← Chapters

ကတိနှင့် စားသောက်ပွဲ

Vol. 30 Ch. 443

ကတိနှင့် စားသောက်ပွဲ

Vol. 30 Ch. 443

ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌ ရုံးခန်း၌ ဖြစ်သည်။

ချန်လွေ့က သူ၏ “ဆရာ”ဖြစ်သော နိတ်၏သင်ခန်းစာကို ခေါင်းငုံ့ရင်း နားထောင်နေသည်။

နိတ်၏မျက်နှာ အနည်းငယ် မည်းမှောင်နေခဲ့သည်။ “လူငယ်တွေက သွေးဆူလွယ် ပြီးတော့ စိတ်လိုက်မာန်ပါ လုပ်ကြတာပဲ။ မိန်းမတစ်ယောက်အတွက်နဲ့ ဒီလိုလုပ်တော့ ဘာအောင်မြင်မှုတွေ ရလို့လဲ။ တစ်ယောက်က ငါ့တူ။ တစ်ယောက်က ငါ့တပည့်။ မင်းတို့လို အသုံးမကျတဲ့ကောင်တွေကြောင့် ငါ့ဂုဏ်သတင်းတွေ ကျဆင်းတော့မယ်။”

“တောင်းပန်ပါတယ်။ ဆရာ။ ကျုပ်က တော်တော်လေး စိတ်ဆိုးသွားလို့ပါ။ နောက်မှ ကျုပ် လွန်သွားတာကို စဉ်းစားမိသွားတယ်။ အဲဒါကြောင့် ဆရာ့ဆီမှာ အပြစ် လာဝန်ခံတာပါ။” ချန်လွေ့က နောင်တရနေဟန်ဖြင့် ခေါင်းငုံ့နေလိုက်သည်။ အမှန်တကယ်၌ သူက အီဘွဲကို များများစားစား မပြုလုပ်ခဲ့ပေ။ သူက အီဘွဲကို စိတ်လှည့်စားသော ဆေးရည်နှင့် ပါဝင်ပစ္စည်းအချို့ တိုက်ခဲ့ရုံသာ ဖြစ်သည်။ ထို့နောက် သူက အီဘွဲကို မြို့တော်လမ်းမပေါ်၌ ကိုယ်တုံးလုံး ပစ်ထားခဲ့လိုက်သည်။

ဆေးအာနိသင်ကြောင့် အီဘွဲ၏ “ဆာလောင်ပြီး ဆွဲဆောင်မှုရှိသော”ပုံစံ၊ အမျိုးမျိုးသော ကိုးရိုးကားရား အနေအထားများကို ဖြတ်သွားဖြတ်လာများအားလုံး မြင်သွားကးြသည်။ သူတို့က မိုဘိုင်းဖုန်း....အဲ....မှတ်တမ်းတင် ကျောက်များကို အသုံးပြုပြီး မှတ်တမ်းတင်ထားလိုက်ကြသည်။

တိုးပွားလာသော အတင်းအဖျင်း မီးတောက်များမှာ ဘုံဌာန ခြားနားမှု မရှိပေ။ အင်တာနက် မရှိတော့ ဤခေတ်၌ပင် ထို “ရုပ်ရှင်”သည် အချိန်တိုအတွင်းမှာပင် နေရာအနှံ့ ပျံ့နှံ့သွားကြပြီး အီဘွဲ၏ ဂုဏ်သတင်းကို တဟုန်ထိုး တိုးတက်သွားစေခဲ့သည်။

အီဘွဲကို ဘလူအန်ကို ရယူရန်မပြောနှင့်၊ လမ်းပေါ်ထွက်ရန်ပင် အချိန်တစ်ခုအထိ သွားရဲတော့မည် မဟုတ်ပေ။

“ဟမ့်။ ဘယ်လိုဘဲဖြစ်ဖြစ် မင်း သူရိယရဲ့သမီးကို ကယ်တင်ခဲ့တာ ကောင်းတယ်။ အခု သူရိယနဲ့ မာဗင်နာတို့က လင်မယားတွေ ဖြစ်နေကြပြီ။ သူတို့က အစည်းအရုံးရဲ့ ဆရာသခင်တွေပဲ။ ဘလူအန်ကို တစ်ခုခု ဖြစ်သွားခဲ့ရင် ငါတောင် ရှင်းနိုင်မှာ မဟုတ်ဘူး။” နိတ်က ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “မင်းက ဘလူအန်ကို မမေ့သေးဘူ။ သူရိယဆီကနေ ထွက်သွားတာကို မင်းနောင်တရလား။”

