← Chapters

အောင်နိုင်မှု။ နိတ်၏ တောင်းဆိုချက်

Vol. 30 Ch. 440

အောင်နိုင်မှု။ နိတ်၏ တောင်းဆိုချက်

Vol. 30 Ch. 440

အာ့ခ်လိုသည် အသက်၃၀အရွယ်ရှိသော မန်မွန်တော်ဝင်မိသားစုမှ လူငယ် တစ်ယောက် ဖြစ်သည်။ သူက ဆရာသခင် သုံးယောက်အ‌ရှေ့တွင် အတော်လေး ကျိုးနွံဟန် ပြသသော်လည်း ချန်လွေ့အပေါ် သူ၏အကြည့်တွင် ဖုံးကွယ်မထားသော မာနကြီးခြင်းနှင့် အထင်သေးခြင်းတို့ ပေါ်လွင်နေသည်။

အာ့ခ်လိုတွင်လည်း မာနကြီးရန် အကြောင်းရင်း ရှိသည်။ သူသည် ငယ်ရွယ်ပြီး နှစ်သွယ်-အထူးပြုဖြစ်ကာ တော်ဝင်မိသားစုဝင် ဖြစ်သည်။ သူ၏အနာဂတ်မှာ အကန့်အသတ် မရှိပေ။ နှစ်သွယ်-အထူးပြု ယန္တရားပညာရှင် အများအပြား ရှိသော်လည်း နတ်ဆိုးဘုံ၌ နှစ်သွယ်-အထူးပြု ယန္တရားဆရာသခင်များ အလွန်ရှားပါးလေသည်။ စကားလုံး ခြားနားရုံသာမဟုတ်ဘဲ ကြီးကြီးမားမား ခြားနားခြင်း ဖြစ်သည်။ နတ်ဆိုးဘုံကို တုန်လှုပ်စေခဲ့သော သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်အာသာမှလွဲ၍ နာမည်ကျော် နှစ်သွယ်-အထူးပြု ဆရာသခင်များမှာ ထိပ်သီး ယန္တရားဆရာသခင် နိတ်နှင့် နောက်မှ ပေါ်ထွက်လာသော ဟောဖို့ဒ်တို့သာ ဖြစ်သည်။

သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌနိတ်က တစ်ခါက ပြောခဲ့ဖူးသည်။ “တကယ်လို့ အာ့ခ်လိုက ဆက်ကြိုးစားပြီးတော့ နှစ်သွယ်-အထူးပြုမှာ အောင်မြင်မှု ရနိုင်မယ်ဆိုရင် သူ့ရဲ့အနာဂတ် အောင်မြင်မှုတွေက ငါ့ထက် သာလွန်မှာ သေချာတယ်။” ထိုစကားက တော်ဝင်မျိုးနွယ်ပါရမီရှင်အတွက် အားတက်စေရန် ဖြစ်သော်လည်း အာ့ခ်လိုက အဆင့်တူ ယန္တရားပညာရှင်များနှင့် ယှဉ်ပြိုင်ရာတွင် တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။ သူ၏ပါရမီကို သံသယ ဖြစ်စရာ မလိုပေ။

ထိုစာဖတ်ခန်းမ၌ ယန္တရားပညာရှင်များ ပြည့်နှက်သွားသည်။ သူတို့က အကျိုးပြုအမှတ် အကုန်ခံရသော်လည်း ပါရမီရှင်နှင့် “မောင်ကံကောင်း”တို့ကြား ယှဉ်ပြိုင်မှုကို အကျိုးပြုအမှတ် ရှိသည့်တိုင် ကြည့်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အများစုက လက်ထဲမှစာအုပ်ကိုချပြီး ပရိသတ်ဝင်လုပ်ကြတော့သည်။

“အခုရှိတဲ့ ဘယ်ယန္တရားပညာရှင်မဆို စမ်းသပ်ဖို့အတွက် ပစ္စည်းကိရိယာတစ်ခုခု ယူလာပေးပါ။” ထိုသို့ ဂျိူးလိယက် ပြောလိုက်သည်နှင့် ယန္တရားပညာရှင်အများအပြားက သူတို့ ဂုဏ်ယူရသော လက်ရာများနှင့် ပြေးလာကြပြီး ဆရာသခင်သုံးယောက်ကို အာရုံဆွဲဆောင်ချင်နေကြသည်။ သူတို့အထဲတွင် ဂျူးလိယက်နှင့် အာ့ခ်လိုတို့ကို ဖော်လံဖားသူအချို့လည်း ရှိနေကြသည်။

