ဆရာ့ကို သစ္စာဖောက်ခြင်း
Vol. 30 Ch. 442
“မှော်မျက်လုံး” ပါရမီရှင် ရစ်ချစ် ပေါ်ထွက်လာသော “သတင်း”နှင့် ဆရာသခင် သူရိယနှင့် ဆရာသခင်မ မာဗင်နာတို့ ပြန်လည်းပေါင်းထုပ်ကြသော သတင်းများနောက်၌ ယန္တရားအစည်းအရုံးက အံ့အားသင့်ဖွယ်ရာ သတင်းတစ်ခုကို ကြားလိုက်ရပြန်သည်။ မကြာသေးခင်ကမှ သူရိယ၏ တပည့် ဖြစ်လာခဲ့သော ရစ်ချတ်သည် သူရိယထံမှ ထွက်ခွာပြီး နတ်ဆိုးဘုံ၏ ထိပ်သီး ယန္တရားပညာရှင်နှင့် ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သော နိတ်မန်မွန်၏တပည့် လုပ်တော့မည့်အကြောင်း ရုတ်တရက် ကြေညာခဲ့သည်။
ထိုသတင်းက မြို့တော်တစ်ခုလုံး၏ စိတ်ဝင်စားမှုကို တိုးပွားစေခဲ့သည်။ ရုတ်တရက်ပင် ချန်လွေ့ကို ရွံရှာသော၊ လေးစားအားကျသော၊ မနာလိုကျသောသူများ ရှိလာကြသည်။
ထွက်သွားတော့မည့်အကြောင်း ပြောသည့်အခါ ဆရာသခင် သူရိယ၏ မျက်လုံးထဲရှိ စိတ်ပျက်မှုကို ချန်လွေ့ သေသေချာချာ မှတ်မိနေခဲ့သည်။ ဘလူအန်၏ မျက်လုံးများတွင် ဝမ်းနည်းမှု ပိုရှိနေသည်။ ထိုဝမ်းနည်းမှုထဲ၌ ထူးဆန်းသော အရိပ်အယောင် တစ်ခု ရှိနေ၏။ ချန်လွေ့က ရေးရေးလေး သဘောပေါက်လိုက်သော်လည်း မသိချင်သာ ယောင်ဆောင်နေလိုက်ရသည်။
အဖူးပဲ ရှိနေတုန်း ငါ ဖြတ်တောက်လိုက်သင့်တယ်။ ငါ့မှာ အသီနာနဲ့ တခြားသူတွေ ရှိနေပြီ။ ငါ ရောင့်ရဲသင့်တယ်။ ငါ အများကြီး တာဝန်မယူနိုင်ဘူး။ ပြီးတော့လည်း အခု ငါ့ရဲ့ အဆင့်အတန်းက သူလျှို ဖြစ်နေတယ်။
သူရိယတို့ သားအဖနှစ်ယောက်ကဲ့သို့ မဟုတ်ဘဲ ဆရာတူသော စီနီယာ နှစ်ယောက်က ပို၍ပင် ဒေါသထွက်နေခဲ့သည်။ စိတ်မရှည်သော ရော်ဂျာက ချန်လွေ့ကိုပင် ခုန်အုပ်ပြီး အော်ဟစ်ခဲ့သည်။ သို့သော်လည်း သူ့ကို ဆရာဖြစ်သူ၏ ဇနီးအသစ်ဖြစ်သော မာဗင်နာက တားဆီးခဲ့သည်။ မာဗင်နာက ချန်လွေ့အား စကားတစ်ခွန်းသာ ပြောခဲ့သည်။ “ဒီနေ့ မင်းရွေးချယ်တာကို မှတ်ထား။ ကိစ္စတွေအများကြီးမှာ လူတွေက တစ်ခါပဲ ရွေးချယ်လို့ရတယ်။”
အကယ်၍ ချန်လွေ့သာ ယန္တရားပညာရှင်ငယ်လေး “ရစ်ချတ်”သာဆိုလျှင် ထိုကဲ့သို့ နွေးထွေးသော အသိုက်အဝန်းငယ်လေးမှ သေချာပေါက် ထွက်သွားမည် မဟုတ်ပေ။ ကံဆိုးစွာပင် သူက ထိုကဲ့သို့ မဟုတ်ပေ။
ဤသို့ဖြင့် ဆရာသခင်နိတ်၏ တပည့်အသစ်ဖြစ်သော “ရစ်ချတ်”က သွေးရောင် အင်ပါယာ ယန္တရားအစည်းအရုံး၏ နောက်မှပေါ်သည့် ရွှေကြာပင် ဖြစ်လာခဲ့သည်။ သူ၏ ထူးခြားသော မှော်မျက်လုံး အကဲဖြတ်ပါရမီက နတ်ဆိုးဘုံတစ်ခုလုံးအား သူ၏ သာမန် ယန္တရားပညာကို လျစ်လျူရှုနိုင်အောင် ဖြစ်စေခဲ့သည်။ ဆရာသခင် သူရိယနှင့် နီးကပ်နေသော ဆရာသခင်များက ချက်ချင်းပင် ဆရာသခင်နိတ်ထံ မျက်နှာပြောင်းလိုက် ကြသည်။
