အပြောင်းအလဲ
Vol. 30 Ch. 444
တဲရစ် အဆင့်တက်သွားခြင်း၏ မူမမှန်သော အခြေအနေက ချန်လွေ့၏ သံသယကို ပိုမိုတိုးပွားသွားစေခဲ့သည်။ မိစ္ဆာသစ်သီး၌ပင် ထိုကဲ့သို့ ထူးဆန်းသော သက်ရောက်မှုမျိုး မရှိလောက်ပေ။
ရုတ်တရက် သူက ချော်ရည်ပြာနယ်မြေမှ လုပင်မြို့၏ အရိုးမျှော်စင်နှင့် သွေးစတေးမှုကို တွေးမိလိုက်ပြီး စိတ်ထဲ၌ အနည်းငယ် သတိထားနေလိုက်သည်။ သို့သော်လည်း အပေါ်ယံ၌ သူက တည်ငြိမ်ပြီး လေးစားမှု ရှိနေသည်။ နိတ်၏ ညွှန်ကြားမှုအောက်တွင် သူက တဲရစ်ကို ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။
“လက်စသတ်တော့ မင်းက မှော်မျက်လုံးပါရမီရှိတဲ့ မယုံနိုင်စရာ အကဲဖြတ်သူကိုး။” တဲရစ်၏အပြုံးက လူအများကို သက်တောင့်သက်သာ ဖြစ်စေနေဆဲ ဖြစ်သည်။ သူက ဘေးဖက်မှ တစ်ဖနီကို ပြောလိုက်သည်။ “တစ်ဖနီ။ ဒါက ရစ်ချတ်။ သူ့မှာ ဘယ်ပစ္စည်း၊ ဘယ်ကိရိယာကိုမဆို တစ်ချက်ကြည့်ရုံနဲ့ အကဲဖြတ်နိုင်တဲ့ မယုံနိုင်စရာ ပါရမီတစ်ခု ရှိတယ်။ သူက နောက်ပိုင်းကျရင် နတ်ဆိုးဘုံရဲ့ ထိပ်ဆုံး အကဲဖြတ်ဆရာသခင် ဖြစ်နိုင်ဖို့များတယ်။”
“ဘယ်ပစ္စည်းမဆိုလား။” တစ်ဖနီက မျက်နှာကို ဖုံးလွှမ်းထားဆဲပင် ဖြစ်သည်။ သူသည် ယခင်က ဂရုမစိုက်နေပုံရသည်။ ၎င်းကို ကြားပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ သူက ချန်လွေ့ကို သုံးလေးခေါက်ကြည့်လိုက်သည်။ “ဟေး။ ကျွန်မတို့ အရင်က တွေ့ဖူးကြလား။”
ချန်လွေ့ အံ့အားသင့်သွားပြီး အလျင်အမြန် ခေါင်းခါလိုက်သည်။ “ဒီက.. ဂုဏ်သရေရှိ မိန်းကလေး။ ကျုပ်တို့တွေ့တာ အခုမှ ပထမဆုံးအကြိမ် ထင်ပါတယ်။ ကျုပ်ရဲ့ မျက်နှာက သာမန်ဖြစ်နေလို့ဖြစ်မယ်။ အဲဒါကြောင့် ရင်းနှီးသလို ထင်ရဖို့ လွယ်တယ်လေ။”
တစ်ဖနီက အများကြီး မစဉ်းစားခဲ့ပေ။ သူက ခေါင်းညိတ်ပြီး တစ်ခုခု ထုတ်လိုက်သည်။ “ရှင့်မှာ ဒီလိုမျိုး ထူးဆန်းတဲ့ စွမ်းရည်တစ်ခု ရှိမှသော ဒီမှော်ပစ္စည်းကို အကဲဖြတ်ဖို့အတွက် ကျွန်မကို ကူညီပေး။”
