အလင်းနှင့်အမှောင်။ အထူးကုန်စည်ပြပွဲမှ နတ်ဆိုး အရှင်သခင်အဆင့် မိန်းကလေး
Vol. 30 Ch. 436
၂ရက်ကြာပြီးနောက် သွေးရောင်အင်ပါယာက စီစဉ်ထားသည့်အတိုင်း ကုန်စည်ပြပွဲ ကျင်းပခဲ့သည်။
ချန်လွေ့က ရုပ်ဖျက်ပြီး ကုန်စည်ပြပွဲ၌ ရောင်းချသူတစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုကုန်စည်ပြပွဲမှာ အနည်းငယ် ထူးခြားသည်။ ၎င်းမှာ သီးခြား ဆိုင်အသေးလေးများ အားလုံးကို စုပေါင်းထားခြင်း ဖြစ်သည်။ သူတို့သည် ရှားပါးပြီး ထူးခြားသော ပစ္စည်းများကိုသာ ရောင်းချကြသည်ဟု ပြောကြသည်။ အထူးဧည့်သည် များသာ ထိုကုန်စည်ပြပွဲသို့ သွားရောက်လည်ပတ်နိုင်ပေသည်။
သတင်းရရှိရန် တက်စ် အတော်လေး အားထုတ်လိုက်ရသည်။ နဂိုက ချန်လွေ့သည် ထိုအခွင့်အရေးကို အသုံးချပြီး သြဇာယွမ်မြေနှင့် အဆောင်ပစ္စည်များ ပြုလုပ်ရန်အတွက် ကုန်ကြမ်းအချို့ ရှာဖွေချင်ခဲ့သည်။ ထိုကောင်းမွန်သော အခွင့်အရေးကို ချန်လွေ့ လက်လွှတ်ခံမည် မဟုတ်ပေ။ သို့သော်လည်း တက်စ်၏ လက်ရှိအရည်အချင်းဖြင့် သူ့ကို အထူးဧည့်သည်များစာရင်းထဲ ထည့်ပေးရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ချန်လွေ့က ပါးနပ်စွာဖြင့် ရောင်းချသူတစ်ယောက်ဖြစ်ရန် ရွေးချယ်ခဲ့သည်။
တက်စ် အကူအညီ ပေးခဲ့သော်လည်း ထိုစတိုးဆိုင်သို့ဝင်ရန် လွယ်ကူလှသည် မဟုတ်ပေ။ ထူးခြားပြီး ရှားပါးသော ကုန်ပစ္စည်းများ ရှိရပေမည်။ ချန်လွေ့က ယခင် သက်တန့်တောင်ကြား၌ ပြုလုပ်ခဲ့သော ပစ္စည်းအချို့ကို ထုတ်ပြလိုက်သည်။ ထိုပစ္စည်းများ၏ ကုန်ကြမ်းနှင့် တန်ဖိုးမှာ သိပ်ပြီး မြင့်မားလှသည် မဟုတ်ပေ။ သို့သော်လည်း ထိုစတိုင်းဆိုင်က တန်ဖိုးမြင့်မားသည်ကို မကြည့်ပေ။ အရေးကြီးဆုံးမှာ “ထူးခြားရမည်” ဖြစ်သည်။ ထူးဆန်းလေလေ ပိုကောင်းလေလေပင် ဖြစ်သည်။ နောက်ဆုံး၌ ချန်လွေ့၏ ပစ္စည်းများသည် “စစ်ဆေးမှု”ကို ဖြတ်ကျော်သွားနိုင်ပြီး စတိုင်းဆိုင်ထဲသို့ အောင်အောင်မြင်မြင် “ဝင်ရောက်”နိုင်သွားခဲ့သည်။
ကုန်စည်ပြပွဲမစတင်ခင် ကုန်သည်များအားလုံးကို သေသေချာချာ ရှင်းပြသည်။ ရှင်းပြသည့်အရာများမှာ စတိုးဆိုင်၏ အထူးစည်းမျဉ်းအချို့ ဖြစ်ပြီး ကိစ္စတစ်ခုကို အသားပေး ပြောထားသည်။ အချိန်အတိုင်းအတာတစ်ခု၌ ဂုဏ်သရေရှိ အမျိုးသမီး စျေးဝယ်သူတစ်ယောက်က ဆိုင်သို့ ရောက်လာမည်။ အားလုံးက ဖော်ဖော်ရွေရွေနှင့် နှုတ်ဆက်ကြရသည်။ ထိုမိန်းကလေး သဘောကျသော အရာမှန်သမျှ ရောင်းပေးရမည်။ စျေးနှုန်းမှာ ပုံမှန်သာဖြစ်သင့်ပြီး မနည်းလွန်း မများလွန်းသင့်ပေ။
ထိုမိန်းကလေးက ပစ္စည်းတစ်ခု ဝယ်လိုက်လျှင် ရောင်းချသူက စျေးနှုန်း၏ ၅ဆကို ဆုလာဒ်အဖြစ် လက်ခံရရှိမည်။ အကယ်၍ စျေးဝယ်သူ ကျေနပ်မည်ဆိုလျှင် ရောင်းချသူက ဆုလာဒ် ၁၀ဆ ရရှိမည် ဖြစ်သည်။
သွေးရောင်အင်ပါယာမြို့တော်၏ အလားတူ ကုန်စည်ပြပွဲများသို့ ယခင်က အရေအတွက် အနည်းငယ်သာ လာရောင်ရောင်းချကြသည်။ ထိုစဉ်ကလည်း ထိုကဲ့သို့ အထူးစည်းမျဉ်းမျိုး ရှိခဲ့ပြီး အမှန်တကယ်ပင် ဆုလာဒ် ၁၀ဆ ရရှိခဲ့သည်။ ထို့ကြောင့် သံသယ ရှိစရာ မလိုအပ်ပေ။