ချန်လွေ့ ခေါင်းခါကာ အမှန်အတိုင်း ပြောလိုက်သည်။ “ဆရာ။ ကျုပ်ကို အထင်မလွဲပါနဲ့။ ကျုပ် တစ်ခုခု ဆုံးဖြတ်ပြီးရင် နောင်တ မရတတ်ဘူး။ ကျုပ်က ဘလူအန်ကို နည်းနည်လေး စိတ်ဝင်စားရုံပါ။ အခု ကျုပ်ရဲ့အင်အားအကုန်ကို ယန္တရားပညာမှာ အာရုံစိုက်ထားဖို့နဲ့ နတ်ဆိုးဘုံရဲ့ ထိပ်ဆုံး ဖြစ်လာဖို့အတွက် ပိုပြီးတော့ ကြိုးစားအားထုတ်သင့်တာ ကျုပ် ကောင်းကောင်း သိပါတယ်။”

“မင်းက တကယ်ပဲ နတ်ဆိုးဘုံရဲ့ ထိပ်ဆုံးကို ရောက်ချင်တာလား။” နိတ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွား၏။

“ဒါပေါ့။” ချန်လွေ့က အေးအေးဆေးဆေးပင် စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ဒါပေမဲ့ ကျုပ်က တစ်သက်လုံး ဆရာ့အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ ကျုပ်က မှော်မျက်လုံးကို လေ့ကျင့်ပြီးတော့ ထိပ်သီး အကဲဖြတ်သူ ဖြစ်ချင်တာပါ။ အဲဒီအဆင့်ကို ရောက်ပြီဆိုတာနဲ့ မိန်းမမရှိမှာကို ကျုပ်ဘာလို့ စိုးရိမ်နေရဦးမှာလဲ။”

“ပြောတာကောင်းတယ်။ မင်းရဲ့ သိမြင်နိုင်စွမ်းကို ငါအလေးစားဆုံးပဲ။ မင်းက အရေးကြီးတာကို ဘယ်လို အာရုံစိုက်ရမလဲဆိုတာ သိတယ်။ မိန်းမအကြောင်း တစ်နေ့လုံး တွေးနေတဲ့ အီဘွဲလိုမျိုး မဟုတ်ဘူး။” နိတ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဆရာ။ ကျုပ် တတိယအလွှာက အချက်အလက်တွေကို မှတ်မိသွားပြီ။ ဒါပေမဲ့ တဖြည်းဖြည်း နားလည်ဖို့ လိုသေးတယ်။ ဒီအချိန်အတောအတွင်း ထူးခြားတဲ့ ခံစားချက် တစ်ခုခု ကျုပ်ရနေတယ်။ ကျုပ်ရဲ့ မှော်မျက်လုံးပါရမီက သတင်းအချက်အလက်တွေ ပိုစုဆောင်းဖို့အတွက် အရေးတကြီး လိုအပ်နေတယ်။ အဲဒီအချိန်ကျရင် အစွမ်းထက်တဲ့ သန္ဓေပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်တယ်။”

“သန္ဓေပြောင်းလဲခြင်း အသစ်လား။” နိတ်၏မျက်လုံးများ အရောင်တောက် သွားခဲ့သည်။ “သေချာလား။”

“သေချာသလောက်ပဲ။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ဒီလို မှော်မျက်လုံး သန္ဓေပြောင်းလဲတာမျိုး ရှိခဲ့တယ်။ အရင်ကဆိုရင် ကျုပ်က ဂုဏ်သတ္တိကိုပဲ ပြောနိုင်တာ။ ဒုတိယ သန္ဓေပြောင်းလဲခြင်း ပြီးသွားသော ကုန်ကြမ်းတွေကို ကျုပ် ပြောနိုင်ခဲ့တယ်။ ဒီသန္ဓေပြောင်းလဲခြင်း အောင်မြင်သွားရင်တော့ ဘယ်လို စွမ်းရည်အသစ်တွေ ရနိုင်မလဲဆိုတာ မသိသေးဘူ။ ဆရာ။ ကျုပ် စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာကို သွားပြီးနောက် သန္ဓေပြောင်းလဲဖို့ အခွင့်အရေး ရနိုင်မလား စမ်းကြည့်ချင်တယ်။”

