← Chapters

ထောင်စုနှစ်ကြာ “မိတ်ဆွေဟောင်းများ” ပြန်လည်စုံစည်းခြင်း

Vol. 29 Ch. 430

ထောင်စုနှစ်ကြာ “မိတ်ဆွေဟောင်းများ” ပြန်လည်စုံစည်းခြင်း

Vol. 29 Ch. 430

‌ယာကော့ဗ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး မှော်စက်ဝိုင်းကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော် ထိုနတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားရှိသော လက်သီးဖြင့်ပင် မှော်စက်ဝိုင်းက မပျက်စီးသွားဘဲ အနည်းငယ်သာ တုန်ခါသွားသည်။ ထို့ပြင် ထိုအားကြောင့် သလင်းကျောက်များ အထွက်နှုန်း ပိုမိုမြန်ဆန်သွားခဲ့သည်။

“ရမ္မနစ်ဂီ။” ယာကော့ဗ်က အံကြိတ်ရင်း အော်ပြောလိုက်သည်။ ဓားကဲ့သို့ ထက်မြက်လှသော အကြည့်တစ်ခုက မှော်စက်ဝိုင်းအနားရှိ ရမ္မနစ်ဂီထံသို့ ရောက်ရှိ သွားသည်။ ဒီပုရွက်ဆိတ်က ဒီလိုနက်နက်တဲ့ အသိပညာတွေကို ပိုင်ဆိုင်ထားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ သို့သော်လည်း သလင်းကျောက်နဂါးက အတော်လေး နားမလည် နိုင်သေးပေ။ ဒီယန္တရားဆရာသခင်က ငါ့ရဲ့စောင့်ကြည့်မှုအောက်မှာ ဒီလိုလှည့်ကွက်မျိုး လုပ်နေတယ်။ သူက သေချင်နေတာလား။ ဒါဆိုရင် အစကတည်းက သူဘာလို့ ငါ့ဆီမှာ အညံ့ခံခဲ့တာလဲ။

ရမ္မနစ်ဂီက အသာလေးပြုံးလိုက်ပြီး တည်ငြိမ်နေပုံပေါ်သည်။ “ဘာများလဲ။ ဆာ-ယာကော့ဗ်။ ကျုပ်ကို ခေါ်လိုက်တာလား။”

သလင်းကျောက်နဂါး၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားပြီး သူ၏ဒေါသ ပြေသွားသည်။ ဒီပုရွက်ဆိတ်က ငါ့ကို ဆာလို့ အမြဲတမ်း ခေါ်ခဲ့တယ်။ ဒါပေမဲ့ သူက ငါ့နာမည်ကို မသိဘူး။ ဘာလို့ ရုတ်တရက် သူက ငါ့နာမည်အရင်းကို ခေါ်လိုက်တာလဲ။ ပြီးတော့ ဒီလိုတည်ငြိမ်တဲ့ မျက်နှာအနေအထား ပုရွက်ဆိတ်တစ်ကောင် ရှိသင့်တဲ့အရာ မဟုတ်ဘူး။

ယာကော့ဗ်သည် မဆင်မခြင်လုပ်တတ်သူတစ်ယောက် မဟုတ်ပေ။ သူက မှော်စက်ဝိုင်းအား တားဆီးရန် အမြန်ပြေးမသွားခဲ့သလို တစ်ခုခုလည်း မလှုပ်ရှားခဲ့ပေ။ သူက သလင်းကျောက်လူသားများကို “ရမ္မနစ်ဂီ”အား ဝိုင်းထားရန် တိတ်တိတ်လေး အမိန့်ပေးလိုက်သည်။ “မင်းက ဘယ်သူလဲ။”

“ကျုပ်က ‘ခင်ဗျားရဲ့မိတ်ဆွေ’ တစ်ယောက်ပါ။ ဒါပေမဲ့ အခြား မိတ်ဆွေ နဲ့ ယှဉ်ရင်တော့ ခင်ဗျားတို့ကြားက ပတ်သက်မှုက ပိုနက်ရှိုင်းတယ်။”

