← Chapters

အောင်သွယ်

Vol. 30 Ch. 441

အောင်သွယ်

Vol. 30 Ch. 441

နိတ်က ချန်လွေ့ တုံ့ဆိုင်းနေသည်ကို သတိထားမိသွားပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ကိစ္စတချို့အတွက် မတည်ငြိမ်တဲ့စိတ်အစား ထူးချွန်တဲ့ ပါရမီတွေက ပိုပြီးသင့်တော်တာ အသေအချာပဲ။ နောက်ဆုံး အစီအစဉ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီပါရမီကို ငါလွဲသွားလို့ မဖြစ်ဘူး။

သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌနှင့် နတ်ဆိုးဘုံ၏ ထိပ်တန်း ယန္တရား ဆရာသခင် ဖြစ်သည့်အလျောက် နိတ်က ယုံကြည်ချက်အပြည့် ရှိသည်။ ကျော်ကြားမှု၌ဖြစ်စေ၊ အနာဂတ်၌ဖြစ်စေ၊ ဩဇာတိက္ကမ၌ဖြစ်စေ၊ သူရိယက သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ခုနက “ရစ်ချတ်”၏ စိတ်ဝင်စားမှုကို ကြည့်ခြင်းအားဖြင့် သူသည် နောက်ဆုံး၌ “အမြော်အမြင်အရှိဆုံး” ရွေးချယ်မှုကို ပြုလုပ်မည်မှာ သေချာပေသည်။

ဥက္ကဋ္ဌရုံးခန်းမှ ထွက်သွားပြီးနောက် ချန်လွေ့က လမ်းတစ်လျှောက်၌ ခပ်မြန်မြန် တွေးနေလိုက်သည်။ ငါက နိတ်ရဲ့ “အာရုံ”ကို ဆွဲဆောင်နိုင်မယ်လို့ ထင်ထားပေမဲ့ ပထမဆုံး တွေ့တဲ့နေရာမှာပင် ငါ့ကို ဆရာပြောင်းခိုင်းမယ် မထင်ထားခဲ့ဘူး။

ယန္တရားပညာဖြစ်စေ၊ တိုက်ခိုက်ရေး၌ဖြစ်စေ၊ လျို့ဝှက်ကြံစည်ခြင်း၌ဖြစ်စေ၊ နိတ်ကို ချန်လွေ့ မကြောက်ပေ။ သွေရောင်အင်ပါယာကို လာရတဲ့ ငါ့ရဲ့အဓိက ရည်ရွယ်ချက်က ဩဇာယွမ်မြေ ဖြစ်ပေမဲ့ ဖွန်ဆက်မိသားစုက ထိခိုက်ခဲ့တဲ့ ဒီလူ့ကို မမေ့နိုင်တဲ့သင်ခန်းစာပေးဖို့အတွက် ကိစ္စမရှိဘူး။ ပြီးတော့လည်း သူက ငါ့ကိုတောင် စပြီးတော့ ဖိတ်နေတာလေ။

ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ စာအုပ်ပေါင်းချုပ်ခန်းမရဲ့ တတိယအလွှာကို အရင်သွားတာ ပိုကောင်းမယ်။ စာအုပ်ပေါင်းချုပ် ခန်းမက ရှေးမှော်မျှော်စင်ကို မယှဉ်နိုင်ဘူး။ မှော်စက်ဝိုင်းတွေက ရှုပ်ထွေးပြီးတော့ အနုစိတ်ပေမဲ့ ပြောင်းလဲမှု‌တွေအားလုံးက ဗဟိုချက်ကနေ မသွေဖည်သွားတဲ့အတွက် အမြဲတမ်း သဲလွန်စရှိတယ်။ ချန်လွေ့၏ လက်ရှိ မှော်စက်ဝိုင်းအသိပညာအရ ကိုယ့်ကိုယ်ကိုယ် ပေါက်ကြားရန် မဖြစ်နိုင်ပေ။ အချိန်နှင့် အခြေအနေ အလုံအလောက် ရှိနေသရွေ့ စာအုပ်ပေါင်းချုပ်ခန်းမ၏ မှော်စက်ဝိုင်းများကို တတိယအလွှာအထိ တစ်ယောက်တည်း လုံးဝ ဖောက်ထွင်းနိုင်ပေသည်။ သို့သော်လည်း အခြေအနေ အကန့်အသတ် ရှိခြင်းကြောင့် ထိုကဲ့သို့ ဖောက်ထွင်း၍ မရနိုင်ပေ။ ကံကောင်းစွာပင် ယခင် လောင်းကြေးထပ်ခြင်း၌ ဆရာသခင် သူရိယက ဂျိူးလိယက်ထံမှ အကျိုးပြုအမှတ် ၆၀၀၀ ရရှိသွားခဲ့သည်။ အတွေးအမြင် အသစ်များ ရရှိစေရန်အတွက် သူရိယက နောက်သုံးလေးရက်၌ ချန်လွေ့အား တတိယအလွှာသို့ ခေါ်သွားမည့်အကြောင်း ကတိပေးခဲ့သည်။

