← Chapters

လူတိုင်းသိသွားကြပြီ

Vol. 30 Ch. 450

လူတိုင်းသိသွားကြပြီ

Vol. 30 Ch. 450

ချန်လွေ့က မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေပြီး အံ့အားသင့်လျက် ပြောလိုက်သည်။ “ဆရာ။ ဆရာက.....”

“မင်းက မင်းဆရာရဲ့ စွမ်းရည် တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကို ဂုဏ်ယူသင့်တယ်။ တပည့်လေး။ လွန်ခဲ့တဲ့ နှစ်၂၀တုန်းက ငါလက်ခံခဲ့တဲ့ ပါရမီရှင်တပည့် ဗာနင်လိုမျိုးပေါ့။ ဟောဖို့ဒ်ကလည်း အခု တော်တော်လေး တော်နေပြီ။ သူက အထူးပြု နှစ်ခုကို သဘောပေါက် နိုင်တယ်။ ဒါပေမဲ့ သူက မလုံလောက်သေးတာတော့ ဝမ်းနည်းစရာပဲ။ သူ့ကို ဂူစတက်ဗ်ကလည်း ထောက်ပံ့ပေးနေတယ်။ မဟုတ်ရင် သူလည်း ငါ့ရဲ့ “အစာ” ဖြစ်သွားပြီ။ အစည်းအရုံးရဲ့ ဆရာသခင်တွေအပါအဝင် မင်းလိုမျိုး ငါ့ရဲ့စွမ်းရည် တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြတဲ့သူတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့နဲ့ယှဉ်ရင်တော့ မင်းက တကယ့် စားသောက်ပွဲကြီးပဲ။” နိတ်၏အပြုံးက ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသွားပြီး စိတ်ထဲ၌ စကားအားလုံးကို ထုတ်ဖော်ပြောလိုက်သည်။

“ဆရာ ဘာလိုချင်တာလဲ။ အနားကပ်မလာနဲ့။ ကျုပ် အော်လိုက်မှာနော်။” ချန်လွေ့က အော်ပြောလိုက်သော်လည်း စိတ်ထဲ၌ ကိုးရို့ကားရား ဖြစ်သွားခဲ့သည်။ ဒီစကားကို လူတွေ လွယ်လွယ်နဲ့ အထင်လွဲသွားနိုင်တယ်။

နိတ်က ပို၍ပင် ကြက်သီးထစရာကောင်းအောင် ရယ်လိုက်သည်။ “မင်း ဘယ်လောက်ပဲ အော်အော်၊ အသုံးမဝင်ဘူး။ ဒီနေရာမှာ ငါ မှော်စက်ဝိုင်းတွေ အလွှာ အများကြီး ချထားပြီးပြီ။ အနီးအနားမှာရှိတဲ့ ယန္တရားအစည်းအရုံးက ဆရာသခင်တွေတောင် ဘာအသံမှ ကြားရမှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ့ရဲ့ လျို့ဝှက်နည်းလမ်းနဲ့ မင်းရဲ့မှော်မျက်လုံးကို ခိုးယူပြီးရင် မင်း ဘာမှ နာကျင်မှု ခံစားရတော့မှာ မဟုတ်ဘူး။”

ထို့နောက် နိတ်က ချန်လွေ့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာတော့သည်။ သူက ထောင်ခြောက်ထဲ ကျသွားသော သားကောင်အား ကြည့်နေသည့် မုဆိုးတစ်ယောက် ကဲ့သို့ပင် ဖြစ်နေသည်။

 ချန်လွေ့ မရုန်းကန်နိုင်တော့‌‌ပေ။ သူက ဒေါသတကြီး ပြောလိုက်သည်။ “နတ်ဆိုးဘုံရဲ့ ထိပ်တန်းယန္တရားဆရာသခင်လည်းဖြစ်၊ ယန္တရားအစည်းအရုံးရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့သူက ဒီလိုမျိုး စက်ဆုပ်စရာ လူဆိုးတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ ဆရာသခင်ဖြစ်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ သူတွေနဲ့ ပါရမီရှင်တွေက ခင်ဗျားရဲ့ ရွံစရာကောင်းတဲ့ ပါရမီခိုးယူမှုကြောင့် သေခဲ့ရတယ်။ ကိစ္စတွေ မအောင်မြင်ခဲ့ရင် နတ်ဆိုးဘုံရဲ့ ယန္တရားပညာရှင်တွေအားလုံးက ခင်ဗျားကို သပိတ်မှောက်ကြမှာ မစိုးရိမ်ဘူးလား။”