ဂျူးလိယက်က လက်နက်တစ်ခု၊ ချပ်ကာတစ်ခုနှင့် အဆင်တန်ဆာတစ်ခုကို ကျပမ်း ရွေးချယ်လိုက်သည်။ ထို့နောက် သူတို့ စားပွဲအလယ်တွင် ချထားသည်။

“ဟုတ်ပြီ။ အာ့ခ်လို။ ရစ်ချတ်။ မင်းတို့အခု စလို့ရပြီ။ နည်းလမ်းဖြစ်ဖြစ်၊ ကိရိယာဖြစ်ဖြစ် အကန့်အသတ် မရှိဘူး။ ထိုပစ္စည်းကိရိယာတွေရဲ့ ဂုဏ်သတ္တိတွေကို အမြန်ဆုံးနဲ့ အတိကျဆုံး ဖော်ပြနိုင်တဲ့သူ အနိုင်ရမယ်။”

သူတို့နှစ်ယောက်၏ ပြိုင်ပွဲကို မနှောင့်ယှက်မိစေရန် အပြင် ယန္တရားပညာကို လေ့လာကြည့်ရှုခွင့်ရမည့် အခွင့်ရေးကောင်းတစ်ရပ်လည်း ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ဆူညံသံများ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း “မောင်ကံကောင်း” ချန်လွေ့ကို အားလုံးနီးပါး အကောင်းမမြင်ကြပေ။

ဂျူးလိယက် အော်ပြောလိုက်သည့်အခါ အာ့ခ်လိုက သက်ဆိုင်ရာကိရိယာများကို ထုတ်ပြီး ဓားမြောင်၏ ဂုဏ်သတ္တိများကို စတင် စမ်းသပ်နေပြီ ဖြစ်သည်။ အကဲဖြတ်ခြင်းမှာ အဆင့်မြင့် စွမ်းရည်တစ်ခု ဖြစ်သည်။ ပစ္စည်းကို သက်ရောက်မှုမရှိစေဘဲ ဂုဏ်သတ္တိ တစ်ခုစီ၏ ရာနှုန်းအလိုက်ကို တိတိကျကျ သတ်မှတ်နိုင်ရန် စမ်းသပ်ကိရိယာအမျိုးမျိုးကို ထိန်းချုပ်ခြင်းနှင့် ကျွမ်းကျင်မှုအပြင် အတွေ့အကြုံရှိသော အမြင်လည်း လိုအပ်သည်။ အကြောင်းမှာ စမ်းသပ်ကိရိယာများမှာ အချက်အလက်များသာ ဖြစ်၍ပင်။ နားလည် သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့သည်သာ အရေးအကြီးဆုံး အခြေခံများ ဖြစ်ပေသည်။

ထိုထူးကဲအဆင့် ဓားမြောက်မှာ အာ့ခ်လို၏မျက်လုံးထဲ၌ အကောင်းဆုံး မဟုတ်ပေ။ သို့သော်လည်း အာ့ခ်လိုက လူအုပ်ကြီး၏အကြည့်အောက်တွင် အမှားအယွင်း မဖြစ်စေရန်နှင့် တိတိကျကျ သတ်မှတ်နိုင်ရန်အတွက် စမ်းသပ်မှုများ မှန်မှန်ကန်ကန် ပြုလုပ်နေခဲ့သည်။ ထိုယန္တရားပညာရှင်များက အာ့ခ်လို၏ စည်းချက်နှင့် ပစ္စည်းများ အသုံးပြုရာ၌ ကျွမ်းကျင်လှသော ပညာရပ်များအပေါ် တိတ်တဆိတ် မနာလို ဖြစ်သွားကြသည်။ သို့သော်လည်း ထိုအချိန်၌ နားဝင်မချိုသော အသံတစ်သံ ထွက်ပေါ်လာသည်။ “ကျုပ် ပြီးပြီ။ ဒီရလာဒ်ကို ဘယ်ဆရာသခင်ဆီ ကျုပ် လွှဲပေးရမလဲ။”

ထိုသို့ ပြောလိုက်သည်မှာ ချန်လွေ့ပင် ဖြစ်သည်။ လူတိုင်းက နားကြားမှားလေ သလားဟု ထင်မိလိုက်ကြသည်။ သူ နောက်နေတာပဲ ဖြစ်ရမယ်။ ဒီကောင်က ဘာမှ မသုံးခဲ့ဘူး။ သူက သွားပြီးတော့ ပစ္စည်းကိရိယာ၃ခုကို သွားကြည့်ဟန် ဆောင်ခဲ့တယ်။ နောက်တော့ သမ်းပြီးတော့ စက္ကူပေါ်မှာ စာသုံးလေးကြောင်း ရေးခဲ့တယ်။ မစခင် ပြင်ဆင်နေတာလို့ ငါထင်ထားတာ။ ပြီးတောင်ပြီးသွားပြီတဲ့လား။ မင်းကိုယ်မင်း ဆရာသခင်တစ်ယောက်လို့ ထင်နေတာလား။ ဆရာသခင်ဆိုရင်တောင် ဒီလောက်အထိ မမြန်ဘူး။