သူရိယနှင့် မာဗင်နာတို့မှာ လူသစ်များ မဟုတ်ကြပေ။ သူတို့က လောကကြီး၏ သူတော်ကောင်းယောင်ဆောင်သော အမှန်တရားနှင့် သူတို့ကို စွန့်ခွာသွားပြီး ပိုမို စွမ်းအားကြီးသောနိတ်ကို ရွေးချယ်ခဲ့သည့် “ရစ်ချတ်”ကဲ့သို့ ပြောင်းလဲလွယ်သော ပတ်သက်မှုကို အေးအေးဆေးဆေး လက်ခံခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ဆရာသခင် နှစ်ယောက်က ချန်လွေ့၏ အောင်သွယ်ပေးမှုကို ကျေးဇူးတင်နေဆဲ ဖြစ်သည်။ သူ၏ အကြံဆိုးကြောင့်သာ မဟုတ်လျှင် ဆရာသခင်နှစ်ယောက်ကြားမှ ဆီးဆော ကစားခြင်းက နှစ်ပေါင်းများစွာ ကြာနေဦးမည် ဖြစ်သည်။ သို့သော်လည်း ချန်လွေ့ ထွက်သွားပြီးနောက် သူတို့၏သမီးဖြစ်သော ဘလူအန်၏ ဝမ်းနည်းမှုကြောင့် မာဗင်နာ၏ ကျေးဇူးတင်စိတ်က ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘလူအန်က သူ၏ သမီးအရင်း မဟုတ်သော်လည်း ဆရာတပည့်ကြားမှ ၁၀နှစ်ကျော် ပတ်သက်မှုသည် သာမန် သားအမိနှင့် ယှဉ်၍ ရနိုင်ပေသည်။
နိတ်၏တပည့်ဖြစ်လာပြီးနောက် ချန်လွေ့က အလွန်ပင် တက်ကြွနေခဲ့သည်။ သူက မှော်မျက်လုံးပါရမီကို အတော်လေး ချီးမွမ်းနေခဲ့သည်။ သို့သော်လည်း ချန်လွေ့၏ ယန္တရားပညာ အခြားအပိုင်းများ၌ သဘောပေါက်ခြင်း အားနည်းမှုနှင့် တိုးတက်မှု နွေးကွေးခြင်းတို့ကြောင့် နတ်ဆိုးဘုံ၏ ထိပ်တန်းဆရာသခင်ကို မျက်မှောင်ကြုတ်စေ ခဲ့သည်။
၎င်းမှာ ချန်လွေ့၏ ကြိုးကြိုးစားစားနှင့် ဖုံးကွယ်ထားမှုကြောင့် ဖြစ်သည်။ နိတ်ကဲ့သို့ ထိပ်တန်းဆရာသခင်အရှေ့၌ ဟာကွက်မှ ဖော်ပြမိနိုင်ရန် လွယ်ကူသည်။ ထို့ကြောင့် နားလည်စွမ်းရည်မှာ သူ၏အကောင်းဆုံး ဟန်ဆောင်ခြင်းဖြစ်ပြီး ပစ္စည်းများ မထုတ်လုပ်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့လေသည်။
ထိုဟန်ဆောင်ခြင်းက လက်ရှိတွင် အတော်လေး အောင်မြင်ခဲ့သည်။ “ရစ်ချတ်”၏ အားနည်းသော စွမ်းဆောင်ရည်ကြောင့် ပါရမီရှင်များကိုသာ မြင်ခဲ့သော နိတ်က စိတ်မရှည်တော့ပေ။ သူက ချန်လွေ့ကို ဖိအားမပေးတော့ဘဲ မှော်မျက်လုံး စွမ်းရည်ကိုသာ အာရုံစိုက် ပျိုးထောင်ခဲ့သည်။
ချန်လွေ့သည် စာအုပ်ပေါင်းချုပ်ခန်းမသို့သွားပြီး ကုန်ကြမ်းများအကြောင်း ဖတ်ရှုရန် အခွင့်အရေး ရရှိခဲ့သည်။ မူလက ထိုနေရာသို့ ဆရာသခင်အဆင့်များသာ ဝင်ရောက်နိုင်သည်။ ၎င်းမှာ ဥက္ကဋ္ဌ တပည့်၏ အထူးအခွင့်အရေးဟု ယူဆ၍ရနိုင်ပေသည်။ အကျိုးပြုအမှတ်အတွက်ကိုမူ နိတ်ပေးသော ဝေစုတစ်ခုအပြင် ချန်လွေ့ ကိုယ်တိုင်လည်း ရှာနိုင်ပြီ ဖြစ်သည်။ သူ၏အဓိက အရင်းအမြစ်မှာ ကုန်ကြမ်းများအား ခွဲခြမ်းပြီး သတ်မှတ် နိုင်ရန်အတွက် ထိုဆရာသခင်များကို မကြာခဏ အကူအညီပေးခြင်းမှ ဖြစ်လေသည်။