“ဘယ်သူ သိမှာလဲ။” နိတ်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “သိတဲ့သူတွေက ဒီလောကမှာ မရှိတော့ဘူး။ လွန်ခဲ့တဲ့ နှစ်၂၀တုန်းက ဆရာသခင် ဖုန်းရို လိုမျိုးပေါ့။ သူက စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာမှာ သေသွားခဲ့တာလို့ လူတိုင်းက ထင်နေကြတယ်။ ဒါပေမဲ့ တကယ်တော့ ငါသူ့ကို သတ်ပစ်ခဲ့တာ။ ရှင်းရှင်းပြောရရင် ယန္တရားအစည်းရုံးက ယန္တရားဆရာသခင်တွေနဲ့ ယန္တရားပညာရှင်တွေက ငါမွေးထားတဲ့ စားစရာတွေပဲ။ ပိုပြီးတော့ ပါရမီရှိတဲ့သူ၊ ပိုပြီးတော့ ထူးချွန်တဲ့သူက အစောဆုံး သေရမှာ။ ဘာလို့လဲဆိုတော့ ငါတစ်ယောက်ပဲ အစွမ်းအထက်ဆုံး ဖြစ်ရမှာလေ။”

ချန်လွေ့က အံကြိတ်ရင်း ပြောလိုက်သည်။ “ဒီလိုနဲ့ ခင်ဗျားက ထိပ်တန်း ဆရာသခင် ဖြစ်လာတာလား။ အရှက်မရှိလိုက်တာ။”

“အရှက်မရှိတော့ ဘာဖြစ်လဲ....အခုငါက ထိပ်တန်း ဆရာသခင်ပဲလေ။” နိတ်က ကျယ်လောင်စွာ ရယ်လိုက်သည်။ “ကံဆိုးချင်တော့ အခုက ပါရမီရှိတဲ့ သူတွေ နည်းနည်းပဲ ရှိတော့တာ။ ထူးခြားတဲ့စွမ်းရည်တွေ မရှိဘူးဆိုရင် စွန်းစားဖို့ မထိုက်တန်ဘူး။ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းရဲ့ မှော်မျက်လုံးပါရမီက ကောင်းလွန်းတယ်။ အခု ဒါက အနှိုင်းမဲ့ ပုံစံအထိ ရောက်နေပြီ။ မင်းရဲ့မှော်မျက်လုံးကို ငါရသွားမယ်ဆိုရင် ငါ့ရဲ့ ယန္တရားပညာက အတိုင်းအတာတစ်ခုထိ မြင့်တက်သွားမှာ။ အဆင်တန်ဆာ ကျွမ်းကျင်မှုကိုပါ ရနိုင်တယ်။ ဒါဆိုရင် ငါက အရင်ပါရမီရှင် အာသာကို ကျော်လွန်တဲ့ သုံးသွယ်-အထူးပြု ဆရာသခင် တစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းက နတ်ဆိုးဘုရားသခင် ကောင်းချီးပေးထားတဲ့ အရသာရှိတဲ့ စားစရာတစ်ခုပဲ။ မင်းရဲ့စွမ်းအားက အများဆုံး အမြင့်ဆင့် နတ်ဆိုးပေါ့...။ ခုခံဖို့၊ အချိန်ဆွဲဖို့ မကြိုးစားနဲ့။ မင်းကို ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး။”

ချန်လွေ့၏အကြည့် ရုတ်တရက် ပြောင်းလဲသွားသောကြောင့် နိတ်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွား၏။ ၎င်းသည် ထူးထူးခြားခြား တည်ငြိမ်နေပြီး အေးစက်မှုပင် ရှိနေသည်။

“ခင်ဗျား ပေါက်ကရတွေ အများကြီး ပြောနေတာ ကျုပ်ရဲ့စိတ်ကို ဖျက်ဆီးချင်လို့ပဲ။ ခင်ဗျားရဲ့ လျို့ဝှက်ပညာရပ်က အမှောင်စွမ်းအားရယ်၊ အခြားသူတွေရဲ့ စွမ်းရည်နဲ့ မှတ်ဉာဏ်တွေကို ဝါးမျိုနိုင်တဲ့ ပါရမီရယ် ပေါင်းထားတာ ဖြစ်ရမယ်။” ချန်လွေ့ သရော်ပြုံး ပြုံးလိုက်သည်။ “ကံဆိုးချင်တော့ ခင်ဗျား လျို့ဝှက်ပညာရပ်ကို သုံးဖို့အတွက် တစ်ခုခု ပေးဆပ်ဖို့လိုတယ်။ ပြီးတော့ တစ်ဖက်လူရဲ့ စိတ်စွမ်းအား ပိုကောင်းလေလေ အောင်မြင်ဖို့ ပိုခက်လေလေပဲ။ တစ်ဖက်လူက အညံ့မခံဘူးဆိုရင် တန်ပြန်မှုတွေတောင် ရှိနိုင်တယ်။ အဲဒါကြောင့်ပဲ ဆရာသခင်တွေ အများကြီးက ယာယီ အသက်ရှင်နေသေးတာ။ ဟုတ်တယ် မလား။”

နိတ်၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ သူ၏မျက်နှာပေါ်မှ အပြုံးသည် တင်းမာသွား၏။ သူ၏အကြည့်၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။ “မင်း....မင်း ဘယ်လိုသိတာလဲ။”

