လျို့ဝှက်ဆန်းကြယ်သော။ပျောက်ကွယ်သွားသည့် သွေးပင်လယ်
Vol. 29 Ch. 432
ကျောက်ရည်ပူထဲမှ ထူးဆန်းသော ပန်းပွင့်ကို ငေးကြည့်ပြီးနောက် ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် လှုပ်၍မရတော့ပေ။ ချက်ချင်းမှာပင် သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး တိတ်ဆိတ်သွားကြောင်း ခံစားလိုက်မိပြီး မူမမှန်သော အသက်ရှူသံအချို့ကို သေသေချာချာ ကြားလိုက်ရသည်။
ကြောက်မက်ဖွယ်ရာအပူရှိန်၊ အငွေ့ပျံနေသော ကျောက်ရည်ပူများနှင့် မသိသေးသော အန္တရာယ်အားလုံးကို ဘေးဖယ်ထားလိုက်ကာ နေရာတစ်ခုလုံး၏ အာရုံစိုက်မှုမှာ ထိုထူးဆန်းသော ပန်းပွင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ချန်လွေ့က မိမိ၏စိတ်ကို ထိုထူးဆန်းသည့် ပန်းပွင့်က လုံးဝဆွဲငင်လိုက်ကြောင်း ခံစားလိုက်မိသည်။ တစ်ခုခု လွဲနေကြောင်း သူ သိလိုက်သည်။ သူက ထိုဆွဲငင်မှုကို ဖြတ်တောက်ချင်ခဲ့သော်လည်း မလုပ်နိုင်ခဲ့ပေ။ ထို့အပြင် သူ၏ဝိညာဉ်သည်ပင် သူ၏ ခန္ဓာကိုယ်မှ ထွက်ချင်နေလေသည်။
ချန်လွေ့သည် [ စိတ်သန့်စင်ခြင်း ] စမ်းသပ်ချက်ကို အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ သူက ချက်ချင်းပင် စိတ်ကို အာရုံစိုက်လိုက်သည်။ လှိုင်းကြီးတစ်ခုထဲရှိ သစ်ရွက်တစ်ရွက် ကဲ့သို့ပင် သူက ထိုထူးဆန်းပြီး အင်အားကြီးသော စိတ်ဝိညာဉ် စွမ်းအားကို လှိမ့်တက်စေလိုက်ပြီး သတိကပ်နေလိုက်သည်။ သူက လေနှင့်အတူ အားထုတ်မှုမရှိဘဲ လွင့်မျောသွားလိုက်သည်။ မုန်တိုင်းထန်သော ပင်လယ်၌ ဖြစ်နေသော်လည်း သူ၏စိတ်စွမ်းအားမှာ ပို၍ပို၍ ခိုင်မာနေခဲ့သည်။
သူက ထိုပန်းပွင့်၏ မှော်စွမ်းအားကို ဖယ်ရှားနိုင်တော့မည့် အချိန်မှာပင် ပတ်ဝန်းကျင် အပူချိန်က မျက်စိတစ်မှိတ်အတွင်းမှာပင် ရုတ်တရက် ထိုးတက်သွား၏။ ကြောက်မက်ဖွယ်ရာ အပူရှိန်က ချန်လွေ့ကို အဘက်ဘက်မှ ဝိုင်းရံနေလေသည်။ မူလက အတော်လေး တည်ငြိမ်နေသော ကျောက်ရည်ပူသည် အမှန်တကယ်ပင် လှိုင်းလုံးကြီးကဲ့သို့ လှိမ့်တက်လာသည်။ ပွက်ပွက်ဆူနေသော ကျောက်ရည်ပူများက ချန်လွေ့၏ခန္ဓာကိုယ်အပေါ် စင်သွားသည့်အခါ အစိမ်းရောင်အငွေ့များ ထွက်ပေါ်လာ၏။ ကံကောင်းစွာပင် သူ၏ခန္ဓာကိုယ်ကို ဆန်းကြယ်ကျောက်စိမ်းချပ်ကာက ကာကွယ်ပေး ထားသည်။ သူ၏လက်မောင်း၌သာ အနည်းငယ် လောင်ကျွမ်းသွားလေသည်။ ထိုကဲ့သို့ နှလုံးကွဲသလိုနာကျင်မှုက သူ့ကို ရုတ်တရက် နိုးထသွားစေသည်။ ဒါက သေချာပေါက် ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး။
ကျောက်ရည်ပူ တိုက်ခိုက်မှုကို ခုံခံရန်အတွက် ချန်လွေ့၏ ပတ်ပတ်လည်တွင် ဖောက်ထွင်းမြင်နိုင်သော အပြာရောင် အကာအကွယ်ဒိုင်းတစ်ခု ချက်ချင်း ပေါ်ထွက် လာသည်။ သူက လေထဲသို့ ခုန်တက်ပြီး လာရာလမ်းသို့ အမြန်ပြန်လိုက်သည်။ သို့သော်လည်း ပတ်ဝန်းကျင်မြင်ကွင်းများ ပြောင်းလဲသွားဟန်တူသည်။ သူသည် မည်သည့်ထွက်လမ်းကိုမှ မတွေ့တော့ပေ။ အဆုံးမရှိသော ပွက်ပွက်ဆူနေသည့် သွေးပင်လယ် တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