သူက ထိုနေရာ၌ သရုပ်ဆောင်နေရသည့်အတွက် ထိုကဲ့သို့ ရှားပါးသော အခွင့်အရေးမျိုးကို အလကားဖြစ်ခံမည် မဟုတ်ပေ။ ထို့အပြင် သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးရှိ စာအုပ်ပေါင်းချုပ်ခန်းမမှာ နတ်ဆိုးဘုံ၌ အကောင်းဆုံးဖြစ်သည်ဟု ပြော၍ရနိုင်သည်။ ၎င်းသည် အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန် အင်ပါယာတို့ထက် သာလွန်ပေသည်။ ထိုကဲ့သို့ အဖိုးတန် ကုန်ကြမ်းများကို ပြောင်းလဲ တတ်သော မှော်စာအုပ်များ၌ မှတ်တမ်းတင်ထားပြီး ၎င်းတို့ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ရန်အတွက် ချန်လွေ့က မူရင်းများကို ကြည့်ရလေသည်။ ၎င်းမှာ သြဇာယွမ်မြေကို ရှာဖွေခဲ့စဉ်ကကဲ့သို့ အမြန်ရှာဖွေခြင်းနှင့် လုံးဝကွဲပြားသည်။ [ အထူးစိစစ်မှု ] ၏ အကူအညီနှင့်အတူ လေ့လာရန် စိတ်နှစ်ထားသော ချန်လွေ့က အကျိုးအမြတ် အများအပြား ရရှိခဲ့သည်။ သူ၏ ရှေးမှော်စာ အသိပညာများနှင့် ပေါင်းစပ် လိုက်သည့်အခါ သူ၏ မူလက တံ့နေသော ယန္တရားပညာများ အနည်းငယ် တိုးတက် သွားကြောင်း ခံစားလိုက်မိသည်။
နိတ်၏အမြင်၌ ထိုတပည့်က အချိန်အနည်းငယ် ဖတ်ရှုပြီးနောက်တွင် ကုန်ကြမ်း အကဲဖြတ်စွမ်းရည် သိသိသာသာ “တိုးတက်” လာလေသည်။ ၎င်းမှာ ကျေနပ်စရာပင် ဖြစ်သည်။ ကြည့်ရတာ ဒီတပည့်က ဒီအပိုင်းမှာလည်း အစွမ်းထက်တဲ့ ပါရမီတစ်ခု ရှိတဲ့ပုံပဲ။ ဒါက ပစ္စည်းကိရိယာ ထုပ်လုပ်ရေးထက် ပိုပြီးတော့ သာလွန်တယ်။ အထူးလေ့ကျင့်ရေးက တကယ်မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပဲ။
မှော်မျက်လုံး၏ တဖြည်းဖြည်း “တိုးတက်မှု”နှင့်အတူ ချန်လွေ့က စတုတ္ထအလွှာသို့ သွားရန်အတွက် နိတ်ထံသို့ တောင်းဆိုခဲ့သည်။ ထိုအချိန်၌ သွေးရောင်အင်ပါယာမှ အမှောင်နတ်ဆိုးအဖွဲ့များက သတင်းတစ်ခု ပို့လိုက်သည်။
ထရပ်စ် သေဆုံးသွားပြီးနောက် အစ်ဇဘယ်လာက အလျင်အမြန်ပင် ချိန်ညှိမှုများ ပြုလုပ်ခဲ့ပြီး အသစ်တစ်ယောက်ဖြစ်သော တီရန်ကို တာဝန်ပေးခဲ့သည်။ ချန်လွေ့၏ အမိန့်အောက်တွင် တီရန်ကို အစွမ်းကုန်ကြိုးစားပြီး ထရပ်စ်ဟိုတယ် “မီးလောင်”ရသည့် အဖြစ်မှန်ကို စူးစမ်းရှာဖွေနေခဲ့သည်။ နောက်ဆုံး၌ သူက သဲလွန်အချို့ ရရှိခဲ့သည်။
ချန်လွေ့က မြို့ဆင်ဖြေဖုံးရှိ အနည်းငယ် လူသိများသော ဆေးဆိုင်တစ်ခုသို့ ရောက်ရှိလာသည်။ ၎င်းမှာ အမှောင်နတ်ဆိုး အခြေစိုက်စခန်း အသစ်တစ်ခု ဖြစ်သည်။
“တတိယဗိုလ်ချုပ် အားဒီလိတ်က တစ်ယောက်ယောက်ကို ဒီလိုမျိုး လုပ်ခိုင်းခဲ့တာလား။ အထူးစတိုးဆိုင် တစ်ခုလုံးကို ထိန်းချုပ်နေတဲ့သူက အားဒီလိတ်လား။ မင်းပြောတာ သေချာလား။” ချန်လွေ့က တီရန်၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်ကဲ့။ သေချာပါတယ်။” တီရန်က စကားနည်းသော အမှောင်နတ်သူငယ် တစ်ယောက်ဖြစ်သည်။ သူ၏လက်ရှိသရုပ်မှာ ဆေးရည်ပညာရှင် ဖြစ်သည်။ သူ့တွင် ထူးဆန်းသော စိတ်နေသဘောထားရှိသော်လည်း အလွန်အမင်း တည်ငြိမ်ိလှသည်။ သူပြောခဲ့သည်မှာ အကြိမ်ကြိမ် အတည်ပြုပြီးမှ ရရှိလာသော သတင်းအချက်အလက် ဖြစ်သည်။