“အခြားသူတွေ မသိစေချင်ရင် မလုပ်နဲ့လေ။” ချန်လွေ့က အေးစက်စက်နှင့် ပြောသည်။ “ခင်ဗျားရဲ့ ရွံစရာနည်းလမ်းတွေနဲ့ ဓားစာခံလုပ်ခဲ့တဲ့ ဆရာသခင် ဖွန်ဆက်ကို မှတ်မိသေးတာ။ ခင်ဗျားက သူ့ရဲ့ အစွမ်းအထက်ဆုံး သားရေကျွမ်းကျင်မှုအတွက် သူ့ကို တိတ်တိတ်လေး အဆိပ်ခတ်ပြီးတော့ အကျဉ်းချထားခဲ့တယ်။ ဆရာသခင် ဖွန်ဆက် အညံ့ခံအောင်လို့ ခင်ဗျားက သူ့ဇနီးနဲ့ သမီးတွေကို ဖမ်းထားပြီးတော့ ခြိမ်းခြောက်ခဲ့တယ်။ နောက်ဆုံးတော့ သူ့မိန်းမက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ သူက သူ့တပည့်ရဲ့ ကာကွယ်ပေးမှုနဲ့အတူ သမီးတွေနဲ့ လွတ်မြောက်သွားပြီးတဲ့နောက်မှာ မင်းသားငယ်လေး တဲရစ်ရဲ့ သစ္စာဖောက်တာကို ခံခဲ့ရတယ်။ အဆုံးမှာတော့ သူက ခင်ဗျားလိုက်ဖမ်းခိုင်းတဲ့ သူတွေနဲ့ အဝိုင်းခံလိုက်ရပြီးတော့ အဆိပ်တိမ်တိုက် အသူရာချောက်နက်ထဲကို ကျသွားခဲ့တယ်။”

နိတ် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ “မင်း....ဒါဆို မင်းက ဖွန်ဆက်ရဲ့ တပည့်ပေါ့။ သူ မသေသေးဘူးလား။”

ဆရာသခင်ဖွန်ဆက်သည် သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၌ အလေးစားခံရသော အကြီးတန်း ဆရာသခင်တစ်ယောက် ဖြစ်သည်။ သူက နတ်ဆိုးဘုံ၌ အထူးချွန်ဆုံး သားရေကျွမ်းကျင်မှု ရှိသည်ဟု နာမည်ကျော်သည်။ သူ၏လက်ရှိသရုပ်မှာ ဝတ်ရုံဂိုဏ်းမှ စကိုင်း ဖြစ်သည်။ သူက ချန်လွေ့ကို အမှန်တကယ် သင်ကြားပေးဖူးသည်။ ထို့ကြောင့် ချန်လွေ့က “ဆရာ သခင်” ဆက်ဆံရေးကို မငြင်းခဲ့ပေ။ သူ အော်ပြောလိုက်သည်။ “ဒီနေ့ ကျုပ် ခင်ဗျားရဲ့ စိတ်ရင်းအမှန်ကို လူအားလုံးအရှေ့မှာ ထုတ်ဖော်ပြပြီးတော့ ကျုပ်ဆရာအတွက် လက်စားချေပစ်မယ်။”

နိတ်က ထိတ်လန့်နေရာမှ သတိပြန်ဝင်လာသည်။ သူက အံကြိတ်ပြီး ပြောသည်။ “မင်းက တကယ်ပဲ ဖွန်ဆက်ရဲ့ တပည့်ဖြစ်မယ်လို့ ငါ မထင်ဘူး။ ဟမ့်။ အရင်တုန်းက သူ လွတ်သွားတာ ကံကောင်းလို့ပဲ။ ဖွန်ဆက် သေသွားပြီဆိုတာကို လူတိုင်းသိကြတယ်။ အခု အတုအယောင်တစ်ယောက် ပေါ်လာပြီးတော့ ငါ့ကို ဆွဲချချင်ရင်တောင် ငါ့မှာ သူ့ကို ဖြေရှင်းရမယ့်နည်းလမ်း ရှိတယ်။ ပြီးတော့လည်း မင်းကအခု ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူး။ ငါ့ကိုဘယ်လိုလုပ် ဖော်ထုတ်မှာလဲ။ ဒီနေ့ မင်းငါ့ဆီ ရောက်လာမှာတော့ အသက်ရှင်ရက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့။ ငါ မင်းရဲ့ မှော်မျက်လုံးကို သေချာပေါက် ရအောင်ယူပစ်မယ်။”

“ကျုပ်က အသက်ရင်ရက်နဲ့ ထွက်သွားဖို့ မစဉ်းစားထားဘူး။ ကျုပ် မြို့တော်ကို လာရတာက ခင်ဗျားရဲ့ စိတ်ရင်းအမှန်ကို ဖော်ထုတ်ဖို့အတွက်ပဲ။” ချန်လွေ့က အသံ ကျယ်ကျယ်နှင့် ရယ်လိုက်သည်။ “အခုတော့ ခင်ဗျားရဲ့စိတ်ရင်းအမှန်ကို လူတိုင်း သိသွားကြပြီ။”

