← Chapters

စမ်းသပ်ချက်အသစ်

Vol. 29 Ch. 434

စမ်းသပ်ချက်အသစ်

Vol. 29 Ch. 434

အထင်လွဲမှု ဖြစ်ပွားခဲ့သော်လည်း ချန်လွေ့က ဘုံရန်သူ ဖြစ်လုနီးပါး ဖြစ်သွားခဲ့၏။ သို့သော်လည်း မုန်တိုင်းပြီးနောက်တွင် အထင်လွဲခံရသော “အလုပ်သင်တပည့်”က နောက်ဆုံး၌ အယ်စီ‌ဒေါမြို့လေးကို ဖြတ်ကျော်နိုင်သွားခဲ့ပြီး မြို့တော်သို့ လှည်းစီးသွား နိုင်ခဲ့သည်။

လမ်းတစ်လျှောက်ခရီးမှာ ပျင်းရိစရာ အကောင်းဆုံးဖြစ်သော်လည်း ၎င်းသည် မြင်းလှည်းဂိတ်သို့ သီးခြားပို့ပေးသော လှည်းများ ဖြစ်ကြသည့်အတွက် လှည်းထဲတွင် ချန်လွေ့ တစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် သူက ၎င်းကို အခွင့်အရးယူပြီ စူပါစနစ်ထဲဝင်ကော လေ့ကျင့်နိုင်ပေသည်။

ချန်လွေ့ အံ့အားသင့်သွားသည်မှာ စူပါစနစ်၌ မကြာသေးခင်က ပြောင်းလဲမှု အချို့ ဖြစ်သွားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

အချက်အလက် အချို့ကို ကြည့်ရုံဖြင့် သူ ပျော်ရွှင်သင့်ပေသည်။

ဂုဏ်ပုဒ် - ကြယ်တာရာအရှင်သခင်။

ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ်ငါးပွင့်။

အတွေ့အကြုံတန်ဖိုး - ၁ % ။

အရှိန်အဝါ တန်ဖိုး - ၂၆၃ သိန်း။

စွမ်းအားအကဲဖြတ်မှု - A-

သူ၏အတွေ့အကြုံတန်ဖိုးသည် ၁ % သို့ တိုးသွာညးခဲ့သည်။ ၎င်းသည် အမြဲပင် သုည ဖြစ်နေသည့်အတွက် ထို ၁ %ကို အထင်မသေးသင့်ပေ။ ဆိုလိုသည်မှာ သူ၏ “ဖက်ဒါ” အခြေအနေက အရေးပါသော ပထမဆုံးခြေလှမ်းကို အမှန်တကယ် စတင်လိုက်ပြီ ဖြစ်သည်။

ထို ၁ % သည် ပါ့ဂ်လီအိုနှင့် သလင်းကျောက်နဂါးတို့အကြား တိုက်ပွဲပြီးနောက် သွေးပင်လယ်အဖြစ်အပျက် ပြီးနောက်တွင် ပေါ်ထွက်လာခြင်း ဖြစ်နိုင်သည်။ သူသည် ထိုအချိန်အတောအတွင်း လေ့ကျင့်မှု မပြုလုပ်ခဲ့ပေ။ ဒါက ဖျက်ဆီးခြင်းစွမ်းအားနဲ့ ပေါင်းစပ်ပြီးတော့ နားလည်သဘောပေါက်တာနဲ့ သက်ဆိုင်နေတာများလား။

သူ၏အတွေ့အကြုံ ပြောင်းလဲသွားရုံသာမက ယုံကြည်မှု မျှော်စင်ထဲ၌ ယုံကြည်မှု သလင်း‌ကျောက်များလည်း ၂၅၀၀ကျော်အထိ ထိုးတက်သွားသည်။ သွေးရောင် အင်ပါယာသို့ မလာခင်က ချန်လွေ့သည် ၉၀၀ကျော်သာ ရှိသည်။ ထိုတိုးမြင့်မှုမှာ ဆက်လက်တိုးနေဆဲ ဖြစ်သည်။ ယုံကြည်မှုသလင်းကျောက် ၁၀၀၀သည် ကြယ်၅ပွင့် အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးပညာရပ်ဖြစ်သည့် [တော်ဝင်ကြယ်တာရာအသွင်ပြောင်း] ကို အသက်သွင်းရန် လုံလောက်သည်။ ၁၀၀၀၀ပြည့်သွားလျှင် စိတ်ဝိညာဉ်ကွင်းဆက်ကို အသုံးပြုပြီး [ ကြယ်အဆင့်တိုးမြင့်ခြင်း ] ကို ပြုလုပ်နိုင်သည်။ ထိုကဲ့သို့ ယုံကြည်မှု သလင်းကျောက် တိုးပွားနှုန်းမှာ အလွန်ပင် အားရစရာကောင်းသော ဖြစ်ရပ်တစ်ခုပင် ဖြစ်လေသည်။