ချန်လွေ့က ဆရာသခင် သူရိယ၏ စမ်းသပ်ခန်းထဲ ဝင်သွားလိုက်ရာ တစ်ယောက်တည်း သောက်နေသော သူ၏ “ဆရာ”ကို တွေ့လိုက်ရသည်။ ထိုအခြေအနေမှာ ၂ရက် ကျော်နေပြီ ဖြစ်သည်။ သူရိယတွင် စိတ်ပူစရာ အတော်များနေပုံရသည်။ သူက အယုံကြည်ရဆုံး တပည့်များအရှေ့၌ပင် ၎င်းကို ဖုံးကွယ်ထားခဲ့သည်။

“ဆရာ။ ခုနကပဲ ကျုပ်ကို ဥက္ကဋ္ဌနိတ်က သူ့ရုံးခန်းဆီ သွားခိုင်းခဲ့တယ်။”

“အင်း။” ဆရာသခင်သူရိယက ၎င်းကို သေသေချာချာ ကြားလိုက်ပုံ မရချေ။ သူ လေပျို့လိုက်ပြီး ငေးတိငေးမောနှင့် ပြောလိုက်သည်။ “ငါ ဒီနေ့ မအားဘူး။ သတင်း အချက်အလက်တွေကို မင်း ကိုယ့်ဘာသာ သွားကြည့်လို့ရတယ်။ မင်း နားမလည်တာရှိရင် ထရပ်စ်နဲ့ ရော်ဂျာတို့ကို မေးလိုက်။”

သူရိယ စိတ်ဓာတ်ကျနေသည်ကို မြင်သည့်အခါ ချန်လွေ့က စာအုပ်ပေါင်းချုပ်ခန်းမ တတိယအလွှာသို့သွားရန် မတောင်းဆိုနိုင်တော့ပေ။ သူက စမ်းသပ်ခန်းမှ ထွက်သွားလိုက်သည်။ ထိုစဉ် သူက ‌တံခါးဘက်တွင် ဝတုတ်တုတ်နှင့် မျက်လုံးသေးသော သေရွာပြန်တစ်ယောက် ဖြစ်သည့် “အစ်ကိုကြီး” ရော်ဂျာကို တွေ့ခဲ့သည်။

“ရော်ဂျာ။ ဆရာက ဒီရက်ပိုင်း စိတ်ဓာတ်ကျ နေသလိုပဲ။ သူ ပြဿနာတစ်ခုခု ကြုံနေရတာလား။”

ရော်ဂျာ ခေါင်းညိတ်ပြီး အတွင်းထဲသို့ကြည့်ကာ ချန်လွေ့အား အပြင်ဆွဲခေါ်သွားလိုက်သည်။

လူပြတ်သော ထောင့်တစ်နေရာသို့ လမ်းလျှောက်သွားပြီးနောက် ရော်ဂျာ၏ ဝတုတ်မျက်နှာက လျို့ဝှက်ဆန်းကြယ်သော အမူအရာ ပြသလိုက်သည်။ “ဒီလို။ ဒီကိစ္စရဲ့ အရင်းအမြစ်က မင်းမြင်ခဲ့တဲ့ ဆရာသခင်မ မာဗင်နာနဲ့ သက်ဆိုင်နေတယ်။ တကယ်တော့ ဆရာနဲ့ ဆရာသခင်မ မာဗင်နာတို့က.....”

“ကြိုက်‌နေကြတာလား...”

