← Chapters

အမှန်တရားလား

Vol. 30 Ch. 445

အမှန်တရားလား

Vol. 30 Ch. 445

တတိယဗိုလ်ချုပ်စံအိမ်ရှိ မွေးနေ့ပွဲ၌ ရုတ်တရက် အပြောင်းအလဲက လူတိုင်းကို အံ့အားသင့်သွားစေသည်။

ဒုတိယမင်းသား အက်မန်းက မဟာမင်းသားကို အပြစ်တင်ရန်အတွက် လုပ်ကြံမှု အဖြစ်အပျက်ကို အသုံးချခဲ့သည်။ ထို့နောက် သူက မဟာမင်းသား၏ “သေပြီးသား” လူယုံကို ဆွဲထုတ်လာကာ သက်သေထွက်ဆိုခိုင်းသည်။ ထို့နောက် လူယုံက အားလုံးကို ဖွင့်ပြောတော့မည့်အချိန်‌၌ မင်းသားငယ် တဲရစ်က အဲဂရူကို ရုတ်တရက် နောက်မှ ဓားဖြင့် ထိုးလိုက်သည်။

ဒုတိယမင်းသား အက်မန်းမှာ အံ့အားအသင့်ဆုံး ဖြစ်သည်။ ရိုင်ဇန်အရှေ့၌ အဲဂရူကို သတ်ဖြတ်ခြင်းမှာ အကျပ်ကိုင်ခြင်းမခံရဘဲ ဖွင့်ပြောခြင်းနှင့် ညီမျှသော်လည်း သူက အဲလီးရက်စ်ကို သတိထားနေဆဲပင် ဖြစ်သည်။ တဲရစ်က တိုက်ခိုက်လာမည်ဟုသာ သူ မထင်ထားခဲ့ခြင်းပင် ဖြစ်လေသည်။

တတိယဗိုလ်ချုပ်၏ မွေးနေ့ပွဲမှာ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အက်မန်းသာမက မည်သူမှ မထင်ထားခဲ့ကြပေ။

အစမှအဆုံးအထိ ရိုင်ဇန်သည် အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ တဲရစ်က အဲဂရူကို သေသည်အထိ ဓားဖြင့် ထိုးခဲ့သည့်တိုင် သူက တားဆီးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ၎င်းမှာ မင်းသားတိုက်ပွဲများထံသို့ သူ၏ ပုံမှန် ရပ်ကြည့်သူ အမူအကျင့် အတိုင်းသာ ဖြစ်လေသည်။

သို့သော်လည်း တဲရစ်က မဟာရိုင်ဇန်အရှေ့၌ သက်သေထွက်ဆိုတော့မည့် အဲဂရူကို သတ်ပစ်လိုက်သည့်အတွက် မည်သို့ပင် ဆိုစေကာမူ ဖြေရှင်းချက်တစ်ခု ပေးကိုပေးရမည် ဖြစ်ပေသည်။

“ကျုပ်က လုပ်ကြံမှု နောက်ကွယ်က ကြိုးကိုင်တဲ့သူပါ။” တဲရစ်က အေးအေးဆေးဆေး ပြောလိုက်သည်။ ခုနက အံ့အားသင့်မှုကြောင့် မြင်ကွင်းက တိတ်ဆိတ်နေသည်ဟု ယူဆလျှင် ယခုတွင် ဗုံးစများက လှိုင်းပေါင်းတစ်ထောင်ခန့် ဂယက်ရိုက်သွားသကဲ့သို့ပင် ဖြစ်သည်။ ချက်ချင်းပင် ဆူညံသွားတော့သည်။

အဲလီးရက်စ် အံ့အားသင့်သွားပြန်ပြီး မိခင်တူ ညီတော်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

“အကြောင်းရင်းက...” အေးစက်သော အသံတစ်ခုက တီးတိုးပြောသံများကို လွှမ်းမိုးသွားခဲ့ပြီး နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ၎င်းမှာ ရိုင်ဇန်၏ အသံပင် ဖြစ်လေသည်။

၎င်းမှာ လူတိုင်း၏စိတ်ထဲမှ မေးခွန်းတစ်ခုလည်း ဖြစ်ပေသည်။ မဟာမင်းသား အဲလီးရက်စ်က ပလ္လင်အတွက် အကြီးမားဆုံး ရန်သူကို ဖယ်ရှားဖို့အတွက် ဒုတိယမင်းသာ အက်မန်းကိုသတ်ဖို့ တစ်ယောက်ယောက် လွှတ်ချင်ခဲ့တယ်။ ဒါဆိုရင် မင်းသားငယ်လေး တဲရစ်က ဘာလို့ ဒီလို လုပ်ရတာလဲ။

“ကြည့်ရတာ ကျုပ် အမှန်အတိုင်းပဲ ပြောရတော့မယ် ထင်တယ်။” တဲရစ်က ဘေးဖက်မှ တစ်ဖနီကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်က လေဒီ မစ်-တစ်ဖနီကို တော်တော်လေး သဘောကျလို့ပါ။ ဒါက ကျုပ်ဘဝမှာ ပြင်းပြင်း ထန်ထန် ခံစားမိတဲ့ ပထမဆုံး အမျိုးသမီးပါ။ ဒုတိယမင်းသာ အက်မွန်းက သူ့ကို တပ်မက်နေတာ ကျုပ် သည်းမခံနိုင်ဘူး။”

တစ်ဖနီက ခဏတာ ကြက်သေသေသွားပြီးနောက် ပါးစပ်ကို အုပ်လိုက်မိသည်။ “ရှင်.....”