“ခွပ်။” အကာအကွယ်ဒိုင်းကာက မမြင်နိုင်သော အပူရှိန်ကို မခံနိုင်တေ့ဘဲ ကွဲအက်သွားသည်။ ၎င်းသည် ၂စက္ကန့်မျှသာ ခုခံနိုင်ပြီး ပျက်စီးသွားတော့သည်။ အကာအကွယ်ဒိုင်းကာ ပျက်စီးသွားသည်နှင့် ချန်လွေ့က ကြောက်မက်ဖွယ်ရာ မြင့်မားသော အပူချိန်ထဲ၌ ထူးခြားသော အငွေ့အသက်တစ်ခုကို ချက်ချင်း ခံစားလိုက်မိသည်။ ၎င်းက ယူဆောင်လာသော ဖိအားသည် ကျောက်ရည်ပူ၏ အပူချိန်နှင့် ထိခိုက်မှုထက် များစွာပိုလေသည်။
ဖျက်ဆီးခြင်း။
လောကဖျက်ဆီးခြင်း။
အဆုံးမဲ့ပြီးတော့ စွမ်းအားကြီးတဲ့ ဖျက်ဆီးခြင်း အငွေ့အသက်ပဲ။
ဒါက အရင်တစ်ခေါက် သက်တန့်တောင်ကြားမှာ ငါကြုံတွေ့ခဲ့ရတဲ့ နတ်ဘုရား-တစ်ပိုင်း ပိုင်နက် နေရာလွတ်လိုမျိုးပဲ။
ဒါပေမဲ့ ဒီနှစ်ခုက နည်းနည်း မတူဘူး။ အသိသာဆုံးကတော့ ရှေ့က သွေးပင်လယ်မှာ ပွင့်လန်းနေတဲ့ ဖျက်ဆီးခြင်းအငွေ့အသက်က နေရာလွတ်ပိုင်နက်ထက် အဆ၁၀၀၀ကျော် ပိုပြင်းထန်နေတာပဲ။ ပြီးတော့ ဒါက ပိုပြီးတော့လည်း ပြင်းထန်လာနေတယ်။
အရင်တုန်းကကျတော့ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်စွမ်းအားရဲ့ အရိပ်အယောင်ပဲ။ အခု ဒီစွမ်းအားက ဘယ်လောက်တောင်လဲ။
ချန်လွေ့တွင် စဉ်းစားချိန် မရှိသလို [ ကြယ်တာရာဂိတ် ] ကို အသက်သွင်းရန် အတွက်လည်း အချိန်မရှိပေ။ နောက်ထပ် မျက်လုံးတစ်မှိတ်စာအချိန်၌ သူသည် ထိုဖျက်ဆီးခြင်း အငွေ့အသက်ကြောင့် လုံးဝ ဝါးမျိုခံလိုက်ရပေမည်။
ချန်လွေ့က စွမ်းအားတစ်မျိုးကို လည်ပတ်စေလိုက်မိသည်။ အတိအကျ ပြောရလျှင် ၎င်းမှာ စွမ်းအားတစ်မျိုး မဟုတ်ဘဲ နားလည်သဘောပေါက်မှုနှင့် ပေါင်းစပ်ထားသော အထူးအခြေအနေတစ်ခု ဖြစ်သည်။
သူ၏မျက်လုံးထဲ၌ ရုတ်တရက် အနီရောင် ဖြစ်သွားသည်။ ချက်ချင်းပင် သူက ဖျက်ဆီးခြင်း အငွေ့အသက်၏ အစိတ်အပိုင်းတစ်ခုကဲသို့ ဖြစ်သွားဟန်တူပြီး ၎င်းနှင့် ရောနှောသွားသည်။ ဖျက်ဆီးခြင်းအငွေ့အသက်ကဲ့သို့သော ပင်လယ်လှိုင်းကြမ်းသည် အလွန်အမင်း အစွမ်းထက်လှပြီး အထဲမှ အရာရာတိုင်းကို ဖျက်ဆီးနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးနိုင်ပေ။
ထို့အပြင် သွေးပင်လယ်၏ ဖျက်ဆီးခြင်းစွမ်းအားမှာ ယခုအချိန်တွင် ချန်လွေ့ “နားလည် သဘောပေါက်” ခဲ့သော ဖျက်ဆီးခြင်းစွမ်းအား၏ သက်ရောက်မှုကို ခံနေရပုံ ပေါ်သည်။ ၎င်းတို့အားလုံးက ချန်လွေ့ကိုယ်ထဲသို့ ကျုးကျော်သည့်ပုံစံဖြင့် စီးဝင်သွားပြီး အတူတူ စုစည်းလိုက်ကြကာ သူ၏ခန္ဓာကိုယ်အား ဖျက်ဆီးခြင်း အရင်းအမြစ် တစ်မျိုးသဖွယ် သဘောထားနေသည်။
