← Chapters

စကားလုံး။ စာအုပ်ပေါင်းခန်းမ စတုတ္ထအလွှာ၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 30 Ch. 447

စကားလုံး။ စာအုပ်ပေါင်းခန်းမ စတုတ္ထအလွှာ၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 30 Ch. 447

ချန်လွေ့က နှစ်ရက်နှစ်ည အိပ်ပျော်သွားခဲ့သည်။ နိုးလာပြီးနောက်တွင် အမျိုးသမီး နှစ်ယောက်က အခန်းထဲ၌ သူ့ကို ပြုစုပေးနေသည်ကို သိရှိသွားသည်။ သူနိုးလာသည်ကို မြင်ပြီးနောက် အစေခံတစ်ယောက်က အခန်းထဲမှ ချက်ချင်း ပြေးထွက်သွားလိုက်သည်။

ခဏအကြာတွင် နိတ်က ချန်လွေ့အရှေ့တွင် ပေါ်ထွက်လာသည်။

“ရစ်ချတ်။ မင်းဘာဖြစ်သွားတာလဲ။ အကြာကြီး ရုတ်တရက် မင်း အိပ်ပျော် သွားတယ်။ ငါ အော်ခေါ်တာတောင် မနိုးဘူး။” နိတ်၏လေသံတွင် အပြစ်တင်ခြင်းကဲ့သို့ ဂရုစိုက်ခြင်းများ ပြည့်နှက်နေသည်။ ချန်လွေ့က သားကောင် ဖြစ်မလာခင်၌ နိတ်က သူ့ကို ဂရုစိုက်ပေးရပေမည်။ သူက အစေခံကမ်းပေးသော ဆန်ပြုတ်ကို ယူလိုက်သည်။ ထို့နောက် အစေခံနှစ်ယောက်ကို ကြည့်ပြီး ဘာမှမပြောဘဲ သောက်လိုက်သည်။ နိတ် သဘောပေါက်လိုက်ပြီး အခေစခံနှစ်ယောက်ကို ချက်ချင်း ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် ချန်လွေ့က စကားစပြောသည်။ “ဆရာ။ ကျုပ်အထင် မှန်နေတဲ့ပုံပဲ။ ကျုပ်ရဲ့ မှော်မျက်လုံးက တကယ်ပဲ သန္ဓေပြောင်းတော့မယ်။”

“တကယ်လား။” နိတ်၏မျက်လုံးများက အလွန်အမင်း စိတ်လှုပ်ရှားမှုများဖြင့် အရောင်လက်သွားခဲ့သည်။ ထိုစိတ်လှုပ်ရှားမှုထဲတွင် ထူးဆန်းသော ပူလောင်မှုတစ်ခု ပါဝင်နေဟန်တူသည်။

ချန်လွေ့က ၎င်းကို သတိထားမိလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “အကြာကြီး အိပ်မောကျတာကလည်း လက္ခဏာတွေထဲက တစ်ခုပဲ။ ဆရာ ပြင်ဆင်တာတွေကော ဘယ်လိုနေလဲ။ ကျုပ်က စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာကို သွားပြီးနောက် သတင်းအချက်အလက် အသစ်တွေ ရနိုင်မယ်ဆိုရင် သန္ဓေပြောင်းလဲမှု စတင်ဖို့အတွက် အခွင့်အရေးတစ်ခု ရနိုင်တယ်။”

“အဆင်သင့် ဖြစ်လုနီးပါးပဲ။ အရင်တစ်ခေါက် မှော်မျက်လုံး သန္ဓေပြောင်းလဲတဲ့ အကြောင်း အသေးစိတ် ငါ့ကို ပြောပြ။ အခြားဘယ်လိုတွေ လိုအပ်လဲ ကြည့်ရအောင်။ ဒီတစ်ခေါက် ငါတို့တွေ အောင်မြင်ရမယ်။” နိတ်က မိသားစုသဖွယ်ပင် “ငါတို့” ဟူသော စကားလုံးကို အသားပေး ပြောခဲ့သည်။ ချန်လွေ့က ယခင်ကတည်းက နိတ်၏ နောက်ခံကို မသိထားခဲ့လျှင် ရင်ထဲထိသွားနိုင်ပေသည်။