တဲရစ်က တစ်ဖနီ၏ လှပသော မျက်လုံးထဲရှိ ကြောက်လန့်မှုကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်သည်။ “ငါမင်းကို တော်တော်လေး သ‌ဘောကျတယ်။ ငါ့ကိုယ်ငါ မကယ်တင်နိုင်တဲ့အထိပဲ။”

တစ်ဖနီက နောက်ဆုတ်နေရင်း ခေါင်းခါလိုက်သည်။ ထို့နောက် ရုတ်တရက် လှည့်ပြီး ထွက်ပြေးသွားလိုက်ကာ ဂိတ်ထဲသို့ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒုတိမင်းသား အက်မွန်းနဲ့ တဲရစ်တို့ နှစ်ယောက်လုံးက တစ်ဖနီကို စိတ်ဝင်စားနေကြတာလား။

အနီးအနားရှိ တော်ဝင်မျိုးနွယ်များနှင့် အရေးကြီး အရာရှိများတွင် မတူညီသော အမူအရာများ ရှိနေကြသည်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ အကြောင်းရင်းကြောင့်လား။ တော်ဝင်လေဒီ တစ်ယောက် အတွက်ကြောင့်လား။

ထိုသူများပင် မပြောနှင့်။ အက်မွန်းကိုယ်တိုင်ပင် မယုံကြည်ချေ။ ထိုအငယ်ဆုံး ညီတော်မှာ မဆင်မခြင်လုပ်တတ်သော သွေးဆူတတ်သောသူ မဟုတ်ပေ။ သူက ဉာဏ်ကြီးရှင် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

လူအများပြား၏ မျက်လုံးများက မဟာမင်းသား အဲလီးရက်စ်ထံသို့ ရောက်ရှိသွား ပြန်သည်။ ဧကန္တ......

“ဟမ့်။” ရိုင်ဇန် နှာမှုတ်လိုက်သည်။ သူက အမှန်တကယ်ပင် သတ်ဖြတ်ချင်စိတ် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ “ငါမင်းကို တော်တော်လေး စိတ်ပျက်သွားပြီ။”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ စိတ်ပျက်စရာ သားတော်က ခမည်းတော်ကို အမြဲတမ်း စိတ်ပျက်စေခဲ့တာပဲ။” တစ်ဖနီ ပျောက်ကွယ်သွားသောနေရာကို ကြည့်ရင်း တဲရစ်က ဝမ်းနည်းစရာကောင်းအောင် ရယ်လိုက်ပြီး ဘာမှမပြောတော့ပေ။ သို့သော်လည်း လူတိုင်းက သူဆိုလိုသည်ကို သဘောပေါက်ကြသည်။ မဟာရိုင်ဇန်သည် ခွန်အားကို အလေးပေးဆုံး ဖြစ်သည်။ တဲရစ်က အခြားနေရာများ၌ ပြိုင်စံရှား ပါရမီရှင် ဖြစ်သော်လည်း လေ့ကျင့်ရေး၌ သာမန်မျှသာ ဖြစ်သည်။ သို့မဟုတ်ပါက အဲလီးရက်စ်နှင့် အက်မန်းတို့ ပူးပေါင်းသည့်တိုင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

တဲရစ်၏ ညှိမှိုင်းသော အပြုံးကို မြင်ရသည့်အခါ လူအများအပြားက သနားသွား ကြသည်။ တခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်ရင် ဒီလုပ်ကြံတာတစ်ခုတည်းက တော်တော်လေး မသင်္ကာစရာကောင်းတယ်။ အထဲကဇာတ်လမ်းတွေ ဘယ်လိုပဲဖြစ်ဖြစ် တဲရစ်က တစ်ယောက်တည်း အပြစ်တင်ခံလိုက်တဲ့သဘောပဲ။

“ကျုပ် အပြစ်ဒဏ်ကို လက်ခံချင်ပါတယ်။ အဲဒါက.... အမှောင်မီးဖိုမှာ နှစ်ဝက် တံခါးပိတ် စဉ်းစားရမှာ ထင်တယ်။ ကျုပ်ကို ခွင့်ပြုပေးပါ။ ခမည်းတော်။”