ချန်လွေ့က တစ်ဖနီအား ပထမဆုံးအချိန် တွေ့ခဲ့ရသော မြင်ကွင်းကို တွေးလိုက်မိပြီး အဆိပ်သောက်သေသွားသော သွေးရောင်အင်ပါယာ၏ လျို့ဝှက် သတင်းအချက်အလက်ဌာနမှ ခေါင်းဆောင်ငယ်လေး မန်တီလာအကြောင်း တွေးမိ လိုက်သည်။ ချန်လွေ့တွင် “ဂိမ်းသလင်းကျောက်ပြား” ထုတ်လုပ်ရန် တန်ဖိုးမရှိကြောင်း သေချာအောင် ပြုလုပ်ပြီးနောက်တွင် သူက ချန်လွေ့အား သတ်ရန်စဉ်းစားနေစဉ်အတွင်း ဆာတစ်ယောက်၏ တားမြစ်မှုကို ချန်လွေ့ ချိုးဖောက်ခဲ့ကြောင်း ပြောခဲ့သည်။ ချန်လွေ့က စဉ်းစားနေလိုက်မိသည်။
ဒီအခြေအနေကိုကြည့်ရတာ တစ်ဖနီကို ထိလို့မရတဲ့ တားမြစ်မှုတစ်ခုလုံး မြင်နေတဲ့ ဆာတစ်ယောက် ရှိတဲ့ပုံပဲ။ သူက တစ်ဖနီရဲ့ နီးကပ်တဲ့သူတိုင်းကို ရက်ရက်စက်စက် သတ်ပစ်တယ်။ အဲဒါကို အကာအကွယ်လို့ ခေါ်ရမယ့်အစား တယူသန်တဲ့ မနာလိုမှုလို့ ခေါ်ရမယ်။
အားဒီလိတ်က တော်ဝင်မိသားစုကဖြစ်ပေမဲ့ တစ်ဖနီက နတ်ဆိုးအရှင်သခင် အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ပြီးတော့ အာဒီးလိတ်က နတ်ဆိုးဧကရာဇ်အဆင့်ပဲ ရှိသေးတယ်။ သူ့မှာ ဒီလိုအရည်အချင်း မရှိလောက်ဘူး။ ဒါဆိုရင် အဲဒီဆာက အာဒီးလိတ်ကို အသုံးချနေတာပဲ ဖြစ်ရမယ်။ သူက တိုက်ရိုက်ညွှန်ကြားမှုမရဘဲနဲ့ အဲဒီဆာရဲ့ ကြိုက်တာ မကြိုက်တာတွေကို ဖြည့်ဆည်းပေးဖို့နဲ့ မျက်နှာချိုသွေးဖို့အတွက် အဲဒီအပြစ်မဲ့တဲ့ သူတွေအားလုံးကို သတ်လိုက်တာလည်း ဖြစ်နိုင်တယ်။
သွေးရောင်အင်ပါယာမှာ အားဒီလိတ်ကို ဒီလိုလုပ်နိုင်တဲ့ ဆာတွေက လက်တစ်ဆုပ်စာပဲ ရှိတယ်။ သူတို့ထဲက တစ်ယောက်ကတော့ တော်ဝင်မိသားစုရဲ့ အန္တိမအုပ်ချုပ်သူဖြစ်တဲ့ ရိုင်ဇန်ပဲ။ ဒါပေမဲ့ သံသယဝင်စရာ အကောင်းဆုံးကတော့ အားဒီလိတ်ရဲ့ သူဌေးဖြစ်တဲ့ ဒုတိယမင်းသား အက်မန်းပဲ။
သွေးရောင်အင်ပါယာသို့ ချန်လွေ့ ပထမဆုံး ရောက်လာခဲ့စဉ်က အက်မန်း လုပ်ကြံခံခဲ့ရသည်။ တရားခံမှာ သူ၏အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သော အဲလီးရက်စ်လား၊ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်ပြီး အခြားတစ်ယောက်ကို စွပ်စွဲခြင်းလား ဆိုသည်ကို မည်သူမှ မသိကြပေ။ သွေးရောင်အင်ပါယာ၏ အာဏာလုယက်မှုများမှာ ခန့်မှန်း၍ မရနိုင်အောင်ပင် ဖြစ်သည်။ အပြင်လူများအတွက် ပြောရန် ခက်ခဲပေသည်။