“ဟေး။ ပေါက်ကရတွေ မပြောနဲ့။ ဒါပေမဲ့ အဲလိုမျိုးပဲ။ အရင် စာအုပ်ပေါင်းချုပ် ခန်းမမှာတုန်းက မင်းကြောင့် ငါတို့ဆရာက ဆရာသခင်မ မာဗင်နာအရှေ့မှာ ဂုဏ်သတင်းတချို့ ရခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တစ်ခုခု ဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ ငါတို့ဆရာက အမြဲတမ်း ဒီလိုမျိုး ဖြစ်နေတော့တာပဲ။”

ဝတုတ်က သွားတော့မည် ပြင်လိုက်စဉ် ဘလူအန် ရောက်လာသည်ကို မြင်လိုက်ရသည်။ “ဒါနဲ့ ဘလူအန်က ဒါကို ပိုသိလောက်တယ်။ သူ့ကို မေးကြည့်လိုက်။”

ချန်လွေ့နှင့် ရော်ဂျာတို့က လျို့ဝှက်ဆန်းကြယ်သော မျက်နှာအမူအရာဖြင့် ထောင့်တစ်နေရာ၌ ‌ထိုင်နေကြသည်ကို ဘလူအန် မြင်လိုက်ရသည်။ သူက မည်သည်ဖြစ်ကြောင်း သိရရန် စဉ်းစားနေစဉ် ချန်လွေ့ လက်ဝှေ့ရမ်းပြသည်ကို မြင်လိုက်ရသည်။ “ဘလူအန်။ ဒီကိုလာခဲ့ဦး။”

အတင်းအဖျင်း ပြောပြီးနောက် ချန်လွေ့က အခြေအနေ တစ်ခုလုံးကို သဘောပေါက် သွားခဲ့သည်။

သူရိယနှင့် မာဗင်နာတို့က ငယ်ချစ်ဟောင်းများ ဖြစ်ကြပြီး “မိတ်ဆွေဟောင်း”ကဲ့သို့ ဖြစ်သည်။ သူတို့သည် ယန္တရားပညာအပေါ်၌ စိတ်နှစ်ထားကြသည်။ မာဗင်နာတို့မိသားစုက ဆင်းရဲသည့်အတွက် သူရိယကို သူ၏မိသားစုက သင့်တင့်သော နောက်ခံရှိသည့် အခြားမိန်းမတစ်ယောက်နှင့် အတင်းပေးစားခဲ့သည်။ လက်ထပ်ပွဲမတိုင်ခင် သူရိယက မာဗင်နာအား ခိုးပြေးရန် အစီအစဉ် ရှိခဲ့သည်ဟု ပြောကြသည်။ အဆုံး၌ သူရိယ၏ မပြတ်သားမှုကြောင့် ထိုအစီအစဉ် ပျက်သွားခဲ့ရသည်။

မာဗင်နာက အလွန်သန်မာသော မိန်းမတစ်ယောက် ဖြစ်သည်။ သူက သူရိယ အရှေ့၌ နောင်တရအောင် ပြုလုပ်မည်ဟု ကျိန်ဆိုခဲ့ကာ ဒေါသတကြီး ထွက်သွားခဲ့သည်။ စိတ်ကူး၍မရသော ကြိုးစားအားထုတ်မှုများနှင့် အခက်အခဲများ ပြီးနောက်တွင် သူက ယန္တရားဆရာသခင်မတစ်ယောက် ဖြစ်လာခဲ့သည်။ ယန္တရားအစည်းအရုံး၌ သူသည် ဆရာသခင် တစ်ယောက် ဖြစ်နေသော သူရိယနှင့် ပြန်လည်တွေ့ဆုံးခဲ့သည်။

နွားကျောင်းသားနှင့် ရက်ကန်းသူကဲ့သို့ ချိုမြန်ပြီး ချစ်စဖွယ်ကောင်းသော ပြန်လည်စုံစည်းခြင်းမျိုး မဟုတ်ခဲ့ပေ။ အမုန်းတရားနှင့် မကျေနပ်မှုများသာ ရှိသာည်။ လွှမ်းမိုးသူမှာ အလျှော့မ‌‌ပေးသည့် စရိုက်ရှိသော မာဗင်နာပင် ဖြစ်လေသည်။