အက်မန်းနှင့် အဲလီးရက်စ်ကဲ့သို့ မင်းသားများက တစ်ချိန်တည်းမှာပင် အံ့အားသင့် သွားကြသည်။ အမှောင်မီးဖိုသ် အလွန်အမင်း အန္တရာယ်များလှသော တော်ဝင် လျို့ဝှက်နေရာတစ်ခု ဖြစ်ပြီး အလွန်တက်ကြွသော အမှောင်စွမ်းအားများ ရှိနေသည်။ [ အမှောင်ကျွမ်းကျင်မှု ] ရှိသော မန်မွန်တော်ဝင်မိသားစုများက ထိုအမှောင်စွမ်းအားကို ငှားရမ်းပြီး လေ့ကျင့်ရေးကို အရှိန်မြန်စေနိုင်သော်လည်း ညီတူညီမျှပင် အန္တရာယ် ရှိလှသည်။ ထိုထဲ၌ မန်မွန်တော်ဝင်မိသားစု အများအပြား သေဆုံးခဲ့ရသည်။ ထိုစဉ်က အဲလီးရက်စ် နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်သွားသော အချိန်မှာပင် တစ်လကာ တံခါးပိတ် လေ့ကျင့်နိုင်ခဲ့သည်။ ယခုတွင် တဲရစ်သည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသို့ အဆင့်တက်ရုံသာ ရှိသေးသည်။ သို့သော် သူသည် တစ်ခါတည်း နှစ်ဝက် တောင်းဆိုခဲ့သည်။ ၎င်းသည် လုံးဝကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့်အရာ ဖြစ်သည်။ ၎င်းသည် အမှန်တကယ်၌ လေ့ကျင့်ရေးမဟုတ်ဘဲ အလွန်အမင်း တင်းကြပ်သည့် တကယ့်အပြစ်ဒဏ် ဖြစ်လေသည်။

ရိုင်ဇန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တဲရစ်ကို စိုက်ကြည့်လိုက်သည်။ “ကောင်းပြီလေ။ ဒါက မင်းကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းကြောင်းပဲ။”

“ခမည်းတော်...” နောက်ဆုံး၌ အဲလီးရက်စ်က စကားပြောလိုက်သည်။ အရာရှိများ၏ မျက်လုံးထဲမှ ၎င်းမှာ စကားပြောရန် အနည်းငယ် နောက်ကျနေလေပြီ။ မင်းရဲ့ညီလေးက မင်းအတွက် အပြစ်ဒဏ် ခံရနေပြီ။ မင်းက အခုမှ စကားပြောတာလား။

ရိုင်ဇန်က သူ့ကို စကားပြောခွင့် မပေးခဲ့ပေ။ သူက အဲလီးရက်စ်ကို စိုက်ကြည့် လိုက်သည်။ အဲလီးရက်စ်က မိမိအား ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ဖုံးလွှမ်းသွားကြောင်း ခံစားလိုက်ရသည်။ သူ ပါးစပ်ဖွင့်လိုက်သော်လည်း စကားတစ်လုံးမှ မပြောနိုင်သည်အထိ အမှန်တကယ်ပင် ဖိနှိပ်ခံနေရသည်။

“ဒီနေ့ဖြစ်ခဲ့တာကို ထုတ်ပြောရဲတဲ့သူ သေရမယ်။” ရိုင်ဇန်က ပုံမှန်အတိုင်းပြောပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ “နန်းတော်ကို ပြန်သွားမယ်။”

အများစုမှာ မင်းသားများအပါအဝင် တော်ဝင်မျိုးနွယ်များ ဖြစ်ကြသည်။ ရိုင်ဇန်၏ စကားများကို မည်သူမှ သံသယ မဝင်ရဲကြပေ။

ကြောက်မက်ဖွယ်ရာစွမ်းအားကို မဖယ်ရှားရသေးသော အဲလီးရက်စ်နားသို့ အက်မန်း ဖြတ်သွားသည့်အခါ နှာမှုတ်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။ “မင်းမှာ ဒီလိုညီတော်မျိုးရှိတာ ကံကောင်းတာပဲ။ ဒါပေမဲ့ ဒီလိုနောက်တစ်ကြိမ်တော့ ရှိလာမှာ မဟုတ်တော့ဘူး။”

ရိုင်ဇန်နှင့် မင်းသားများ ထွက်သွားသည်နှင့် အခြားအရာရှိများနှင့် တော်ဝင်မျိုးနွယ် များလည်း ထွက်သွားကြသည်။ မွေးနေ့ပွဲမှာ ခွာပြဲလျက် အဆုံးသတ်သွားခဲ့သည်။

တတိယဗိုလ်ချုပ် အားဒီလိတ်လည်း မပြုံးနိုင်တော့ပေ။ သူက နောက်ဆုံး ဧည့်သည်ကို လိုက်ပို့ပြီးနောက် ခြံဝင်းထဲသို့ ပြန်သွားသည်။ ခေါင်းထက်မှ ခရမ်းရောင် လနှစ်စင်းကိုကြည့်ရင်း သူက ပြုံးရခြင်းကြောင့် တောင့်နေတော့မည့် မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ အလွန်ပင် စိတ်ဓာတ်ကျနေ၏။ မူလက စည်ကားနေသော မိမိ၏ မွေးနေ့ပွဲသည် ထိုကဲ့သို့ ခုံရုံးပြဇာတ်ဖြစ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