အမျိုးသမီးဧည့်သည်မှာ ပထမတန်းစား တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လောက်ပေသည်။ ချန်လွေ့သည် ၎င်းကို အနည်းငယ် စိတ်ဝင်စားသွားသော်လည်း စိတ်သာဝင်စားပြီး သေသေချာချာ အာရုံမစိုက်ခဲ့ပေ။ လက်ရှိ သူ အာရုံစိုက်နေသည်မှာ ထိုရောင်းချသူများ၏ ပစ္စည်းများအပေါ်၌ ဖြစ်ပြီး အမှန်တကယ်ပင် အဆောင်ပစ္စည်း အတွက် လိုအပ်သော ကုန်ကြမ်းများနှင့် ရှားပါးပစ္စည်းကောင်း အချို့ကိုပင် ရှာတွေ့ခဲ့သည်။ ကံဆိုးစွာပင် သူက အကြီးမားဆုံးပန်းတိုင်ဖြစ်သည့် သြဇာယွမ်မြေကို ရှာမတွေ့သည့်အပြင် ထိုသူများထံမှ ဆက်ခ်ရက်တောင်တန်းအကြောင်းနှင့် သက်ဆိုင်သော သတင်းများ မရခဲ့ပေ။
ရောင်းချသူ တစ်ယောက်အနေနှင့် ချန်လွေ့ ထိုရွေးချယ်ထားသော ကုန်သည်များနှင့် သဘောတူညီမှု ရရှိခဲ့သည်။ အဆုံး၌ ထိုကုန်ပစ္စည်းများကို မည်သူမှ မဝယ်ကြလျှင် သင့်တော်သော စျေးနှုန်းဖြင့် အချင်းချင်း လဲလှယ်ပြီး ရောင်းချနိုင်သည်။ သို့သော်လည်း ချန်လွေ့၏ “ကုန်ပစ္စည်းများ”မှာ ထူးဆန်းလွန်းလှသည့်အတွက် သူတို့က ပိုက်ဆံဖြင့်သာ ရောင်းချချင်ကြသည်။ အခြားကုန်သည်များ၏ စိတ်ဝင်စားမှုရရှိအောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။
အပြင်ဘက်၌ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသော်လည်း အထူးစတိုးဆိုင်၏ ရောင်းဝယ်မှုများက သီးခြားနေရာတစ်ခု၌ တိတ်တိတ်ဆိတ်ဆိတ် ပြုလုပ်ကြသည်။ ဆိုင်ထဲရှိ ကုန်သည်များကို သေသေချာချာ ဒီဇိုင်းဆွဲထားသော နေရာများဖြင့် နေရာချထားပေသည်။ ၎င်းတို့သည် သပ်သပ်ရပ်ရပ်ရှိပြီး လူသွားလမ်းလည်း ကျယ်ဝန်း၏။ ကုန်သည်များနှင့် ထုတ်ကုန်များကို တစ်ချက်ကြည့်ရုံဖြင့် သေသေချာချာမြင်နိုင်ပြီး နေရာကလည်း လုံးဝ လူမပြည့်နေပေ။
စည်းမျဉ်းများအရ အထူးစတိုးဆိုင်များရှိ ရောင်းချသူများသည် စျေးဝယ်သူကို အော်ပြောခွင့်မရှိပေ။ ဆိုင်ခန်းတစ်ခုစီအရှေ့၌ ကုန်ပစ္စည်းနှင့် စျေးနှုန်းများ ရေးထားသော ဆိုင်းဘုတ်တစ်ခု ရှိသည်။ ပစ္စည်းတစ်ခုခုပေါ်၌ စျေးဝယ်သူများ စိတ်ဝင်စားပြီး မေးမြန်းမှသာ သူတို့ စကားပြော၍ ရနိုင်မည် ဖြစ်သည်။ စည်းမျဉ်းများကို ချိုးဖောက် သည်နှင့် ကုန်စည်ပြပွဲမှ ထုတ်ပယ်ခံရပေမည်။
ဧည့်သည့်အရေအတွက်မှာ သိပ်ပြီး မများလှပေ။ အဝတ်အစားနှင့် ပြောစကားများ အရ အများစုမှာ ထူးခြားသော ဂုဏ်ထူးများ ရှိကြပေသည်။ သူတို့သည် ရက်ရောပြီး စျေးဆစ်ခဲသည်။ တစ်နာရီအတွင်းမှာပင် စီးပွားရေးသမားများက ပိုက်ဆံအများအပြား ရရှိသွားကြပြီး ပြုံးနေကြတော့သည်။
ပိုက်ဆံအများအပြားရရှိသော ထိုစျေးဆိုင်များကဲ့သို့မဟုတ်ဘဲ ချန်လွေ့၏ ဆိုင်မှ ထူးဆန်းသော ပစ္စည်းများကို စုံစမ်းခဲလှပေသည်။ ချန်လွေ့ဘေးမှ ထူးဆန်းသော နတ်ဆိုးသားရဲများ ရောင်းချသော နတ်ဆိုးလူပုအိုကြီးသည်ပင် အကောင်လေးနှစ်ကောင် ရောင်းခဲ့ရသည်။ သို့သော်လည်း ချန်လွေ့ အစမကောင်းခဲ့ပေ။
နတ်ဆိုးလူပုအိုကြီးက ချန်လွေ့ကို ကြွားလုံးထုတ်ကာ ဖျပ်ခနဲကြည့်ပြီး တန်ဖိုးကြီးသော သားရဲငယ်လေးများ မလွတ်ထွက်ရန်နှင့် ပြဿနာမရှိစေရန် မှော်လှောင်အိမ်ကို သေသေချာချာ စစ်ဆေးနေလိုက်သည်။
