယ်နယ်မြေမြို့တော်၌လည်း ကြယ်အမှတ်တစ်ခု မှတ်ထားခဲ့၏။ ယခုတွင် သူသည် သလင်းကျောက်တောင်ကြားသို့သွားပြီး “နှစ်လမ်းသွား လမ်းကြောင်း” ဖြစ်မြောက်စေရန် နောက်တစ်ခု မှတ်ထားရပေမည်။ သို့မှသာ သူသည် နေရာနှစ်ခုအကြား၌ မျက်စိတ်တစ်မှိတ်အတွင်း အသွားအပြန် လုပ်နိုင်ပေမည်။

ကြယ်အမှတ်များ၏ အကန့်အသတ်ကြောင့် သူသည် မူလက အမှောင်လနှင့် လိပ်ပြာနီနယ်မြေတို့၏ မှတ်ထားခဲ့သော ကြယ်အမှတ် ၂ခုကို ပယ်ဖျက်ခဲ့ရသည်။

လိပ်ပြာနီနယ်မြေ၌ သူ ကြယ်အမှတ် မှတ်သားထားရခြင်းမှာ ချွဲကျိကောင် ပျောက်ဆုံးသွားခြင်းနှင့် ဆက်နွှယ်နေသည်။ ၎င်းမှာ ခါနီတာ၏ ပုန်ကန်မှုကို ရပ်တန့်ရန် ဂျို့ရှ် “စွမ်းအားထုတ်ခြင်း”၏ တကယ့် အတွင်းဇာတ်လမ်းလည်း ဖြစ်ပေသည်။

ချန်လွေ့က မြေအောက်သို့မပြန်ဘဲ သလင်းကျောက်တောင်ကြားသို့ ပြန်ရခြင်းမှာ သလင်းကျောက်နဂါး သတိမထားမိစေရန်နှင့် နဂါးထွင်းစာ၏ အလိုအလျောက် ပြောင်းလဲမှုကြောင့် အခြားမတော်တဆများ မဖြစ်စေရန်အတွက် ဖြစ်သည်။ သွေးနွယ် နယ်မြေသို့ သူပြန်သွားရသည့် ရည်ရွယ်ချက်မှာ ပါ့ဂ်လီအိုအား အသိပေးရန် ဖြစ်သည်။ ပါ့ဂ်လီအိုက ထိုနေရာသို့ [ ကြယ်တာရာဂိတ် ] သုံးပြီး မလာနိုင်သော်လည်း သူ၏ နဂါး ပျံသန်းစွမ်းအားဖြင့်ဆိုလျှင် ဝိုင်ဗန်များထက် အမျာကြီးပိုမြန်သည်။ ပါ့ဂ်လီအိုသည် တစ်ရက် နှစ်ရက်အတွင်း ရောက်လာနိုင်ပေသည်။

အဆိပ်နဂါး ရောက်မလာခင်၌ ချန်လွေ့က သလင်းကျောက်တောင်ကြား၌ ကြောင်တောင်တောင်နှင့် မစောင့်နေပေ။ ထိုအစား သူ့တွင် လုပ်ရမည့် အရေးကြီး ကိစ္စများ ရှိနေလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်၅ရက် ကုန်ဆုံးသွားခဲ့သည်။

သက်တမ်းရှည်ကြာသော နဂါးများအတွက် ထို၅ရက်မှာ မျက်စိတစ်မှိတ်မျှသာ ဖြစ်သော်လည်း ထိုအချိန်အတောအတွင်း ယာကော့ဗ်၏ စိတ်ခံစားချက်များမှာ သိပ်ပြီး ကောင်းလှသည် မဟုတ်ပေ။ ထို့ကြောင့် အချိန် နှေးကွေးနေသည်ဟုပင် သူခံစားနေရသည်။