“အမ်း...စဉ်းစားကြည့်လိုက်ဦးမယ်။ လိုအပ်ချက်တွေ ပြည့်စုံသွားတော့ ရှားပါး မှော်ကုန်ကြမ်းအချို့ ကျုပ် လိုအပ်တယ်။ ဒီကုန်ကြမ်းတွေကို စုပ်ယူပြီးရင် သန္ဓေပြောင်းလဲခြင်းက အမှန်တကယ် ပြီးမြောက်သွားလောက်ပြီ။ ကုန်ကြမ်းတွေ ပိုပြီးပြည့်စုံပြီး ရှားပါးလေလေ၊ သန္ဓေပြောင်းလဲခြင်း အောင်မြင်နိုင်ချေ ပိုမြင့်လေလေပဲ။ သန္ဓေပြောင်းပြီးရင် ကျုပ်စွမ်းရည်က ပိုပြီးတော့ အစွမ်းထက်လာမှာ။” ချန်လွေ့က စတုတ္ထအလွှာမှ လျို့ဝှက်ဆန်းကြယ်မှုကိုသာ မျက်စိကျနေခြင်း မဟုတ်ဘဲ သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ ကုန်ကြမ်းများလည်း ပါဝင်နေသည်။ သူ၏ အစီအစဉ်အတိုင်းဆိုလျှင် “မှော်မျက်လုံး”သည် သိပ်မကြာခင် သန္ဓေပြောင်းပေမည်။ နိတ်၏ အလုပ်သင်တပည့်အဖြစ် သရုပ်ဆောင်ခြင်းမှာလည်း အဆုံးသတ်သွားတော့မည် ဖြစ်သည်။ ၎င်းသည် နောက်ဆုံး အခွင့်အရေး ဖြစ်သည်။ သူသည် တစ်ခုခု ရရှိရန် သေချာပေါက် ကြိုးစားပေသည်။

“အရင်တုန်းက ဒီလိုပဲဖြစ်တာလား။” အဖိုးတန်ကုန်ကြမ်း အများအပြား လိုအပ်ကြောင်း ကြားသည့်အခါ နိတ် အနည်းငယ် သံသယ ဝင်သွားသည်။

ချန်လွေ့သည် ယခင်ကတည်းက ပြင်ဆင်ထားပြီး ဖြစ်သည်။ “ဒီနည်းနဲ့ပဲ ကျုပ်ရဲ့ဆရာက ကျုပ်ကို ကူညီပေးခဲ့တာ။ အစကတော့ ကုန်ကြမ်းတွေ မလုံလောက်လို့ သန္ဓေပြောင်းလဲမှု သုံးလေးကြိမ် ကျရှုံးခဲ့ရတယ်။ နောက်တော့ ကျုပ် သေမလိုပါ ဖြစ်သွားခဲ့တယ်။ အဲဒါပြီးတော့ ကုန်ကြမ်းတွေရဖို့အတွက် ရှိသမျှအကုန် ရောင်းပြီး အတော်လေး အားထုတ်မှပဲ ကျုပ်ရဲ့သန္ဓေပြောင်းလဲခြင်း အောင်မြင်သွားခဲ့တာ။”