“မင်းလို မိတ်ဆွေမျိုးကို ငါ မမှတ်မိဘူး။” ယာကော့ဗ်က အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ သလင်းကျောက် ရုပ်သေးများ ရုတ်တရက် လှုပ်ရှားလာပြီး ချန်လွေ့ကို ဝိုင်းရံထားလိုက်ကြသည်။ သူတို့ အနားမကပ်နိုင်ခင်မှာပင် ရွေ့လျားနေသော မှော်စာများ ကဲ့သို့ပင် ရုတ်တရက် အရှိန်မြန်မြန်နှင့် အရောင်လက်သွားသည်။ သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် မြောက်မြားလှစွာသော ထက်မြက်လှသည့် အားများက မြန်နှုန်းမြင့် ဖြတ်တောက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ခဏအတွင်းမှာပင် ရှေ့ဆက်လာသော သလင်းကျောက် ဒါဇင်ခန့်အားလုံးသာမက အနီးအနားရှိ သလင်းကျောက်လူသားများအားလုံးလည်း တစ်ချိန်တည်းမှာပင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။ အနီးအနားရှိ မိုင်းလုပ်သားများက ဒဏ်ရာမရဘဲ လွတ်မြောက်သွား ကြသည်။ ချက်ချင်းပင် ခန်းမတစ်ခုလုံး ရှင်းလင်းသွားခဲ့သည်။ ၎င်းမှာ [ စစ်မှန်သော ဖျက်ဆီးခြင်း အရှိန်အဝါတိုက်ကွက် ] ပင် ဖြစ်လေသည်။ မီတာ၃၀ ပတ်လည်အတွင်းရှိ ရန်လိုသော သတ္တဝါများအားလုံးက မြန်နှုန်းမြင့် ဓားချီစွမ်းအားများဖြင့် ချက်ချင်းပင် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။ ၎င်းသည် အရှိန်အဝါ ၁၀၀၀ ကုန်ကျခဲ့ပြီး ပစ်မှတ်များကို ရွေးချယ်၍ရသည်။ ၎င်းကို တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ ရပေသည်။

သလင်းကျောက်လူသားများ၏ အမြန်နှုန်းမှာ နိမ့်ကျသော်လည်း ခုခံမှုနှင့် မှော်ပညာ ခုခံမှုတို့ အတော်လေး ကောင်းမွန်လှသည်။ မမျှော်လင့်ဘဲနှင့် သူတို့သည် ချက်ချင်းပင် အမှုန့် ဖြစ်သွားကြသည်။ သလင်းကျောက်နဂါး၏ မျက်လုံးများက “ရမ္မနစ်ဂီ” ၏ ရေးရေးလေး အ‌ရောင်တောက်နေသော လက်ဝါးဆီသို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးထဲရှိ ခက်ထန်မှု တိုးမြင့်သွားသည်။ ပြိုင်ဘက်က အထူးစွမ်းရည်ကို ဘယ်လိုမျိုး အသက်သွင်းလိုက်လဲဆိုတာ ငါ မမြင်လိုက်ဘူး။ ဒါပေမဲ့ ပေါက်ကွဲမှုစွမ်းအားကို ကြည့်ရတာတော့ သူက နတ်ဆိုးဧကရာဇ်အဆင့်ပဲ ရှိသေးတယ်။

ယာကော့ဗ်က သလင်းကျောက်ရုပ်သေး အများအပြားကို စတေးခဲ့ရသော်လည်း ပြိုင်ဘက်၏ စွမ်းအားအဆင့်ကို စမ်းသပ်နိုင်ခဲ့သည်။ သူ စိတ်ပိုင်းဖြတ်လိုက်ပြီး ပြုံးဖြီးဖြီး လုပ်ကာ “ရမ္မနစ်ဂီ”ကို လှမ်းဆွဲလိုက်သည်။