မတည်မငြိမ် ဖြစ်နေသော ဖျက်ဆီးခြင်း သွေးပင်လယ်စွမ်းအားက ထို မယုံကြည်နိုင်စရာကောင်းသော ဝါးမျိုမှုကြောင့် အားနည်းသွားခဲ့သည်။
ဖျက်ဆီးခြင်း အငွေ့အသက် အများအပြား ဝင်ရောက်လာခြင်းကြောင့် ချန်လွေ့၏ စွမ်းအားအငွေ့အသက် ပြောင်းလဲသွားဟန်တူသည်။ သူ၏မျက်လုံးရှိ အနီရောင်က ပို၍ နက်မှောင်သွားသည်။
ထိုအချိန်၌ ကျောက်ရည်ပူ၏ ဖျက်ဆီးခြင်းစွမ်းအားထဲတွင် သူ့ကို ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေဟန်တူသည်။ ထိုဆုပ်ကိုင်၍ မရသော အကြည့်က ချန်လွေ့၏ လျို့ဝှက်ဆန်းကြယ်သော စိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိသွားသည်။ ကြက်သီးထကာ ထိတ်လန်သွားရင်း ချန်လွေ့၏ မျက်လုံးထဲရှိ အနီရောင်လည်း လျော့ပါးသွားသည်။ သို့သော်လည်း သူ သတိပြန်ဝင်သွား၏။ သူက ပတ်ပတ်လည်ရှိ ဖျက်ဆီးခြင်းအငွေ့အသက် အားနည်းသွားကြောင်းကို ခံစားမိသည်။ သို့သော်လည်း သူ အရှိန်မလျော့ရဲပေ။ သူက ချက်ချင်းပင် [ ကြယ်တာရာဂိတ် ] ကို အသက်သွင်းလိုက်သည်။ အပြာရောင်တောက်နေသာ ဂိတ်တစ်ခု ပေါ်ထွက်လာသည်။ [ အသံဗုံး ] ၏ ပေါက်ကွဲသံ နှင့်အတူ ချန်လွေ့၏ပုံရိပ် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူ့ထံသို့ ပြေးဝင်လာသော ကျောက်ရည်ပူသည်လည်း မည်သည်ကိုမှ မထိခဲ့ပေ။ အဆုံးမဲ့ နက်ရှိုင်းသော နေရာတစ်ခု၌ ဟိန်းဟောက်သံ တိုးတိုးလေးတစ်ခု ထွက်ပေါ်လာပုံရသည်။
သလင်းကျောက်တောင်ကြားထဲ၌ တံခါးတစ်ခု လေထဲတွင် ပေါ်ထွက်လာကာ ချန်လွေ့၏ ပုံရိပ် ခုန်ထွက်လာ၏။ ၎င်းမှာ မြေပြင်ပေါ်၌ သူ မှတ်သားထားခဲ့သော ကြယ်အမှတ် အတိအကျပင် ဖြစ်လေသည်။
မြေပေါ်သို့ ဆင်းသက်ပြီးနောက် ချန်လွေ့က ခုနက စိတ်မချရသော မြင်ကွင်းကို ပြန်သတိရလိုက်သည်။ မြေပေါ်သို့ ရောက်သွားသော ခံစားချက်က သူ့ကို ပို၍ပင် စိတ်အေးသွားစေသည်။ ဘေးဖက်မှ ပါ့ဂ်လီအို၏အသံ ထွက်ပေါ်လာသည်။ “ဟေး။ မင်းလာတာ ကွက်တိပဲ။ ယာကော့ဗ်ရဲ့ရတနာတွေ မင်းလက်ထဲမှာဟုတ်။ မြန်မြန် ဝေစု ခွဲကြမယ်။”
[ ကြယ်တာရာဂိတ် ] မှ ချန်လွေ့ ထွက်လာချိန်သည် သလင်းကျောက်နဂါးအား အဆိပ်နဂါး အနိုင်ယူပြီးသော အချိန် ဖြစ်နေသည်။ သို့သော်လည်း ပါ့ဂ်လီအိုက အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေသည်။ သလင်းကျောက်နဂါး မထွက်ပြေးရန် တားနိုင်သော မှော်စက်ဝိုင်းတစ်ခု ခင်းကျင်းလိုက်သည်နှင့် ယာကော့ဗ်ကို သေချာပေါက် အလဲထိုးမည့်အကြောင်း ဆရာသခင် အဆိပ်နဂါးက အာမခံခဲ့သည်။ သို့သော်လည်း သူက အစပိုင်းတွင် အလွန်လွယ်ကူသော တာဝန်ကို ဆိုးဆိုးဝါးဝါး ကျရှုံးတော့မတတ် ဖြစ်သွားခဲ့ပြီး ယာကော့ဗ်ကို ထပ်မံလွတ်မြောက်စေလိုက်ရသည်။ သူ၏ကြွားလုံးများမှာ အဓိပ္ပာယ် မရှိတော့ပေ။
လူသားများလည်း အမှားလုပ်ကြသည်။ နဂါးများလည်း ထို့အတူပင်။