ထိုမကျေနပ်ချက်သည် ဘလူအန်၏မိခင် သေဆုံးချိန်အထိ ဆက်လက် ဖြစ်ပွားခဲ့သည်။ ထို့နောက် မမျှော်လင့်ဘဲနှင့် မာဗင်နာက သူ့ “အချစ်ပြိုင်ဘက်”၏ သမီးဖြစ်သူကို တပည့်အဖြစ် လက်ခံခဲ့ပြီး အသေးစိတ် ဂရုစိုက်ပေးခဲ့သည်။ သူရိယက ပြန်‌လည်သင့်မြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မာဗင်နာက သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့လေသည်။

လွန်ခဲ့သောသုံးလေးရက်ခန့် စာအုပ်ပေါင်းချုပ် ခန်းမ၌ ချန်လွေ့၏အောင်နိုင်မှု ပြီးနောက်တွင် သူရိယက အခွင့်အရေးကို အသုံးချပြီး မာဗင်နာကို ထမင်းစားဖိတ်ခဲ့သည်။ မာဗင်နာက သူ၏ အရင်မှ မကောင်းမှုများကို ပြန်ပြောပြီး သနားစရာ “သစ္စာဖောက်”ကို ပြစ်တင်ဝေဖန်ရန်အတွက် ခက်ထန်သောစကားကို ပြောခဲ့သည်။ “အဲဒါကြောင့်ပဲ ဆရာသခင် သူရိယက ဒီရက်ပိုင်းမှာ ခြောက်ကပ်ကပ် ဖြစ်နေတာ။”

“လက်စသတ်တော့ ဒီလိုကိုး။” ဘေးနားမှ နားထောင်နေသော ချန်လွေ့က ချက်ချင်း သဘောပေါက်သွားသည်။ “ဆရာသခင်မ မာဗင်နာက ဘဲကို အိပ်တန်းတက်ခိုင်းနေတာ အသေအချာပဲ။”

ထိုအခြင်းအနာ၌ အမုန်းမှာ အမှန်တကယ်၌ အချစ်ဖြစ်သည်။

“ကျွန်မရဲ့ဆရာမကို ဒီလိုပြောခွင့်မပြုဘူး။” ဘလူအန်က ချက်ချင်း ဒေါသထွက်သွားသည်။ သူက ၎င်း၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း (တစ်‌‌ယောက်ယောက် မလုပ်နိုင်တာကို အတင်းလုပ်ခိုင်းတာ) ၎င်းသည် ချီးမွမ်းခြင်း မဟုတ်ပေ။ ဘလူအန်က မာဗင်နာနောက်သို့ ကလေးဘဝကတည်းက လိုက်နေခဲ့သည်။ အပြစ်လူများကို ရက်စက်သော သူ၏ဆရာမက သူ့ကို သမီးအရင်းသဖွယ် ဆက်ဆံသည်။ မာဗင်နာကလည်း သူ့ကို ဆရာစားမချန်ဘဲ သင်ကြားပေးသည်။ ထို့ကြောင့် သူတို့၏ ပတ်သက်မှုမှာ အတော်လေး ရင်းနှီးလှသည်။

ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ “ဒါက ရိုးရိုးရှင်းရှင်းပဲ မဟုတ်လား။ ဆရာသခင် မာဗင်နာကို ပိုးပန်းဖို့အတွက် မင်းအဖေကို သတ္တိမွေးခိုင်းလိုက်။ ဒါဆိုရင် ပျော်စရာ အဆုံးသတ် ဖြစ်ပြီ မဟုတ်လား။”

အချစ်ကြီးလေလေ အမုန်းကြီးလေလေပဲ။ ဒီလောက်ကို ရိုးရှင်းတာ။

ရိုးရိုးသာမန် ပတ်သက်မှုသာဆိုလျှင် အချစ်၊အမုန်း ရှိလိမ့်မည် မဟုတ်ပေ။

ထိုအချိန်၌ ရော်ဂျာက ဝင်ပြောသည်။ “ဘယ်လိုလုပ် ဒီ‌လောက် ရိုးရှင်းမှာလဲ။ ငါတို့ဆရာက တခြားကိစ္စတိုင်းကို အေးအေးဆေးဆေး ပြောလို့ရတယ်။ ဒါပေမဲ့ ဒီကိစ္စကို ငါတို့ပြောရင် သူ ချက်ချင်းပဲ ဒေါသထွက်သွားတယ်။ အရင်တစ်ခေါက်ကဆို ထရပ်က ဆရာစိတ်ကောင်းနေတုန်း အခွင့်ကောင်းယူပြီး စကားနည်းနည်း ပြောကြည့်ခဲ့တယ်။ ဒါပေမဲ့ ဆရာက သူ့ကို ၃လ လေ့ကျင့်နေဖို့ အပြစ်ပေးခဲ့တယ်။ ပြီးတော့လည်း မြို့တော်ကိုပြန်လာဖို့ သူ့ကို ခွင့်မပြုခဲ့ဘူး။”