ချန်လွေ့က ယန္တရားပညာရှင် ဖြစ်ရုံသာ ရှိသေးသော အလုပ်သင် တပည့်ငယ်လေး ဖြစ်ပြီး နိတ်ကို ပုံမှန်အားဖြင့် လေးစားကြောင်း နိတ်က စဉ်းစားနေခဲ့သည်။ ထို့ပြင် ယန္တရားအစည်းအရုံးမှာ သူ၏အခြေစိုက်စခန်း ဖြစ်သည်။ ချန်လွေ့က လှည့်ကွက်အချို့ ပြုလုပ်သည့်တိုင် အောင်မြင်မည် မဟုတ်ပေ။ နိတ်က သံသယများကို ချက်ချင်းပင် ဘေးဖယ်ထားလိုက်သည်။ သူက ခေါင်းညိတ်သည်။ “မှော်ကုန်ကြမ်းတွေက ပြဿနာ မဟုတ်ဘူး။ စတုတ္ထအလွှာကို ဝင်ရောက်ဖို့ ပြင်ဆင်မှုတွေက ပြီးတော့မယ်။ အခုက မင်းရဲ့ ခန္ဓာကိုယ် အခြေအနေ အပေါ်မှာပဲ မူတည်တော့တယ်။ မင်း အားအင်ပြန်ပြည့်ရင် သွားလို့ရပြီ။”

“ကျုပ် အကောင်းဆုံးအခြေအနေ ပြန်ရဖို့အတွက် ၃ရက်လောက် ကြာနိုင်တယ်။” ချန်လွေ့က ချက်ချင်းသွားနိုင်ကြောင်း ပြောချင်သော်လည်း ပြန်စဉ်းစားပြီးနောက် စိတ်ပြောင်းသွားခဲ့သည်။

“အင်း။ ပါရမီ သန္ဓေပြောင်းလဲတာက အရေးကြီးတဲ့ကိစ္စပဲ။ မင်း သတိထား ရမယ်။ ဒါဆို အခု ကောင်းကောင်း နားပြီးနောက် စိတ်ဝိညာဉ်စွမ်းအားကို အကောင်းဆုံး အခြေအနေ ရောက်တဲ့အထိ လုပ်ထားလိုက်ဦး။ နောက်၃ရက်နေရင် စာအုပ်ပေါင်းချုပ် ခန်းမရဲ့ စတုတ္ထအလွှာဆီ ငါမင်းကို ခေါ်သွားမယ်။” ချန်လွေ့အား ကိစ္စအချို့ သတိပေးပြီးနောက် အခန်းထဲမှ နိတ် ထွက်သွားလိုက်သည်။

ခဏလေးနှင့် အချိန်ကုန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၃ရက် ကုန်ဆုံးသွားလေသည်။

လွန်ခဲ့သော ၃ရက်၌ ချန်လွေ့သည် အခန်းထဲ၌ တစ်ခါတစ်ရံ အနားယူပြီး တစ်ခါတစ်လေ အပြင်ထွက်ကာ စျေးဝယ်တတ်သည်။ သူက အခြေအနေကို ချိန်ညှိနေဟန် တူသည်။

“မင်း အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာလား။” နိတ်က အားအင်အပြည့် ဖြစ်နေသော ချန်လွေ့ကို ကြည့်ပြီး စိုးရိမ်လျက် မေးလိုက်ပြန်သည်။

“သေချာပါတယ်။ ဆရာ။ သွားကြရအောင်။”

နိတ်က ချန်လွေ့အား ဝတ်ရုံတစ်ခုနှင့် မျက်မှန်တစ်လက် ပေးခဲ့သည်။ နိတ်က သူ့အား လေးလွှာသို့ မဝင်ခင် ၎င်းတို့ကိုဝတ်ထားရန် ပြောခဲ့သည်။ သို့မဟုတ်ပါက သူသည် ကြောက်မက်ဖွယ်ရာ အန္တရာယ်များနှင့် ရင်ဆိုင်ရမည် ဖြစ်ပေသည်။

ချန်လွေ့က နိတ်၏ သတိထားသောပုံစံကို မြင်လိုက်သည့်အခါ သူလည်း လျစ်လျူရှု မရဲတော့ပေ။ သူတို့နှစ်ယောက်က စာအုပ်ပေါင်းချုပ်ခန်းမ၏ ပထမ သုံးလွှာကိုဖြတ်ပြီး စတုတ္ထအလွှာဝင်ပေါက်သို့ တည့်တည့်သွားခဲ့ကြသည်။ ၎င်းမှာ မြောက်မြားလှစွာသော ရှေးပုံစံကွက်များရှိသည့် လေးလံသော တံခါးတစ်ခု ဖြစ်သည်။ ၎င်းသည် သော့ခတ်ထားပုံ ရသော်လည်း သော့ပေါက်ကဲ့သို့အရာ ရှိမနေပေ။