ထိုအချိန်၌ အထူးစတိုးဆိုင်တွင် အမျိုးသမီးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ သူက ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာပြီး ငွေရောင်အနားကွတ်ထားသော အဖြူရောင် အင်္ကျီလက်တို ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူက အသားဖြူပြီး အချိုးအစားညီမျှသည်။ သူ၏ အပြာဖျော့ရောင် ဆံပင်များကို နောက်ဘက်တွင် နှစ်ခွထုံးထားပြီး မျက်နှာကို ပိုးဇာလွှားဖြင့် ဖုံးလွှမ်းထားသည်။ ချန်လွေ့သည် သူ၏ ပါးစပ်နှင့် နှာခေါင်းကို မမြင်ရပေ။ ၎င်းသည် အနည်းငယ် လျို့ဝှက်ဆန်းကြယ်ပုံရသည်။ သူ၏ပါးနပ်ပြီး တောက်ပသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူသည် ပြောင်မြောက်သော မျက်နှာ အသွင်အပြင်ရှိသည့် မိန်းမလှ တစ်ဦး ဖြစ်နိုင်လောက်ပေသည်။
ထိုအမျိုးသမီးက ယခုအချိန်မှသာ ပေါ်ထွက်လာပြီး ယခင်စုဝေးခြင်း၌ ဖော်ပြခဲ့သော ဂုဏ်သရေရှိ အမျိုးသမီး စျေးဝယ်သူနှင့် အလွန်ဆင်တူသည်။ ချက်ချင်းပင် ကုန်သည်များအားလုံးနီးပါး စိတ်အားတက်ကြွသွားကြသည်။ “ကြွယ်ဝခြင်းနတ်ဘုရားမ” အား သူတို့၏ဆိုင်သို့ လာစေရန် စိတ်အားထက်သန်နေကြသည်။ တင်းကြပ်သော စည်းကမ်းများကြောင့်သာ မဟုတ်လျှင် သူတို့သည် ထိုအမျိုးသမီးထံ ချဉ်းကပ်ပြီး ပစ္စည်းများ သွားရောင်းတော့မည် ဖြစ်သည်။
ချန်လွေ့က ထိုအမျိုးသမီးကို အဝေးမှ ဖျပ်ခနဲ မြင်လိုက်ပြီး ဘာမှမခံစားခဲ့ရပေ။ ချန်လွေ့သည် ပိုက်ဆံအတွက် ရောက်လာခြင်း မဟုတ်ပေ။ ထို့ပြင် ကုန်စည်ပြပွဲ တစ်ခုလုံးကို ဝယ်ယူရန်အတွက် သူက ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကို ထုတ်ပြရန်သာ လိုအပ်သည်။ ဆုလာဒ်ပိုက်ဆံအတွက် သူ မည်သည်ကြောင့် အလုပ်ရှုပ်ခံမည်နည်း။
ထိုမိန်းမလှကိုမူ သူ ပို၍ပင် စိတ်မဝင်စားပေ။ သူက အလွန်အမင်း လှပသည့်တိုင် ချန်လွေ့အတွက် အရေးမကြီးပေ။ ငါ့အိမ်က မိန်းမလှလူကြမ်းတွေက အမြဲတမ်း အချင်းချင်း ရန်ဖြစ်နေကြတာ။ ပြီးတော့ တစ်ခါတလေ ပြိုင်ဆိုင်မှုတွေ၊ ပြဿနာ အသေးလေးတွေပါ ဖြစ်တတ်တယ်။ သူတို့နဲ့တင် ငါ ခေါင်းကိုက်ဖို့ လုံလောက်နေပြီ။ ဘဝကို တန်ဖိုးထားပြီးတော့ မိန်းမလှတွေဆီကနေ ဝေးဝေးနေတာ ပိုကောင်းမယ်။
( မှတ်ချက်။ ။ ထို “မိန်းမလှ” ထဲတွင် မင်းသမီး + နတ်ဆိုးမလေး + နဂါးမလေး + သူဌေးမ + လျို့ဝှက်ဧကရီ တို့ မပါဝင်ကြပေ။)
ထိုအမျိုးသမီးက အရာအားလုံးကို သိချင်နေပုံရသည်။ သူက လှည့်ပတ်ကြည့် နေသည်။ သူက သုံးကုန်ပစ္စည်များကို ကောက်ယူကြည့်တတ်သည်။ သို့သော်လည်း ဆိုင်ပိုင်ဆိုင်၏ အကြည့်အောက်တွင် ပြန်ချထားလိုက်ပြန်သည်။ သူက ချန်လွေ့ဘက်သို့ လမ်းလျှောက်လာနေသည်။
ချန်လွေ့က အေးစက်သည့်ပုံစံပေါက်နေပြီး အခြားအရောင်းသမားများက အားကြိုးမာန်တက်နေ၍ ဖြစ်ပေသည်။ ထိုအမျိုးသမီး၏ အကြည့်က မဟာနတ်ဆိုးအဖြစ် ဟန်ဆောင်ထားသော ချန်လွေ့ထံ ရောက်ရှိသွားကာ သူ့အရှေ့မှ ထူးဆန်းသော ပစ္စည်းအပုံလိုက်ကို ကြည့်လိုက်သည်။ သူ၏အကြည့် ရုတ်တရက် ရွှေ့ပြောင်းသွားပြီး ကျန်သော ဆိုင်များများကို မကြည့်တော့ပေ။ သူက ချန်လွေ့ထံသို့ တန်းတန်းမတ်မတ် လျှောက်လာလိုက်သည်။
ဘေးဖက်မှ အရောင်းသမားများ နောင်တ ရသွားကြသည်။ ငါ ခပ်စောစော သိခဲ့ရင် အဲဒီဉာဏ်များတဲ့ မဟာနတ်ဆိုးလိုပဲ မသိချင်ယောင်ဆောင်နေမှာ။ ဟုတ်သားပဲ။ ရှေးဟောင်းနတ်ဆိုးတွေကနေ လက်ဆင့်ကမ်းထားတဲ့ ဆိုရိုးတစ်ခုရှိတယ်။ ..... သမားရိုးကျ မလုပ်နဲ့ ဆိုလားပဲ.....