မည်သို့ပင်ဆိုစေကာမူ အောင်မြင်မှု၊ ကျရှုံးမှု ဆိုသည်မှာ ယာယီမျှသာ ဖြစ်သည်။ သို့သော် ရတနာများမှာ အရေးအကြီးဆုံးဖြစ်ပြီး ဝေစုခွဲရန်မှာ အရာအားလုံးထက် သာလွန်ပေသည်။
ချန်လွေ့ ထိတ်လန့်သွား၏။ ဒီရတနာတွေအကြောင်း စဉ်းစားဖို့ သူ့မှာ ဘယ်လိုလုပ် စိတ်ကူးရှိနေသေးတာလဲ။ သူက ရန်လိုပြီး တုံ့ပြန်ရန် ပြင်လိုက်စဉ် ပါ့ဂ်လီအို၏ စကားသံမှ အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ကြားလိုက်ရသည်။ “မင်းလက်ထဲက ဘာလဲ။”
ချန်လွေ့က ဖျပ်ခနဲ ကြည့်လိုက်သည်။ သူ ပန်းတစ်ပွင့် မည်သည့်အချိန်က ကိုင်ထားခဲ့သည်ကို သူ မသိခဲ့ပေ။
ထိုပန်းပွင့်သည် သလင်းကျောက်ကို ပုံဖော်ထားသကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း ၎င်သည် လက်မှုပညာ တစ်ခုမျှမပါဘဲ သဘာဝအလျောက် ဖြစ်တည် လာသလိုမျိုးနှင့် လုံးဝတူနေသည်။ သွေးနီရောင်က ပို၍လျို့ဝှက်ဆန်းကြယ်သော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
ချန်လွေ့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဒါက တကယ်ကြီး ဒီပန်းပွင့်ပဲ။ ဘယ်တုန်းက.....
ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်သည်။ ဒီပန်းပွင့်က ခုနက ယာကော့ဗ်သုံးခဲ့တာနဲ့ ဆင်တူနေသလိုပဲ.....
ခဏမျှ ဆွေးနွေးပြီးနောက် တစ်ယောက်ချင်းစီ ကြုံတွေ့ခဲ့ရသော အဖြစ်များကို သဘောပေါက်သွားကြသည်။ သူတို့က ထိုပန်းပွင့်ကို ကြည့်ရင်း အနည်းငယ် သတိထား နေကြသည်။
ဒါက သလင်းကျောက်နဂါးလို ပုဂ္ဂိုလ်ကိုတောင် သန္ဓေပြောင်းနိုင်တယ်။ ပြီးတော့ ဒါက ဖျက်ဆီးမှုစွမ်းအားကို ထုတ်နိုင်တဲ့ ချော်ရည်တစ်မျိုးအဖြစ် ကြီးထွားလာနိုင်တယ်။ ဒါက သေချာပေါက် သာမန် မှော်အပင် မဟုတ်ဘူး။
ပါ့ဂ်လီအို၏စိတ်ထဲ၌ ရတနာများသာ ရှိမနေတော့ဘဲ သူက နက်နက်ရှိုင်းရှိုင်း တွေးကာ ပြောလိုက်သည်။ “မင်းပြောတဲ့ ကြောက်စရာနေရာက ဒီမြေအောက်မှာလား။ အခု သွားကြည့်ရအောင်။”
ချန်လွေ့ ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်လုံးက သတ္တိ ရှိကြသော်လည်း ပြင်ဆင်မှုများ လိုအပ်နေသေးသည်။ ချန်လွေ့က မီးခုခံမှုနှင့် စိတ်ဝိညာဉ် စွမ်းအား ခုခံမှုကို တိုးမြှင့်ပေးသည့် အဆင်တန်ဆာနှစ်ခုကို ချက်ချင်းပင် ထုတ်လိုက်သည်။
အဆင်တန်ဆာ ယှဉ်တွဲခြင်းသည် အသိပညာ အတော်လေး လိုအပ်သည်။ ခန္ဓာကိုယ်ပေါ်၌ ဝတ်ဆင်သော အဆင်တန်ဆာတိုင်း၏ ဂုဏ်သတ္တိများကို မထုတ်လွှတ် နိုင်ပေ။ သေသေချာချာ မယှဉ်တွဲလျှင် အချင်းချင်း အကန့်အသတ်ဖြစ်ပြီး အချင်းချင်း ဆန့်ကျင်နိုင်သည့်အပြင် အစွမ်းအစ အကုန် မထုတ်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ကံကောင်းစွာပင် အရှင်သခင်ချပ်ကာ၊ ဆန်းကြယ်ကျောက်စိမ်းချပ်ကာ တို့မှာ စူပါစနစ်၏ အဆောင်ပစ္စည်းများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် အခြားအဆင်တန်ဆာများနှင့် မဆန့်ကျင်ပေ။ ခဏအကြာ၌ ချပ်ဝပ်အပြည့်အစုံ တပ်ဆင်ထားသော ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့က သလင်းကျောက်မိုင်းတွင်းကြောထဲတွင် ပြန်ပေါ်လာခဲ့သည်။