ထိုသို့အလျင်အမြန် တိုးပွားရခြင်း၏ အကြောင်းရင်းမှာ ဂြိုလ်ပြာ၏ လူဦးရေ တိုးသွားနှုန်း ကြီးကြီးမားမား အရှိန်တိုးမြင့်သွားခြင့်ကြောင့် ဖြစ်သည်။ လူဦးရေ အံ့သြဖွယ်ကောင်းလောက်အောင် တိုးပွားလာသည့်အတွက် ကိုးကွယ်သူများကလည်း ကြီးကြီးမားမား တိုးပွားလာကြသည်။ ထိုနေအဖွဲ့အစည်းမှအချိန်မှာ အပြင်ဘက်နှင့် ကွာခြားသည်။ အချိန်အဆများစွာ ကွားခြားနေသကဲ့သို့ ခံစားရသည်။ ၎င်းမှာ သာမန် အခြေအနေများ၌ အတော်လေး တည်ငြိမ်သည်။ ချန်လွေ့၏ အမြင်နှင့် တွေ့ကြုံမှုများက မူမမှန် ပြောင်းလဲသွားမှသာ ပိုကြီးမားသော သက်ဆိုင်ရာ အပြောင်းအလဲများ ရှိလာမည် ဖြစ်သည်။

မူလ ယုံကြည်မှု ၁၀ခုက သီးခြားယုံကြည်မှု ကျောက်တိုင် ၁၀ခုအဖြစ် ကွဲသွားသည်။ သို့သော်လည်း ချန်လွေ့ ထိတ်လန့်သွား၏။ အသူရာ တည်ဆောက်ထားခဲ့သော စစ် ကျောက်တိုင်ဘေးတွင် မိုးရွာပြီးနောက် ပေါ်ထွက်လာသော မှိုပွင့်များသဖွယ် ယုံကြည်မှု ကျောက်တိုင်အသစ်များ ပေါ်ထွက်လာသည်။ ကြွယ်ဝမှု၊ ရမ္မက်၊ အမြစ်ဖြတ်သုတ်သင်မှု၊ ကပ်ဘေး၊ ကြောက်ရွံ့မှု.......

“အသူရာ။” ချန်လွေ့က ဒေါသတကြီးနှင့် အော်ခေါ်လိုက်သည်။

အသူရာ၏ပုံရိပ်က ကြယ်စင်စု နတ်ဘုရားကျောင်းထဲ၌ ဖွဲ့စည်းဖြစ်ပေါ်လာသည်။ အသူရာသည် အ‌တော်လေး အစွမ်းထက်လာကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ ချန်လွေ့နှင့် အတိအကျတူနေသော မျက်နှာနှင့် ကွာခြားချက်တစ်ခု ရှိမည်ဆိုလျှင် ၎င်းမှာ မျက်လုံးထဲရှိ သွေးရောင်ပင် ဖြစ်သည်။ ၎င်းမှာ .... သွေးပင်လယ်ကဲ့သို့ပင် ဖြစ်သည်။

ချန်လွေ့က ထိုထူးဆန်းသော နေရာလွတ်ထဲ၌ “ဖျက်ဆီးခြင်း” စွမ်းအားနှင့် ပေါင်းစပ်ပြီး စွမ်းအားကို စုပ်ယူနေစဉ် ထိုကဲ့သို့ မျက်လုံးမျိုး ရှိခဲ့သည်ကို ရေးရေးလေး သတိထားမိသွားသည်။ ထိုကဲ့သို့ ပုံစံမျိုးမှာ “မြင်ဖူးခြင်း” မဟုတ်ဘဲ “ခံစားခဲ့ရခြင်း” ဖြစ်သည်။

ဧကန္တ......

“ဒီယုံကြည်မှု ကျောက်တိုင်တွေကို သဘောကျလား။” ချန်လွေ့ စကားမပြော နိုင်ခင်မှာပင် အသူရာ၏အသံ ထွက်ပေါ်လာသည်။ “မင်းပြောချင်တာကို ငါသိတယ်။ ဒါပေမဲ့ ဒါတွေက ငါ့ရဲ့လက်ရာမြောက်တွေ မဟုတ်ဘူး။ မင်းရဲ့ လက်ရာမြောက်တွေပဲ။”

ချန်လွေ့ အံ့အားသင့်သွား၏။ အသူရာက ပြောသည်။ “ဒီကိစ္စဖြစ်လာတာက အဲဒီ နေ့တုန်းက မင်း ဝါးမျိုလိုက်တဲ့ စွမ်းအားကြီး အငွေ့အသက်ကြောင့်ပဲ။ မင်းမြင်တဲ့အတိုင်း ငါ့စွမ်းအားလည်း တိုးသွားတယ်။ ဒီယုံကြည်မှု ကျောက်တိုင်တွေကတော့ သူတို့ ပေါ်ထွက်လာမှာ အနှေးအမြန်ပါပဲ။ ဒါပေမဲ့ အဲဒီအငွေ့အသက်ကြောင့် မြန်သွားတာ။ နေရာင်ကြောင့် လင်းနေတဲ့ ဂြိုလ်လိုပဲလေ။ ရှေ့ဘက်က တောင်ပနေပြီးတော့ နောက်ဘက်က နက်မှောင်နေတယ်။ ဘယ်လိုပဲလှည့်လှည့် အဲဒါကို မရှောင်တိမ်းနိုင်ဘူး။”

