[ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း]
Vol. 30 Ch. 446
ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ မရောက်ခင်၌ ချန်လွေ့၏ အကြီးမားဆုံး သတ်ဖြတ်တိုက်ကွက်မှာ မီးသင့်နဂါး ဖြစ်သည်။
မီးသင့်နဂါးကို အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သော [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] အဖြစ် တိုက်ရိုက် အသက်သွင်းနိုင်သည်။ ၎င်းကို သူနှင့် ပေါင်းစပ်သွားသည့် တိုးမြှင့်စွမ်းရည် ဖြစ်သော [ မီးသင့်နဂါးဝင်စီးခြင်း ] အဖြစ်လည်း ပြောင်းလဲနိုင်သည်။ လုပင်မြို့၌ ချန်လွေ့သည် မီးသင့်နဂါးကို အမှီပြုပြီး အံ့အားသင့်စွာပင် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်သော အမှောင်ဒြပ်စင်ကောင် လက်ရွေးစင် အယ်မို့စ်ကို သတ်ပစ်နိုင်ခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော အယ်လို့က [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို ခုခံနိုင်မနိုင် မသေချာသော်လည်း ဘရေ့ဂက်ကြောင့်သာ မဟုတ်လျှင် အယ်လို့သည် ဒဏ်ရာ အပြင်းအထန် ရလျှင်ရ၊ မရလျှင် အဆုံးသတ်ခံရပေလိမ့်မည်။
[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] မှာ ကြမ်းတမ်းပြီး အစွမ်းထက်သော သတ်ဖြတ် တိုက်ကွက် ဖြစ်သည်။ ထိုသေစေနိုင်သောစွမ်းအားကို ချန်လွေ့ ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်ပေ။ [ မီးသင့်နဂါးဝင်စီးခြင်း ] မှာ ပိုကောင်းပေသည်။ သို့သော်လည်း ယခုတွင် ချန်လွေ့သည် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို အသုံးပြုရန် မစီစဉ်ထားပေ။
ယုံကြည်မှုသလင်းကျောက် အရေအတွက်မှာ ၆၀၀၀သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် သူ တစ်ခါမျှ မစမ်းကြည့်ခဲ့ရသေးသော ကြယ်၅ပွင့်စွမ်းရည်ကို အသက်သွင်းရန် လုံလောက်ပြီဖြစ်သည်။
[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] (အသုံးချအစွမ်း) ။ ။ အစွမ်းထက် တိုက်ခိုက်ရေးအသွင် ပြောင်းလဲခြင်း။ အချိန်အကန့်အသတ်ရှိ။ အသေးစိတ် ပုံစံကိုမူ မသိရသေး။ အရှိန်အဝါတန်ဖိုး တစ်သိန်းနှင့် ယုံကြည်မှုသလင်းကျောက် ၁၀၀၀ လိုအပ်။
၎င်းသည် “အစွမ်းထက် တိုက်ခိုက်ရေးအသွင် ပြောင်းလဲခြင်း” ဖြစ်သည့်အတွက် ကြယ်၄ပွင့် [ မီးသင့်နဂါးဝင်စီးခြင်း ] စွမ်းအားပိုကြီးမားရပေမည်။
အားဒီလိတ်က မည်သူပင် ခက်ခဲစေကာမူ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းအား ဖမ်းနိုင်သည်ဟု တိတ်တဆိတ် ယူဆထားသည့်အတွက် [ မိစ္ဆာနက် ပိုင်နက် ] ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏စိတ်ထဲ၌ ကပ်ဘေးအန္တရာယ်တစ်ခုကို ရေးရေးလေး ခံစားရလာသည်။