ချန်လွေ့က ကိုယ်တိုင် သဘောမတူခဲ့ပေ။ သူက တမင်တကာပင် တုံ့ဆိုင်းဟန် ပြသလိုက်ပြီး ဆရာသခင်နိတ်ကို ငေးကြည့်လိုက်သည်။ ထိုတုံ့ဆိုင်းမှုက နိတ်ကို အလွန်ပင် ကျေနပ်သွားစေခဲ့သည်။ နိတ်က သူ၏အာရုံကို တဲရစ်ထံ ပြောင်းလိုက်သည်။ တဲရစ်က ပြုံးပြီး ပြောလိုက်သည်။ “မစ်-တစ်ဖနီက တော်ဝင်မိသားစုမှ အမြင့်ဆုံး အဆင့်အတန်းရှိတဲ့ တော်ဝင်အမျိုးသမီး တစ်ယောက်ပါ။ သူက အမိန့်ပေးလာမှသော ဒီအခွင့်အရေးကို အသုံးချပြီးတော့ ရစ်ချတ်ရဲ့ မှော်မျက်လုံးကို ရှုစားကြတာပေါ့။”
တစ်ဖနီ ထုတ်လိုက်သည့်အရာကို ချန်လွေ့သည် မျက်လုံးမှိတ်၍ပင် ခန့်မှန်း နိုင်သည်။ “မှားရင်စုလာပြီး မှန်လျှင်ပျောက်သွားသော” “အတွေးအခေါ်” မှော်ပစ္စည်းကို ထုတ်ပြပြီးနောက်တွင် ချန်လွေ့က “ပါရမီစွမ်းရည်”ကို အသုံးချကာ ကြည့်လိုက်သည်။ “ဒီပစ္စည်းရဲ့ အဓိက ကိုယ်ထည်ကို တော်တော်လေး သန့်စင်တဲ့ ရွှေသလင်းကျောက်နဲ့ လုပ်ထားတာ။ ပြီးတော့ အထဲမှာရှိတဲ့ သလင်းကျောက်ခွံတွေ၊ ခရမ်းဖန်ကျောက်တွေ၊ မစ်သရယ်အရည်တွေကလည်း တော်တော်လေး သန့်စင်ပြီးတော့ အဖိုးတန်တယ်။ သူ့ရဲ့ လုပ်ဆောင်မှုကို ကျုပ် နည်းနည်း ဇဝေဇဝါ ဖြစ်သည်။ ဒါက လျို့ဝှက်ဆန်းကြယ်တဲ့ စည်းချက်ပေါင်းစည်းမှုတွေ ရှိနေသလိုပဲ။ ဒီအစီအစဉ်က တော်တော်လေး ရှုပ်ထွေးပြီး ထူးဆန်းတဲ့ သက်ရောက်မှုတွေကို ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ ဒါက ဘယ်လိုပစ္စည်းမျိုးလဲ ဆိုတာကိုတော့ ကျုပ် မသိဘူး။ ဒါက တွက်ဆတဲ့ဟာလား။ ဒါမှမဟုတ် စမ်းသပ်ချက် တစ်ခုလား။”
“ဝိုး။ ရှင်က တကယ် မယုံနိုင်စရာပဲ။ တစ်ချက် ကြည့်ရုံနဲ့ ဒါရဲ့ ဂုဏ်သတ္တိတွေနဲ့ ကုန်ကြမ်းတွေကို တကယ်မြင်နိုင်တယ်။” တစ်ဖနီက အံ့အားသင့်လျက် ပြောလိုက်ပြီးနောက် ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဒါပေမဲ့ ဒါရဲ့ လုပ်ဆောင်ချက်ကို ရှင်ခန့်မှန်းတာ မှားတယ်။ ဒါက တွက်ဆရတဲ့ ပစ္စည်း မဟုတ်ဘူး။ ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းပစ္စည်းတစ်ခုပဲ။”
“ဂိမ်းပစ္စည်းလား။”
ချန်လွေ့က မသိသလို ဟန်ဆောင်နေဆဲ ဖြစ်သည်။ ဘေးဖက်မှ တဲရစ်ကလည်း ခေါင်းညိတ်ကာ ချီးမွမ်းလိုက်သည်။ “မင်းက တကယ့်ကို အနာဂတ် ထိပ်တန်း အကဲဖြတ်သူ တစ်ယောက်ပဲ။ မင်း ဒီလိုမျိုး ဆင်တူတာ လုပ်နိုင်လား။ ဒါမှမဟုတ် ဒါကို အတုခိုးနိုင်လား။”