နိတ်၏ လက်ချောင်းထိပ်တွင် တောက်ပသော သွေးအနီရောင်များ ထွက်လာပြီး တံခါးကို ဖိလိုက်သည်။ သွေးများ အလိုအလျောက် စီးဆင်းသွားပြီး တံခါးပေါ်ရှိ နေရာအချို့ထံသို့ ကျဆင်းသွားသည်။ ပုံစံကွက်များက ထူးဆန်းသော ပြောင်းလဲမှုများ အလိုအလျောက် ဖြစ်ပေါ်လာပြီး စက်ဝိုင်းပုံ တောက်ပနေသော အမှတ်အသား ၁၈ခု အဖြစ် ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် တုန်ခါသံများ ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း တံခါး ပွင့်လာခဲ့သည်။

ချန်လွေ့၏မျက်လုံးများ အနည်းငယ် ကျုံ့သွားခဲ့သည်။ ထို အမှတ်အသား ၁၈ခုကို အခြားသူများ နားမလည်လောက်ပေ။ သို့သော်လည်း ချန်လွေ့က ၎င်းတို့နှင့် ရင်းနှီးသည်။ ၎င်းတို့မှာ ဇိုလာ၏လက်ထဲရှိ ရှေးမှော်စာကျောက်ပြား ၁၈ခုပေါ်တွင် ထွင်းထားသော အခြေခံမှော်စာသင်္ကေတများ အတိအကျပင် ဖြစ်လေသည်။

စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာက ရှေးမှော်စာတွေနဲ့ တကယ်ပဲ ဆက်နွှယ် နေတာလား။ ချန်လွေ့က အရိပ်နက်ပိုင်နက်ရှိ သူပြန်သွားရန် အခွင့်အရေး မရခဲ့သော ရှေးမှော်မျှော်စင်ကို ချက်ချင်း တွေးလိုက်မိသည်။ ကြည့်ရတာ အင်ပါယာနှစ်ခုလုံးရဲ့ ယန္တရားအစည်းအရုံးက ထူးခြားတဲ့ပုံပဲ။ ယှဉ်လိုက်ရင် ကြယ်ကြွေတမန်အင်ပါယာက ပိုပြီးတော့ နိမ့်ကျတယ်။

တံခါးပွင့်သွားပြီးနောက်တွင် ခန်းမကျယ်ကြီးတစ်ခု ရှိနေသည်။ သို့သော်လည်း အလယ်ကြမ်းပြင်တွင် အပြာရောင်အလင်းများ ထုတ်လွှတ်နေသော အပေါက်ကျဉ်း တစ်ခုမှလွဲ၍ မည်သည်မှ ရှိမနေပေ။

စတုတ္ထအလွှာသည် မရိုးရှင်းနိုင်ကြောင်း သိသည့်အတွက် မေးခွန်း မထုတ်ခဲ့သလို အလောတကြီးလည်း မလုပ်ခဲ့‌‌ပေ။ သူက ရိုးရိုးသားသားနှင့် နိတ်နောက်သို့ လိုက်သွား ခဲ့လေသည်။

“ဒီပစ္စည်းနှစ်ခုကို မြန်မြန်ဝတ်ပြီး ဝင်သွား။ မဟုတ်ရင် တံခါးပေါ်က သင်္ကေတရဲ့ အလင်းရောင် ပျောက်ကွယ်သွားတာနဲ့ တံခါးက ပိတ်သွားမှာ။ ၇ရက်အတွင်း နောက်ထပ် ဖွင့်လို့ရတော့မှာ မဟုတ်ဘူး။”