အမှောင်လကဲ့သို့ နယ်မြေတစ်ခုအတွက် သွေးရောင်အင်ပါယာ၏ ဖရိုဖရဖြစ်မှုထဲ၌ သိသာထင်ရှားသော အကျိုးအမြတ်များ မရရှိနိုင်ပေ။ သို့သော်လည်း သွေးရောင် အင်ပါယာ၏ ရည်ရွယ်ချက်များမှာ အမြဲပင် ကြီးကျယ်နေခဲ့သည်။ ကတ်သရင်းက အင်ပါယာသုံးခု မဟာမိတ်အတွက် အစီအစဉ် မပြုလုပ်ခဲ့လျှင် သွေးရောင်အင်ပါယာသည် သန်းခေါင်နေအရှင် သေဆုံးသွားပြီးနောက် ကြယ်ကြွေတမန် အင်ပါယာအား ကျူးကျော်ခဲ့မည် ဖြစ်သည်။ ယခင်နှစ်များအတွင်း နယ်စပ်ရှိ မှော်ဆရာခံတပ်တွင် ပဋိပက္ခ အများအပြား ဖြစ်ပွားခဲ့သည်။ ငါ ဒါကို အခွင့်ကောင်းယူပြီးတော့ သွေးရောင်အင်ပါယာရဲ့ ဖရိုဖရဲဖြစ်မှုကို ပိုပြင်းထန်အောင် လုပ်ရမယ်။ ဒါက အင်ပါယာသုံးခုရဲ့ လက်ရှိ အခြေအနေကို ထိန်းသိမ်းဖို့အတွက် အတော်လေး အကျိုးရှိတယ်။ အနည်းဆုံးတော့ ထရပ်စ်သေခဲ့တာ အလကားသက်သက် မဟုတ်ခဲ့ဘူး။
ထိုသို့ တွေးမိပြီးသည်နှင့် ချန်လွေ့က အဲလီးရက်စ်၏ သတင်းအချက်များနှင့် အသစ် ခန့်အပ်ခံထားသော တတိယဗိုလ်ချုပ်၏ လုပ်ရပ်များကို အပြည့်အဝ အာရုံစိုက်ထားရန် တီရန်အား ချက်ချင်း အမိန့်ပေးခဲ့သည်။ အက်မန်းသည် နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်ပြီး လက်ရှိ၌ ချန်လွေံ မတိုက်ခိုက်နိုင်ပေ။ သို့သော်လည်း နတ်ဆိုးဧကရာဇ်အဆင့် အားဒီလိတ်မှာမူ အဖြေတစ်ခု ဖြစ်နိုင်ပေသည်။
“ဒါနဲ့ သွေးရောင်အင်ပါယာရဲ့ လျို့ဝှက် သတင်းအချက်အလက်ဌာနကို အဖြစ်နိုင်ဆုံး စုံစမ်းခဲ့။ အဓိကတော့.....” ချန်လွေ့က တီရန်ကို စကားအနည်းငယ် တီးတိုးပြောလိုက်ပြီးနောက် အလေးပေးလိုက်သည်။ “အဲလီးရက်စ်ရဲ့ သတင်းနဲ့ လုပ်ရှားမှုတွေကို အာရုံစိုက်။ လျို့ဝှက် သလင်းအချက်အလက်ဌာနထဲ နက်နက်ရှိုင်းရှိုင်း မဝင်သွားနဲ့။ အမှောင်နတ်ဆိုးအင်အားက အခုမှ စရုံပဲ ရှိသေးတယ်။ ပြီးတော့ ပြိုင်ဘက်က ငါတို့ထက် အင်အားကြီးတယ်။ ငါတို့တွေ အာရုံစိုက်ခံရလို့ မဖြစ်ဘူး။”
ထီရန် ခေါင်းညိတ်လိုက်သည်။ “ဆာ။ နောက်ထပ် သတင်းတစ်ခုလည်း ရှိတယ်။ နိတ်ရဲ့တူ အီဘွဲက မနေ့ကပဲ ဒီကနေ စိတ်လှည့်စားမှု ဖြစ်စေတဲ့ ဆေးရည်တစ်ခု ဝယ်ခဲ့တယ်။ သူက ဆရာသခင် သူရိယရဲ့သမီး ဘလူအန်ကို အနီးအနားမှာရှိတဲ့ တီးတိုးခြံဝင်းထဲ ဖိတ်ကြားခဲ့တယ်လို့ ကျုပ် သတင်းရထားတယ်။”
ထိုသတင်းက ချန်လွေ့ကို မျက်မှောင်ကြုတ်သွားစေသည်။ အီဘွဲသည် ဘလူအန်၏ အလှအပကို အမြဲပင် တပ်မက်နေခဲ့သည်။ ယခင်က သူသည် သူ၏ဦးလေးနိတ်ကို ဘလူအန်နှင့် နီးစပ်နိုင်ရန်အတွက် ဆရာသခင်သူရိယ၏ တပည့်အဖြစ် အကြံပြုပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း သူ့ကို သူရိယက ငြင်းပယ်ခဲ့သည်။ ယခုတွင် သူသည် စိတ်မရှည်တော့ပုံရသည်။ သူက ယခုတွင် အောင်မြင်ရန်အတွက် ရွံစရာကောင်းသော နည်းလမ်းအချို့ကိုပင် အသုံးပြုနေလေပြီ။
ဆေးရည်သုံးလေးပုလင်း ဝယ်ဟန်ဆောင်ပြီးနောက် ချန်လွေ့က ဆေးဆိုင်မှ ထွက်သွားပြီး တီးတိုးခြံဝင်းထဲသို့ အလျင်အမြန် သွားလိုက်သည်။