( ငါက ပွဲတစ်ခု ကျင်းပချင်ရုံပါ။ ငါက ဘယ်သူ့ကို အာခံမိခဲ့လို့လဲ။ )

ဒီနေ့ဖြစ်သွားတာက သက်သက် ရန်စတာပဲ။ ဒါက မင်းသားတွေအကြားက စွမ်းအားမျှခြေလည်း ပါဝင်နိုင်တယ်။ ပြီးတော့ အနာဂတ်မှာ ထီးနန်းဆက်ခံသူအတွက် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်နိုင်တယ်။ ငါ့ရဲ့ လက်ရှိအဖွဲ့က ဒုတိယမင်းသား အက်မွန်းပဲ။ ဒါပေမဲ့....

အားဒီလိတ် စဉ်းစားနေစဉ် လူယုံတစ်ယောက်က သူ့ထံသို့ ချဉ်းကပ်လာပြီး စာတစ်စောင် ကမ်းပေးသည်။ အားဒီလိတ်က စာကိုယူပြီး သူ၏အစေခံအား နောက်ဆုတ် ခိုင်းလိုက်သည်။ ထိုစာကိုဖွင့်ဖတ်ပြီးနောက် အားဒီလိတ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လက်ကို အားအနည်းငယ်သုံးလိုက်ရာ ထိုစာသည် ချက်ချင်းပင် ပြာကျသွားခဲ့သည်။

ထိုအချိန်၌ အားဒီလိတ်က သတိပေးချက်တစ်ခု ခံစားလိုက်မိသည်။ ထို့နောက် သူ၏ ခြံဝင်းထဲ၌ ဝတ်ရုံနှင့်လူတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ အားဒီလိတ်သည် တောက်ပသော လရောင်အောက်၌ပင် ထိုသူ၏ မျက်နှာကို မမြင်ရသေးပေ။ သူသည် မျက်နှာဖုံ တစ်မျိုးမျိုးကို ဝတ်ဆင်ထားပုံရသည်။

“မင်းက ဘယ်သူလဲ။” အားဒီလိတ် ထိတ်လန့်သွားသည်။ အတွင်းမြို့တော်ရဲ့ ကာကွယ်ရေးက တော်တော်လေး တင်းကြပ်တယ်။ ငါ့ရဲ့ တတိယဗိုလ်ချုပ်စံအိမ်က ထောင်ခြောက်တွေ အကာအကွယ် မှော်စက်ဝိုင်းတွေ အပြည့်ပဲ။ နတ်ဆိုးအရှင်သခင် အဆင့်တောင် လွယ်လွယ်နဲ့ ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး။ ဒီလူက ထောင်ခြောက်တွေ၊ မှော်စက်ဝိုင်းတွေကို အသက်မဝင်စေဘဲနဲ့ ငါ့အရှေ့မှာ တကယ်ကြီး ပေါ်ထွက်လာ ခဲ့တယ်။ သူ့ရဲ့ ခန့်မှန်းလို့မရတဲ့ စွမ်းအားအပြင်ကို သူ့မှာ အထူးစွမ်းရည်တစ်ခုခု ရှိရမယ်။

သူသည် အမှန်ကတယ်ပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ အားဒီလိတ် အရှေ့၌ ဝတ်ရုံနှင့်လူ တိတ်တိတ်လေး ပေါ်ထွက်လာရသော အကြောင်းရင်းမှာ အထူးစွမ်းရည် တစ်ခုဖြစ်သော [ ကြယ်တာရာဂိတ် ] ကြောင့်ပင် ဖြစ်လေသည်။

ချန်လွေ့သည် တတိယဗိုလ်ချုပ်နှင့် ကိစ္စအချို့ကို နှစ်ယောက်တည်း “ဆွေးနွေး” ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူက အားဒီလိတ်၏ မွေးနေ့ပွဲသို့ သူ၏ “ဆရာ” နိတ်ကို အဖော်ပြုပေးရသည့်အတွက် အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရေဒြပ်စင်မှော်ပညာဖြစ်သော [ အချိန်နေရာလွတ်ဂိတ် ] သည်လည်း ထိုကဲ့သို့ ဆင်တူသော သက်ရောက်မှုတစ်ခု ရှိသည်။ ၎င်းတွင် အချိန်အကန့်အသတ် ရှိသည်။ သို့သော်လည်း အသုံးပြုသူအရေအတွက် အကန့်အသတ် မရှိပေ။ တစ်နည်းအားဖြင့် ပြောရလျှင် အချိန်အကန့်အသတ်အတွင်း ရှိနေသရွေ့ အခြားသူများအား [ အချိန်နေရာလွတ်ဂိတ် ] ကို ဖြတ်သန်းစေနိုင်သည်။ သို့သော်လည်း ထိုရေဒြပ်စင်မှော်မှာ များစွာသော ကန့်သတ်ချက်များ ရှိနေသည်။