တဲရစ်သည် “ယဉ်ကျေးမှု ခိုးယူခြင်း”၌ အတော်ဆုံးဖြစ်ကြောင်း ချန်လွေ့ သိသည်။ သွေးရောင်အင်ပါယာသည် အမှောင်လ၏ အောင်မြင်သော အတွေ့အကြုံများကို ကူးချထားခဲ့ပြီး ညစျေးများ၊ ဟော့ပေါ့စားသောက်ဆိုင်များ၊ တိုက်ပွဲဘောလုံးကွင်းများ ရှိနေပြီ ဖြစ်သည်။ ယခုတွင် သူတို့က ခလုတ်ဂိမ်း စီးပွားရေးကို ဦးတည်ထားပုံရသည်။
ချန်လွေ့ တွေးလိုက်ပြီး “အမှန်အတိုင်း” ပြောလိုက်သည်။ “အရှင်မင်းသား။ အမှန်အတိုင်း ပြောရရင် ကျုပ်ရဲ့မျက်လုံးကပဲ ပါရမီ နည်းနည်းရှိတာ။ ကျုပ်ရဲ့ ယန္တရားပညာက အလုပ်သင်အဆင့်ကို ကျော်ရုံလေးပဲ ရှိတယ်။ ကျုပ်က အကဲဖြတ် ရလာဒ်တွေကိုပဲ ပြောနိုင်တယ်။ အတုခိုးဖို့ကတော့ ကျုပ်ရဲ့ဆရာလိုမျိုး တကယ့် ဆရာသခင်တွေ အပေါ်မှာပဲ မူတည်တယ်။”
ထိုခလုတ်ဂိမ်းသည် အတုခိုးရ မလွယ်ပေ။ ၎င်းတွင် နက်နဲသော နဂါးထွင်းစာနှင့် မှော်စက်ဝိုင်းများ သာမက ရှေးမှော်စာ အသိပညာများလည်း ပါဝင်သည်။ နိတ်သည်ပင် ၎င်းကို အတုမခိုးနိုင်ပေ။
နောက်ထပ် အရေးကြီးဆုံးမှာ ထိုဂိမ်း၏ တီထွင်နိုင်စွမ်း ဖြစ်သည်။ ထိုအပိုင်း၌ ချန်လွေ့တွင် ပြိုင်ဘက်ကင်းသော “မွေးရာပါ” အားသာချက်တစ်ခု ရှိသည်။
နိတ်က “ခလုတ်ဂိမ်း”ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာမှာ အမှန်ပင် မရိုးရှင်းလှပေ။ ယန္တရားပညာ အလွန်အမင်း အဆင့်မြင့်ရုံသာမက မှော်စက်ဝိုင်များနှင့် ပို၍ လျို့ဝှက်ဆန်းကြယ်သော အသိပညာများလည်း ပါဝင်နေသည်။ ငါ ဒါကို အတုမခိုးနိုင်လောက်ဘူး။ ဒါပေမဲ့ ငါမလုပ်နိုင်ဘူး ပြောလိုက်ရင် ထိပ်တန်း ယန္တရားဆရာသခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မကိုက်ညီတော့ဘူး မဟုတ်လား။
သူ ပြဿနာ တက်နေစဉ် အရပ်မြင့်မြင့် ပိန်ပိန်းပါးပါးရှိသော ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ ချန်လွေ့ကြည့်လိုက်ရာ ထိုသူမှာ သူ၏ အသိဟောင်းဖြစ်သော ပထမဗိုလ်ချုပ် ဂူစတက်ဗ် ဖြစ်နေသည်။ ဂူစတက်ဗ်က ချန်လွေ့ကို မြင်သည့်အခါ အနည်းငယ် ရင်းနှီးသလို ခံစားရသွားပြီး မျက်မှောင်ကြုတ်လိုက်လား။ “မင်းလား။”
ချန်လွေ့က ခပ်မြန်မြန် အရိုအသေပေးပြီး ခါးသက်သက် ပြုံးလိုက်သည်။ “ဗိုလ်ချုပ်။ ခင်ဗျားက တကယ် မှတ်ဉာဏ်ကောင်းတာပဲ။ အယ်စီဒေါမြို့ပင်ကို ပစ်ထုတ်ခံလိုက်ရတဲ့ အလုပ်သင်တပည့်လေးကို မှတ်မိနေသေးတယ်။”