“ထူးဆန်းတယ်။ ဝင်ရောက်က ဒီမှာ ရှိနေရမှာ.....” ချန်လွေ့က ရှေးမှော်စာ အငွေ့အသက်၏ တည်နေရာကို ကြည့်လိုက်သည်။ ၎င်းသည် မူလက လမ်းဆုံဖြစ်ပြီး အောက်ဆင်းသွားလျှင် လျို့ဝှက်ဆန်းကြယ်သော “သွေးပင်လယ်”သို့ ဦးတည်နေသည်။ သို့သော်လည်း လမ်းဆုံမှာ ယခုတွင် သုံးလမ်းသွား လမ်းကြောင်း ဖြစ်သွားပြီး အောက်ဆင်းသော လမ်းကြောင်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့သည်။
ပိတ်ဆို့ခံရခြင်း၊ ပြိုလဲသွားခြင်းမျိုး မဟုတ်ဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ချန်လွေ့သည် ပုံမှန်မဟုတ်သော အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရုံသာမက ရှေးမှော်စာ အငွေ့အသက်ကို ပင် မခံစားမိတော့ပေ။ သိုလှောင်ဂိုဒေါင်ထဲ၌ ရှိနေသော ထူးဆန်းသည့် ပန်းပွင့်ကြောင့်သာ မဟုတ်လျှင် ခုနက ကြုံတွေ့ရသမျှသည် ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟုသာ ချန်လွေ့ ထင်မိပေလိမ့်မည်။
အဆိပ်နဂါးက ချန်လွေ့၏မှတ်ဉာဏ်ကို မေးခွန်းမထုတ်ဘဲ ခံ့ညားသော အမူအရာ ပြသလိုက်သည်။ “မင်းပြောတဲ့ အတိုင်းဆိုရင် အဲဒီတုန်းက မြေပေါ်မှာ ပါ့ဂ်လီအိုကို ငါ အနိုင်ယူပြီးပြီ။ ဒါပေမဲ့ ငါ ဘာမှ ထူးခြားတဲ့ ခံစားချက်မျိုး မရခဲ့ဘူး။ မင်းဝင်သွားတာက သီးသန့်နေရာလွတ်တစ်ခု ဖြစ်မယ်။ ပျောက်ကွယ်သွားတဲ့ လမ်းကြောင်းကလည်း နေရာလွတ်ရုပ်ဖျက်တာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မယ်။ ဒီနေရာလွတ်ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတာဆိုရင်....ပြီးတော့ ယာကော့ဗ် သန္ဓေပြောင်းသွားတာ ထူးဆန်းတဲ့ ပန်းပွင့်ကြောင့်ဆိုရင်တော့ ဒီပုဂ္ဂိုလ်ရဲ့စွမ်းအားက.... သာမန်အမျိုးအစားထက်ကို ကျော်လွန်သွားလောက်ပြီ။”
ချန်လွေ့ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။ အဆိပ်နဂါးပြောတဲ့ “သာမန်” အမျိုးအစားက နတ်ဆိုးဘုံမှာ ပုံမှန်သိကြတဲ့ အမြင့်ဆုံး စွမ်းအားအဆင့်ကို ပြောတာ ဖြစ်မယ်။ တစ်နည်းပြောရရင်တော့ “သွေးပင်လယ်” နေရာလွတ်ကို ထိန်းချုပ်ခဲ့တဲ့ ဒီ“ပုဂ္ဂိုလ်”ရဲ့ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်လွန်သွားပြီ။
အနည်းဆုံး နတ်ဘုရား-တစ်ပိုင်း အဆင့်တဲ့လား။။ အဲဒီတုန်းက ပါ့ဂ်လီအိုကို ချိပ်ပိတ်ခဲ့တဲ့ ပုဂ္ဂိုလ်လိုမျိုးပဲပေါ့။
ချန်လွေ့က မိမိ၏ အသိစိတ်ထဲရှိ စိမ့်ဝင်သွားခဲ့သော ထိုမျက်လုံးများကို ပြန်တွေးမိရင်း သိမ့်သိမ့်တုန်သွားသည်။ ဒါက ပုံရိပ်ယောင်လား။ ဒါမှမဟုတ်...