ဒဏ်ရာများ ထပ်ကာထပ်ကာ ရနေသော နေ့ရက်များမှာ မသာယာလှပေ။ သလင်းကျောက်နဂါး၏ ခန္ဓာကိုယ်မှာ ထူးခြားလှပြီး ဆေးရည်များ အသုံးပြု၍ မရပေ။ သူက ပြန်လည်ရှင်သန်ခြင်း ရေစင်၊ သလင်းကျောက်သတ္တုရိုင်းနှင့် ရှေးမှော်စာ ကျောက်ပြားများကိုသုံးပြီး ဖြည်းဖြည်းချင်းသာ ဒဏ်ရာကုသနိုင်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်ခန့်က ရန်သူတစ်ယောက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။ သူ၏ဒဏ်ရာများ ပြန်ကောင်းတော့မည့်အချိန်၌ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြန်သည်။ ပြန်လည်ရှင်သန်ခြင်းရေစင် ပျောက်ကွယ်သွားပြီး ရှေးမှော်စာ‌ကျောက်ပြားများလည်း အခိုးခံခဲ့ရသည်။ ထို့ပြင် နှစ်ပေါင်း၂၀၀၀ကျော်ကြာအောင် သူစီမံခဲ့ရသော သလင်းကျောက်တောင်ကြားကိုပင် လက်လျှော့ခဲ့ရသည်။ အဆိုးဆုံးမှာ ထိုအချိန်၌ သူက နတ်ဆိုးဘုံရှိ အစွမ်းအထက်ဆုံး အမျိုးသီးနှင့် တွေ့ခဲ့ရခြင်းပင် ဖြစ်သည်။ သုံးယောက် တစ်ယောက် တိုက်ခိုက်သော်လည်း သူသည် အမှန်တကယ်ပင် ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရသည်။ သူ၏ဒဏ်ရာများမှာလည်း ပို၍ပင် ပြင်းထန်နေခဲ့သည်။

နဂါးများ ဖြစ်သည့်အလျောက် စိတ်ဆတ်သော သလင်းကျောက်နဂါးသည် အမြဲပင် မောက်မာပြီး ရက်စက်သည်။ သွေးမြေကျ၌ သူ၏ဆက်ဆံရေးမှာ ဆိုးဝါးလှသည်။ ထိုအချိန်က သူ၏အခြေစိုက်စခန်းကို ဆုံးရှုံးသွားခဲ့စဉ် ယာကော့ဗ်က သူရွံရှာခဲ့သော သူများနှင့် ပူးပေါင်းခဲ့သည့် အဇ်ဂါလောလိုမျိုး မဖြစ်ချင်ခဲ့ပေ။ ထို့ကြောင့် သူက တိတ်တိတ်လေး ပြန်လာခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ သလင်းကျောက်သတ္တုရိုင်း၏ စွမ်းအားကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်ကို ကုသရန် ဖြစ်သည်။ အခြားတစ်ခုမှာ သလင်းကျောက်သတ္တုရိုင်းများကို လွန်လွန်ကဲကဲ စုဆောင်းရန် ဖြစ်သည်။ သူက ထိုကြွယ်ဝမှုကို သူပုန်းကွယ်နေသော ရတနာသိုက်ထဲသို့ ရွှေ့ပြောင်းရန် ပြောင်း‌ရွှေ့ မှော်စက်ဝိုင်းကို အသုံးပြုခဲ့သည်။

ကိစ္စများ ပေါက်ကြားသွားပြီး သူထွက်သွားရသည့်တိုင် စုဆောင်းရရှိထားသော သလင်းကျောက်သတ္တုရိုင်းများအား အသုံးချကာ အခြားနေရာတစ်ခု၌ သူ၏ဒဏ်ရာကို ကုသနိုင်ပေသည်။ သို့သော်လည်း ပြန်လည်ရှင်သန်ခြင်း ရေစင်နှင့် ရှေးမှော်စာ ကျောက်ပြားတို့ ဆုံးရှုံးသွားသည့်အတွက် သူ၏ဒဏ်ရာပြန်ကောင်းနှုန်း ပို၍ပင် နှေးကွေးသွားမည်မှာ ဝမ်းနည်းစွာပင် ဖြစ်သည်။ သူ အပြည့်အဝ ကောင်းမွန်ရန်အတွက် မည်မျှကြာမြင့်လိမ့်မည်ကို သူ မသိပေ။

နဂါးထွင်းစာများထဲ၌ သလင်းကျောက်နဂါးက သလင်းကျောက်သတ္တုရိုင်းကို စုပ်ယူပြီး ဒဏ်ရာကုသနေစဉ် သလင်းကျောက်လူသားတစ်ယောက်က ရုတ်တရက် သတင်းလာပို့သည်။ သလင်းကျောက်သတ္တုရိုင်းများ ပြောင်းရွှေ့ပေးသော ခန်းမသည် တစ်ခုခု ပြဿနာ ဖြစ်နေပုံရသည်။