ယူသွားခံရမည်စိုးသည့်အတွက် နိတ်ထံမှ ခလုတ်ဂိမ်းကို တစ်ဖနီ လုယူလိုက်သည်။ နိတ်က ၎င်းကို အသုံးချကာ စကားလမ်းကြောင်းပြောင်းပြီး ပြောလိုက်သည်။ “ရစ်ချတ်။ မင်းနဲ့ ဗိုလ်ချုပ် ဂူစတက်ဗ်တို့က အသိတွေလား။”
“ဒါက အထင်လွဲတာလေးပါပဲ။” ချန်လွေ့က အလျင်အမြန် ရှင်းပြလိုက်သည်။
ချန်လွေ့သည် ယန္တရားလောက၏ နောက်မှပေါက်သည့် ရွှေကြာပင်ဖြစ်သော “မှော်မျက်လုံး” ရစ်ချတ်ဖြစ်ကြောင်း သိသွားသည့်အခါ ဂူစတက်ဗ် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သူက အယ်စီဒေါမြို့၌ သူလျှိုဟုထင်ခဲ့သော “ယန္တရား အလုပ်သင်”မှာ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ဂူစတက်ဗ်၏ သရုပ်ဖြင့် ထိုကဲ့သို့ ပမွှားကိစ္စများ၌ အာရုံရှုပ်ခံရန် မလိုအပ်ပေ။ သူ ခေါင်းညိတ်လိုက်ပြီး တဲရစ်ကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။
တဲရစ် အံ့အားသင့်သွားဟန်တူပြီး နောက်ဘက်မှ နေရာတစ်ခုကို လှည့်ကြည့် လိုက်သည်။ ချန်လွေ့နှင့် အခြားသူများကလည်း ကြည့်လိုက်ကြသည်။ မဟာမင်းသာ အဲလီးရက်စ်နှင့် ဒုတိယမင်းသား အက်မန်းတို့ ဦးဆောင်လာကြသော လူသုံးလေးယောက် ရှိနေသည်။ သူတို့က တစ်ခုခုကို အငြင်းပွားနေသကဲ့သို့ပင် အတော်လေး ရန်လိုနေကြ၏။
မင်းသားများကြားမှ ပြိုင်ဆိုင်မှုများသည် မူလကတည်းက ကြမ်းတမ်းနေခဲ့ပြီး ကြောက်မက်ဖွယ်ရာနီးပါး ဖြစ်နေခဲ့သည်။ သူတို့က တိတ်တဆိတ် တိုက်ခိုက်ကြသည့် အပြင် ပွင့်ပွင့်လင်းလင်းလည်း တိုက်ခိုက်ကြသည်။ သူတို့သည် လုံးဝ မရိုးဖြောင့်ကြပေ။ အက်မန်း၏အသံ တဖြည်းဖြည်း ကျယ်လာပြီး အဲလီးရက်စ်က သရော်ပြုံးသာ ပြုံးနေသည်။ ထိုမြင်ကွင်းသည် လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်သည်။ ရိုင်ဇန်ပင် သူတို့ဘက်သို့ အာရုံစိုက်လိုက်သည်။
“လုပ်ကြံသူကို သတ်လိုက်တော့ သဲလွန်စ မရှိတော့ဘူး ထင်နေတာလား။ မမေ့နဲ့။ နတ်ဆိုးဘုံမှာ ရှေးစကားတစ်ခု ရှိတယ်။ မသိစေချင်ရင် မလုပ်နဲ့တဲ့။” အက်မန်း၏ စကားများအရ သူတို့သည် လွန်ခဲ့သောအချိန် တချို့က ဖြစ်ခဲ့သော လုပ်ကြံမှုအကြောင်း ပြောနေခြင်းဖြစ်ကြောင်း အလွယ်တကူ ပြောနိုင်ပေသည်။
အဲလီးရက်စ်က အေးစက်စက် ပြောလိုက်သည်။ “မင်းငါ့ကို ချောက်ချချင်ရင် သက်သေ ပြရမယ်။ မဟုတ်ရင်တော့ ငါ့ကိုယ်ငါ တစ်ယောက်ယောက်ကို ဓားနဲ့ ထိုးခိုင်းပြီးတော့ မင်းကို အပြစ်ပုံချမယ်။”