ချန်လွေ့က ဝတ်ရုံနှင့် မျက်မှန်ကို ခပ်မြန်မြန်ဝတ်ပြီး တံခါးထဲသို့ လမ်းလျှောက် သွားလိုက်သည်။ ထို့နောက် နိတ်က ကုန်ကြမ်းတချို့ထုတ်ပြီး အပေါက်ကျဉ်းပတ်လည်ရှိ မြောင်းထဲသို့ ထည့်လိုက်သည်။ အပေါက်ကျဉ်းက ရုတ်တရက် အလက်လက် တောက်ပလာပြီး အလယ်၌ အပြာရောင် နေရာလွတ်တံခါးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ တကယ့်ဝင်ပေါက် ဖြစ်လောက်ပေသည်။

နေရာလွတ် တံခါးထဲသို့ ခြေချပြီးနောက် ချန်လွေ့၏ စိတ်ထဲ၌ တုန်ခါမှုတစ်ခု ဖြစ်သွားသည်။ ထို့နောက် သူသည် အခြားနေရာတစ်ခု၌ ပေါ်ထွက်လာခဲ့သည်။

အတိအကျပြောရလျှင် ၎င်းမှာ လောကတစ်ခု ဖြစ်သည်။

ထိုလောကထဲ၌ မရေမတွက်နိုင်သော လောကငယ်လေးများ ရှိနေသည်။ ၎င်းတို့မှာ ပုံရိပ်အမျိုးမျိုးအဖြစ် အဆက်မပြတ် ပြောင်းလဲနေပြီး တစ်ခုစီမှာ ဝင်‌ပေါက်တစ်ခု ဖြစ်သည်။

ချန်လွေ့က လေထဲ၌ လွင့်နေပြီး ရပ်စရာ နေရာမရှိပေ။ သို့သော်လည်း သူ ခြေလှမ်းလိုက်တိုင်း ဖောက်ထွင်းမြင်ရသော လှေကားထစ်တစ်ခုက အလိုအလျောက် ပေါ်ထွက်လာပြီး တက်နင်း၍ ရသွားစေသည်။ ၎င်းမှာ အလွန်ပင် ထူးဆန်းလှသည်။

“ရစ်ချတ်။ ဒီနေရာလွတ်ထဲမှာ မရေမတွက်နိုင် လျို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတဲ့ ဗဟုသုတတွေ ရှိနေတယ်။ မင်း ဒီဝင်ပေါက်တွေကို ရွေးချယ်ပြီးတော့ လေ့လာလို့ရတယ်။ နားလည်အောင် လုပ်လို့ရတယ်။ မင်းဘာပဲဖြစ်ဖြစ် အဲဒီလျို့ဝှက်ဆန်းကြယ်မှုရဲ့ အငွေ့အသက်ကို မှတ်မိရင်၊ သဘောပေါက်ရင်တောင် အများကြီး အကျိုးကျေးဇူးရရှိမှာ။ ဒါပေမဲ့ အထဲမှာလည်း ကြီးမားတဲ အန္တရာယ်တွေ ရှိနေတယ်။ မင်း ဝတ်ထားတဲ့ ဝတ်ရုံနဲ့ မျက်မှန်က အကာအကွယ်အတွက်ပဲ။ မှတ်ထား။ ဘယ်အချိန်ပဲဖြစ်ဖြစ် အဲဒါတွေကို မင်း ချွတ်လို့မရဘူး။ ဒီနှစ်ခုကလည်း အချိန်အကန့်အသတ် ရှိတယ်။ မျက်မှန်က သတိပေးတဲ့ အနီရောင်အလင်း ထွက်လာပြီဆိုရင် ဝတ်ရုံပေါ်က အနီရောင်ကျောက်စိမ်း သော့ခလောက်ကို ချက်ချင်း ကွဲကြေအောင် လုပ်လိုက်။ ဝင်ပေါက်တံခါးဆီကို မင်း ချက်ချင်း ရောက်သွားလိမ့်မယ်။ ဒီမှာသေသွားတဲ့ ဆရာသခင်တွေက တစ်‌ယောက်မကဘူး။ မင်း ဒါကို မှတ်ထားရမယ်။”