သူတို့နှစ်ဦးအကြား၌ စွမ်းအား ထိုမျှ ကြီးကြီးမားမား ခြားနားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ အစွမ်းကုန် သုံးခဲ့သည့်တိုင် ကပ်ဘေးအခြေအနကို ခံစားရနေသေး၏။
အားဒီလိတ်က တိုက်ပွဲပေါင်း မြောက်မြားစွာကို ဖြတ်သန်းခဲ့ဖူးသည်။ အားနည်းသော ရန်သူကြောင့် ထိုကပ်ဘေးခံစားချက်ကို သူ လျစ်လျူမရှုထားခဲ့ပေ။ သူက ချက်ချင်းပင် ပိုင်နက်စွမ်းအားကို အစွမ်းကုန် တင်လိုက်သည်။ ဆူပွက်နေသော အနက်ရောင် မိစ္ဆာစွမ်းအားများက သူ၏လက်သီးပေါ်တွင် ထွက်ပေါ်လာပြီးနောက် ချန်လွေ့ကို အားကုန်တိုက်ခိုက်လိုက်သည်။
ထိုအချိန်၌ အားဒီလိတ်က အလင်းရောင်ကို မြင်လိုက်ရသည်။ ရန်သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်ရောင်ကဲ့သို့ အလင်းရောင်များက ပို၍ပင် တလက်လက် တောက်ပသွားခဲ့သည်။ ၎င်းသည် [ မိစ္ဆာနက် ပိုင်နက် ] ကိုပင် ဖုံးလွှမ်းသွားသည်။ ဗိုလ်ချုပ်စံအိမ်၏ မှော်စက်ဝိုင်းများက မကာကွယ်ထားခဲ့လျှင် ထိုအလင်းရောင်ကို ပိုင်နက်ကို ဖောက်ထွင်းပြီး ညတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သည်။ ထိုနေရာရှိ လူများကလည်း ထိုတောက်ပသောအလင်းရောင်ကို မြင်သွားရနိုင်ပေသည်။
ဗိုလ်ချုပ်စံအိမ်၌ နောက်ဆုတ်သွားသော အမှောင်အစောင့်များက မှော်စက်ဝိုင်း တစ်စိတ်တစ်ပိုင်းကို ဖောက်ထွင်းသွားခဲ့သော အလင်းရောင်ကို မြင်လိုက်ရသည်။ သို့သော်လည်း မှော်စက်ဝိုင်း၏ ဟန့်တားမှုကြောင့် သူတို့သည် မည်သည့်အသံကိုမျှ မကြားခဲ့ရပေ။ ထို့အပြင် ခုနက အားဒီလိတ် အမိန့်ပေးခဲ့လေသည်။ ထို့ကြောင့် မည်သူမှ အမိန့်ကို မဆန့်ကျင်ခဲ့ကြပေ။
အားဒီလိတ်၏ စိတ်ထဲရှိ ကပ်ဘေးခံစားချက်ကို ပြင်းသထက် ပြင်းထန်လာသည်။ သူ၏မျက်လုံးများ အရောင်တောက်သွားပြီး အလင်းရောင် အရင်းအမြစ်ကိုသာ အရူးအမူး တိုက်ခိုက်ရန် ခံစားချက်ကိုသာ အမှီပြုနိုင်တော့သည်။ သူ၏လက်သီးသည် ဖြန့်ကျက်နေသော စွမ်းအင်တစ်မျိုးမျိုးကို ထိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အတွင်းထဲမှ ရန်သူကို မထိနိုင်ခဲ့ပေ။
ကြောက်မက်ဖွယ်ရာစွမ်းအား၏ ဖြန့်ကျက်မှုမှာ ပို၍ ပြင်းထန်လာသည်။ အားဒီလိတ်က ခုခံ၍ မရလောက်လုနီးပါး ဖြစ်နေသော အားတစ်ခု ဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် မျှခြေမညီတော့ဘဲ နောက်ပြန်လွင့်သွားသည်။ သူက ပိုင်နက်စွမ်းအား အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် မတ်မတ်ရပ်နိုင်ရုံသာ လုပ်နိုင်ခဲ့သည်။
ထိုအချိန်၌ တောက်ပသော အလင်းရောင်က နောက်ဆုံး၌ စတင်စုစည်းလာသည်။ ထိုအတွင်းထဲမှ ပုံရိပ်သည်လည်း တဖြည်းဖြည်း ကြည်လင်လာသည်။
၎င်းမှာ ချပ်ကာ၊ ဝတ်စုံ၊ ခေါင်းစွပ်၊ မျက်နှာဖုံး၊ ဘွတ်ဖိနပ်၊ လက်အိတ် အစရှိသည်တို့၏ ပြီးပြည့်စုံကာ ခမ်းနားထည်ဝါသော အစုအဖွဲ့တစ်ခု ဖြစ်သည်။