ရုတ်တရက် ယာကော့ဗ်၏ စိတ်ထဲ၌ ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာသည်။ သူ၏လက်မောင်းတစ်ခုလုံး သလင်းကျောက်ကဲ့သို့ ကြည်လင်ပြီး ဖောက်ထွင်းမြင်ရသွားသည်။ ထို့နောက် သူက အားကုန်သုံးလိုက်သည်။ ထိုအချိန်၌ လေထဲမှ လက်တစ်ဖက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက် ထုတ်လွှတ်နေသော သလင်းကျောက်လက်ဝါးကို အသာလေး လှုပ်ရမ်းလိုက်သည်။ တစ်ချိန်တည်း နီးပါးမှာပင် ခန်းမတစ်ခုလုံး တုန်လှုပ်သွားဟန်တူသည်။

ယာကော့ဗ် လက်ပြန်ဆုတ်လိုက်ရာ သူ၏သလင်းကျောက်လက်ဝါး အနည်းငယ် တုန်ခါနေပုံရသည်။ သူ၏လက်မောင်း တုန်ခါနေရုံသာမက “ရမ္မနစ်ဂီ”ဘေးတွင် ပေါ်ထွက်လာသောသူထံသို့ သလင်းကျောက်နဂါး၏ မယုံကြည်နိုင်သောအကြည့် ရောက်ရှိသွားသောအခါ သူ၏မျက်လုံးထောင့်များ စတင်လှုပ်ရွလာခဲ့သည်။

ထိုသူက ဆံပင်နက်မှောင်ပြီး ဝါညိုရောင် အသားအရေ ရှိကာ ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ချွန်ထက်နေသော သွားများကို ပြသလိုက်သည်။

“ဘာလဲ။ မင်းရဲ့မိတ်ဆွေဟောင်းကို မမှတ်မိဘူးလား။”

“ပါ့...ပါ့ဂ်လီအို။” ယာကော့ဗ်၏ တုန်လှုပ်နေသော အသံထဲတွင် မုန်းတီးမှုနှင့် အကြောက်တရားများ ရောနှောနေသည်။ ရမ္မနစ်ဂီ၏ မျက်နှာကလည်း ရင်းနှီးသော မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သလင်းကျောက်နဂါးကို ကြီးကြီးမားမား ထိတ်လန့်သွားစေပြန်သည်။ “မင်းက....အာသာပဲ။”

သလင်းကျောက်နဂါး အမုန်းဆုံးလူမှာ သူ့ကိုလိမ်ညာခဲ့ပြီး ပြန်လည်ရှင်သန်ခြင်း ဆေးရည်နှင့် ရှေးမှော်စာကျောက်ပြားတို့ကို ခိုးယူခဲ့သော ဆရာသခင် “အာသာ” ဆိုလျှင် သူအကြောက်ဆုံးမှာ လွန်ခဲ့သော နှစ်၂၀၀၀က သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိစေခဲ့သော အဆိပ်နဂါးပင် ဖြစ်သည်။ ပါ့ဂ်လီအိုအပေါ် သူ၏ကြောက်ရွံ့မှုမှာ မဟာကတ်သရင်းထက်ပင် ပို၍ အင်အားကြီးလှသည်။

ဒီလူနှစ်ယောက်က ဒီနေ့ တစ်ချိန်တည်း ငါ့ရှေ့မှာ ပေါ်ထွက်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။

ဒါနဲ့ “အာသာ”ဆိုတဲ့ အရိုးကောင်က အဲဒီမိန်းမအတွက် နှလုံးသားကို ဖောက်ခွဲ လိုက်တယ် မဟုတ်လား။ သူ မသေသေးဘူးလား။ သူက ဘယ်လိုလုပ်ပြီးတော့ ငါ့မျက်စိ အရှေ့မှာ အရှင်လတ်လတ် ပြန်ပေါ်လာရလာတာလဲ။

“အာသာ”က လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက အမုန်းတရားအကြောင်း ပြောခဲ့တာ ငါ မှတ်မိတယ်။ သူက ပါ့ဂ်လီအို နာမည်ကိုတောင် သုံးခဲ့သေးတယ်။ လက်စသတ်တော့ သူက တကယ်ပဲ အဆိပ်နဂါးနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကိုး။

“ထွက်ပဲပြေးတတ်တဲ့ ဒီသလင်းကျောက်နဂါးက နှစ်၂၀၀၀ကြာပြီးနောက် ဘယ်လောက် တိုးတက်လာလဲဆိုတာ ငါမြင်ချင်တယ်။”