“စတုတ္ထ အလွှာလား။” နိတ်က အတွေးထဲ နစ်မြောသွားသကဲ့သို့ပင် မျက်မှောင် ကြုတ်လိုက်သည်။ ထိုအလွှာမှာ စာအုပ်ပေါင်းချုပ်ခန်းမ၏ အကြီးမားဆုံး လျို့ဝှက်ချက် ဖြစ်ကြောင်း ဆရာသခင် သူရိယထံမှ ချန်လွေ့ သိခဲ့ရသည်။ အစည်းအရုံးမှ အကြီးတန်း ဆရာသခင်သည်ပင် အထဲဝင်ရောက်ရန်အတွက် နိတ်၏ခွင့်ပြုချက် လိုအပ်သည်။ ဝင်ခွင့်အတွက် အကျိုးပြုအမှတ် အများအပြား လိုအပ်ရုံသာမက သုံးစွဲရန် လိုအပ်သည့် အထူးကုန်ကြမ်း အမြောက်အမြားလည်း ပြင်ဆင်ထားရပေမည်။

စတုတ္ထအလွှာသို့ ဝင်ရောက်ခဲ့သော ဆရာသခင်များမှာ အစည်းအရုံး တစ်ခုလုံး၌ အများကြီး မရှိကြပေ။ အကျိုးပြုအမှတ် မြင့်မားပြီး ကုန်ကြမ်းရှားပါးမှုအပြင် အချိန် အကန့်အသတ်လည်း ရှိသည်။ လူတိုင်းက မတူညီသော အရာများကို မြင်တွေ့ခဲ့ရဟန် တူသည်။ ဆရာသခင် သူရိယက တစ်ခေါက်သာ ရောက်ဖူးပြီး မာဗင်နာက နှစ်ခေါက် ရောက်ဖူးသည်။ ထိုသူနှစ်ယောက်၏ မှတ်ဉာဏ်များအရ ထိုနေရာမှာ မရေမတွက်နိုင်အောင် အချက်အလက်များ ပြည့်ဝနေသည့် ထူးဆန်းသော နေရာတစ်ခု ဖြစ်ဟန်တူသည်။ သို့သော်လည်း ထို့နောက်တွင် သူတို့က မြင်ခဲ့သည့်အရာများကို မမှတ်မိတော့ပေ။ အထူးနားလည်ခြင်းနှင့် မှတ်ဉာဏ်အချို့သာ သူတို့၏ခေါင်းထဲ၌ ကျန်ရစ်ခဲ့သည်။

နိတ်က ၎င်းကို အချိန်အတော်ကြာ တွေးပြီးနောက် ပြောလိုက်သည်။ “မင်းက ငါ့တပည့်ဖြစ်တာတောင် မင်းရဲ့လက်ရှိ အရည်အချင်းနဲ့ အကျိုးပြုအမှတ်တွေနဲ့ ဝင်ရောက်ခွင့်မရှိဘူး။ ဒါပေမဲ့ မင်းရဲ့ မှော်မျက်လုံးပါရမီက သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးကို တိုးတက်ကျယ်ပြန့်စေဖို့ အရေးကြီးစွမ်းအား တစ်ခုပဲ။ ငါမင်းကို အထူးတလည် ဝင်ခွင့်ပေးနိုင်တယ်။ ဒါပေမဲ့ စတုတ္ထအလွှာက ပထမ သုံးလွှာလိုမျိုး မရိုးရှင်းဘူး။ အဲဒီထဲမှာ စိတ်ကူးလို့မရတဲ့ အရာတွေ၊ အန္တရာယ်တွေတောင် ရှိတယ်။ အဲဒါကြောင့် အထူးကုန်ကြမ်းတွေနဲ့ မှော်အကာအကွယ်ပစ္စည်းတွေကို ငါတို့ ပြင်ဆင်ဖို့ လိုအပ်တယ်။ အားလုံး အဆင်သင့်ဖြစ်တဲ့အခါ မင်းသွားစမ်းကြည့်လို့ရအောင် ငါ လိုက်သွားပေးမယ်။ ”

“ကျေးဇူးတင်ပါတယ်။ ဆရာ။” ချန်လွေ့ အလွန်ပျော်သွားခဲ့သည်။ အမှန်တကယ်၌ နိတ် သဘောမတူလျှင် နိတ်ကို နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးဖြင့် ရုပ်သေးပြုလုပ်မည့် အရန် လှည့်ကွက်တစ်ခုလည်း ရှိနေသေးသည်။

လက်ရှိ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ရုပ်သေးမှာ ခါနီတာ တစ်ယောက်တည်းသာ ရှိသည်။ စနိုးဒင်က လိပ်ပြာနီနယ်မြေ အတွင်းရေး တိုက်ခိုက်မှု၌ “သေဆုံးသွား” ခဲ့သည်။ လက်ရှိ၌ တစ်နေရာ လွတ်နေသေးသည်။