ပထမဦးစွာအနေဖြင့် အကွာအဝေးကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားသည်။ ၎င်းသည် အသုံးပြုသူ၏ မှော်စွမ်းအားနှင့် အချိုးကျသည်။ ထို့နောက်တွင် ခရီးပန်းတိုင်၌ ရေအရင်းအမြစ် လုံလုံလောက်လောက် ရှိရပေမည်။ ထို့ပြင် ထိုကဲ့သို့ မှော်ပညာမျိုးကို နှောင့်ယှက်ရ လွယ်ကူသည်။ ၎င်းကို ဗိုလ်ချုပ်စံအိမ်ကဲ့သို့ မှော်စက်ဝိုင်း အများအပြား ရှိ‌သော နေရာများတွင် အသက်သွင်း၍ မရနိုင်ပေ။ ထိုသို့ဆိုလျှင် နေရာလွတ် ဖရိုဖရဲ ဖြစ်စေပြီး အသုံးပြုသူသည် ရှင်းပြ၍မရသောနေရာများ၊ အမည်မသိ နေရာများသို့ ရောက်ရှိသွားနိုင်ပေသည်။ ထိုစဉ် [ ကြယ်တာရာဂိတ် ] ၌ ထိုကဲ့သို့ ကန့်သတ်ချက် မရှိပေ။ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်ကဲ့သို့ အထူးနေရာများ၌ အသုံးပြုမရသည်ကလွဲ၍ ပုံမှန်အားဖြင့် တားမြစ်ချက် မရှိပေ။ အထူးသဖြင့် ယခု၌ သူ့တွင် ကြယ်အမှတ် ၂နေရာ ရှိနေသည့်အတွက် ပိုမိုပြောင်းလွယ်ပြင်လွယ်ပြီး အဆင်ပြေသွားလေသည်။

“‌ဆာ-ဗိုလ်ချုပ်။ ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ကျုပ် ခင်ဗျားကို လာမေးတဲ့အရာပဲ။”

သာမန်နေ့ရက်များဆိုရင် အားဒီလိတ်သည် ထိုသူ့ကို ပစ်ထိုးလိုက်မည် ဖြစ်သည်။ သို့သော်လည်း ယခုမှာ သူ၏မွေးနေ့ပွဲ၌ မမျှော်လင့်ထားသော အဖြစ်အပျက် ပြီးပြီးနောက် ဖြစ်နေသည်။ ထို့ကြောင့် သူက သွေးရောင်အင်ပါယာ၏ ဌာနတစ်ခုက လုပ်နေကျ နည်းလမ်းများကို တွေးမိလိုက်သည်။ သူ သံသယ ဝင်မိသွားပြီး အစမ်းသဘော မေးကြည့်လိုက်သည်။ “လျို့ဝှက် သတင်းအချက်အလက် ဌာနလား။”

မူလက ချန်လွေ့သည် အင်အားသုံးချင်ခဲ့သည်။ သို့သော်လည်း အားဒီလိတ်က “လှလှပပ” အထင်လွဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ခေါင်းညိတ်လိုက်ပြီး မန်တီလာ၏ လေသံကို အတုခိုးကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ဗိုလ်ချုပ်။ အလုပ်ကန့်သတ်ချက်ကြောင့် ခင်ဗျားမေးတာကို ဆက်ပြီး ဖြေလို့မရပါဘူး။ ဘယ်သူမှ မနှောင့်ယှက်ဘဲနဲ့ ကျုပ်တို့နှစ်ယောက်ဘဲ ဆွေးနွေးလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

ထိုကဲ့သို့ “စကားမျိုး”ကို အပြင်လူ မကြားသင့်ကြောင်း အားဒီလိတ် သိသည်။ သူက လက်အမူအရာပြလိုက်သည့်အခါ လျို့ဝှက်နည်းလမ်းအချို့ဖြင့် သူ ဆင့်ခေါ်ထားသော သူ၏လက်အောက်ငယ်သားအချို့က ရုတ်တရက် ပြန်သွားကြသည်။ သူတို့သည် အတော်လေး ကောင်းကောင်းမွန်မွန် လေ့ကျင့်ထားပုံရသည်။

လက်အောက်ငယ်သားများ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ချန်လွေ့ တိတ်တဆိတ် သတိထားလိုက်သည်။ တတိယဗိုလ်ချုပ်စံအိမ်ဆိုတဲ့အတိုင်းပဲ။ လျို့ဝှက် အကာအကွယ်အင်အားစုတွေ အများကြီး ရှိတာပဲ။ ခုနက ငါတစ်ခုခု လှုပ်ရှားလိုက်ရင် တော်တ်ေလေး အားထုတ်လိုက်ရမှာ စိုးရိမ်ရတယ်။