နိတ်က နှာမှုတ်လိုက်သည်။ “ဒီနားတစ်ဝိုက်မှဦ မှော်စက်ဝိုင်းတွေ ငါ ချထားပြီးပြီ။ မင်းနေတဲ့ စမ်းသပ်ခန်းက သီးခြား အအောက်အအုံ သေးသေးလေး တစ်ခုပဲ။ အသံ ဘယ်လောက်ပဲကျယ်ကျယ်၊ ဘာမှကြားမှာ မဟုတ်ဘူး။”

“ကျုပ် ခင်ဗျားကို ပြောပြဖို့ မေ့သွားတယ်။ ကျုပ်က စကားပြောစက်လို့ခေါ်တဲ့ ပစ္စည်း အသေးလေးတစ်ခု လုပ်ခဲ့တယ်။ အဲဒါက အသံကို ချဲ့ပြီးတော့ ကူးပြောင်း နိုင်တယ်။ အရင်းအမြစ်က ဒီအခန်းမှာ ရှိတယ်။ အသံကူးပြောင်းတဲ့ နေရာတွေကတော့ ရုံးခန်းတွေ၊ စမ်းသပ်ခန်းတွေ၊ အိပ်ခန်းတွေ၊ လမ်းတွေနဲ့ မြို့တော်က နောက်ဖေးလမ်းတွေလည်း ပါတယ်....” ချန်လွေ့၏ ရယ်သံက ရွံရှာမှုများနှင့် ပြည့်နှက်သွားသည်။ “ခင်ဗျား ကျုပ်ကို ထိခိုက်အောင် လုပ်မယ်ဆိုတာ ကျုပ်သိတယ်။ ဒီ၃ရက်အတွင်း ကျုပ် ဘာလို့ အပြင်ထွက်ပြီး လျှောက်သွားနေလဲဆိုတာကို ခင်ဗျားသိလား။”

နိတ် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ “မဖြစ်နိုင်ဘူး။”

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ခုနက ခင်ဗျားပြောခဲ့တာတွေကို ယန္တရား အစည်းအရုံးနဲ့ မြို့တော်တစ်ခုလုံးတောင် ကြားသွားပြီ။ လမ်းပေါ်က လူတိုင်းက ခင်ဗျားရဲ့ ပြစ်မှုတွေအတွက် မျက်မြင်သက်သေတွေပဲ။”

ချန်လွေ့ ပြောခဲ့သည်မှာ ပုံကြီးချဲ့ခြင်း မဟုတ်ပေ။ ယန္တရားအစည်းအရုံးနှင့် မြို့တော်မှ လမ်းပေါ်ရှိ လက်လှုပ်ရှားမှုအားလုံးနီးပါး ရပ်တန့်သွားခဲ့ကြသည်။ ဘလူအန်၊ သူရိယနှင့် မာဗင်နာတို့အပါအဝင် အားလုံးက လမ်းမ၏ ထောင့်နေရာတိုင်းမှ ရှင်းလင်းသော အသံများကို နားထောင်ရင်း အံ့အားသင့်နေကြသည်။

အမှန်တကယ်၌ ထိုအသံချဲ့စက်အများစုကို အမှော်နတ်ဆိုး အဖွဲ့သားများကး ယခင်က ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူတို့သည် အချက်ပြတစ်ခုကို လက်ခံရရှိပြီးနောက် ချက်ချင်း ဖြန့်ကျက်ခဲ့ကြသည်။ ယခင်၃ရက်အတွင်း ချန်လွေ့ အပြင်သွားနေရခြင်းမှာ ထောက်လှမ်းမှုကို ရှောင်ရှားရန်အတွက်ပင် ဖြစ်လေသည်။

နိတ်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။ ဒီရစ်ချတ်က လိမ်နေတဲ့ပုံ မပေါ်ဘူး။ ဒါဆိုရင် ငါ နှစ်ပေါင်းများစွာ ဖုံးကွယ်လာခဲ့တဲ့ စိတ်ရင်း အမှန်တွေက.....

“နိတ်။ ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိတယ်။ အခု ကျုပ်ရဲ့ ပန်းတိုင်ကို ရောက်သွားပြီ။ ဆရာဖွန်ဆက်လည်း ငြိမ်းငြိမ်းချမ်းချမ်း အနားယူလို့ရပြီ။ ခင်ဗျားရဲ့ ဒေါသထွက်နေတဲ့ပုံကိုကြည့်ရတာ ကျုပ်ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း လုပ်ချင်နေတာ မဟုတ်လား။ ကံဆိုးချင်တော့ ခင်ဗျားမှာ ဒီလိုအခွင့်အရေးမျိုး ရှိတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က အသက်ရှင်ရက် ထွက်သွားဖို့ မစဉ်းစားထားလို့ပဲ။ ကျုပ် ခင်ဗျားကို ပြောပြဖို့ မေ့သွားတယ်။ မှော်မျက်လုံးမှာ နောက်ထပ် ပါရမီတစ်ခု ရှိတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာပဲ။”