ရုပ်သေးများမှာ အကြွင်းမဲ့မဟုတ်သည်ကို သတိထားရပေမည်။ သူတို့ကို အဇ်ဂါလောနှင့် ဆမ်မြူရယ်တို့က မြင်သွားခဲ့ကြသည်။ ထို့ပြင် သွေးရောင် အင်ပါယာသည် သွေးမြေကျ၏ အဓိကအင်အားစု ဖြစ်နိုင်ချေများသည်။ အစွမ်းထက်ပုဂ္ဂိုလ်များက သူ့ကို မဖော်ထုတ်နိုင်ဟု အာမခံနိုင်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ယခင်အားထုတ်မှုများအားလုံး ဆုံးရှုံးသွားနိုင်သည့် အန္တရာယ် ရှိနေပေသည်။

ယခုတွင် နိတ်က သဘောတူလိုက်သည့်အတွက် ပိုကောင်းသွားပေမည်။ သို့သော်လည်း ချန်လွေ့၏ လက်ရှိ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားက လေးလေးနက်နက် အာရုံခံမိခဲ့သည်။ နိတ်၏မျက်လုံးများသည် ချန်လွေ့ကို ကြည့်ရာ၌ တဖြည်းဖြည်း ဝဖြိုးလာသော သားကောင်ကို ကြည့်နေရသကဲ့သို့ ထူးဆန်းသော အကြည့် ဖြစ်နေသည်။

အမှန်တကယ်၌ ချန်လွေ့သည် နိတ်နှင့် ရင်ဆိုင်ရာ၌ သတိလက်လွတ် မနေပေ။ ထိုအကြည့်ကို မြင်ပြီးနောက် ချန်လွေ့က စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်သည်။ ခင်ဗျား လုပ်ခဲ့တာတွေအတွက် အနှေးနဲ့အမြန် ပေးဆပ်ရမှာပဲ။

ဘယ်သူက သားကောင်၊ ဘယ်သူက မုဆိုးလဲဆိုတာ အဲဒီအချိန် ခင်ဗျား သိရမှာပါ။

နိတ်က စကားဆက်ပြောသည်။ “ဒီနေ့က တတိယဗိုလ်ချုပ် အားဒီလိတ်ရဲ့ ၂၀၀ပြည့် မွေးနေ့ပဲ။ သူ့နေအိမ်မှာ အခမ်းအနားတစ်ခု ကျင်းပလိမ့်မယ်။ မဟာရိုင်ဇန်နဲ့ မင်းသားတွေလည်း အဲဒီကို ရောက်လာလိမ့်မယ်။ ငါလည်း ဖိတ်စာ ရထားတယ်။ မင်းရဲ့ အဝတ်အစားတွေကို သွားလဲလိုက်။ ခဏနေ ငါနဲ့အတူ စားသောက်ပွဲကို သွားရမယ်။”

“ကျုပ်လား။” အားဒီလိတ်၏ မွေးနေ့အကြောင်းကို ချန်လွေ့က တီရန်ထံမှ သိခဲ့ရသည်။ နတ်ဆိုးဘုံ၏ ရာနှစ်ပြည့် မွေးနေ့များမှာ အရေးအကြီးဆုံး ဖြစ်ကြသည်။ မူလက တော်ဝင်မိသားစုဖြစ်သော အားဒီလိတ်က ယခုတွင် အင်ပါယာ၏ တတိယ ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီဖြစ်သည်။ ရိုင်ဇန်က မင်းသားများကို ဦးဆောင်ပြီး စားသောက်ပွဲ သက်ရောက်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သို့သော်လည်း နိတ်က သူ၏တပည့်ကို ခေါ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“မင်းရဲ့ မှော်မျက်လုံး ပါရမီက တော်တော်လေး လူသိများနေတာ။ မင်းက မြို့တော်မှာ နာမည်ကြီးလူတစ်ယောက်လို့ ပြောလို့ရတယ်။ တော်တော်များများက မင်းကို တွေ့ချင်နေကြတယ်။ ပြီးတော့လည်း မြင်ကွင်းကြီးကြီးကို မင်းမြင်နိုင်တယ်။”

“ဒါပေမဲ့..... အရှင်မင်းကြီး ရိုင်ဇန်လည်း လာမှာ။ ပြီးတော့ တော်ဝင်မျိုးနွယ်တွေ အများကြီး.....” ချန်လွေ့က ခေါင်းငုံ့လိုက်ပြန်သည်။ သူက အားဒီလိတ်၏ နောက်ခံကို လေ့လာချင်နေခဲ့သည်။ နိတ်အရှေ့၌ ထိုကဲ့သို့ သူလုပ်ရသည့် ရည်ရွယ်ချက်မှာ ကြောင်နှင့်ကြွက်ဂိမ်း စကားရန်သာ ဖြစ်သည်။ ထိုကြောက်လန့်နေသော အမူရာမှာ ရစ်ချတ်၏ “ရွာသား”သရုပ်နှင့် ကိုက်ညီနေပေသည်။