ခမ်းနားထည်ဝါ၊ လှပကြော့ရှင်းပြီး ကျက်သရေရှိသော အပြာ၊ အဖြူ၊ ရွှေရောင် ချပ်ကာတစ်စုံကို တိတိကျကျ ဖော်ပြနိုင်သည့် စကားလုံးများ မရှိတော့ပေ။ အဆုံး၌ ၎င်းကို “ပြီးပြည့်သည်”ဟူသော စကားလုံးဖြင့်သာ ဖော်ပြ၍ ရနိုင်တော့သည်။
ချန်လွေ့က သူ၏ခန္ဓာကိုယ်ပေါ်၌ ပေါ်ထွက်လာသော ချပ်ကာ အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူက ကြယ်မှုန့်ကဲ့သို့ အနည်းငယ် လင်းလက်နေပြီး တလက်လက် တောက်ပနေသော ချပ်ကာ၏အလေးချိန်ကို လုံးဝနီးပါး မခံစားရဘဲ ၎င်းနှင့် ပေါင်းစပ်နေသလို ခံစားနေရသည်။ ၎င်းသည် သာမန်အဆောင်ပစ္စည်း၊ ချပ်ကာတစ်ခု မဟုတ်ဘဲ သူ၏ကြယ်စွမ်းအား၊ ခွန်အား၊ စိတ်စွမ်းအားနှင့် ခန္ဓာကိုယ်ပေါ်၌ မူလက တပ်ဆင်ထားသော အဆင်တန်ဆာများ၏ ဂုဏ်သတ္တိများနှင့်ပင် ပေါင်းစပ်နေလေသည်။
၎င်းသည် ကြမ်းတမ်းပြင်းထန်သော [ မီးသင့်နဂါးဝင်စီးခြင်း ] နှင့် မတူဘဲ အနှိုင်းမဲ့ ခံ့ညားထည်ဝါသော ငြိမ်သက်အေးချမ်းမှုတစ်ခု ဖြစ်သည်။ ၎င်းသည် ကြယ်ကောင်းကင် ကဲ့သို့ လှပတိတ်ဆိတ်ကာ လှပကြော့ရှင်းပြီး တလက်လက် တောက်ပနေသော စူပါနိုဗာ ပေါက်ကွဲမှုကိုလည်း ဖြစ်စေနိုင်ပေသည်။
ချပ်ကာ၏ ရိုးရှင်းသော်လည်း ကြီးကျယ်ခမ်းနားသော အသွင်အပြင်နှင့်ယှဉ်လျှင် ချန်လွေ့သည် သူ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော စွမ်းအားမှာ လူသားခန္ဓာကိုယ် လှည့်ပတ်ခြင်း မဟုတ်တော့ဘဲ တကယ့် ကြယ်စင်စုပိုင်နက်တစ်ခု ဖြစ်သွားသည်ကို ပို၍ပင် အံ့အားသင့်သွားရသည်။ ၎င်းမှာ စူပါစနစ်၏ ကြယ်စင်စုများ လှုပ်ရှားနေသလိုပင် ဖြစ်သည်။
ဒါက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] လား။
အားဒီလိတ် အော်ဟစ်လိုက်ပြီး [ မိစ္ဆာနက်ပိုင်နက် ] စွမ်းအားက အဆုံးစွန်အထိ မြင့်တက်သွားခဲ့သည်။ ၎င်းသည် ဘူဘိုဝါနှင့် တိုက်ခိုက်စဉ်ကထက် ပိုမို စွမ်းအားကြီးသည်။ သူ၏လက်ထဲ၌ လှံတစ်ချောင်း ထွက်ပေါ်လာ၏။ သူသည် အမှန်တကယ် စွမ်းအားအကုန် ထုတ်သုံးနေလေပြီ။ ထို “နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း”က သူ့ကို ကြောက်စရာ ခံစားချက်တစ်ခု ပေးနေသည်။ ခုနကတုန်းက သူ့ရဲ့စွမ်းအား ဖိနှိပ်ခံနေရတုန်းပဲ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ စွမ်းအားအဆင့် အသေးစိတ်ကို ငါ ခံစားလို့ မရတော့ဘူး။
အားဒီလိတ်၏ လှံရှည်က လေထဲမှ ချန်လွေ့ကို ဝှေ့ရမ်းလိုက်သည်။ စုစည်းထားသော အမှောင်စွမ်းအား အမြောက်အမြား ပေါက်ထွက်ကုန်သည်။ ပိုင်နက် တစ်ခုလုံးရှိ မိစ္ဆာနက်စွမ်းအားများက မရေမတွက်နိုင်သည့် အနက်ရောင် မိုးကြိုးများအဖြစ် ပြောင်းလဲသွားကာ ချန်လွေ့ထံ တစ်ခုပြီးတစ်ခု လွင့်စင်သွားသည်။