ထိုသို့ပြောနေရင်း အသူရာ ရုတ်တရက် စကားရပ်ကာ ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “မင်း နတ်ဘုရား ဖြစ်ချင်လား။”

“မင်း ဘာကို ပြောချင်တာလဲ။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ယုံကြည်မှုအရင်းအမြစ်ကနေ မင်းမကြိုက်တဲ့ ယုံကြည်မှုတွေအားလုံးကို ဖယ်ရှားပြီးတော့ အဲဒီသက်ရှိတွေကို အရုပ်တွေ၊ ရုပ်သေးတွေအဖြစ်ပြောင်းပြီး မင်းရဲ့ ဆန္ဒအတိုင်း နေခိုင်းလို့ရတယ်။ ယုံကြည်မှုအရင်းအမြစ်တစ်ခု ထောက်ပံ့ခိုင်းလို့ရတယ်။ [နတ်ဘုရားတိုင်းပြည်]က အဲဒီသတ္တဝါတွေ လိုမျိုးပဲ။ ဒါတွေကို သိပ်မကြာခင်ကမှ ငါမှတ်မိသွားတာ။” အသူရာ၏ သူ၏ခေါင်းကို လက်ညှိုးထိုးပြလိုက်ပြီး သူ၏ ထူးဆန်းသောအပြုံး ပိုမိုပြန့်ကားလာခဲ့သည်။

ချန်လွေ့က ရေဒြပ်စင်ဘုရင်၏ စကားများကို တွေးမိလိုက်သည်။ “နတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ သက်ရှိတွေက အရုပ်လေးတွေပဲ။” ထို့နောက် ချန်လွေ့ တိတ်ဆိတ်နေလိုက်သည်။ ခဏကြာပြီးမှသာ သူ ပြန်ဖြေသည်။ “ငါ တန်ဖိုးထားရတဲ့ အရာတွေကို ကာကွယ်ဖို့အတွက် နတ်ဘုရားနဲ့ညီမျှတဲ့ စွမ်းအားကို ငါလိုချင်တာ။ သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒကို အာဏာရှင်ဆန်ဆန် ကစားဖို့ မဟုတ်ဘူး။”

“မင်းရဲ့မှတ်ဉာဏ်ထဲက စကားတွေအရဆို မင်း ခွေးမ ဖြစ်ချင်ရင် ဗြဟ္မစရိယကျင့်ဖို့ စဉ်းစားမနေနဲ့( ဆိုလိုတာကတော့ မင်း စွမ်းအားလိုချင်ရင် သူတော်စင်လို လုပ်မနေနဲ့)။” အသူရာက ရွံရှာမှုနှင့် ပျက်ရယ်ပြုမှုတို့နှင့်အတူ ဟားတိုက်ရယ်လိုက်သည်။

ချန်လွေ့ စိတ်အေးအေး ထားလိုက်သည်။ သူက အခြား “မိမိ”ကို တည်တည့်ကြည့်ပြီး မေးလိုက်သည်။ “မင်းပုံစံက.....ဒီယုံကြည်မှု အရင်းအမြစ်တွေကို မင်း တကယ်ငါ့ကို ဖျက်ဆီးစေချင်တာလား။”

“အတော်လေး လေးနက်တဲ့ အမြင်ပဲ။” အသူရာက မဖုံးကွယ်ထားဘဲ ခေါင်းညိတ် လိုက်သည်။ “ရှင်းရှင်းလေးပဲ ငါပြောမယ်။ ယုံကြည်မှုမျှော်စင်က လျို့ဝှက်ဆန်းကြယ်တဲ့ အန္တိမစည်းမျဉ်းတစ်ခုကို ကိုယ်စားပြုတယ်။ ယုံကြည်မှုတစ်ခုကို ဖျက်ပစ်လိုက်တိုင်း ငါမျှော်လင့်တဲ့လမ်းကြောင်းကို မင်းခြေတစ်လှမ်း လှမ်းလိုက်တာပဲ။ ဒါက ထိပ်သီး စွမ်းအားအဆင့် ရောက်ဖို့အတွက် ဖြတ်လမ်းကို တစ်လှမ်းနီးသွားတာနဲ့ ညီမျှတယ်။ ဒီခြေလှမ်းအတိုင်း မင်း ဆက်သွားမယ်ဆိုရင် မင်းထိပ်ဆုံးမှာ ရပ်နေပြီး အရာအားလုံးကို ငုံ့ကြည့်ဖို့အတွက် သိပ်ပြီး ကြာတော့မှာ မဟုတ်ဘူး။ အခု ကြယ်စင်စု နတ်ဘုရားကျောင်းမှာ ရပ်နေသလိုမျိုးပေါ့။”

လက်စသတ်‌တော့ ဒီလိုအကျိုးဆက်တွေ ရှိနေတာကိုး။ ကြည့်ရတာ ယုံကြည်မှု အရင်းအမြစ်ထဲက ယုံကြည်မှုတွေကို အလောတကြီးရွှေ့လို့ မရတဲ့ပုံပဲ။ မဟုတ်ရင် ငါ့ကိုယ်ငါ လွယ်လွယ်နဲ့ ဆုံးရှုံးသွားလိမ့်မယ်။