“ငါ သက်သေပြနိုင်ရင် ဒီလုပ်ကြံမှုကို မင်း ဝန်ခံမှလား။”
အဲလီးရက်စ်က စိတ်မပြောင်းသေးပုံ မရချေ။ “ဒါဆိုရင် မင်းရဲ့သက်သေက ယုံကြည်ရလား၊ မရလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ ငါ့ကို ချောက်ချဖို့အတွက် မင်း ဒီလိုဒရာမာမျိုးမှာ ဘယ်လိုလှည့်ကွက်တွေ လုပ်နိုင်မလဲ ငါ တကယ် သိချင်တယ်။ မင်းက ခမည်းတော်နဲ့ လူတိုင်းကို အာရုံစိုက်စေဖို့အတွက် တမင်တကာ အသံကျယ်ကျယ် ပြောခဲ့တယ်။ မင်းက ငါရယ်၊ ခမည်းတော်ရယ်နဲ့ လူတိုင်းကို သက်သေ မပြနိုင်ရင်တော့ အဆင့်သတ်မှတ်တဲ့ သိုင်းပြိုင်ပွဲကို ကြိုလုပ်ဖို့ ခမည်းတော်ကို ငါတောင်းဆိုလိုက်မယ်။”
အဆင့်သတ်မှတ်သော သိုင်းပြိုင်ပွဲကို မင်းသားများအကြား အဆင့်သတ်မှတ်ရန် ပြုလုပ်ခြင်း ဖြစ်သည်။ ၎င်းကို ၁၀နှစ်တစ်ကြိမ် ကျင်းပ၏။ ၎င်းသည် အဲလီးရက်စ်၏ အကြီးမားဆုံး အားသာချက် ဖြစ်သည်။ အက်မန်းလည်း နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း အဲလီးရက်စ်နှင့်ယှဉ်လျှင် တိုတောင်းနေသေးသည်။ ၎င်းမှာ သူ၏ အားနည်းချက် ဖြစ်ပြီး အဲလီးရက်စ်လည်း ၎င်းကို ကောင်းကောင်း သိသည်။
မင်းက ပြဿနာရှာဖို့အတွက် အခြေအနေကို အခွင့်ကောင်းယူချင်မှတော့ အကြီးမားဆုံး ပေးဆပ်ဖို့အတွက် ပြင်ဆင်ထားတော့။
“မင်းက ဒါနဲ့ ငါ့ကိုကြောက်အောင် လုပ်နိုင်မယ် ထင်တာလား။” အက်မန်း ရယ်လိုက်ပြီး နောက်လှည့်ကာ ရိုင်ဇန်ကို အရိုအသေ ပြုလုပ်သည်။ “ခမည်းတော်။ သားတော်အတွက် တရားမျှတအောင် လုပ်ပေးတော်မူပါ။”
သူ၏ပုံစံကို ကြည့်ရသည်မှာ အမှန်တကယ် ပြင်ဆင်လာပုံရသည်။
ဘေးဖက်မှ အားဒီလိတ်က ကိုးရိုးကားရား ဖြစ်နေဟန် တူသည်။ သူသည် ပွဲတော် ကျင်းပသူဖြစ်ပြီး အက်မန်းမှာ သူ၏ သူဌေး ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာ ဖြစ်လာမည်ဟု သူ မသိထားခဲ့ပေ။ အက်မန်းက သူ၏မွေးနေ့ပွဲကို အသုံးချပြီး အဲလီးရက်စ်ကို တိုက်ခိုက်နေကြောင်း မြင်သည့်အတွက် သူ၏ စိတ်ထဲ၌ မသက်မသာ ခံစားလိုက်ရသည်။
သို့သော်လည်း အားဒီလိတ်သည် မဟာမင်းသားကိုသာမက ဒုတိယမင်းသားကိုပါ အာမခံရဲပေ။ ထို့ကြောင့် တိတ်တိတ်သာ နေနေရသည်။