“အမ်း...အီဘွဲကို ဆရာ ခေါ်သွားသင့်တယ်။”

“ဟမ့်။ အီဘွဲရဲ့ လက်ရှိအ‌ခြေအနေနဲ့ သူက စားသောက်ပွဲကို သွားရဲဦးမှာလား။” နိတ်က မကျေမနပ်နှင့် နှာမှုတ်လိုက်သည်။ “မင်းက နိတ်ရဲ့ တပည့်ဆိုတော့ မတ်မတ် ရပ်နေ။ အခြေခံ ကျင့်ဝတ်တချို့ကို မှတ်ထား။ နောက်ပိုင်းမှာ ဒီလိုမျိုး မင်းရင်ဆိုင်ရမယ့် မြင်ကွင်းတွေ အများကြီးပဲ။ ဒီတစ်ခေါက် အရှင်းမင်းကြီး ရိုင်ဇန်အရှေ့မှာ မင်းငါ့ကို အရှက်ခွဲရင် စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာကို မပြောနဲ့။ အစည်းအရုံးကနေ ချက်ချင်း ထွက်သွားလိုက်တော့။”

ထိုစကားများမှာ အားပေးနေသည့်အပြင် စိတ်လှုပ်ရှာစရာမျိုးလည်း ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ဆရာတစ်ယောက် ကဲ့သို့ပင် ဖြစ်နေသည်။ တကယ်၍ နိတ်သာ သူရိယကဲ့သို့ မျိုးဆက်သစ်များကို လေ့ကျင့်ပေးသော “ဆရာ”နေရာအတိုင်း အမှန်တကယ် သရုပ်ဆောင်ခဲ့လျှင် ချန်လွေ့၏ ပစ်မှတ်အစီအစဉ်ကို ပြောင်းလဲရန် လိုအပ်ပေလိမ့်မည်။ ကံဆိုးစွာပင် နိတ်က “မုဆိုး”နေရာကို ရွေးချယ်ခဲ့လေသည်။

ချန်လွေ့က ကြက်သီးထကာ တုံ့ပြန်ပြီး စိတ်ပိုင်းဖြတ်ကာ ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ။ ဆရာ။”

ညပိုင်း၌ အတွင်းမြို့ထဲရှိ တတိယဗိုလ်ချုပ်၏ နေအိမ်မှာ အလွန်ပင် စည်ကားနေခဲ့သည်။

နေရာအသီးသီးမှ ဧည့်သည်များ စုဝေးလိုက်ကြသည်။ မြို့တော်ရှိ နာမည်ကြီးသူ အားလုံးနီးပါး ရှိနေကြသည်။ အားဒီလိတ်၏ တတိယဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံရခြင်းနှင့် အသက်၂၀၀ပြည့် မွေးနေ့တို့ကြောင့် ပျော်ရွှင်မှုနှစ်ဆ ဖြစ်သွားခဲ့သည်။ ပုံမှန်အားဖြင့် အေးစက်ပြီး တင်းမာသော သူ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်နေလေသည်။

ကျယ်ဝန်းလှသော ဧည့်တွေ့ခန်းတွင် အမျိုးမျိးသော စားစရာများနှင့် ဝိုင်အရက်များကို ခင်းကျင်းပြသထားသည်။ ၎င်းသည် ဘူဖေးပုံစံနှင့် အနည်းငယ် ဆင်တူသည်။ သို့သော်လည်း ဂုဏ်ကျက်သရေအရှိဆုံး ဧည့်သည်ရောက်လာရန် စောင့်နေကြသည့်အတွက် ထိုစားစရာ၊သောက်စရာများကို မည်သူမှ မထိကြပေ။

နောက်ဆုံး၌ သွေးရောင်အင်ပါယာ၏ အန္တိမ အုပ်ချုပ်သူဖြစ်သော မဟာရိုင်ဇန်က အဝင်ဝသို့ ရောက်ရှိလာသည်။ သူ့နောက်တွင် မင်းသားများက လိုက်လာကြသည်။ အားဒီလိတ်က ခပ်မြန်မြန်ပင် လူအုပ်ကြီးကို ဦးဆောင်ပြီး သူတို့ကို သွားရောက် ကြိုဆိုကြသည်။ အားလုံးကို အရိုအသေပြုပြီး နှုတ်ဆက်လိုက်ကြသည်။ “အရှင်မင်းကြီး။”