ချန်လွေ့က ပြတ်ပြတ်သားသား ခေါင်းခါပြီး ခပ်မြန်မြန်နှင့် တိတိကျကျ ပြောလိုက်သည်။ “ငါက သေချာပေါက် တကယ့်ထိပ်တန်းနေရာမှာ မတ်တပ်ရပ်နေမှာ။ ဒါပေမဲ့ ငါ့နည်းလမ်းနဲ့ငါ သွားမယ်။”

“ရူးမိူက်တာပဲ။ ‌လောကရဲ့လမ်းတွေတိုင်းက ပန်းတိုင်တစ်ခုတည်းကို ဦးတည် သွားတာချည်းပဲ။ မင်းက ခေါင်းမာမာနဲ့ ဒီလိုကွေ့ပတ်သွားနေတာပဲ။”

“အသုံးမဝင်ဘူး။ မင်းဘာပဲပြောပြော ငါ့နှလုံးသားကို လှုပ်ခါနိုင်မှာ မဟုတ်ဘူး။” ချန်လွေ့ ရုတ်တရက် ပြုံးလိုက်သည်။ “ငါစဉ်းစားနေတာက မင်းငါ့ကို မင်းစီစဉ်ထားတဲ့ အတိုင်း သွားစေချင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ ငါ့ရဲ့နှလုံးသား တစ်လှမ်းချင်း ဆုံးရှုံးသွားဖို့ မျှော်လင့်နေတာပဲ။ အခု ဒီအတိုင်း ငါ့နှလုံးသားကို ထိန်းထားမယ်ဆိုရင် နောက်ဆုံး မင်းရှုံးနိမ့်သွားပြီးတော့ လုံးဝပျောက်ကွယ်သွားမယ်လို့ ဆိုလိုတာ မဟုတ်လား။”

“ဟမ့်။” အသူရာ၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး သူ၏အနီရောင် မျက်လုံးထဲ၌ အေးစက်မှုတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “ပါးနပ်တဲ့သူလိုမျိုး ဟန်ဆောင်နေတာလား။ ငါ ပြောပြမယ်။ မင်းမှာ ရွေးချယ်စရာ မရှိဘူး။ အဲဒီ အမှောင် ယုံကြည်မှုတွေကို မင်းဖယ်ရှားမယ်ဆိုရင် ငါက ဥပဒေစွမ်းအားကို သုံးပြီးတော့ မင်းစိတ်နဲ့ ဝိညာဉ်ကို တစ်ဆင့်ချင်း သိမ်းယူမယ်။ မင်း အဲလိုမလုပ်ဘူးဆိုရင်တော့ ငါ့ရဲ့စွမ်းအားက အမှောင်ယုံကြည်မှုတွေကြောင့် ပိုပိုပြီး အစွမ်းထက်လာလိမ့်မယ်။”

ချန်လွေ့ တိတ်ဆိတ်နေခဲ့သည်။ အသူရာ၏အသံက ပို၍ပို၍ တက်ကြွလာခဲ့သည်။ “အမှောင်စွမ်းအားက နေအဖွဲ့အစည်း တစ်ခုလုံးကို ဖုံးလွှမ်းဖို့အတွက် သိပ်ပြီး ကြာတော့မှာ မဟုတ်ဘူး။ အဲဒါဆိုရင် အရာအားလုံးက ပျက်စီးပြီး အဆုံးသတ်သွားမယ်။ မင်းရဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့ နော့စ်ဒဏ္ဍာရီထဲက “နတ်ဘုရားတွေရဲ့နေဝင်ချိန်” လိုပေါ့။”

ချန်လွေ့ ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဘုရားတွေရဲ့နေဝင်ချိန်က နော့စ်လူမျိုးတွေရဲ့ နာမည်အကြီးဆုံး ဒဏ္ဍာရီတစ်ခုပဲ။ လူသားလောက ပျက်စီး သွားတဲ့အပြင်ကို နတ်ဘုရားတွေအားလုံးနဲ့ သူတို့နေထိုင်တဲ့နေရာတွေလည်း အဲဒီ ရက်စက်ပြီး ဝမ်းနည်းစရာကောင်းတဲ့ စစ်ပွဲထဲမှာ လုံးဝပျက်စီးသွားခဲ့တယ်။ လောကသစ်ပင် လောင်ကျွမ်းမှုက စကြဝဠာတစ်ခုလုံးကိုတောင် ပျက်စီးစေခဲ့တယ်။

‌လောကသစ်ပင် ပြန်လည်မွေးဖွားလာခြင်းနှင့်အတူ ဥပဒေတစ်ခု စတင် ပြန်လည်တည်ဆောက်ရန်မှာ အချိန်အတော်ကြာပြီးမှသာ ဖြစ်သည်။ ချန်လွေ့ မနေနိုင်ဘဲ မေးလိုက်မိသည်။ “ဘာလို့ အားလုံးကို ဖျက်ဆီးမှာလဲ။ မင်းရဲ့ရည်ရွယ်ချက်က ငါ့စိတ်နဲ့ ကြယ်စင်စု နတ်ဘုရားကျောင်းကို အပိုင်စီးဖို့ မဟုတ်လား။”