စကားပြောပြီးနောက် နိတ်က ဝင်ပေါက်တစ်ခုကို ရွေးချယ်ခဲ့သည်။ နည်းလမ်းတချို့ အသုံးပြုပြီးနောက် လောကဝင်ပေါက် ပုံရိပ်က ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ နိတ်က ချက်ချင်းပင် ဝင်လိုက်သည်။ ထို့နောက် ပုံရိပ်က အလျင်အမြန် “အသစ်ပြန်ဖြစ်” သွားခဲ့သည်။

ထို “ဆရာ”က ကိုယ်တိုင် နားလည်သဘောပေါက်ရန် ထွက်သွားခဲ့သည်။ နိတ်သည် “ကိုယ်ရေးကိုယ်တာ အကျိုးအတွက် အာဏာကို အသုံးပြုနေခြင်း” ဖြစ်ပုံရသည်။ သူ၏ ယခင် တံခါးပိတ်လေ့ကျင့်မှုများမှာ ထိုလျို့ဝှက်ဆန်းကြယ်သော စတုတ္ထအလွှာ၌သာ ဖြစ်သည်။

ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံနှင့် မျက်မှန်ကို အကဲဖြတ်ကြည့်လိုက်ရာ ထူးခြားသော ဂုဏ်သတ္တိများ မရှိသော်လည်း ကုန်ကြမ်းများမှာ အ‌တော်‌လေးထူးခြားကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းအပေါ်၌ ထူးဆန်းသော ပုံစံကွက်အချို့ ရှိသည်။ ၎င်းသည် လျို့ဝှက်ဆန်းကြယ်သော လုပ်ဆောင်ချက်များကို ထုတ်လွှတ်နေဟန်တူသည်။ ဥပမာပြောရလျှင် မျက်မှန်၏ ကုန်ကြမ်းတွင် “စစ်ထုတ်ပေးသော” လုပ်ဆောင်ချက်တစ်မျိုးမျိုး ပါဝင်နေသည်။ သို့သော်လည်း အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့ သတိထားလျှင် ပိုကောင်းပေမည်။

သူက ထိုသေးငယ်သော လောကများထံသို့ သိချင်စိတ်ဖြင့် ချဉ်းကပ်လာသည်။ ထို့နောက် ကြုံရာတစ်ခုကို ရွေးချယ်ပြီး ဝင်သွားလိုက်သည်။ ရုတ်တရက် နေရာလွတ် ယိုယွင်းသွားကြောင်း ခံစားလိုက်ရပြီး သူက လောကအသစ်တစ်ခုသို့ ရောက်ရှိသွား ခဲ့သည်။

ထိုနေရာမှာ လှပပြီး လျို့ဝှက်ဆန်းကြယ်သော အဆုံးမဲ့ ပင်လယ်တစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ၌ ထူးဆန်းသော ငါးများက ခုန်တက်လာပြီး ခပ်နိမ့်နိမ့် လေဟုန်စီး တတ်ကြသည်။ ထို့နောက် ရေထဲသို့ ခုန်ဆင်းသွားပြန်ကာ ရေများစင်သွားခဲ့သည်။ အံ့အားသင့်စရာမှာ ထိုငါးအပေါ်၌ ချန်လွေ့ အာရုံစိုက်ထားစဉ် သူ၏အမြင် ရုတ်တရက် ပြောင်းလဲသွားပြီး ငါးဖြစ်သွားခြင်းပင် ဖြစ်လေသည်။ သူက လေဟုန်စီးနေပြီး ရေထဲ၌ ရေကူးနေသည်။

တစ်ချိန်တည်းမှာပင် ချန်လွေ့၏စိတ်ထဲ၌ အချက်အလက်တချို့ ပေါ်ထွက်လာသည်။

ဒုံးပျံငါး = ပင်လယ်သေ၏ သက်တမ်း၅၀ရှိသော အထူးငါး။ လက္ခဏာများ ----ခုန်ပျံနိုင်ပြီး ခပ်နိမ့်နိမ့် လေဟုန်စီးနိုင်။