ထိုအမျိုးသမီးက ရှေးမှော်စာအသုံးပြုပြီး လုပ်ထားသော ရိုးရှင်းသည့် အချိန်မှတ်စက်တစ်ခုကို ကောက်ယူလိုက်သည်။ ၎င်းကို အတော်ကြာ ကြည်ပြီးနောက် အချိန်နှင့်လိုက်၍ အလိုလို အရောင်တောက်သော လက်ပတ်တစ်ခုကို ကောက်ယူကာ မေးလိုက်သည်။ “ဒါကို ရှင့်ဘာသာ လုပ်ထားတာလား။”
အသံမှာ မိန်းမပျိုလေးအသံ ဖြစ်ဟန်တူသည်။ ၎င်းသည် နူးညံ့ပြီး ချိုမြိန်နေ၏။ ချန်လွေ့က စကားမပြောဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။
ဘေးဖက်မှ နတ်ဆိုးလူပုအိုကြီးက မျက်လုံးပြုတ်ထွက်လုမတတ် မနာလို ဖြစ်သွားခဲ့သည်။ ဒီ “ကြွယ်ဝခြင်းနတ်ဘုရားမ”က လမ်းတစ်လျှောက်မှာ ပစ္စည်းတွေ အများကြီးကို မြင်ခဲ့တယ်။ သူ စကားတစ်လုံးမှ မပြောခဲ့ဘူး။ ဒါပေမဲ့ သူက ဒီ သောက်ချီးထုပ် မဟာနတ်ဆိုးကို တကယ်ကြီး စကားပြောခဲ့တယ်။ ဒါက ဒီကောင်ရဲ့ ပစ္စည်းတွေကို သူ တော်တော်လေး စိတ်ဝင်စားနေပြီးတော့ ဝယ်တောင်ဝယ်နိုင်တယ်လို့ ဆိုလိုတာပဲ။
အမှောင်နတ်ဆိုးလူပုအိုကြီး တစ်ယောက်တည်းသာ မဟုတ်ဘဲ အနီးအနားရှိ အရောင်းသမားများလည်း မနာလို ဖြစ်နေကြသည်။ သို့သော်လည်း ချန်လွေ့၏ နှလုံးသားထဲရှိ အကြောက်တရားကို မည်သူမှ မသိကြပေ။ ထိုအချိန်၌ ချန်လွေ့သည် စိတ်လှုပ်ရှားမှုကို အတင်းထိန်းချုပ်ထားနေရသည်။ အကြောင်းရင်းမှာ သူ ဂရုမစိုက်လျှင် အခြားသူက သတိထားမိသွားနိုင်၍ပင်။
မျိုးနွယ် - လောဘတော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု - C+(S)
ခန္ဓာအမျိုးအစား - C-(S-)
ခွန်အား - C(S-)
စိတ်ဝိညာဉ် - C(S)
မြန်ဆန်မှု - C(S)
[ စိစစ်မှု ] - အမှောင်ဂုဏ်သတ္တိ။ အလင်းဂုဏ်သတ္တိ။
ဒါက နောက်ထပ် နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ပဲ။ ပြီးတော့ သူက မန်မွန် တော်ဝင်မိသားစုက။
ပထမဆုံး အင်ပါယာ ၇ခုကနေ အခုလက်ရှိ အင်ပါယာ ၃ခုအထိကို သွေးရောင် အင်ပါယာ၊ အရိပ်နက်အင်ပါယာနဲ့ ကြယ်ကြွေတမန် အင်ပါယာတို့က နှစ်ရှည်လများ မပြိုကွဲဘဲ ရပ်တည်နေနိုင်ခဲ့ကြသည်။ သူတို့တွင် ဝှက်ဖဲများဖြစ်ကြသော နတ်ဆိုး ဧကရာဇ်အဆင့်နှင့် နတ်ဆိုးအရှင်သခင်အဆင့်များ ရှိကြရပေမည်။ အိုဆိုင်ဒန်က ယခင် အမှောင်လ လေလံပွဲ၌ နတ်ဆိုးအရှင်သခင်အဆင့် လုပ်ကြံသူနှစ်ယောက်ကို စေလွှတ် ခဲ့သည်။ ထို့ကြောင့်ပင် သွေးမြေကျကဲ့သို့သော အစွမ်းထက်အဖွဲ့အစည်းက တိုက်ရိုက် သိမ်းပိုက်မည့်အား လျို့ဝှက်ကြံစည်နေကြခြင်း ဖြစ်ပေသည်။
သွေးရောင်အင်ပါယာ၏ အစွမ်းထက်ပုဂ္ဂိုလ်များထဲ၌ နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံး မဟာရိုင်ဇန်မှလွဲ၍ ချန်လွေ့သည် ပထမဗိုလ်ချုပ် ဂူစတက်ဗ် (ဘရေ့ဂက်)၊ မင်းသား နှစ်ပါး ဖြစ်သော အဲလီးရက်စ်၊ အက်မန်းတို့ကို မြင်ခဲ့ပြီးပြီ ဖြစ်သည်။ ယခုလျို့ဝှက် ဆန်းကြယ်သော အမျိုးသမီးကို ထပ်ပေါင်းလိုက်လျှင် ၅ယောက်ရှိပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ရောကောင်းသော အစွမ်းထက်ပုဂ္ဂိုလ်များ မည်မျှပုန်းနေသေးကြောင်း မည်သူမှ မသိကြပေ။
မူလက မြို့တော်၏ ဖိနှိပ်ခြင်း ခံထားခဲ့ရသော အမှောင်လ နယ်မြေ၌ ချန်လွေ့ မြင်တွေ့ခဲ့ရသော အမြင့်ဆုံးအဆင့်မှာ ရှီရာ၏ မဟာနတ်ဆိုးဘုရင်အဆင့် (ယခုတွင် နတ်ဆိုးဧကရာဇ်သို့ အဆင့်တက်သွား) ဖြစ်သည်။ သူ၏ လက်ရှိ အသိပညာနှင့် တိုးမြှင့်မှုများမှတစ်ဆင့် သူမြင်လာရသော အစွမ်းထက်ပုဂ္ဂိုလ်အရေအတွက် ပိုပို၍ များလာခဲ့သည်။ သူကိုယ်တိုင်က “မြင့်မားသော အဆင့်”သို့ ရောက်ရှိသွားပြီး နောက် တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေသည့်အခါ ယခင်က သူ မော်ကြည့်ခဲ့သော ထပ်သီးအဆင့်သို့ မရောက်ရှိနိုင်တော့ပေ။