ရိုင်ဇန်က ပုံမှန်အတိုင်းသာဖြစ်နေပြီး တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူက အက်မန်းအား ပွဲတော်ကို နှောင့်ယှက်ခဲ့သည့်အတွက် အပြစ်မတင်ဘဲ စကားတစ်ခွန်းသာ ပြောလိုက်သည်။ “သက်သေပြ။”
“ခမည်းတော်။ ခဏစောင့်ပေးပါ။” အက်မန်းက အရိုအသေ ပေးပြီးနောက် ဘေးမှ သူ၏ လူယုံကို ခြေဟန်လက်ဟန် ပြလိုက်သည်။ ထိုသူက ချက်ချင်းပင် အောက်ဆင်း သွားပြီး တော်ဝင်မိသားစု နောက်လိုက်များထဲမှ တစ်ယောက်ကို ဆွဲထုတ်လာသည်။ ထိုသူ လမ်းလျှောက်လာရင်း မျက်နှာ ပြောင်းလိုက်သည်။ အဲလီးရက်စ်၏အကြည့်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
တစ်စုံတစ်ယောက်က ထိုသူမှာ အဲလီးရက်စ်၏ အယုံကြည်ရဆုံး လူယုံကြည်ဖြစ်သည့် အဲလီးရက်စ်၏ အသက်ကို နှစ်ကြိမ်ကယ်တင်ခဲ့သော အဲဂရူဖြစ်ကြောင်း မှတ်မိသွားသည်။ လွန်ခဲ့သော လအနည်းငယ်က သူက မတော်တဆ အဆိပ်မိသွားခြင်းကြောင့် သေဆုံးသွားခဲ့သည်။ ထိုစဉ်က အဲလီးရက်စ်သည် သူ၏ အမှတ်တရ အခမ်းအနားကိုပင် ဝမ်းနည်းချက် ပြုလုပ်ပေးခဲ့သည်။
သို့သော်လည်း ထိုသူ “အသက်ပြန်ရှင်” လာခဲ့လေသည်။
“မင်း သေသွားပြီ မဟုတ်လား။” အမြဲတင်းမာနေသော အဲလီးရက်စ်က အသွင်ပြောင်းခြင်း ကဲ့သို့ မှော်ပညာမျိုးဖြင့် ရုပ်ဖျက်ထားခြင်း မဟုတ်သော အဲဂရူကို မြင်သည့်အခါ ထိတ်လန့်သော အမူအရာ ပြသလိုက်သည်။
“တချို့သူတွေက ကျုပ်ကို သေစေချင်ပေမဲ့ အဲဒီသူရဲ့ ဆန္ဒအတိုင်း မဖြစ်သွားတာ ကျုပ် ကံကောင်းတာပဲ။” အဲဂရူက အဲလီးရက်စ်အား အကြောက်တရားကင်းမဲ့စွာ ကြည့်လိုက်ပြီး အမုန်းတရားများဖြင့် ပြောလိုက်သည်။
လူတိုင်းက အံ့အားသင့်စွာဖြင့် တီးတိုးပြောနေကြသည်။ အဲဂရူ၏အဖြေက သူ့ကို နာမည်မတတ်သော်လည်း ထိုကိစ္စမှာ လုပ်ကြံမှု တစ်မျိုးမျိုးနှင့် ပတ်သက်နေကြောင်း ထင်ရှားနေသည်။ အဲလီးရက်စ်၏ အသုံးချခံခဲ့သော လူယုံတစ်ယောက်မှ စကားများသည် အချို့အခြေအနေများ၌ ဒုတိယမင်းသား အက်မန်း၏ စကားများထက်ပင် ပို၍ ယုံကြည်စရာ ကောင်းပေသည်။