“‌ကောင်းပြီ။ အားနာ မနေကြပါနဲ့။ အားလုံး လွတ်လွတ်လပ်လပ် နေကြပါ။ ဒီည ဇာတ်လိုက်က ငါတို့ရဲ့ဗိုလ်ချုပ် အားဒီလိတ်ပဲ။” ရိုင်ဇန်က ထိုသို့ပြောပြီး ခန်းမထဲသို့ လမ်းလျှောက်သွားပြီး အားလုံးကလည်း နောက်လိုက်လာကြသည်။

နတ်ဆိုးဘုံ၏ စားသောက်ပွဲမှာ အတော်လေး လွတ်လွတ်လပ်လပ် ဖြစ်သည်။ အထူးထိုင်ခုံများ မရှိပေ။ ထို့ပြင် လွတ်လွတ်လပ်လပ် ဝင်ထွက်၍ရသည်။ ဧကရာဇ် ကိုယ်တိုင် ဝင်ရောက်လာသော အခြေအနေမျိုးမှာပင် ဝိုင်ခွက်များကိုပြီး စကားပြော နေကြသူများကို နေရာအနှံ့တွေ့နိုင်ပေသည်။

ထိပ်သီးအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်အဝါသည် ယခုမှ နီးနီးကပ်ကပ် ချန်လွေ့ တွေ့ဖူးခြင်း ဖြစ်သည်။ သူသည် အနက်ရောင် ဆံပင်ရှည်ရှိပြီး ပုံမှန်အသွင်အပြင်သာ ဖြစ်သည်။ သူ၏ပထမဆုံးအမြင်မှာ အတော်လေး သာမန် ဖြစ်လှသည်။

ထိုသာမန်ပုဂ္ဂိုလ်သည် အရှိန်အဝါများ မပြသဘဲ အမြင့်ဆုံးနေရာ၌ ထိုင်လိုက်သည်။ သူက ခြိမ်းခြောက်မှု လုံးဝ ရှိမနေသကဲ့သို့ပင် ဖြစ်နေသည်။ သို့သော်လည်း [ သရုပ်ခွဲမျက်လုံး ] က ပြသသော တန်ဖိုးများမှာ အားလုံး [ S ] များပင် ဖြစ်ကြသည်။ ၎င်းမှာ ရိုင်ဇန်၏စွမ်းအားသည် လုံးဝကျွမ်းကျင်သော နယ်ပယ်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း ပြသနေပေသည်။ သူက ထိပ်သီးအခြေအနေထက် သာလွန်သော ခံစားချက်ကိုပင် အနည်းငယ် ဆုပ်ကိုင်မိနေပုံရသည်။ တစ်ဦးချင်း တိုက်ပွဲ၌ ကတ်သရင်းသည် ရိုင်ဇန်၏ ပြိုင်ဘက်မဟုတ်ကြောင်း ချန်လွေ့ ရုတ်တရက် တွေးမိလာသည်။ ၎င်းမှာ ချန်လွေ့ ပေးခဲ့သော ဆေးရည်မည်းနှင့် နောက်ဆုံး နိဗ္ဗာန်အောင်မြင်မှု ပြီးနောက်တွင်ပင် မှန်ကန်နေသည်။

မင်းသားများကလည်း ကိုယ်ဝိုင် ခုံဝိုင်းများ ရှိကြသည်။ သို့သော်လည်း ဘယ်သူမှ ရိုင်ဇန်ဘက်တွင် မထိုင်ကြပေ။ အတိအကျပြောရလျှင် သူ့ကို မည်သူမှ အနားမကပ် ရဲကြပေ။

ရိုင်ဇန်၏ မြင့်မားပြီး ကွက်လပ်ဖြစ်သော ပလ္လင်ကို မြင်ရင်း ချန်လွေ့က စိတ်ထဲ၌ အထီးကျန်မှုကို ခံစားလိုက်ရသည်။ တကယ့် အစွမ်းထက်ပုဂ္ဂိုလ်က အထီးကျန်တာပဲ။ တကယ့် အစွမ်းထက်ပုဂ္ဂိုလ်က အထီးကျန်မှုကို ပျော်ရွှင်ခံစားဖို့အတွက် သင်ယူရမယ်။

အဝေးမှာရှိတဲ့ တစ်ခြားပလ္လင်ပေါ်က သူလည်း ဒီလိုမျိုး အထီးကျန်နေမှာလား။

ရိုင်ဇန်၏အကြည့် တဖြည်းဖြည်း လှည့်လာပြီး ချန်လွေ့ထံ ရောက်ရှိသွား၏။ သူက ချန်လွေ့၏ အကြည့်နှင့် ခံစားချက်များကို ခံစားမိသွားဟန်တူသည်။ ချန်လွေ့က သူ၏မျက်လုံးကို မြင်လိုက်ပြီး ဝိညာဉ်ပင်လယ် တုန်ခါပြီး လှိမ့်နေသည်ကိုသာ ခံစားမိလိုက်သည်။ ရုတ်တရက် ဆူညံနေသော ခန်းမထဲ၌ ရိုင်ဇန် တစ်ယောက်တည်းသာ ရှိတော့သည်။ မဟုတ်ပေ။ လောကကြီးတစ်ခုလုံး၌ ထိုထူးဆန်းသော အနက်ရောင် မျက်လုံးနှစ်လုံးသာ ကျန်ရှိတော့သည်။ ထိုမျက်လုံးများ၏စွမ်းအားက ချန်လွေ့၏ နှလုံးသားထဲသို့ အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်နေခဲ့သည်။