သို့သော်လည်း သူ့အရှေ့မှ နတ်ဆိုးအရှင်သခင်အဆင့်သည် အမှန်တကယ်ပင် ကောင်မလေး တစ်ယောက် ဖြစ်ခဲ့လျှင် ထို “အိုမင်းသော” နတ်ဆိုးအရှင်သခင်များနှင့် နတ်ဆိုးဧကရာဇ်အဆင့်များ ဘေးဖယ်ပေး၍မည် ဖြစ်သည်။
ချန်လွေ့အတွက် ပို၍မယုံကြည်နိုင်စရာ ဖြစ်နေသည်မှာ မန်မွန် တော်ဝင်မိသားစုမှ ဆက်ခံထားသော အမှောင်ဂုဏ်သတ္တိအပြင် ထိုအမျိုးသမီး၌ အလင်းဂုဏ်သတ္တိပါ ရှိနေခြင်းပင်။
နတ်ဆိုးဘုံက အမှောင်ဒြပ်စင်တွေ အတက်ကြွဆုံးဖြစ်တဲ့ လောကတစ်ခုပဲ။ အမှောင်ဒြပ်စင်တွေရဲ့ ဝိပါက်ဖြစ်တဲ့ အလင်းဒြပ်စင်တွေက ဒီနေရာမှာ အနိမ့်ဆုံး အဆင့်အထိကို ဖိနှိပ်ခံထားရတာ။ အလင်းဒြပ်စင်မှော်ကို လေ့ကျင့်ထားကြတဲ့ နီရိုနဲ့ ဆမ်မြူရယ်လိုမျိုး လူသားတွေရဲ့ တိုက်ခိုက်ရေး စွမ်းအားက တော်တော်လေး နိမ့်ကျ သွားခဲ့တာ။ အဲလိုဆိုပေမဲ့လည်း ဒါက လေ့ကျင့်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ ပိုကောင်းတယ်။
ဒါပေမဲ့ လောဘတော်ဝင်မိသားစုရဲ့ ဒီမိန်းကလေးက တကယ်ကြီး အမှောင် ဂုဏ်သတ္တိနဲ့ မလိုက်ဖက်တဲ့ အလင်းဂုဏ်သတ္တိတစ်ခု ရှိနေတယ်။ ဒါကို ဘာကို ဆိုလိုတာလဲ။ သန္ဓေပြောင်းတာလား။
အကယ်၍ စူပါစနစ်ကသာ သူ၏ နတ်ဆိုးဘုံ တော်ဝင်မိသားစု သရုပ်ကို မပြသခဲ့လျှင် ချန်လွေ့က သူ့ကို နတ်ဆိုးဘုံသို့ ရောက်လာသည့် လူသားမိန်းကလေးဟုသာ ထင်မိပေလိမ့်မည်။
ထိုအမျိုးသမီးက ချန်လွေ့၏ မူမမှန်မှုများကို သတိမထားမိခဲ့ပေ။ သူက ချန်လွေ့ကို လုံးဝ ဂရုမစိုက်နေခဲ့ပေ။ သူက ပစ္စည်းအသေးလေးများကို တစ်ခုပြီးတစ်ခု ကောက်ယူပြီး ခေါင်းညိတ်နေလေသည်။ “ဝိုး။ အမြင့်ဆုံးက ၂ယွမ်ပဲ ဖြစ်နေမဲ့ ဒီဖန်တီးမှုတွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ရှင် ဒါကို ဘယ်ကနေ သင်ယူခဲ့တာလဲ။”
ထိုစကားကိုကြားလိုက်ရာ ချန်လွေ့ ထိတ်လန့်သွားပြန်သည်။ ထို “၂ယွမ်”မှာ ငွေကြေး တန်ဖိုးမဟုတ်ဘဲ ထိုပစ္စည်းများ၌ အသုံးပြုသော ရှေးမှော်စာအဆင့် ဖြစ်သည်။ ထိုအမျိုးသမီးက ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်သွားခဲ့သည်။ ဇိုလာအပြင်ကို နတ်ဆိုးဘုံမှာ ရှေးမှော်စာကျွမ်းကျင်တဲ့ ဒီလိုထူးထူးဆန်းဆန်း အမျိုးသမီးတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။
ချန်လွေ့ ခဏစဉ်းစားပြီး ချက်ချင်းပင် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်သည်။ “ဒါကို ကျုပ် ငယ်ငယ်တုန်းက ရွာမှာ အဘိုးကြီးတစ်ယောက် သင်ပေးခဲ့တာပါ။ ဒါက တော်တော် နက်နဲပြီးတော့ လျို့ဝှက်ဆန်းကြယ်တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူက ပျောက်သွား ခဲ့တယ်။ ဒီအဆင့်ထိ ရောက်ဖို့တောင် နှစ်တွေအများကြီး ကျုပ် ကြိုးစားခဲ့ရတယ်။”
“၂ယွမ်အတွက် ရှင်က တော်တော်လေး တော်နေပါပြီ.....” ထိုအမျိုးသမီးက ပြောပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ “အဲဒီအဘိုးကြီးက ဘယ်လိုပုံမျိုးလဲ။”