မင်းဥခွံကို တိုးတက်တာလား။ ယာကော့ဗ်က စိတ်ထဲ၌ ကျိန်ဆဲရင်း တဖြည်းဖြည်း နောက်ဆုတ်သွားလိုက်သည်။

လွန်ခဲ့သော နှစ်၂၀၀၀က ပါ့ဂ်လီအို၏စွမ်းအားမှာ သူ့ထက်သာလွန်သည်။ အထူးသဖြင့် အဆိပ်နှင့်ရောနေသော ကြောက်မက်ဖွယ်ရာ စွမ်းအားပင် ဖြစ်သည်။ ပါ့ဂ်လီအိုသည် မှော်ပညာနှင့် အားလျော့စေသည့် အခြေအနေများကို မကြောက်သော သလင်း‌ကျောက်ခန္ဓာကိုယ်အား အမှန်တကယ်ပင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ယခု သူသည် ဒဏ်ရာဟောင်းရှိနေသည့်အပြင် ဒဏ်ရာအသစ်များလည်း ရှိနေကာ အားနည်းနေသော အခြေအနေသို့ ရောက်ရှိနေ၏။ ယာကော့ဗ်၏ စွမ်းအားမှာ မတိုးသွားသလို နိမ့်လည်း မနိမ့်ကျသွားပေ။ သူသည် ပါ့ဂ်လီအို၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသည်။

“ပြေးချင်တာလား။” ပါ့ဂ်လီအိုက ယာကော့ဗ်၏ ရည်ရွယ်ချက်ကို တစ်ချက် ကြည့်ရုံဖြင့် မြင်သွားပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “မင်းရတနာတွေကို မလိုချင်‌ တော့ဘူးလား။”

ထိုစကားကြောင့် ယာကော့ဗ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ သွေးအန် တော့မလို ဖြစ်သွားပြီး သူ၏မျက်လုံးများက သလင်းကျောက် သတ္တုရိုင်းများ အဆက်မပြတ် စီးဆင်းနေသော နေရာလွတ် ဝင်ပေါက်ထံသို့ ရောက်ရှိသွားသည်။ ယခုတွင် ထိုနေရာလွတ် ဝင်ပေါက်မှ သလင်းကျောက်သတ္တုရိုင်းများ ထွက်လာရုံသာမက သလင်းကျောက်နက်ဒင်္ဂါးများ၊ ရတနာများပါ ပါဝင်လာသည်။ ၎င်းတို့အားလုံးသည် သူ၏ နှစ်ရှည်လများ ကြိုးစားစုဆောင်းခဲ့ရသည့်အရာများ ဖြစ်ကြပေသည်။

ထို “အာသာ”က နေရာလွတ်မှော်ပညာအချို့ အသုံးပြုလိုက်သလိုမျိုးပင် လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ များပြားလှသော ရတနာများကို ချက်ချင်းပင် စုပ်ယူသွားခဲ့သည်။ ထိုအာသာက ထေ့ငေါ့ပြီး ပြောနေဆဲပင် ဖြစ်သည်။ “ပါ့ဂ်လီအို၊ ကြည့်ရတာ သူ့ရဲ့ ရတနာတွေက ခင်ဗျားထက် မနည်းတဲ့ပုံပဲ။ ကျုပ်ရဲ့နေရာလွတ်က အခု ပြည့်တော့မယ်။ တော်တော်ဆိုးတာပဲ။”

ယာကော့ဗ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး “အာသာ”အဖြစ် ဟန်ဆောင် ထားသော ချန်လွေ့ကို လက်သီးဖြင့် ပြေးထိုးလိုက်သည်။ သို့သော်လည်း အစိမ်းရောင် အငွေ့တိမ်တိုက်တစ်ခုက ချက်ချင်းပင် ပေါ်ထွက်လာသည်။ ထိုလက်သီးချက်က ယူဆောင်လာသော မရေမတွက်နိုင်သည့် သလင်းကျောက် အလင်းရောင်များကို အစိမ်းရောင် အငွေ့က အလျင်အမြန်ပင် ဝါးမျိုလိုက်သည်။ ပါ့ဂ်လီအို၏အသံ ထွက်ပေါ်လာ၏။ “ဟေး။ ၅၀/၅၀ ခွဲဖို့ မမေ့နဲ့။ တစ်ယောက်တည်း အကုန်မယူလိုက်နဲ့ဦး။”