“အရှင်မင်းကြီး။ ဒါက ကျုပ်ရဲ့တပည့်အသစ် ရစ်ချတ်ပါ။ သူ့မှာ ထူးခြားတဲ့ မှော်မျက်လုံးပါရမီ ရှိတယ်။”

နိတ်၏စကားများကြောင့် ချန်လွေ့က ရုတ်တရက် သတိပြန်ဝင်သွားသည်။ ထိုအချိန်မှသာ သူသည် နိတ်နှင့်အတူ ရိုင်ဇန်နားသို့ ရောက်နေသည်ကို သိသွားသည်။

ချန်လွေ့က တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။ ဒါက စွမ်းအားလား။ ပါရမီလား။ ငါ တစ်ချက်ပဲ ကြည့်လိုက်တာ....... “ရစ်ချတ်။” နိတ်က မဟာရိုင်ဇန်အရှေ့၌ ငေးနေသော ချန်လွေ့ကို မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။

ချန်လွေ့က ချက်ချင်းပင် သတိပြန်ဝင်သွားခဲ့သည်။ သူက အရိုအသေပေးရန် ပြင်လိုက်စဉ် ရိုင်ဇန်က ပြောသည်။ “ရစ်ချတ်လား။ မဆိုးဘူးပဲ။”

သူ၏အသံတွင် ချီးမွမ်းသော အရိပ်အယောင် ပါဝင်နေ၏။ ချန်လွေ့က အမြန်ပင် အရိုအသေ ပေးလိုက်သည်။ “အရှင်မင်းကြီး။ ကျုပ်က ရွာကနေ တက်လာတာပါ။ ပြီးတော့ စည်းကမ်းတွေကို မသိသေးပါဘူး။ အရှင်မင်းရဲ့ အရှိန်အဝါကို ပထမဆုံးအကြိမ် မြင်လိုက်ရတော့ နည်းနည်း လန့်သွားပြီးတော့ ဒီကို မသိဘဲ ရောက်လာမိတာပါ။ ကျုပ် ရိုင်းပျခဲ့မိရင် ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီး။”

ချန်လွေ့က တမင်တကာပင် “အမှန်အတိုင်းပြောရခြင်းမှာ” ရိုင်ဇန်၏ သံသယကို ရှောင်ရှားပြီး သူ၏စွမ်းအားကို ဖုံးကွယ်ထားခြင်၍ ဖြစ်သည်။

သို့သော်လည်း ထိုစိုးရိမ်မှုမှာ လုံးဝ မလိုအပ်ခဲ့ပေ။ ရိုင်ဇန်သည် သူ့ကဲ့သို့ “ပုရွက်ဆိတ်များ”ကို အာရုံမထားဘဲ “မှော်မျက်လုံး”ပါရမီ၏ ထူးခြားသော ခံစားချက် အချို့ကိုသာ စိတ်ဝင်စားခဲ့သည်။ အမှန်တကယ်တွင် ချန်လွေ့၏ စွမ်းအား အစစ်အမှန် သည်ပင် ရိုင်ဇန်အရှေ့၌ ပြောပလောက်စရာ မဟုတ်နေပေ။

ရိုင်ဇန်က ချီးမွမ်းလိုက်သည်။ “သိပ်ကောင်းတဲ့ ပါရမီပဲ။ ကံဆိုးချင်တော့ မင်းက တိုက်ခိုက်ရေးလေ့ကျင့်သူ မဟုတ်ဘူး။ ယန္တရားပညာရှင်တစ်ယောက်ပဲ။ ဒီပါရမီက နောက်ပိုင်း မင်းရဲ့နယ်ပယ်မှာ အထွတ်အထိပ်အထိ ရောက်စေနိုင်မယ်လို့ ငါ မျှော်လင့်တယ်။”

“မှန်ပါ။” ချန်လွေ့က ဟာကွက်များ ပေါ်သွားမည် စိုးသည့်အတွက် ထပ်မပြောရဲ တော့ဘဲ ရိုရိုသေသေ ဦးညွှတ်လိုက်သည်။