ကိုယ့်ကိုယ်ကိုယ်-ဖောက်ခွဲတာ။ နိတ်က ချန်လွေ့၏ “ရူးမိုက်သော”အကြည့်ကို မြင်သွားပြီး ကြက်သီးထသွားသည်။ ထို့နောက် သူ၏စိတ်ထဲ၌ ပြင်းထန်သော အန္တရာယ် ခံစားချက်တစ်ခု လှိမ့်တက်လာသည်။ သူက သူ၏မကောင်းမှုများ ထုတ်ဖော်ခံခဲ့ရသည်ကို ဂရုမစိုက်တော့ဘဲ နောက်လှည့်ကာ ထွက်ပြေးသွားတော့သည်။

ထို့နောက် ချက်ချင်းမှာပင် လမ်းအသီးသီးမှ လူအများသည် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ထုတ်လွှင့်နေသော အသံထဲ၌ နိတ်၏ အော်သံလည်း ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် သူတို့သည် “ရစ်ချတ်”၏အသံကို မကြားရတော့ပေ။

မှန်ပေသည်။ ချန်လွေ့သည် “ကိုယ့်ကိုယ်ကိုယ်-ဖောက်ခွဲ”သွားပြီး နိတ်က ၎င်းကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ သို့သော်လည်း နိတ်ထွက်ပြေးရန် ပြင်လိုက်စဉ် “ကိုယ့်ကိုယ်ကိုယ်-ဖောက်ခွဲ”ခဲ့သော အာဇာနည်က အလျင်အမြန်ပင် ကြိုတင်ပြင်ဆင်ထားသော အလောင်းနှင့် ဖောက်ခွဲပစ္စည်းကို ချထားလိမ့်မည်ဟု မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။ ထို့နောက် သူက [ ကြယ်တာရာဂိတ် ] ကိုဖွင့်ပြီး အေးအေးဆေးဆေး လွတ်မြောက်သွားခဲ့သည်။

နိတ် နောက်ပြန်မလှည့်ကြည့်သည့်တိုင် ဟန်ဆောင်မှု ပြီးမြောက်ရန်အတွက် ချန်လွေ့၏ စွမ်းအားဖြင့် သူ့ကို သတိလစ်အောင်ပြုလုပ်ရန် သို့မဟုတ် မမြင်ဟန်ဆောင်ရန် လွယ်ကူပေသည်။

“ကိုယ့်ကိုယ်ကိုယ်-ဖောက်ခွဲခြင်း”ဟူသော စကားလုံးကို ကြားသည့်အခါ ဘလူအန်က ချန်လွေ့နေထိုင်ရာ အဆောက်အအုံသို့ အမြန်ပြေးသွားခဲ့သည်။ သူရိယနှင့် မာဗင်နာတို့က ပို၍ မြန်နေသည်။ သို့သော်လည်း ပေါက်ကွဲသံကို ထိုသူ၃ယောက်၏ မျှော်လင့်ချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

ဘလူအန် သိမ့်သိမ့်တုန်သွားပြီး မြေပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။ မာဗင်နာ၏ မြန်ဆန်မှုကြောင့် သမီးဖြစ်သူ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်နိုင်သည်။ ဘလူအန်၏မျက်မှန်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကြေမွသွားခဲ့သည်။ မျက်ရည်များလည်း ထိန်းချုပ်မရဘဲ သူ၏မျက်လုံးမှ စီးကျလာ၏။

တီးတိုးစံအိမ်မှ သူထွက်သွားစဉ် ပြောပြခဲ့သော စကားလုံးများက ဘလူအန်၏ နားထဲ၌ ပဲ့တင်ထပ်သွားပြန်သည်။ “ငါတို့က ကမ္ဘာခြားနေတာ။”

“ရစ်ချတ်”က အရင်ကတည်းက သေဖို့ ဆုံးဖြတ်ထားတာကိုး။ ဒါကြောင့်.....

ဆရာသခင် သူရိယ၏ မျက်လုံးများ အနည်းငယ် နီရဲသွားခဲ့သည်။ သူ၏ မျက်နှာပေါ်၌ ရုတ်တရက် နာကျင်သောအမူအရာ ဖြစ်သွားသည်။ လက်စသတ်တော့ လူတိုင်းက “ရစ်ချတ်”ကို အထင်လွဲနေခဲ့ကြတာကိုး။ သူက ဆရာသခင်ဖွန်ဆက်ရဲ့ တပည့်တစ်ယောက်ပဲ။ ဖွန်ဆက် “သေဆုံး”ရတဲ့ အမှန်တရားက အရှက်မရှိတဲ့ နိတ်ရဲ့ သတ်တာကို ခံခဲ့ရလို့ကိုး။

ဒါကြောင့် ရစ်ချတ်လို စရိုက်မျိုးနဲ့တောင် “သူ့ဆရာကို သစ္စာဖောက်” တာပဲ။ သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က နိတ်ရဲ့ စိတ်ရင်းအမှန်ကို ဖော်ထုတ်ပြီးတော့ သူ့ရဲ့ဆရာအတွက် လက်စားချေဖို့အတွက် သူ့အသက်ကို စတေးဖို့ပဲ။