ချန်လွေ့က တစ်စုံတစ်ခုအကြောင်းကို စဉ်းစားနေခြင်း ဖြစ်သည်။ သူက [ မိစ္ဆာနက်ပိုင်နက် ] ၏ မိုးကြိုးဖြင့် ထိတော့မည့်အချိန်၌ သူ့အရှေ့တွင် ထူးဆန်းသော တွင်းနက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုတွင်းနက် ပေါ်ထွက်လာသည်နှင့် ပိုင်နက်နေရာလွတ်တစ်ခုလုံး စတင်ယိုယွင်းလာသည်။ ၎င်းကို ကြောက်မက်ဖွယ်ရာ စုပ်ယူမှုအားတစ်ခုက သက်ရောက်နေဟန်တူသည်။ အားဒီလိတ်က သူ ထုတ်လွှတ် လိုက်သောအားသည် တွင်းနက်ထံသို့ ထိန်းချုပ်မရဘဲ သွားနေကြောင်း ခံစားနေရသည်။ သူသည် အမှန်တကယ်ပင် ၎င်းကို မတားဆီးနိုင်ခဲ့ပေ။ ဒါက ဘယ်လို ကြောက်စရာ ပါရမီ၊ လျို့ဝှက်ပညာရပ်မျိုးလဲ။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါ့ရဲ့စွမ်းအားတွေ အကုန်လုံး ဝါးမျိုခံလိုက်ရမှာ။
ချန်လွေ့က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ လုပ်ဆောင်ချက်ကို စမ်းကြည့်သည်။ ယခင်က စူပါစနစ်ထဲ၌သာ အသုံးပြု၍ရသော [ ကြယ်ဝါးမျိုခြင်း ] ကို လက်တွေ့၌ပါ အမှန်တကယ် အသက်သွင်းနိုင်သွားလေပြီ။
အားဒီလိတ်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ သူသည် စုစည်းထားသော စွမ်းအားကို ဖောက်ခွဲပစ်လိုက်၏။ သို့သော်လည်း ကြောက်စရာမှာ ထိုသို့ ကြီးမားသော စွမ်းအားနှင့် ပိုင်နက်ပေါက်ကွဲမှု၏ တုန်ခါမှုတို့သည် ကြောက်မက်ဖွယ်ရာ တွင်းနက်ကို အမှန်တကယ်ပင် မလှုပ်ခါနိုင်စေခဲ့ခြင်းပင် ဖြစ်သည်။ ပေါက်ကွဲမှု အလင်းသည်ပင် ဝါးမျိုခံလိုက်ရ၏။
ကံကောင်းစွာပင် အားဒီလိတ်သည် ထိုပေါက်ကွဲမှုမှတစ်ဆင့် သူ၏စွမ်းအားကို အဆက်မပြတ် ကုန်ခမ်းမှုမှ ဖြတ်တောက်နိုင်ခဲ့သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ဖြစ်လာသော တန်ပြန်မှုက သူ့ကို ပြင်းပြင်ထန်ထန် ဒဏ်ရာ ရစေခဲ့သည်။ [ မသေမျိုးခန္ဓာ ] ဖြင့်ပင် သူသည် မြန်ဆန်လှသော တန်ပြန်မှုကြောင့် သွေးတစ်လုပ် အန်မိသွားသည်။
သို့သော်လည်း အားဒီလိတ် နောက်မဆုတ်ခဲ့ပေ။ သူက စွမ်းအားကို နောက်တစ်ခါ စုစည်းလိုက်ပြန်သည်။ ထို့နောက် ခြေကိုတော့ပြီး တွင်းနက်ဆီသို့ အမှန်တကယ် တည့်တည့် ပြေးဝင်သွားလိုက်သည်။ ရန်သူ၏ အစွမ်းအထက်ဆုံးနေရာသည် တစ်ခါတစ်ရံ၌ အားအနည်းဆုံး ဖြစ်နေတတ်သည်။ လက်ရှိ၌ သူ့တွင် နောက်ထပ် ပိုကောင်းသော နည်းလမ်းများ ရှိမနေသည့်အတွက် ကံစမ်း၍သာ ရတော့သည်။
ထိုအချိန်၌ တွင်းနက် ပျောက်ကွယ်သွားပြန်သည်။ အားဒီလိတ်က သူ အောင်မြင်သွားပြီး ပြိုင်ဘက်အား လျို့ဝှက်စွမ်းရည် အသုံးမပြုနိုင်တော့အောင် တွန်းအား ပေးနိုင်ခဲ့ပြီ ထင်သွားသည်။ အားဒီလိတ်က ချက်ချင်းပင် လှံကို ဆတ်ခနဲလှုပ်ပြီး ချန်လွေ့ကို အားကုန်တိုက်ခိုက်တော့သည်။ ကောင်းကင်သည် လေတိုးသံများနှင့် ပြည့်နှက်နေခဲ့သည်။
အားဒီလိတ်က အချိန်တစ်ခုအထိ တိုက်ခိုက်ခဲ့သည်။ သူက ရန်သူအား ပြင်းပြင်းထန်ထန် ဖိနှိပ်နိုင်သွားသည်ဟု ထင်ရသော်လည်း တစ်ခုခုလွဲနေကြောင်း သူ တဖြည်းဖြည်း သဘောပေါက်လိုက်သည်။ တစ်ဖက်လူက လက်တစ်ဖက်ကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။