“ဟုတ်ပြီ။ အခု မင်းငါ့ကို သတ်ချင်ရင်တောင် အဲဒီ အမှောင်အစောင့်တွေ ဒီနားကို ရောက်လာတော့မှာ မဟုတ်ဘူး။” အားဒီလိတ်က ထေ့ငေါ့ပြောလိုက်သည်။ “မင်းမှာ မေးစရာရှိရင် အခုပြောလို့ရတယ်။ ဒါပေမဲ့ ငါမင်းကို ကြိုသတိပေးလိုက်မယ်။ ငါ့အချိန်နဲ့ ငါ့စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။”

သူ့ရဲ့စွမ်းအားကိုကြည့်ရတာ လျို့ဝှက် သတင်းအချက်အလက် ဌာနရဲ့ အဆင့်မြင့်တဲ့သူ တစ်ယောက်ယောက် ဖြစ်လောက်တယ်။ လျို့ဝှက် သတင်းအချက်အလက် ဌာနသည် ကြီးမားလှသောစွမ်းအားရှိသော်လည်း အားဒီလိတ်သည် တော်ဝင်မိသားစုဝင် ဖြစ်ရုံသာမက အင်ပါယာ၏ တတိယဗိုလ်ချုပ်လည်း ဖြစ်သည်။ ထို့ကြောင့် သူ၏စကားများမှာ မယဉ်ကျေးလှပေ။

လျို့ဝှက်ဌာနဝန်ထမ်းအတု ဖြစ်သော ချန်လွေ့က ထိုအသေးစိတ်များကို ဂရုစိုက်မည် မဟုတ်ပေ။ သူက ပြောသည်။ “ဗိုလ်ချုပ်က ဟာသဉာဏ်ရွှင်တာပဲ။ ပထမမေးခွန်းက ဒုတိယမင်းသား လုပ်ကြံခံရတဲ့နေ့မှာ ဗိုလ်ချုပ်က ဘယ်မှာရှိနေတာလဲ။”

၎င်းသည် အထင်လွဲနေသော သံသယဝင်ခြင်းတစ်ခု ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်လေသည်။ အားဒီလိတ် နှာမှုတ်လိုက်ပြီး အေးစက်စက် ပြောသည်။ “ဒါကို မင်းတို့ လျို့ဝှက် သတင်းအချက်အလက်ဌာနက သူလျှိုတွေကို သွားမေးသင့်တာ။ ငါ့ကို မဟုတ်ဘူး။”

“ဒါဆို....လိုရင်းကို ပြောကြတာပေါ့။ မစ်-တစ်ဖနီနဲ့ နီးကပ်တဲ့သူတွေကို ဘာလို့ သတ်ပစ်တာလဲ။”

ထိုမေးခွန်းက အားဒီလိတ်ကို အံ့အားသင့်သွားစေသည်။ သူ၏အကြည့်ထဲ၌ သံသယများ လက်ခနဲ ဖြစ်သွားသည်။ “ဒါက မင်းတို့ လျို့ဝှက် သတင်းအချက်အလက် ဌာနနဲ့ ပူးပေါင်းတာ မဟုတ်လား။”

နောက်ကွယ်ကကြိုးကိုင်သူက လျို့ဝှက် သတင်းအချက် ဌာနလား။

ချန်လွေ့က မိမိကို အစက တိုက်ခိုက်ခဲ့သော လျို့ဝှက် သလင်းအချက်အလက်ဌာန ခေါင်း‌ဆောင်ငယ်လေး မန်တီလာကို တွေးမိလိုက်ပြီး အနည်းငယ် အံ့အားသင့် သွားသည်။ အားဒီလိတ်က ပြန်မေးလိုက်သည်။ “လျို့ဝှက် သတင်းအချက်အလက် နတ်ဆိုးထဲမှာ မင်းက ဘယ်အဆင့်လဲ။”

“ကြည့်ရတာ.....ဆာ-ဗိုလ်ချုပ်က ကျုပ်ကို သံသယဝင်သွားတဲ့ပုံပဲ။” ချန်လွေ့က ယနေ့ညတွင် ပျော်ရွှင်စရာ အဆုံးသတ်တစ်ခုကို မမျှော်လင့်ထားပေ။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ကြယ်စွမ်းအားများ အရှိန်မြန် လည်ပတ်လာခဲ့သည်။ “အခု ကျုပ်က နောက်ထပ် ကိစ္စတစ်ခုကို တွေးနေတာ။”

အားဒီလိတ်၏ ခန္ဓာကိုယ်လည်း ပြင်းထန်သော အမှောင်အငွေ့အသက်များ ထွက်လာသည်။ သူ၏အမူအရာက အေးစက်သထက် အေးစက်လာခဲ့သည်။ “အိုး....”