“မင်းရဲ့စိတ်ကို အပိုင်စိုးတာက.......ဒီစူပါစနစ်အတွက် ပျက်စီးခြင်း ဟုတ်သလို အပြင်လောကကြီးအတွက်လည်း ဟုတ်တယ်။ ဒါက ငါ့တည်ရှိမှုရဲ့ အဓိပ္ပာယ်ပဲ....” ရယ်သံများကြားထဲ၌ အသူရာ၏အရိပ် တဖြည်းဖြည်း ပါးသွားခဲ့ကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူသည်။ သူက ပင့်သက်ရှိုက်ပြီး ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။ သွေးပင်လယ် နေရာလွတ်ထဲမှာ ကြုံတွေ့ခဲ့တာက ကြီးမားတဲ့ စမ်းသပ်ချက်အသစ် ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။

အသူရာက ခြောက်လှန့်တတ်တဲ့သူ မဟုတ်ဘူး။ ပြီးတော့်လည်း ကြောက်စရာ အငွေ့အသက်ကို ငါ မဝါးမျိုရင်တောင် အသူရာ အမှန်တကယ် မပျောက်ကွယ် သွားသရွေ့တော့ ဒီနေ့ရက်မျိုး အနှေးနဲ့အမြန် ရောက်လာမှာပဲ။

[ စိတ်သန့်စင်ခြင်း ] ။ ဒါက [ စိတ်သန့်စင်ခြင်း ] ဖြစ်နေတုန်းပဲ။ နယ်ပယ်တွေ၊ ခွန်အားတွေနဲ့ ဘာမှမဆိုင်ဘူး။ ဒါက ငါ့ရဲ့ အတွင်းတိုက်ပွဲတစ်ခုပဲ။

ယခုအချိန်၌ ချန်လွေ့ မတုံ့ဆိုင်းနေတော့ပေ။ လူသားတွေ တိုးတက်လာတာက နဂိုကတည်းက ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် တိုက်ခိုက်နေသလို့ပဲ။

ဒီလိုမျိုး ငါ့ကိုယ်ငါ တိုက်ခိုက်ရမယ့် တိုက်ပွဲက အသက်ကို ရင်းရနိုင်တယ်။ ဒါပေမဲ့ ဒီ “တိုက်ပွဲ” ပြီးသွားရင် အသူရာနဲ့ ငါ့ကြားမှာ တကယ့် ရှင်းစရာတွေ ရှိလာလိမ့်မယ်။

ဒါက အသူရာနဲ့ နောက်ဆုံးတိုက်ပွဲလည်း ဟုတ်တယ်။

ချန်လွေ့က သွေးပင်လယ်၌ ရရှိခဲ့သော ထူးဆန်းသော ပန်းပွင့်အကြောင်း တွေးမိလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက ကြယ်စင်စုဥယျာဉ်ထဲသို့ ရွှေ့ပြောင်း သွားခဲ့သည်။

ဒီလိုထူးဆန်းတဲ့ပန်းပွင့်မျိုးက အင်အားကြီးတဲ့ စွမ်းအင်တွေ ရှိလောက်တယ်။ ကြယ်စင်စုဥယျာဉ်မှာ ငါ စိုက်ကြည့်လိုက်မယ်။

သို့သော်လည်း သွေးပင်လယ်ပန်းပွင့် (ယာယီနာမည်)ကို ကြယ်စင်စုဥယျာဉ်ထဲ စိုက်လိုက်သောအခါ အပင်အသစ် တွေ့ရှိကြောင်း သတိပေးချက် မပေါ်ထွက်လာပေ။ ထိုအစား အခြားအသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။ “မဖော်ထုတ်နိုင်သော တိုက်စားခြင်း စွမ်းအင်တစ်ခု ရှာဖွေတွေ့ရှိ။ တကယ်၍ အတင်းစိုက်မည်ဆိုလျှင် ဥယျာဉ်ထဲရှိ အပင်များ အထူးသဖြင့် အရှိန်အဝါအပင်များအပေါ် ဆိုးဝါးသော သက်ရောက်မှုများ ရှိနိုင်သည်။ ပို၍ပြင်းထန်သော အခြေအနေများ၌ အထွက်နှုန်း လျော့ကျခြင်း၊ နွမ်းခြောက်ခြင်းနှင့် သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။”

တိုက်စားခြင်းစွမ်းအင်တဲ့လား။ ချန်လွေ့ အံ့အားသင့်သွားသည်။ ဒီသွေးပင်လယ် ပန်းပွင့်က ဘုံဘုရင်သစ်သီးနဲ့ ဆင်တူတယ်။ တကယ့်အပင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဂုဏ်သတ္တိတွေက တော်တော်လေး ထူးဆန်းတယ်။ ဒါက အရှိန်အဝါသစ်သီးကို တကယ်ပဲ သက်ရောက်နိုင်တယ်။