လက်စသတ်တော့ ခေါင်းမာတဲ့ဘဲက တစ်ယောက်တည်း မဟုတ်ဘူးပဲ။ ဆာ “ဆရာ”က မိန်းမကိုလည်း လိုချင်တယ်။ မာနကိုလည်း လိုချင်တယ်။ ချန်လွေ့က မျက်လုံးလှန်လိုက်သည်။ “တကယ်တော့ ဒီကိစ္စက မခက်ပါဘူး။ ငါတို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။”

“ရှင်တကယ်ပဲ ကျွန်မအဖေနဲ့ ဆရာကြားက ပြဿနာကို ဖြေရှင်းနိုင်တာလား။” ဘလူအန်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက် သွားခဲ့သည်။

ဝတုတ် ရော်ဂျာလည်း စိတ်ဝင်စားသွားသည်။ “ရစ်ချတ်။ ငါတို့ ဘာလုပ်သင့်လဲ။”

“စိတ်ပိုင်းဆိုင်ရာ အဆက်အသွယ်မှာ အကာအရံ ရှိတဲ့ ယောက်ျားနဲ့ မိန်းမ‌တွေအတွက် သူတို့၏ ခန္ဓာကိုယ်ကို အရင်ဆက်သွယ်ဖို့ ငါတို့ စဉ်းစားရမယ်.....” ချန်လွေ့ ရယ်လိုက်ပြီး သူ၏ အစီအစဉ်ကို တီးတိုပြောလိုက်သည်။

နားထောင်မပြီးခင်မှာပင် ဘလူအန်၏ မျက်နှာက ပန်းသီးကဲ့သို့ နီရဲသွားခဲ့သည်။ ရော်‌ဂျာက အနည်းငယ် ငေးငိုင်သွားပြီးနောက် ကိုယ့်ပေါင်ကိုယ် ပုတ်လိုက်သည်။ “ဝိုး။ ရစ်ချတ်။ မင်းက တကယ်ကြီး ဒီလိုရဲတင်းတဲ့အကြံမျိုး စဉ်းစားတတ်တာပဲ။ ငါက ဆရာ့ရဲ့ ပထမဆုံး တပည့်ဖြစ်ပေမဲ့ ဒီအပိုင်းမှာတော့ ငါမင်းကို အစ်ကိုကြီးလို့ ခေါ်ရလိမ့်မယ်။ ငါအခုပဲ ထရပ်စ်ကို သွားခေါ်လိုက်မယ်။”

ဘလူအန် သက်ပြင်းချလိုက်သည်။ သူ၏ နားအရင်းများ နီရဲသွားခဲ့သည်။ သို့သော်လည်း သူ၏မျက်လုံးများက အနည်းငယ် မျှော်လင့်နေပုံရသည်။

ဤကဲ့သို့ “အဆက်အသွယ်”အတွက် အစီအစဉ် တစ်ခု စတင်တော့သည်။

ဆရာသခင်သူရိယက ထရပ်စ်ထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ ဆရာသခင်မ မာဗင်နာက သူ့ကို သူတို့၏ “အချစ်ဦးရတနာမြေ”ရှိ တဲအိမ်တစ်ခု၌ လာတွေ့ရန် ဖိတ်ကြားခဲ့သည်။ ထရပ်စ်က ဆရာဖြစ်သူကို လေးစားပြီး အခြားသူများကို မလိမ်ညာတတ်သည် မဟုတ်ခဲ့လျှင် ဆရာသခင် သူရိယက စိတ်ကယောင်ချောက်ခြား ဖြစ်နေသည်ဟု ထင်မိလိမ့်မည် ဖြစ်သည်။ သူက အလျင်အမြန် စိတ်ဓာတ်ကျနေမှုများကို ဖယ်ရှားလိုက်သည်။ ထို့နောက် တမင်တကာပင် ဝတ်ရုံအသစ် လဲလိုက်ပြီး စိတ်လှုပ်တရှားနှင့် အပြေးသွားတော့သည်။