ထိုအရာ ဂျူးလိယက်နှင့် အာ့ခ်လိုသာမက မာဗင်နာပင် အံ့အားသင့်သွားသည်။ ချန်လွေ့က ပြောသည်။ “ကောင်းပြီလေ။ ကျုပ် ၃ခု ရေးလိုက်မယ်။ ဆရာရယ်၊ ဆရာသခင်မ မာဗင်နာနဲ့ ဆရာသခင် ဂျူးတို့အတွက် တစ်ယောက်တစ်ခုပေါ့။ ရှုံးသွားတဲ့ အခါ တစ်ယောက်ယောက်က မဝန်ခံဘဲနဲ့ တစ်ခုခု မလုပ်နိုင်အောင်လို့ပါ။”

ချန်လွေ့က အလျင်အမြန်ပင် နောက်ထပ်၂ရွက် ကူးပြီး ဆရာသခင်၃ယောက်ကို ကမ်းပေးလိုက်သည်။ မာဗင်နာနှင့် ဂျူးလိယက်တို့က လေးနက်သော အမူအရာများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က စားပွဲဆီသို့ တည့်တည့်သွားပြီး အာ့ခ်လို၏ လက်ထဲရှိ အခြားပစ္စည်းနှစ်ခုကို စတင် အကဲဖြတ်တော့သည်။

ဂျူးလိယက်၏ အမူအရာ ပို၍ပင် အရုပ်ဆိုးသွားသည်။ သူက အာ့ခ်လို၏လက်ထဲမှ ဓားကိုယူပြီး စတင်အကဲဖြတ်တော့သည်။ မာဗင်နာ၏ မျက်လုံးများက အံ့အားသင့်မှုနှင့် အဆက်မပြတ် အရောင်တောက်နေသည်။ ဆရာသခင် သူရိယသာ ဘေးနားတွင် အေးအေးဆေးဆေး ထိုင်နေသည်။ သူက ဂုဏ်ယူမှုကို ဖုံးကွယ်ရန်အတွက် တစ်ခါတစ်ရံ ဝိုင်တစ်ငုံ သောက်သည်။

“စိတ်ကူးလို့တောင်မရတဲ့ ပါရမီရှင်ပဲ။” မာဗင်နာက လက်ထဲမှာ ပစ္စည်းများကို အကဲဖြတ်ပြီးနောက် ချထားလိုက်သည်။ ထို့နောက် သူက ချန်လွေ့အား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ဆရာသခင် သူရိယထံသို့ မျက်လုံး ပြန်ရောက်သွားသည်။ “ဒီတစ်ခေါက် ရှင်က မယုံနိုင်စရာ အလုပ်သင်တပည့်တစ်ယောက်ကို လက်ခံခဲ့တာပဲ။”

ထိုစကားလုံးများက အာ့ခ်လို၏ ရှုံးနိမ့်မှုကို တစ်ဝက် ဆုံးဖြတ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ဆရာသခင် ဂျူးလိယက်၏ မျက်နှာက အလွန်အမင်း ဖြူဖျော့သွားသည်။ သို့သော်လည်း သူ ဘာမှ မပြောခဲ့ပေ။ အာ့ခ်လိုက သူ့နားသူ မယုံကြည်နိုင်ခဲ့ပေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပါရမီရှင်ဆိုတဲ့ စကားလုံးက ငါ့အတွက်သီးသန့် မဟုတ်လား။

အာ့ခ်လိုက ရိုင်းပျသွားမည်ကို ဂရုမစိုက်တော့ဘဲ ဂျူးလိယက်၏ လက်ထဲမှာ စက္ကူကို ဆွဲယူလိုက်သည်။ ၎င်းတွင် အမှန်တကယ်ပင် ပစ္စည်းတစ်ခုစီ၏ အသုံးပြုထားသော ကုန်ကြမ်းများအား စာရင်းပြုစုထားသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း အခြားကုန်ကြမ်းများ၌ အပိုမှတ်စုတစ်ခု ပါဝင်နေသည်။ “ကျုပ် မသိဘူး။ ဒါကို ကျုပ်ဆရာ မသင်ပေးရသေးဘူး။”