ယာကော့ဗ်က ခန်းမတစ်ခုလံးရှိ မှော်စက်ဝိုင်းကို ဖျက်ဆီးရန် ကြိုးစားသည်။ သို့သော်လည်း ၎င်းကို ထူးဆန်းသော အားတစ်ခုက ခုခံပေးထားဟန်တူပြီး အချိန်တို အတွင်း ဖျက်ဆီးပစ်ရန် ခက်ခဲလှသည်။ ထိုခဏတာ အာရုံပျံ့လွင့်နေစဉ်အတွင်း ပါ့ဂ်လီအို၏ လက်သီးချက်က ယာကော့ဗ်ကို ထိသွားခဲ့သည်။ ထိုလက်သီးချက်သည် လွန်ခဲ့သော နှစ်၂၀၀၀ကထက် ပို၍ပင် အစွမ်းထက်လှသည်။ အထူးသဖြင့် အေးစိမ့်သော ရင်းနှီးပြီးသာ အဆိပ်များက သလင်းကျောက်ခန္ဓာကိုယ်ထဲ ကျူးကျော်လာသည့်အခါ ချက်ချင်းပင် ထိခိုက်မှုများ သိသိသာသာ ဖြစ်သွားစေသည်။

နာကျင်မှုမှာ အဓိက မဟုတ်ပေ။ အဓိကမှာ ထိုစဉ်က လိုက်ဖမ်းမှုကြောင့် သလင်းကျောက်နဂါး စိတ်ဒဏ်ရာ ရခဲ့ပြီး တိုက်ခိုက်ရေးစိတ်ဓာတ် ဆုံးရှုံးလုနီးပါး ဖြစ်သွားခြင်းပင် ဖြစ်သည်။

ရတနာများအား ပြောင်ပြောင်တင်းတင်း လုယက်ခံနေရနေသည်ကို ကြည့်နေရင်း နှလုံးသွေးယိုနေသော်လည်း ၎င်းသည် သူ၏အသက်ထက် အရေးမပါပေ။ သလင်းကျောက် နဂါးက အံကြိတ်ပြီး အပြင်ဘက်သို့ အမြန် ပြေးထွက်သွားလိုက်သည်။ သို့သော်လည်း ပါ့ဂ်လီအိုက သူ့ကို မတားဆီးခဲ့ဘဲ အရိပ်တစ်ခုကဲ့သို့ပင် နောက်မှသာ လိုက်သွားလိုက်သည်။

သိပ်မကြာခင်မှာပင် သလင်းကျောက်နဂါးက မိုင်းတွင်းမှ လွတ်မြောက်သွားသည်။

ထိုအချိန်၌ ကောင်းကင်တွင် ခရမ်းရောင် လနှစ်စင်း ရှိနေပြီ ဖြစ်သည်။ ယာကော့ဗ်က ခြေကိုတော့ပြီး ညကောင်းကင်သို့ ပျံတက်သွားလိုက်သည်။ သူ၏ ပျံသန်း စွမ်းရည်မှာ ပါ့ဂ်လီအိုထက် အနည်းငယ် သာလွန်သည်။ ၎င်းသည် ယခင်က သူ လွတ်မြောက်သွားခဲ့ရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။

သို့သော်လည်း သူ လေထဲ၌ရှိနေစဉ် တစ်ခုခု ထူးဆန်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ပျံသန်းနှုန်းအရ ယခုအချိန်တွင် သုံးလေး ကီလိုမီတာအထိ ရောက်ရှိသွားရပေမည်။ သို့သော်လည်း ပတ်ဝန်းကျင် နေရာလွတ်သည် အမှန်တကယ်ပင် သူနှင့်အတူ ရွေ့လျားသွားဟန်တူသည်။ ထိုခုန်လွှားမှုက ၁၀မီတာခန့် အကွာအဝေးသာ ရောက်ရှိသွားစေသည်။