ထိုအချိန်၌ ဘလူအန်ကလည်း မာဗင်နာအား ဖခင်ဖြစ်သူ၏ ဖိတ်ကြားစာ ပေးခဲ့သည်။ ခဏ စဉ်းစားပြီးနောက် ဆရာသခင်မ မာဗင်နာက ချိန်ထားသောနေရာသို့ သွားခဲ့သည်။

နောက်ပိုင်း ဝတုတ်ရော်ဂျာ၏ ဖော်ပြချက်များအရ ချိန်းတွေ့သောအခြေအနေသည် လုံးဝကို အံ့အားသင့်စရာကောင်းပြီး တုန်ခါသွားစေခဲ့သည်။ ၎င်းသည် သမိုင်းကဗျာ တစ်ခုကဲ့သို့ပင် ခမ်းနားထည်ဝါပြီး စိတ်ကူးယဉ်ဆန်လှသည်။ ၎င်းသည် နတ်ဆိုးဘုံ တစ်ခုလုံးကိုပင် တုန်ခါလုမတတ် ဖြစ်သွားစေခဲ့သည်။ နောက်ဆုံး၌ သူရိယနှင့် မာဗင်နာတို့၏ အိပ်မက်ဟောင်းများ အမှန်တကယ် ဖြစ်လာခဲ့ပြီး ချစ်သူများလည်း ပြန်လည်စုံစည်းသွားခဲ့ကြသည်။

အမှန်တကယ်၌ ချိန်းတွေ့သော အခြေအနေ အများစုမှာ စိတ်ကြွဆေးကြောင့်ဖြစ်သော ကုတင်ပေါ်မှမြင်ကွင်းများ ဖြစ်ကြသည်။ ခပ်စောစော ခင်းကျင်းထားခဲ့သော မှော်စက်ဝိုင်းများကြောင့်သာ မဟုတ်လျှင် အလွန်အမင်း အံ့အားသင့်ဖွယ်ရာ “တိုက်ပွဲအခြေအနေ” သည် အမှန်တကယ်ပင် မြို့တော်တစ်ခုလုံးကို တုန်ခါ‌သွားစေလိမ့်မည်။

ဝတုတ်က ၎င်းကို မပြောပြရဲပေ။ ထို့နောက် ဆရာသခင် သူရိယက အလွန်ဒေါသ ထွက်သွားခဲ့ပြီး ဆရာဖြစ်သူကို အကွက်ဆင်ရဲသော စကားနားမထောင်သည့် တပည့်၃ယောက်အား ဓားကိုင်ကာ လိုက်ဖမ်းပြီး အသက်ထွက်အောင် လုပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း တကယ့် “အသက်”မှာ အတူတူအိပ်ပြီးနောက် ဆရာသခင်မ မာဗင်နာ၏ ဝမ်းဗိုက်ထဲ၌သာ ရှိနေနိုင်ကြောင်း တပည့်၃ယောက် သိကြသည်။ ၎င်းမှာ မိန်းမနှင့် မာန နှစ်ခုလုံးကို လိုချင်သော သူတို့ဆရာ၏ ဟန်ဆောင်မှုသာ ဖြစ်သည်။

ဆရာသခင်နှစ်ယောက် အမြဲတမ်း အချင်းချင်း နီးကပ်နေကြပြီး သူရိယက တိတ်တဆိတ် ကျေနပ်နေသည်ကို မြင်နိုင်ပေသည်။