ယာကော့ဗ် မျက်မှောင်ကြုတ်လိုက်သည်။ ရမ္မနစ်ဂီက လှည့်ကွက်တွေ လုပ်နေတာများလား။ ငါ ဒီပုရွက်ဆိတ်ကို သူ ငါ့နဂါးထွင်းစာတွေ ထိကြည့်နေတုန်းက ဖမ်းခဲ့တာ။ သူက ယန္တရားဆရာသခင်ဆိုတော့ သူ့အသက်ကို ခဏချမ်းသာ ပေးလိုက်တယ်။ ပြီးတော့ ကူးပြောင်းတဲ့ မှော်စက်ဝိုင်းကို ဖြန့်ကျက်ဖို့ သူ့ကို အတင်း ခင်းကျင်းခိုင်းခဲ့တယ်။ ဒီလိုဆိုရင် ငါ အများကြီး သက်သာတယ်လေ။

သလင်းကျောက်သတ္တုရိုင်း ကူးပြောင်းခြင်း ပြီးမြောက်လုနီးပါး ဖြစ်သွားခဲ့လျှင် သလင်းကျောက်နဂါးက ရမ္မနစ်ဂီကို အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ယာကော့ဗ်က ကုသလိုဏ်ဂူမှ ထွက်သွားပြီး သလင်း‌ကျောက် သတ္တုရိုင်းများ သယ်ယူပို့ဆောင်သော ခန်းမသို့ သွားခဲ့သည်။ မူလက သလင်းကျောက်သတ္တုရိုင်းများကို စုပ်ယူသော ဝင်ပေါက်သည် အမည်မသိအကြောင်းရင်း အချို့ကြောင့် ဆက်လက်၍ မစုပ်ယူတော့ပေ။ ထိုအစား ၎င်းသည် သလင်းကျောက် သတ္တုရိုင်းများအား အပြင်ဘက်သို့ စတင်သွန်ချလာသည်။

သလင်းကျောက်ရုပ်သေးများ၏ အသိဉာဏ်မှာ အကန့်အသတ် ရှိသည်။ ထို့ကြောင့် သူတို့က ဘာလုပ်ရမှန်းမသိဘဲ ရပ်ကြည့်နေကြသည်။ ယာ‌ကော့ဗ် အံ့အားသင့်သွားကာ အလျင်အမြန်ပင် ရှေ့တက်သွားလိုက်သည်။ သူ့ပတ်ပတ်လည်မှ မှော်စက်ဝိုင်းများမှာ ထူးခြားနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သတိထားမိခဲ့သည်။ ထိုမှော်စက်ဝိုင်းများမှာ နက်နဲပြီး လျို့ဝှက်ဆန်းကြယ်လှသည်။ နဂါးထွင်းစာများအချို့ပင် ရှိနေဟန်တူပြီး အလွန်ပင် အဆင့်မြင့်လှသည်။ ထိုအပိုင်းကို ကျွမ်းကျင်သော ယာကော့ဗ်သည်ပင် ၎င်းကို မော့ကြည့်နေရသည်။

ယာကော့ဗ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ ထိုထွင်းစာနှင့် မှော်စက်ဝိုင်းများ၏ အဓိပ္ပာယ် အစစ်အမှန်ကို သူ နားမလည်နိုင်သည့်တိုင် မူရင်း တစ်လမ်းသွား လမ်းကြောင်းကို နှစ်လမ်းသွားအဖြစ် ပြောင်းလဲလိုက်ကြောင်း ခန့်မှန်းမိသည်။ ၎င်းသည် ယခုတွင် ခန်းမထဲ၌ ပြောင်းပြန် စီးဆင်းနေသော အခြေအနေ ဖြစ်နေသည်။ ဤအတိုင်းသာ ဆက်ဖြစ်မည်ဆိုလျှင် ထိုသလင်းကျောက် မိုင်းတွင်းများ သာမက သူခက်ခက်ခဲခဲ စုဆောင်းထားသည့် ရတနာများအားလုံးပါ ပြောင်းပြန် စီးဆင်းသွားပေလိမ့်မည်။

All Chapters