“အဲဒါက....ကျုပ်လက်ထဲမှာ ဗိုလ်ချုပ် သေသွားမယ်ဆိုရင်တောင် အပြင်ဘက်က သူတွေ ဒီကို မချဉ်းကပ်လာနိုင်ဘူး ဆိုတာပဲ။” ထိုသို့ပြောပြီးသည်နှင့် ချန်လွေ့၏ပုံရိပ်က အားဒီလိတ်အရှေ့တွင် ချက်ချင်းပေါ်ထွက်လာသည်။ သူက အားဒီလိတ်၏ခေါင်းကို ဓားသွားကဲ့သို့ ထက်လှသော ချီစွမ်းအင်ဖြင့် ပိုင်းဖြတ်လိုက်သည်။

“သေချင်နေတာပဲ။” အားဒီလိတ်က လျို့ဝှက်ဆန်းကြယ်သော ရန်သူ၏ စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသာဖြစ်ကြောင်း ခံစားမိလိုက်သည်။ ၎င်းမှာ သူ၏ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းနှင့် သိသိသာသာ ကွားခြားလှပေသည်။ ထိုသူမှာ သေချာပေါက် လျို့ဝှက် သလင်းအချက်အလက် ဌာနအဖွဲ့ဝင်တစ်ယောက် မဟုတ်ပေ။ ခုနက သူ အလိမ်ခံလုရနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ ဒေါသထွက်သွားသည်။

ဒီနေ့ ဒီအတင့်ရဲတဲ့သူကို ငါကိုယ်တိုင် အနိုင်ယူရမယ်။ ငါသူ့ကို အရေခွံခွာပြီး အပိုင်းပိုင်း မလုပ်နိုင်ဘူးဆိုရင် ငါ့နှလုံးသားထဲက အမုန်းတရားကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

အားဒီလိတ် လက်လှမ်းပြီး ချန်လွေ့ကို လက်ဝါးကို ဆုပ်ကိုင်လိုက်သည်။ သူက ပြိုင်ဘက်၏ လက်ဝါးကို ကျိုးစေရန် တမင်တကာ ပြုလုပ်နေခြင်း ဖြစ်သည်။ သို့သော် အန္တရာယ်ခံစားချက်တစ်ခုက သူ၏စိတ်ထဲ၌ ရုတ်တရက် လှိမ်တက်လာသည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ရေး အတွေ့အကြုံများက သူ့ကို အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချက်ချင်း ပြုလုပ်နိုင်စေခဲ့သည်။ သူက လက်ကို လက်သီးအဖြစ် ဆုပ်ကိုင်လိုက်ပြီး [အရှိန်အဝါဓားသွား]၏ နောက်ဘက်ကို ထိုးလိုက်သည်။ [အရှိန်အဝါဓားသွား] က အလွန်ထက်လှသော်လည်း “ဓားနောက်ဘက်”သည် မထိခိုက်စေနိုင်ပေ။ ထိုလက်သီးချက်က မမြင်နိုင်သော ဓားချီစွမ်းအင်များပင် ပျံ့လွင့်သွားစေခဲသည်။ အားဒီလိတ် ဘေးနားရှိ မြေပြင်ပေါ်၌ အက်ကွဲရာတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းတို့မှာ အံ့အားသင့်ဖွယ်ရာ နက်ရှိုင်းလှသည်။ ထို “ဓား” မည်မျှထက်လှသည်ကို မြင်နိုင်ပေသည်။

အားဒီလိတ် အနည်းငယ် အံ့အားသင့်သွားသည်။ အကယ်၍ သူသာ နောက်ဆုံး၌ သူ၏တိုက်ကွက်ကို အလျင်အမြန် မပြောင်းလဲခဲ့လျှင် သူ၏လက်တစ်ဖက်လုံး ပြတ်တောက်သွားမည့် အန္တရာယ် ကျရောက်သွားပေနိုင်သည်။ ပြိုင်ဘက်ရဲ့ပါရမီက တော်တော်လေး ကြောက်စရာကောင်းတဲ့ပုံပဲ။ ဒါပေမဲ့လည်း ဒါက ပါရမီပါပဲ။ စွမ်းအား ခြားနားချက်ကိုတော့ ပါရမီနဲ့ လုံးဝ အစားထိုးလို့မရဘူး။

သို့သော်လည်း သုံးလေးခေါက် တိုက်ခိုက်ပြီးသည့်အခါမှသာ ပြိုင်ဘက်၏ စွမ်းအား ထူးဆန်းမှုကို အားဒီလိတ် ခံစားမိလာရသည်။ ဒီကောင့်ရဲ့စွမ်းအားအဆင့်က နတ်ဆိုး ဧကရာဇ်အဆင့် ကနဦးပိုင်းပဲဖြစ်ပေမဲ့ အရင်တစ်ခေါက် လေ့ကျင့်ရေးကွင်းမှာ ဘူဘိုဝါကို တိုက်ခိုက်ရတာထက် ပိုခက်နေသလိုပဲ။ အားဒီလိတ်က ချက်ချင်းပင် အထင်မသေး တော့ပေ။