အပေါ်ယံ၌ ဆရာသခင်သူရိယက နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သော ချန်လွေ့ကို ရွံရှာမုန်းတီးသော ပုံစံဖြင့် အပြစ်တင်ခဲ့သော်လည်း အမှန်တကယ်၌ သူက နောက်ကွယ်မှ ကြိုးကိုင်သူ၏ အကြံဉာဏ်အ‌တိုင်း ပြုလုပ်ခဲ့သည်။ ထို့နောက် သူက အခွင့်အရေးကို အသုံးချပြီး မာဗင်နာအား အောင်အောင်မြင်မြင်နှင့် ချစ်ခွင့်ပန်နိုင်ခဲ့သည်။ အစည်းအရုံး တစ်ခုလုံးနှင့် သွေးရောင်အင်ပါယာသည်ပင် နာမည်ကြီး ယန္တရားဆရာသခင် နှစ်ယောက်က မိသားစု ဖြစ်တော့မည့် သတင်းကောင်းကို သိရှိသွားခဲ့ကြသည်။ သွေးရောင်အင်ပါယာ အုပ်စိုးသူ ရိုင်ဇန်သည်ပင် ဂုဏ်ပြုကြောင်း ဖော်ပြရန် တစ်စုံတစ်ယောက် စေလွှတ်ခဲ့သည်။

ဂျူးလိယက်မှာ မနာလို အဖြစ်ဆုံး ဖြစ်သည်။ သူက အကျိုးပြုအမှတ်အကုန် ဆုံးရှုံးခဲ့ပြီး သူ၏ တပည့်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့သည့်အပြင် အချစ်ရေး၌လည်း လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ယခုတွင် ၎င်းကို တွေးနေရန် အသုံးမဝင်တော့ပေ။

အပျော်ရွှင်ဆုံးမှာ ဘလူအန် ဖြစ်သည်။ အမြဲပင် မိခင် တစ်ယောက်ကဲ့သို့ ဖြစ်နေသော သူ၏ဆရာမက သူ၏မိခင် ဖြစ်လာခဲ့လေပြီ။ သူ၏မိခင် ဆုံးပါးသွားပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ သူသည် ပျော်စရာကောင်းပြီး ပြီးပြည့်စုံသော မိသားစုတစ်ခုကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူက ချန်လွေ့အား အလွန်ပင် ကျေးဇူးတင်နေ၏။

ပျော်ရွှင်စရာ အဖြစ်အပျက်ကြောင့် စိတ်အားတက်ကြွနေသော ဆရာသခင်သူရိယက တောင်းဆိုချက် မှန်သမျှကို လိုက်လျောပေးခဲ့သည်။ သူက ချန်လွေ့အား စာအုပ်ပေါင်းချုပ်ခန်းမ၏ တတိယအလွှာသို့ သုံးရက်ဆက်တိုက် ခေါ်သွားခဲ့သည်။

သို့သော်လည်း ချန်လွေ့ စိုးရိမ်နေသည်မှာ [ အထူးစိစစ်မှု ] ဖြင့် အဖိုးတန် အတွေ့အကြုံနှင့် သတင်းအချက်အလက် အများအပြား ရရှိထားပြီး ယန္တရားပညာ တိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နိုင်သော်လည်း ဩဇာယွမ်မြေနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ရှာမတွေ့ခြင်းပင် ဖြစ်လေသည်။

ငါ့ကို တစ်ဖနီက အရူးလုပ်လိုက်တာလား။

တစ်ဖနီရဲ့ စွမ်းအားနဲ့ စရိုက်ကို ကြည့်ရတာတော့ ဒါက သိပ်ပြီးတော့ မဖြစ်နိုင်ဘူး။ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စတုတ္ထအလွှာမှာပဲ တွေ့နိုင်တာများလား။

စာအုပ်ပေါင်းချုပ်ခန်းမ၏ စတုတ္ထအလွှာသည် သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ ထိပ်တန်းလျို့ဝှက်ချက် ဖြစ်သည်။ ဥက္ကဋ္ဌ နိတ်၏ ခွင့်ပြုချက်မရှိဘဲ ဆရာသခင် တစ်ယောက်ကပင် အထဲသို့ မဝင်ရောက်နိုင်ပေ။

အခုတော့ ဆရာသခင်သူရိယနဲ့ ဆရာသခင်မ မာဗင်နာတို့ကိစ္စတွေက ပျော်ရွှင်စရာအဆုံးသတ် ဖြစ်သွားပြီ။ ပြီးတော့လည်း သူရိယက စတုတ္ထ အလွှာကို ဝင်ဖို့အတွက် ခွင့်ပြုချက်မရှိဘူး။ ကြည့်ရတာ ငါ့ဆရာကို “သစ္စာဖောက်”ရမယ့် အချိန်ရောက်ပြီ ထင်တယ်။

All Chapters