အာဏာလုယက်ခြင်း၌ “မဖော်ပြထားသောစည်းမျဉ်း” ရှိသည်။ မဟာမင်းသားက ဒုတိယမင်းသားကို လုပ်ကြံရန်အတွက် တစ်စုံတစ်ယောက်လွှတ်ခဲ့ပြီး ထင်ရှားသော သက်သေတစ်ခုနှင့် ဖမ်းမိသွားခဲ့သည်။ ၎င်းသည် အဲလီးရက်စ်အတွက် အတော်လေး ထိခိုက်နစ်နာမှု ဖြစ်စေသည်မှာ ထင်ရှားလှပေသည်။ အင်ပါယာ၌ ဥပဒေများ ရှိသည်။ ထိုကိစ္စ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်လျှင် လူထုကို လက်ခံယုံကြည်စေရန်အတွက် ရိုင်ဇန်က အဲလီးရက်စ်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်မှာ သေချာပေသည်။ ၎င်းသည် သူ၏ မဟာမင်းသား နေရာကိုပင် သက်ရောက်မှု ရှိနိုင်သည်။
အဲလီးယက်စ်၏အကြည့် အေးစက်သွားပြီး မျက်နှာပို၍ မည်းမှောင်သွားသည်။ “လက်စသတ်တော့ ငါက မင်းကို အထင်သေးခဲ့မိတာကိုး။ ငါ အယုံကြည်ရဆုံးသူ တစ်ယောက်က သေဟန်ဆောင်ပြီးတော့ အရေးအကြီးဆုံးအချိန်မှာ ငါ့နောက်ကျောကို ဓားနဲ့ထိုးမယ်လို့ ငါ လုံးဝ မထင်ထားခဲ့မိဘူး။”
ထိုစကားများမှ အဲဂရူသည် တမင်တကာ သူလျှိုဖြစ်ကြောင်း နားလည်နိုင်ပေသည်။ သို့သော်လည်း ကြိုတင်မှန်းဆသူများအတွက် ၎င်းတွင် နောက်ထပ်အဓိပ္ပာယ်တစ်ခု ရှိနေသည်။
အက်မန်းက ရှေ့တက်လာပြီး အဲဂရူအရှေ့တွင် ရပ်နေလိုက်သည်။ “အရှင်မင်းကြီးနဲ့ တော်ဝင် အရာရှိ အားလုံးအရှေ့မှာ မင်းသိထားသမျှ အကုန်ပြောပြလိုက်။ အဲဂရူ။ အရှင်မင်းကြီးနဲ့ ငါ ဒီမှာရှိနေတယ်။ မင်းကို ဘယ်သူမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
အဲဂရူက အဲလီးရက်စ်အား ခါးသက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။ ရုတ်တရက် သူ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအမူအရာ ဖြစ်သွားသည်။ ဓားတစ်လက်က သူ၏ရင်ဘတ်ကို ရုတ်တရက် ဖောက်ထွင်းသွား၏။ ထိုဓားမှာ အနက်ရောင် ဖြစ်သည်။ အဲဂရူက တစ်ခုခု ပြောချင်နေ သကဲ့သို့ပင် လည်ချောင်းမှ “အား”ခနဲ အသံတစ်သံ ထွက်လာသည်။ သို့သော်လည်း နောက်ဆုံး၌ သူ ဆက်မပြောနိုင်တော့ဘဲ မြေပြင်ပေါ် လဲကျသွားခဲ့သည်။ အနက်ရောင်သွေးစက်များက မြေပြင်ပေါ်၌ အလျင်အမြန်ပင် ပျံ့နှံ့သွားကြသည်။ သူ၏ အသက်ငွေ့လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ယခင်က အဲဂရူ မည်သို့ပင် သေဟန်ဆောင် စေကာမူ ယခုတွင် သူ အမှန်တကယ် သေဆုံးသွားခဲ့လေပြီ။
ဓားကို တစ်စုံတစ်ယောက် လက်ထဲ၌ ကိုင်ထား၏။ ထိုသူမှာ တဲရစ် ဖြစ်နေသည်။
ထိုအပြောင်းအလဲမှာ ရုတ်တရက် ဖြစ်လွန်းလှသည်။
အချိန်တစ်ခုအထိ လူတိုင်းနီးပါးက မယုံကြည်နိုင်သော အမူအရာများ ပြသလိုက်ကြသည်။