“ကျုပ် သိပ်ပြီး မမှတ်မိတော့ဘူး။ သူက အနက်ရောင် ခေါင်းစည်းပဝါကို ဝတ်ထားပြီးတော့ မုတ်ဆိတ်ဖြူ ရှိသလိုပဲ။ သူ့မှာ နာမည်မရှိဘူး။ လူတွေကတော့ သူ့ကို မုတ်ဆိတ်ဖြူလို့ ခေါ်ကြတယ်။ သူ ထွက်မသွားခင် ဆက်ခ်ရက်တောင်အကြောင်း ပြောခဲ့တာ ကျုပ် ရေးရေးလေး မှတ်မိတယ်။ သူ အဲဒီနေရာကို သွားချင်တာလားဆိုတာ ကျုပ် မသိဘူး။ နောက်တော့ အဲဒီအဘိုးကြီးနဲ့ ဆက်ခ်ရက်တောင်ကို ကျုပ် ရှာနေတော့ တာပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ ဘယ်ရောက်နေတာလဲဆိုတာ ကျုပ် မသိသေးဘူး။”
ထိုမုတ်ဆိတ်ဖြူဆိုသည်မှာ ချန်လွေ့မြင်ခဲ့ဖူးသော နာမည်ကြီး မန်ဂါဇာတ်ကောင် တစ်ခုမှ ငှားယူထားခြင်း ဖြစ်သ်ည။ သူက ဧကရာဇ် ၄ယောက်၊ ဟာကီ စသည်တို့ကိုပါ ပြောမိလုမတတ် ဖြစ်သွားသည်။ သို့သော်လည်း သူက အချိန်မီ ပါးစပ်ပိတ်လိုက်နိုင်သည်။
“ဆက်ခ်ရက်တောင်လား။” ထိုအမျိုးသမီး၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီးနောက် ခေါင်းခါလိုက်သည်။ “အဲဒီမှာ မုတ်ဆိတ်ဖြူဆိုတာ မရှိဘူး။ ရှင် သက်သက် အပင်ပန်းခံစရာ မလိုပါဘူး။”
ခုနက ချန်လွေ့က မြန်မြန် စဉ်းစားနေခြင်းသာ ဖြစ်သည်။ သူက အစမ်းသဘော မေးကြည့်ခြင်းသာ ဖြစ်သည်။ ဆက်ခ်ရက်တောင်အကြောင်းကို အမှန်တကယ် “ရရှိ” မည်ဟု မထင်ထားမိခဲ့ပေ။ သူ၏နှလုံးခုန်သံ မြန်သွားခဲ့ပြီး လွှတ်ခနဲ ပြောလိုက်မိသည်။ “မိန်းကလေးက ဆက်ခ်ရက်တောင်အကြောင်း သိတာလား။”
အမျိုးသမီးက မိမိသည် နှုတ်မစောင့်ဘဲ ပြောလိုက်မိကြောင်း သတိထားမိသွား၏။ သူက အလျင်အမြန်ပင် ပါးစပ်ကိုပိတ်ပြီး ခေါင်းခါလိုက်သည်။ သူသိသည်ကို လူအများကို ပြောပြနေသကဲ့သို့ပင်။ သူက ချစ်စရာကောင်းပြီး အပြစ်ကင်းသော ကောင်မလေး တစ်ယောက်နှင့် ပိုမိုတူသွားသည်။ သူက နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားကဲ့သို့ ကြောက်မက်ဖွယ်ရာစွမ်းအားနှင့် လိုက်ဖက်မှု မရှိပေ။
ချန်လွေ့က ဝေ့ဝိုက်ပြီး သုံးလေးခေါက် မေးကြည့်သော်လည်း မည်သည့် ရလာဒ်မှ မရလာခဲ့ပေ။ သူက အမြန်စဉ်းစားပြီး ရှေးမှော်စာများဆီသို့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “တော်ဝင်မိန်းကလေး။ ခင််ဗျားက ဒီမှော်စာမျိုးတွေကို သိနေသလိုပဲ။ မိန်းကလေးဆီက အကြံဉာဏ်တချို့ တောင်းလို့ရမလား မသိဘူး။”
ထိုကောင်မလေးက ခေါင်းခါရမ်းပြီး အမေးခံရမည်ကို စိုးရိမ်နေလေသည်။ သူက လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ချန်လွေ့က ထိုကဲ့သို့ သတင်းအချက်အလက် အရင်းအမြစ်ကို မည်ကဲ့သို့ လက်လျှော့နိုင်မည်နည်း။ “မိန်းကလေး။ ခဏနေပါဦး။ ကျုပ်မှာ ရှားပါးတဲ့ အထူးပစ္စည်း အသစ်တစ်ခု ရှိတယ်။ ခင်ဗျား တစ်ခါမှ မတွေ့ဖူးဘူးဆိုတာ ကျုပ်လောင်းရဲတယ်။”
ထိုစကားကြောင့် ကောင်မလေး ရပ်တန့်သွားခဲ့သည်။ သူပြန်လှည့်လိုက်ရာ ချန်လွေ့၏ လက်ထဲ၌ လက်၂ဖက်အရွယ်ရှိသော ထူးဆန်းသည့် ပစ္စည်းတစ်ခု ရှိနေလေသည်။ ၎င်းသည် ချောမွေ့ပြီးပြားသော စတုရန်းပုံ သလင်းကျောက်ပြားတစ်ခု ဖြစ်ဟန်တူသည်။ ၎င်းသည် လျို့ဝှက်ဆန်းကြယ်သော အရောင်များ လင်းလက်နေ၏။
ထိုကောင်မလေး ပြန်လှည့်လာပြီး သိချင်စိတ်ဖြင့် မေးသည်။ “ဒီပစ္စည်းအသစ်က ဘာများလဲ။”
“ဒါက တော်တော်လေး လျို့ဝှက်ဆန်းကြယ်တဲ့ မှော်ပစ္စည်းတစ်ခုပဲ။ ဒီထဲမှာ အဆုံးမရှိတဲ့ အသိဉာဏ်တွေနဲ့ အတွေးအခေါ်တွေ ပါဝင်တယ်။ ဒါက အမှားလုပ်မိရင် များလာပြီးတော့ အမှန်လုပ်ရင် ပျောက်ကွယ်သွားမယ့် ပျော်စရာဂိမ်းတစ်ခုပဲ။”