ဒါမှမဟုတ် ပါ့ဂ်လီအို ပြောတဲ့အတိုင်း နောက်ကွယ်က ကြိုးကိုင်သူမှာ စိုးရိမ်စရာ အချို့ ရှိနေရမယ်။ မဟုတ်ရင် ပါ့ဂ်လီအိုနဲ့ငါ နေရာလွတ်ကို ကျူးကျော်ရင်တောင် ထွက်ပြေးဖို့ ခက်ခဲလိမ့်မယ်။
အရင်တစ်ခါက် သက်တန့်တောင်ကြားမှာ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်ထဲ ရောက်နေတုန်းက [ ကြယ်တာရာဂိတ် ] ကို မသုံးနိုင်ခဲ့ဘူး။ ဒီတစ်ခေါက် ငါ လွတ်လာကာ လုံးဝ ကံကောင်းသွားလို့ပဲ။ နောက်တစ်ခါ ပြန်တွေ့ရင် တစ်ဖက်က ဒီလို အကွက်ဟောင်းမျိုး လုပ်ဖို့ အခွင့်အရေး ပေးတော့မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီပန်းပွင့်က ဘာလို့ ငါ့လက်ထဲ ရောက်လာတာလဲ။ ချန်လွေ့၏ မှတ်ဉာဏ် အနည်းငယ် ဝေဝါးနေခဲ့သည်။ ဖျက်ဆီးခြင်းစွမ်းအားကို စုပ်ယူပြီး ထွက်ပြေးသွားတာကိုပဲ ငါ ရေးတေးတေး မှတ်မိတယ်။ ဒါက ငါ ခူးလိုက်လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့ကို တမင် “ပေး”လိုက်တာလားဆိုတာ ငါမသိဘူး။
သလင်းကျောက်တောင်ကြားမှာ နှစ်ပေါင်းများစွာ နေနေတဲ့ ယာကော့ဗ်က သူ့ဒဏ်ရာတွေ ကုသဖို့တဲ့ စွမ်းအားတိုးလာပြီး သလင်းကျောက်မိုင်းတွင်းကို အသုံးချ နေခဲ့တာ။ သူက ဒီပန်းပွင့်ကို အခွင့်အရေးတစ်ခုခုကနေ ရသွားတာဖြစ်မယ်။ သလင်းကျောက်မိုင်းတွင်းပေါ်မှာ သလင်းကျောက်သားရဲတွင်း ဆောက်ထားတာကို ကြည့်မယ်ဆိုရင် သူ့ရဲ့တွေ့ကြုံမှုက ငါ့နဲ့ နည်းနည်း မတူလောက်ဘူး။ အဲဒီတုန်းက သိပ်ပြီး အန္တရာယ်မများဘူး ထင်တယ်။
ချန်လွေ့က အတွေးများကို ဘေးဖယ်ထားပြီး အဆိပ်နဂါးနှင့်အတူ မြေပေါ်သို့ ပြန်လာသည်။ လက်ရှိအခြေအနေမှာ ထိုသို့ဖြစ်နေသည့်အတွက် သူနှင့် ပါ့ဂ်လီအိုတို့ ဆက်လက်စူးစမ်းရန် အဓိပ္ပာယ် မရှိတော့ပေ။ ယခုတွင် ယာကော့ဗ် လွတ်မြောက်သွားပြီး လျို့ဝှက်ဆန်းကြယ်သော နေရာလွတ်ဝင်ပေါက် ပြန်ပွင့်လာသည့်တိုင် သာမန် မိုင်းလုပ်သားများ အာရုံခံမိမည် မဟုတ်ပေ။ သလင်းကျောက်မိုင်းတွင်းကို ပုံမှန်အတိုင်း လည်ပတ်၍ရပြီ ဖြစ်ပြီး ဆရာသခင် ရမ္မနစ်ဂီလည်း ဘေးကင်းကင်းနှင့် ပြန်လာနိုင်ပေမည် ဖြစ်သည်။ ခရောဖို့ဒ်၏ အပ်နှင်းမှုကို ပြီးစီးအောင်မြင်သည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
“ဆရာသခင် ရမ္မနစ်ဂီကို ပြန်လိုက်ဖို့အတွက် စစ်တပ်ကို ကျုပ် အမိန့်ပေးလိုက် ဦးမယ်။ ပြီးနောက် သံနက်တောင်ခြေကနေ မြောက်ဘက်ကိုသွားပြီး သြဇာယွမ်မြေ ရှာဖွေဖို့ သွေးနီအင်ပါယာဆီကို သွားရမယ်။”
“ငါ အဖော်လိုက်သွားရမလား။”
“မလိုပါဘူး။ ရှီတို့ ညီအစ်မနဲ့ ခီရာတို့ကို တိတ်တိတ်လေး ကာကွယ်ဖို့အတွက် ကျုပ် ခင်ဗျားကို လိုအပ်နေသေးတယ်။ ဒါနဲ့ ခင်ဗျားက ဗဟုသုတ ကြွယ်ဝတာပဲ။ ဒီထူးဆန်းတဲ့ ပန်းပွင့်အကြောင်းကို ခင်ဗျား ထူးထူးခြားခြား မြင်မိတာရှိလား။”
“ထူးဆန်းတဲ့ပန်းပွင့်ရဲ့ ဇစ်မြစ်က တော်တော်လေး လျို့ဝှက်ဆန်းကြယ်တယ်။ ပြီးတော့ ငါလည်း တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကို မင်းရဲ့ အရူးမ....အဲ...ဇိုလာဆီကို ယူသွားပြီးတော့ လေ့လာခိုင်းလိုက်ပါလား။” ချန်လွေ့က အသုံးအနှုန်းကို ယာယီ ပြောင်းလဲလိုက်သည်။ “ငါ သွေးနီနယ်မြေ မြို့တော်ဆီကို အမြန်သွားလိုက်မယ်။ ဒါပေမဲ့ ဒီမတိုင်ခင်တော့ အဲဒီအရေးကြီးတဲ့ကိစ္စအကြောင်း ငါတို့ ပြောသင့်တယ်။”
“အိုး...”