“ဒါက ပါရမီလေး တစ်ခုပါပဲ။” ဆရာသခင် သူရိယက အလွန်ဂုဏ်ယူနေခဲ့သည်။ သူက မာဗင်နာအရှေ့တွင် ကြွားလုံးထုတ်၍ မရသည့်အတွက် နှိမ့်ချသော စကားများသာ ပြောခဲ့သည်။ ချန်လွေ့လည်း မာနမကြီးနေခဲ့ပေ။ သူက အစေခံမလေး၏ နာခံတတ်ပြီး နှိမ့်ချသော အမူအကျင့်ကို အသုံးချကာ ဆရာသခင်သူရိယ အနောက်၌ တရိုတသေ မတ်တပ်ရပ်နေလိုက်သည်။

ထိုအချိန်၌ သူရိယလက်ထဲမှ စက္ကူကို အနီးအနားရှိ ယန္တရားပညာရှင်များထံ ကမ်းပေးလိုက်သည်။ တစ်စုံတစ်ယောက်က ၎င်းကို အသံအကျယ်ကြီးနှင့် ဖတ်ပြလိုက်သည်။ ထိုပစ္စည်းများကို ထုတ်ပေးခဲ့သော ယန္တရားပညာရှင် ၃ယောက် အံ့အားသင့်သွားကြသည်။ အပိုမှတ်ချက်ကို ဖတ်သည့်အခါ အတော်များများက ရယ်လိုက်ကြသည်။ သို့သော်လည်း ချန်လွေ့အပေါ် သူတို့၏ အကြည့်များက အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။

ဒါကြောင့် ဆရာသခင်မ မာဗင်နာက “စိတ်ကူးလို့တောင်မရတဲ့”၊ “မယုံနိုင်စရာ” လိုမျိုး နာမဝိသေသနှစ်ခုကို တစ်ဆက်တည်း သုံးခဲ့တာကိုး။ “ရစ်ချတ်”ဆိုတဲ့သူက ဆရာသခင်သူရိယရဲ့ တပည့်ဖြစ်သွားတာ ကံကောင်းလို့ မဟုတ်ဘူး။ သူ့မှာ တကယ်ပဲ ထူးခြားတဲ့ ပါရမီ ရှိတာပဲ။

ထိုအချိန်၌ အချိန်အတော်ကြာ မသိဘဲဖြစ်နေခဲ့သော ဆရာသခင် သူရိယသည် သွေးရောင် အင်ပါယာ၌ နာမည်ကျော်သွားတော့မည် ဖြစ်သည်။ တစ်နည်းပြောရလျှင် ဆရာသခင် သူရိယသည် ထိုကဲ့သို့ ပါရမီရှိသော အလုပ်သင်တပည့်မျိုး ရှာတွေ့သော ကံကောင်းသူတစ်ယောက်ပင် ဖြစ်လေတော့သည်။

“မဖြစ်နိုင်ဘူး။ ငါရှုံးတာ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့တွေ ညစ်ပတ်တဲ့ နည်းလမ်း တစ်ခုခု လုပ်ထားတာ ဖြစ်ရမယ်။” အာ့ခ်လိုက ရိုင်းရိုင်းပျပျနှင့် အော်ဟစ်လိုက်သည်။ သူက အမြဲပင် မတ်မတ်ရပ်နေပြီး မာနကြီးတတ်သည်။ ယခုတွင် အောက်သို့ ခပ်ပြင်းပြင်း ပြုတ်ကျ နေသည့်အတွက် ကွာဟချက်မှာ ထိုပါရမီရှင်အတွက် မခံနိုင်စရာပင် ဖြစ်လေသည်။

ဆရာသခင် ဂျူးလိယက်၏မျက်နှာ ပို၍ပင် ဖြူဖျော့သွားသည်။ ဒီပစ္စည်း ၃ခုကို ငါ ရွေးချယ်ခဲ့တာ။ အာ့ခ်လိုက ဒီလိုပြောတယ်ဆိုတော့ သူက သူ့ဆရာငါ့ကိုပါ အပြစ်တင်နေတာ မဟုတ်လား။

အနီးအနားမှ ယန္တရားပညာရှင်များသည် ငတုံးများ မဟုတ်ကြပေ။ အချို့က အာ့ခ်လို အော်ပြောသည်ကို သဘောမကျကြပေ။

“အရှုံးမခံနိုင်ရင် မပြိုင်နဲ့။ မင်းကိုယ်မင်း ပါရမီရှင်လို့ ခေါ်ရဲသေးတာလား။”