ထိုရှာတွေ့မှုကြောင့် ချန်လွေ့ အမှန်တကယ်ပင် မယုံကြည်နိုင် ဖြစ်သွားသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်တစ်ဝက် ဗလာကျင်းဖြစ်နေသော အမျိုးသမီး ပင်လယ် မကောင်းဆိုးဝါးများ၊ ရေဒြပ်စင်ကောင်များနှင့် ထူးခြားဆန်းပြားသည့် အခြားရေသတ္တဝါများကို မြင်ခဲ့ရသည်။ အလွန်ကြီးမားသော ကြောက်မက်ဖွယ်ရာ ကောင်းသော ပင်လယ်နက် နတ်ဆိုးသားရဲများပင် ရှိကြလေသည်။

ချန်လွေ့က သတ္တဝါတစ်မျိုးစီ၏ သတင်းအချက်အလက်ကိုပါ ရရှိခဲ့ရုံသာမက ထိုသတ္တဝါများနှင့်လည်း အသိစိတ် ကူးပြောင်းသွားခဲ့သည်။ သူက ပထမလူနေရာမှ ပင်လယ်ထဲ၌ နေထိုင်ကျက်စားပုံများကို ကောင်းကောင်း ခံစားခဲ့ရသည်။

ထို“သေးငယ်သောလောက”မှာ ပင်လယ်သေအကြောင်း အချက်အလက်များ ဖြစ်ပေသည်။ ၎င်းသည် ထူးထူးခြားခြား မဟုတ်ဘဲ“အမည်မသိ” အသိပေးချက်များ ပေါ်လာတတ်သော်လည်း ချန်လွေ့ စိတ်ထဲ၌ ကြီးကြီးမားမား အထင်ကြီးမိသွားသည်။ ဒီလိုမျိုး သတင်းအချက်အလက်တွေကို ရယူတဲ့နည်းမျိုး ပထမဆုံး ကြုံဖူးတာပဲ။ ဒီလို လေ့လာက စာအုပ်ဖတ်တာထက် ပိုပြီး‌တော့ ကောင်းတယ်။ တကယ့်လို့ ငါ့လောကရဲ့ စာလေ့လာမှုတွေကို ဒီလို ပထမလူနေရာက လုပ်လို့ရမယ်ဆိုရင် ပညာရေးက အရည်အသွေးအရ အောင်မြင်မှု ရသွားမှာပဲ။

ချန်လွေ့သည် ထို “ပင်လယ်သေ”လောကကို အတော်လေး သဘောကျသော်လည်း ယနေ့ရည်ရွယ်ချက်မှာ သြဇာယွမ်မြေကို ရှာဖွေရန်ဖြစ်ကြောင်း သူသိသည်။ ထို့ပြင် သူ ဝတ်ဆင်ထားသော ဝတ်ရုံနှင့်မျက်မှန်တို့မှာ အချိန် အကန့်အသတ် ရှိနေသေးသည်။ ထို့ကြောင့် သူ ခပ်ကြာကြာ မနေဘဲ ထွက်သွားလိုက်သည်။

ထို့နောက် ချန်လွေ့က လျှပ်စီးနှင့်မိုးကြိုး လောကထဲသို့ ဝင်ရောက်သွားခဲ့သည်။ တိမ်တိုက်များထဲ၌ ထူးဆန်းသော ပုံစံများရှိသည့် နန်းတော်များ ရှိနေသည်။ ထိုနေရာရှိ သတ္တဝါများ၏ အောက်ပိုင်းတွင် လေပွေကဲ့သို့ ပုံစံများ ရှိနေသည်။ လေဒြပ်စင်ကောင်တွေ။