တီးတိုးခြံဝင်းမှာ ဆင်ခြေဖုံးရှိ နာမည်ကြီး အပန်းဖြေ စားသောက်သောနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အတွင်းထဲ၌ အသံလုံ မှော်စက်ဝိုင်းအများအပြား ခင်ကျင်းထား၏။ အသံ အတော်လေး ပြင်းထန်သည့်တိုင် အလွန်အမင်း တိတ်ဆိတ်နေမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို “တီးတိုး”ဟုခေါ်ခြင်း ဖြစ်သည်။ ထိုအခြင်းအရာကြောင့် ၎င်းသည် ချစ်သူများ ချိန်းတွေ့ရန်အတွက် နာမည်ကြီးနေရာတစ်ခု ဖြစ်လာခဲ့သည်။
တီးတိုးခြံဝင်းရှိ အခန်းတစ်ခန်း၌ ဘလူအန်က အီဘွဲကို သတိထားလျက် ကြည့်နေ လိုက်သည်။ “ရှင်ကဘာလို့ ဒီကိုရောက်နေတာလဲ။ ရစ်ချတ် ဘယ်မှာလဲ။”
“ဒီမှာ ဘာရစ်ချတ်မှ မရှိဘူး။ သူ့နာမည်ကိုသုံးပြီး ငါမင်းကို ခေါ်ခဲ့တာ။” အီဘွဲက လှောင်ပြုံး ပြုံးလိုက်သည်။ “အင်အားကြီးတဲ့သူတွေကို ဖော်လန်ဖားတဲ့ အဲဒီလူဆိုးက ဘာများကောင်းလို့လဲ။ အခု သူက အနာဂတ်နဲ့ စွမ်းအားအတွက် ငါ့ဦးလေးအရှေ့မှာ ဒူးထောက်ပြီးတော့ ခြေထောက်လျက်နေရပြီ မဟုတ်လား။”
“ကျွန်မ ရှင့်နဲ့ ဘာမှ ဆွေးနွေးစရာ မရှိဘူး။” ဘလူအန်က ထွက်သွားတော့မည် ပြင်လိုက်စဉ် ရုတ်တရက် ခေါင်းမူးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ် စတင်အားနည်းလာ ခဲ့သည်။ သူ၏ ခြေထောက်ပါ မတည်မငြိမ် ဖြစ်လာခဲ့သည်။
“မင်းက ဒီမှာ အကြာကြီး စောင့်နေခဲ့တယ်။ နောက်ဆုံးတော့ အခန်းထဲက စိတ်လှည့်စားမှု ဖြစ်စေတဲ့ဆေးက အလုပ်လုပ်လာပြီပဲ။” အီဘွဲက ရွံစရာကောင်းအောင် သရော်ပြုံးပြုံးလိုက်သည်။ “သိပ်မကြာခင် မင်း သတိလစ်တော့မှာ။ ပြီးရင် ငါကြိုက်သလို လုပ်လို့ရပြီ။”
ဘလူအန်၏ ခန္ဓာကိုယ်မှ အနီရောင်မီးတောက် ထွက်ပေါ်လာပြီး အနည်းငယ် သတိပြန်ဝင်လာသည်။ သို့သော်လည်း ခေါင်းမူးနေဆဲပင် ဖြစ်သည်။ သူသည် တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ပေ။ ထို့ပြင် သူက မဟာနတ်ဆိုး ပါရမီများမှ နတ်ဆိုးမီးတောက်တစ်ခုသာ နိုးထသေးသည်။ သူသည် တယ်လီပို့ပင် မပြုလုပ်နိုင်ပေ။ သူက အစွမ်းကုန် တိုက်ခိုက်သည့်တိုင် အီဘွဲ၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူက သိမ့်သိမ့်တုန်သွားပြီး စိတ်ထဲ၌ ဒေါသထွက်မိသွားသည်။ “ရှင်က ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာလဲ။ ကျွန်မအဖေနဲ့ ဆရာမက ရှင့်ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။”
“အဲဒီတော့ ဘာဖြစ်လဲ။ ငါ့ဦးလေးက ယန္တရားအစည်းအရုံးရဲ့ ဥက္ကဋ္ဌပဲ။ နတ်ဆိုးဘုံရဲ့ ထိပ်သီး ယန္တရားဆရာသခင်။ မင်းက ငါ့မိန်းမဖြစ်လာမယ်ဆိုရင် မင်းအဖေဆီကနေ တောင်းမယ်။ မင်းအတွက်ပဲဖြစ်ဖြစ်၊ ယန္တရားအစည်းအရုံးက သူ့အနာဂတ်အတွက်ပဲ ဖြစ်ဖြစ်၊ မင်းအဖေ အမူးသမားက သဘောတူဖို့ပဲ ရှိတယ်။” အီဘွဲက ယုံကြည်ချက် ရှိနေပုံရသည်။ သူက ၎င်းကို အချိန်အတော်ကြာ စီစဉ်ထားပုံရသည်။