အားဒီလိတ်က စိတ်ကိုရွှေ့ပြောင်းပြီး ပြိုင်နက်စွမ်းအားကို အသက်သွင်း လိုက်သည်။ ချက်ချင်းပင် အနက်ရောင်ကောင်းကင် ပျံ့နှံ့သွားခဲ့သည်။

အားဒီလိတ်၏ အသိစိတ်ထဲ၌ ပြိုင်ဘက်ဖြစ်သူကို ပိုင်နက်စွမ်းအား မပါဘဲ ရှင်းပစ်နိုင်သော်လည်း တိုက်ပွဲကို မကြာချင်ပေ။ သူက စွမ်းအားအကုန်ဖြင့် ထို အသေးစားပြိုင်ဘက်ကို ရင်ဆိုင်လိုက်သည်။ အခုအချိန်က အရေးကြီးနေတယ်။ ပြဿနာကို ထပ်ပြီး မရှုပ်ထွေးအောင်လို့ ဒီသံသယဝင်စရာကောင်းတဲ့သူကို အမြန်ဆုံး အနိုင်ယူရမယ်။

အားဒီလိတ်၏စွမ်းအားမှာ လုပင်မြို့၌ ချန်လွေ့၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း အယ်မို့စ်ထက် အစွမ်းပိုထက်သည်။ သူက နတ်ဆိုးဧကရာဇ်အဆင့် နှောင်းပိုင်းဖြစ်သော အယ်လို့ထက် အနည်းငယ် နိမ့်ကျသည်။ သို့သော်လည်း ချန်လွေ့က လက်ရှိတွင် သာမန်အခြေအနေ၌သာ ဖြစ်သည်။ သူ၏ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းစွမ်းအားကိုသာ အမှီပြုလျှင် တိုက်ခိုက်ရန်အတွက် ခက်ခဲလှပေမည်။

ယခုတွင် ပြိုင်ဘက်ဖြစ်သူက ပိုင်နက်ကို အသုံးပြုလိုက်ပြီ ဖြစ်သည့်အတွက် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားသည် မူမမှန်သော အခြေအနေသို့ ရောက်ရှိလာပြီး အထိန်းအချုပ် ကင်းမဲ့ကာ နောက်ပြန်စီးနေရင်း ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်တော့မည့်သဖွယ် ချန်လွေ့ ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းမှာ ထူးဆန်းပြီး ရှုပ်ထွေးသော “အနက်ရောင်မျဉ်းများ” ၏ သက်ရောက်မှုကြောင့် ဖြစ်ပေသည်။

လေ့ကျင့်ရေး၌ မြင်ခဲ့ရသော [ မိစ္ဆာနက်ပိုင်နက် ] ထဲမှ အနက်ရောင် မျဉ်းများမှာ မြောက်မြားလှစွာသော အရှိန်မြန်စွမ်းအား လှည့်ပတ်မှုများ ပေါင်းစပ်ခြင်းနှင့် ရောယှက်ခြင်းများ ဖြစ်နေကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။ ရေစက်များ စုပေါင်းပြီး မြစ်တစ်စင်း ဖြစ်လာသလိုမျိုးပင် ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ပိုင်နက်စွမ်းအား တစ်ခု ဖြစ်လာခဲ့သည်။

ပိုးမျှင်အနည်းငယ်ကို ဖြတ်တောက်ရုံမျှဖြင့် ပိုင်နက်တစ်ခုလုံးကို သက်ရောက်မှု မရှိနိုင်ပေ။

ထိုကဲ့သို့ ပိုင်နက်မျိုးသည် မန်မွန်မိသားစု၏ အဆန်းကြယ်ဆုံး သွေးမျိုးဆက်ပါရမီဖြစ်သည့် [ ဒုစရိုက်အလင်း ] နှင့် ပေါင်းစည်းနိုင်သည်။ ၎င်းသည် ပြိုင်ဘက်၏စွမ်းအားကို အဆက်မပြတ် အားနည်းပြီး လျော့ကျစေသည်။ အားဒီလိတ်က တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ပြင်ဆင်ထားပုံရသည်။

တိုက်ဆိုင်စွာပင် ချန်လွေ့တွင်လည်း ထိုကဲ့သို့ အတွေးမျိုး ရှိသည်။ ဒါက အားဒီလိတ်ရဲ့ နေရာပဲ။ နောက်ဆုတ်ဖို့ အမိန့်ပေးခံထားရတဲ့သူတွေ ချက်ချင်း မရောက်လာနိုင်ပေမဲ့ ကြန့်ကြာမှုကို အပြောင်းအလဲတွေ ဖြစ်စေမှာပဲ။ တိုက်ပွဲကို မြန်မြန် အဆုံးသတ်တာ ပိုကောင်းမယ်။

All Chapters