“ရှက်စရာကောင်။”

“…”

ထိုစကားများက အာ့ခ်လိုကို ပို၍ပင် ဒေါသထွက်သွားစေပြီး ဒေါသတကြီး ပြောလိုက်သည်။ “ရစ်ချတ်။ ခုနကဟာက မဆိုင်ဘူး။ မင်း ယောက်ျားဆိုရင် ထပ်ပြီး ပြိုင်ကြရအောင်။”

အာ့ခ်လိုက အရှုံးကို မဝန်ခံသည့်အတွက် ချန်လွေ့က သူ့ကို အနည်းငယ် အထင်သေး သွားသည်။ သူက ထိုကဲ့သို့သူကို ဖျော်ဖြေရန် အာရုံမထားပေ။

အာ့ခ်လို အလွန်ပင် ဒေါသူပုန်ထသွားခဲ့ပြီး ဆောက်တည်ရာမရ အော်ဟစ်လိုက်သည်။ “ငါက တော်ဝင်မိသားစုရဲ့ အထူးချွန်ဆုံး ပါရမီရှင်ပဲ။ မင်းလို နိမ့်ကျတဲ့ မဟာနတ်ဆိုးကို ငါ့နဲ့ထပ်ပြိုင်ဖို့ ငါ အမိန့်ပေးတယ်။”

ထိုစကားက လူအများကို ပို၍ပင် စိတ်ဆိုးသွားစေသည်။ ယန္တရားပညာရှင် အများစုမှာ မဟာနတ်ဆိုးများဖြစ်ကြပြီး ၅၀% ခန့် ရှိသည်။ ဆရာသခင် ၃ယောက်လည်း မဟာနတ်ဆိုးများ ဖြစ်ကြသည်။ ရုတ်တရက် ကြိမ်းမောင်းသံများ ဝုန်းခနဲ ထွက်ပေါ်လာ၏။

မာဗင်နာ၏မျက်နှာ ပို၍ပင် မည်းမှောင်သွားခဲ့သည်။ သူရိယက စကားပြောရန် ပြင်လိုက်စဉ် ချန်လွေ့က ပြောသည်။ “မင်းရဲ့လက်မှာ လက်စွပ်နှစ်ကွင်းရှိတယ် မဟုတ်လား။ တစ်ကွင်းက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ၂၀% တိုးစေပြီးတော့ အမြန်နှုန်းကို ၁၀% တိုးစေတယ်။ အမျိုးသား လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကို လှုံ့ဆော်ပေးတဲ့ အထူးကုန်ကြမ်းတစ်ခုလည်း ရှိသလိုပဲ။ ဒီအဆင့်မှာ သတင်းအချက်အလက်တစ်ခုကနေ တွေ့ထားတာ မှတ်မိပြီ။ အဲဒါကို ဆိတ်ထန်မြက်လို့ခေါ်တယ် ဆိုလားပဲ။ ဒါက အမျိုးသား လိင်ပိုင်းဆိုင်ရာ အလုပ်မလုပ်တာကို ကုသဖို့အတွက် သုံးကြတာ။ အား။ ဒီတစ်ခုက ဘာပါလိမ့်။ ဒါက “လိင်တံ” တင်းမာမှုကို ၁၀% တိုးစေတယ်။ ခံနိုင်ရည်နဲ့ သက်လုံကို ၂၀% တိုးစေတယ်။ နတ်ဆိုးဘုရားသခင်။ ဒါက ဘယ်လို လက်စွပ်မျိုးတွေလဲ။ ငါတို့ ထပ်ပြိုင်တာက ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါအခု သံသယဝင်တာက ဒီလက်စွပ်တွေကို ပစ်ထုတ်လိုက်ရင် မင်းက “ယောက်ျား”ဆိုတဲ့ စကားနဲ့တောင် ထိုက်တန်သေးရဲ့လား ဆိုတာပဲ။”

ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း၏မျက်လုံးများက အာ့ခ်လိုလက်ထဲရှိ လက်စွပ်များအပေါ်သို့ ရောက်ရှိသွားသည်။ အမျိုးသား လိင်ပိုင်းဆိုင်ရာ အလုပ်မလုပ် တာကို ကုသတဲ့ ဆိတ်ထန်မြက်တဲ့လား။ “လိင်တံ” တင်းမာမှုကို တိုးစေတယ်။ ခန္ဓာကိုယ် အင်အား ပြန်ပြည့်ဝမှု အမြန်နှုန်းကို တိုးစေတယ် တဲ့လား။

တီးတိုးပြောသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပြောစကားများမှာ ပါရမီရှင်၏ အမျိုးသားလုပ်ဆောင်မှု စွမ်းရည်များအကြောင်းကိုပင် ဖြစ်သည်။ ထိုအသံများ ကြားထဲ၌ အမျိုးသမီးများ၏ ရံဖန်ရံခါ ရယ်သံများလည်း ကြားရလေသည်။

အာ့ခ်လို၏ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်နှာချက်ချင်းပင် နီရဲသွားခဲ့သည်။ ထို့နောက် သွေးတစ်လုတ်အန်ပြီး မြေပြင်ပေါ်လဲကျကာ အမှန်ကတယ် သတိလစ် သွားခဲ့သည်။

အကျိုးပြုအမှန် ၅၀၀၀မှာ သူ၏စုဆောင်းမှု အကုန်နီးပါး ဖြစ်သည့်အတွက် ဂျူးလိယက်လည်း သတိလစ်သွားချင်ခဲ့သည်။ သို့သော်လည်း လူအများအပြားက မျက်မြင်သက်သေ ဖြစ်နေသည့်အပြင် ဆရာသခင်မ မာဗင်နာလည်း ရှိနေသည့်အတွက် စကားမတည်ရန် မဖြစ်နိုင်ပေ။

ထိုအံ့အားသင့်ဖွယ်ရာ စာအုပ်ပေါင်းချုပ်ခန်းမ ပြိုင်ပွဲ ပြီးနောက်တွင် အာ့ခ်လိုက ကိစ္စတချို့ကြောင့် နာမည်ကျော်သွားခဲ့သည်။ ၎င်းသည် လူပျင်းများအကြား၌ အချိန် အတော်ကြာ ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။ သေချာသည်မှာ ထိုယန္တရား ပါရမီရှင်သည် လူပုံအလယ်၌ အချိန်တစ်ခုအထိ ပေါ်ထွက်လာတော့မည် မဟုတ်ပေ။

နာမည်အကြီးဆုံးမှာ ချန်လွေ့၏ “မှော်မျက်လုံး”ပင် ဖြစ်သည်။ ထိုထူးဆန်းပြီး ပါရမီရှီသော မျက်လုံးများက ပစ္စည်းများ၏ ဂုဏ်သတ္တိများ၏ တိတိကျကျ မြင်ရုံသာမက အသုံးပြုထားသော ကုန်ကြမ်းများကိုပင် မြင်နိုင်သည်။ ထိုလူသစ် ယန္တရားပညာရှင်၏ အခြားအပိုင်းများမှာ ရှုပ်ပွနေသော်လည်း သူ၏ ထူးခြားပြီး အစွမ်းထက်သော ပါရမီ တစ်ခုတည်းကသာ ယန္တရားအစည်းအရုံးက တန်ဖိုးထားရသော ထိပ်သီးပါရမီရှင်များ အကြား၌ ရပ်နေနိုင်စေသည်။

အစည်းအရုံးမှ ဆရာသခင်များက အမူးသမား သူရိယကို မနာလို ဖြစ်လာကြသည်။ သူသည် အလွန်ကံကောင်းလှပြီး နတ်ဆိုးဘုံ၌ ပထမဆုံး အကဲဖြတ်ဆရာသခင် ဖြစ်လာနိုင်သည့် အလုပ်သင်တပည့်တစ်ယောက်ကို လက်ခံခဲ့လေသည်။ ဆရာသခင်များက သူရိယနှင့် ရင်းနှီးရန် ကြိုးစားလာကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရှားပါးသော ပစ္စည်းအချို့၏ ကုန်ကြမ်းများကို ခွဲခြားသိမြင်နိုင်ရန်အတွက် ချန်လွေ့၏ မှော်မျက်လုံးကို အသုံးချပြီး ထုတ်လုပ်ရေး လုပ်ငန်းစဉ်နှင့် နည်းစနစ်များ ပို၍ ထင်ထင်ရှားရှား တွက်ချက်နိုင်ရန် ဖြစ်သ်ည။ ၎င်းသည် မူလ ဆရာသခင်များ၏ တစ်ဆို့မှုများ ပြန်လည်တိုးမြင့်ရန် မျှော်လင့်ချက် ဖြစ်သွားစေသည်။

ချန်လွေ့၏ တောင်းဆိုချက်ကြောင့် ဆရာသခင် သူရိယက တောင်းဆိုချက် အားလုံးကို မတုံ့ပြန်ခဲ့ပေ။ သူက တပည့်ဖြစ်သူ၏ သင်ယူမှုကို အ‌နှောင့်အယှက် မဖြစ်စေချင်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ၎င်းသည် အစည်းအရုံး၌ ချန်လွေ့၏ မြင့်မားလာသော အဆင့်အတန်းကို သက်ရောက်မှု မရှိခဲ့ပေ။