အရှိန်အဝါသည် စူပါစနစ်၏ အခြေခံစွမ်းအားဖြစ်သည့်အတွက် အလွန်ပင် အရေးကြီးလှသည်။ ထို့ပြင် သွေးပင်လယ်ပန်းပွင့်အား စိုက်၍မရလျှင် ကြယ်စင်စု ဥယျာဉ်၌ ထားစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ချန်လွေ့က ၎င်းကို သိုလှောင်ဂိုဒေါင်ထဲ ချက်ချင်း ပြန်ထည့်လိုက်သည်။ သိုလှောင်ဂိုဒေါင်မှာ မယုံနိုင်စရာ ကောင်းလှသည်။ အမျိုးအမျိုးသော ပစ္စည်းများကို မထူးနေရာများဖြင့် ခြားထား၏။ ၎င်းသည် အခြား ပစ္စည်းများအပေါ် မသက်ရောက်နိုင်ပေ။

ချန်လွေ့လည်း ထိုထူးဆန်းသော ပန်းပွင့်ကို ထပ်ပြီး ဂရုမစိုက်တော့ပေ။ သူက လေ့ကျင့်ရေးကွင်းထဲ ဝင်ရောက်သွားကာ ရက်ရှည် လေ့ကျင့်တော့သည်။

သုံးလေးရက် အမြန်သွားပြီးနောက် မြင်းလှည်းက ခရီးအဆုံးဖြစ်သော သွေးရောင်အင်ပါယာသို့ ရောက်သွားခဲ့သည်။

မြို့တော်သုံးခုကို စကားတစ်လုံးတည်းဖြင့် အကြမ်းဖျဉ်း ဖော်ပြရမည်ဆိုရင် ကြယ်ကြွေတမန်မြို့တော်ကို “လေးနက်ခြင်း”၊ အရိပ်နက်မြို့တော်ကို “ကြွယ်ဝခြင်း”၊ ရှေ့မှ သွေးရောင်မြို့တော်ကို “မှေးမှိန်ခြင်း” ဟူ၍ ဖော်ပြပေရလိမ့်မည်။ ကြယ်ကြွေတမန် မြို့တော်ရှိ အလွန်ကြီးမားသော ကြယ်ကြွေတမန်တော်ရုပ်ထုကဲ့သို့ အထင်ကရ အဆောက်အုံများ မရှိသော်လည်း သွေးနီရောင်တံတိုင်းတစ်ခုတည်းမှာ အေးစက်မှုများကို ခံစားနိုင်လေသည်။

သွေးရောင်အင်ပါယာ၏ ရာဇဝတ်ဥပဒေမှာ အခြားအင်ပါယာနှစ်ခုနှင့်ယှဉ်လျှင် အကြမ်းတမ်းဆုံးဖြစ်သည်။ တရားဥပဒေကို နှောင့်ယှက်ရန် သေဒဏ်၊ အကြီးကဲများကို ဆန့်ကျင်လျှင် သေဒဏ်၊ အကြီးအကဲများကို မလေးစားလျှင် သေဒဏ်....

ပြစ်ဒဏ်များ ရက်စက်လှသော်လည်း ယခင် ဆမ်မြူရယ်မိသားစု သူပုန်များမှလွဲ၍ သာမန်လူများက အတော်လေး ဘေးကင်းပြီး အကာအကွယ် ခံရသည်။ သူတို့သည် မည်သည့် အပြောင်းအလဲမျှ မလုပ်ရဲသလို ခုခံမှုများလည်း မလုပ်ရဲပေ။ အချိန်အတော် ကြာပြီးနောက် သူတို့က ၎င်း၏ ကျင့်သားရသွားခဲ့သည်။

နတ်ဆိုးဘုံ၏ စွမ်းအားအပေါ် လေးစားမှုမှာ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်ဟန့်တားမှုကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ကျော်ခန့်က သန်းခေါင်နေအရှင် သေဆုံးသွားပြီး နောက်တွင် မူလ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်မှာ အတော်လေး အငြင်းပွားဖွယ် ဖြစ်နေသေးသည်။ ရိုင်ဇန်က သိုင်းပညာ ညီလာခံတစ်ခု ကျင်းပရန်အတွက် ထိပ်သီးအဆင့် အစွမ်းထက်ပုဂ္ဂိုလ်အသီးသီးကို ဆင့်ခေါ်ခဲ့ပြီး ၇ပွဲဆက် အနိုင်ရရှိခဲ့သည်။ သူက အဆင့်တူ နတ်ဆိုးအရှင်သခင်အဆင့် ၇ယောက်ကို သတ်ပစ်ခဲ့ပြီး အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံးကို ခြိမ်း‌ခြောက်ခဲ့သည်။ ထို့နောက်တွင်မှ သူသည် အငြင်းပွားစရာ မရှိဘဲ သန်းခေါင်နေ အရှင်ပြီးနောက်တွင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ချန်လွေ့က လမ်းတစ်လျှောက်မေးမြန်းပြီးနောက် မြို့တော်၏ တောင်ဘက်မှ “တက်စ် ဟိုတယ်”ကို ရှာတွေ့သွားခဲ့သည်။ ပိုင်ရှင်ဖြစ်သူ တက်စ်သည် ဆွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်ပြည့်ဖြိုးသော ကဝေမတစ်ယောက် ဖြစ်သည်။ ချန်လွေ့ထံမှ ခရမ်းရောင် သလင်းကျောက်ဒင်္ဂါးများ ရရှိပြီး စကားအနည်းငယ် ပြောပြီးနောက် သူက ချန်လွေ့အား အခန်းတစ်ခန်း ရွေးခိုင်းခဲ့သည်။ သူ့တစ်ကိုယ်လုံး ချန်လွေ့၏ ခန္ဓာကိုယ်နှင့် ကပ်နေသကဲ့သို့ပင် သူက အလွန်ပင် နီးကပ်နေခဲ့သည်။