ရိုင်ဇန်၏ “သိပ်ကောင်းတယ်” ဟူသော အကဲဖြတ်မှုရရှိရန် အတော်လေး ရှားပါးလှသည်။ ထိုစကားက အနီးအနားရှိ မင်းသားငယ် တဲရစ်၏နားထဲသို့ ရောက်ရှိသွားပြီး ချန်လွေ့ကို သုံးလေးခေါက် ကြည့်လိုက်မိသည်။

ရိုင်ဇန်က ချန်လွေ့ကို သိပ်အာရုံမစိုက်ခဲ့ဘဲ နိတ်အား ယန္တရားအစည်းအရုံး အကြောင်း အနည်းငယ် မေးမြန်းခဲ့သည်။ ထိုသို့ထိပ်ဆုံးအစွမ်းထက်ပုဂ္ဂိုလ်အရှေ့၌ နိတ်သည်လည်း နှိမ့်ချပြီး တလေးတစား ဆက်ဆံရသည်။ သူက တစ်ခွန်းချင်း ပြန်ဖြေခဲ့သည်။

ဆရာသခင်နိတ် ထွက်သွားပြီးနောက် ရင်းနှီးသော အသံတစ်သံကို ချန်လွေ့ ကြားလိုက်ရသည်။ ၎င်းမှာ တဲရစ်ပင် ဖြစ်လေသည်။ “ဆရာသခင် နိတ်။”

နိတ်က နှုတ်ဆက်သည်ကို ကြားလိုက်ပြီး ချန်လွေ့ကို အလျင်အမြန် ခေါ်သွားသည်။ တဲရစ်အနီးတွင် အမျိုးသမီးတစ်ယောက်သာ ရှိနေသည်။

ထိုသူသည် ဆံပင်အပြာရှိပြီး မျက်နှာဖုံးဝတ်ထားသော အချိုးအစား ညီမျှသော ခန္ဓာကိုယ်ရှိသည်။ ၎င်းမှာ အထူး စတိုးဆိုင်၌ ချန်လွေ့တွေ့ခဲ့ရသည့် လျို့ဝှက် ဆန်းကြယ်သော နတ်ဆိုးအရှင်သခင့် ကောင်မလေး တစ်ဖနီပင် ဖြစ်လေသည်။

တစ်ဖနီကို အစကတည်းက ချန်လွေ့ မမြင်ခဲ့ရကြောင်း မှတ်မိသည်။ ထို့ပြင် သူသည် ရိုင်ဇန်နှင့်အတူ ရောက်ရှိလာခြင်းလည်း မဟုတ်ပေ။ သူဘယ်လို ထွက်ပေါ် လာလဲဆိုတာ ငါမသိဘူး။ ဒီညတော့ အံ့အားသင့်စရာတွေ အများကြီး ရှိနေတဲ့ပုံပဲ။

လျို့ဝှက်ဆန်းကြယ်သော ကောင်မလေးကို ဘေးဖယ်ထားလျှင် ချန်လွေ့၏ အာရုံကို ပထမဆုံးဖမ်းစားနိုင်ခဲ့သည်မှာ တဲရစ်ပင် ဖြစ်သည်။

မျိုးနွယ် - လောဘ တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - A-

ခန္ဓာအမျိုးအစား - A-

ခွန်အား - A-

စိတ်ဝိညာဉ် - A-

မြန်ဆန်မှု - A-

[ ဂုဏ်သတ္တိ ] - အမှောင်ဂုဏ်သတ္တိ။

တဲရစ်၏စွမ်းအားသည် မဟာနတ်ဆိုးဘုရင်အဆင့်သာဖြစ်ကြောင်း ချန်လွေ့ သေသေချာချာ မှတ်မိသည်။ သူသည် ခွန်အားနည်းပြီး စိတ်ဝိညာဉ်အားကောင်းသည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် သူသည် နတ်ဆိုးဧကရာဇ်သို့ အဆင့်တက် သွားခဲ့သည်။ အမျိုးမျိုးသော ဂုဏ်သတ္တိတန်ဖိုးများပင် ပြောင်းလဲသွားကြသည်။ သူသည် ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ အလွန်အမင်း ညီမျှနေသော နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း၏ အကောင်းဆုံးအခြေအနေ၌ ဖြစ်နေလေသည်။

ထိုကဲ့သို့ အဆင့်တက်ခြင်းသည် သာမန်စံနှုန်းနှင့် ကိုက်ညီဟန် မတူပေ။ ၎င်းသည် သာမန် အဆင့်တက်ခြင်းမျိုး လုံးဝ မဟုတ်ပေ။

All Chapters