ရက်အနည်းငယ် ကြာပြီးနောက် ချန်လွေ့က သူရိယ၏ စမ်းသပ်ခန်းဆီသွားရန် ပြင်လိုက်စဉ် ရုတ်တရက် စာတစ်စောင် ရသွားသ်ည။ ထိုစာကို နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး ယန္တရားဆရာသခင်နှင့် သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သော နိတ်က ပေးပို့ခဲ့ခြင်း ဖြစ်သည်။ နိတ်က ချန်လွေ့အား ဥက္ကဋ္ဌ ရုံးခန်းသို့ လာရောက်ရန် ပြောထားသည်။

ယခင်က ရံဖန်ရံခါ၌ ယန္တရားပညာအကြောင်း နားလည်သဘောပေါက်ရန်အတွက် နိတ်က တံခါးပိတ် လေ့ကျင့်တတ်သည်။ ထိုနေ့ရက်များ၌ သူသည် ထိုအပိုင်းကို ပြီးစီး နေခဲ့သည်။ သူက ဆရာသခင် သူရိယ၏ အလုပ်သင်တပည့် အသစ်၏ မှော်ပါရမီ အကြောင်း ကြားပြီးနောက် ချန်လွေ့ကို တွေ့ချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

နိတ်၏ပုံပန်းသွင်ပြင်မှာ အသက်၄၀ခန့်ရှိသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ သူသည် တုတ်ခိုင်သန်မာသောခန္ဓာကိုယ်ရှိပြီး မျက်နှာ‌လေးထောင့်၊ မျက်ခုံးထူထူနှင့် နှုတ်ခမ်းမွှေးလည်းရှိကာ အဟန့်ကောင်းသော အမူအရာရှိသည်။ [ သရုပ်ခွဲမျက်လုံး ] ၌ သူ၏စွမ်းအားအကဲဖြတ်မှုကို မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဟု ပြသထားသည်။

နိတ်က ချန်လွေ့အား ပစ္စည်းကိရိယာများ အကဲမဖြတ်ခိုင်းသလို အခြားမေးခွန်းများ ကိုလည်း မမေးခဲ့ပေ။ သူ၏ ပထမဆုံးစကားမှာ “ငါ့နာမည်က နိတ် မန်မွန်။ နတ်ဆိုးဘုံရဲ့ အစွမ်းအထက်ဆုံး ယန္တရားဆရာသခင်” ဆိုသည်ပင် ဖြစ်သည်။

ထိုလေသံသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် လွှမ်းမိုးနိုင်မှုကို ပြသနေသည်။ ၎င်းသည် ငါ့အပြင် နတ်ဆိုးဘုံရဲ့ ထိပ်ဆုံးမှာ ဘယ်သူရှိလဲ ဆိုသည့် လက္ခဏာမျိုးပင် ဖြစ်သည်။ ထို့နောက် သူ၏နောက်ထပ်စကားမှာ အောက်ပါအတိုင်းပင် ဖြစ်လေသည်။ “ငါမင်းကို ကိစ္စတစ်ခု မေးဖို့ပဲ ရောက်လာတာ။ မင်း ငါ့တပည့် ဖြစ်ချင်လား။”

နိတ်၏ တဲ့တိုးဆန်ပြီး ပို၍ပင် ဗိုလ်ကျသော တောင်းဆိုမှုက ချန်လွေ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ လက်ရှိတွင် နိတ်၏ ယန္တရားလောက၌ လုပ်ပိုင်ခွင့်နှင့် အဆင့်အတန်းမှာ အမှန်တကယ်ပင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ထိပ်တန်း ဆရာသခင်၏ တပည့်တစ်ယောက်ဖြစ်ရခြင်းမှာ စွမ်းရည်၌ဖြစ်စေ၊ အနာဂတ် ထွန်းတောက်ရန်အတွက်ဖြစ်စေ၊ သူရိယကဲ့သို့သူများနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်ပေ။

“ရစ်ချတ်”၌ ထိုကဲ့သို့ ထူးခြားသောပါရမီမျိုး ရှိစေကာမူ ၎င်းသည် ရွှေရောင် အခွင့်အရေးတစ်ရပ်ပင် ဖြစ်လေသည်။