အားဒီလိတ် တုန်လှုပ်သွားခဲ့သည်။ ဒါက ဘယ်လို အယူအဆမျိုးလဲ။ နတ်ဆိုးဧကရာဇ်အဆင့် ပြိုင်ဘက်က ငါ့ပိုင်နက်ထဲမှာ ဒီလိုအဆင့်တိုက်ခိုက်မှုမျိုးကို လက်တစ်ဖက်တည်းနဲ့ ခုခံနိုင်တာလား။
ချန်လွေ့က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] စွမ်းအားကို အသုံးချပြီး လိုက်လျောညီထွေဖြစ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သူက တိတ်တဆိတ် အံ့အားသင့် သွားခဲ့သည်။ [ သရုပ်ခွဲမျက်လုံး ] ၏ ပြသမှုကြောင့်သာ မဟုတ်လျှင် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းရန်သူသည် အားနည်းသွားသည်ဟု ထင်မိသွား ပေလိမ့်မည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က တကယ်ပဲ တော်တော်လေး အစွမ်းထက်တာပဲ။ ဒီလို အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ပြီး လွှမ်းနိုင်တဲ့ ခံစားချက်က တကယ့်ကို အရည်အသွေးအရ ပြောင်းလဲမှု တစ်ခုပဲ။
အားဒီလိတ်က သူ၏လက်ထဲမှလက်နက် တင်းကြပ်သွားကြောင်း ခံစားလိုက်မိသည်။ ၎င်းကို ပြိုင်ဘက်ဖြစ်သူက လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ခြင်း ဖြစ်သည်။ ချန်လွေ့က လက်ကို ခါရမ်းလိုက်သောအခါ အားဒီလိတ်သည် လှံကို မကိုင်ထားနိုင်တော့ပေ။ သူ လွင့်ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ် ပြန်မကျခင်မှာပင် [ မိစ္ဆာနက်ပိုင်နက် ] တစ်ခုလုံးက ကြယ်ကောင်းကင်တစ်ခု ဖြစ်သွားခဲ့သည်။ ထို့နောက် ကြယ်များက အမှန်ကတယ် ပေါက်ထွက်သွားကြသည်။ ချက်ချင်းပင် အားဒီလိတ်က သူ၏ ခြေလက်များနှင့် ဝိညာဉ်ပင် ထိုပေါက်ကွဲမှုကြောင့် လုံးဝပြိုလဲသွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်ထဲ၌ လောကကြီးတစ်ခုလုံး ပျက်စီးနေသကဲ့သို့ပင် ဖြစ်နေသည်။
ထို “ပုံရိပ်ယောင်”သည် အားဒီလိတ် သတိလစ်ခင် နောက်ဆုံး အသိစိတ် ဖြစ်သည်။
အပြင်ဘက်သို့ ဆုတ်ခွာသွားကြသော အမှောင်အစောင်များက ထူးဆန်းသော အလင်းရောင် တဖြည်းဖြည်း ဖျော့တော့သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်လိုက်ကြရသည်။
အချိန်အတော်ကြာပြီးနောက် သူ၏အရှေ့၌ အားဒီလိတ်၏ပုံရိပ် ပြန်ပေါ်လာသည်။ သူက အမိန့်တစ်ခု ပေးသည်။ လုံခြုံရေးတွေကို ဖယ်ရှားလိုက်။ အားလုံး နောက်ဆုတ်။
ထို့နောက်တွင်မှ အမှောင်အစောင့်များက လုံခြုုံရေးများကို အမှန်တကယ် ဖယ်ရှားပြီး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြသည်။ သို့သော်လည်း ထိုအချိန်တွင် ဗိုလ်ချုပ်၏မျက်လုံးထဲ၌ အဝါရောင်ဖျော့ဖျော့ လက်နေသည်ကို သူတို့ သတိမထား မိခဲ့ကြပေ။ အတိအကျပြောရလျှင် ထိုအားဒီလိတ်မှာ ယခင်အားဒီလိတ် မဟုတ်တော့ပေ။
ရုပ်သေးရုပ်....
နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရုပ်သေးရုပ်နှစ်ရုပ် ပြည့်သွားပြန်လေပြီ။
မူလက အားဒီလိတ်၏စွမ်းအားကြောင့် ချန်လွေ့ ရုပ်သေးရုပ် ပြုလုပ်၍ မရပေ။ သို့သော်လည်း အားဒီလိတ်က ချန်လွေ့၏ နောက်ဆုံး တိုက်ကွက်ကြီးတစ်ခုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ထို့ပြင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အခြေအနေ၌ ချန်လွေ့သည် အားဒီလိတ်၏စွမ်းအားကို လုံးဝ ဖိနှိပ်နိုင်ခဲ့သည်။ ထို့ကြောင့် ခဏတာ ခုခံပြီးနောက် အားဒီလိတ်၏ စိတ်ဆန္ဒ ပြိုလဲသွားပြီး စိတ်လုံးဝ ထိန်းချုပ်ခံရသော ရုပ်သေးတစ်ရုပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] သက်ရောက်မှုမှာ စိတ်ကူးထားသည်ထက် ကျော်လွန်နေပေသည်။ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] က နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သော ချန်လွေ့ကို နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း၌ ပြိုင်ဘက်ကင်းအောင် ပြုလုပ်နိုင်သည်ဆိုလျှင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က သူ့ကို ပိုအဆင့်မြင့်သူများအား အမှန်တကယ် စိန်ခေါ်နိုင်မည့်စွမ်းအားကို ပေးစွမ်းနိုင်လေသည်။
အမှန်အတကယ်၌ ချန်လွေ့သည် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ]၏ စွမ်းအားကို လုံးဝ အသက်မသွင်းခဲ့ဘဲ [ ကြယ်ဝါးမျိုခြင်း ] နှင့် အခြေခံစွမ်းအားကိုသာ စွမ်းကြည့်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတိုက်ကွက်မှာ [ ကြယ်ပေါက်ကွဲခြင်း ] ဖြစ်သည်။ အကယ်၍ သူသာ စွမ်းအားကို မဖိနှိပ်ထားခဲ့လျှင် အားဒီလိတ် အမှန်ကတယ်ပင် ဖိခြေခံလိုက်ရနိုင်သည်။
ရုပ်သေးဖြစ်သွားပြီးနောက် အားဒီလိတ်က ချန်လွေ့ကို လုံးဝ နာခံခဲ့သည်။ အမှောင် အစောင့်များကို ထွက်သွားရန် အမိန့်ပေးပြီးနောက် သူက ချန်လွေ့အား အိမ်ထဲသို့ ဦးဆောင်သွားပြီး သိသမျှအားလုံး ပြောပြသည်။
ချန်လွေ့ အံ့အားသင့်သွားသည်မှာ အားဒီလိတ်သည်လည်း “သွေးမြေကျ”၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခြင်းပင်။ လျို့ဝှက်ဆန်းကြယ်တဲ့ ဒုတိယဗိုလ်ချုပ် မိုင်စတာက လွဲပြီးတော့ ပထမဗိုလ်ချုပ် ဂူစတက်ဗ်နဲ့ တတိယဗိုလ်ချုပ် အားဒီလိတ်တို့က တကယ်ကြီး သွေးမြေကျကနေ ဖြစ်နေတာပဲ။ ကြည့်ရတာ သွေးရောင်အင်ပါယာမှာ သွေးမြေကျရဲ့ ထိုးဖောက်ဝင်ရောက်မှုက တစ်ခြား အင်ပါယာနှစ်ခုထက် ပိုများတဲ့ပုံပဲ။
တကယ်လို့ သွေးမြေကျရဲ့ ခေါင်းဆောင်က ရိုင်ဇန်သာဆိုရင် သူ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ အင်ပါယာတစ်လျှောက်ကို ဒီလိုမျိုး ထိုးဖောက် ဝင်ရောက်တာက လုံးဝ မလိုအပ်ဘူး။ ဒါကြောင့် အကြီးမားဆုံး မသင်္ကာစရာဖြစ်တဲ့ ရိုင်ဇန်ကို ဖယ်ထားလိုက်လို့ရပြီ။