ထိုဟိုတယ်မှာ အမှောင်နတ်ဆိုး အခြေစိုက်စခန်းဖြစ်ပြီး ၎င်းကို တာဝန်ယူ ထားသူမှာ ထိုကဝေမ တက်စ်ပင် ဖြစ်သည်။

ချန်လွေ့က ချောင်ကျသော အခန်းတစ်ခန်းကို ရွေးချယ်လိုက်သည်။ တက်စ်လည်း ချန်လွေ့နောက် လိုက်သွားခဲ့သည်။ ထို့နောက် သူက မြှောက်ပင့်မှုများကို ဘေးဖယ်ထားပြီး ရိုရိုသေသေနှင့် အလေးပြုလိုက်သည်။ ခုနက ချန်လွေ့ ပေးခဲ့သော ခရမ်းရောင် သလင်းကျောက်ဒင်္ဂါးများထဲတွင် အမှောင်နတ်ဆိုး အဖွဲ့ဝင်များသာ မှတ်မိနိုင်သော အထူးအမှတ်အသားတစ်ခု ရှိသည်။ ပြောစကားများ၌ အရိပ်အမြွက်များလည်း ပါဝင်နေသည့်အတွက် ကဝေမက “အလုပ်သင်လေး”၏ သရုပ်ကို အတည်ပြုနိုင်ခဲ့သည်။

“ဆက်ခ်ရက်တောင်နဲ့ သြဇာယွမ်မြေအကြောင်း ဘာသတင်းမှ မကြားရဘူးလား။”

“မကြားပါဘူး။ ဆာ။” တက်စ်က အပြစ်ဒဏ်အတွက် စောင့်ဆိုင်းနေသည့်သဖွယ် ရှက်ရွံ့စွာဖြင့် ခေါင်းငုံထားနေခဲ့သည်။ တက်စ်က ထိုသူ၏ သရုပ်မှန်ကို မသိသော်လည်း ထိုကဲ့သို့ အမှတ်အသားမျိုးကို ယူလာသောသူတစ်ယောက်ကို “လုံးဝနာခံ”ရုံသာ တတ်နိုင်လေသည်။

ချန်လွေ့လည်း ၎င်းအတွက် စိတ်ပြင်ဆင်ထားခဲ့သည်။ သူက ခေါင်းခါရင်း ပြောလိုက်သည်။ “စိတ်မရှည် မဖြစ်ပါနဲ့။ အခု အမှောင်နတ်ဆိုးက ကနဦးအဆင့်မှာပဲ ရှိနေသေးတယ်။ အခြေခိုင်အောင် အရင်တည်ဆောက်ပြီးမှ ဖြည်းဖြည်းချင်း တက်လာ။ ဒါနဲ့ အခုတလော မြို့တော်ထဲမှာ ထူးခြားတဲ့ကိစ္စတစ်ခုခု ဖြစ်နေတာ ရှိလား။”

“သတင်းနှစ်ခုရှိတယ်။ ပထမတစ်ခုက ဒုတိယမင်းသား အက်မန်း လုပ်ကြံ ခံခဲ့ရတယ်။ ဒါပေမဲ့ လုပ်ကြံမှု မအောင်မြင်ဘဲနဲ့ သူလွတ်မြောက်သွားခဲ့တယ်....” တက်စ်က ထိုသူ မိမိကို အပြစ်မတင်ကြောင်း မြင်သည့်အခါ ပျော်ရွှင်သွားပြီး ညင်ညင်သာသာ ပြောလိုက်သည်။

သွေးရောင်အင်ပါယာသည် အမြဲပင် သိုင်းပညာကို လေးစားအားကျပြီး အစွမ်းထက် ပုဂ္ဂိုလ်များ၏ လွှမ်းမိုးမှုကို အားပေးထောက်ခံကြသည်။ တော်ဝင်မိသားစု၏ ပထမဆုံး ဆက်ခံသူကို မဟာမင်းသားဟု ခေါ်သော်လည်း ယခုတွင် အတည်တကျ မဖြစ်သေးပေ။ မင်းသားများက “မဟာမင်းသား”အသစ် ရွေးချယ်ရန်အတွက် အချင်းချင်း တိုက်ခိုက်‌ နေကြသည်။

သွေးရောင်အင်ပါယာ၌ အစွမ်းထက်ရှိ ပါရမီရှိသော မင်းသားအများအပြား ရှိကြသည်။ ထိုအထဲ၌ ထီးနန်းရရှိရန် ဖြစ်နိုင်ချေ အရှိဆုံးမှာ အဲလီးရက်စ် နှင့် အက်မန်းတို့ ဖြစ်ကြသည်။