ချန်လွေ့က အတွေးအခေါ်သမားကဲ့သို့ လေးလေးနက်နက် တွေးနေသော ပုံစံ လုပ်နေသော်လည်း ၎င်းမှာ အလကား ဖြစ်သွားခဲ့သည်။ ထိုကောင်မလေးက “ပျော်စရာဂိမ်း”ဆိုသော စကားနှစ်လုံးမှလွဲ၍ မည်သည်ကိုမှ မကြားခဲ့ပေ။ သူ၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားခဲ့သည်။
“အဆုံးမဲ့အတွေးအခေါ်များ ပါဝင်နေသော လျို့ဝှက်ဆန်းကြယ်သည့် ပစ္စည်း”မှာ ချန်လွေ့က ယန္တရားပညာ၊ မှော်စာတို့နှင့် ပြုလုပ်ထားသော တက်ထရစ်ဂိမ်းပင် ဖြစ်လေသည်။ သက်တန့်တောင်ကြား၌ တော်တိုမည်ရ + စာဖိုမှူး + စမ်းသပ်ပစ္စည်း + တောင်ကြားအရှင်မလက်ထောက် စသည့် မမှတ်မိချင်သော အလုပ်များအကြားတွင် ထိုယာယီ “ခလုတ်ဂိမ်း”က ချန်လွေံအား ခက်ခဲသောနေ့ရက်များ၌ အဖော်ပြုပေးခဲ့သည်။ နောက်ဆုံး၌ သူသည် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး လှပသော တောင်ကြား သခင်မနှင့် သာယာဖွယ်ကောင်းသည့် ကာမဂုဏ်ဘဝသို့ ရောက်သွားခဲ့သည်။
ထိုဗားရှင်းမှာ ပြန်လည်ပြင်ဆင်ထားသော ခလုတ်ဂိမ်း ဖြစ်သည်။ ကံဆိုးစွာပင် ရှေးမှော်စာများမှာ အလွန်ပင် ရှုပ်ထွေးလှသည့်အတွက် ဤကဲ့သို့ သေးငယ်ပြီး ရိုးစင်းသော ဂိမ်းကိုသာ အတုပြုလုပ်နိုင်ပေသည်။ သို့မဟုတ်ပါက ချန်လွေ့က အွန်လိုင်း ဂိမ်းကုမ္ပဏီတစ်ခု တည်ထောက်လိုက်မည် ဖြစ်သည်။ သူက အခြားလောကမှ အခမဲ့ နည်းလမ်းများကို ကူးယူပြီး နတ်ဆိုးဘုံ၌ ပြန်လည်ရောင်းချ၍ ရနိုင်ပေသည်။
“ဒါက ရွှေ့တဲ့ခလုတ်။ ဒါက လှည့်တဲ့ခလုတ်။ အလျားလိုက်အတန်းကို ဒီလိုမျိုး ပျောက်အောင် လုပ်လို့ရတယ်....”
“သူ့ဘေးမှာရှိတဲ့ဟာက နောက်ထပ်ပေါ်လာမယ့်ပုံစံ။ ပြီးတော့ ဒီနံပါတ်က ကျုပ်ရဲ့ အမြင့်ဆုံး မှတ်တမ်းပဲ....”
“တစ်ခါတည်း နှစ်တန်းနဲ့ နှစ်တန်းထက်ပိုပြီး ပျောက်အောင် လုပ်နိုင်ရင် အမှတ်အပိုတွေ ရတယ်...”
ကောင်မလေးက ခါးကိုင်းရင်း ချန်လွေ့ ကစားနေသည်ကို အတော်ကြာ ကြည့်နေလိုက်သည်။ သူ၏မျက်လုံးများ တလက်လက် လက်နေ၏။ “ကျွန်မ စမ်းကစားကြည့်လို့ ရမလား....”
ထို့ကြောင့် ချန်လွေ့၏ လမ်းညွှန်မှုနှင့်အတူ ထိုကောင်မလေးက “အယူအဆ”နှင့် လေးလေးနက်နက် စတင်ဆွေးနွေးတော့သည်။ သူက ၎င်းကို မကစားဘဲ မနေနိုင်ပေ။ မသိလိုက်ဘဲနှင့် ၂နာ၇ီ ကြာသွားပြီးနောက်တွင် ထိုကောင်မလေးက သလင်း ကျောက်ပြားကို စိတ်အားလက်ရကိုင်ထားပြီး လွှတ်ပေးချင်စိတ် ရှိနေပုံ မရချေ။ သူ့အနားရှိ ရောင်းချသူများ၏ မျက်လုံးများကလည်း အနီရောင် ဖြစ်လုနီးပါး ဖြစ်သွားကြသည်။
“မစ်-တစ်ဖနီ။ ကျုပ် စီးပွားရေး လုပ်ရဦးမယ်။ ဒီလိုလုပ်ပါလား....” စကားပြောနေစဉ်အတွင်း ချန်လွေ့က ထိုကောင်မလေး၏ နာမည်ကို မေးခဲ့ပြီးပြီ ဖြစ်သည်။ သို့သော်လည်း ထိုအထိသာ ဖြစ်သည်။ တစ်ဖနီက ယခုတွင် ထိုဂိမ်းကို လုံးဝ စွဲလမ်းနေပြီး မည်သည့်စကားကိုမျှ မကြားတော့ပေ။
“အပေါ်က အနီရောင် အမှတ်ကို နှိပ်လိုက်။”
တစ်ဖနီကို အမှတ်ကိုနှိပ်လိုက်မိသွားသည်။ ထို့နောက် ဂိမ်းက ရပ်တန့်သွား၏။ သူက သတိပြန်ဝင်လာဟန်တူပြီး ရှက်ရှက်နှင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ဆိုင်မွန်။ ဒီမှော်ပစ္စည်းကို ကျွန်မ တော်တော်လေး သဘောကျတယ်။ ဒါကို ဘယ်လောက်နဲ့ ရောင်းတာလဲ။”
ဆိုင်မွန်ဆိုသည်မှာ ချန်လွေ့ အသုံးပြုသော နာမည်ဝှက်တစ်ခု ဖြစ်သည်။ သူတို့ စကားပြောနေစဉ်အတွင်း ထိုမိန်းကလေးက သိမ်မွေ့ပြီး အကြောင်းအကျိုးသင့်သော အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ချန်လွေ့ တွေ့ရှိသွားခဲ့သည်။ ထို့ကြောင့် သူက နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနှင့် တော်ဝင်ဂုဏ်ထူးကို အသုံးချကာ ၎င်းကို လုယူလိမ့်မည် မဟုတ်ပေ။ ဇိုလာသာဆိုရင် ထိုခလုတ်ဂိမ်းသည် “ငါ့ဟာ” ဟူသာ မျိုးရိုနာမည် ရသွားပေလိမ့်မည်။