ယာကော့ဗ် အံ့အားသင့်သွားခဲ့သည်။ သူက လေထဲသို့ ခုန်တက်လိုက်ပြန်သည်။ သို့သော်လည်း ရလာဒ်မှာ အတူတူပင် ဖြစ်နေသေးသည်။ သလင်းကျောက်သားရဲတွင်း ပတ်လည်ရှိ နေရာလွတ်တွင် ထူးဆန်းသော ချုပ်တည်သည့်စွမ်းအားတစ်ခု ရှိနေဟန်တူသည်။ ထိုစွမ်းအားအငွေ့အသက်ကို ယာကော့ဗ် အနည်းငယ် ရင်းနှီးနေသည်။ သူ အဖြေမရှာနိုင်ခင်မှာပင် ပါ့ဂ်လီအို၏ တိုက်ခိုက်မှုက ချက်ချင်းပင် ရောက်ရှိလာသည်။ ၎င်းသည် ယခင်ကကဲ့သို့ ပြင်းထန်ပြီး ထူးခြားသော တိုက်ခိုက်မှု နည်းလမ်းတစ်ခုပင် ဖြစ်နေသေးသည်။ သို့သော်လည်း ၎င်း၏စွမ်းအားများမှာ လွန်ခဲ့သော နှစ်၂၀၀၀ကထက် ပို၍ထူးဆန်းပြီ ကြမ်းတမ်းနေသည်။ ရံဖန်ရံခါ၌ မိုးကြိုးဂုဏ်သတ္တိများ ပါဝင်နေသလို ပါ့ဂ်လီအို၏ အားနည်းချက်ဖြစ်သော အမြန်နှုန်းမှာလည်း အတော်လေး မြန်ဆန်နေသည်။ တစ်ခါတစ်ရံ၌ ပါ့ဂ်လီအို၏ လက်သီးစွမ်းအား ရုတ်တရက် တိုးမြင့်သွားသည့်အတွက် ခုခံရ ခက်ခဲနေပေသည်။

စွမ်းအားချင်းယှဉ်လျှင် ယာကော့ဗ်၏ ဒဏ်ရာများ ပြန်မကောင်းသေးသော်လည်း အဆိပ်နဂါးမှာ နှစ်၂၀၀၀ ချိပ်ပိတ်ခံထားခဲ့ရသည်။ ဆေးရည်မည်း၏ အာနိသင်များ ရှိသော်လည်း ပါ့ဂ်လီအို၏ စွမ်းအားတိုးတက်နှုန်းမှာ သာမန်လောက် မကောင်းပေ။ သူတို့ နှစ်ဦးကြားရှိ ခြားနားချက်မှာ သိပ်ပြီးမကြီးလှသော်လည်း ထိုနှစ်တွင် ယာကော့ဗ်က ပါ့ဂ်လီအို၏ လက်ထဲ၌ သေလုနီးပါး ဖြစ်သွားခဲ့သည်။ ယခု သူ၏ ရန်သူဟောင်းကို ပြန်တွေ့ရသည့်အခါ ကြောက်ရွံ့မှုက တိုက်ခိုက်ချင်စိတ်ကို ကြီးကြီးမားမား လျော့ကျသွား‌ စေခဲ့သည်။ ထို့အပြင် အဆိပ်နဂါးသည် အရှင်သခင်ချပ်ကာနှင့် မိုးခြိမ်းသံကဲ့သို့ အဆောင်ပစ္စည်းများ ဝတ်ဆင်ထားသည်။ ထို့ကြောင့် ယာကော့ဗ်သည် အချိန်တစ်ခုအထိ လုံးဝ အရေးနိမ့်နေပြီး ပြန်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိလုနီးပါး ဖြစ်နေသည်။

“ဝုန်း။” ယာကော့ဗ်က ပါ့ဂ်လီအို၏လက်သီးချက် မိသွားပြီး မိုးခြိမ်းသံ၏ ထိခိုက်မှုနှစ်ဆ ဂုဏ်သတ္တိကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။ ယာကော့ဗ်၏ ကြည်လင်သော လက်မောင်းပေါ်၌ အက်ကွဲရာများ ထွက်ပေါ်လာသည်။ ထိုထူးဆန်းသည့် နေရာလွတ်အစွန်းသို့ ချဉ်းကပ်ကြည့်သည့်အခါ သူ၏ပျံသန်းနှုန်း နှေးကွေးသွားပြန်သည်။ အဆုံးမရှိသော ရွှံ့ဗွက်အိုင်ကဲ့သို့ပင် ဖြစ်နေသည်။