အသက်အရွယ်အရ အက်မန်းသည် အဲလီးရက်စ်၏ အစ်ကို ဖြစ်သော်လည်း သွေးရောင်အင်ပါယာ၏ စည်းမျဉ်းအရ အနိုင်ရသူအကုန်ယူပင် ဖြစ်လေသည်။ အဲလီးရက်စ်က နတ်ဆိုးအရှင်သခင်အဆင့်သို့ ပထမဦးဆုံး အဆင့်သွားခဲ့ပြီး တိုက်ပွဲ တစ်ခုတွင် အက်မန်းအား အနိုင်ရရှိခဲ့သည့်အတွက် အက်မန်းက လေးစားသမှုနှင့် အဲလီးရက်စ်အား အစ်ကိုကြီးဟု ခေါ်ရလေသည်။

လွန်ခဲ့သော တစ်နှစ်က အက်မန်း ရုတ်တရက် “စွမ်းအားတိုး”ခဲ့ပြီး နတ်ဆိုးအရှင်သခင် အဆင့်သို့ တစ်ခါတည်း အဆင့်တက်သွားခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား ခြားနားချက် ကျဉ်းမြောင်းသွားပြန်သည်။ နောက်နှစ်မှာ အဆင့်ပြန်စီရန် တိုက်ပွဲအချိန်ဖြစ်သည်။ ထို့ကြောင့် အဲလီးရက်စ်နှင့် အက်မွန်းတို့က နောက်ကွယ်တွင် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။ အက်မွန်း ရုတ်တရက် လုပ်ကြံခံရသောအခါ လူအများက တိုက်ရိုက် အကျိုးအမြတ် ရရှိမည့် အဲလီးရက်စ်ကို သံသယဝင်မိသွားကြသည်။

ချန်လွေ့ စိတ်ထဲ၌ တွေးမိလိုက်သည်။ ကြယ်ကြွေတမန်အင်ပါယာမှာ နတ်ဆိုး အရှင်သခင်အဆင့် ပုဂ္ဂိုလ်တွေ အများကြီး မရှိဘူး။ အများစုက အကြီးအကဲ မိသားစုဝင်တွေ။ အဲဒါကြောင့် အတိုင်းအတာတစ်ခုအထိ ရီဂျန့် အိုဆိုင်ဒန်က အကြီးအကဲ မိသားစုတွေကို လေးစားနေရဦးမှာပဲ။ အရိပ်နက်အင်ပါယာရဲ့ အခြေအနေကို ငါ သေချာမသိသေးပေမဲ့ အရိပ်နက်အင်ပါယာက တော်ဝင်ပုန်ကန်မှုမှာ လက်ရွေးစင်တွေကို လုံးဝ ဆုံးရှုံးလုမတတ် ဖြစ်သွားခဲ့တယ်။ အခု အက်စ်မိုဒက်စ် မိသားစုတစ်ခုလုံးကို ကတ်သရင်း တစ်ယောက်တည်းကပဲ ထမ်းပိုးထားနေတာ။ ဒါပေမဲ့ သွေးရောင် အင်ပါယာမှာတော့ မင်းသားနှစ်ယောက်တည်းက နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်နေကြပြီ။ ပြီးတော့ ကျန်တဲ့ မင်းသားတွေကလည်း ထူးချွန်ကြတယ်။ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်တဲ့ ဧကရာဇ်ကိုတော့ ပြောစရာတောင် မလိုတော့ဘူး။

ဒီလိုတိုးတက်မှု အခြေအနေအရဆိုရင် သွေးရောင်အင်ပါယာက အနာဂတ်မှာ အချိန်တစ်ခုအထိ ကျော်လွှားလို့မရတဲ့ စွမ်းအားတွေ ဖြစ်နေမှာပဲ။

တက်စ်၏ ဒုတိယသတင်းမှာ ဂုဏ်သြဇာကြီးမားပြီး လေးစားခံရသော အင်ပါယာ ဗိုလ်ချုပ် ဂေါ်ဒွန် ကွယ်လွန်သွားခြင်းပင် ဖြစ်သည်။ တော်ဝင်မိသားစုမှ အားဒီလိတ်နှင့် ဂေါ်ဒွန်၏ လက်ထောက် ဘူဘိုဝါတို့က လစ်လပ်နေသော တတိယ ဗိုလ်ချုပ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

မနက်ဖြန်ည မြို့တော်အလယ်ရှိ သိုင်းပညာကွင်းထဲ၌ သူတို့နှစ်ယောက် တိုက်ခိုက်မည်ကို သွေးအောင်အင်ပါယာ အုပ်စိုးသူ ရိုင်ဇန်က မျက်မြင်တွေ့မည်ဖြစ်သည်။ သူတို့သည် ပရိသတ်အားလုံးအရှေ့၌ ဗိုလ်ချုပ်နေရာအတွက် ယှဉ်ပြိုင်ကြပေမည်။

ချန်လွေ့က အသာလေး ခေါင်းညိတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ တိုက်ပွဲကို ကြည့်သင့်တယ်။ အနာဂတ်မှာ ငါ့ရဲ့ စွမ်းအားအကြီးဆုံး ရန်သူ ဖြစ်လာနိုင်တဲ့ ရိုင်ဇန်ကို တစ်ချက် ကြည့်ရုံပဲ ဖြစ်ဖြစ်ပေါ့။

All Chapters