“အဲဒီသောက်အမူအရာမျိုး ငါ့ကို လာမပြနဲ့။” ဆရာသခင် အဆိပ်နဂါးက မိန်းမပျိုလေး တစ်ယောက်၏ ကိုယ်ပိုင်အမူအရာမှ “အမွေအနှစ် ဆက်ခံမှု” ကို မြင်သည့်အခါ ဒေါသထွက်သွားခဲ့သည်။ “မင်းက ဒီရတနာတွေကို တစ်ယောက်တည်း ဝါးမျိုချင်တာလား။”
“ဘာပြောလိုက်တာလဲ...”
“လောဘကြီးတဲ့ကောင်ပဲ။ ရူးချင်ယောင်ဆောင် နေသေးတယ်။ ငါမင်းကို လုပ်မိတော့မယ်။” ပါ့ဂ်လီအိုက ချန်လွေ့ကို ခုန်အုပ်ရန် ပြင်လိုက်စဉ် သလင်းကျောက် အလင်းရောင်တစ်ခု ပျံသန်းသွားသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ အလွန်အနုစိတ်သော သလင်းကျောက် မီးပန်းဆိုင်း ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ရတနာများကို တန်ဖိုးဖြတ်ကျွမ်းကျင်သော နဂါးက ၎င်းကို မှတ်မိသွားသည်။ ထိုမီးအိမ်မှာ အဖိုးတန်သော ဆီးနှင်းပွင့် သလင်းကျောက်ဖြင့် ပြုလုပ်ထားပြီး အလွန်အမင်း အဖိုးတန် လှသည်။ ဆီးနှင်းပွင့် သလင်းကျောက်က အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ် ပေးနိုင်သည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအား လေ့ကျင့်ရေးကို ကူညီပေးနိုင်သော်လည်း အလွန်ပင် ကြွတ်ဆတ်ပြီး ကွဲလွယ်သည်။ ထို့ကြောင့် ၎င်းသည် အကာအကွယ် မှော်စက်ဝိုင်းဖြင့် ယှဉ်တွဲထားထားကြသည်။ သို့သော် ယခု သူ့အရှေ့မှ အရာသည် အကာအကွယ် မရှိသည်မှာ သေချာနေသည်။
ဆရာသခင် အဆိပ်နဂါး သိမ့်သိမ့်တုန်သွားပြီး အလျင်အမြန်ပင် ရပ်တန့်သွား၏။ သူက စွမ်းအားအမြန်ထုတ်ပြီး မြေပြင်ပေါ်၌ ကျကွဲတော့မည့် ရတနာပစ္စည်းကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သို့သော်လည်း နောက်ထပ် အဖိုးတန် သွေး-အစင်းကျား မှော်မှန်လုံးလည်း တစ်ပြိုင်နက်တည်း ပျံသန်းသွား၏။ ထိုပစ္စည်းမှာ တိုက်ပွဲဘောလုံးကဲ့သို့ ကြီးမားပြီး ဆီးနှင်းပွင့် သလင်းကျောက်ထက် ခိုင်မာသည်။ ၎င်းက မကွဲသွားသော်လည်း အပြစ်ကင်းသော အပိုင်းမှကြည့်လျှင် အက်ကွဲရာတစ်ခုခု ဖြစ်သွားသည်နှင့် တန်ဖိုးကျသွားမည် ဖြစ်သည်။ ပါ့ဂ်လီအိုက သွေး-အစင်းကျား မှော်မှန်လုံးကို အခြားလက်တစ်ဖက်ဖြင့် အမြန်ကာကွယ်လိုက်သည်။ ချန်လွေ့က ထိုအခွင့်အရေးကို အသုံးချပြီး ပါ့ဂ်လီအိုအား ခေါင်းခေါက်လိုက်သည်။
“ဟီးဟီး။ ဆရာသခင် အဆိပ်နဂါး။ ခင်ဗျားအတွက် ကျုပ် ဆက်ပြီးတော့ “ခွဲဝေ” ပေးရဦးမလား။”
“ခွေးကောင်။ ဒါတွေက အမြင့်မြတ်ဆုံး အနုပညာ လက်ရာတွေပဲ။ အနုပညာကို လေးစားရမယ်ဆိုတာ မင်း နားမလည်ဘူးလား။” အဆိပ်နဂါးက အနုပညာ ဆရာသခင် တစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်သည်။ ချန်လွေ့က မိမိ၏ ဆွေမျိုးများကို လွှင့်ပစ် လိုက်သကဲ့သို့ပင် ပါ့ဂ်လီအိုက မကျေနပ်သော အမူအရာ ပြသလိုက်သည်။
“ခင်ဗျားက အနုပညာကိုလည်း သိတာလား။” ချန်လွေ့က ပါ့ဂ်လီအိုက အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သလင်းကျောက်နက်ဒင်္ဂါးတစ်ပုံနှင့် အနုပညာတန်ဖိုးသာရှိသော ပစ္စည်းတစ်ပုံ ချထားလျှင် ထိုသူသည် ရွှေကိုးကွယ်သူအဖြစ် မတုံ့ဆိုင်းဘဲ ပြောင်းလဲသွားမည်ကို ချန်လွေ့ ကောင်းကောင်း သိနေသည်။