လေဒြပ်စင်ကောင်များ = လေဒြပ်စင်စွမ်းအားများ စုစည်းခြင်းမှဖြစ်လာသော ဒြပ်စင်ကောင်များ။ လူသားလောက၏ တစ်နေရာရာတွင် နေထိုင်ကြသည်။ သူတို့၏ အသိုက်ကို တိမ်တိုက်နန်းတော်ဟု ခေါ်သည်။ လေဒြပ်စင်ကောင်များက ပျံသန်းရာ၌ ကျွမ်းကျင်ကြပြီး မြန်ဆန်သော လုပ်ရပ်ကြောင့် လူသိများသည်။ သူတို့တွင် အားနည်းသော ခန္ဓာကိုယ်နှင့် ခုခံမှု ရှိသည်။ သူတို့တွင် အင်အားကြီးသော မိုးကြိုးနှင့် မုန်တိုင်း မှော်ပညာ ရှိသည်။

အံ့အားသင့်စွာပင် တိမ်တိုက်နန်းတော် အနီးရှိ ဖရိုဖရဲဖြစ်ကာ ပျံသန်းနေသော မိုးကြိုးသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ မခံစားခဲ့ရဘဲ တကယ့်ထိခိုက်မှု ရှိနေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ကို မိုးကြိုးထိသွားသောအခါ ချော်ထွက်သွားခဲ့လေသည်။ ၎င်းမှာ သူ၏ခန္ဓာကိုယ်ရှိ ထိုအထူးဝတ်ရုံ၏ သက်ရောက်မှုကြောင့် ဖြစ်နိုင်ပေသည်။

ချန်လွေ့သည် လေဒြပ်စင်ကောင်များကို သိပ်ပြီး စိတ်မဝင်စားလှပေ။ သူက ချက်ချင်းပင် တိမ်တိုက်နန်းတော်လောက်မှ ထွက်သွားပြီး ရှာဖွေရေး စတင်တော့သည်။ စတုတ္ထအလွှာ နေရာလွတ်ရှိလောကသည် အပေါ်ယံတွင် မြင်ခဲ့ရသကဲ့သို့ လုံးဝ မဟုတ်ပေ။ လောကတိုင်း၏ ဝင်ပေါက်သည် ပုံရိပ်များကို ပြောင်းလဲသွားစေပြီး ပုံရိပ် တစ်ခုစီက နေရာလွတ်အသစ်တစ်ခုကို ကိုယ်စားပြုသည်။ အချို့မှာမူ ယခုအထိ မထပ်သေးပေ။ စတုတ္ထအလွှာ၌ “လောကများ” မည်မျှရှိသည်ကို မည်သူမှ တိတိကျကျ မသိကြပေ။

ကံကောင်းစွာပင် ချန်လွေ့၌ [ အထူးစိစစ်မှု ] စွမ်းရည် ရှိသည်။ ထိုလောကများ၏ ပြောင်းလဲနေသော ပုံရိပ်များမှာ အမှန်တကယ်၌ “အစမ်းပြ”သဘောမျိုး ဖြစ်သည်။ ၎င်းတို့သည် အလွန်လျင်မြန်စွာ ပြောင်းလဲနေသော်လည်း ကွန်ပျူတာများနှင့် ညီမျှသော တွက်ချက်မှု အမြန်နှုန်းရှိသည့် [ အထူးစိစစ်မှု ] “မျက်လုံး”ထဲ၌ အနှေး ပြန်ပြကွက်များထက် သိပ်ပြီးမမြန်လှပေ။ ချန်လွေ့က အမျိုးမျိုးသော လောကများထဲရှိ ပြောင်းလဲမှုများကို သတိထားမိသွားပြီးနောက် အလျင်အမြန် ကြည့်တော့သည်။ ထပ်ကာထပ်ကာ စမ်းသပ်ပြီးသွားပြီးနောက်ဆုံး၌ ချန်လွေ့သည် “လောက” တစ်ခုထဲရှိ တောင်တစ်တောင်ကို ရှာတွေ့သွားသည်။

၎င်းသည် တောင်တန်းဖြူတစ်ခုဟုသာ ထင်ရသော်လည်း စိတ်အားတက်စေသော စကားသုံးလေးလုံးက ချန်‌လွေ့၏ စိတ်ထဲ၌ ပေါ်ထွက်လာခဲ့သည်။

ဆက်ခ်ရက် အထွတ်အမြတ် တောင်တန်း။

All Chapters