ထိုအချိန်၌ လက်တစ်ဖက်က သူရိယ၏ တုန်ခါနေသော လက်ကို ကိုင်လိုက်သည်။ ၎င်းမှာ သူ၏ဇနီးဖြစ်သူ မာဗင်နာ ဖြစ်သည်။ သူက ရင်ခွင်ထဲ၌ အငိုမတိတ်နိုင် ဖြစ်နေသော သမီးဖြစ်သူကိုလည်း ပွေ့ဖက်ထား၏။

“စမ်းသပ်ခန်း အဆောက်အအုံဆီ ချက်ချင်းသွား။ ဆရာသခင်နဲ့ ယန္တရား ပညာရှင်တွေ အားလုံးကို ခေါ်လိုက်။ ငါတို့ရဲ့ တပည့်ကို အလကား အသေခံလို့ မဖြစ်ဘူး။”

မာဗင်နာ၏လေသံက ခံစားချက်များ၊ ဒေါသများနှင့် ပြည့်နှက်နေသည်။ ထိုအချိန်၌ သူတို့သည် အသံချဲ့စက်မှ နိတ်၏ ညည်းတွားသံများကို ကြားနေရသေးသည်။ အဲဒီကောင်က မသေသေးဘူး။

မာဗင်နာ၏စကားလုံးများက “ရစ်ချတ်”အား အလုပ်သင်တပည့်အဖြစ် ပြန်လည် အသိအမှတ် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ဆရာသခင် သူရိယကလည်း ထိုကဲ့သို့ပင် အတိအကျ တွေးလေသည်။ သူရိယက ပင့်သက်ရှိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ဇနီးဖြစ်သူ၏လက်ကို ကိုင်ထားရင်း ခိုင်မာသော အမူအရာ ပြသလိုက်သည်။ သူတို့က ဆူပွက်နေသော ယန္တရားအစည်းအရုံး အဆောက်အအုံထဲသို့ အမြန်ပြေးလိုက်ကြသည်။

အသံချဲ့စက်များကို အမှောင်နတ်ဆိုးများက နေရာမှန်များ၌ ဖြန့်ကျက်ထားခြင်း ဖြစ်သည်။ သေးငယ်သော လှုံ့ဆော်မှုအပြင် နိတ်၏ ပြဿနာသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ အသံကြားသော သူများနှင့် မကြားသောသူများက ထိုကိစ္စကို ဆွေးနွေးနေကြလေသည်။

ခဏအကြာတွင် မဟာရိုင်ဇန်လည်း သတိထားမိသွားသည်။ မဟာမင်းသား အဲလီးရက်စ်အား ယန္တရားအစည်းအရုံးသို့ အမြန်သွားရန် အမိန့်ပေးခဲ့စဉ် နိတ်သည် နောက်ဆုံး ထွက်သက်၌ ရောက်ရှိနေခဲ့သည်။ သူ့ကို ဒေါသထွက်နေသော ဆရာသခင်များနှင့် ယန္တရားပညာရှင်များက ဝိုင်းရံထားကြလေသည်။

နိတ်၏ဒဏ်ရာများက “ရစ်ချတ်”၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းကြောင့်လား၊ အမှန်တရား ဘက်တော်သားများ၏ မခံမရပ်နိုင်မှုကြောင့်လား ဆိုသည်ကို မည်သူမှ မသိကြပေ။ သူ၏ခန္ဓာကိုယ်မှ အသက်ကယ် ပစ္စည်း အချို့ကြောင့်သာ မဟုတ်လျှင် ထိပ်တန်းဆရာသခင်သည် အသားလုံး ဖြစ်သွားလေပြီ။

ယခုတွင် အဖြစ်အပျက် တစ်ခုလုံး ရှင်းလင်းသွားပြီဖြစ်သည်။ အထူးသဖြင့် ယန္တရားအစည်းအရုံးမှ ယန္တရားပညာရှင်အားလုံးနှင့် လူဦးရေတစ်ဝက်နီးပါးမှာ မျက်မြင် သက်သေများဖြစ်ကြသည်။ ထို့ကြောင့် နိတ် ငြင်း၍ မရနိုင်ပေ။