“ဆုတောင်းလေ။ ကျွန်မအဖေနဲ့ ဆရာမက ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။” ဘလူအန် အံကြိတ်လိုက်ပြီး မှော်ပစ္စည်းတစ်ခုကို ချက်ချင်း အသက်သွင်း လိုက်သည်။ အကာအကွယ် ဒိုင်းကာတစ်ခုက သူ့ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ သို့သော်လည်း ၎င်းသည် အချိန်အကန့်အသတ် ရှိသည်။ သူက ထိုရိုင်းပျသောသူ လက်ထဲမှ အမြန်ဆုံး ထွက်ပြေးရမည် ဖြစ်သည်။
“ငါက တော်ဝင်မိသားစုကပဲ။ ပြီးတော့ ငါ့ဦးလေးက ယန္တရားလောကရဲ့ ထိပ်ဆုံးက ပုဂ္ဂိုလ်ပဲ။ ငါက မင်းနဲ့ မထိုက်တန်ဘူးလို့ ထင်တာလား။” အကာအကွယ် ဒိုင်းကာသည် ကြာကြာခံမည်မဟုတ်ကြောင်း အီဘွဲလည်း သိသည်။ သူ၏မျက်လုံးများ ပို၍ပင် ခက်ထန်သွားခဲ့သည်။ ထို့ကြောင့် သူက တစ်လှမ်းချင်း ချဉ်းကပ်လာသည်။ “မင်း ပါးနပ်တယ်ဆိုရင် ဒီမှော်အကာအကွယ်ကို ဖယ်ရှားပြီးတော့ ငါ့ကို ကောင်းကောင်း ဆက်ဆံ။ မဟုတ်လို့ကတော့ နောက်ကျရင် ငါမင်းကို “မသက်မသာ”ဖြစ်အောင် လုပ်မယ်....”
“ထွက်သွား။ မဟုတ်ရင် ကျွန်မ အော်လိုက်မှာနော်။”
“ဒါက တီးတိုးခြံဝင်း။ မင်း လည်ချောင်းကွဲအောင် အော်ရင်တောင် ဘယ်သူမှ လာမှာ မဟုတ်ဘူး။ မင်းအသံကို ချန်ထားပြီး နောက်မှ ငါ့အတွက်အော်တော့။”
မှော်ဒိုင်းကာအရောင် တဖြည်းဖြည်း ပါးလွှာသွားခဲ့သည်။ ၎င်း၏အာနိသင် ပျောက်ကွယ်တော့မည် ဖြစ်ပုံရသည်။ ဘလူအန်၏အင်အားများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး နတ်ဆိုးမီးတောက်လည်း မှိန်ပျလာကာ သူ၏မျက်လုံးထဲရှိ မျှော်လင့်ချက် ကင်းမဲ့မှုများ ပို၍ပြင်းထန်လာခဲ့သည်။
ထိုအချိန်၌ တံခါးကန်ဖွင့်ခံလိုက်ရသည်။ ထို့နောက်တွင် အီဘွဲက သူ့အရှေ့၌ ပုံရိပ်တစ်ခုကို ဖျပ်ခနဲ မြင်လိုက်သည်။ ၎င်းမှာ ရစ်ချတ်စုတ် ဖြစ်နေပုံရသည်။ သူ အနီးကပ် မကြည့်နိုင်ခင်မှာပင် လေပြင်းတစ်ခု တိုက်ခံလိုက်ရသည်။ ရုတ်တရက် ဖြစ်သွား၍ ဖြစ်ပေမည်။ အမြင့်ဆင့်နတ်ဆိုးဖြစ်သော အီဘွဲက ၎င်းကို တုံ့ပြန်ရန် အချိန်မရသလို တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီကိုလည်း အသုံးမပြုနိုင်ခဲ့ပေ။ သူက ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရပြီး ရုတ်တရက် လဲကျကာ သတိလစ်သွားတော့သည်။