သာမန် ယန္တရားပညာရှင်များဆိုလျှင် စိတ်ဝင်စားကြမည်မှာ သေချာသည်။ သို့သော် ချန်လွေ့ သာမန်ယန္တရားပညာရှင် မဟုတ်သလို သာမန်ဆရာသခင် တစ်ယောက်လည်း မဟုတ်ပေ။ သူက နိတ်၏ မသိစိတ်မှ နတ်ဆိုးဘုံကို တုန်လှုပ်စေခဲ့သော သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်ဖြစ်သော အကြီးမားဆုံး “ရန်သူ” ဖြစ်သည်။

နိတ်သည် ထူးခြားပြီး ခန့်ညားကာ ဆွဲဆောင်မှုရှိ၍ ရဲတင်းသည်။ ကံဆိုးစွာပင် ချန်လွေ့က နတ်ဆိုးဘုံ၏ ထိပ်တန်း ယန္တရားဆရာသခင်သည် အခြားသူများ၏ မှတ်ဉာဏ်နှင့် စွမ်းရည်ကို စုပ်ယူသည့် လျို့ဝှက်ပညာရပ်ကို အသုံးပြုသော ရွံစရာလူ ဖြစ်ကြောင်းကို ဆရာသခင် စကိုင်း (ဖွန်ဆက်)ထံမှ သိခဲ့ရသည်။

ယခုတစ်ခေါက် တပည့်လက်ခံခြင်းမှာ “ရစ်ချတ်”၏ အထူးပါရမီကြောင့် သို့မဟုတ် အခြားကောက်ကျစ်သော အကြံများကြောင့် ဖြစ်နိုင်ပေသည်။

မိမိအရှေ့မှ “မောင်ကံကောင်းသည်” မိမိ၏ အကြီးမားဆုံး ရန်သူဖြစ်သော ပါရမီရှင် ဆရာသခင် “အာသာ” ဖြစ်နေလိမ့်မည်ဟု နိတ် စိတ်ကူးပင် ကူးမိလိမ့်မည် မဟုတ်ပေ။ သူ၏ မသိသေးသော အသေးစိတ်များကို ချန်လွေ့က သေချာသိနေလိမ့်မည်ဟုလည်း သူ မထင်မှတ်ထားခဲ့ပေ။

ချန်လွေ့က ၎င်းကို သိသွားခဲ့ပြီ ဖြစ်သည်။ သူက တမင်တကာပင် အံ့အားသင့်ဟန် ဆောင်လိုက်ပြီး တုံ့ဆိုင်းနေခဲ့သည်။ “ဥက္ကဋ္ဌ။ ဒီကိစ္စက ရုတ်တရက် ဖြစ်လွန်းတယ်။ ကျုပ် စိတ်မပြင်ဆင်ရသေးဘူး.....”

နိတ်က ချန်လွေ့နှင့် စကားဆက်မပြောတော့ဘဲ မေးရုံသာ မေးလိုက်တော့သည်။ “ဒါဆို မင်း ဘာကို ရွေးချယ်မလဲ ငါ့ကိုပြော။”

“ဆရာသခင် သူရိယက ကျုပ်အပေါ် တော်တော်လေးကောင်းတယ်.....” ချန်လွေ့က တုံ့ဆိုင်းနေဟန် တူသည်။ သူက နိတ်၏ ကမ်းလှမ်းမှုကို အတော်လေး စိတ်ဝင်စားနေဟန်တူသည်။ “ဥက္ကဋ္ဌ။ ကျုပ်ကို စဉ်းစားဖို့ အချိန်နည်းနည်း ပေးနိုင်မလား မသိဘူး။”

“မနက်ဖြန်ကျရင် ငါ တံခါးပိတ်ပြီးတော့ နားလည်အောင် လုပ်ရမယ့်အရာ ရှိတယ်။ အဲဒါက တစ်ပတ်လောက်ကြာနိုင်တယ်။ ဒီနားလည်မှုပြီးရင် ငါ အဖြေရကိုရရမယ်။” နိတ်က အချိန်ကန့်သတ်ချက် ပေးလိုက်သည်။ “ပါရမီရှင်တိုင်း ငါ့ဆီကို ဒီလိုမျိုး လာလို့မရဘူး။ ဒီရုံးခန်းမှာ အခွင့်အရေးကို ယူနိုင်မနိုင်က မင်းရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်။ မမေ့နဲ့။ ဒီတစ်ခေါက်ပဲ မင်းမှာ ရွေးချယ်ခွင့်ရှိမှာ။”

ချန်လွေ့ အလျင်အမြန် အရိုအသေ ပေးလိုက်သည်။ “ဥက္ကဋ္ဌ။ ဒါဆိုရင် ကျုပ် အရင်ဆုံး ထွက်သွားလိုက်ပါမယ်။”

All Chapters