၎င်းသည် နတ်ဆိုးဘုံ၌ မျက်မြင်သက်သေအများဆုံး “သံသယမှု”တစ်ခု ဖြစ်လာနိုင်ပေသည်။ ဖွန်ဆက်၊ ဖုန်းရို၊ ဗာနင် ကဲ့သို့သော ဆရာသခင်နှင့် ပါရမီရှင်များ၏ ထူးဆန်းသော ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းတို့၏ လျို့ဝှက်ဆန်းကြယ်မှုများလည်း နောက်ဆုံး၌ အဖြေပေါ်သွားလေပြီ။ “နတ်ဆိုးဘုံ ထိပ်တန်း ယန္တရားဆရာသခင်”၏ စိတ်ရင်းအမှန်များ ဖော်ထုတ်ခြင်းသည် အလွန်ကြီးမားသော ဆူပူမှုတစ်ခု ဖြစ်စေခဲ့သည်။ ထိုသတင်းက ကြယ်ကြွေတမန်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့၏ ယန္တရား အစည်းအရုံးထံသို့ ပျံ့နှံ့သွားခဲ့သည်။ သူတို့အားလုံး မခံမရပ်နိုင်ဖြစ်သွားကြပြီး ဝေဖန် ရှုပ်ချခြင်းများ ကြေညာချက် ထုတ်ပြန်လိုက်ကြသည်။

တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ဆရာသခင်ဖွန်ဆက်၏ တပည့်ဖြစ်သော “ရစ်ချတ်”သည် ရဲရင့်စွာဖြင့် ပေါက်ကွဲပြီး သေဆုံးသွားခြင်းပင် ဖြစ်သည်။ လူအများက ညည်းညူလိုက်ကြသည်။ နတ်ဆိုးဘုံရဲ့ ပထမဆုံး အကဲဖြတ် ဆရာသခင်က ဒီလိုနဲ့ သေသွားရတယ်။ ဒါပေမဲ့ သူသေသွားတာ အလကားဖြစ်မှာ မဟုတ်ဘူး။

မဟာရိုင်ဇန်ကလည်း နိတ်ကို ယန္တရားအစည်းအရုံး ဥက္ကဋ္ဌနေရာမှာ ဖယ်ရှားရန် အမိန့်ပေးပြီး တစ်သက်တစ်ကျွန်းကျခံရန် ကြေညာခဲ့သည်။ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ နေရာသည် ယာယီ လစ်လှပ်နေ၏။ ခဏအကြာတွင် ဆရာသခင်အားလုံးက ဥက္ကဋ္ဌအသစ် တစ်ယောက်ကို ပွင့်ပွင့်လင်းလင်း မဲပေးကြရမည် ဖြစ်သည်။

နိတ်က တန်ဖိုးတစ်ချို့ ရှိနေသေးသည်။ သူ၏ယန္တရားပညာရပ်များအပြင် ဥက္ကဋ္ဌ များသာ စာအုပ်ပေါင်းချုပ်ခန်းမ၏ စတုတ္ထအလွှာသို့ ဝင်ရောက်နည်းကို သိကြသည်။ ထို့ကြောင့် ယန္တရားဆရာသခင်များက နိတ်အား အင်အားသုံး စစ်ဆေးရန် ကြိုးစားသည်။ ၎င်းမတိုင်ခင်၌ နိတ်သည် အသက်အန္တရာယ် မစိုးရိမ်ရပေ။ သို့သော်လည်း လူ ထောင်ပေါင်းများစွာ လေးစားကြသော “ထိပ်တန်းဆရာသခင်”အတွက် ထိုကဲ့သို့ “ဆက်ဆံပုံ”မှာ ရှင်လျက်နှင့် သေရခြင်းပင် ဖြစ်လေသည်။

ရက်အနည်းငယ် ကြာပြီးနောက် ထိုသတင်းက အမှောင်လရှိ ဝတ်ရုံဂိုဏ်းထံသို့ ရောက်ရှိသွားသည်။ နာမည်ဝှက် စကိုင်းဖြစ်သော ဆရာသခင် ဖွန်ဆက်က စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားခဲ့သည်။ သူ၏သမီးနှစ်ယောက်ဖြစ်သော အလျန်နှင့် အိဗ်တို့က လီဆာ၏လက်ထဲ၌ ငိုကြွေးနေကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်က သူတို့ကို ထိခိုက်စေခဲ့သည်။ သူတို့အချစ်ရဆုံး မိခင်ကိုပင် သေဆုံး စေခဲ့သည်။ သူတို့ ထွက်ပြေးကာ ပုန်းအောင်နေခဲ့ရသည့်အပြင် ကျိန်စာနှင့် အဆိပ်ဒဏ် ကိုလည်း ခံစားခဲ့ရသည်။

ယခုတွင် မ‌ကောင်းသော နေ့ရက်များ ကုန်ဆုံးသွားပြီး နောက်ဆုံး၌ သူတို့သည် မျှော်လင့်ချက်ကို ပြန်မြင်လာရသည်။ အဆိပ်နှင့် ကျိန်စာတို့ကို ဖယ်ရှားခဲ့ရုံသာမက နိတ်သည်လည်း နောက်ဆုံး၌ သူ၏အပြစ်ဒဏ်ကို ခံစားခဲ့ရလေသည်။

ဘေးဖက်မှ ဆရာသခင် ရှင်းရှင်းကလည်း စိတ်သက်သာရာရသွားပြီး အားပေး လိုက်သည်။ “နောက်ဆုံးတော့ အမှန်တရား ပေါ်ပေါက်လာပြီ။ မင်းမှာ ဒီလိုမျိုး သစ္စာရှိပြီးတော့ အမှန်တရားဘက်က ရပ်တည်တဲ့ တပည့်တစ်ယောက်ရှိတာကို ငါ တကယ် မနာလို ဖြစ်မိတယ်။”