ထိုထူးဆန်းသော “ရွှံ့ဗွက်အိုင်”သည် သလင်းကျောက်သားရဲတွင်း တစ်ခုလုံးကို လွှမ်းမိုးထားဟန်တူပြီး ထွက်ပြေးရန်အတွက် သူ၏အမြန်နှုန်းကို အခွင့်ကောင်းမယူနိုင်ရန် တားဆီးနေလေသည်။ နောက်ဆုံး၌ ယာကော့ဗ်က ထိုထူးဆန်းသော နေရာလွတ်၏ အငွေ့အသက်ကို မှတ်မိသွားသည်။ ၎င်းသည် ထိုရှေးမှော်စာ ကျောက်ပြားများ၏ စွမ်းအားနှင့် အတော်လေး ဆင်တူနေပေသည်။

ဧကန္တ....အဲဒီ အရူးမများလား။

မဟုတ်သေးဘူး။ ငါနဲ့ ရာနိုင်းရီကို အနိုင်ယူဖို့အတွက် ပါ့ဂ်လီအိုနဲ့ အရူးမတို့ ပူးပေါင်းလိုက်တာကို ငါ ကြားခဲ့တယ်။ နောက်တော့ သူတို့က ချက်ချင်းပင် အချင်းချင်း သစ္စာဖောက်လိုက်ကြတယ်။ အရူးမကလည်း အဆိပ်နဂါးကို လိုက်ဖမ်းတယ်။ အဲဒီအရူးမရဲ့ ကြောက်စရာ စိတ်နေသ‌ဘောထားနဲ့ဆိုရင် ပါ့ဂ်လီအိုနဲ့ ဘယ်လိုလုပ် ထပ်ပြီး ပူးပေါင်းဦးမှာလဲ။

ဒါပေမဲ့ အဲဒီအရူးမအပြင်ကို ဘယ်သူက ဒီလိုမျိုး ရှေးမှော်စာစွမ်းအားကို ခင်းကျင်းနိုင်လို့လဲ။

မည်သို့ပင် ဆိုစေကာမူ ယာကော့ဗ် သည်းမခံနိုင်တော့ပေ။ ရန်သူကို ရင်ဆိုင်ရာ၌ သူ အနည်းငယ် သတိလက်လွတ်သွားလျှင် သူ၏အသက်အန္တရာယ် ကျရောက်နိုင်သည်။ သူ ချက်ချင်း အော်ဟစ်လိုက်ရာ ခန္ဓာကိုယ်မှ အက်ကွဲရာများအားလုံး ပြန်ကောင်း သွားကြသည်။ သူ၏ မူလ ခန္ဓာကိုယ် ပေါ်ထွက်လာခဲ့လေသည်။ ၎င်းမှာ အလွန်ကြီးမားပြီး ၁၀မီတာခန့်ရှည်လျားသော သလင်းကျောက် နဂါးတစ်ကောင်ဖြစ်ကာ ကျောဘက်တွင် တောင်ပံတစ်စုံ ရှိသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ ဖောက်ထွင်းမြင်နိုင်နေပြီး ခမ်းနားသော စွမ်းအားများကို ထုတ်လွှတ်ပေးနေလေသည်။

သလင်းကျောက်နဂါးက ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်ရာ အလင်းရောင်များ ဖြာထွက်ကုန်သည်။ မြောက်မြားလှစွာသော အလွန်ကြီးမားလှသည့် သလင်းကျောက် ကျောက်တိုင်များ မြေပေါ်မှ ထောင်တက်လာပြီး လရောင်အား မရေမတွက်နိုင်သော ခရမ်းရောင်အလင်းများအဖြစ် အလင်းယိုင်စေကာ လျို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားဖွယ် ဖြစ်နေသည်။