အားဒီလိတ်က သွေးမြေကျကို ဝင်ထားတာ မကြာသေးဘူး။ ဒီလိုဝင်ဖို့ သတ်မှတ်ချက် တစ်ခုအနေနဲ့ သွေးမြေကျက သူ့ကို တတိယဗိုလ်ချုပ် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ထင်ထားတဲ့အတိုင်းပဲ၊ အားဒီလိတ်က တတိယဗိုလ်ချုပ်နေရာအတွက် နာမည်ကြီး ယှဉ်ပြိုင်သူတစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့ရဲ့အကြီးမားဆုံး ပြိုင်ဘက်က သူ့အတွက် ကိုယ်ပိုင်စွမ်းအား နည်းနည်းနိမ့်တဲ့ ဘူဘိုဝါပဲ။ အဲဒါကြောင့် နောက်ဆုံးတော့ သူက သူလိုချင်တာကို ရသွားခဲ့တယ်။
အားဒီလိတ်က သေသွားခဲ့တဲ့ တတိယဗိုလ်ချုပ် ဂေါ်ဒွန်ရဲ့ အကြံပေးမှုကြောင့် သွေးမြေကျထဲ ဝင်ခဲ့တာ။ သူ ဝင်တာ မကြာသေးဘူး။ အဲဒါကြောင့် အဖွဲ့အစည်း အကြောင်းကို သိပ်ပြီး မသိခဲ့ဘူး။ ညွှန်ကြားချက်တွေကိုလည်း လူတွေကပဲပေးတာ။ အမိန့်လာပေးတဲ့သူတွေနောက် သူက တစ်ယောက်ယောက်ကို လိုက်ခိုင်းခဲ့တယ်။ ဒါပေမဲ့ သူတို့က ပျောက်ရင်ပျောက်၊ မပျောက်ရင် သေသွားကြတယ်။ အရင်းအမြစ်ကို လုံးဝ ရှာမရဘူး။ တတိယဗိုလ်ချုပ် ဖြစ်လာပြီးတော့ အဲဒီအဖွဲ့အစည်းရဲ့စွမ်းအားက ပိုပြီးတော့ လျို့ဝှက်ဆန်းကြယ်တယ်ဆိုတာကို အားဒီလိတ် ခံစားခဲ့ရတယ်။
တော်ဝင်အမျိုးသမီး မစ်-တစ်ဖနီနဲ့ နီးကပ်တဲ့သူတိုင်းကို သတ်ခိုင်းတာ ဒုတိယမင်းသား အက်မွန်းရဲ့ အမိန့်ပဲ။ သူက လျို့ဝှက် သတင်းအချက်အလက်ဌာနရဲ့ အင်အားအချို့ကို ရွှေ့ပြောင်းဖို့အတွက်ကိုတောင် အားဒီလိတ်ဆီ လုပ်ပိုင်ခွင့် ပေးခဲ့သေးတယ်။
၎င်းသည် ဒုတိယမင်းသား အက်မွန်းက တစ်ဖနီအတွက် အထူးခြေလှမ်း သို့မဟုတ် တပ်မက်သော ရည်ရွယ်ချက်ရှိကြောင်း ချန်လွေ့ကို ပိုသေချာသွားစေသည်။ အက်မွန်းက ကုန်စည်ပြပွဲ ကျင်းပနိုင်ခွင့်ကို အသုံးချကာ တစ်ဖနီအတွက် “အထူးကုန်စည်ပြပွဲ”မျိုး အထူးတလည် ပြင်ဆင်ပေးခဲ့သည်။ ၎င်းမှာ တစ်ဖနီကို ကျေနပ်စေရန်အတွက် ဖြစ်ပုံရသည်။ သို့မဟုတ်ပါက ဆုလာဒ် ၁၀ဆကဲ့သို့ ကတိများ ရှိမည် မဟုတ်ပေ။ သို့သော်လည်း တိုက်ဆိုင်စွာပင် အားဒီလိတ်က သွေးမြေကျထံမှ တစ်ဖနီနှင့် နီးစပ်သော သူတိုင်းကို ရှင်းပစ်ရန်နှင့် သူတို့နှင့် ဆက်နွှယ်နေသောသူအားလုံးကိုပါ သတ်ပစ်ရန် အမိန့်တစ်ခု ရရှိခဲ့သည်။
ထိုအမိန့်သည် အက်မွန်းထက် ပိုမိုရက်စက်သည်။ အားဒီလိတ် စိတ်ရှုပ် သွားခဲ့သော်လည်း ထိုအမိန့်နှစ်ခုမှာ အခြေခံအားဖြင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သူက လျို့ဝှက် သတင်းအချက်အလက်ဌာနကို ရွှေ့ပြောင်းပြီး အမိန့်အတိုင်း ပြုလုပ်ခဲ့သည်။ ၎င်းသည် “စိုင်မွန်”အဖြစ် ရုပ်ဖျက်ထားသော ချန်လွေ့ကို အန္တရာယ် ကျရောက်စေခဲ့သည့်အပြင် တက်စ်၏ ဟိုတယ်လိုလည်း ထိခိုက်စေခဲ့သည်။
သွေးမြေကျရဲ့ ရည်ရွယ်ချက်က ဘာလို့ အက်မွန်းနဲ့ အတူတူ ဖြစ်နေရတာလဲ။ အက်မွန်းရဲ့ ရည်ရွယ်ချက်က တစ်ဖနီကို ရဖို့အတွက်ဆိုရင် သွေးမြေကျက ဘာအတွက်လဲ။ ဒါနဲ့ တစ်ဖနီကို “စိတ်ဝင်စား”နေတဲ့ မင်းသားငယ် တဲရစ်ကိုလည်း သတိထားရမယ်။