ဘလူအန်၏ အာရုံကြောများက ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့ခြင်းတို့ကြောင့် အဆုံးစွန်အထိ တင်းမားသွားခဲ့သည်။ ယခုတွင် အီဘွဲက ရုတ်တရက် ပေါ်ထွက်လာသော ချန်လွေ့ကြောင့် သတိလစ်သွားခဲ့သည့်အတွက် သူ သက်ပြင်းချလိုက်သည်။ သူ၏ နတ်ဆိုးမီးတောက်နှင့် မှော်ဒိုင်းကာတို့က တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။ သူက ခန္ဓာကိုယ်က ထောက်ပံ့ရန် အားအင်ကုန်ဆုံးသွားဟန်တူသည်။ သူ ယိမ်းထိုးနေပြီး ပြုတ်ကျတော့မည့်အချိန်၌ ချန်လွေ့က သူ့ကို အမြန်ပင် ထိန်းထားပေးလိုက်သည်။ ချန်လွေ့က ဘလူအန်အား ကုလားထိုင်ပေါ်၌ အသာအယာ ချထားပေးလိုက်သည်။
“ရစ်ချတ်...” ယခုတွင် ဘလူအန်၌ ခုခံရန်အင်အား လုံးဝမရှိနေသော်လည်း ချန်လွေ့ကို မြင်ရသည့်အခါ အကြောင်းတစ်ခုခုကြောင့် စိတ်သက်သာရာ ရနေခဲ့သည်။ ထိုသူက သူ့ကို ဘယ်တော့မှ ထိခိုက်အောင်ပြုလုပ်မည်မဟုတ်ကြောင်း သိနေသကဲ့သို့ပင် ဖြစ်နေသည်။
ထိုသူက သူ၏အဖေကို ကျောခိုင်းပြီး ပို၍အလားအလာကောင်းသော ဆရာ တစ်ယောက်ကို ရွေးချယ်ခဲ့သော်လည်း အရေးကြီးသောအချိန်၌ ရောက်လာနိုင်ပြီး ရွံစရာကောင်းသောသူထံမှ သူ့ကို ကယ်တင်ခဲ့သည်။ အချိန်တစ်ခုအထိ ထိုမိန်းကလေး၏ မျက်မှန်နှင့် မျက်မှန်နောက်မှ မျက်လုံးထဲတွင် ထိုသူ၏ ပုံရိပ်များ ပြည့်နှက်သွားခဲ့သည်။
“ရော်ဂျာနဲ့ ထရပ်စ်တို့က ဒီကို လာနေကြပြီ။ နောက်တစ်ခါ ဒီလိုမျိုး ရိုးရှင်းတဲ့ လှည့်ကွက်တဲ့ ကျတဲ့အထိ မရူးမိုက်နဲ့။” ချန်လွေ့က ဘလူအန်၏ ထူးဆန်းသော အကြည့်ကို ရှောင်ရှားပြီး လက်လွှတ်လိုက်သည်။ သူက အေးစက်လုနီးပါး ဖြစ်နေသော အသံဖြင့် ပြောလိုက်ပြီးနောက် သတိလစ်နေသော အီဘွဲကို ဆွဲကိုင်ကာ လှည့်ထွက် သွားလိုက်သည်။
အီဘွဲက ဘလူအန်အား လိမ်ညာရန်အတွက် ရစ်ချတ်၏နာမည်ကို အသုံးပြုခဲ့ပြီး ဘလူအန်ကိုပင် အတင်းအနိုင်ကျင့်ချင်ခဲ့သည်။ ချန်လွေ့က ဘလူအန်ကို ထိုသူ နောက်ထပ် မတပ်မက်နိုင်ရန်အတွက် မမေ့နိုင်သော သင်ခန်းစာတစ်ခု ပေးရပေမည်။
“ခဏနေပါဦး။” ဘလူအန်က အားအင်များစုစည်းပြီး မတ်တပ်ရပ်လိုက်ပြန်သည်။ “ရှင်....ရှင်တကယ် ဒါပဲ ပြောချင်တာလား။”
၎င်းသည် ရိုးရှင်းသော မေးခွန်းတစ်ခုသာ ဖြစ်သော်လည်း အဓိပ္ပာယ်အများအပြား ပါဝင်နေပြီး ဖြစ်သည်။ မိန်းကလေး၏ ဒွိဟဖြစ်နေသော ခံစားချက်သည် သူရဲကောင်း၏ အချိန်မီ ကယ်တင်မှုကြောင့် ပြောင်းလဲမှုအချို့ ဖြစ်သွားဟန်တူသည်။
ချန်လွေ့ ရပ်တန့်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ခဲ့ပေ။ “အများကြီး ပြောစရာ မရှိဘူး။ ငါတို့က......ကမ္ဘာခြားနေတဲ့ သူတွေပဲ။။”
ထိုသို့ပြောပြီးသည်နှင့် ချန်လွေ့က ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ဘလူအန်၏ ပါးစပ် အနည်းငယ် တွန့်သွားခဲ့သော်လည်း အဆုံး၌ ဘာမျှမပြောခဲ့ပေ။ သူ၏မျက်နှာမှသာ မျက်ရည်တစ်စက် တဖြည်းဖြည်းကျဆင်းလာပြီး အဝေးမှပုံရိပ်က သူ၏မြူဖုံးနေသော မျက်မှန်ထဲ၌ အလျင်အမြန်ပင် ဝေဝါးသွားတော့သည်။