နောက်ဆုံး၌ ဆရာသခင်စကိုင်းက စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ပြီး ခေါင်းခါ လိုက်သည်။ “ငါ့ရဲ့ တပည့်က အစကတည်းက သေသွားခဲ့ပြီ။ ပြီးတော့ သူ့နာမည်ကလည်း ရစ်ချတ် မဟုတ်ဘူး။ အဲဒီ မှော်မျက်လုံး ပါရမီကိုလည်း အခုမှ ငါကြားဖူးတာ။”

ဆရာသခင်ရှင်းရှင်းက ရုတ်တရက် ကြောင်သွားပြီးနောက် တစ်ခုခုကို တွေးမိသွားသည်။ ဆရာသခင်စကိုင်းလည်း ထိုသို့ပင် ဖြစ်သည်။ သူတို့နှစ်ယောက် အချင်းချင်း ကြည့်ပြီး သိလျက်နှင့် ပြုံးလိုက်ကြသည်။

“လက်စသတ်တော့ သူဖြစ်နေတာကိုး။” စကိုင်း၏မျက်လုံးထဲ၌ ကျေးဇူးတင်သော မျက်ရည်များ လက်ခနဲ ဖြစ်သွားသည်။ အဆိပ်ဖြေပေးတာ၊ ကျိန်စာဖြေပေးတာ၊ နေစရာပေးတာ၊ ရန်သူကို လက်စားချေပေးတာ။ ဒါတွေအားလုံးက အဲဒီလူဆီကနေ ရခဲ့တဲ့ အကူအညီတွေပဲ။

ရှင်းရှင်း၏မျက်လုံးထဲ၌လည်း ဖုံးကွယ်မထားသော ကျေးဇူးတင်ခြင်းများ ပြည့်နှက်နေသော်လည်း သူက မကျေမနပ်နှင့် ရေရွတ်လိုက်သည်။ “ဟမ့်။ သူက ထင်ပေါ် ကျော်ကြားရတာကို ကြိုက်တာ ငါသိတယ်။ သူ သေသွားရင်တောင် ထိပ်တန်း အကဲဖြတ်သမား ဂုဏ်ပုဒ်နဲ့ သေမှာပဲ။”

“ဒါနဲ့ မင်းအခုအချိန် သွေးရောင်အင်ပါယာဆီ ပြန်လိုက်ရင် မင်းနဲ့ ဂုဏ်သတင်းနဲ့ စွမ်းရည်တွေနဲ့ဆို ယန္တရားအစည်းအရုံးရဲ့ ဥက္ကဋ္ဌ သေချာပေါက် ဖြစ်မှာပဲ။” ရှင်းရှင်းက ရုတ်တရက် ပြောလိုက်သည်။ ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ ဖွန်ဆက်မှာ နတ်ဆိုးဘုံရှိ အစွမ်းအထက်ဆုံး သားရေကျွမ်းကျင်မှုရှိသည့် အကြီးတန်း ဆရာသခင် ဖြစ်သည်။ သူက သွေးရောင်အင်ပါယာ၌လည်း မြင့်မားသော ဂုဏ်သြဇာ ရှိသည်။ ယခုတွင် နိတ် အောက်ကျသွားသည့်အတွက် သူပြန်သွားလျှင် ရိုင်ဇန်က သူ့ကို သေချာပေါက် တန်ဖိုးထားပေလိမ့်မည်။

စကိုင်းက လီဆာနှင့် မိမိ၏သမီးများကို ကြည့်လိုက်ပြီး ဆရာသခင် ရှင်းရှင်းကို ကြည့်သည်။ ထို့နောက် ခေါင်းခါကာ ပြောသည်။ “ဖွန်ဆက်က သေသွားပြီ။ အခု ငါက စကိုင်းပဲ။ ဒါက ငါ့အိမ်။ ငါ့ရဲ့အရေးကြီးဆုံး ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ဒီမှာရှိနေတယ်။ ငါ ဘယ်ကိုမှ သွားမှာ မဟုတ်ဘူး။”

လီဆာက နူးညံ့သော မျက်လုံးများနှင့်အတူ စကိုင်း၏လက်ကို ကိုင်ထားရင်း ဆရာသခင် ရှင်းရှင်းက ခေါင်းညိတ်ကာ ပြုံးနေလိုက်သည်။

ဆရာသခင်နှစ်ယောက်၏ စိတ်ထဲ၌ ရှင်းလင်းနေ၏။ “ရစ်ချတ်”က နတ်ဆိုးဧကရာဇ်အဆင့် ကိုတောင် အနိုင်ယူနိုင်စွမ်းရှိတဲ့သူဆိုတော့ “ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး စတေး”တာက လူတွေဆီကနေ ပုန်းကွယ်ဖို့ လှည့်ကွက်တစ်ခုပဲ။

All Chapters