ဒီည ကော့တေးပွဲတော်မှာ တဲရစ် သရုပ်ဆောင်တာက စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီလိုမျိုး ပါးနပ်ပြီးတော့ အကျိုးအကြောင်းသင့်တဲ့သူက ဒီကိစ္စမှာ သိသိသာသာကြီးကို အဆင်အခြင်မဲ့ ဖြစ်နေတယ်။ သူက အပြစ်ဒဏ်ခံရဖို့ ကြိုးစား နေတာလား။ ဖွင့်ပြောတာလား။ ဒရာမာ ခင်းတာလား။ ဒါပေမဲ့ အဆုံးမှာတော့ သူက အန္တရာယ်ရှိတယ်လို့ပြောတဲ့ အမှောင်မီးဖိုထဲကို အပြစ်ဒဏ်ခံဖို့အတွက် “လိုလိုလားလား” နဲ့ သွားခဲ့တာပဲ။
တစ်ခုသေချာတာကတော့ အက်မွန်း၊ တဲရစ်နဲ့ သွေးမြေကျတို့က တစ်ဖနီကို စိုးရိမ်နေကြတာပဲ။
ချန်လွေ့တွင် သွေးရောင်အင်ပါယာမှာ လျို့ဝှက်ဆန်းကြယ်သော တော်ဝင် အမျိုးသမီးအကြောင်း ကြီးကြီးမားမား သံသယများနှင့် စိတ်ဝင်စားမှုများ ရှိနေသည်။ အက်မွန်းလို တော်ဝင်မိသားစုဝင်တောင် သူ့အကြောင်း ကောင်းကောင်း မသိတာက စိတ်မကောင်းစရာပဲ။ တစ်ဖနီက ရိုင်ဖန် တော်တော်လေး တန်ဖိုးထားတဲ့ လျို့ဝှက်ဆန်းကြယ် တော်ဝင်အမျိုးသမီးတစ်ယောက် ဖြစ်တာကိုပဲ သူတို့ သိကြတယ်။ သူက တစ်ခါတစ်လေမှ ထွက်လာတာ။ မျက်နှာကို ပြလေ့မရှိဘူး။ သာမန်နေ့တွေမှာ သူ့ကို မြင်ရခဲတယ်။
နောက်ထပ် “တော်ဝင်အမျိုးသမီး” တစ်ယောက်လား။ တစ်ဖနီနဲ့ ခရစ္စတင်းတို့က သိသိသာသာကို ကွဲပြားတယ်။ ခရစ္စတီးနားက ထူးခြားတဲ့ အခိုက်အတန့်တွေမှာ လှုပ်ရှားဖို့အတွက် ကတ်သရင်းရဲ့ ရုပ်ဖျက်မှုတစ်ခုပဲ။ ဒါဆို တစ်ဖနီရဲ့ သရုပ်က ဘာလဲ။
ချန်လွေ့သည် အားဒီလိတ်ထံမှ သတင်းအချက်အလက်အချို့ ရရှိခဲ့သည်။ သူက သူ၏ခန္ဓာကိုယ်သည် ထူးဆန်းဆန်းဆန်း ပင်ပန်းနွမ်းနယ်လာကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ ကြယ်စွမ်းအားနှင့် အားအင်ကို ပိုမိုထုတ်ယူသော [ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ] မှ “ဆွဲယူ” အခြေအနေ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပုံရသည်။ သူသည် [ ကြယ်စင်စုဂိတ် ] ကို အသုံးပြုပြီး နောက်ထပ် ကြယ်အမှတ်တစ်ခုဖြစ်သော ယန္တရားအစည်းအရုံး၏ အခန်းထဲသို့ အမြန်ပြန်သွားလိုက်သည်။
သူက အားဒီလိတ်ကို ရုပ်သေးအဖြစ် ပြုလုပ်နိုင်ခဲ့သော်လည်း အစွမ်းထက်ပုဂ္ဂိုလ် အများပြားနှင့် သွေးမြေကျ စွမ်းအားအကြီးဆုံးဖြစ်သော သွေးရောင်အင်ပါယာ၌ ပေါက်ကြားသွားနိုင်ချေများသည်။ ထို့ကြောင့် အားဒီလိတ်ကို ဝှက်ထားရပေမည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်လွေ့ မရောက်ခင်၌ အားဒီလိတ်သည် အိမ်မှာနေပြီး စစ်တပ်ရေးရာကိစ္စများကို ယာယီလျစ်လျူရှုထားရန်နှင့် ရိုင်ဇန်ကို ဖိအားပေးရန်အတွက် သူ၏ အခြားလုပ်ရပ်များနှင့် ပူးပေါင်းရန် အက်မွန်းထံမှ အမိန့်ရရှိခဲ့သည်။ မဟာမင်းသား အဲလီးရက်စ် ကြီးကြီးမားမား မထိခိုက်မချင်း အက်မွန်း လက်လျှော့မည် မဟုတ်ပေ။
အားဒီလိတ်က ထိုအခွင့်အရေးကို အသုံးချပြီး ပုန်းကွယ်နေလိုက်သည်။ ယုတ်စွအဆုံး ချန်လွေ့က အရေးအကြီးဆုံးကိစ္စကို ပြီးစီးသည်အထိ သူသည် “ပုံမှန်” အတိုင်း နေရမည် ဖြစ်သည်။
အခန်းထဲ ပြန်ရောက်သည်နှင့် ပင်ပန်းသော ခံစားချက် ပိုမိုပြင်းထန်လာသည်။ အဝတ်အစားများ မချွတ်နိုင်ခင်မှာပင် အိပ်ယာပေါ်၌ ချန်လွေ့ အိပ်ပျော်သွားခဲ့သည်။