၎င်းမှာ [ သလင်းကျောက်ပိုင်နက် ] ပင် ဖြစ်လေသည်။

ထို့ပြင် ၎င်းသည် နဂါးအသွင်၌ အသက်သွင်းလိုက်သော အစွမ်းအထက်ဆုံး ပိုင်နက် ဖြစ်သည်။

ထိုအဟုန်ကို ကြည့်ရသည်မှာ သလင်းကျောက်နဂါးက ကြံရာမရသည့်အဆုံး အစွမ်းကုန်ထုတ်တော့မည် ထင်ရပေသည်။

ပါ့ဂ်လီအိုက ထိုအတွက်ကို စောင့်နေခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်လည်း ပြောင်းလဲသွားသည်။ သူသည် ယာကော့ဗ်ထက် ကြီးမားသော ဧရာမ နဂါးတစ်ကောင် ဖြစ်သွားသည်။ သူ၏ကြေးခွံများမှာ ညိုဝါမှိုင်းရောင် ဖြစ်နေပြီး ပါးနှစ်ဖက်၌လည်း ဆူးတောင်ကဲ့သို့ အရာများ ရှိနေသည်။ သူသည် အနက်ရောင် ချပ်ကာအကွာတစ်ခု ဝတ်ဆင်ထားပြီး သူ၏ ရွှေအိုရောင် မြွေမျက်လုံးများမှာ အေးစက်စက် အလင်းရောင်များဖြင့် တောက်ပနေလေသည်။

အဆိပ်နဂါးက ကောင်းကင်ထက်ရှိ လနှစ်စင်းကို အော်ဟစ်လိုက်ရာ လနှစ်စင်း၏ အလင်းရောင် ရုတ်တရက် ဖျော့သွားသည်။ အလွန်ကြီးမားလှသော အစိမ်းရောင်မြူ အမျှင်တန်းများက နေရာအနှံ့ လွှမ်းမိုးသွားသည်။ [ သလင်းကျောက်ပိုင်နက် ] ကြောင့် အလင်းယိုင်နေသော လရောင်သည်ပင် အစိမ်းရောင် ပြောင်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာတစ်ခုလုံးက ရေသလင်းကျောက်တိုင်များနှင့် အဆိပ်ပြင်းမြူများ ပြည့်နေသော လောကကြီးတစ်ခု ဖြစ်သွားသည်။

ယေဘုယျအားဖြင့်ပြောရလျှင် ပိုင်နက်စွမ်းအားများမှာ အချင်းချင်း ဟန့်ထားကြသည်။ အစွမ်းထက်ပုဂ္ဂိုလ်များ၏ ပုံမှန်တိုက်ခိုက်နေကျ နည်းလမ်းမှာ ရန်သူ၏ ပိုင်နက်ထဲ ဝင်ရောက်ခြင်း ဖြစ်သည်။ အားနည်းချက်များကို ရှာဖွေပြီးနောက် ပြိုင်ဘက်၏ပိုင်နက်ကို တစ်ခါတည်း ပျက်စီးစေရန် သို့မဟုတ် ကွဲထွက်စေရန်အတွက် မိမိ၏ ပိုင်နက်စွမ်းအားကို ဖောက်ခွဲထွက်ရလေသည်။

ယခုတွင် ပြိုင်ဘက်အား ထိပ်တိုက်ရင်ဆိုင်ရန်အတွက် အဆိပ်နဂါးက သူ၏ ပိုင်နက်ကို တစ်ခါတည်း အသက်သွင်းလိုက်သည်။ ၎င်းသည် စွမ်းအားပိုကုန်မည် ဖြစ်သော်လည်း နိုင်သွားသည်နှင့် သလင်းကျောက်နဂါးအား ထိခိုက်မှုများနှင့် ပြင်းထန်သော ထိုးနှက်ချက်များ ဖြစ်စေလိမ့်မည်။ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်က ရန်သူဟောင်းကို ရင်ဆိုင်နေရသည့်အတွက် ပါ့ဂ်လီအိုက ယနေ့တိုက်ပွဲကို အနိုင်ရရန် စိတ်ဆုံးဖြတ်ထားလေသည်။

All Chapters