“ဒါက မုတ်ဆိတ်ဖြူ ကျုပ်ကို ချန်ထားပေးခဲ့တဲ့ တစ်ခုတည်းသော အဖိုးတန် အမှတ်တရပါ။ ဒါက ရောင်းဖို့ မဟုတ်ပါဘူး....” တစ်ဖနီ၏ စိတ်ပျက်သွားသော မျက်လုံးများကို မြင်သည့်အခါ ချန်လွေ့ကို အခွင့်အရေးကို အရယူပြီး ပြောလိုက်သည်။ “ဒါပေမဲ့ မုတ်ဆိတ်ဖြူက သြဇာယွမ်မြေဆိုတဲ့ အရာတစ်ခုကို ရှာချင်တယ်လို့ ပြောတာ ကြားဖူးတယ်။ တကယ်လို့ မစ်-တစ်ဖနီက ကျုပ်ကို သြဇာယွမ်မြေ ပေးမယ်ဆိုရင် ဒီ အဖိုးတန်ဆုံးအမှတ်တရနဲ့ လဲလှယ်ပေးပါ့မယ်။”
“သြဇာယွမ်မြေလား။” တစ်ဖနီက အနည်းငယ် အံ့အားသင့်သွားဟန် ဖြစ်သွားပြီး ခေါင်းခါလိုက်သည်။ နောက်ဆုံး၌ သူက “ခလုတ်ဂိမ်း”ကို စိုက်ကြည့်နေပြီး အကြည့် မလွှဲနေနိုင်ခဲ့ပေ။
အမှန်တကယ်၌ ချန်လွေ့၏စကားများ၌ ဟာကွက်များ ရှိသည်။ အစပိုင်း၌ သူသည် မုတ်ဆိတ်ဖြူက ဆက်ခ်ရက်တောင်အကြောင်း ပြောခဲ့သည်ကိုသာ သတိရခဲ့သည်။ သို့သော်လည်း ယခုတွင် နောက်ထပ် သြဇာယွမ်မြေတစ်ခု ရှိနေလေသည်။ သို့သော် တစ်ဖနီက ထိုကဲ့သို့ နက်နက်ရှိုင်းရှိုင်း လျို့ဝှက်ကြံစည်တတ်သူ မဟုတ်ဘဲ ထိုခလုတ်ဂိမ်းကို စိတ်ဝင်စားသည့်အတွက်ကြောင့် သိပ်ပြီး အာရုံစိုက်မနေခဲ့ပေ။ သို့သော်လည်း ချန်လွေ့က မည်မျှပင် ဆွဲဆောင်စေကာမူ ထိုကောင်မလေးက ဆက်ခ်ရက် တောင်နှင့် သြဇာယွမ်မြေအကြောင်းနှင့်ပတ်သက်သော ကိစ္စများကို ဖွင့်ပြောရန် ငြင်းဆိုနေဆဲပင် ဖြစ်သည်။
တစ်ဖက်က နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် သူ အလွန်အကျွံလုပ်၍ မရပေ။ ချန်လွေ့က နေရာတွင်ပင် သက်ပြင်းချလိုက်သည်။ “ဒီနေ့ မစ်-တစ်ဖနီနဲ့ တွေ့ရတာက ရှားပါးတဲ့ အခွင့်အရေးတစ်ရပ်ပဲ။ ဒါကြောင့် မိတ်ဆွေကြားက လက်ဆောင်တစ်ခုအနေနဲ့ ဒီအဖိုးတန် ဂိမ်းသလင်းကျောက်ပြားကို ပေးလိုက်ပါ့မယ်။”
“ကျေးဇူးပါပဲ။ ဆိုင်မွန်။” တစ်ဖနီ အလွန်ပျော်ရွှင်သွားသည်။ သူက ၎င်းကို ရတနာတစ်ခုသဖွယ် ယူလိုက်သည်။ ချန်လွေ့ ခေါင်းခါပြီး သက်ပြင်းချနေသေးကြောင်း မြင်လိုက်ရသည့်အခါ တစ်ဖနီက အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ “တောင်းပန်ပါတယ်။ တချို့ကိစ္စတွေကို ကျွန်မ တကယ် ပြောပြလို့ မရလို့ပါ။ အဲဒီ သြဇာယွမ်မြေက.... ကျွန်မသိရသလောက်ဆိုရင် မြို့တော်ရဲ့ ယန္တရားအစည်းအရုံး အချက်အလက်ဌာနချုပ်မှာ မှတ်တမ်းတွေ ရှိလောက်တယ်။ ရှင့်မှာ အခွင့်အရေး ရှိမယ်ဆိုရင် သွားကြည့်လို့ရတယ်။ ဒါပေမဲ့ အဲဒီအရာမျိုးက ရှင် ထိတွေ့နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ကျွန်မ အခု သွားတော့မယ်။ နောက်တစ်ကြိမ် ရှင်နဲ့ ထပ်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအဖိုးတန် လက်ဆောင်အတွက် ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်ပါတယ်။ အမ်....ရှင့်ဆီက ပစ္စည်းတွေအားလုံး ကျွန်မ ဝယ်မယ်။”
ချန်လွေ့က ယခုတွင် “ရောင်းချသူ”တစ်ယောက် ဖြစ်နေသည့်အတွက် တစ်ဖနီ၏ စေတနာကို မငြင်းပယ်ခဲ့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် သဲလွန်စနည်းနည်းတော့ ငါရလာပြီ။ ကြည့်ရတာ ယန္တရား အစည်းအရုံးကို ငါသွားဖို့ လိုမယ့်ပုံပဲ။