“ဒါပေါ့။ နဂါးတိုင်းက အတော်ဆုံး အနုပညာ လေးစားသူတွေပဲ။ ဟေး.... မပစ်နဲ့တော့ အဲဒီ ကျောက်စိမ်းနက် ရုပ်ထုက အဖိုးဖြတ်လို့မရဘူး။ နည်းနည်းလေး ကျိုးပဲ့သွားရင် မင်းရဲ့ခေါင်းနဲ့ပဲ ပြန်ပေးလျှော်လို့ရမယ်။”
သံသယ ဝင်စရာမရှိပေ။ သူက အလျင်အမြန်ပင် စရိုက်အမှန် ပြတော့သည်။ ချန်လွေ့ စဉ်းစားနေဟန်တူသည်။ “အိုး။ ကျုပ် မှတ်မိပြီ။ ဘက်တီနဲ့ သူတို့ အုပ်ချုပ်မှု အစည်းအရုံးက ယောက်ျားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်အပ်ရမယ်လို့ ပြောသလိုပဲ။ ဇိုလာက ကျုပ်ဆီကနေ ရတနာတွေ အများကြီး ယူသွားတယ်။”
၎င်းကိုကြားသည့်အခါ ပါ့ဂ်လီအို၏မျက်နှာ တန့်သွားခဲ့ပြီး ထိုရတနာများကို စုဆောင်းတော့မည့် သူ၏လက်များ ရပ်တန့်သွားပြန်သည်။ ဆရာသခင် အဆိပ်နဂါးက မျက်လုံး ခဏ လှန်လိုက်သည်။ “ငါတို့က အကောင်းဆုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေလား။”
ချန်လွေ့ ခဏတွေးပြီး ခေါင်းညိတ်လိုက်သည်။ “ဖြစ်ရုံပါပဲ။”
“ဖြစ်ရုံပါပဲဆိုတာ ဘာကိုပြောတာလဲ။ မင်းက မတရားသလို ခံစားရတာလား။” ပါ့ဂ်လီအို မျက်လုံးလှန်လိုက်ပြီး ရင်းနှီးဟန်အပြုံးမျိုး ပြုံးလိုက်သည်။ “ငါတို့ ဒီနေ့ ယာကော့ဗ်ကို အနိုင်ရရုံပဲ ရခဲ့တယ်။ ရတနာတွေကတော့ သိပ်မရတဲ့ပုံပဲ။”
“မဟုတ်ဘူး။ ဒီတစ်ခေါက် ရတာတွေက တော်တော်လေး ကြီးမားတယ်.....”
ချန်လွေ့က အဓိကရတနာအချို့ကို ပြောပြလိုက်ရာ ပါ့ဂ်လီအို၏မျက်လုံးများ အရောင်တောက်သွားသည်။ ပါ့ဂ်လီအို ပြုံးရင်း ပြောလိုက်၏။ “ဉာဏ်များတဲ့...အဲ.... ပါးနပ်တဲ့ လုပ်ဖော်ကိုင်ဖက်။ ငါပြောချင်တာကို မင်း နားလည်သင့်တယ်။ ငါ့မှာ မင်းလိုမျိုး သိုလှောင်တဲ့စွမ်းရည်မျိုး မရှိဘူး။ ငါ့ရဲ့ သိုလှောင်လက်စွပ်တိုင်းကိုလည်း ဘက်တီးလေးက အမြဲတမ်း စစ်ဆေးတာ။ အခု ငါက နတ်ဆိုးဘုံမှာ အမွဲဆုံးနဂါး ဖြစ်နေပြီ။ ယောက်ျားတွေမှာ သီးသန့်နေရာလွတ်နဲ့ စုဆောင်းမှုတွေ ရှိရမယ် မထင်ဘူးလား။ အလွန်ဆုံး ငါမင်းကို ပိုက်ဆံတွေ ပိုပေးမယ်လေ။”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး ဆရာသခင် အဆိပ်နဂါး၏ ရင်ထဲထိသော အကြည့်အောက်တွင် စကားနှစ်လုံး ဆိုလိုက်သည်။ “ ၃ : ၇ ”
“သောက် သွေးစုပ်ကောင်။ မင်းက နဂါးသွေးကိုတောင် စုပ်ရဲတယ်လား။” ပါ့ဂ်လီအိုက လက်ထဲမှ သလင်းကျောက်မီးအိမ်ကို ပစ်ချလုမတတ် ဖြစ်သွားသည်။ “ငါက ဒီနေ့ အများဆုံး အကျိုးဆောင်ခဲ့တာ။ ၇ : ၃ က သင့်တော်တဲ့ ခွဲဝေမှုလား။”
“မစ်-ဘက်တီက ဒီလိုကြွယ်ဝမှု အသစ်တွေကို ရဖို့အတွက် အတော်လေး စိတ်လှုပ်ရှားနေမယ်လို့ ကျုပ် ထင်တယ်။”
“အရှက်မရှိတဲ့ကောင်။ ငါ နောက်တစ်လှမ်း ဆုတ်ပေးမယ်။ ၆ : ၄ ။ ဒီထက် မပိုနဲ့တော့။”
အဓိပ္ပာယ်မရှိသော ညှိနှိုင်းမှုများအကြား၌ ပုံရိပ်နှစ်ခုက တိတ်ဆိတ်သော ညထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။